ကြယ်ကြွေ ဘုရင်
Vol. 12 Ch. 1151
အချို့ လူအိုကြီးများက ချန်းဖန်အား ကြည့်လိုက်ကြ၏။
“ကောင်စုတ်လေး... အဘိုးကြီးချင်က မင်းကို ကောင်းကောင်း ဆက်ဆံနေတာကို တန်ဖိုးထား... ချင်ဖန်းကို မြန်မြန် လွှတ်ပေးလိုက်တော့”
“ဟုတ်တယ်... အဘိုးကြီးချင်ကြောင့်သာ မဟုတ်ရင် ငါ မင်းကို နဲ့ကုန်းဂိုဏ်းဆီ ခေါ်သွားလိုက်ပြီ... ဂိုဏ်းချုပ် နေရာကို ဆက်ခံမယ့် ငါ့တူ အတွက် အစေခံ တစ်ယောက် လိုနေတယ်လေ...”
“မြန်မြန် လွှတ်ပေးလိုက်စမ်း...”
ထိုလူအိုကြီးများကား ချန်းဖန်ကို ပုရွက်ဆိတ် ကဲ့သို့ ကြည့်နေကြသည်။ နတ်ဘုရား မင်းသား ခုနစ်ယောက်ကို အနိုင်ယူကာ အင်အား တစ်သိန်း ပါဝင်သည့် စစ်တပ်ကို ဖျက်ဆီး ပစ်ခဲ့သည့် ချန်းဖန်၏ စွမ်းဆောင်ချက်မှာ သူတို့ အတွက် အထင်ကြီးစရာ ဖြစ်ပုံ မပေါ်ချေ။
ချန်းဖန်က သူတို့အား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“လွှတ်ပေးလိုက်စမ်း ဟုတ်လား... ငါ့ကို အမိန့်ပေးရအောင် မင်းတို့က ကိုယ့်ကိုယ်ကို ဘာထင်နေတာလဲ”
“ဟား... ဟား...”
လူအိုကြီးများမှာ ခေါင်းခါကာ ရယ်မောလိုက်ကြသည်။ သူတို့သည် ဒေါသထွက်ကြဟန် မရချေ။
“မင်းက တကယ့်ကို ဘာမှ မသိတဲ့ လူငယ်လေးပဲ... စကြဝဠာကြီး ဘယ်လောက်ကျယ်ပြန့်တယ် ဆိုတာ မင်း သိရဲ့လား”
နဲ့ကုန်းဂိုဏ်းမှ ပိန်လှီသော အဘိုးအိုက မေးလိုက်သည်။ အရပ်ရှည်ကာ သန်မာသော အဘိုးအိုကလည်း ချန်းဖန်အား ကြည့်ကာ ပြောလိုက်၏။
“ချန်းပေ့ရွှမ်း.... မင်းက တကယ်ပဲ ပါရမီရှင်ပါ... ငါတောင် မင်းကို တပည့် အဖြစ် လက်ခံချင်နေတာ... အဲဒီ ကြင်နာမှုကို မပယ်ဖျက်ချင်စမ်းနဲ့... မင်းက ဒီအဆင့်ကို ရောက်နေပြီ ဆိုတော့ လောကမှာ မင်း မဆန့်ကျင်နိုင်တဲ့ လူအချို့ ရှိတယ် ဆိုတာ သိပြီးသား ဖြစ်မှာပါ... အညံ့ခံတာက ရှက်ဖို့ကောင်းတဲ့ အလုပ် မဟုတ်ဘူး”
အဘိုးကြီး ချင်ကျန်းကလည်း ခေါင်းညိတ်လိုက်သည်။
“သူပြောတာမှန်တယ်... အဲဒီ လူဆိုးလေးကိုသာ လွှတ်ပေး... ငါ မင်းရော မင်းရဲ့ ဂိုဏ်း တစ်ခုလုံးကိုပါ ချမ်းသာပေးမယ်”
ထိုအခိုက်၌ များစွာသော လူများသည် ကောင်းကင်ကို ကြည့်နေကြ၏။ ရုတ်တရက် နဂါးအရှင်သည် တစ်စုံတစ်ခုကို သတိရဟန်ဖြင့် ထအော်လိုက်သည်။
“ငါ မှတ်မိပြီ... သူက ကြယ်ကြွေဘုရင် ချင်ကျန်းပဲ... ဘာလို့ သူက ဒီကို ရောက်လာတာလဲ... သူက သေသွားပြီ မဟုတ်ဘူးလား”
“ဘယ်သူလဲ ကြယ်ကြွေဘုရင် ဆိုတာ...”
အားရှို့က မေးလိုက်သည်။ ထိုအခါ နဂါးအရှင်က ခေါင်းကို ငုံ့ကာ တီးတိုး ပြန်ဖြေလိုက်၏။
“ကြယ်ကြွေဘုရင်က မဟာ ကျင့်ကြံသူ တစ်ယောက် မဟုတ်ပေမဲ့ မဟာ ကျင့်ကြံသူ တစ်ယောက်ရဲ့ သားပဲ.. သူ့အဖေက တောင်ပိုင်း ဒေသငယ်ရဲ့ အစွမ်း အထက်ဆုံး ကျင့်ကြံသူလို့ အသိအမှတ်ပြုခံရတဲ့ အပိုလို နန်းတော် အင်ပါယာပဲ... သူ့ရဲ့ အကိုကြီး နှစ်ယောက်က နတ်ဘုရား အရှင်တွေ ဖြစ်နေကြပြီ... ဒုတိယ အကိုဆိုရင် ဓားတစ်ချောင်းကို ဆွဲကိုင်ပြီး စကြဝဠာထဲက ထာဝရဂိုဏ်းတွေကို ဒူးထောက်စေခဲ့ဖူးတယ်... သူ့ရဲ့ ပဥ္စမ အကိုကလည်း အပိုလို နန်းတော်ရဲ့ အိမ်ရှေ့မင်းသား ဖြစ်တယ်... သူက ဂိုဏ်းရဲ့ အစွမ်း အထက်ဆုံး နတ်ဘုရား ရတနာကို ထိန်းချုပ်ခွင့်ရထားတယ်”
“ချင်ကျန်းက သူ့အကိုတွေလောက် အစွမ်း မထက်ပေမဲ့ မဟာ ကျင့်ကြံသူ တစ်ပိုင်း အဆင့်ကို လွန်ခဲ့တဲ့ နှစ်ငါးသောင်း ကတည်းက ရောက်ရှိနေခဲ့တာ... ဒါကြောင့်ပဲ လူတွေက သူ့ကို အပိုလို နန်းတော်ရဲ့ ကြယ်ကြွေဘုရင် ဆိုပြီး သမုတ်ကြတာလေ... သူက မဟာ ကျင့်ကြံသူ အဆင့်ထက် အဆများစွာ ပိုပြီး အစွမ်းထက် နေခဲ့ပြီ”
“ဟုတ်တယ်... ငါ သူ့အကြောင်းကို ဘိုးဘေး ရွှမ်ဖန်းရေးတဲ့ မှတ်တမ်းတစ်ခုမှာ ဖတ်ဖူးတယ်... အဖာအထေး တစ်ရာ အင်္ကျီနဲ့ အင်ပါယာ ကိုယ်တိုင် ချီးမြှင့်ထားတဲ့ ယောင်ယန် နတ်ဘုရားဓား... သူက တကယ့်ကို ကြယ်ကြွေတွေရဲ့ ဘုရင်ပဲ”
လင်းယွင်ကလည်း ဆိုလိုက်၏။ နဂါးအရှင်တို့သည် ချင်ကျန်းကိုသာမက အခြား လူအိုကြီး အချို့ကိုသာ တဖြည်းဖြည်း မှတ်မိလာကြသည်။
အကိုဖူ ဆိုသည်မှာ ဖူယန် ဖြစ်ကာ ချန်ရှန်းဂိုဏ်း၏ မဟာ အကြီးအကဲ ဖြစ်သည်။ တော်ဝင်ဆန်သည့် မိန်းမလှလေးမှာမူ ဖူယောင်ဂိုဏ်းမှ ဖြစ်၏။ ပိန်လှီသော အကြီးအကဲမှာ နဲ့ကုန်းဂိုဏ်းမှ ဖြစ်ကာ သန်မာ ထွားကြိုင်းသူမှာမူ တိုင်ချူ နတ်ဘုရား နယ်မြေ၏ မဟာ အကြီးအကဲ ဖြစ်သည်။ ဂလက်စီနှင့် မိစ္ဆာချီများ ဝန်းရံနေသည့် အခြား ကျင့်ကြံသူ တစ်ယောက်မှာမူ ဝူကျိဂိုဏ်းနှင့် နေမိစ္ဆာဂိုဏ်းများမှ ဖြစ်ကြပေသည်။
သူတို့ တစ်ယောက်ချင်းစီသည် အနည်းဆုံး နှစ်ပေါင်း ငါးသောင်း အသက်ရှင်သန်ပြီး ဖြစ်ကာ တောင်ပိုင်း ဒေသငယ်၌ ဒဏ္ဍာရီ တစ်ခု သဖွယ်ကျော်ကြား နေကြသူများ ဖြစ်ကြသည်။ သူတို့သည် တစ်ချိန်က နတ်ဘုရား မင်းသားများ ဖြစ်ကြကာ ချင်ဖန်း၊ ရီချင်၊ ကျိုးယု၊ ကျိုးကျန်းတို့မှာ သူတို့၏ သားမြေးများသာ ဖြစ်ကြသည်။
အဘိုးကြီး ချင်ကျန်းက ချန်းဖန်ကို ကြည့်ကာ ဆက်လက် ဖျောင်းဖျလိုက်၏။
“မိတ်ဆွေလေးသာ ကျုပ်ရဲ့ အသုံးမကျတဲ့ မျိုးဆက်ကို လွှတ်ပေးမယ် ဆိုရင် မိတ်ဆွေလေးရဲ့ အသက်ကို ချမ်းသာ ပေးမယ့်အပြင် ကျုပ်ပိုင်တဲ့ ရှန်းယန်ဂြိုဟ်နယ်မြေ ဂြိုဟ်တစ်လုံးကိုပါ ပေးမယ်... အဲဒီ ဂြိုဟ်မှာက ရှားပါးတဲ့ ရွှေသန့်စင် ကျောက်တုံးတွင်းတွေနဲ့ ပြည့်နေတာလေ... ဘယ်လို သဘောရလဲ မိတ်ဆွေလေး”
“မြန်မြန် လက်ခံလိုက် ကောင်စုတ်လေး... ငါတို့ မင်းကို အသက်ချမ်းသာပေးတာတောင် အတော်လေး လွန်နေပြီ... အခု အဘိုးကြီးချင်က မင်းကို ရွှေသန့်စင်ကျောက်တုံးတွင်းတွေ ပြည့်နေတဲ့ ဂြိုဟ်တစ်ခုကိုပါ ထပ်ပေးဦးမှာ... အဲဒါမှ မင်းထပ်ပြီး အထွန့်တက်ချင်သေးရင် မင်းရဲ့ ဂြိုဟ်တစ်ခုလုံး သွေးအိုင်ထွန်း သွားလိမ့်မယ်”
တိုင်ချူ နတ်ဘုရားနယ်မြေ အကြီးအကဲက ပြောလိုက်သည်။
“အမှန်ပဲ...”
အခြား အကြီးအကဲများကလည်း ခေါင်းညိတ်လိုက်ကြသည်။ ချန်းပေ့ရွှမ်းသည် သူတို့၏ နတ်ဘုရား မင်းသား များစွာနှင့် စစ်တပ်များကို သတ်ဖြတ်ခဲ့သည်။ ထိုအရာကား ထာဝရဂိုဏ်းကြီးများကို ကြီးမားစွာ ဆန့်ကျင်လိုက်ခြင်း ဖြစ်လေရာ အကြိမ် တစ်ထောင် သေရန်ပင် ထိုက်တန် နေခဲ့ပြီ ဖြစ်သည်။ သူတို့ ချန်းဖန်ကို မသတ်သေးခြင်းကပင် အကြီးအကျယ် မျက်နှာသာပေးခြင်းဟု ခေါ်ဆို နိုင်နေပြီ ဖြစ်သည်။
“စိတ်မဝင်စားဘူး...”
ချန်းဖန်က ခေါင်းခါကာ ဖနှောင့်အား ဆောင့်နင်းချ လိုက်၏။
“ဘုန်း...”
ချင်ဖန်း၏ နတ်ဘုရား ဝိညာဥ်နှင့် ခန္ဓာ နှစ်ခုစလုံးကား အပြီးတိုင် ပြိုကွဲ သွားရပြီ ဖြစ်လေသည်။ မရေမတွက်နိုင်သော သွေးစက်များသည် နေရာ အနှံ့ပြန့်ကျဲနေ၏။ ကမ္ဘာလောကသည် တိတ်ဆိတ်နေသည်။
အပိုလို နန်းတော်၏ သတ္တမ မင်းသား တစ်ဖြစ်လည်း ကြယ်ကြွေများ၏ ဘုရင်ဟု ကျော်ကြားသည့် အဘိုးအို ချင်ကျန်း၏ မျက်နှာထက်ရှိ အပြုံးများမှာ အေးခဲ နေသည်။ သူသည် အပိုင်းပိုင်းစ ဖြစ်နေပြီ ဖြစ်သည့် သူ၏ ခုနစ်ဆယ့်သုံးဆက်မြောက် မြေးနှင့် ချန်းဖန်တို့ကို ငေးကြောင်ကာ ကြည့်နေမိ၏။
တိုင်ချူ နတ်ဘုရား နယ်မြေ မဟာ အကြီးအကဲ၏ မျက်လုံးများမှာ ကျဥ်းမြောင်းနေသည်။ တစ်ချိန်တည်း၌ အခြား မဟာ အကြီးအကဲများမှာလည်း ချန်းဖန်ကို ကြည့်ကာ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။ သူတို့သည် ချန်းဖန် ထိုမျှ အတင့်ရဲလိမ့်မည်ဟု လုံးဝ ထင်မှတ် မထားခဲ့ကြချေ။
အခြား ဂြိုဟ်နယ်မြေ တစ်ခုမှ လာသည့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်က ခေါင်းခါ လိုက်လေသည်။
“ချန်းပေ့ရွှမ်းက တကယ် ဉာဏ်မရှိတာပဲ... တကယ်ဆို သူ ချင်ဖန်းကို ဓားစာခံ လုပ်ပြီး အပိုလို နန်းတော်နဲ့ အခြား ဂိုဏ်းကြီးတွေကို ညှိနှိုင်းသင့်တာ... ဘာလို့ သတ်ပစ်လိုက်ရတာလဲ... သူက ကိုယ့်အခွင့်အလမ်းကို ကိုယ် ဖျက်ဆီး ပစ်လိုက်တာပဲ”
“အမှန်ပဲ... ကြယ်ကြွေဘုရင်က သူ့ကို လေးလေးစားစား ဆက်ဆံပေးတဲ့ အပြင် ဂြိုဟ်တစ်ခုတောင် လက်ဆောင် ပေးလိုက်သေးတယ်... ဒါတောင် သူက အဲဒါကို အလေးမထားဘူး”
ထျန်းဟောင်ဂြိုဟ်မှ ဘိုးဘေး တစ်ယောက်က သက်ပြင်းချလိုက်သည်။ ကောင်းကင်အရှင် အန်ပို အပါအဝင် များစွာသော ကျင့်ကြံသူများမှာလည်း ချန်းဖန်၏ ဆုံးဖြတ်မှု အပေါ် စိတ်ထဲမှ အပြစ်တင် နေကြသည်။ သူတို့သည် ထိုမျှ မိုက်မဲသော လူမျိုးကို အသက်နှင့် တစ်ကိုယ် ယခုမှ ကြုံဖူးကြခြင်း ဖြစ်၏။
နဲ့ကုန်းဂိုဏ်း မဟာ အကြီးအကဲက ချန်းဖန်ကို ကြည့်ကာ ပြောလိုက်၏။
“ကောင်စုတ်လေး... မင်းက သေရမှာ မကြောက်ဘူးပဲ... ငါတို့ရဲ့ ရှေ့တင် ချင်ဖန်းကို သတ်ရဲတယ်... မင်းက ငါတို့ကိုပါ အဲဒီ နောက်ပေါက်လေးတွေလို လွယ်လွယ် သတ်နိုင်မယ် ထင်နေတာလား”
“ချန်းပေ့ရွှမ်း... မင်း ခုလို လုပ်လိုက်တာက ဘာအဓိပ္ပာယ်လဲ”
ချင်ကျန်းကလည်း အမူအရာ ကင်းမဲ့စွာဖြင့် မေးလိုက်သည်။
“ဘာအဓိပ္ပာယ် ရှိရမှာလဲ... သူက ငါတို့ လူအိုကြီးတွေရဲ့ ခြေတွေ လက်တွေက မသန်စွမ်းတော့ဘူးလို့ ထင်နေတာ... ဟဟ... ကောင်စုတ်လေး... ငါတို့ရဲ့ စွမ်းအားက မင်းထင်ထားတာထက် အများကြီး သာတယ်... မင်းရဲ့ ဓမ္မ စွမ်းအားက နည်းနည်း အစွမ်းထက်တာနဲ့ ငါတို့ကို ယှဥ်နိုင်မယ် ထင်မနေနဲ့”
ဝူကျိဂိုဏ်း မဟာ အကြီးအကဲက မောက်မာစွာ ဆိုလိုက်၏။ ထိုလူအိုကြီးများကား နှစ်သောင်းပေါင်းများစွာ ရှင်သန်ခဲ့ပြီးသူများ ဖြစ်သည်။ သူတို့သည် ချန်းဖန် နတ်ဘုရား မင်းသား ခုနစ်ပါးကို သတ်ဖြတ်ခြင်း အတွက် အနည်းငယ် အံ့အားသင့်မိသည့်တိုင် ကြောက်လန့်ခြင်း မရှိပါချေ။
“ကလန့်...”
တောင်တန်း မြစ်ပြင် စကြဝဠာ မြေပုံသည် ဖူယောင်ဂိုဏ်း၊ နတ်မိမယ်၏ လက်၌ သိသာ ထင်ရှားစွာ တန်ရီလာ၏။ တစ်ချိန်တည်း၌ အခြား မဟာ အကြီးအကဲများကလည်း သူတို့၏ နတ်ဘုရား တစ်ပိုင်း လက်နက်များကို ထုတ်ဖော်လိုက်ကြသည်။
ယွမ်ရီ၏ လက်ထဲရှိ ကောင်းကင်ပြာ နတ်ဘုရားဓားပါ ထည့်ပေါင်းပါက ထိုနေရာ၌ နတ်ဘုရား တစ်ပိုင်း ရတနာ ခုနစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ထိုရတနာ လက်နက်များမှာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်အား ထိတွေ့ထားနိုင်သည့် မဟာ ကျင့်ကြံသူ တစ်ပိုင်း ခုနစ်ယောက်၏ လက်အတွင်း၌ ရှိနေကြခြင်း ဖြစ်သည်။
သို့သော်လည်း ချန်းဖန်မှာ ဂရုစိုက်ဟန် မပြပဲ လက်နှစ်ဖက်ကို နောက်ပစ်လိုက်၏။
“ဟုတ်တယ်... ငါ သူ့ကို သတ်လိုက်တယ်... ဘာလို့လဲ ဆိုတော့ သူက အရှေ့ဂြိုဟ်ကို ကျူးကျော်တဲ့ အပြင် ငါ့ရဲ့ အခမ်းအနားကို နှောက်ယှက်ခဲ့လို့ပဲ... သူတင် မကဘူး... ငါ တစ်နေ့မှာ အပိုလို နန်းတော်နဲ့ အခြားဂိုဏ်းတွေဆီ သွားပြီး ဂိုဏ်းချုပ်တွေရဲ့ သွန်သင် ဆုံးမမှုကို မေးခွန်းထုတ်မယ်...”
“ဘဝင်မြင့်လှချည်လား... ငါတို့ရဲ့ ဂိုဏ်းချုပ်တွေက အကုန် မဟာ ကျင့်ကြံသူတွေချည်းပဲ... မင်းက ဒီလို ချောင်ချိုချောင်ကြား ဂြိုဟ်နယ်မြေလေးမှာ ဗိုလ်လုပ်နိုင်ရုံနဲ့တင် နတ်ဘုရား အရှင် ဘွဲ့ထူးကို ခံယူနိုင်ပြီလို့ ထင်နေတာလား”
ဝူကျိဂိုဏ်း၏ မဟာ အကြီးအကဲက လှောင်ပြောင် ရယ်မောရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်လေ၏။
“ဝှစ်...”
စကြဝဠာ ပန်းချီတစ်ခုသည် ဖြန့်ကျက်လာကာ ကောင်းကင်ကို သိမ်းပိုက်သွား၏။ ၎င်းသည် ချန်းဖန်နှင့် မဟာ အကြီးအကဲ ခုနစ်ယောက်ကို ပိုင်းခြားထားသည်။ လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကြရာ အာကာသထဲတွင် အခြား ဂလက်စီ တစ်ခု ပေါ်ပေါက်လာသယောင် ထင်လိုက်ကြရလေသည်။
***