← Chapters

ကမ္ဘာအား တိုက်ခိုက်ခြင်း

Vol. 12 Ch. 1152

ကမ္ဘာအား တိုက်ခိုက်ခြင်း

Vol. 12 Ch. 1152

ဝူကျိ ဂလက်စီ ပန်းချီ...

ဝူကျိဂိုဏ်း၏ နတ်ဘုရား မင်းသားလောင်း ဝူကိုင်သည် သူ၏ ကောင်းကင်အဆင့် ရွှေအမြုတေဖြင့် ထိုကဲ့သို့ နတ်ဘုရားစွမ်းအားမျိုးကို ဖန်တီးခဲ့ဖူးသည်။ ဂလက်စီ ပန်းချီ တစ်ခုပေါ်ရှိ ဂြိုဟ်တစ်ခုစီသည် ရွှေအမြုတေ အဆင့် တစ်ယောက်၏ စွမ်းအားကို ကိုယ်စားပြုသည်။ ဝူကိုင်၏ ပန်းချီပေါ်၌ ရာပေါင်းများစွာသော ဂြိုဟ်များ ပါဝင်၏။ နှိုင်းယှဥ်ရပါက ယခု ထွက်ပေါ်လာသည့် ဂလက်စီ ပန်းချီတွင် ကမ္ဘာပေါင်း သောင်းနှင့်ချီ ပါဝင်ပေသည်။ ထိုအရာမှာ ယန်စီ မြစ်ကမ်းပါးရှိ သဲများကို ရေတွက်ရသည့် အလား များပြားလွန်းလှပေသည်။

“မင်းက ဝူကိုင်နဲ့ ဘာတော်တာလဲ”

ချန်းဖန်က သူ့အား ကြည့်ကာ မေးလိုက်၏။

“သူက ငါရဲ့ မျိုးဆက် တစ်ယောက်ပဲ... ဝူမိသားစုက နောက်နှစ်တစ်သောင်း အတွင်း မဟာ အကြီးအကဲ တစ်ယောက် ဖြစ်လာဖို့ သူ့ကို မျှော်လင့်ထားခဲ့တာ... ကြည့်ရတာ သူ့ကို သတ်လိုက်တာ မင်းဖြစ် နေတာပဲ”

ဝူကျိဂိုဏ်း မဟာ အကြီးအကဲ ဝူဟောင်ပို၏ မျက်လုံးများမှာ အေးစက်သွား၏။ သူသည် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဂြိုဟ်ပေါင်းများစွာ ပါဝင်သော ဝူကျိ ဂလက်စီ ပန်းချီမှာ ချန်းဖန်ထံ တိုးဝင်သွားလေတော့သည်။

“ဘုန်း...”

ထိုအခိုက်၌ ကောင်းကင် တစ်ခုလုံးမှာ ပြိုကျလာ၏။ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များမှာ ဟင်းလင်းပြင်ကို ဖြိုဖျက်ကာ ကြီးမားသော အနက်ရောင် အပေါက်ကြီး အဖြစ် ဖွဲ့စည်းထားသည်။ ဝူဟောင်ပိုသည် နတ်ဘုရား စွမ်းအားများအား ပစ်ပယ်ကာ ခွန်းအား အလုံးစုံကို အသုံးပြုလျှက် ချန်းဖန်အား တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေသည်။

“ဟမ့်...”

ချန်းဖန်က နှာခေါင်းရှုံ့ကာ အင်္ကျီလက်ကို ခါယမ်းလိုက်လေ၏။

“ခရက်...”

သိမ်မွေ့သော ဓမ္မစွမ်းအား တစ်ခုမှ ထွက်ပေါ်လာသည်။ ၎င်းသည် ရောင်စုံအလင်း တစ်ခု သဖွယ် ပြောင်းလဲကာ မိုင်တစ်ထောင်ကို ကျဆင်းလျှက် ဝူဟောင်ပိုထံ တိုးဝင်သွား၏။ ဝူကျိ ဂလက်စီသည် ထက်ပိုင်းဖြတ် ခံရကာ စကြဝဠာတွင် ရှင်းလင်းသော ကန့်သတ်ချက် တစ်ခု ပေါ်လာခဲ့သည်။

“မင်းက အတော်လေး အစွမ်းထက်သားပဲ”

ဝူဟောင်ပိုမှာ အနည်းငယ် အံ့အားသင့်သွား၏။ သူသည် ဝူကျိ နတ်ဘုရားဂိုဏ်း၏ နတ်ဘုရားမင်းသား တစ်ပါး ဖြစ်ခဲ့ကာ ဝူကျိ ဂလက်စီ ပန်းချီ နတ်ဘုရားစွမ်းအားကို နှစ်ပေါင်း ငါးသောင်းကြာအောင် ကျင့်ကြံခဲ့သည်။ ကြယ်ကြွေ ပန်းချီ ပင်လျှင် ထိုပန်းချီကို မဖျက်ဆီးနိုင်ချေ။

သို့သော်လည်း ယနေ့တွင်မူ အသက် တစ်ရာပင် မပြည့်သေးသည့် လူငယ်လေး တစ်ယောက်သည် သူ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ခဲ့သည်။ သို့ဖြစ်လေရာ သူ မည်ကဲ့သို့ အံ့အား မသင့်ပဲ နေနိုင်ပါမည်နည်း။

“ငါကြိုးစားကြည့်မယ်”

ပိန်းလှီသော အဘိုးအိုသည် ရုတ်တရက် ပျောက်ကွယ်သွားကာ ချန်းဖန်၏ နောက်တွင် ပြန်ပေါ် လာခဲ့သည်။ သူ၏ အရိုးပေါ် အရေတင်လက်သည် ဆန့်တန်း ထွက်ပေါ်လာကာ မည်သည့် အသံကိုမှ ဖန်တီးခြင်း မရှိပဲ ချန်းဖန်၏ နောက်ကျောကို ထိတွေ့လေ၏။

နဲ့ကုန်းဂိုဏ်းသည် သူတို့၏ အရိပ်မဲ့ လုပ်ကြံမှုများကြောင့် ကျော်ကြားသည်။ မဟာ ကျင့်ကြံသူ တစ်ပိုင်း များစွာပင် သူတို့၏ လက်များ၌ သေဆုံးရသည်။

“ဘုန်း...”

သို့သော်လည်း ချန်းဖန်သည် နောက်သို့ လှည့်ပင် မကြည့်ပဲ လက်ပြန်သာ ရိုက်လိုက်လေ၏။ ထိုရိုက်ချက်သည် သိမ်မွေ့ကာ မည်သည့် လှိုင်းကိုမှ ဖြစ်ပေါ်စေခြင်း မရှိချေ။ သို့သော်လည်း ပိန်လှီသော အဘိုးအိုမှာမူ ထိတ်လန့်သွားဟန် ရကာ နောက်သို့ ပေထောင်ချီတိုင်အောင် ချက်ချင်း ပြန်လည် ဆုတ်ခွာသွားသည်။ သူ၏ မျက်နှာသည် အနည်းငယ် ဖြူ‌‌‌ရော်နေကာ ချန်းဖန်ကို ကြည့်ကာ ထိတ်လန့်သွားဟန် ရ၏။

“ငါတို့ ကူညီမယ်...”

လှပသော မိန်းမနှင့် သန်မာ ထွားကြိုင်းသော အဘိုးအိုတို့သည် တစ်ယောက်ပြီး တစ်ယောက် ချန်းဖန်ကို တိုက်ခိုက်လိုက်ကြလေသည်။ သူတို့သည် နှစ်သောင်းပေါင်းများစွာ ကျင့်ကြံထားသည့်တိုင် ချန်းဖန်၏ အစွမ်းကို လျှော့မတွက်ရဲကြချေ။ ထိုလူငယ်လေးသည် အခြေတည် ဝိညာဥ် အဆင့်၏ အခြေခံ အကျဆုံးသော စွမ်းအားများကို သုံးနေသည့်တိုင် ထွက်ပေါ်လာသော တိုက်ခိုက်မှုတိုင်းမှာ ကြောက်မက်ဖွယ် ‌ကောင်းလွန်းလှသည်။

“အဲဒီလောက် စွမ်းအားနဲ့ မင်းတို့က ငါ့ကို သတ်ချင်နေတာလား”

ချန်းဖန်က နှာခေါင်းရှုံ့ လိုက်၏။

“ချန်းပေ့ရွှမ်း... ငါတို့ မင်းကို ရင်မဆိုင်နိုင်ဘူး ဆိုတာ ဝန်ခံတယ်... ဒါပေမဲ့ မင်းရဲ့ ဂြိုဟ်ကို ဘယ်လို ကာကွယ်မလဲ ဆိုတာတော့ ငါတို့ စိတ်ဝင်စားမိသေးတယ်”

ချင်ကျန်းက ပြုံးရင်း ပြောလိုက်သည်။

ရုတ်တရက် ချန်းဖန်မှာ အေးစက် သွားလေ၏။ ယွမ်ရီနှင့် ချင်ကျန်း၏ နောက်မှ နတ်ဘုရား မင်းသား သုံးပါးတို့ ကမ္ဘာဆီသို့  ဦးတည်၍ ပျံသန်းသွားသည်ကို သူတွေ့မြင်လိုက်ရသည် မဟုတ်ပါလား။

“ကလန့်...”

နတ်ဘုရား မင်းသား သုံးပါးသည် စုပေါင်းကာ ယောင်ယီ နတ်ဘုရားဓားကို ကိုင်ဆောင်ထား၏။ သူတို့သည် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်များ ဖြစ်ကြကာ တစ်ဦးတစ်ယောက်ချင်းစီမှာ ချင်ဖန်း ကဲ့သို့ အစွမ်းထက်ကြသူများသည်။ အဝေးမှပင် သူတို့၏ အရှိန်အဝါမှာ အာရှတိုက် တစ်ဝိုက်ခန့်ကို ဖုံးအုပ် နေခဲ့ပြီ ဖြစ်လေသည်။

“ဝှစ်...”

ယွမ်ရီသည် သူ၏ ကောင်းကင်ပြာ နတ်ဘုရားဓားကို အသက်သွင်းထား၏။ ဓားချီသည် ကောင်းကင်ကို ဖုံးအုပ်နေကာ လေထုမှာ ၎င်း၏ ပိုင်းဖြတ်ခြင်းကို ခံနေရသည်။ အကယ်၍ ထိုလူများသာ ကမ္ဘာသို့ ရောက်ရှိသွားပါက ကမ္ဘာ တစ်ခုလုံးမှာ အချိန်တိုအတွင်း ရှင်းလင်း ခံရလိမ့်မည် ဖြစ်သည်။

“မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”

အေးစက်မှုများက ချန်းဖန်၏ မျက်လုံးအတွင်း နေရာယူနေ၏။ ကမ္ဘာကား သူ၏ အားနည်းချက် ဖြစ်သည်။ မြောက်ပိုင်းချုံးသည် နတ်ဘုရား မင်းသား လေးယောက်၏ အဓိက ပစ်မှတ် ဖြစ်ဟန်တူသည်။ ထိုနေရာ၌ နဂါးအရှင်သည် အစွမ်း အထက်‌ဆုံး ဖြစ်သော်လည်း သူသည် အခြေတည် ဝိညာဥ် အလယ်ဆင့် တစ်ယောက်မျှသာ ဖြစ်သည်။ သူတစ်ယောက်တည်းဖြင့် နတ်ဘုရား တစ်ပိုင်း လက်နက်များ ကိုင်ဆောင်ထားသည့် နတ်ဘုရား မင်းသား လေးယောက်ကို ရင်ဆိုင်ရန် မဖြစ်နိုင်ချေ။

“ဘုန်း...”

ချန်းဖန်သည် နောက်သို့ လှည့်ကာ ထိုလူများကို တားဆီးရန် ကြိုးစားလိုက်၏။ သို့သော်လည်း မဟာ အကြီးအကဲများမှဦ သူ့အား မည်ကဲ့သို့ ခွင့်ပြုပါမည်နည်း။

“ကောင်စုတ်လေး... ဘယ်ကို သွားမလို့လဲ... ငါတို့ တိုက်ပွဲက မပြီးသေးဘူးလေ”

ပိန်လှီသော အဘိုးအိုက ပြုံးကာ သူ၏ ခန္ဓာကိုယ်ကို လှုပ်ယမ်းလိုက်၏။ ထိုအခါ သူ၏ နောက်တွင် တစ္ဆေကိုးကောင်မှာ ပေါ်လာခဲ့၏။ ထိုသတ္တဝါများကား အစစ်နှင့် ခွဲမရအောင် တူညီကာ ချန်းဖန်အား ဘက်ပေါင်းစုံမှ ဝန်းရံ တိုက်ခိုက် လိုက်ကြတော့သည်။

“ဟုတ်တယ်... ချန်းပေ့ရွှမ်း... ငါတို့ ခွင့်မပြုပဲ မင်းတို့ ဘယ်ကိုမှ သွားလို့ မရဘူး”

ဝူကျိဂိုဏ်း မဟာ အကြီးအကဲသည် လက်နှစ်ဖက်ဖြင့် အစီအရင် တစ်ခုကို ဖန်တီးလိုက်လေရာ ငွေရောင် အော်ရာ တစ်ခုမှ ထွက်ပေါ်လာသည်။ ထိုအရာသည် ငွေရောင် ရေတံခွန်တစ်ခု အလား ဖြန့်ကျက်ကာ ချန်းဖန်၏ လမ်းကို ပိတ်ဆို့၏။

“ဘုန်း...”

တစ်ချိန်တည်း၌ အဘိုးအို ချင်ကျန်းက အင်္ကျီလက်ကို ခါယမ်းကာ ရွှေရောင် တူတစ်ခုကို ထုတ်ယူလိုက်၏။ ထိုတူသည် အပြင်သို့ ရောက်သည်နှင့် ပေတစ်ထောင် ကြီးမားသော ရွှေရောင်တူကြီး အသွင် ပြောင်းလဲကာ ချန်းဖန်အား ထုချေလေသည်။ ထိုအရာသည် ထိပ်ဆုံး အဆင့် ကောင်းရတနာ တစ်ခုသာ ဖြစ်သော်လည်း နတ်ဘုရား တစ်ပိုင်း ရတနာများနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။

“ဘုန်း... ဘုန်း... ဘုန်း..”

ချန်းဖန်သည် တစ္ဆေ ကိုးကောင်ကို ဖျက်ဆီးလိုက်ကာ ငွေ‌ရောင် ရေတံခွန်ကိုပါ ဖနှောင့်ဖြင့် ပေါက်ထုတ် ပစ်လိုက်သည်။ ထို့နောက် သူသည် ချင်ကျန်း၏ ရွှေရောင် တူကြီးကိုပါ လက်သီးဖြင့် ထိုး၍ နောက်သို့ ပြန်လည် ဆုတ်ခွာစေလိုက်၏။

သူသည် နတ်ဘုရား ကလေးငယ်နှင့် အခြေတည် ဝိညာဥ် အဆင့် တစ်ပိုင်း စွမ်းအားကို သုံးကာ နတ်ဘုရား မင်းသား ခုနစ်ပါးအား သက်တောင့်သက်သာ အနိုင်ယူနိုင်ခဲ့သည်။ သို့သော်လည်း မဟာ အကြီးအကဲ ခုနစ်ယောက်အား တိုက်ခိုက်ခြင်းမှာမူ ထိုမျှ မလွယ်ကူလှချေ။ သူသည် သူတို့၏ တိုက်ခိုက်မှုများကို ခုခံရန် အတွက် ခြေတစ်လှမ်းပင် နောက်ဆုတ် ပေးလိုက်ရပြီ ဖြစ်သည်။

“မင်းတို့က ငါ့ကို တားချင်တယ်ပေါ့”

ချန်းဖန်က အေးစက်စွာ ကြည့်ရင်း မေးလိုက်၏။

“ဟဟ...”

အဘိုးအို ချင်ကျန်းက အနည်းငယ် ရယ်မောလိုက်၏။

“မိတ်ဆွေလေးချန်း... ငါတို့က ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကို ကိုယ်နည်းကိုယ့်ဟန်နဲ့ ခြေတစ်လှမ်း ချထားနိုင်တဲ့ နတ်ဘုရား တစ်ပိုင်း အဆင့်တွေ ဖြစ်နေပြီ... ဘယ်လိုလုပ်ပြီး သာမန် အခြေတည် ဝိညာဥ် အဆင့်၊ ရွှေအမြုတေ အဆင့်တွေနဲ့ နှိုင်းယှဥ်နိုင်မှာလဲ ဂျူနီယာလေးတွေ သူတို့ ကိစ္စ သူတို့ ရှင်းပါစေ”

အမှန်တကယ်အားဖြင့် မဟာ ကျင့်ကြံသူ တစ်ပိုင်းသည် ကျင့်ကြံခြင်း အဆင့် တစ်ခု မဟုတ်ပါချေ။ သို့သော်လည်း အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်နှင့် မဟာ ကျင့်ကြံသူ တစ်ပိုင်း အဆင့်ကြားမှ ကွာခြားချက်မှာ မိုးနှင့်မြေ ကဲ့သို့ ကြီးမားလှသည်။ မဟာ ကျင့်ကြံသူ တစ်ပိုင်းများကို တောင်ပိုင်း ဒေသငယ်၏ ကျင့်ကြံခြင်း ‌လောက၌ နတ်ဘုရား တစ်ပိုင်းများဟု သမုတ်ကြသည်။

“ဘေးဖယ်ကြစမ်း...”

ချန်းဖန်က အော်ဟစ်ကာ လက်သီးတစ်ချက် ထိုးလိုက်၏။

“ဘုန်း...”

ရောင်စုံအလင်းတန်း တစ်ခုမှာ ဟင်းလင်းပြင် အတွင်း၌ ပေါ်လာခဲ့သည်။ နတ်ဘုရား ကလေးငယ်၏ စွမ်းအားသည် ပေါ်ထွက်လာကာ ကောင်းကင်ကို ဖုံးအုပ်၏။ ထိုစွမ်းအားသည် ချန်းဖန်နှင့် ကမ္ဘာကို တိုက်ရိုက် ဆက်သွယ်ကာ နတ်ဘုရား မင်းသား လေးပါးကို တားဆီးရန် ကြိုးစား၏။

“ရပ်လိုက်စမ်း...”

မိစ္ဆာအိုကြီး ခုနစ်ယောက်မှာ သံပြိုင်အော်ဟစ်ကာ ချန်းဖန်အား တိုက်ခိုက် လာကြပြန်သည်။ သူတို့ တစ်ယောက်ချင်းစီကပင် အလွန်တရာ အစွမ်းထက်ကြသူများ ဖြစ်သည်။ ယခု၌ ခုနစ်ယောက် ပူးပေါင်း၍ တိုက်ခိုက် နေကြခြင်း ဖြစ်လေရာ ထိုအရာမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းမည်ကို တွေးကြည့်ယုံဖြင့်ပင် သိနိုင်ပေသည်။

“ဘုန်း...”

ကောင်းကင် တစ်ခုလုံးသည် ကြောက်မက်ဖွယ် စွမ်းအားများဖြင့် ပြည့်နှက်သွား၏။ ဓမ္မ ဥပဒေသများမှာ ခုန်ပေါက်ကာ ရောင်စဥ်များမှာ ကွန့်မြူးနေကြသည်။ အကယ်၍ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် တစ်ယောက်မှာ ထိုအထဲသို့ ကျရောက်မိပါက ချက်ချင်းပင် သေဆုံး သွားလိမ့်မည် ဖြစ်ပေသည်။

***

All Chapters