← Chapters

ဝှက်ဖဲ

Vol. 12 Ch. 1153

ဝှက်ဖဲ

Vol. 12 Ch. 1153

“ဘုန်း...”

တစ်ချိန်တည်း၌ နတ်ဘုရား မင်းသား ခြောက်ပါးမှာ ကမ္ဘာပေါ်သို့ ကျဆင်း သွားခဲ့ပြီ ဖြစ်သည်။ သူတို့၏ ကျဆင်းမှုတွင်ပင် ကမ္ဘာပေါ်ရှိ တောင်တန်း အချို့မှာ လဲပြိုကာ မြို့အချို့မှာ ခမ်းခြောက်သွား၏။ ထိုနေရာ အနီးတစ်ဝိုက်၌ ရှိသော လူထောင်ပေါင်းများစွာကား သေဆုံးသွားကြပြီ ဖြစ်သည်။

“သတ်ကြဟေ့...”

နတ်ဘုရား မင်းသား လေးယောက်၏ မျက်လုံးများမှာ တောက်ပနေ၏။ သူတို့သည် နတ်ဘုရား တစ်ပိုင်း ရတနာ လေးခုနှင့် အတူ မြောက်ပိုင်းချုံး ရှိရာ နေရာသို့ ဦးတည် ပျံသန်း သွားကြလေ၏။

“ဟဟ... ချန်းပေ့ရွှမ်း... မင်းရဲ့ တပည့်တွေ သေရတော့မယ်... မြန်မြန် အညံ့ခံစမ်း...”

ဝူကျိဂိုဏ်း၏ မဟာ အကြီးအကဲက သူ၏ ဝူကျိ ဂလက်စီကို ဖြန့်ကျက်ကာ ချန်းဖန်အား တိုက်ခိုက်ရင်း အော်ဟစ်လိုက်၏။

“ဟုတ်တယ်...”

အခြားသော အကြီးအကဲများကလည်း သူတို့၏ နတ်ဘုရား တစ်ပိုင်း လက်နက်များကို အသက်သွင်းကာ ချန်းဖန်၏ လွတ်လမ်း မှန်သမျှကို ပိတ်ဆို့ထားကြသည်။ သူတို့အား ကြည့်ရသည်က စိုးရိမ်ခြင်း မရှိပဲ သက်တောင့်သာပင် ရှိနေကြ၏။ သူတို့သည် ချန်းဖန်ကို တစ်ကိုယ်ချင်း အနိုင်ယူရန် ယုံကြည်ချက် မရှိသော်လည်း ကမ္ဘာဆီသို့ မရောက်အောင် ပိတ်ဆို့ရန် အတွက်မူ ခက်ခဲသော အလုပ် မဟုတ်ဟု ယူဆကြသည်။

“ဘုန်း...”

ကြောက်မက်ဖွယ် စွမ်းအင်သည် မြောက်ပိုင်းချုံးကို ရိုက်ခတ်စ ပြုလာ နေခဲ့ပြီ ဖြစ်သည်။ နဂါးအရှင်၊ လင်းယွင်၊ ကောင်းကင်အရှင် အန်ပိုနှင့် လီယွမ်တို့ အားလုံးမှာ ကြောက်လန့် တုန်ရီနေကြ၏။ အားရှို့သည် အံကို တင်းတင်းကြိတ်ကာ အစီအရင်ကို အသက်သွင်း ထိန်းချုပ် လိုက်သည်။

ထိုအခိုက်အတန့်မှာ သေခြင်းရှင်ခြင်း အခိုက်အတန့် တစ်ခု ဖြစ်ကြောင်း မြောက်ပိုင်းချုံး တပည့် အားလုံးမှာ သိရှိကြပေသည်။ သူတို့သည် နတ်ဘုရား မင်းသား ‌လေးပါးကို မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ ဂိုဏ်းချုပ်ချန်းသာ အချိန်မီ ရောက်မလာပါက အချိန်တို အတွင်း သူတို့ သေဆုံးသွားရလိမ့်မည် ဖြစ်သည်။

ချန်းဖန်သည် အဝေးမှ နေ၍ ကမ္ဘာအား လှမ်းကြည့်လိုက်၏။ ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်သည် သူ၏ စိတ်အတွင်းမှ ဖျက်ဆီးခြင်း လှံပုဆိန်နှင့် အတူ ခုန်ထွက်ကာ ကမ္ဘာမြေဆီသို့ မိစ္ဆာ ခြောက်ကောင်နှင့် အတူ ပျံသန်း သွား၏။ ထို့နောက် ချန်းဖန်သည် ခေါင်းအား ပြန်လှည့်ကာ အကြီးအကဲ ခုနစ်ယောက်အား အေးစက်စွာ ကြည့်လိုက်လေသည်။

“တကယ်တော့ ဒီဝှက်ဖဲကို ပြဿနာ အားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့သူ အတွက် ငါ စီစဥ် ထားခဲ့တာ... အခု မင်းတို့က အလောတကြီး သေချင်နေတယ် ဆိုတော့လည်း ငါက ထုတ်သုံးပေးရတာပေါ့”

“ဘုန်း...”

ချန်းဖန်၏ စကား မဆုံးခင်မှာပင် လေထုသည် ပြင်းထန်စွာ လှုပ်ခါလာ၏။ နတ်ဘုရား ကလေးငယ်၊ နတ်ဘုရား ဝိညာဥ်နှင့် နတ်ဘုရား ခန္ဓာတို့သည် တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားသည်။ သိမ်မွေ့သော အလင်းလွှာများသည် ချန်းဖန်အား ဝန်းရံလျှက် ထွန်းတောက်လာ၏။

ထိုအခိုက်၌ ချန်းဖန်သည် ရွေ့လျားခြင်း မရှိသော်လည်း သူ၏ ခန္ဓာကိုယ် အတွင်း၌ ရှေးဟောင်း နတ်ဘုရား တစ်ပါးမှာ နိုးထလာဟန် ရသည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများသည် အာကာသထဲမှ နေ၍ ကမ္ဘာနှင့် လကို ရိုက်ခတ်နေသည်။ အင်္ဂါဂြိုဟ် အပါအဝင် အနီးအနားရှိ ဂြိုဟ်ပေါင်းများစွာ ပင်လျှင် တုန်ရီ နေကြလေ၏။

နတ်ဘုရား စွမ်းအင် သုံးခုသည် ပေါင်းစပ်ကာ အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့် စွမ်းအားကား ပေါ်ထွက် လာခဲ့ပြီ ဖြစ်လေတော့သည်။

ရှေးဟောင်းခေတ်များ၌ နတ်ဘုရား နယ်မြေတွင် ကျင့်ကြံသူများသည် နတ်ဘုရား ကလေးငယ်ကို ဖွဲ့စည်းကာ သူတို့၏ ခန္ဓာနှင့် ဝိညာဥ်တို့ကို နတ်ဘုရား အဆင့်ထိ ရောက်အောင် ကျင့်ကြံကြသည်။ ထိုနည်းဖြင့် သူတို့သည် အခြေတည် ဝိညာဥ် အဆင့် စွမ်းအားကို အမြင့်ဆုံးထိ ထုတ်လွှတ်နိုင်ကြကာ လူသား ကမ္ဘာရှိ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များကို အနိုင်ယူနိုင်ကြသည်။

ချန်းဖန်သည် သူ၏ အခြေတည် ဝိညာဥ်ကို နတ်ဘုရား ကလေးငယ် အဖြစ် ပြောင်းလဲ နိုင်ခဲ့သော်လည်း သူ၏ ခန္ဓာနှင့် ဝိညာဥ်တို့မှာမူ ယခုမှ ရွှေအမြုတေ အဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့်ပင် သူ စွမ်းအင် သုံးခုကို ‌ပေါင်းစပ်သော အခါ၌ အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့် စွမ်းအား ထွက်ပေါ်လာခြင်း ဖြစ်သည်။

“ဘုန်း...”

စွမ်းအင် သုံးခု ပေါင်းစပ်သွားသည်နှင့် မရေမတွက်နိုင်သော အလင်းတန်းများမှာ ချန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်တွင် ရပ်နေကာ သူ၏ ဝတ်ရုံစများမှာ အလင်းတန်းများနှင့် အတူ လူးလွင့်နေသည်။ များစွာသော စွမ်းအင်လှိုင်းများမှာ အရပ်ရပ်သို့ ရိုက်ခတ်နေလေရာ လမှာ တုန်ရီ ယိမ်းထိုး နေလေ၏။ အကယ်၍ အထီးကျန် သူရဲကောင်း စွန်းယုဖုန်းသာ နေအဖွဲ့အစည်း အတွင်းမှ မထွက်ခွာရသေးပဲ ထိုမြင်ကွင်းကို မြင်တွေ့ပါက သူသည် ‌ချန်းဖန် ရှုံးနိမ့်လိမ့်မည်ဟု နောက်တစ်ကြိမ် ပြောဆိုရဲတော့မည် မဟုတ်ပါချေ။

“ဒါက...”

လူအိုကြီးများမှာ ချန်းဖန်ကို ကြည့်ကာ မျက်လုံးများ ကျဥ်းမြောင်းသွား၏။ နတ်ဘုရား အလင်း တစ်ခုသည် ချန်းဖန်၏ ဦးခေါင်းထက်၌ ပေါ်နေသည်။ ထိုရွှေရောင်အလင်းသည် အလွန်တရာ မြင့်မြတ်လှရကား ချန်းဖန်အား နတ်ဘုရားတို့၏ အရှင် တစ်ပါး အလား ထင်မှတ်ရစေသည်။ ထိုအခိုက်၌ ချန်းပေ့ရွှမ်းကား မဟာ ကျင့်ကြံသူတို့ ထက်ပင် ပို၍ တော်ဝင်ဆန်ဟန် ရလေသည်။ သို့သော်လည်း သေချာ ကြည့်ပါက ထိုနတ်ဘုရား ရောင်ခြည်အလင်းသည် ပုံရိပ်ယောင် တစ်ခုနှင့်သာ တူ၏။ ထိုအရာကား ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိရန် အတော်လေး အလှမ်းကွာဝေးသေးဟန် ရသည်။

“အဲဒါက ဘယ်လို နတ်ဘုရား စွမ်းအား မျိုးလဲ...”

သို့သော်လည်း ထိုအရာကပင် လူအိုကြီးများကို အံ့သြစေရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။ သန်မာ ထွားကြိုင်းသော အဘိုးအိုသည် ချန်းဖန်ကို ပထမဆုံး အကြိမ် အဖြစ် လေးနက်စွာ ကြည့်၏။ အဘိုးအို ချင်ကျန်း၏ မျက်နှာပေါ်ရှိ အပြုံးမှာလည်း ပျောက်ကွယ်သွားသည်။ တော်ဝင် အလင်းများ ဆင်မြန်းထားသည့် လှပသော နတ်မိမယ် ပင်လျှင် မျက်မှောင်ကြုတ် သွားခဲ့သည်။ သူတို့သည် ချန်းဖန်တွင် မဟာ ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားများ ရှိသလို ခံစားလိုက်ကြရသည်။ ထိုစွမ်းအားသည် လူကြီးနှင့် လူငယ်လောက် ကွာခြားသည့်တိုင် အစစ်အမှန် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် စွမ်းအား ဖြစ်သည်။ ၎င်းကား အခြေတည် ဝိညာဥ် အဆင့် စွမ်းအားများနှင့် လုံးဝ ကွာခြားပေသည်။

“သူက တကယ်ပဲ နတ်ဘုရားအရှင် တစ်ပါး ဖြစ်နေပြီလား... ဘယ်လို ဖြစ်နိုင်မှာလဲ... သူက အခုမှ အခြေတည် ဝိညာဥ် အဆင့်ပဲ ရှိသေးတာလေ... နောက်ပြီး ဒီဂြိုဟ်နယ်မြေက ဓမ္မ ဥပဒေသတွေကလည်း မပြည့်စုံဘူး... နတ်ဘုရား အရှင် တထျန်းလို အရမ်း ပါရမီရှိတဲ့ ပုဂ္ဂိုလ်တောင် အစစ်အမှန် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ ဖြစ်မလာခဲ့ပဲ အတုအယောင်ပဲ ဖြစ်ခဲ့ရတာ”

ပိန်လှီသော အဘိုးအိုမှာ ထိုအရာကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။ မဟာ ကျင့်ကြံသူများကား အလွန် ထူးကဲသော လူများ ဖြစ်သည်။ တောင်ပိုင်း ဒေသငယ် ကဲ့သို့ နေရာမျိုးတွင်ပင် များများစားစား မရှိလှချေ။ နဂါး အကောင်တစ်ရာတွင် တစ်ကောင်သာ အစစ်အမှန် နဂါး ဖြစ်နိုင်လေရာ ထိုအရာက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိရန် မည်မျှ ခက်ခဲကြောင်း ပြသနေသည်။

ယခု၌ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ အနှစ်တစ်ရာပင် မကျင့်ကြံရသေးသော လူငယ်လေး တစ်ယောက်မှာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် စွမ်းအားကို ထုတ်ဖော်လာသည်။ ထိုအရာက လက်တွေ့နည်းကျကျ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

“သူက နတ်ဘုရား ကုန်းမြေက ရထားတဲ့ လျှို့ဝှက် ရတနာ တစ်ခုခု၊ ဒါမှမဟုတ် ကျင့်စဥ် တစ်ခုခုကို သုံးနေတာပဲ ဖြစ်ရမယ်... သူ့ကို တိုက်ခိုက်ပြီး အမှန်တရားကို ဖော်ထုတ်ကြမယ်... သူက အစစ်အမှန် မဟာ ကျင့်ကြံသူ တစ်ယောက် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး... ဒီဂြိုဟ်နယ်မြေကနေ ဘယ်တော့မှ အစစ်အမှန် နဂါး မထွက်ပေါ်ဘူး”

အဖြူရောင် ဝတ်စုံဝတ် ဖူယန်က မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။

“စကားများ မနေနဲ့... တိုက်ခိုက်ကြတော့”

ပိန်လှီသော အဘိုးအိုက ဆိုလိုက်သည်။ စကားမဆုံးခင်မှာပင် သူသည် နေရာမှ ပျောက်ကွယ် သွားခဲ့ပြီး ဖြစ်သည်။ များစွာသော တစ္ဆေများသည် ကောင်းကင်တွင် ပေါ်လာခဲ့သည်။ ပိန်လှီသော အဘိုးအိုသည် လေထုကို ခုန်ကျော်ကာ အခြား ခန္ဓာတစ်ခုကို ဖွဲ့စည်း၏။ မကြာခင်မှာပင် ရာ‌ပေါင်းများစွာသော ပုံရိပ်များမှာ ကောင်းကင်တွင် ပေါ်လာကာ ချန်းဖန်အား ဝန်းရံ တိုက်ခိုက် လိုက်ကြတော့သည်။

“ဘုန်း...”

တစ်ချိန်တည်း၌ တိုင်ချူဂိုဏ်း မဟာ အကြီးအကဲ၏ ရှေ့မှောက်၌ ကမ္ဘာတစ်ခု ပေါ်လာခဲ့၏။ ထိုကမ္ဘာသည် သူ၏ ဖျက်ဆီးခြင်းကို ခံရလေရာ မီးခိုးရောင် အလင်းတန်း အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ကြောက်မက်ဖွယ် ကောင်းသော အလျင်ဖြင့် ချန်းဖန်ထံသို့ တိုးဝင်သွားလေသည်။

“တိုင်ချူ သေခြင်းရှင်ခြင်း ကျင့်စဥ်...”

ထိုကျင့်စဥ်ကား ကမ္ဘာတစ်ခု၏ ခွန်အားကို စွမ်းအင် အဖြစ် အသုံးချကာ တိုက်ခိုက်ခြင်း ဖြစ်သည်။ ပြောစကားများ အရဆိုလျှင် ထိုတိုက်ခိုက်မှုသည် မဟာ ကျင့်ကြံသူကိုပင် နောက်ဆုတ်စေနိုင်သည်ဟု ဆိုသည်။

“တိုက်ခိုက်ကြ...”

မိစ္ဆာနေဂိုဏ်း၊ ဝူကျိဂိုဏ်းနှင့် ချန်ရှန်းဂိုဏ်းတို့၏ အရှင်သခင်များမှာလည်း သူတို့၏ အစွမ်း အထက်ဆုံး နတ်ဘုရား စွမ်းအားများကို ဖော်ထုတ်ကာ တိုက်ခိုက်လိုက်ကြ၏။ လှပသော နတ်မိမယ် ပင်လျှင် တောင်တန်း မြစ်ပြင် စကြဝဠာ မြေပုံကို ထိန်းချုပ်ကာ ချန်းဖန်အား ရစ်ပတ်ရန် ကြိုးစားသည်။

အဘိုးအို ချင်ကျန်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းခါလိုက်၏။ ထို့နောက် သူက အင်္ကျီလက်ကို ခါယမ်းကာ ကောင်းကင် ရတနာ သုံးခုကို ချန်းဖန်ထံ ပစ်လွှတ်လိုက်သည်။

***

All Chapters