← Chapters

အခြေတည် ဝိညာဉ် တစ်ပိုင်း အဆင့်၏ စွမ်းအား

Vol. 12 Ch. 1155

အခြေတည် ဝိညာဉ် တစ်ပိုင်း အဆင့်၏ စွမ်းအား

Vol. 12 Ch. 1155

“ဘုန်း...”

ချင်ကျန်းသည် လက်အား ဝှေ့ယမ်းလိုက်ရာ အလင်းတန်း ကိုးခုမှာ အာကာသ အတွင်း ထွက်ပေါ်လာသည်။ ထိုအလင်းတန်း တစ်ခုချင်းစီသည် ထိပ်တန်း ကောင်းကင် ရတနာများ ဖြစ်ကာ ရွှေရောင် ဧရာမတူကြီးနှင့်ပင် နှိုင်းယှဥ်နိုင်ကြသည်။ ၎င်းတို့ တစ်ခုချင်းစီသည် ကိုယ်ပိုင် သမိုင်းကြောင်းများ ဖြစ်ကာ တောင်ပိုင်း ဒေသငယ်တွင် ထင်ရှား ကျော်ကြားသော အရာများ ဖြစ်သည်။ သာမန် မဟာ ကျင့်ကြံသူ တစ်ပိုင်းများသည် များသောအားဖြင့် ထိုကဲ့သို့ ထိပ်တန်း ကောင်းကင်ရတနာ တစ်ခုကိုသာ ကိုင်ဆောင်နိုင်ကြသည်။ သို့သော်လည်း ချင်ကျန်းမှာမူ ကိုးခုအထိ ပိုင်ဆိုင်ထား၏။ သူကား အမှန်တကယ်ပင် ကြယ်ကြွေတို့၏ ဘုရင် ပီသလှပေသည်။

“သတ်...”

ဝူ‌ဟောင်ပိုက ပြောရင်း ငွေ‌ရောင်ကြေးမုံ တစ်ချပ်ကို ထုတ်ယူကာ ချန်းဖန်ဘက်သို့ မျက်နှာမူ လိုက်သည်။ အလင်းတန်းများသည် ကြေးမုံအိုထံမှ ထွက်ပေါ်လာရာ ဟင်းလင်းပြင် တစ်ခုလုံးမှာ တုန်ရီသွား၏။ တစ်ချိန်တည်း၌ ပိန်လှီသော အဘိုးအို၊ လှပသော နတ်မိမယ်နှင့် နေမိစ္ဆာဂိုဏ်း မဟာ အကြီးအကဲတို့ကလည်း သူတို့၏ နတ်ဘုရား တစ်ပိုင်း လက်နက်များကို အသက်သွင်းလိုက်ကြလေသည်။

“ဘုန်း...”

ကမ္ဘာမြေသို့ နတ်ဘုရား မင်းသား လေးပါး ယူဆောင်သွားသည့် ချင်ကျန်းနှင့် ဖူယန်တို့၏ နတ်ဘုရား တစ်ပိုင်း လက်နက် နှစ်ခုမှ လွဲ၍ အခြား မဟာ အကြီးအကဲ ငါးဦး၏ နတ်ဘုရား လက်နက်များမှာ အာကာသထဲတွင် အသက်ဝင် နေခဲ့ပြီ ဖြစ်သည်။ မဟာ အကြီးအကဲများမှာ သူတို့၏ ဝှက်ဖဲများကို ထုတ်သုံး နေကြပြီ ဖြစ်လေ၏။

“ဘုန်း... ဘုန်း...”

နတ်ဘုရား တစ်ပိုင်း လက်နက်များမှာ သူတို့၏ လက်ထဲတွင် ပိုပြီး အစွမ်းထက်နေသည်။ နတ်ဘုရား တစ်ပိုင်း လက်နက်များနှင့် ပေါင်းစပ်မှုတွင် မဟာ အကြီးအကဲများမှာ မဟာ ကျင့်ကြံသူများ နီးပါးပင် အစွမ်းထက် နေကြပြီ ဖြစ်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်၌ ချန်းဖန်မှာ အလွန်အစွမ်းထက် နေခဲ့၏။

အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့် စွမ်းအား...

ချန်းဖန်သည် အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့်ကိုသာ ရောက်ရှိသေးသည့်တိုင် သူသည် အစစ်အမှန် နဂါးငယ်လေး တစ်ကောင်ကဲ့သို့ ဝိညာဥ် ဖွဲ့စည်းခြင်း အလွှာကို ခြေတစ်လှမ်း ချခဲ့ပြီး ဖြစ်သည်။ သူသည် သာမန် နဂါးများနှင့် လုံးဝ ခြားနားပေသည်။

“ဝှစ်...”

ချန်းဖန်သည် ချင်ကျန်း၏ တိုက်ခိုက်မှုကို လက်သီးဖြင့် ဆီးကြိုလိုက်၏။ ရွှေရောင် အလင်းများသည် ပြိုးပြိုးပျက်ပျက် ထွက်ပေါ်လာကာ ‌ကောင်းကင် ရတနာ ကိုးခုနှင့် ထိပ်တိုက် တွေ့ဆုံသည်။ ကောင်းကင် ရတနာများသည် အလွန် ရှားပါးသော သတ္တုများဖြင့် ပြုလုပ်ထားသည် ဆိုသော်လည်း ချန်းဖန် တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။

“ဘုန်း...”

ချင်ကျန်းမှာ သူ၏ ကောင်းကင် ရတနာ ကိုးခုနှင့် အတူ နောက်သို့ ပြန်လည် လွင့်စဥ်သွားကာ သွေးတစ်လုတ် အန်လိုက်ရသည်။

ထို့နောက်တွင် ချန်းဖန်သည် နတ်ဘုရား တစ်ပိုင်း လက်နက် ငါးခုနှင့် တိုက်ရိုက် ရင်ဆိုင်၏။ သူသည် သူ၏ ခန္ဓာကိုယ်ကို လက်နက် အဖြစ် အသုံးပြုကာ လက်များကို ဝှေ့ယမ်းလျှက် နတ်ဘုရား တစ်ပိုင်း ရတနာ ငါးခုကို ရိုက်ထုတ်လိုက်သည်။ နတ်ဘုရား တစ်ပိုင်း လက်နက်များသည် မဟာ အကြီးအကဲတို့၏ လက်၌ အပြည့်အဝ နိုးထ နေကြလေရာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်များကိုပင် ထိုခိုက် ဒဏ်ရာ ရစေနိုင်သည်။ သို့သော်လည်း ထိုအရာများသည် ချန်းဖန်၏ လက်များနှင့် ထိတွေ့သော အခါ နောက်သို့သာ ပြန်ကန်ထွက် နေရတော့၏။

“ဘုန်း... ဘုန်း... ဘုန်း...”

မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်သည် မဟာ အကြီးအကဲ ငါးယောက်နှင့် တစ်ယောက်ပြီး တစ်ယောက် လွင့်စဥ် သွားခဲ့ပြီ ဖြစ်လေသည်။

“ဒီကောင်စုတ်လေးရဲ့ ခန္ဓာကိုယ်က ဘာနဲ့ လုပ်ထားတာလဲ... အဲဒါက နတ်ဘုရား သတ္တုတွေထက်တောင် ပိုပြီး မာနေသလိုပဲ”

“ဘာနဲ့ပဲ လုပ်လုပ်... အဓိကက သူ့ကို သတ်နိုင်ဖို့ပဲ တိုက်ကြ...”

မဟာ အကြီးအကဲများမှာ ချက်ချင်းပင် နောက်တစ်ကြိမ် တရကြမ်း တိုးဝင် လာကြပြန်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ပေါက်ကွဲမှုများသည် ဟင်းလင်းပြင် အတွင်း ပြည့်နှက်သွားသည်။ သွေးချီများသည် ပျံ့နှံ့နေကာ ကြောက်မက်ဖွယ် လှိုင်းများမှာ နေရာအနှံ့ကို ဖြာထွက်နေသည်။ တိုက်ပွဲအား ပုန်းကွယ်ကာ ကြည့်ရှု နေကြသူ အချို့မှာ စွမ်းအင် ရိုက်ခတ်မှုအောက်၌ သူတို့၏ အာကာသ သင်္ဘောများနှင့် အတူ ပေါက်ကွဲ သွားကြ၏။ အခြားလူများမှာ အလွန်တရာ ကြောက်လန့်ကုန်ကြလေရာ လျှင်မြန်စွာပင် နောက်သို့ ဆုတ်ခွာ သွားခဲ့ကြသည်။

ရှန်းယန် ဂြိုဟ်နယ်မြေ၊ ချီယွင်ဂိုဏ်း၏ အကြီးအကဲ တစ်ယောက်က ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်လေ၏။

“ကြောက်ဖို့ကောင်းလွန်းတယ်... ဒီတိုက်ပွဲက လွန်ခဲ့တဲ့ နှစ်တစ်သိန်း အတွင် အကြမ်းတမ်းဆုံး တိုက်ပွဲပဲ... စွန်းယုဖုန်း ချန်ရှန်းဂိုဏ်းကို တိုက်ခိုက်တုန်းကတောင် မဟာ အကြီးအကဲ သုံးယောက်နဲ့ပဲ တိုက်ခိုက်ခဲ့ရတာ... ဒါပေမဲ့ လူငယ်ကတော့ နတ်ဘုရား တစ်ပိုင်း လက်နက် ငါးခု အပါအဝင် မဟာ အကြီးအကဲ ခုနစ်ယောက်ကိုတောင် လွှမ်းမိုးနိုင်စွမ်း ရှိတယ်... ချင်ကျန်းရဲ့ ပဥ္စအကို အပိုလို နန်းတော်ရဲ့ အိမ်‌ရှေ့ မင်းသား‌တောင် အဲဒီလောက် အစွမ်း မထက်နိုင်ဘူး”

များစွာသော ဂိုဏ်းငယ်များမှာ သူတို့၏ လူများကို နေအဖွဲ့အစည်း အတွင်းသို့ အစောတည်းကပင် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူတို့ ရောက်ရောက်ချင်းမှာပင် ဂိုဏ်းကြီး ခုနစ်ဂိုဏ်းမှာ ကမ္ဘာကို တိုက်ခိုက် နေခဲ့ပြီ ဖြစ်လေရာ သူတို့မှာ တိုက်ပွဲကို အပြင်ဘက်မှ စောင့်၍ ကြည့်ရှု နေကြခြင်း ဖြစ်သည်။

“သူက အရမ်းကို အစွမ်းထက်လွန်းတယ်... စွန်းယုဖုန်းနဲ့ ချင်ကျန်းတို့က ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်အောက်မှာ အစွမ်း အထက်ဆုံး ကျင့်ကြံသူတွေလို့ ငါ ထင်ထားတာ... အခု ကြည့်ရတာ ချန်းပေ့ရွှမ်းက ရပ်တန့်လို့ မရနိုင်တဲ့လူပဲ... နောက်ပြီး ငါကြားသလောက်ဆို သူက အသက် လေးဆယ်ပဲ ရှိသေးတာတဲ့... ဘာလို့ ဒီလောက်တောင် အစွမ်းထက် နေရတာလဲ”

“ဟုတ်တယ် ငါကြားတာတော့ သူက တာအို သစ်သီးကို ရခဲ့တယ်တဲ့လေ... ငါသာ တာအို သစ်သီးကို ရခဲ့မယ် ဆိုရင်လည်း သူ့လို အစွမ်းထက်မှာပဲ”

“အမ်း... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ ဓမ္မ စွမ်းအင်တွေက မပြည့်စုံဘူး ဆိုပေမဲ့ ဒီနေရာမှာ မဟာ အခွင့်အရေးက တည်ရှိနေတာ... တကယ့်ကို ဆန်းကြယ်တဲ့ ကံကြမ္မာမျိုးပဲ”

လူအိုကြီးများမှာ ချန်းဖန်၏ ကံကောင်းမှု အတွက် သက်ပြင်းများချမိကြ၏။ တစ်ချိန်တည်း၌ လူငယ်များမှာမူ ချန်းဖန်အား မနာလို ဖြစ်နေကြသည်။ သူတို့သည် ချန်းဖန် ကဲ့သို့ ကံကောင်းမှုမျိုးကို တစ်ဘဝတွင် တစ်ကြိမ် ပိုင်ဆိုင် လိုနေကြသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

တိုက်ပွဲသည် ဆက်လက် ဖြစ်ပွားနေသည်။ အလင်းတန်းများသည် နေရာအနှံ့ စီးဆင်းနေကာ အထွတ်အမြတ် စွမ်းအင်များမှာ ထွက်ပေါ်နေ၏။ အဆုံး၌ ကောင်းကင် တစ်ခုလုံးမှာ အက်ကွဲကာ တိုက်ပွဲ ဗဟိုမှာ အပျက်အစီး နယ်မြေ အသွင် ပြောင်းလဲ သွားသည်။ ကောင်းကင်၌ လင်းလက်နေသည့် နတ်ဘုရား တစ်ပိုင်း ရတနာများ၏ ကိုယ်ယောင်ကိုယ်ဝါများသာလျှင် ရောယှက်နေတော့သည်။

ဝူကျိဂိုဏ်း၏ ကြယ်တာရာကြေးမုံ၊ နဲ့ကုန်းဂိုဏ်း၏ ဝိညာဥ် ဖျက်ဆီးခြင်း ဓားမြှောင်၊ တိုင်ချူ နတ်ဘုရား နယ်မြေ၏ အကာသ ကောင်းကင် မှော်ဆေးအိုး...

ထိုတစ်ခုချင်းစီသည် ကြယ်ပင်လယ်ကို လှုပ်ခါစေ၏။ ကျဆင်းနေသော ထာဝရဂိုဏ်းများစွာမှာ နတ်ဘုရား ရတနာ တစ်ခုပင် မရှိတတ်ကြချေ။ သူတို့သည် အန္တရာယ်များကို ရင်ဆိုင်ရန် အတွက် နတ်ဘုရား တစ်ပိုင်း ရတနာများကို အသုံးပြုကြရသည်။ ထိုနတ်ဘုရား တစ်ပိုင်း ရတနာများသည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ပိုင်းများ၏ လက်၌ မဟာ ကျင့်ကြံသူများ နီးပါးပင် အစွမ်းထက်ကြပေသည်။

သို့သော်လည်း ချန်းဖန်မှာ အလွန် အစွမ်းထက်လွန်းသည်။ အလင်းတန်းများသည် သူ၏ လက်ချောင်းများမှ စဥ်ဆက်မပြတ် ထွက်ပေါ်နေ၏။ သူသည် ထိုလက်များကို အသုံးပြုကာ နတ်ဘုရား တစ်ပိုင်း ရတနာများကို ထိပ်တိုက်ပင် ရင်ဆိုင်နေခဲ့လေသည်။

အဇူရာ သက်ရှည် နတ်ဘုရားသတ် လက်ညိုး၊ မူလ ဒြပ်စင် ငါးမျိုး ချီဓား၊ မူလ မဟာ ချင်န လက်ဝါး...

နောက်ဆုံး၌ ချန်းဖန်သည် ကောင်းကင် ရတနာ အဆင့် ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ရှေးဟောင်း ဓားကျင့်စဥ် တစ်ခု ဖြစ်သည့် “မိုးကြိုး နတ်ဘုရားဓား”အား ခင်းကျင်းလိုက်၏။

“ခရက်...”

အက်ကွဲသံ တစ်ခုနှင့် အတူ ကောင်းကင်သည် ထက်ပိုင်းပြတ် သွား၏။ မဟာ ကျင့်ကြံသူများသည် နောက်သို့ မိုင်တစ်ရာခန့် လွင့်စဥ်သွားကြကာ စစ်မြေပြင်မှ အပြင်သို့ ရောက်မတတ် ဖြစ်သွားကြသည်။ သူတို့၏ လက်ထဲရှိ နတ်ဘုရား တစ်ပိုင်း ရတနာများမှာမူ တောက်ပနေဆဲ ဖြစ်ကာ ပေတစ်ထောင် ဧရိယာမှာ တုန်ရီ ယိမ်းထိုး ‌နေခဲ့၏။ အကြီးအကဲများ၏ သွေးများမှာ ကြောက်မက်ဖွယ် စွမ်းအင်နှင့် အတူ ဆူပွက်နေကြသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြကာ ရှေ့သို့ ထပ်မံ တက်ကာ ချန်းဖန်အား ‌နောက်တစ်ဖန် တိုက်ခိုက်လိုက်ကြပြန်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

လေးချက်မျှ ထိုက်ခိုက်ပြီးသည်နှင့် ချန်းဖန်၏ ကောင်းကင် ရတနာမှာ နတ်ဘုရား တစ်ပိုင်း ရတနာများကို ဆက်လက် ရင်ဆိုင်နိုင်ခြင်း မရှိတော့ချေ။ ၎င်းမှာ အက်ရာများ ပြည့်နှက်လာကာ ပြိုကွဲတော့မလို ဖြစ်သွားခဲ့လေသည်။

“ဆက်တောင့်ခံထားကြ... သူ ကြာကြာ မတိုက်ခိုက်နိုင်တော့ဘူး”

ချင်ကျန်းနှင့် အခြား အကြီးအကဲများမှာ အော်ဟစ်လိုက်ကြသည်။ သူတို့သည် အံများကို တင်းတင်းကြိတ် ထားကြ၏။

နတ်ဘုရား တစ်ပိုင်း ရတနာများသည် အစွမ်းထက်သည် ဆိုသော်လည်း ၎င်းတို့ကို အသုံးပြုရန် အတွက် ကြီးမားသော စွမ်းအင် ရင်းမြစ်ကို လိုအပ်၏။ မဟာ အကြီးအကဲများသည် နှစ်‌ပေါင်း‌သောင်းချီ ကျင့်ကြံကာ အလွန် အစွမ်းထက်သည့် ဓမ္မ စွမ်းအင်ကို ပိုင်ဆိုင်ထားသည့်တိုင် သူတို့၏ စွမ်းအင်များမှာ တဖြည်းဖြည်း ကုန်ဆုံး လာနေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်၏ မျက်လုံးများမှာ အလွန်အမင်း ထက်ရှနေ၏။ သူ၏ ဓားအော်ရာမှာ ယန်နှင့် ယန်အား ဖြတ်ပိုင်းကာ အာကာသကို ထက်ပိုင်းဖြတ်နေသည်။ ရှေးဟောင်း မိုးကြိုးနတ်ဘုရား၏ ပြိုင်ဘက်ကင်း ဓားကျင့်စဥ်သည် ချန်းဖန်၏ လက်၌ ၎င်း၏ အမြင့်မားဆုံးသော အစွမ်းကို ထုတ်ဖော်နေသည်။

“ဘုန်း...”

ဝူဟောင်ပို၏ လက်ထဲရှိ ကြယ်တာရာကြေးမုံသည် ပြုတ်ကျသွားကာ ဝူဟောင်ပိုမှာ နောက်သို့ လွင့်စဥ်သွား၏။ သူသည် သွေးတစ်လုတ် အန်လိုက်သည်။

သို့သော် ချန်းဖန်မှာလည်း တန်ရာတန်ကြေး ပေးခဲ့ရ၏။ သူ၏ လက်ထဲရှိ ကောင်းကင် ရတနာဓားမှာ လုံးဝ ပြိုကွဲ သွားခဲ့ပြီ ဖြစ်သည်။

“သတ်...”

အခြား မဟာ အကြီးအကဲများမှာ ထိုအချင်းအရာကို မြင်သည်နှင့် ချန်းဖန်ထံ တရကြမ်း တိုးဝင်လာကာ သတ်ဖြတ်ရန် ကြိုးစား လိုက်သည်။ သို့သော်လည်း ချန်းဖန်သည် ချက်ချင်းပင် အခြား ကောင်းကင် ရတနာ တစ်ခုကို ထုတ်ယူကာ သူတို့အား တိုက်ခိုက် လိုက်ပြန်သည်။

ချန်းဖန်သည် ထျန်းဟောင်ဂြိုဟ်နှင့် ကမ္ဘာမြေ၌ များစွာသော အခြေတည် ဝိညာဥ် အဆင့်များကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင်ပင် သူသည် ကောင်းကင် ရတနာ များစွာကို ပိုင်ဆိုင် ထားပေသည်။

သို့သော်လည်း ကံမကောင်းစွာပင် ထိုကောင်းကင် ရတနာများမှာ အဆင့်နိမ့်လွန်းသည်။ သူတို့သည် နတ်ဘုရား တစ်ပိုင်း ရတနာများ၏ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်း မရှိပါချ။

“ဘုန်း... ဘုန်း... ဘုန်း...”

ချန်းဖန်၏ ကောင်းကင် ရတနာ ငါးခုမှာ တစ်ခုပြီး တစ်ခု ပျက်စီး သွားကြသည်။ နောက်ဆုံး၌ ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ အနက်ရောင် သံဓားအား ထုတ်ယူလိုက်လေတော့သည်။

***

All Chapters