ချုံခိုတိုက်ကွက် ခုနစ်ကွက်
Vol. 131 Ch. 1814
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ငါးမျက်လုံးဟု ခေါ်သော သားရဲတစ်ကောင် ရှိ၏။ ၎င်း၏ဦးခေါင်းကို ပွင့်ဟနေသော ပါးစပ်ကြီးက နေရာအများစု ယူထားပြီး ၎င်း၏ခန္ဓာကိုယ်ကမူ ပေတစ်သောင်းခန့် ရှည့်လျားသော ရွှံ့မြွေတစ်ကောင်နှင့် တူသည်။ ထိုသားရဲက မြေကြီးထုကို ဝါးမြိုရတာ ကြိုက်နှစ်သက်ပြီး ၎င်း၏ခန္ဓာကိုယ်အတွက် အာဟာရ ဖြစ်စေရန် မြေကြီး၏အနှစ်သာရများကို စုပ်ယူတတ်၏။ ၎င်း၏စိတ်ဝိညာဉ်ကို အားကောင်းစေရန် စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူ၏။
ငယ်ရွယ်သော ငါးမျက်လုံးသားရဲများက မြစ်ကြမ်းပြင်များအတွင်း၌သာ ရှိနေတတ်ပြီး မည်သည့်အခါမျှ သူတို့ကိုယ်သူတို့ ထုတ်ဖော်ပြခြင်း မရှိပေ။ အချိန်ကြာလာသည့်အခါ အရွယ်ရောက်လာသော ငါးမျက်လုံးသားရဲများက ပေတစ်သောင်းထိ ရှည်လျားလာနိုင်၏။ ယင်းတို့က မြစ်ကြမ်းပြင်ကို တူးဆွကာ မြေကြီးထဲသို့ ဝင်ရောက်ကြတတ်သည်။ ထို့နောက် မြေအောက်ကနေ တောင်တစ်တောင်၏ အနီးအနားသို့ သွားကာ အိပ်စက်တတ်သည်။
အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ ငါးမျက်လုံးသားရဲအများစုကို ကလန်များက အကာအကွယ်သားရဲများအဖြစ် ချိပ်ပိတ်ထားကြ၏။ သို့သော် ကျင့်ကြံသူများက ယင်းတို့ကို မနှစ်သက်ကြပေ။ ၎င်းတို့သည် တောင်တစ်လုံးအတွင်းသို့ ဝင်ရောက်သည့်အခါ ထိုတောင်နှင့် ပေါင်းစပ်တတ်ကြသည်။ ဤသည်က ထိုတောင်ကို စိတ်ဝိညာဉ်အား ပေးစွမ်းသော်လည်း ၎င်းတောင်မှာ မကြာမီတွင် အဝါရောင်သဲပြင်အဖြစ်သို့ ပြောင်းလဲသွားရသည်။
အမှန်တော့ ထိုငါးမျက်လုံးသားရဲများသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ တွေ့ရှိပါက ချက်ခြင်းလိုလို ချိပ်ပိတ်ခံရသည်သာ။ ဝမ်လင်းက ဒီဂြိုဟ်၏ ကန္တရာပေါ်တွင် ထိုင်နေ၏။ လေပြင်းများ တဝီဝီတိုက်ခတ်နေပြီး သဲမုန်တိုင်းများ ရှိသည်။ ထိုမုန်တိုင်းများက ဒီလောကကို ဖုံးလွမ်းကာ အရာအားလုံးကို မှိန်ဖျော့စေ၏။
ဝမ်လင်းသည် တတိယစိတ်ဝိညာဉ်ထံမှ မှတ်ဉာဏ်များကြောင့် သည်ငါးမျက်လုံးသားရဲများအကြောင်း သိရှိထား၏။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက ငယ်ရွယ်သောငါးမျက်လုံးသားရဲတစ်ကောင်ကို အဖျက်အစီးလောကသုံးရာထံသို့ ယူဆောင်လာခဲ့ပြီး ၎င်းကို ဤနေရာတွင် ကြီးထွားစေပြီးမှ အသုံးပြုရန် ဖြစ်၏။ သို့သော် သူသည် သေဆုံးခဲ့ကာ အစိတ်အပိုင်းများအဖြစ် ကွဲထွက်ခဲ့ရသည့်အတွက်ကြောင့် ထိုငါးမျက်လုံးများက သည်နေရာတွင် ကျန်ရှိနေခဲ့သည်။
ဝမ်လင်းက ထိုသားရဲ၏အော်ရာကို ထောက်လှမ်းမိခဲ့ပြီး ဖြစ်၍ သည်နေရာသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
ဝမ်လင်းက လက်တစ်ဆုပ်စာ သဲများကို ဆုပ်ယူလိုက်ပြီးနောက် သူက စိတ်ဝိညာဉ်စွမ်းအင် အရိပ်အယောင်ကို ခံစားမိ၏။ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်ဂြိုဟ်အတွင်းနက်ပိုင်းရှိ သားရဲတစ်ကောင်၏ အော်ရာကို သိရှိလိုက်သည်။
အပြင်ပိုင်းရှိ သွင်ပြင်လက္ခဏာများက သည်ဂြိုဟ်၌ ရှိနေသော သားရဲမှာ ငါးမျက်လုံးဟု ပြသနေပေသည်။
“အတားအဆီးမရှိဘဲ ကြီးထွားလာနိုင်စွမ်း ရှိတဲ့ ငါးမျက်လုံးသားရဲ တစ်ကောင်ဟာ ဒီလောကမှာ ရှည်ကြာလွန်းစွာ နေထိုင်ခဲ့ပြီးပြီး။ ဒါ့ကြောင့် ဆင့်ကဲပြောင်းလဲမှုဟာ ရှိမှာပဲ…”
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်၏။ သည်ဂြိုဟ်နှင့် ပတ်သတ်သည့် အရာအားလုံးသည် သူ့စိတ်ထဲတွင် ပေါ်လာသည်။
“ငါ ဒီမှာ ချုံခိုတိုက်ခိုက်ဖို့ လုပ်ဆောင်ရမယ်…” ဝမ်လင်း၏မျက်လုံးသည် အရောင်တောက်လာပြီး အေးစက်စက်အလင်းတစ်ခု လှစ်ဟပေါ်သည်။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ မရေမတွက်နိုင်သော အတားအဆီးများက နယ်မြေလောင်ကျွမ်းခြင်းထီးအဖြစ် ဖွဲ့စည်း ဖြစ်ပေါ်လာသည်။
ထိုထီးပေါ်လာသည်နှင့် အပူလှိုင်းတစ်ခုသည် ကောင်းကင်ထက်၌ ပျံ့လွင့်သည်။ တိမ်စိုင်များ ကြဲပြန့်ကာ ဧရာမထီးတစ်လက် ကောင်းကင်ထက်၌ ပေါ်လာသည်။
ထိုထီး ပွင့်ဟလာပြီးနောက် ထီးအမိုးက ထီးရိုးနှင့် ပေါင်းစပ်သည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော တိုင်တစ်လုံးနှင့်ပင် တူနေတော့သည်။
ဝမ်လင်းက နယ်မြေလောင်ကျွမ်းခြင်းထီးကို မော့ကြည့်၍ သူ့လျှာထိပ်ကို ကိုက်ကာ သွေးများကို ထွေးထုတ်၏။ သည်သွေးက လောင်ကျွမ်းနေသလား မှတ်ရကာ ကောင်းကင်ထက်သို့ ပျံသန်းတက်သည်။ ထို့နောက် ထီးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။
နယ်မြေလောင်ကျွမ်းခြင်းထီးက လေဟာနယ်နှင့် ပေါင်းစပ်သွားလေပြီ။ သို့ပေမည့် သည်ဂြိုဟ်သို့ ဝင်ရောက်လာသူတိုင်းမှာ မီးဖြင့် ခြုံလွှမ်းခြင်း ခံရမည်သာ။
ဤသည်မှာ ပထမဆုံး တိုက်ခိုက်မှုအတွက် ပြင်ဆင်ခြင်းပင်။
ဝမ်လင်း၏ အသက်ရှုသံက အနည်းငယ် ပိုကြမ်းလာ၏။ သူ၏စိတ်ဝိညာဉ်လေဟာနယ် နောက်ဆုံးအဆင့် ကျင့်ကြံမှုဖြင့်ပင် သည်မန္တာန်ကို အသုံးပြုရတာ ခက်ခဲနေဆဲပင်။ အထူးသဖြင့် သူက ၎င်း၏စွမ်းအားကို သာလွန်၍ ထုတ်ဖော်ပြသစေလိုချိန်၌ ဖြစ်သည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ သူ၏ဘယ်မျက်လုံးထံ လက်ညွှန်၏။ သူ့ဘယ်မျက်လုံးထဲ၌ မီးအနှစ်သာရ ပေါ်လာသည်။ သူက ညာလက်ကို ဝေ့ယမ်းရာ မီးပင်လယ်တစ်ခု ဘယ်မျက်လုံးထံမှ ပျံသန်းထွက်၏။ မီးပင်လယ်က ဟင်္သာငှက်မီးအဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။
ဟင်္သာငှက်မီးက ကြီးမားလွန်၏။ ၎င်း၏အမြီးက ဖီးနစ်တစ်ကောင်အလား ဖြန့်ကျက်ထားသည်။ ၎င်းက အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် သည်လောကမှ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းက မျက်လုံးမှိတ်ထား၏။ သူက တည်ငြိမ်စွာဖြင့် ခဏတာ ကျင့်ကြံသည်။ ထို့နောက် သူသည် ရုတ်တရက် မျက်လုံးပြန်ဖွင့်လာသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ ခပ်တိုးတိုး ရေရွတ်၏။ ခဏအကြာတွင် ခုနစ်ရောင်စုံအလင်းသည် သူ့လက်နှစ်ဖက်ထံမှ ပေါက်ကွဲထွက်လာသည်။
ထိုခုနစ်ရောင်စုံအလင်းက ခုနစ်ရောင်စုံတာအိုသခင်ထံမှ မန္တာန်များနှင့် အတူတူဟု ထင်ရ၏။ ဝမ်လင်း သည်မန္တာန်ကို အသုံးပြုလိုက်သည့်အခါ ပို၍ တောက်ပပြီး အလင်းများက သည်ဂြိုဟ်၏ နေရာလပ်မကျန်ကို ဖုံးလွှမ်းသည်။
“ခုနစ်ရောင်စုံတာအိုလှံ…” ဝမ်လင်းက မာန်သွင်းကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကား၏။ ကောင်းကင်သည် တုန်ဟည်းလျက် ခုနစ်ရောင်စုံက ကောင်းကင်ထက်တွင် စုဝေးကာ ခုနစ်ရောင်စုံလှံကို ဖွဲ့စည်းသည်။
ထိုလှံက တုန်လှုပ်ဖွယ်အော်ရာကို ပေးစွမ်းကာ ဟိန်းမြည်သံ ပေးသည်။ ထို့နောက် ၎င်းသည် ဝမ်လင်းထံ ပျံသန်းလာပြီးနောက် သူ၏ညာဘက်ရှိ မြေပြင်ထဲ ထိုးစိုက်သွားသည်။
ဤသည်မှာ သူ၏ဒုတိယတိုက်ကွက်ပင်။
အစွမ်းထက်မန္တာန်နှစ်ခုကို အသုံးပြုပြီးနောက် ဝမ်လင်းက ပင်ပန်းလာ၏။ သို့သော် သူက မရပ်တန့်ပေ။ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ရာ သူ့အား လွှမ်းခြုံသောအရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရိပ်က ဖြည်းဖြည်းချင်း ကွဲထွက်လာပြီးနောက် သူ၏မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားတို့က ကွဲထွက်သွားသည်။
ရှေးတောက်အမွေအနှစ်နှင့် သူ၏မူလခန္ဓာကိုယ်သည် ကောင်းကင်ထက်သို့ ပျံသန်းတက်ကာ သူ့ညာလက်ကို ဆန့်ထုတ်သည်။ လောကသည် အရောင်များ ပြောင်းလဲပြီး ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ပုဆိန် ပေါ်လာသည်။ ဝမ်လင်း၏မူလခန္ဓာကိုယ်က ၎င်းကို ဆုပ်ကိုင်ကာ ပျောက်ကွယ်လို့သွားသည်။
ရှေးတောက်အမွေအနှစ်နှင့် အပြည့်အဝစွမ်းအားကား သူ၏တတိယမြောက် တိုက်ခိုက်မှု ဖြစ်လာပေမည်။
ထိုတိုက်ခိုက်မှုသုံးခုပြီးနောက် ဝမ်လင်း၏အမူအရာက မှိန်ဖျော့ကာ သူ၏အသက်ရှုနှုန်း မြန်လာ၏။ သူက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ထပ်မံ၍ မျက်လုံးဖွင့်လာ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ တစ္ဆေရွက်ဖျင် ပေါ်လာချေသည်။
အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ ထိုတစ္ဆေရွက်ဖျင်က အစွမ်းထက်လှသော ရတနာတစ်ခု ဖြစ်၏။ ဝမ်လင်းသည် ၎င်းကို အပြည့်အဝ နားမလည်သေးသော်လည်း သူက ပုံရိပ်များ ချခင်းဖို့အတွက် ၎င်းကို အသုံးပြုနိုင်တုန်းပင်။ ဝမ်လင်းသည် ခဏတာ စဉ်းစားပြီးနောက် သူ့ဘယ်လက်ညှိုးကို ကိုက်လိုက်ပြီ ရွက်ဖျင်၏ တစ္ဆေမျက်နှာပေါ်သို့ သွေးများ ကျရောက်စေသည်။
ထိုမျက်နှာက ဝမ်လင်း၏သွေးကို မြန်ဆန်စွာ စုပ်ယူသွားသည်။ အသက်သုံးရှိုက်စာအတွင်း သူ၏သွေးတစ်ဝက်မှာ စုပ်ယူခံလိုက်ရသဖြင့် ဝမ်လင်း၏မျက်နှာသည် ဖြူရောသွားရသည်။
လေးခုမြောက်အသက်ရှုချိန်၌ တစ္ဆေမျက်နှာသည် သွေးကို စုပ်ယူခြင်းအား ရပ်တန့်သည်။ ၎င်း၏မျက်လုံးထံမှ နတ်ဆိုးအလင်း လှစ်ဟပေါ်သည်။ ဝမ်လင်းက ထိုရွက်ဖျင်ကို ကိုင်၍ ဝေ့ယမ်းလိုက်၏။ ၎င်းတစ္ဆေမျက်နှာသည် ပျံသန်းထွက်လာပြီးနောက် ပျောက်ကွယ်လို့သွား၏။
ထို့နောက်တွင် သည်လောကမှာ တစ်ခုခု ပြောင်းလဲသွားသလို ထင်ရလေ၏။ သို့သော် မည်သို့ပြောင်းလဲသွားသည်ကို တွေ့ရှိဖို့မှာ အလွန်ခက်မည်။
ထိုတစ္ဆေမျက်နှာ ပုံရိပ်ယောင်က ဝမ်လင်း၏ လေးခုမြောက်တိုက်ခိုက်မှု ဖြစ်လာမည်ပင်။
ဝမ်လင်း၏နှဖူးထက်၌ ချွေးများ စို့နစ်နေ၏။ သူက ချွေးများကို သုတ်ကာ အသက်ဝဝရှုသွင်းလိုက်သည်။ ထို့နောက် သူက ကောင်းကင်ထက်သို့ ညာလက်ကို ညွှန်ကာ မာန်သွင်းအော်ဟစ်လိုက်ချေသည်။ ထိုအခါ အစက်အပြောက်တစ်ခု ပေါ်လာပြီး မြေနိမ့်သားရဲအဖြစ်သို့ ပြောင်းလဲ၏။
ထိုသားရဲ၏ ခန္ဓာကိုယ်မှာ အပြည့်အဝ ချဲ့ကားနေခြင်း မရှိဘဲ ပေတစ်ထောင်မျှသာ ရှိ၏။ သို့ပေမည့် ၎င်း၏အေးစက်မှုနှင့် ကြမ်းကြုတ်သောမျက်လုံးတို့က တွေ့ရသူတိုင်း၏ စိတ်နှလုံးကို တုန်ယင်စေလိမ့်မည်ပင်။
ဝမ်လင်း လက်ညွှန်လိုက်သည်နှင့် မြေနိမ့်သားရဲက မျက်လုံးမှိတ်သွားကာ ၎င်း၏ခန္ဓာကိုယ်သည် သေးငယ်လာပြီး မြူအဖြစ်သို့ ပြောင်းကာ သည်လောက၌ ခြုံလွှမ်းသည်။
ထိုမြေနိမ့်သားရဲက ဝမ်လင်း၏ ငါးခုမြောက်တိုက်ခိုက်မှု ဖြစ်လာမည်။
ဝမ်လင်း၏ ကျင့်ကြံသူကိုယ်ပွားက အဝါရောင်ကန္တာရပေါ်၌ ထိုင်နေပြီး အလွန်ပင်ပန်းသည့်ပုံ ပေါ်နေသည်။ အခုက မန္တာန်သုံးခုကို တစပ်တည်း အသုံးပြုတာ သူ့အတွက် ပထမဆုံးပင်။ သာမန်တိုက်ပွဲတစ်ခုသာ ဆိုပါက သူ့အဖို့ ယင်းသို့ အသုံးပြုနိုင်ရန် လုံးဝ အချိန်ရလိမ့်မည် မဟုတ်ပေ။ သို့သော် ခုချိန်တွင်မူ ဖြစ်နိုင်ပေ၏။
“ခြောက်ခုမြောက် တိုက်ခိုက်မှု ကျန်နေသေးတယ်…” ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေပြီး သူ့ဘယ်လက်ကို ပင့်မြှောက်၏။ သူ့လက်ထိပ်မှ သွေးများ စီးကျလာလာပြီးနောက် သူက သူ့ပတ်လည်၌ သွေးစက်ဝန်းတစ်ခုကို ရေးဆွဲလိုက်သည်။
ထိုသွေးစက်ဝန်း ဖြစ်ပေါ်လာသည်နှင့် ဝမ်လင်းက သူ့အနှစ်သာရစွမ်းအင်ကို ၎င်းပေါ်သို့ ထွေးထုတ်သည်။ ထိုအခါ ယင်းသွေးသည် သိပ်သည်းသော မူလစွမ်းအင်နှင့် ပြည့်နှက်လာသည်။
သွေးနံ့နှင့် မူလစွမ်းအင် ပျံ့လွင့်လာရင်း သည်ဂြိုဟ်တစ်ခုလုံးမှာ တုန်ယင်သည်။ ထိုတုန်ယင်မှုက သည်ဂြိုဟ်၏နှလုံးသားထံမှ ထွက်ပေါ်လာကာ မြေပြင်ထုနှင့် ပေါင်းစပ်သည်။ ဂြိုဟ်ပေါ်ရှိ သဲထုက လှိုင်းများအလား လှုပ်ရှားလေ၏။
ထို့နောက်တွင် ဝမ်လင်းက သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေရာ သူ၏မျက်လုံးထဲ၌ သွေးစင်းကြောင်းများ ပေါ်လာသည်။ သွေးစင်းကြောင်းများစွာ ပျံ့နှံ့လာရင်း သွေးစက်ဝန်းနှင့် ပေါင်းစပ်ကာ ၎င်းထံမှ ထွက်ပေါ်လာသော အော်ရာကို ဖုံးကွယ်ပေးသည်။
အချိန်အတန်ကြာပြီးနောက် မြေပြင်ထုပေါ်ရှိ လှုပ်ရှားမှုက တဖြည်းဖြည်း လွင့်ပါးကာ ဝမ်လင်းသည် စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်မိသည်။
“ငါးမျက်လုံးဟာ ငါ့ရဲ့ ခြောက်ခုမြောက်တိုက်ကွက် ဖြစ်လာလိမ့်မယ်…”
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူ၏မျက်လုံးထဲ၌ ရွှေရောင်အလင်း အရိပ်အမြွက်လည်း ရှိသည်။ ထိုအလင်း၌ ပေါကြွယ်ဝသော ကောင်းကင်ဘုံသွေးမျိုးဆက် ပါဝင်သည်။ ယင်းမှာ ဝမ်လင်း၌ ကျန်နေသော တစ်ခုတည်းသော ကောင်းကင်ဘုံသွေးမျိုးဆက်ပင်။
သူ့ညာလက်ဖြင့် လေဟာနယ်ထံ ဆန့်ထုတ်ရာ ရွှေရောင်အလင်း တောက်ပသွားသည်။ လီကောင်း၏လေး ပေါ်လာကာ သူက ၎င်းကို ဖမ်းဆုပ်၏။ ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက်မှ သူက မျက်လုံးမှိတ်ကာ မည်သို့ဖြစ်ပျက်လာနိုင်မည်ကို တွေးဆကြည့်သည်။
လီကောင်း၏လေးက သူ၏နောက်ဆုံးတိုက်ခိုက်မှု၊ ခုနစ်ခုမြောက်တိုက်ခိုက်မှု ဖြစ်လာပေမည်။
သည်တိုက်ခိုက်မှုခုနစ်ခုဖြင့် သူ၏ တုန်လှုပ်ဖွယ်ထောင်ချောက်ကို ဖန်တီးထားသည်။
အချိန်တဖြည်းဖြည်းချင်း ကုန်လာ၏။ ဖျတ်ခနဲအတွင်း အမွှေးတိုင်တစ်တိုင်ဝက်စာ ကုန်လွန်သွားသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာပြီး ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ သူက ဘယ်လက်ကို ဝေ့ယမ်းလိုက်သည့်အခါ သူ၏ရှေ့၌ အနက်ရောင်အမွှေးတိုင်တစ်ခု ပေါ်လာတော့သည်။
ထိုအမွှေးတိုင်ကို ဆုပ်ကိုင်ကာ သူက ၎င်းအား ဝေ့ယမ်း၍ မီးငြှိလိုက်သည်။ အနက်ရောင်အခိုးငွေ့များက လေထဲသို့ မြန်ဆန်စွာ ပျံတက်သည်။ ယင်းမှာ အချက်ပြမီးခိုးငွေ့အလား။
ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ အမွှေးတိုင်ကို မီးငြှီပြီးနောက် သူက ၎င်းကို ပစ်လွှတ်လိုက်၏။ ထိုအမွှေးတိုင်က အဝါရောင်သဲပြင်ပေါ်ရှိ ပေသုံးဆယ်အကွာသို့ ကျရောက်သွားသည်။ မီးများ တဖျတ်ဖျတ် လင်းလက်ပြီး အနက်ရောင်အခိုးငွေ့များမှာ သာ၍ သိပ်သည်းလာသည်။
ဝမ်လင်းက သူ့ဘယ်လက်ကို လေဟာနယ်ထံသို့ ထပ်မံ၍ ဆန့်ထုတ်ပြီး သူဖမ်းဆီးခဲ့သည့် ဇီရှားကို ထုတ်ယူသည်။ ဝမ်လင်းသည် သူ၏လက်ချောင်းက သူမ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားချိန်၌ မည်သည့်သနားညှာတာမှုကိုမျှ မပြပေ။ သူမက နာကျင်သည့်ဟန် လှစ်ဟပေါ်သည်။ သူမ၏ လှပသောမျက်နှာနှင့် ထိုအမူအရာကို ပေါင်းစပ်လိုက်ပါက တွေ့မြင်ရသူတိုင်းအဖို့ ဂရုဏာ သက်သွားနိုင်လောက်သည်။
သို့သော်ငြားလည်း ဝမ်လင်း၏မျက်လုံးတို့မှာ အေးစက်နေဆဲပင်။ သူ၏လက်ချောင်းက သူမ၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားချိန်၌ ဇီရှားက ရုန်းကန်၍ မျက်လုံးဖွင့်လာသည်။ သူမ၏ညာလက်သည် ထိန်းချုပ်မှုကနေ လွတ်ကင်းကာ ရွှေ့လျားပြီး လေဟာနယ်ထံ ဖမ်းဆုပ်သည်။ သူမ၏လက်ထဲ၌ သတင်းပေးကျောက်စိမ်းပြား ပေါ်လာတော့သည်။
ထိုကျောက်စိမ်းပြားကို ကိုင်ကာ ဇီရှားက ထပ်မံ ရုန်းကန်သည်။ သို့သော် သူမက သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိလေတော့ပေ။ သူမက သတင်းစကားတစ်ခု ပေးပို့ရာ အနှီကျောက်စိမ်းပြားက လင်းလက်လာသည်။
တိုက်ကွက် ခုနစ်ခုကို အထိုင်ချထားပြီးနောက် လောင်ကျွမ်းသော အမွှေးတိုင်နှင့် ဒီကျောက်စိမ်းပြားတို့ကို တည်ကြက်အဖြစ် အသုံးပြုသည်။ ခုချိန်၌ သူက သည်ဂြိုဟ်ပေါ်တွင် တိုက်ပွဲကြီး ဖြစ်လာတော့မည်ကို စောင့်နေရုံသာ ရှိတော့၏။
ဝမ်လင်းက သူသည် ခုနစ်ရောင်စုံတာအိုသခင်နှင့် တစ္ဆေအိုကြီးကျန့်တို့ကို သတ်နိုင်လိမ့်မည်ဟု မတွေးထားပေ။ သူ့အနေဖြင့် ထိုသူတို့ကို သတ်ဖို့လည်း မလိုပေ။ တခါတရံ တစ်စုံတစ်ယောက်ကို ဒဏ်ရာရလိုက်စေခြင်းက သတ်သည်နှင့် မခြား ဖြစ်တတ်သည် မဟုတ်လား။
တစ္အေအိုကြီးကျန့် သို့မဟုတ် ခုနစ်ရောင်စုံတာအိုသခင်တို့ထဲက တစ်ယောက်ယောက် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါက တခြားသူများအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်သွားပေလိမ့်မည်။