ဓားကျိုး၏ အစွမ်း
Vol. 12 Ch. 1156
“ဟား ဟား... ချန်းပေ့ရွှမ်း မင်းရဲ့ ဝှက်ဖဲတွေ ကုန်ပြီလားကွ... သံချေးတက်နေတဲ့ ဓားကျိုးပဲ မင်းမှာ ရှိတော့တာလား”
သန်မာထွားကြိုင်းသော အဘိုးအိုက အော်ဟစ် ရယ်မော လိုက်လေသည်။
“ကြည့်ရတာ သူက အတော်လေး ဆင်းရဲတဲ့ ပုံပဲ... သူ့ရဲ့ ကောင်းကင် ရတနာတွေ ပျက်စီးကုန်တာကို မြင်ပြီး သူ ရူးသွားပြီ ထင်တယ်... အစုတ်အပြတ် ဓားတစ်ချောင်းကို ထုတ်ပြီး ငါတို့ကို တိုက်ခိုက်ဖို့တောင် ပြင်နေပြီ... အဲဒါက ဓားတစ်ချောင်းနဲ့တောင် မတူဘူး... ကလေး မင်းမရှက်ဘူးလား... မင်းက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေက ဖြစ်တဲ့ အပြင် ဆင်းရဲလိုက်တာလည်း လွန်ရော... မင်းအနေနဲ့ ငါ့တူရဲ့ အစေခံ ဖြစ်ဖို့လောက်ပဲ ထိုက်တန်တယ်”
ပိန်လှီသော အဘိုးအိုက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
“ညီလေးချန်း... မင်းက ရတနာ ပြတ်လတ်နေတဲ့ ပုံပဲ... ငါ့ခြေထောက်အောက်က တွားသွားပြလေ... ငါ မင်းကို ငါ့ရဲ့ ရတနာ ဆယ့်ရှစ်ခု ပေးမယ်”
ချင်ကျန်းက ပြုံးရင်း ဆိုလိုက်သည်။
“အဲဒါက တကယ်ကို ဓားကျိုး တစ်ချောင်းပဲ... အနက်ရောင်နဲ့ အစိမ်းရောင် ဖုန်တွေတောင် ကပ်နေပြီ... ချန်းပေ့ရွှမ်းက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကိုတောင် အုပ်စိုးတော့မယ် နတ်ဘုရား အရှင်လေ... သူက ဘယ်လို လုပ်ပြီး လက်နက်ကောင်း တစ်ခုကိုတောင် ပိုင်ဆိုင်မထားတာလဲ”
တိုက်ပွဲအား ကြည့်ရှုနေသော လူများမှာ မျက်လုံးများ ပြူးကုန်ကြသည်။
“ဟုတ်တယ်... ငါ မျက်လုံး အမြင်မှားခဲ့တာပဲ... ငါတို့ ချီယွင်ဂိုဏ်းတောင် အလိုရှိတဲ့ အချိန်တိုင်း ကောင်းကင် ရတနာ တစ်ရာကို ထုတ်ဖော်နိုင်တယ်... သူက နတ်ဘုရား အရှင်လေ... ဒါတောင် တိုက်ခိုက်ဖို့ အတွက် သံချေးတက်နေတဲ့ ဓားကျိုးကို ထုတ်တယ်... ဘယ်လိုတောင် မိုက်ရူးရဲ ဆန်လိုက်တာလဲ”
ချီယွင်ဂိုဏ်း အကြီးအကဲက ခေါင်းခါ လိုက်သည်။
“အဲဒါက အထူး လက်နက် တစ်များလား...”
အနည်းငယ်သော လူများသာလျှင် ထိုကဲ့သို့ တွေးတော နေကြလေသည်။
“ဟဟ...”
ချန်းဖန်က အခြားလူများ၏ ထင်မြင်ချက်များကို ဂရုစိုက်ခြင်း မရှိပဲ နတ်ဘုရား အမတေ စွမ်းအားကို သုံးကာ နတ်ဘုရား လက်နက်နှင့် ဆက်သွယ်လိုက်သည်။ နောက်တစ်စက္ကန့် အကြာ၌ သံဓားပေါ်ရှိ အနက်ရောင်နှင့် အစိမ်းရောင် သံချေးများမှာ ပျောက်ကွယ်သွားကာ အနက်ရောင် သံဓားမှာ တောက်ပလာသည်။ အမျိုးအမည် မဖော်ပြနိုင်သော စွမ်းအင် တစ်ခုမှာ ထိုဓားအိုကြီးထံမှာ ထွက်ပေါ်လာလေ၏။
“ဘုန်း...”
မရေမတွက်နိုင်သော အဇူရာ မိုးကြိုးအလင်းများမှာ အရောင် ငါးမျိုး စပ်ယှက်လျှက် ပေါ်လာခဲ့သည်။ ထိုအရာများသည် ဓမ္မ ဥပဒေသများ မဟုတ်သော်လည်း ကောင်းကင်၏ စွမ်းအားကို သယ်ဆောင်ထားသည်။ လူများသည် ကောင်းကင်၌ နတ်ဘုရား တစ်ပါး ပေါ်ထွန်းလာသလို ခံစား နေကြရသည်။ ကြောက်မက်ဖွယ် နတ်ဘုရား စွမ်းအင်သည် အနီးအနားရှိ အာကာသ အတွင်း၌ ပြည့်နှက်နေကာ အခြား နေတစ်စင်းမှာ ကမ္ဘာ အပြင်ဘက်တွင် ထွန်းလင်းလာ၏။
“ဒါက...”
လူတိုင်းမှာ ထိုအလင်းကြောင့် ကြောက်လန့် တုန်ရီမှုကို ခံစား လိုက်ကြရလေသည်။ အကြီးအကဲများ ပင်လျှင် နောက်တွန့် သွားကြ၏။ ချင်ကျန်း၊ ဖူရန်နှင့် အခြားလူများသည် ချက်ချင်းပင် သူတို့၏ နတ်ဘုရား တစ်ပိုင်း ရတနာများကို အမြင့်ဆုံး စွမ်းရည် အထိ မြှင့်တင်ကာ နောက်သို့ ဆုတ်ခွာလိုက်ကြသည်။
သို့သော်လည်း နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
“ခရက်...”
ချန်းဖန်သည် ဓားကျိုးကို သုံးကာ သူတို့အား ခုတ်ထစ်လိုက်၏။
“မိုးကြိုး နတ်ဘုရားဓား စတုတ္ထ သဏ္ဌာန်... မီးဖြတ်ပိုင်းခြင်း...”
ထိုခုတ်ချက်ကြောင့် ကောင်းကင်မှာ အက်ကွဲသွားသည်။ မိုင်တစ်သောင်း ရှည်လျားသော အက်ကြောင်းသည် ပေါ်လာခဲ့၏။ အနီးအနားရှိ များစွာသော ကျင့်ကြံသူများမှာ ထိုခုတ်ချက်ကြောင့် ထက်ပိုင်းဖြတ် ခံရကာ ချက်ချင်းပင် ပြိုကွဲ သွားကြလေသည်။
မဟာ အကြီးအကဲ ခုနစ်ယောက် အနက် နှစ်ယောက်၏ ခန္ဓာကိုယ်များမှာ ထက်ပိုင်းပြတ် သွားကြ၏။ သွေးမျဥ်းကြောင်း တစ်ခုသည် သူတို့၏ နဖူးများထက်၌ ပေါ်လာခဲ့ကာ တဖြည်းဖြည်း ကွဲထွက် သွားခဲ့သည်။ အခြား အကြီးအကဲ ငါးယောက်မှာလည်း ဒဏ်ရာများ ကိုယ်စီ ရသွားခဲ့ကြသည်။ သူတို့ အားလုံးသည် အလွန်အမင်း ကြောက်လန့်နေကာ သူတို့၏ နတ်ဘုရား တစ်ပိုင်း ရတနာများမှာလည်း စတင် မှေးမှိန်ကုန်ကြတော့သည်။
ချန်းဖန်သည် ခုတ်ချက်တစ်ချက်တည်းဖြင့် မဟာ ကျင့်ကြံသူ တစ်ပိုင်းများကို အနိုင်ယူခဲ့လေပြီ ဖြစ်သည်။
“ဘာလဲဟ... သူက လူရော ဟုတ်သေးရဲ့လား...”
ကျင့်ကြံသူများစွာ၏ မျက်လုံးများမှာ ပြူးထွက် ကုန်ကြသည်။ ချန်းဖန်၏ ခုတ်ချက်သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ အကြီးအကဲ ခုနစ်ယောက်သည် သူ့အား ဝန်းရံ တိုက်ခိုက်ခဲ့ကြသည့်တိုင် ထိုအထဲမှ နှစ်ယောက်ဖြစ်သည့် ဖူရန်နှင့် ဝူဟောင်ပိုတို့မှာ ချက်ချင်းပင် အသတ်ခံ ခဲ့ရသည်။ သူတို့၏ နတ်ဘုရား စိတ်ဝိညာဥ်များနှင့် အခြေတည် ဝိညာဥ်များ ပင်လျှင် မီးဖြတ်ပိုင်းခြင်း ခုတ်ချက်အောက်၌ ပျက်စီး ခဲ့ရသည်။
ဖူရန်သည် နတ်ဘုရား ရတနာ တစ်ခုကိုမှ ကိုင်ဆောင်မထားကာ ဝူဟောင်ပိုမှာလည်း ရှေးမဆွကတည်းပင် ဒဏ်ရာ ရရှိနေပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ နှစ်ယောက်သည် ပထမဆုံး သေဆုံး ခဲ့ရလေသည်။ အခြားလူများမှာမူ နတ်ဘုရား တစ်ပိုင်း ရတနာ တစ်ခု သို့မဟုတ် အစားထိုးခြင်း နတ်ဘုရား အဆောင်များကို ပိုင်ဆိုင် ထားကြသည်။
သူတို့သည် ချန်းဖန် ဓားအား ခုတ်လိုက်ချိန်ကပင် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိခဲ့ကြပြီး ဖြစ်သည်။ သူတို့သည် များစွာသော ဓမ္မ ရတနာများကို စတေး အကာအကွယ် ပြုလုပ်၍ အချိန်မီ နောက်ဆုတ် နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် သူတို့မှာ ချန်းဖန်၏ တိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်ခဲ့ကြခြင်း ဖြစ်လေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ... အကိုဖူနဲ့ အကိုဝူတို့ တကယ် သေသွားကြတာလား...”
လှပသော နတ်မိမယ်မှာ မျက်လုံး အဝိုင်းသားဖြင့် မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့၏။ ဖူယောင်ဂိုဏ်း၏ တောင်တန်းမြစ်ပြင် စကြဝဠာ မြေပုံသည် တိုက်ခိုက်မှုစွမ်းအား မရှိသည့်တိုင် နတ်ဘုရားတစ်ပိုင်း ရတနာများထဲတွင် အစွမ်း အထက်ဆုံး ဖြစ်သည်။ ထိုမြေပုံကြောင့်ပင် အားလုံးထဲ၌ အားအနည်းဆုံး အနှေးဆုံး ဖြစ်သည့် သူမသည် ချန်းဖန်၏ တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ဖူရန်နှင့် ဝူဟောင်ပိုတို့ သေဆုံးသည်ကို တွေ့ပြီးသော အခါတွင်မူ သူမမှာ မျက်နှာ တစ်ခုလုံး ဖြူရော်ကာ တုန်ရီ ကြောက်လန့် လာခဲ့တော့သည်။ ထိုအရာများကား ထာဝရဂိုဏ်းများ၏ နတ်ဘုရား တစ်ပိုင်း မဟာ အကြီးအကဲကြီးများ ဖြစ်ကြသည်။ သာမန် ဂိုဏ်းကြီးများတွင် ဆိုလျှင် ထိုကဲ့သို့ ကျင့်ကြံသူ တစ်ယောက်ပင် မရှိချေ။ သို့သော်လည်း သူတို့သည် ချန်းဖန်၏ တိုက်ခိုက်မှုအား တစ်ချက်ပင် ခုခံနိုင်စွမ်း မရှိခဲ့ပါချေ။
“အဲဒီ ကောင်စုတ်လေးရဲ့ လက်ထဲက လက်နက်က ဘာလက်နက်လဲ... အဲဒါက ဘာလို့ ငါ့ရဲ့ ဝိညာဥ်ကိုတောင် အောက်ခြေကနေ တုန်ရီစေတာလဲ... နတ်ဘုရား တစ်ပိုင်း ရတနာတွေတောင် သူ့ကို ကြောက်နေရပုံ ရတယ်”
ချန်းဖန်၏ လက်ထဲရှိ လက်နက်ကို စူးစိုက်ကြည့်ရင်း သန်မာ ထွားကြိုင်းသည့် လူအိုကြီး၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေ၏။
“ငါလည်း မသိဘူး... အဲဒါကို ငါ တစ်ခါမှ မမြင်ဖူးဘူး... ကြည့်ရတာတော့ အဲဒါက သာမန် သံချေးတက်နေတဲ့ ဓားကျိုး တစ်ချောင်းပဲလေ... ဘာလို့ အဲဒီလောက် အစွမ်းနေရတာလဲ... သေချာတာကတော့ အဲဒါက နတ်ဘုရား လက်နက်လည်း မဟုတ်ဘူး... နတ်ဘုရား တစ်ပိုင်း လက်နက်လည်း မဟုတ်ဘူး... ဒါပေမဲ့ နတ်ဘုရား လက်နက်ထက်တောင် ပိုပြီး ထက်ရှနေသေးတယ်”
မိစ္ဆာနေဂိုဏ်း မဟာ အကြီးအကဲက ကြောက်ရွံ့ တုန်လှုပ်ဟန်ဖြင့် ပြောလိုက်လေသည်။
“ဘာပဲဖြစ်ဖြစ်... ငါတို့ သူ့ကို မနိုင်လောက်တော့ဘူး ထင်တယ်”
ချင်ကျန်းက ဖြူရော်သော မျက်နှာဖြင့် တီးတိုး ရေရွတ်လိုက်သည်။ ချန်းဖန်၏ စွမ်းအားကား သူထင်မှတ်ထားသည်ထက် ပိုမို အစွမ်းထက်လွန်းသည်။ သူတို့တွင် လူငါးယောက်သာ ကျန်ရှိတော့သည်။ ထိုငါးယောက်ဖြင့် ထိုကောင်စုတ်လေး၏ တိုက်ခိုက်မှု ဘယ်နှစ်ချက်ကို ခုခံနိုင်ပါမည်နည်း။ လူတိုင်းမှာ ထိုအတွေးဖြင့် ကြောက်လန့် နေကြလေ၏။
“နတ်ဘုရားဓား လာစမ်း...”
ချင်ကျန်းက အော်ဟစ်လိုက်သည်။ ဖူရန်သည် သူ၏ မျက်လုံးရှေ့တွင်ပင် သေဆုံးခဲ့ရသည်။ ထို့ကြောင့်ပင် သူသည် ကမ္ဘာပေါ်ရှိ အရာများကို ထပ်မံ ဂရုစိုက်ခြင်း မရှိတော့ချေ။ သူက လက်အား ဝှေ့ယမ်းကာ ကမ္ဘာပေါ်သို့ နတ်ဘုရား မင်းသား တစ်ပါးနှင့် အတူ ပါသွားသော ယောင်ယန် နတ်ဘုရားဓားကို ပြန်လည် ဆင့်ခေါ်လိုက်သည်။
“ဝှစ်...”
ရွှေရောင် အလင်းတန်း တစ်ခုသည် ကမ္ဘာမြေမှ နေ၍ အာကာသထဲသို့ ပျံတက်လာ၏။ နတ်ဘုရား တစ်ပိုင်း ရတနာ ထွက်ခွာသွားသည်နှင့် အပိုလို နန်းတော်၏ နတ်ဘုရား မင်းသား သုံးယောက်သည် ချက်ချင်းပင် အန္တရာယ် အတွင်း ကျဆင်းသွားတော့သည်။ သူတို့သည် ဒွါရကိုးပါး နတ်ဘုရား ကလေးငယ်နှင့် မိစ္ဆာ ခြောက်ကောင်တို့၏ ဝိုင်းဝန်း သတ်ဖြတ်မှု အလယ်သို့ ချက်ချင်းပင် ကျရောက်သွား၏။ သူတို့ထဲမှ တစ်ယောက်မှာ ချက်ချင်းပင် သေဆုံးသွားသည်။ ကျန်နှစ်ယောက်မှာမူ အလွန် လျှင်မြန်စွာ လွတ်မြောက် သွားခဲ့လေ၏။
“ညီလေးချန်း... ငါတို့ကြားမှာ နားလည်မှုလွဲတာ တစ်ခုခု ရှိနေပြီ ထင်တယ်... ဘာလို့ အေးအေးဆေးဆေးထိုင် လက်ဘက်ရည်သောက်ပြီး စကားမပြောရတာလဲ”
ချင်ကျန်းက ဖော်ရွေသော အပြုံးကို ဆင်မြန်းလိုက်၏။ သူသည် နတ်ဘုရား တစ်ပိုင်း လက်နက်တစ်ခုကို ကိုင်ဆောင် ထားသည့်တိုင် မလုံခြုံမှုကို ခံစားနေရသည်။
ပိန်လှီသော ယောင်မျိုးရိုး အဘိုးအို အပါအဝင် အခြား မဟာ အကြီးအကဲများမှာလည်း ငိုတော့မလို မျက်နှာများဖြင့် ပြုံးလိုက်ကြသည်။ သူတို့သည် ထာဝရဂိုဏ်းကြီးများ၏ မဟာ အကြီးအကဲများ ဖြစ်ကာ နဂါးများ အလား စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ ဒေသခံ တစ်ယောက်ကို သူတို့ ဘယ်တုန်းကမှ အထင် မကြီးခဲ့ဖူးချေ။ သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းမှာ အလွန် အစွမ်းထက်ကာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ သူတို့သည် ချန်းဖန်နှင့် ရန်သူ ဖြစ်ရမည်ကို အလွန်အမင်း စိုးရွံ့ နေကြပြီ ဖြစ်လေသည်။
ယွမ်ရီသည် သူ၏ စီနီယာ မဟာ အကြီးအကဲ ဖူရန် သေဆုံးသွားသည်ကို မြင်ပြီးနောက် အလွန်အမင်း ကြောက်လန့်နေ၏။ သူသည် ချက်ချင်းပင် ကောင်းကင်ပြာ နတ်ဘုရားဓားကို ကိုင်ကာ ကမ္ဘာမှ စကြဝဠာ အတွင်းပိုင်းသို့ ပျံသန်း ပြေးတော့သည်။
“နောက်ကျသွားပြီ...”
ချန်းဖန်က လက်ညိုးအား ဆန့်ထုတ်လျှက် လေထုအား တို့ထိ လိုက်ရာ ယွမ်ရီမှာ ပေါက်ကွဲ သွား၏။ ကောင်းကင်ပြာ နတ်ဘုရားဓားသည် ဝမ်းနည်းသော အော်မြည်သံကို ထုတ်လွှတ်သည်။ ထို့နောက် ချန်းဖန်သည် လက်ထဲမှ ဓားကျိုးအား မြှောက်ကာ နောက်တစ်ဖန် ခုတ်ထစ်လိုက်လေသည်။
“မိုးကြိုး နတ်ဘုရားဓား စတုတ္ထ သဏ္ဌာန်... မီးဖြတ်ပိုင်းခြင်း...”
***