ရက်စက်သော တိုက်ခိုက်မှုများ
Vol. 12 Ch. 1157
ကြောက်မက်ဖွယ် အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့်သည် နတ်ဘုရားတို့၏ လက်နက်ကို ထိန်းချုပ်ထားသည်။ ၎င်းသည် ဓားကျိုး တစ်ချောင်းသာ ဖြစ်သော်လည်း အလွန်အမင်း အစွမ်းထက် လွန်းလှသည်။
“မဟုတ်ဘူး...”
မဟာ အကြီးအကဲများမှာ ကြောက်ရွံ့စွာ အော်ဟစ်လိုက်ကြ၏။ သို့သော်လည်း ထိုအရာက မည်ကဲ့သို့ အသုံးဝင်မည်နည်း။
ထိုခုတ်ချက်သည် စကြဝဠာကို ဖြတ်ပိုင်းကာ ကောင်းကင်ကို နောက်တစ်ကြိမ် ကွဲအက်သွားစေပြန်၏။ မမြင်နိုင်သော ထက်ရှသည် လကို ထိလေရာ လ၏ မျက်နှာပြင်တွင် မိုင်တစ်ထောင် ရှည်လျားသော အမှတ် တစ်ခုပင် ဖြစ်ပေါ်လာသည်။
“ဘုန်း... ဘုန်း...”
နတ်ဘုရား တစ်ပိုင်း လက်နက် အချို့မှာ နောက်သို့ လွင့်စဥ် သွားကြသည်။ ယခု တစ်ကြိမ်တွင် မိစ္ဆာနေဂိုဏ်း၏ အကြီးအကဲမှာ လွတ်မြောက်နိုင်ခြင်း မရှိတော့ပဲ ချန်းဖန်၏ ခုတ်ချက်တွင် ထက်ပိုင်းပြတ် သွားတော့သည်။ မိစ္ဆာနေ မဟာ အကြီးအကဲ ထိန်းချုပ်နေသည့် နတ်ဘုရား တစ်ပိုင်း ရတနာသည် အော်ငိုသံ တစ်ချက်ကို ပြုကာ အနက်ရောင် အလင်းတန်း အသွင် ပြောင်းလဲ၍ စကြဝဠာ အတွင်းပိုင်းသို့ ပျံပြေး သွားလေတော့သည်။
အခြား မဟာ အကြီးအကဲ တစ်ယောက်ကား သေဆုံး သွားခဲ့ပြန်ပြီ ဖြစ်လေသည်။ သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်၏။ အခြားလူများ မည်မျှ တောင်းပန်နေစေကာမူ၊ ခြိမ်းခြောက်နေစေကာမူ၊ လွတ်မြောက်အောင် ကြိုးစား နေစေကာမူ ချန်းဖန်သည် အလျင်း ဂရုစိုက်ခြင်း မရှိချေ။
သူသည် လက်ကို လွှဲယမ်းကာ တတိယမြောက် ခုတ်ချက်ကို ဖော်ထုတ်လိုက်၏။
“ဘုန်း...”
တိုင်ချူ နတ်ဘုရားနယ်မြေ၏ မဟာ အကြီးအကဲ တစ်ဖြစ်လည်း သန်မာ ထွားကြိုင်းသော အဘိုးအိုမှာ သေဆုံး သွားပြန်၏။ ကြီးမားသော ဓားရာ တစ်ခုသည် အာကာသ ကောင်းကင် မှော်ဆေးအိုးတွင် ပေါ်လာသည်။ ၎င်းသည် လေချွန်သံကို ပြုကာ စကြဝဠာ အတွင်းပိုင်းသို့ ထွက်ပြေးသွားတော့သည်။
ထို့နောက် စတုတ္ထ ခုတ်ချက်...
“ဘုန်း...”
အာကာသကို ခုန်ကူးနိုင်စွမ်း ရှိသည့် နဲ့ကုန်းဂိုဏ်း၏ မဟာ အကြီးအကဲယောင်မှာ သေဆုံး သွားရပြန်၏။ သူ၏ ဝိညာဥ် ဖျက်ဆီးခြင်း ဓားမြှောင်သည် သာမန် လက်နက် တစ်ခု အဖြစ်သို့ ပြန်ပြောင်းလုနီးပါး ဖြစ်သွားခဲ့ရသည်။
ပဥ္စမ ခုတ်ချက်...
ချန်းဖန်၏ ခုတ်ချက် တစ်ခုစီတိုင်း၌ မဟာ အကြီးအကဲ တစ်ယောက်စီမှာ သေဆုံး နေရ၏။ အဆုံး၌ တောင်တန်းမြစ်ပြင် စကြဝဠာ မြေပုံထဲ၌ ပုန်းအောင်းနေသည့် နတ်မိမယ် ပင်လျှင် ချန်းဖန်၏ ဓားချက်၌ ထက်ပိုင်းပြတ် သွားခဲ့ရသည်
မျက်စိတစ်မှိတ် အတွင်း၌ မဟာ အကြီးအကဲ ခြောက်ယောက်မှာ သေဆုံး သွားခဲ့ပြီ ဖြစ်လေသည်။ ချင်ကျန်း တစ်ယောက်သာလျှင် ကျန်ရစ်ပေတော့သည်။
ထိုအခိုက်အတန့်၌ မရေမတွက်နိုင်သည့် အကာအကွယ် ရတနာများကို ပိုင်ဆိုင်ထားသော ကြယ်ကြွေတို့၏ ဘုရင်ကား တဆတ်ဆတ် တုန်ရီ နေခဲ့လေသည်။ သူသည် ချန်းဖန်နှင့် ၎င်း၏ ဓားရှေ့၌ ပုရွက်ဆိတ်လေး သဖွယ် မိမိကိုယ်ကို ခံစား နေခဲ့ရသည်။ များစွာသော ပွဲကြည့် ပရိတ်သတ်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေခဲ့ကြသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ... ဘယ်လို ဖြစ်နိုင်မှာလဲ...”
ချင်ကျန်းနှင့် အတူ လိုက်ပါလာသည့် နတ်ဘုရား မင်းသား နှစ်ယောက်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေခဲ့ကြလေသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းကပင် သူတို့သည် နတ်ဘုရား တစ်ပိုင်း ရတနာများနှင့် အတူ ကမ္ဘာပေါ်ရှိ လူများအား သတ်ဖြတ်ကာ မြောက်ပိုင်းချုံးဂိုဏ်းကို ရှင်းလင်းရန် ကြိုးစား နေခဲ့ကြသေးသည်။ သို့သော်လည်း ယခုတွင်မူ အခြေအနေ အားလုံးက ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်းသည် ငါးကြိမ် ဓားအား ဝှေ့ယမ်းကာ မဟာ အကြီးအကဲ ခြောက်ယောက်ကိုပင် သတ်ဖြတ် ပစ်ခဲ့သည်။
ချင်ကျန်း တစ်ယောက်သာလျှင် တုန်ရီကြောက်လန့်စွာဖြင့် ကျန်ရှိပေတော့သည်။
“ငါတို့ ဘယ်လို ရန်သူမျိုးကို အပြစ်ပြုမိတာလဲ”
နတ်ဘုရား မင်းသား တစ်ပါးက ခေါင်းကို ငုံ့ကာ ရေရွတ်လိုက်သည်။
“ဒါပေမဲ့ သူ မရှုံးနိုင်ဘူး... အရှင်ချင်က မင်းကြီးရဲ့ သတ္တမသားပဲ... နောက်ပြီး သူက လူသား ရတနာသိုက်လို့ ကျော်ကြားတယ်... သူ့မှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်... မင်းကြီးက ဆိုရင် သူ့ရဲ့ အစွမ်း အထက်ဆုံး ရတနာကိုတောင် သူ့ကို ချီးမြှင့်ထားတာ... ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်နဲ့ တိုက်ခိုက်ရမယ် ဆိုရင်တောင် သူ လုံခြုံမှာ သေချာတယ်... ချန်းပေ့ရွှမ်းက သူ့ရဲ့ လက်နက်ကြောင့် အစွမ်းထက်နေတာ... အဲဒီ လက်နက်ကို ထိန်းချုပ်ဖို့ သူ့အနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရမှာပဲ... ငါ မကြာခင် အားကုန် သွားလိမ့်မှာပါ”
ထိုအရာကား အဓိပ္ပာယ် ရှိပေသည်။ နတ်ဘုရား ရတနာနှင့် နတ်ဘုရား တစ်ပိုင်း ရတနာများကို မဟာ ကျင့်ကြံသူ တစ်ယောက် မဟုတ်ပဲ အချိန် ကြာမြင့်စွာ အသုံးပြုရန် မဖြစ်နိုင်ချေ။ သို့သော်လည်း ကံမကောင်းစွာပင် ချန်းဖန်၏ လက်နက်ကား သူတို့ ခေါ်ဆိုသည့် နတ်ဘုရား ရတနာ၊ နတ်ဘုရား တစ်ပိုင်း ရတနာများ မဟုတ်ကြချေ။ ထိုအရာကား အစစအမှန် နတ်ဘုရားတို့ ကိုင်ဆောင်ခဲ့သော လက်နက်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ၎င်းအား အသုံးပြုရန် များစွာသော စွမ်းအားများ မလိုအပ်ချေ။
“ဝှစ်... ဝှစ်...”
ချန်းဖန်သည် ဓားကျိုးအား ကိုင်ဆောင်ကာ တုန်ရီနေသော ချင်ကျန်းထံသို့ လျှောက်လာခဲ့လေသည်။
“ညီလေးချန်း... အေးအေးဆေးဆေး စကားပြောရအောင်နော်... ဒါက တကယ့်ကို အကြီးကြီး နားလည်မှုလွဲတာပါ... အပိုလို နန်းတော်က မြောက်ပိုင်းချုံးရော အရှေ့ဂြိုဟ်ရောနဲ့ စစ်ခင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး... ငါတို့ ဆက်ပြီး တိုက်ခိုက်စရာ မလိုပါဘူး... နောက်ပြီး မဟာ အကြီးအကဲ ခြောက်ယောက်သေတာကိုလည်း ဘာမှ စိတ်ထဲ မထားပါနဲ့”
ချင်ကျန်းက ဖော်ရွေစွာ ပြုံးရင်း ပြောလိုက်လေသည်။ ကမ္ဘာပေါ်ရှိ လူများမှာ သူ၏ အရူးလုပ်ခြင်းကို ခံရကာ ထိုအရာမှာ အစစ်အမှန်လို ခံစားလိုက်ကြရသည်။
သို့သော်လည်း ထိုအရာက ချန်းဖန် ကဲ့သို့ မြေခွေးအိုကြီးကို မည်ကဲ့သို့ လှည့်စား နိုင်ပါမည်နည်း။
“ကလန့်...”
ဓားသည် ဆဋ္ဌမ အကြိမ်မြောက် အဖြစ် လင်းလက် သွားပြန်သည်။ မိုးကြိုး နတ်ဘုရားဓား၏ ပထမ အသွင်သည် ကောင်းကင်ကို အပျက်အစီး ကမ္ဘာ အဖြစ် ပြောင်းလဲသွားစေသည်။ တောက်ပသော ဓားအော်ရာသည် ချင်ကျန်းကို ဖုံးအုပ်ကာ ထက်ပိုင်းဖြတ်ရန် ကြိုးစားသည်။ ယောင်ယန်ဓားသည် ထိုခုတ်ချက်ကို ပိတ်ဆို့သည့်တိုင် ချက်ချင်းပင် နောက်သို့ ပြန်ကန်ကာ မှေး မှိန် သွားခဲ့လေသည်။
“ညီလေးချန်း... ဒါက ဘာအဓိပ္ပာယ်လဲ”
ချင်ကျန်းက ဖြူရော်စွာ ပြုံးလိုက်သည်။
“ဟမ့်...”
ချန်းဖန်က ဘာမှ မပြောပဲ ဓားကို မြှောက်ကာ နောက်တစ်ကြိမ် ခုတ်ပိုင်း လိုက်ပြန်သည်။ ထိုအရာကား မိုးကြိုး နတ်ဘုရားဓား၏ ဒုတိယ အသွင် “ယင်ယန် ဖြတ်ပိုင်းခြင်း” ပင် ဖြစ်လေသည်။
“ဝှစ်...”
ထိုတိုက်ခိုက်မှုသည် ကမ္ဘာအား ယင်နှင့် ယန် အဖြစ် နှစ်ပိုင်းခွဲသွားသည်။ ထိုအရာသည် သန့်စင်သော စွမ်းအင်ကို ကောင်းကင်သို့ တက်စေကာ ဆိုးယုတ်မှုများကို ငရဲသို့ ပို့၏။ ထိုအခိုက်၌ ချန်းဖန်ကား ရှေးခေတ်များမှ နတ်ဘုရား ဘုရင်တစ်ပါးနှင့်ပင် တူနေချေသေးတော့သည်။
“ခရက်...”
ယောင်ယန် နတ်ဘုရားဓားသည် ထိုအရာကို လုံးဝ ခုခံနိုင်ခြင်း မရှိပါချေ။ ကြေးသံလိုက်အိမ်မြှောင် တစ်ခု အပါအဝင် တစ်ဒါဇင်မျှ ရှိသည့် နတ်ဘုရား ရတနာများသည် ချင်ကျန်း၏ ခန္ဓာကိုယ်တွင် ပေါ်လာခဲ့သည်။ ၎င်းတို့သည် အတူတကွ စုပေါင်းကာ အကာအကွယ် အလွှာများ ဖန်တီးလျှက် ချန်းဖန်၏ တိုက်ခိုက်မှုကို ခုခံလေ၏။ ပေါက်ကွဲမှုများစွာ ပြီးနောက် သူတို့သည် ချန်းဖန်၏ တိုက်ခိုက်မှုကို ခုခံကာ ချင်ကျန်းအား ကာကွယ်နိုင်ခဲ့လေသည်။
“ချန်းပေ့ရွှမ်း... မင်းက တကယ်ပဲ အပိုလို နန်းတော်နဲ့ တိုက်ခိုက်ချင်တာလား”
ချင်ကျန်း၏ မျက်လုံးများမှာ ဒေါသများဖြင့် ဖုံးလွှမ်းသွားလေသည်။ သို့သော်လည်း ချင်ကျန်း အသက်မရှူရသေးခင်မှာပင် ချန်းဖန်သည် နောက်ထပ် တိုက်ခိုက်မှု တစ်ကြိမ်အား ဖော်ထုတ် လိုက်ပြန်လေ၏။
“ကမ္ဘာအား ပိုင်းဖြတ်ခြင်း...”
မိုးကြိုး နတ်ဘုရားဓား၏ တိုက်ခိုက်မှုများသည် ပို၍ ပို၍ အစွမ်းထက် လာခဲ့လေသည်။ ချင်ကျန်းသည် ဆက်လက် ခုခံနိုင်စွမ်း မရှိတော့လေရာ သူ၏ ဓမ္မ ရတနာများနှင့် အတူ ထက်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရလေတော့သည်။
အကယ်၍ နောက်ဆုံး အချိန်၌ အစားထိုးခြင်း နတ်ဘုရား အဆောင် အသက်ဝင်လာခြင်းကြောင့်သာ မဟုတ်ပါက သူသည် ချက်ချင်းပင် သေဆုံးသွားလောက်ပြီ ဖြစ်လေသည်။
ချင်ကျန်းသည် သူ၏ ဝှက်ဖဲ အားလုံးကို ချန်းဖန်၏ တိုက်ခိုက်မှု သုံးခုအား ခုခံရန် အတွက် အသုံးပြုခဲ့ပြီး ဖြစ်သည်။ သူသည် ချန်းဖန် စတုတ္ထ အကြိမ်မြောက် ခုတ်ထစ်တော့မည်ကို မြင်သော အခါ ကြောက်ရွံ့စွာ အော်ဟစ်လိုက်တော့၏။
“ညီလေးချန်း... ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့... ညှာတာပေးပါ”
သူသည် အသက် ခုနစ်သောင်း ရှင်သန်ပြီးသည့် မဟာ အကြီးအကဲ တစ်ယောက် ဖြစ်သည့်တိုင် သူ၏ အသက်ကို ဂရုစိုက်ဆဲ ဖြစ်သည်။ သို့သော်လည်း တောင်းပန်မှုတွင် သူသည် နတ်ဘုရား တစ်ပိုင်း အဆင့် တစ်ယောက်၏ ဂုဏ်သိက္ခာအား ပါးပါးလေး သယ်ဆောင်ထားဆဲ ဖြစ်သည်။
“ညီလေးချန်း... မင်း ငါ့ကို လွှတ်ပေးမယ် ဆိုရင် မင်းတောင်းဆိုသမျှ အကုန်လုံးကို ငါပေးမယ်... ငါ့မှာ လွန်ခဲ့တဲ့ နှစ်သိန်းချီ အတွင်း ဂြိုဟ်ပေါင်းများစွာကနေ စုစည်းထားတဲ့ ရတနာတွေ အများကြီးရှိတယ်... လူအချို့ကဆို ငါ့ကို ဂြိုဟ်တစ်ခုလောက်တောင် ချမ်းသာတယ်လို့ ပြောကြတယ်... ညီလေးချန်း လိုချင်တယ် ဆိုရင် ဒီအဘိုးကြီးက အကုန်လုံးကို ပေးဖို့ ဆန္ဒ ရှိပါတယ်”
ချင်ကျန်းက လေးနက်စွာဖြင့် ပြောလိုက်သည်။ အခြားလူများသာ ထိုစကားကို ကြားပါက လောဘ တက်လွန်း၍ ရူး၍ပင် သွားလောက်သည်။ အဘိုးအို ချင်ကျန်း ပိုင်ဆိုင်ထားသည့် ရင်းမြစ်များကား အခြေတည် ဝိညာဥ် အဆင့် တစ်ရာကိုပင် ပြုစုပျိုးထောင်ပေးရန် လုံလောက်ပေသည်။ သို့သော်လည်း ချန်းဖန်မှာမူ စိတ်ဝင်စားခြင်း မရှိပါချေ။ သူက ဓားအား ကိုင်ကာ ရှေ့သို့ တိုးလာခဲ့လေ၏။
“ချန်းပေ့ရွှမ်း... မင်း သိပ်လွန်မလာနဲ့”
ချင်ကျန်းက နောက်သို့ဆုတ်ရင်း အော်ဟစ်လိုက်သည်။
“မင်း ငါ့ကို သတ်ရင် ငါ့ရဲ့ အကိုတွေက မင်းကို လက်စားပြန်ချေလိမ့်မယ်... ငါက အပိုလို နန်းတော် အင်ပါယာရဲ့ သတ္တမမြောက်သားပဲ… မဟာ အခွင့်အရေးကို ရထားရင်တောင် မင်း သူတို့ကို ရင်မဆိုင်နိုင်ဘူး... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေရဲ့ ဘယ်နေရာမှာပဲ ပုန်းပုန်း သူတို့ မင်းကို တွေ့အောင် ရှာနိုင်တယ်... ငါတို့ ထာဝရဂိုဏ်းတွေရဲ့ အင်အားက...”
သူ၏ စကား မဆုံးခင်မှာပင် ချန်းဖန်သည် ဓားအား မြှောက်ကာ ခုတ်ထစ်လိုက်လေ၏။
“ဝှစ်...”
ဓားသည် ကောင်းကင်ကို ထိုးခွဲသွားလေသည်။ ချင်ကျန်း၏ လက်မောင်း တစ်ဖက်သည် တိုက်ရိုက်ပင် ပြတ်ထွက် သွားသည်။
***