သူဘယ်သူလဲ
Vol. 12 Ch. 1160
“ဘုန်း... ဘုန်း... ဘုန်း...”
မဟာ အကြီးအကဲများသည် နတ်ဘုရား တစ်ပိုင်း ရတနာများကို အမြင့်ဆုံး အဆင့် အထိ နှိုးဆွ ထားကြသည်။ သူတို့၏ တိုက်ခိုက်မှုများသည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်၏ စွမ်းအား ၅၀ ရာခိုင်နှုန်း အထိပင် သယ်ဆောင်ထားသည်။ ချက်ချင်းပင် ပတ်ဝန်းကျင် မိုင်ရာဂဏန်းမှာ အနက်ရောက် အပေါ်ကြီး အဖြစ် ပြောင်းလဲ သွားသည်။ များစွာသော ရွှေအမြုတေ အဆင့်များ၊ အခြေတည် ဝိညာဥ် အဆင့်များမှာ အချိန်မီ လွတ်မြောက်အောင် မရှောင်တိမ်းနိုင်ရကား ချက်ချင်းပင် ဝါးမျို ခံလိုက်ကြရသည်။
“ပုရွက်ဆိတ်လေးတွေ...”
ချန်းဖန်က အေးစက်မှုများ ပြည့်နှက်နေသာ မျက်လုံး အစုံဖြင့် ဓားအား နောက်တစ်ကြိမ် ခုတ်ထစ် လိုက်ပြန်သည်။
သူသည် နတ်ဘုရား ပျံသန်းခြင်းကို နောက်တစ်ကြိမ် မသုံးနိုင်တော့သည့်တိုင် သူ့တွင် အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့် စွမ်းအား ရှိနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာ၊ နတ်ဘုရား ဝိညာဥ်နှင့် အခြေတည် ဝိညာဥ် သုံးခု စလုံးသည် ရွှေအမြုတေ အဆင့်၏ အထက်၌ တည်နေသည်။ သူကား အဆုံမဲ့သော စွမ်းအားကို ပိုင်ဆိုင်ကာ ထာဝရ တိုက်ခိုက်နေနိုင်ဟန် ရလေသည်။
ရန်သူများ မည်သို့ပင် တိုက်ခိုက်စေကာမူ ချန်းဖန်သည် သူတို့အား အလုံးစုံ လျစ်လျူကာ နေနှင့် ကောင်းကင်ကို ဖြတ်ပိုင်းနိုင်သည့် ခုတ်ချက်များကိုသာ တစ်ချက်ပြီး တစ်ချက် ထုတ်လွှတ် နေခဲ့လေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
ချန်းဖန် နတ်ဘုရားဓားကျိုးကို ခုတ်ပိုင်းလိုက်တိုင်း၌ မိုးကြိုး ထစ်ခြုန်းသံများကို ကြားရ၏။ မိုင်ပေါင်း ထောင်ဂဏန်း အတွင်းရှိ ကျင့်ကြံသူများ၏ ဝိညာဥ်များမှာ တုန်ရီသွားကြကာ သူတို့၏ ခန္ဓာကိုယ်များမှာ အက်ကွဲတော့ မလို ဖြစ်သွားကြသည်။ ထိုနယ်မြေ တစ်ခုလုံးသည် နတ်ဘုရား အလင်းများဖြင့် ပြည့်နှက်နေ၏။
သို့သော်လည်း မကြာခင်မှာပင် ထိုနယ်မြေသည် သေဆုံးခြင်းတို့၏ ကုန်းမြေ တစ်ခု အဖြစ် ပြောင်းလဲ သွားသည်။ မဟာ ကျင့်ကြံသူ တစ်ပိုင်းများ၊ သေချာ ကျနစွာ ဖွဲ့စည်းထားသည့် ဝင်္ကပါများ၊ နတ်ဘုရား တစ်ပိုင်း လက်နက် ကိုင်ဆောင်ထားသည့် နတ်ဘုရား မင်းသားများ သာလျှင် တိုက်ပွဲ အတွင်း ပါဝင်နိုင်ကြပေသည်။
“ဘုန်း... ဘုန်း... ဘုန်း...”
တိုက်ပွဲသည် အဆက်မပြတ် ဖြစ်ပွားနေ၏။ ချန်းဖန်၏ ဓားတစ်ချက် လင်းလက် သွားတိုင်း၌ များစွာသော စစ်သည်တော်များမှာ အတုံးအရုံး လဲပြိုနေကြလေသည်။
မဟာ ကျင့်ကြံသူ တစ်ပိုင်း ဆယ်ယောက်၊ ဒါဇင်ပေါင်း များစွာသော နတ်ဘုရား မင်းသားများ၊ သန်းချီသော စစ်သည်များ ချန်းဖန်ကို ဝိုင်း၍ တိုက်ခိုက်နေခဲ့တော့ရော ဘာထူးဆန်းသနည်း။ အဆုံး၌ မဟာ အကြီးအကဲ အချို့သာလျှင် ကျန်ရစ်ကာ နတ်ဘုရား မင်းသား ဒါဇင်ပေါင်းများစွာ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ သူတို့သည် ထိုတိုက်ပွဲ အပြီး၌ စုစုပေါင်’ အခြေတည် ဝိညာဥ် အဆင့်နှင့် ရွှေအမြုတေ အဆင့်၏ သုံးပုံ တစ်ပုံကိုပင် ဆုံးရှုံး ခဲ့ရသည်။
“ချန်းပေ့ရွှမ်း... သေစမ်း...”
ချင်ရဲ့သည် ယောင်ယန် နတ်ဘုရားဓားကို လွှဲကာ ခုတ်လိုက်၏။ သူသည် ထိုအခိုက်၌ အပိုလို နန်းတော် အိမ်ရှေ့ မင်းသား၊ ဝိညာဥ် ဖွဲ့စည်းခြင်း အလွှာအောက် အစွမ်း အထက်ဆုံး ဟူသော ဂုဏ်ပုဒ် အားလုံးကို စတေးကာ တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။
“ဘုန်း...”
သို့သော်လည်း ချန်းဖန်၏ ဓားတစ်ချက် အဝှေ့တွင်ပင် သူသည် နောက်သို့ အရုပ်ကြိုးပြတ် ပြန်လည် လွင့်စဥ် သွားခဲ့၏။ သူ၏ စွမ်းအားနှင့် ချန်းဖန်၏ အခြေတည် ဝိညာဥ် တစ်ပိုင်း အဆင့် စွမ်းအား အကြားတွင် ကြီးမားသော ကွာခြားချက် တစ်ခု ရှိနေခဲ့ပေသည်။
“ဘာကြောင့်လဲ... ဘာကြောင့်လဲ”
ချင်ကျန်းမှာ မြင်တွေ့ရသမျှကို နားမလည်နိုင်ချေ။ နားမလည်နိုင်ခြင်းထက် လက်မခံနိုင်ခြင်း ဆိုလျှင် ပိုမို မှန်ကန်ပေလိမ့်မည်။ သူသည် ခေါင်းကို တွင်တွင်ခါ နေ၏။
“အဲဒီလို မဖြစ်သင့်ဘူးလေ”
ထောင်ပေါင်းများစွာသော ဂိုဏ်းများဖြင့် ဖွဲ့စည်းထားသော စစ်တပ်သည် အင်အား အပြည့်အဝဖြင့် ချန်းပေ့ရွှမ်းကို တိုက်ခိုက်ခဲ့သည်။ ထိုအထဲ၌ ထာဝရဂိုဏ်း ဆယ်ဂိုဏ်း နီးပါးနှင့် ရာချီသော ဂိုဏ်းကြီးများ ပါဝင်နေသည်။ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များမှာ လွဲ၍ မည်သူက ထိုအင်အားကို ရင်ဆိုင်နိုင်ပါမည်နည်း။ သူတို့ မသိမ်းပိုက်နိုင်သော ဂြိုဟ်နယ်မြေ အဘယ်မှာ ရှိပါမည်နည်း။
သို့သော်လည်း ချန်းပေ့ရွှမ်းကား ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။ သူသည် မုန်တိုင်း ဗဟိုအလယ်၌ တောင်တန်း တစ်ခုအလား မားမားမတ်မတ် မောက်မာစွာ တည်ရှိနေပေသည်။
“သူက ဘယ်သူလဲ... မဟာ ကျင့်ကြံသူ တစ်ယောက် ပြန်ပြီး မွေးဖွားလာတဲ့ လူများလား...”
ချင်ကျန်းမှာ လုံးဝပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
“အား...”
နတ်ဘုရား မင်းသား တစ်ပါးသည် သူ့ကိုယ်သူ လောင်ကြွမ်းကာ သူ၏ နတ်ဘုရား စတေးကာ သူ၏ နတ်ဘုရား တစ်ပိုင်း ရတနာနှင့် အတူ အသန့်စင်ဆုံး အလင်းတစ်ခု အဖြစ် ပြောင်းလဲ လိုက်သည်။ ထိုတိုက်ခိုက်မှုသည် ချန်းဖန်၏ ခန္ဓာကိုယ်ကို ထိကာ လက်မ အနည်းငယ် ရှည်လျားသော ဒဏ်ရာ တစ်ခုကို ချန်ရစ်သည်။
ကံမကောင်းစွာပင်...
ထိုဒဏ်ရာသည် မျက်စိ တစ်မှိတ် အတွင်း ပြန်လည် ပျောက်ကွယ် သွားခဲ့လေသည်။
“ငါ့အလှည့်ပဲ...”
“ငါ ကူညီပေးမယ်...”
“ငါ့ကိုပါ ထည့်တွက်လိုက်...”
အခြား နတ်ဘုရား မင်းသားများသည် ရှေ့သို့ တက်လာကြကာ နတ်ဘုရားတစ်ပိုင်း ရတနာများနှင့် အတူ လောင်ကြွမ်းစေလျှက် တိုက်ခိုက် လိုက်ကြသည်။
“ဘုန်... ဘုန်း... ဘုန်း...”
ဒဏ်ရာ ရှစ်ခုသည် ချန်းဖန်၏ ခန္ဓာကိုယ်ထက်၌ ပေါ်လာခဲ့ပြန်သည်။ သို့သော်လည်း ထိုဒဏ်ရာများကလောက်က ချန်းဖန်ကို မည်ကဲ့သို့ တားဆီးနိုင်စွမ်း ရှိပါမည်နည်း။
ချန်းဖန် ဓားကျိုးကို ဝှေ့ယမ်းလိုက်တိုင်း၌ တောက်ပသော ဓားအော်ရာသည် ထွက်ပေါ်နေ၏။ ချန်းဖန်၏ ခုတ်ထစ်မှုတွင် နတ်ဘုရား တစ်ပိုင်း ရတနာပင် အက်ကွဲရသည်။
“ဝှစ်...”
နတ်ဘုရား မင်းသား တစ်ဝက်ခန့် ကျဆုံး သွားပြီးနောက် ချန်ရှန်းဂိုဏ်း၏ မဟာ ကျင့်ကြံသူ တစ်ပိုင်းသည် သူ၏ သွေးကို လောင်ကြွမ်းကာ ကောင်းကင်ပြာ ပျံသန်းခြင်း နတ်ဘုရားဓားအား အသုံးပြုလျှက် ချန်းဖန်အား စတင် တိုက်ခိုက် လာပြန်လေ၏။
“ဘုန်း...”
ထိုတိုက်ခိုက်မှုကား အမှန်တကယ်ပင် အစွမ်းထက်လွန်းသည်။ ချန်းဖန် ပင်လျှင် အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့သည်။
ကောင်းကင်ပြာ နတ်ဘုရားဓားသည် အစိမ်းရောင် အစစ်အမှန် နဂါး တစ်ကောင်နှင့် အလား သဏ္ဌာန်တူ၏။ ၎င်းသည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်၏ အဆုံးမဲ့ စွမ်းအားကို သယ်ဆောင်ထားလေရာ ဟင်းလင်းပြင်ကိုပင် အက်ကွဲစေသည်။ ၎င်းသည် ချန်းဖန်၏ ခန္ဓာကိုယ် တစ်လျှောက် တစ်ပေခန့် ရှည်သော ဒဏ်ရာ တစ်ခုကို ဖန်တီးကာ လက်မောင်းကိုပင် ဖြတ်လုမတတ် ဖြစ်သွားခဲ့သည်။ ချန်းဖန်မှာ ဒဏ်ရာ ရသွားခဲ့ကာ နီရဲသော သွေးများမှာ နေရာအနှံ့ ကြဲပြန့် သွားခဲ့လေသည်။
“အဲဒီလောက်နဲ့ ငါ့ကို မသတ်နိုင်သေးဘူး”
ချန်းဖန်က စိတ်ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်၏။ တစ်ဆက်တည်းပင် သူက ဓားအား လွှဲခုတ်လိုက်လေရာ ကောင်းကင်ပြာ နတ်ဘုရားဓားမှာ နောက်သို့ လွင့်စဥ်ကာ အရောင် မှိန်ပြ သွားလေတော့သည်။
“လူအိုကြီးရှင်း...”
ဝူကျိဂိုဏ်း မဟာ အကြီးအကဲ၏ မျက်လုံးများမှာ ရဲရဲနီ သွားသည်။
“သတ်စမ်း....”
သူက အော်ဟစ်လိုက်၏။ ကြယ်တာရာ တစ်ထောင် ပန်းချီကားသည် ၎င်း၏ အတောက်ပဆုံး အလင်းများကို ထုတ်လွှတ်သည်။ ဝူကျိဂိုဏ်း မဟာ အကြီးအကဲသည် သူ၏ စွမ်းအင် အမတေ အလုံးစုံကို ပန်းချီသို့ ပုံအပ်ကာ စူးရှသော အလင်းတန်း အသွင် ပြောင်းလဲ လိုက်သည်။ ထိုအခိုက်၌ လောကတွင် အလင်း တစ်ခုဟာ ကျန်ရစ်လေ၏။ ထိုအလင်းကား အလွန် သန့်စင် လွန်းလှသည်။ ကြယ်တာရာ တစ်ထောင် ပန်းချီသည် မိုင်ဘီလျံချီ ရှည်လျားသော နဂါးငွေ့တန်း တစ်ခု အသွင်ဖြင့် ချန်းဖန်အား ဝင်ကာ တိုက်လေတော့သည်။
ချန်းဖန်သည် လေးနက်သော အမူအရာဖြင့် ဓားကျိုးအား လေထဲသို့ မြှောက်ကာ စကားလုံး နှစ်ခုကို ရေရွတ် လိုက်လေသည်။
“နတ်ဘုရား ပျံသန်းခြင်း...”
“ဝှစ်...”
ဓားကျိုးသည် ငွေရောင် အလင်းတန်း အဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ကြယ်တာရာ တစ်ထောင် ပန်းချီကို လွယ်ကူစွာ ထွင်းဖောက်သွားကာ ဝူကျိဂိုဏ်း မဟာ အကြီးအကဲ၏ လက်ကျန် ဝိညာဥ်ကိုပါ ဖျက်ဆီး သွားခဲ့လေသည်။ ၎င်းသည် မရေမတွက်နိုင်သော ရွှေအမြုတေ အဆင့်များ၊ အခြေတည် ဝိညာဥ် အဆင့်များကို ထပ်မံ ဖြတ်သန်းကာ အဆုံး၌ ချင်ရဲ့၏ ခန္ဓာကိုယ်ထံ တိုးဝင် သွား၏။ ထိုအရာသည် နံရံ၌ ခြယ်သည့် ပန်းချီ တစ်ခု အလား ချင်ရဲ့အား ကောင်းကင်တွင် စိုက်ဝင်သွားသည်။
ထိုအခိုက်၌...
တစ်ကမ္ဘာလုံးသည် တိတ်ဆိတ်နေ၏။ မရေမတွက်နိုင်သော လူများသည် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်အား ငေးကြည့် နေကြသည်။ ထိုလူငယ်သည် ခမ်းနားမှုကို ဆင်မြန်းကာ ထောင်ချီသော ဂိုဏ်းများကို ရင်ဆိုင်ခဲ့ပေသည်။
“သူက ဘယ်သူလဲ... ဘာလို့ ဒီလောက်အထိ အစွမ်းထက် နေရတာလဲ”
ချီယွင်ဂိုဏ်း အကြီးအကဲက ရေရွတ်လိုက်သည်။ ကံမကောင်းစွာပင် မည်သူမျှ သူ့အား အဖြေ မပေးနိုင်ခဲ့ပါချေ။
***