← Chapters

မဟာ ကျင့်ကြံသူ

Vol. 12 Ch. 1161

မဟာ ကျင့်ကြံသူ

Vol. 12 Ch. 1161

ထောင်ချီသော ဂိုဏ်းများသည် တိုက်ပွဲ‌အား ခေါ်ဆောင်ကာ ရောက်ရှိ လာခဲ့သည်။ သို့သော်လည်း တိုက်ပွဲသည် မစရသေးခင်မှာပင် ကြယ်တာရာ တစ်ထောင် ပန်းချီနှင့် နတ်ဘုရား မင်းသား ချင်ရဲ့တို့အား ချန်းဖန် ဖြတ်ပိုင်းလိုက်ခြင်းဖြင့် ပြီးဆုံး သွားခဲ့သည်။

“ဘာတွေ ဖြစ်သွားတာလဲ...”

ချင်ကျန်းနှင့် တောင်ပိုင်း ဒေသငယ်မှ လာသည့် ကျင့်ကြံသူ အားလုံးမှာ တိုက်ပွဲ၏ ရလဒ်အား ယုံကြည်ရန် ခက်ခဲ နေကြသည်။

“ချန်းပေ့ရွှမ်းက ဘယ်လောက်အထိ အစွမ်းထက်နေရတာလဲ... သူက အရှေ့ဂြိုဟ်က ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား”

များစွာသော လူများမှာ ထိုအရာကို သံသယ ဖြစ်နေကြ၏။

“သူက မဟာ ကျင့်ကြံသူ ဝင်စားတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်”

ထိုအရာမှ လွဲ၍ ချန်းဖန် အလွန်အစွမ်းထက်နေခြင်းကို ရှင်းပြနိုင်သည့် အကြောင်းပြချက် မရှိတော့ချေ။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ရှင်းလင်းလှသည်။ သူသည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်သည်။ အခြေတည် ဝိညာဥ် အစောပိုင်း အဆင့်ဆိုလျှင် ပိုမှန်ပေမည်။ သို့သော်လည်း သူ၏ ဓမ္မ စွမ်းအားမှာ မဟာ တစ်ပိုင်း ကျင့်ကြံသူများထက်ပင် ပိုမို၍ သူအသုံးပြုနေသည့် ကျင့်စဥ်များမှာလည်း တောင်ပိုင်း ဒေသငယ်ရှိ ထိပ်တန်း နတ်ဘုရား ကျင့်စဥ်များထက်ပင် ပို၍ အစွမ်းထက်နေသည်။

တစ်ယောက်က ခေါင်းကို ငုံ့ကာ နိမ့်ပါးစွာ ဆိုလိုက်၏။

“ဒီကောင်က အရှေ့ဂြိုဟ်က မဟုတ်တာတော့ သေချာတယ်... သူက ငါတို့ ဂြိုဟ်နယ်မြေတွေရဲ့ ပြင်ပက မဟာ ကျင့်ကြံသူ တစ်ယောက် ပြန်ပြီး မွေးဖွားလာတာပဲ ဖြစ်ရမယ်... ဗဟို ဂလက်စီကတောင် ဖြစ်နေနိုင်တယ်”

“ဗဟို ဂလက်စီ...”

လူတိုင်းမှာ မျက်လုံးများ ပြူးကျယ် သွားကြသည်။ ထိုအရာကား ဒဏ္ဍာရီလာ နေရာ ဖြစ်ကာ စကြဝဠာ တစ်ခုလုံး၏ ဗဟို ဖြစ်သည်။ မရေမတွက်နိုင်သည့် ပါရမီရှင်များ စုစည်းရာ နေရာ ဖြစ်သည်။ တောင်ပိုင်း ဒေသငယ်တွင် နတ်ဘုရား ကဲ့သို့ သြဇာ ကြီးမားသည့် မဟာ ကျင့်ကြံသူများမှာ ထိုနေရာ၌ မရေမတွက်နိုင်အောင် များပြားလှသည်။ ထိုကဲ့သို့သော နေရာမှ ချန်းပေ့ရွှမ်း လာသည် ဆိုသည်မှာ ဖြစ်နိုင်ပါ၏လော။

ချင်ရဲ့၏ မျက်နှာ တစ်ခုလုံးမှာ ဖြူရော်နေ၏။ သူ၏ ချောမောကာ ခန့်ညားလှသော မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

“ချန်းပေ့ရွှမ်း... မင်းက ဘယ်သူလဲ... စွန့်ပစ်ခံ ဂြိုဟ်နယ်မြေက မင်းလို ကျင့်ကြံသူ တစ်ယောက်ကိုတော့ သေချာပေါက် ပျိုးထောင် မပေးနိုင်ဘူး”

“ငါ့ကို ‌မေးရအောင် မင်းက ဘယ်သူလဲ”

ချန်းဖန်က သူ့အား အေးစက်စွာ ကြည့်လိုက်၏။ သူသည် ဓားကျိုးအား ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ သွေးစွန်းသော တိုက်ပွဲများစွာ အပြီး၌ ချန်းဖန်သည် အနည်းငယ် မောပန်း နေခဲ့ပြီ ဖြစ်သည်။ သေးငယ်သော အက်ကြောင်းများသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံထားသည်။ သူ၏ သလင်းကျောက် ကဲ့သို့ ကြည်သော ခန္ဓာကား  ပင်ကူအိမ်အလား အစင်းကြောင်းများဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း  သူသည် စွမ်းအင်ကို နေကဲ့သို့ လောင်မြိုက်စေကာ ချင်ရဲ့ထံသို့ တည်ငြိမ်သော ခြေလှမ်းများဖြင့် ဦးတည် လိုက်လေသည်။

အပိုလို နန်းတော်၏ အသက်ရှင်ကျန်သော တပည့် အများအပြားသည် သူတို့၏ အသက်များကို စတေးကာ ချန်းဖန်ထံ တိုးဝင် လာကြ၏။

သို့သော်လည်း ချန်းဖန်၏ ဆယ်ပေပတ်လည် အတွင်း ရောက်ရှိသည်နှင့် သူတို့သည် သွေးမြူများ အဖြစ်သို့ ပေါက်ကွဲ ကုန်ကြလေသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

မိုးကြိုးကဲ့သို့ အသံများ ထွက်ပေါ်လာကာ ကောင်းကင်မှာ တုန်ရီသွား၏။

“မြင့်တက်စမ်း...”

ချင်ရဲ့က အော်ဟစ်လိုက်ရာ အနီရောင် ရောသည့် ရွှေရောင် မီးခိုး တစ်ခုမှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ် လာခဲ့လေသည်။ ချင်ရဲ့သည် ရွှေ‌ရောင် သံချပ်ကာကို ဝတ်ဆင်ထားကာ သူ၏ ပခုံးရှိ ဒဏ်ရာမှာ သွေးများ စီးကျ နေခဲ့သည်။  သို့သော်လည်း သူသည် ခန္ဓာကိုယ်အား ဖြောင့်မတ်စွာ ရပ်နေကာ သူ၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းများဖြင့် ပြည့်နှက်နေသည်။

“ချန်းပေ့ရွှမ်း... မဟာ အကြီးအကဲ ဆယ်ယောက်နဲ့ စစ်သည်တော် တစ်သန်းလောက်ကို အနိုင်ယူနိုင်တာနဲ့ အပိုလို နန်းတော်ကို နိုင်ပြီလို့ ထင်မနေနဲ့... ထာဝရဂိုဏ်းတွေရဲ့ အင်အားက မင်းထက်ထားတာထက် အများကြီး ပိုတယ်... ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ဆိုတာ မင်း ခုခုံနိုင်တဲ့ အဆင့် မဟုတ်ဘူး”

“ဟုတ်လား...”

ချန်းဖန်က တည်ငြိမ်စွာပင် မေးလိုက်၏။

“တောင်ပိုင်း ဒေသငယ်မှာ ဂိုဏ်းကြီးတွေ မရေမတွက်နိုင်အောင် ရှိတယ်... အဲဒီ အထဲမှည နတ်ဘုရား ရတနာ။ နတ်ဘုရား သားရဲ မရှိတဲ့ ဂိုဏ်းဆိုလို့ ဘယ်လောက်များ များလို့လဲ... သူတို့ မင်းကို သတ်ချင်ရင် လက်တစ်ဖက်ကို ယမ်းလိုက်ရုံပဲ”

ချင်ရဲ့က နှုတ်ခမ်းတွန့်ရုံ ပြုံးကာ ဆက်ပြောလိုက်သည်။

“ငါက အပိုလို နန်းတော်ရဲ့ အိမ်ရှေ့မင်းသား ဆိုပေမဲ့ ညီအကိုတွေထဲမှာ တတိယ အဆင့်မှာပဲ ရှိတယ်... ငါ့အကိုကြီးက ငါ့အဖေရဲ့ အဆင့်နဲ့တောင် နီးကပ်နေပြီ... ငါက လွန်ခဲ့တဲ့ နှစ်ထောင်ချီ ဂဏန်းတည်းက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်နေခဲ့တာ... ငါ့ရဲ့ ဒုတိယ အကိုကတော့ ကြယ်ပင်လယ်မှာ ဓားသူတော်စင်လို့ ကျော်ကြားတယ်... အပိုလို နန်းတော် အပြင် တောင်ပိုင်း ဒေသငယ်မှာ ဝူကျိဂိုဏ်း၊ ချန်ရှန်းဂိုဏ်းနဲ့ တိုင်ချူ နတ်ဘုရား နယ်မြေတို့ ကျန်သေးတယ်... သူတို့ အားလုံးက ကျယ်ပြန့်တဲ့ ဂြိုဟ်နယ်မြေ တစ်ခုကို အုပ်စိုးကြပြီးတော့ ထောင်နဲ့ချီတဲ့ အခြေတည် ဝိညာဥ် အဆင့်တွေကို အုပ်ချုပ်ထားတယ်...”

“မင်း ငါ့ကို သတ်ရင်တောင် အလားတူတဲ့ တပ်ဖွဲ့တွေ တစ်ခုပြီး တစ်ခု ရောက်လာဦးမှာပဲ... မင်း ဘယ်လောက်ပဲ အစွမ်းထက်ထက် ဘယ်နှစ်ကြိမ် ခုခံနိုင်မှာ မလို့လဲ”

ချင်ရဲ့၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပနေကာ သူ၏ မျက်နှာမှာ မောက်မာခြင်းများဖြင့် ပြည့်နှက်နေသည်။

ထာဝရဂိုဏ်းများသည် ဂလက်စီများ၏ ထိပ်ဆုံး၌ ရပ်တည်နေကာ အမှန်တကယ် အစွမ်းထက်လွန်းလှ ပေသည်။ အရှေ့ဂြိုဟ်၌ သေဆုံးရသည့် ပမာဏမှာ သူတို့၏ အလွန်သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်သည်။ သူတို့အား အကြီးအကျယ် ထိခိုက်စေလိမ့်မည် မဟုတ်ချေ။ သူတို့၏ အဓိကသော အင်အားမှာ မဟာ ကျင့်ကြံသူများသာ ဖြစ်ပေသည်။

“မင်းပြောတဲ့ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွေက တကယ်ပဲ အစွမ်းထက်ပါတယ်... ဒါပေမဲ့ သူတို့က ဘယ်မှာလဲ”

ချန်းဖန်က အေးဆေးစွာပင် မေးလိုက်လေ၏။

“အဲဒါက...”

ချင်ရဲ့၏ မျက်နှာရှိ အပြုံးမှာ အေးခဲ သွားသည်။ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ၏ အခြေအနေမှာ ထူးခြားလှသည်။ ဤနေရာရှိ ကောင်းကင်နှင့် ဓမ္မ ဥပဒေသများမှာ လုံးဝ မပြည့်စုံချေ။ ထို့ကြောင့်ပင် အစွမ်း အထက်ဆုံး ပုဂ္ဂိုလ်များမှာ အယောင်ဆောင် မဟာ ကျင့်ကြံသူများ ဖြစ်နေခြင်း ဖြစ်သည်။ အစစ်အမှန် မဟာ ကျင့်ကြံသူများနှင့် နတ်ဘုရား ရတနာများမှာ ဤနေရာသို့ ခြေတစ်လှမ်းပင် ချနိုင်လိမ့်မည် မဟုတ်ပါချေ။

“မဟာ ကျင့်ကြံသူတွေရဲ့ အစီအစဥ်က မင်းနားလည်နိုင်တဲ့ အရာ မဟုတ်ဘူး... ချန်းပေ့ရွှမ်း... မင်းက ခု ချောက်ကမ်းပါး တစ်ခုရဲ့ ထိပ်ကို ရောက်နေတာ... အခွင့်အရေး ရှိသေးတယ်”

ချင်ရဲ့က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။

“ဘာအစီအစဥ်လဲ... ပြောပါဦး နားထောင်ကြည့်ပေးမယ်”

ချန်းဖန်က ဆိုရင်း ရှေ့သို့ ခြေလှမ်း တစ်လှမ်း တိုးလိုက်လေ၏။

“ဘုန်း...”

ထိုအခိုက်၌ ချန်းဖန်နှင့် ချင်ရဲ့ အကြားတွင် ပေတစ်ရာခန့်သာ ကွာဝေးတော့၏။ ချင်ရဲ့သည် ဆက်လက် အတင့်ရဲခြင်း မရှိတော့ချေ။ အဆုံးမဲ့ စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်တွင် ဝန်းရံလာကာ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ အခြေတည် ဝိညာဥ် အဆင့်မှ မဟာ ကျင့်ကြံသူ တစ်ပိုင်း အဆင့်ထိ မြင့်တက်သွားသည်။ ၎င်းသည် အမြင့်ဆုံး အဆင့်ထိ မရောက်မချင်း ဆက်လက် မြင့်တက်နေ၏။

“သတ်...”

ချင်ရဲ့သည် ယောင်ယန် နတ်ဘုရားဓားကို ကိုင်ဆောင်ကာ ရှေ့သို့ တဟုန်ထိုး ပြေးတက်လာ၏။ သို့သော်လည်း ထိုအရာက သူ၏ အစစ်အမှန် ဝှက်ဖဲ မဟုတ်ပါချေ။

“ဘုန်း...”

ရုတ်တရက် အလွန် ကြီးမားသည့် ရွှေရောင် အဆင်းပိုင်ရှင် လူတစ်ယောက်မှာ သူ၏ ဦးခေါင်း အတွင်းမှ ခုန်ထွက်လာသည်။ ထိုကျင့်ကြံသူသည် အဆုံးမဲ့ အလင်းစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။ သူသည် နဂါးကိုးကောင် ခြယ်သော ဝတ်စုံကို ဝတ်ဆင်ထားကာ ရွှေရောင်ငှက် သရဖူကို ဆင်မြန်းထား၏။ မီးများ လောင်မြိုက်နေသည့် ရွှေရောင် ခြေသုံးချောင်း ငှက်ကိုးကောင်မှာ သူ၏ နံဘေးတွင် ပျံသန်းနေသည်။ ထိုလူ၏ ပုံရိပ်သည် မြူအကြား၌ တည်ရှိကာ မှုန်ဝါးနေသည့်တိုင် အလွန် ကြီးမြတ်မှုကို ဆင်မြန်းထားလေ၏။

ထိုကျင့်ကြံသူ ပေါ်လာသည်နှင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းကာ မြင့်မြတ်သည့် အရှိန်အဝါ တစ်ခုသည် နေအဖွဲ့အစည်း တစ်ခုလုံးကို ဆူနာမီ လှိုင်းတစ်ခုအလား ဖြန့်ကျက် ရောက်ရှိသွားလေ၏။ ကမ္ဘာပေါ်သို့ ရောက်ရှိနေသည့် များစွာသော အခြေတည် ဝိညာဥ် အဆင့်များစွာမှာ တစ်ပြိုင်နက်တည်း တုန်ရီသွားကြလေသည်။

“ရွှေငှက် အင်ပါယာ...”

ကောင်းကင်အရှင် အန်ပို၊ နဂါးအရှင်နှင့် လင်းယွင်တို့၏ မျက်နှာပေါ်ရှိ အပြုံးများမှာ အေးခဲ သွားကြလေသည်။ သူတို့သည် ထိုမှုန်ဝါးဝါး ပုံရိပ်ကို ကောင်းစွာ သိသည်။ ထိုအရာကား အပိုလို နန်းတော်၏ အင်ပါယာ မဟာ ကျင့်ကြံသူ ဖြစ်သော ရွှေငှက် အင်ပါယာပင် ဖြစ်၏။

သို့သော်လည်း သူတို့ နားမလည်နိုင်သော အချက်ကား  စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသို့ နတ်ဘုရား ရတနာများ ပင်လျှင် ဝင်ရန် အခွင့်မရှိချေ။ မည်ကဲ့သို့ မဟာ ကျင့်ကြံသူ တစ်ယောက်က ရုတ်တရက် ပေါ်လာရသနည်း။

“သတ်...”

ချင်ရဲ့က အော်ဟစ်လိုက်ရာ ယောင်ယန်ဓားမှာ ရွှေငှက် အင်ပါယာ၏ လက်တွင် ပေါ်လာခဲ့သည်။ သူသည် ထိုဓားကို ကိုင်ကာ ချန်းဖန်အား ဦးတည်၍ ခုတ်ထစ်လိုက်တော့၏။

ထိုအခိုက်၌ ကောင်းကင်သည် အက်ကွဲကာ အမှောင် သမုဒ္ဒရာကြီး ဖြစ်ပေါ်သွားသည့် အလား လောကမှာ မှေးမှိန်သွားလေ၏။ များစွာသော လူများ၏ မျက်လုံးထဲ၌ ထိုခုတ်ချက်ကား လကိုပင် ဖျက်ဆီးသွားဟန် ရလေသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေသည့်တိုင် ချန်းဖန်သည် ဂရုစိုက်ဟန် မရပဲ အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။

“ဟမ့်... နတ်ဘုရား စိတ်အာရုံ တစ်ခုကများ... အစစ်အမှန် ခန္ဓာ မလာပဲနဲ့ မင်းက ငါ့ကို သတ်နိုင်မယ် ထင်နေတာလား”

မရေမတွက်နိုင်သော အလင်းတန်းများသည် ချန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ မီးကဲ့သို့ လောင်မြိုက်သည်။ ပေါက်ကွဲသော သံစဥ်များနှင့် အတူ ဓားကျိုးသည် ချန်းဖန်၏ လက်စေရာ အတိုင်း ကခုန် ခုတ်ထစ်လေ၏။

“ပထမ ခုတ်ချက်...”

ယောင်ယန်ဓားသည် လွင့်စဥ်သွား၏။

“ဒုတိယ ခုတ်ချက်...”

ရွှေရောင် အလင်းသည် ကျိုးပျက်ကာ ရွှေရောင်လူမှာ အလယ်မှ ထက်ပိုင်းပြတ် သွားလေသည်။

“တတိယ ခုတ်ချက်...”

မင်းသား ချင်ရဲ့သည် နောက်သို့ လွင့်စဥ်ကာ ခန္ဓာကိုယ်မှာ ထက်ခြမ်းကွဲလုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ လက်တစ်ဖက်မှာ ခန္ဓာကိုယ်မှ ခွဲခွာသွားကာ သွေးများမှာ အာကာသ အတွင်း ပြန့်ကျဲ သွားလေသည်။

ခုတ်ချက် သုံးချက် အတွင်းမှာပင်...

ချန်းဖန်သည် အိမ်ရှေ့မင်းသား ချင်ရဲ့နှင့် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ကို အနိုင်ယူ ပစ်လိုက်ပြီ ဖြစ်လေတော့သည်။

ထိုအခိုက်၌ လောက တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်နေ၏။ ဘယ်ခြေ တစ်ဖက်သာ ကျန်တော့သော ကြယ်ကြွေ ဘုရင် ချင်ကျန်းနှင့် အသက်ရှင် ကျန်ရစ်သည့် နတ်ဘုရား မင်းသားများ၊ ကမ္ဘာပေါ်ရှိ လူများ၊ အခြား ဂြိုဟ်များမှ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူများ အားလုံးမှာ အသံ တစ်ချက်ပင် မထွက်ရဲပဲ ကောင်းကင်ရှိရာကိုသာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့ အားလုံးသည် ဤဂြိုဟ်နယ်မြေ အတွင်း၌ ချန်းပေ့ရွှမ်းမှာ ပြိုင်ဘက်ကင်းကြောင်း သိရှိ သွားကြပြီ ဖြစ်လေတော့သည်။

***

All Chapters