← Chapters

ဂြိုဟ်နယ်မြေ၏ ထိပ်

Vol. 12 Ch. 1163

ဂြိုဟ်နယ်မြေ၏ ထိပ်

Vol. 12 Ch. 1163

ချင်ရဲ့ကား သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ အပိုလို နန်းတော် ရွှေငှက် အင်ပါယာ၏ ပဥ္စမသား တစ်ဖြစ်လည်း အိမ်ရှေ့ မင်းသားကား ချန်းပေ့ရွှမ်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ သူ၏ နတ်ဘုရား ဝိညာဥ်နှင့် ခန္ဓာ နှစ်ခု စလုံးကား အပြီးတိုင် ပျက်စီးခဲ့ရပြီ ဖြစ်၏။ ပြန်လည် မွေးဖွားနိုင်သည့် ခြေရာတစ်ခု ပင်လျှက် ကျန်ရစ်ခဲ့ခြင်း မရှိချေ။

အာကာသထဲတွင် မရေမတွက်နိုင်သော အလောင်းများသည် ပြန့်ကျဲနေကာ အာကာသ သင်္ဘောများမှာ ဦးတည်ရာမဲ့ လွင့်မြောနေ၏။ ၎င်းတို့ အပေါ်ရှိ စစ်အလံများ၊ တံခွန်များမှာမူ ယခုအထိ တဖျပ်ဖျပ် လွင့်နေဆဲ ဖြစ်သည်။

“ကလန့်...”

တစ်ခဏ ကြာပြီးနောက် ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ သူ၏ ဓားအား လွှတ်ချကာ အညံ့ခံ လိုက်၏။ စစ်သည်တော် သန်းချီတွင် အခြေတည် ဝိညာဥ် အဆင့်နှင့် နတ်ဘုရား မင်းသား ရာဂဏန်းခန့်သာ ကျန်ရှိပေတော့သည်။ အားလုံးပေါင်း၏ ငါးပုံ တစ်ပုံသာလျှင် လွတ်မြောက်ခဲ့ပေသည်။

“ကလန့်... ကလန့်... ကလန့်...”

တစ်ယောက် စတင်ကာ လက်နက်ချသည်နှင့် အခြား စစ်သည်တော်မျာ၊ နတ်ဘုရား ဗိုလ်ချုပ်များမှာလည်း တစ်ယောက်ပြီး တစ်ယောက် လက်နက်ချ လိုက်ကြတော့သည်။ ထာဝရဂိုဏ်းများမှ တပည့်များကား နဂါးငွေ့တန်း ဂြိုဟ်နယ်မြေမှ နတ်ဘုရား အရှင် ချန်းပေ့ရွှမ်းကို ဆက်လက် ခုခံရဲခြင်း မရှိကြတော့ချေ။ သူတို့ အားလုံး၏ မျက်နှာများမှာ သွေးမရှိ သကဲ့သို့ ဖြူရော်နေ၏။

“ငါတို့ ရှုံးသွားပြီ... လုံးဝ ရှုံးသွားပြီ”

ချင်ကျန်းက တီးတိုး ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ အဆုံးမဲ့ ဝမ်းနည်းခြင်းများဖြင့် ပြည့်နှက်နေလေ၏။

လူတိုင်းသည် တောင်ပိုင်း ဒေသငယ်၏ စစ်တပ်မှာ အရှေ့ဂြိုဟ်ကို လွယ်ကူစွာ လွှမ်းမိုးနိုင်လိမ့်မည် ဟု ထင်ခဲ့ကြသည်။ ချန်းပေ့ရွှမ်းသည် နတ်ဘုရား မင်းသားများ၏ အရှေ့၌ လုံးဝ ဒူးထောက် ရလိမ့်မည် ဟု တွေးခဲ့ကြသည်။ သို့သော်လည်း မမျှော်လင့်စွာပင် သူတို့သည် ကြီးစွာ ရှုံးနိမ့်ကာ အပိုလို နန်းတော်၏ အိမ်ရှေ့မင်းသား ပင်လျှင် ကျဆုံး ခဲ့ရလေ၏။ ထို ထိုးနှက်ချက်ကား သူတို့ အတွက် ကြီးမားလွန်းလှသည်။

သို့သော်လည်း အခြား တစ်ဖက်၌ ကမ္ဘာသားတို့မှာမူ အောင်ပွဲခံ နေကြသည်။ အာကာသထဲမှ ကြည့်ပါက ကမ္ဘာမှာ အပျော်ပင်လယ် အဖြစ် ပြောင်းလဲ သွားသယောင်ပင် ထင်ရသည်။ မရေမတွက်နိုင်သော အလံများမှာ လေထဲ ပျံဝဲနေကာ မီးရှူးမီးပန်းများမှာ မြို့ကြီးများ၏ ကောင်းကင်များ၌ ပေါက်ကွဲ နေကြသည်။ လူဖြူ၊ လူမဲ၊ လူဝါတို့ အပါအဝင် ကမ္ဘာပေါ်ရှိ လူတိုင်းသည် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ် နေကြလေ၏။

မြောက်ပိုင်းချုံး၏ တပည့်များ ဆိုလျှင် အပျော်မျက်ရည်များပင် ဝဲနေကြပြီ ဖြစ်သည်။

“ကောင်းလိုက်တာ... ကောင်းလိုက်တာ...”

“နှစ်တွေ မရေတွက်နိုင်အောင်‌တောင် များခဲ့ပြီ... ငါတို့ ဂြိုဟ်က နဂါးငွေ့တန်း ဂြိုဟ်နယ်မြေ တစ်ခုလုံးမှာ အားအနည်းဆုံး၊ ဝိညာဥ်ချီ အရှားပါးဆုံး၊ ကျင့်စဥ်တွေ အဆင့် အနိမ့်ဆုံး... ငါတို့ရဲ့ ကောင်းကင်အရှင် ညီမျှခြင်းတောင်မှ ဂြိုဟ်ကို စွန့်ခွာပြီး ခရီးထွက်ခဲ့ရတယ်... အခုတော့ ငါတို့ဂြိုဟ်က တစ်ဖန်ပြန်လည်ပြီး စည်ကားလာတဲ့ အပြင် ကြယ်ပင်လယ်ကိုတောင် စိန်ခေါ်နိုင်တဲ့ ကျင့်ကြံသူ တစ်ယောက်ကို ပိုင်ဆိုင် နိုင်ခဲ့ပြီ”

ကျူးဝမ် မျိုးနွယ်ဝင် မဟာ အကြီးအကဲက တုန်တုန်ရီရီဖြင့် ရေရွတ်လိုက်၏။ မရေမတွက်နိုင်သော ကျူးဝမ် မျိုးနွယ်ဝင်များမှာ ငိုကြွေးနေကြ၏။ မီးဝိညာဥ် ဘုရင်နှင့် မိန်ချင်းဂိုဏ်းချုပ်တို့ အပါအဝင် ခွန်ရှုနယ်မြေ၏ များစွာ‌သော အကြီးအကဲများမှာလည်း ဝမ်းနည်း ဝမ်းသာ ဖြစ်နေကြ၏။ သူတို့ ယခုအချိန်ကို ရရှိရန် အတွက် ကာလ ရှည်ကြာစွာ စောင့်ဆိုင်းခဲ့ရသည်။ မည်ကဲ့သို့ ခံစားချက်များ မ‌ဖော်ပြပဲ နေနိုင်ပါမည်နည်း။

လင်းဝူဟွာ၊ ယွင်ရီအာနှင့် ရှန်းရှိတို့မှာမူ ထိုကဲ့သို့ ခံစားချက်များ မရှိသည့်တိုင် ချန်းဖန်နှင့် မြောက်ပိုင်းချုံး အတွက် ပျော်ရွှင် နေမိကြသည်။ အားရှို့နှင့် အခြားလူများဆိုလျှင် ပျော်စရာပင် မလိုတော့ချေ။ သူတို့သည် ကောင်းကင်သို့ ပျံတက်ကာ အာကာသဆီသို့ ဦးတည်၍ ချန်းဖန်အား ကြိုဆိုရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်လေသည်။

ဝူကျိဂိုဏ်း၏ ဘိုးဘေး ဝူဝမ်တင်မှာ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။

“ငါသိပြီးသား... နတ်ဘုရား အရှင်ချန်းက ပြိုင်ဘက်ကင်းပြီး စကြဝဠာကိုတောင် လွှမ်းမိုးနိုင်လိမ့်မယ် ဆိုတာ... သူက ဘယ်လိုလုပ်ပြီး ရှုံးမှာလဲ... အခြား ဂြိုဟ်က လာတဲ့ လူတွေက သူ့အတွက် တိရစ္ဆာန်တွေ သာသာ...”

ထျန်းဟောင်ဂြိုဟ် အပါအဝင် အခြားဂြိုဟ်များမှ လာသည့် ကျင့်ကြံသူ များစွာမှာ သူ့အား တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြတော့သည်။

တစ်ချိန်တည်း၌ ကောင်းကင်အရှင် အန်ပို၊ လော့ဝူဂိုဏ်း ဘိုးဘေး၊ ချန်ရှန်းဂိုဏ်းမှ လီယွမ်တို့မှာမူ ခံစားချက်များ ရှုပ်ထွေး နေကြသည်။ သူတို့သည် ချန်းဖန်၏ စွမ်းအားကို လေးစားမိသလို အနည်းငယ်လည်း မနာလို ဖြစ်နေကြသည်။ မည်သို့ပင် ဆိုစေ သူတို့သည် ဂြိုဟ်တစ်ခုကို အပိုင်စား ရထားသည့် အသက် သောင်းကျော် မဟာ ဘိုးဘေးကြီးများ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူတို့သည် အသက် ငါးဆယ်ပင် မပြည့်သေးသည့် လူငယ် ကျင့်ကြံသူ တစ်ယောက်ထံတွင် ဦးညွှတ်ရတော့မည် ဖြစ်သည်။ ထိုအရာက မည်ကဲ့သို့ သက်တောင့်သက်သာ ရှိပါမည်နည်း။

ကောင်းကင်အရှင် အန်ပိုက သူ၏ ပထမ တပည့် ရှင်းဟူဘက်သို့ လှည့်ကာ နတ်ဘုရား စိတ်အာရုံဖြင့် သတိပေးလိုက်၏။

“မင်းမှာ လက်စားချေဖို့ အတွေး ရှိနေသေးရင် အဲဒါကို လွှတ်ချလိုက်တော့... ဒီနေ့က စပြီး မြောက်ပိုင်းချုံးနဲ့ နတ်ဘုရား အရှင် ချန်းပေ့ရွှမ်း အ‌ပေါ် မင်း လေးစားမှု ကင်းမဲ့တာ တစ်ခုတွေ့ရင် ငါ့ကို မညှာတာဘူးလို့ အပြစ်မတင်နဲ့”

ရှင်းဟူမှာ လက်သီးကို တင်းတင်းဆုပ်ကာ သူ၏ မျက်လုံးများမှာ မနာခံလိုမှုများဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း သူသည် ‌အဆုံး၌ ‌ခေါင်းကိုသာ ငုံ့လိုက်ရ၏။ အစိမ်းရောင် ဝတ်စုံဖြင့် ခန့်ညားကာ ချောမောနေသော စတုတ္ထ တပည့် ကျန်းချီဟောင်မှာမူ ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းသာလျှင် ချလိုက်တော့သည်။

“အကို... ဆရာ့ကို အပြစ်မတင်ပါနဲ့... ချန်းပေ့ရွှမ်းက အရမ်း အစွမ်းထက်တယ်... ငါတို့ သူ့ကို ဆန့်ကျင်မယ် ဆိုရင် ငါတို့တင် မကဘူး... ငါတို့ရဲ့ ဂြိုဟ်တစ်ခုလုံးပါ ဖျက်ဆီးခံရလိမ့်မယ်”

ချန်ရှန်းဂိုဏ်းချုပ် လီယွမ်၊ ကောင်းကင်အရှင် နက္ခတ်ပင်လယ်၊ မီးသူတော်စင်မြို့သခင်တို့ အပါအဝင် ထျန်းဟောင်ဂြိုဟ်မှ အခြေတည် ဝိညာဥ် အဆင့် ကျင့်ကြံသူ အားလုံးမှာလည်း ထိုရလဒ်ကို လက်ခံကြ၏။ သူတို့သည် တော်လှန်လိုသည့် အတွေးများကို ချိပ်ပိတ်ထားလိုက်ကြသည်။

လော့ဝူဂိုဏ်း၏ ပထမ ဘိုး‌ဘေးက သူ၏ ဂျူနီယာများကို လျှို့ဝှက်စွာ ညွှန်ကြားလိုက်သည်။

“မင်းတို့ စတုတ္ထ ညီလေးအကြောင်း ထပ်ပြောရင် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ် မတင်နဲ့... ‌‌လော့ဝူဂိုဏ်းမှာ အခြေတည် ဝိညာဥ် အဆင့် သုံးယောက်ပဲ ရှိတယ်... သူက ငါတို့နဲ့ လုံးဝ မပတ်သက်တော့ဘူး”

“စီနီယာ... ကျုပ်တို့ နားလည်ပါတယ်”

ဂျူနီယာ နှစ်ယောက်မှာ ခေါင်းညိတ်လိုက်ကြသည်။ သို့သော်လည်း သူတို့သည် စိတ်ထဲမှ နေ၍ နတ်ဘုရား မင်းသား မင်ယန်နောက်သို့ လိုက်သွားသော စတုတ္တ ညီလေး အကြောင်းကို တွေးကာ စိတ်မကောင်း ဖြစ်နေမိကြလေသည်။

“ညီလေး... ငါ့ကို ခွင့်လွှတ်ပါ... ငါ လုပ်နိုင်တာ ဘာမှ မရှိဘူး”

ဆံပင်များ ဖြူစွတ်နေသော အဘိုးအိုက သက်ပြင်းတစ်ချက် ချကာ ခေါင်းအား ခါလိုက်လေတော့သည်။

“ဆရာ... အရမ်းမိုက်တယ်”

အားရှို့၊ လုယန်ရွယ်နှင့် ချီရှို့အာတို့မှာ ‌‌‌အော်ဟစ်ရင်း လေကို ချိုးဖျက်၍ အာကာသ ထဲသို့ ရောက်ရှိ လာကြ၏။ သူတို့သည် လက်နက်ချကာ ရပ်နေသည့် နတ်ဘုရား ဗိုလ်ချုပ်များ၊ ရွှေအမြုတေ အဆင့်များကြားမှ ဖြတ်သန်းကာ ချန်းဖန်ထံ ပျံသန်း လာကြသည်။

“ဘာဖြစ်လို့ လိုက်လာရတာလဲ... ဒီနေရာက အရမ်း အန္တရာယ်များတ မသိဘူးလား”

ချန်းဖန်က မျက်မှောင်ကြုတ်ကာ အားရှို့နှင့် အခြားလူများကို ကြည့်လိုက်သည်။ သို့သော်လည်း သူတို့၏ အလွန်တရာ ပျော်ရွှင်ကာ တက်ကြွနေသော မျက်နှာများကို မြင်သော အခါတွင်မူ ချန်းဖန်မှာ ပြုံးရုံသာ တတ်နိုင်တော့သည်။

စစ်ပွဲသည် နေ့တစ်ဝက် ကြာမြင့်ခဲ့သည်။ ရန်သူတပ်များသည် လှိုင်းများ အလား တစ်သုတ်ပြီး တစ်သုတ် စကြဝဠာကို ဖြတ်ကာ ရောက်ရှိ လာခဲ့သော်လည်း ချန်းဖန်သည် သူတို့ အားလုံးကို အနိုင်ယူခဲ့သည်။ သူကိုယ်တိုင်သည်လည်း ထိုတိုက်ပွဲ အတွက် ကြီးမားစွာ ပေးဆပ် ခဲ့ရသည်။ သူ၏ စွမ်းအင်သည် ကျဆင်းကာ ကျင့်ကြံခြင်း အခြေခံ ပင်လျှင် မတည်မငြိမ် ဖြစ်နေခဲ့သည်။

ချန်းဖန်က အဝေးတစ်နေရာသို့ ငေးကြည့်ကာ သက်ပြင်း တစ်ချက် ချလိုက်၏။

“ကြယ်ပင်လယ်က ဂိုဏ်းတွေ အနေနဲ့ လက်လျှော့လောက်သင့်ပါပြီ... သူတို့က ပထမဆုံး နတ်ဘုရား မင်းသားတွေကို လွှတ်ခဲ့တယ်... ငါက သူတို့ကို သတ်ပစ်ခဲ့တယ်... နောက်ဆုံးမှာ ငါက အင်ပါယာ ကိုယ်တိုင်ရဲ့ နတ်ဘုရား စိတ်အာရုံကိုပါ ဖျက်ဆီးပစ်နိုင်ခဲ့တယ်... သူ့အနေနဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ ငါ့ကို အလဲမထိုးနိုင်ဘူး ဆိုတာ သဘောပေါက်လောက်ပါပြီ... ငါ အသက်ရှင်နေသမျှ ကာလပတ်လုံး သူ နောက်ထပ် စစ်တပ်တွေ လွှတ်ရဲတော့မယ် မထင်ဘူး”

ချန်းဖန်က ခေါင်းခါကာ ထိုအကြောင်း ထပ်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကမ္ဘာမြေဘက်သို့ လှမ်းကြည့်လိုက်၏။ သူ၏ အမြင်အာရုံသည် မြေလွှာများကို ဖောက်ထွင်းကာ ကမ္ဘာ၏ ဗဟိုအထိ ရောက်ရှိ သွားသည်။

“မူလ နတ်ဘုရား နန်းတော် တစ်ခုက ငါ့ကို နတ်ဘုရား လှပခြင်း သုံးခု ရရှိအောင် ကူညီပေးခဲ့တယ်... နတ်ဘုရား ကုန်းမြေမှာ နန်းတော် ကိုးဆယ့် ကိုးခု ရှိတယ်... ဒီတိုက်ပွဲ ပြီးတာနဲ့ သူတို့ စိတ်ကျေနပ်အောင် နတ်ဘုရား အရှင် ဘွဲ့ကို ငါ ခံယူလိုက်မယ်... ပြီးရင် တံခါးပိတ် ကျင့်ကြံပြီး မူလ နတ်ဘုရား နန်းတော် ကိုးဆယ့် ကိုးခုကို ဖွင့်ရမယ်... ငါ့ရဲ့ ခန္ဓာနဲ့ နတ်ဘုရား ဝိညာဥ်ကိုပါ အခြေတည် ဝိညာဥ် အဆင့်ထိ ရောက်အောင် တွန်းတင်ရမယ်... အဲဒီ အချိန်ကျမှ အခြေတည် ဝိညာဥ် အဆင့်ရဲ့ စွမ်းအား အပြည့်ကို ငါပိုင်ဆိုင်လာမှာ”

ချန်းဖန်သည် တိုက်ပွဲကို အနိုင်ရခဲ့သည်။ ထိုအရာက သူခန့်မှန်းထားသည်ထက်ပင် ပို၍ လွယ်ကူခဲ့သည်။ သူသည် ဝှက်ဖဲများစွာကိုပင် အသုံးမပြုခဲ့ရချေ။ ချန်းဖန်က တပည့်များကို ပွေ့ဖက်၍ ကမ္ဘာမြေသို့ ပြန်ရန် ဟန်ပြင်လိုက်၏။ နတ်ဘုရား အရှင် ဂုဏ်ပုဒ် ခံယူပွဲ အပါအဝင် သူ့တွင် လုပ်စရာ တာဝန် များစွာ ရှိပေသေးသည်။

ထိုအချိန်တွင်ပင် အေးစက် ခြောက်သွေ့နေသော အသံတစ်ခုသည် လေထုကို ပဲ့တင်ရိုက်ကာ ပျံ့လွင့် လာခဲ့လေ၏။

“ဘာမှလည်း မထူးခြားဘူး”

ထိုအသံသည် ကမ္ဘာတစ်ခြမ်းကို ရိုက်ခတ်သွားသည်။ သို့သော်လည်း ၎င်းကာ အခြား ကမ္ဘာတစ်ခြမ်းမှ လူများ ကြားလောက်‌အောင် ကျယ်ခြင်း မရှိချေ။ အသံအရ ဆုံးဖြတ်ရပါက ထိုကျင့်ကြံသူမှာ ချင်ကျန်းနှင့် ချင်ရဲ့တို့လောက်ပင် အစွမ်းထက်ပုံ မပေါ်ချေ။ သို့သော်လည်း ချန်းဖန်မှာမူ အသံကို ကြားသည်နှင့် မျက်လုံး နှစ်ခုစလုံး အနည်းငယ် ကျယ်သွားခဲ့၏။

“ဘယ်သူလဲ...”

အားရှို့က ဘေးဘက်သို့ လှည့်ကြည့်လိုက်သည်။

***

All Chapters