နတ်ဘုရားအရှင် တထျန်းနှင့် တိုက်ခိုက်ခြင်း
Vol. 12 Ch. 1166
“ဟုတ်တယ်... ငါ အဲဒီကောင်လေးကို သတ်လိုက်တာ”
နတ်ဘုရား အရှင် တထျန်းက ငြင်းဆိုရန် မကြိုးစားပဲ ခေါင်းညိတ်လိုက်သည်။ သူ၏ အမူအရာသည် အနည်းငယ်ပင် ပြောင်းလဲခြင်း မရှိချေ။
“ခေတ်တစ်ခေတ်မှာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ကျင့်ကြံသူ တစ်ယောက်ပဲ ရောက်ရှိနိုင်တယ်... ကျန်းရှုက အတော်လေး ပါရမီပါတယ်... ငါ့ထက်တောင်မှပေါ့... ငါ အသက်ရှင်နေတုန်းတော့ ဘာကိစ္စမှ မရှိပါဘူး... ဒါပေမဲ့ ငါသေသွားတဲ့ အခါ တောင်တန်း အင်ပါယာက သူ့ကို ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး.. ဒါကြောင့်ပဲ ငါက မင်ယာကို သူနဲ့ တိုက်ခိုက်ခိုင်းလိုက်တာ”
“ဒါပေမဲ့ ကျန်းရှုက အတော်လေး အစွမ်းထက်နေခဲ့ပြီးတော့ မင်ယာတောင် သူနဲ့ယှဥ်ရင် အားနည်း နေခဲ့တယ်... သူက ကြယ်ပင်လယ်က မဟာ ကျင့်ကြံသူ တစ်ပိုင်းတွေနဲ့တောင် ယှဥ်နိုင်တယ်... သူက မင်းအဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ဘူး... ဒါပေမဲ့ မဟာ ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားကို သူလျှော့တွက်မိတာ မှားသွားခဲ့တယ်... ဘာပဲဖြစ်ဖြစ် မင်းတို့ ဂြိုဟ်က ပါရမီရှင်တွေ မကြာခဏ ပေါ်ထွက်တတ်တာပဲ... လွန်ခဲ့တဲ့ နှစ်တစ်သိန်းက ကျန်းရှု၊ လွန်ခဲ့တဲ့ နှစ်ငါးထောင်မှာ ကောင်းကင် ညီမျှခြင်း ဆိုတဲ့ ကောင်လေး... အခု မင်း... ငါသာ မင်းတို့ကို ကြီးထွားခွင့် ပေးမယ် ဆိုရင် ငါ့ဂိုဏ်းက စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှာ မျက်နှာငယ်ရတော့မှာပေါ့”
ထို့နောက် သူက ချန်းဖန်အား အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်လေ၏။ လွန်ခဲ့သော နှစ်တစ်သိန်း၌ ကမ္ဘာမြေ၏ အရှင်သခင် နတ်ဘုရား အရှင်ကျန်းသည် ထိုလူငယ်၏ အနိုင်ယူ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ လွန်ခဲ့သော နှစ်ငါးထောင်တွင် အရှင် ကောင်းကင် ညီမျှခြင်းသည် တောင်တန်း အင်ပါယာ၏ ဖမ်းဆီး အကျဥ်းချခြင်းကို ခံခဲ့ရသည်။ ယနေ့တွင်လည်း သူသည် ချန်းပေ့ရွှမ်းအား သတ်ကာ မဟာ ကျင့်ကြံသူ ဟူသော ဂုဏ်ပုဒ်၏ ခမ်းနားခြင်းကို ဆက်လက် ထိန်းသိမ်းတော့မည် ဖြစ်သည်။
သို့သော်လည်း ချန်းဖန်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ အနက်ရောင် ဝတ်စုံဝတ် လူငယ်၏ မျက်လုံးများကို တည့်တည့် ကြည့်လိုက်သည်။
“ဒါဆို ကောင်းကင် ညီမျှခြင်းကို ဖမ်းဆီးတဲ့ နောက်ကွယ်၊ ကမ္ဘာကို စကြဝဠာ သားရိုင်တွေ ရောက်လာတဲ့ နောက်ကွယ်နဲ့ ကမ္ဘာရဲ့ ဝိညာဥ်ချီ ခမ်းခြောက်သွားခဲ့တဲ့ နောက်ကွယ်တွေမှာ မင်းရှိနေတာပေါ့...”
ချန်းဖန်သည် ထိုအချက်ကို အမြဲ ဦးနှောက်ခြောက် နေခဲ့ရသည်။ စကြဝဠာ သားရိုင်းများကား အပြင် စကြဝဠာ လောကတွင်သာ ကျင်လည် ကျက်စားသည့် သတ္တဝါများ ဖြစ်သည်။ သူတို့က မည်ကဲ့သို့ ကမ္ဘာတွင် ရုတ်တရက် ပေါ်လာရသနည်း။ ထိုသတ္တဝါများကို အမိန့်ပေးနိုင်သည့် ပုဂ္ဂိုလ်မှာ ကျိန်းသေပင် အလွန် အစွမ်းထက်သူ တစ်ယောက် ဖြစ်ရပေမည်။
“ဟုတ်တယ်.. ငါ လုပ်ခဲ့တာပ”
နတ်ဘုရားအရှင် တထျန်းက ဆိုလိုက်၏။ ထို့နောက် သူက ကမ္ဘာဆီသို့ ကြောက်ရွံ့မှု အနည်းငယ် ယှက်သန်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
“မင်းတို့ ပုရွက်ဆိတ်တွေကတော့ ဒီဂြိုဟ်ကို မွေးရပ်မြေမြို့ တစ်ခုလို လွတ်လွတ်လပ်လပ် ဝင်ထွက် သွားလာ နေကြတာပဲ... ငါ့မျက်လုံးထဲမှာတော့ ဒီနေရာက အန္တရာယ် အများဆုံး ကုန်းမြေ တစ်ခုပဲ... ဓမ္မ ဥပဒေသတွေ၊ နတ်ဘုရား အစီအရင်တွေ အထပ်ထပ်နဲ့... ကောင်းကင်က မိုးကြိုးရေကန်နဲ့တောင် ကွာခြားမှု မရှိဘူး”
တထျန်း စကားပြောနေစဥ်မှာပင် သူ၏ မျက်လုံးများထဲမှ လောဘမှာ ပို၍ အရောင် တောက်ပ လာလေ၏။
“အဲဒါကြောင့်ပဲ လွန်ခဲ့တဲ့ နှစ်တစ်သိန်းလောက်မှာ ငါ နတ်ဘုရာ စိတ်အာရုံ အပိုင်းအစ တစ်ခုကို စေလွှတ်ပြီး စကြဝဠာ သားရဲ အုပ်စုကို လေ့ကျင့်ပေး နေခဲ့တယ်... သူတို့တွေက မင်းတို့ ဂြိုဟ်ရဲ့ ပါရမီရှင်တိုင်းကို မထွန်းတောက်ခင် သတ်ဖြတ် ပစ်ခဲ့တယ်... လွန်ခဲ့တဲ့ နှစ်ရှစ်သောင်း၊ နှစ်ငါးသောင်း သုံးထောင်၊ နှစ်သုံးသောင်း လေးထောင်နဲ့ နှစ်သုံးသောင်တို့မှာ... ငါ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ခြောက်ကြိမ်တိုင်တိုင် တိုက်ခိုက် စေခဲ့တယ်... အကျိုးဆက် အနေနဲ့ မင်းတို့ ဂြိုဟ်ဟာ တဖြည်းဖြည်း အဆုံးရောက်အောင် ကျဆင်း လာခဲ့တယ်... အဲဒီလို အခြေအနေမှာတောင် မင်းလို လူတစ်ယောက် ထပ်ပြီး ထွန်းတောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
နတ်ဘုရားအရှင် တထျန်းက သက်ပြင်းတစ်ချက် ချလိုက်၏။
“ပါရမီရှင်တွေကို သတ်ဖြတ်တာက ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အလုပ်ဆိုတာ မင်းသိမှာပါ ချန်းပေ့ရွှမ်း... မင်း မြင့်တက်လာပြီး တောင်တန်း အင်ပါယာကို ဖျက်ဆီးတုန်းက ငါ ဘာမှ မပြောခဲ့ဘူး... ခမ်းနားမှုကို အောင်နိုင်သူတွေပဲ ရသင့်တယ်... တောင်တန်း အင်ပါယာရဲ့ တပည့်တွေက မထိုက်တန်ဘူး... သူတို့က ကိုယ့်ဂိုဏ်းကို ကိုယ်မကာကွယ်နိုင်ပဲ ရန်သူရှေ့မှာ ဒူးထောက်ခဲ့ရတယ်... ဒီတော့ အသတ်ခံရတာက သူတို့ တာဝန်ပဲ”
“ဒါဆို မင်း ဒီကိုလာတာ တောင်တန်း အင်ပါယာကြောင့် မဟုတ်ဘူးပေါ့”
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။
“ဟဟ... ချန်းပေ့ရွှမ်း... မင်းက ငါ့ကို အထင်သေးနေတာလား... ဒါမှမဟုတ် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်တွေကို နားမလည်တာလား”
နတ်ဘုရားအရှင် တထျန်းက ပြုံးလိုက်လေသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှ အေးစက်မှုမှာမူ ကျန်ရှိနေဆဲ ဖြစ်လေ၏။
“အဲဒါက တောင်တန်း အင်ပါယာပဲလေ... သူတို့ ရှင်းလင်းခံရတာကို ငါဂရုမစိုက်ဘူး... အဲဒီ အရေးမပါတဲ့ ကျင့်ကြံသူ အချို့ အတွက် ငါ ဘာလို့ ခွန်အား စိုက်ထုတ်ရမှလဲ... ငါ ဒီကို လာရတဲ့ အကြောင်းရင်းက မင်း ငါ့ကို စိတ်အနှောက်အယှက်ပေးနေတဲ့ အတွက်ပဲ”
“ချန်းပေ့ရွှမ်း... မင်းကတော့ သိမှာ မဟုတ်ဘူး... ဒါပေမဲ့ ငါကတော့ မင်း ထျန်းဟောင်ဂြိုဟ်ပေါ် ရောက်လာတဲ့ အချိန်တည်းက မင်းကို သတိထားမိပြီးပြီ... ဒါပေမဲ့ မင်းကို ကလေးပေါက်စ အနေနဲ့ ငါ သဘောထားခဲ့ပြီး ငါ့ကို ယှဥ်နိုင်ဖို့ နှစ်ထောင်ဂဏန်းလောက် ယူရလိမ့်မယ်လို့ တွေးထားခဲ့တာ... အဲဒီ အချိန်လောက်ဆို ငါက ဒီအရှေ့ဂြိုဟ်က မဟာ အခွင့်အရေးကို ယူပြီး ဒီကနေ ထွက်သွားလောက်ပြီ... ဂြိုဟ်နယ်မြေ တစ်ခု မင်းကို လက်ဆောင် ပေးရတာက ငါ့အတွက် အပန်းမကြီးဘူးလေ... ဒါပေမဲ့ မင်း ဒီလောက် မြန်မြန် တိုးတက်လာမယ်လို့ ဘယ်သူက တွေးမိမှာလဲ... ငါသာ မင်းကို ဆက်ပြီး လွှတ်ထားရင် မိုက်မဲရာ ကျတော့မှာပေါ့”
နတ်ဘုရား အရှင် တထျန်း၏ အမူအရာမှာ အစတုန်းက ကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်။
သို့သော်လည်း ထိုမြင်ကွင်းကို ကြည့်နေသည့် ကြယ်ပင်လယ်မှ ကျင့်ကြံသူ များစွာမှာမူ မျက်နှာများ ဖြူရော် နေကြလေ၏။ နတ်ဘုရား အရှင် တထျန်းကား အမှန်တကယ်ပင် သွေးအေး လူသတ်သမား ဖြစ်သည်။ သူသည် ချန်းပေ့ရွှမ်း ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှ၏။
ချန်းဖန်က ခေါင်းတစ်ချက် ညိတ်ကာ မေးလိုက်၏။
“ဒီတော့ မင်း ငါ့ကို သတ်ချင်တာ ငါက မင်းရဲ့ လမ်းမှာ ရပ်နေလို့ပေါ့ ဟုတ်လား...”
“ငါ မင်းကို မသတ်ဘူး... မင်းက စပြီး ကျင့်ကြံခဲ့တယ်... နောက်ပြီး အချိန်တို အတွင်းမှာပဲ ငါတောင် နားမလည်နိုင်တဲ့ ဓမ္မ စွမ်းအားနဲ့ နတ်ဘုရား စွမ်းအား အချို့ကို ပိုင်ဆိုင်ခဲ့တယ်... အဲဒါတွေက အရှေ့ဂြိုဟ်နဲ့ ထျန်းဟောင်ဂြိုဟ်က ကျင့်စဥ်တွေ မဟုတ်ာတော့ သေချာတယ်... အရှေ့ဂြိုဟ်မှာ ရှေးဟောင်း နတ်ဘုရားတွေ ထားခဲ့တဲ့ အခွင့်အရေး တစ်ခုခုကို မင်းရထားတာပဲ ဖြစ်ရမယ်... မစိုးရိမ်ပါနဲ့... မင်းရဲ့ တပည့်တွေ အစေခံတွေကို ငါမထိဘူး... ငါ မင်းကို ဖမ်းချုပ်ပြီး မဟာ အခွင့်အရေး အကြောင်းပဲ မေးမှာပါ”
နတ်ဘုရား အရှင် တထျန်းက ဆိုလိုက်၏။
“ငါက မပြောရင်ရော...”
ချန်းဖန်က မေးလိုက်သည်။
“ဟဟ...”
နတ်ဘုရားအရှင် တထျန်းက လှောင်ပြောင်ဟန် အနည်းငယ် ရယ်မောလိုက်သည်။
“ချန်းပေ့ရွှမ်း... မင်းက မဟာ ကျင့်ကြံသူ တစ်ယောက်ရဲ့ စွမ်းအားကို အထင်သေးနေတာပဲ... မင်း မဟာ ကျင့်ကြံသူ မဖြစ်လာသေးသမျှ ငါ့မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်ပဲ... မင်းကို သတ်ဖို့ အတွက် ငါ့အတွက် အနည်းငယ် အားစိုက်ထုတ်ဖို့ပဲ လိုအပ်တယ်”
“ဟုတ်လား...”
ချန်းဖန်က တုန့်ပြန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အား ဝန်းရံနေသည့် အော်ရာမှာ ပို၍ ပို၍ တောက်ပ လာနေခဲ့၏။ သူ၏ နတ်ဘုရား ကလေးငယ် (အခြေတည် ဝိညာဥ်)၊ နတ်ဘုရား ခန္ဓာနှင့် နတ်ဘုရား ဝိညာဥ်တို့ကား တစ်ခုတည်း အဖြစ် တဖြည်းဖြည်း ပြန်လည် ပေါင်းစည်း နေခဲ့ပြီ ဖြစ်သည်။ တစ်ဝက်တစ်ပျက် နတ်ဘုရား ရောင်ခြည် တစ်ခုသည် သူ၏ ခေါင်းထက်တွင် ထွန်းလင်း လာခဲ့လေသည်။
“ငါ ပြောတာ ဒီလို စွမ်းအင်မျိုးပဲ... နူးညံ့တယ်... ခမ်းနားတယ်... အားနည်းတယ် ဆိုပေမဲ့ အဲဒါက ငါ့ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် စွမ်းအားထက် အများကြီး ပိုပြီး သန့်ရှင်းတယ်... ဒီလို စွမ်းအင်မျိုးက မင်းမှာ မရှိသင့်ဘူး... ရှေးဟောင်း နတ်ဘုရားတွေပဲ ပိုင်ဆိုင်သင့်တဲ့ စွမ်းအင်ပဲ”
နတ်ဘုရားအရှင် တထျန်း၏ မျက်နှာပေါ်မှ လောဘမှာ ပို၍ ထင်ရှား လာခဲ့၏။ ချန်းဖန်ကား သူ့အတွက် အကောင်းဆုံး စွမ်းအင် ရင်းမြစ် ဖြစ်ပေသည်။ သူသည် ချန်းဖန်အား ချက်ချင်ပင် ဆွဲ၍ ဝါးမျို ပစ်ချင်နေပြီ ဖြစ်သည်။
နတ်ဘုရား အရှင်တထျန်း မလှုပ်ရှားရသေးခင်တွင်ပင် ချန်းဖန်က ရုတ်တရက် ဆိုလိုက်၏။
“နေဦး... နောက်ဆုံး မေးခွန်းတစ်ခု ရှိသေးတယ်”
“ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ရှိတဲ့ ရှောင်မန်နဲ့ မြောက်ပိုင်းချုံး တပည့်တွေကို မင်း ဘာလုပ်လိုက်သေးလဲ”
“သူတို့က ပုရွက်ဆိတ် အုပ်စုသာသာပဲ... ငါက ဘာလို့ ဂရုစိုက်ရမှာလဲ”
တထျန်းက စိတ်မရှည်စွာ ဆက်ပြောလိုက်သည်။
“မင်း မေးလို့ ပြီးပြီလား... ငါက ဒီခန္ဓာကိုယ်မှာ ပြန်ပြီး မွေးဖွားလာတယ် ဆိုပေမဲ့ အချိန် အကန့်အသတ် ရှိတယ်... မင်း မေးလို့ ပြီးရင် မြန်မြန် အညံ့ခံလိုက်တော့... ငါ့မှာ နတ်ဘုရား ကုန်းမြေကို သွားပြီ မဟာ အခွင့်အရေးကို ယူဖို့ လုပ်စရာတွေ ကျန်သေးတယ်”
သို့သော်လည်း သူပြန်လည် ရရှိလိုက်သည့် အရာကား ချန်းဖန်၏ ဓားဖြင့် ပိုင်းကာ တိုက်ခိုက်လိုက်ခြင်းသာလျှင် ဖြစ်ပေသည်။
“ကလန့်...”
ထိုဓားအော်ရာသည် အလွန် လင်းလက်လှ၏။ ၎င်းသည် ချန်းဖန်၏ စွမ်းအင် ရင်းမြစ် သုံးခုကို အားကိုးကာ အဆုံးစွန်သော စွမ်းအင်ကို သယ်ဆောင်ထားလေသည်။ ထိုအရာကား မိစ္ဆာများကို သုတ်သင်ကာ နတ်ဘုရားများကိုပင် ဖြတ်ပိုင်းနိုင်ဟန် ရလေသည်။
“ဘုန်း...”
ကောင်းကင်တွင် တံခါး တစ်ချက်သည် ပွင့်ဟလာဟန် ရ၏၊ နတ်ဘုရား မျိုးနွယ် ဗိုလ်ချုပ် ကိုးယောက်သည် အတူတကွ ထွက်ပေါ်လာကြကာ သူတို့၏ ဓားများဖြင့် သမုဒ္ဒရာကို ပိုင်းလိုက်ကြလေသည်။
“မဟာ နတ်ဘုရား စွမ်းအား... နတ်ဘုရား ပျံသန်းခြင်း”
ထိုအရာကား နောက်တစ်ကြိမ် ထွက်ပေါ် လာခဲ့ပြီ ဖြစ်လေသည်။ အဇူရာ မိုးကြိုးများသည် ကောင်းကင်တွင် ယှက်ဖြာကာ ဓမ္မ ဥပဒေသများမှာ လူးလွင့်နေ၏။ အမတေချီနှင့် စွမ်းအားများသည် ထူးကဲစွာ ကွန့်မြူး ကြလေသည်။ ထိုအရာကား သံသယ ရှိစရာ မလိုအောင်ပင် ချန်းဖန် ပြန်လည် မွေးဖွားပြီးနောက် ဖော်ထုတ်ခဲ့သည့် အစွမ်း အထက်ဆုံး တိုက်ခိုက်မှု ဖြစ်ပေသည်။
သို့သော်လည်း...
“ခရက်...”
နတ်ဘုရား အရှင် တထျန်းသည် တစ်လက်မမျှပင် လှုပ်ရှားခြင်း မရှိချေ။ သို့သော်လည်း သူနှင့် ပေတစ်ရာ အကွာအဝေးသို့ ရောက်သည်နှင့် ဓားအော်ရာသည် ဖန်သား တစ်ခုအလား ရုတ်တရက် ကွဲကြေသွား၏။ ချန်းဖန်၏ အစွမ်း အထက်ဆုံးသော တိုက်ခိုက်မှုကား ပစ်မှတ်သို့ မရောက်ခင်မှာပင် ကျဆုံး သွားခဲ့လေပြီ ဖြစ်သည်။
“မင်းက သစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်သာသာပဲ... ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးလွန်းနေတယ်”
တထျန်းက ခေါင်းခါလိုက်၏။ သူ၏ မျက်လုံးများသည် အလွန် အမင်း အေးစက်နေသည်။ သူသည် ခံစားချက် ကင်းမဲ့သော အကြည့်ဖြင့် ချန်းဖန်အား ဆက်လက် ကြည့်နေခဲ့လေသည်။
“ဟမ့်...”
ချန်းဖန်မှာလည်း ကြောက်လန့်ပုံ မပေါ်ချေ။ သူ၏ လက်ထဲရှိ ဓားကျိုးမှာ ပို၍ ပို၍ တောက်ပ လာနေခဲ့၏။ ထိုအရာသည် အဆုံးမဲ့ အလင်း ရောင်ခြည်များကို ထုတ်လွှတ်ကာ အဆုံး၌ တစ်ပေခန့် ရှိသော ဓားစွမ်းအင် အလင်း တစ်ခု အဖြစ် ပြောင်းလဲ သွားသည်။ ချန်းဖန်သည် ထိုဓားကို မြှောက်ကာ နတ်ဘုရား အရှင် တထျန်းကို တစ်ကြိမ်ပြီး တစ်ကြိမ် ခုတ်ထစ်လိုက်ပြန်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
နောက်ဆုံး၌ နတ်ဘုရား အရှင် တထျန်းမှာ အနည်းငယ် လှုပ်ရှားလာ၏။ သူက ချန်းဖန်ကို လက်ထဲရှိ ဓားကို ကြည့်ကာ ပြောလိုက်သည်။
“လက်နက်ကောင်းပဲ...”
ထို့နောက် သူက လက်ညိုး တစ်ဖက်ကို ညင်သာစွာ ရှေ့သို့ ဆန့်ကာ တောက်ထုတ်လေလေ၏။
***