မဟာ ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအား
Vol. 12 Ch. 1167
“ဘုန်း...”
နတ်ဘုရားအရှင် တထျန်း၏ လက်ညိုးမှာ တောင်တစ်လုံး ကဲ့သို့ ကြီးမားလှသည်။ ချန်းဖန်သည် ထိုအရာကို ခုခံနိုင်စွမ်း မရှိပဲ နောက်သို့ လွင့်စဥ်သွား၏။ သူ၏ လက်ထဲရှိ ဓားကျိုးမှာလည်း လွင့်ထွက်သွားသည်။ ထိုအရာကား ပထမဆုံး အကြိမ် အဖြစ် ချန်းဖန်မှာ သူ၏ လက်နက်ကို လက်မှ လွှတ်ခဲ့ရခြင်း ဖြစ်သည်။
“ဘုန်း... ဘုန်း... ဘုန်း...”
တထျန်းသည် နောက်တစ်ကြိမ် ထပ်၌ လက်ညိုးကား တောက်လိုက်ပြန်သည်။
“ဘုန်း...”
ချန်းဖန်မှာ မခုခံနိုင်ရကား နောက်သို့ အရုပ်ကြိုးပြတ် လွင့်စဥ် သွားခဲ့လေသည်။ သူသည် မိုင်ပေါင်းထောင်ချီ အကွာအဝေးရှိ ပေတစ်ရာခန့် ရှိသော ဥက္ကာခဲ တစ်ခုကို ဝင်တိုက်လေရာ ထိုဥက္ကာခဲမှာ ပေါက်ကွဲကာ ထက်ပိုင်းပြတ် သွားလေသည်။ ချန်းဖန်မှာ သွေးတစ်လုတ် အန်လိုက်ရကာ သူ၏ စဦး အောင်မြင်ခြင်း အဆင့် ခန္ဓာကိုယ်မှာလည်း ကြီးစွာ ဒဏ်ရာ ရရှိသွားလေ၏။
လက်ညိုး တစ်ချက် ဆန့်အထုတ်တွင်ပင် နတ်ဘုရားအရှင် တထျန်းသည် ချန်းဖန်အား အနိုင်ယူလိုက်ပြီ ဖြစ်လေသည်။
ထိုအခိုက်အတန့်၌ လူတိုင်းသည် တိတ်ဆိတ်နေကြ၏။ သူတို့သည် မျက်လုံးများ ပြူးကျယ်ကာ တိုက်ပွဲကို ကြည့်နေခဲ့ကြလေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ... နတ်ဘုရား အရှင်ချန်းက လက်ညိုးတစ်ချောင်းတည်းနဲ့ အနိုင်ယူတာကို ခံလိုက်ရတာလား... ငါပဲ အမြင်မှားနေတာလား”
“ဟုတ်တယ်... နတ်ဘုရား အရှင်ချန်းက ကြယ်ပင်လယ်ကနေ လာတဲ့ စစ်တပ်ကြီးကိုတောင် အနိုင်ယူခဲ့တာလေ...”
ကောင်းကင်အရှင် အန်ပိုနှင့် ဘိုးဘေး ကျင်းဟိုင်တို့ အပါအဝင် ကျင့်ကြံသူ အားလုံးမှာ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
နဂါးအရှင်ပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်၏။
“နတ်ဘုရား အရှင်ချန်းက ဗဟို ဂလက်စီ ဂိုဏ်းကြီး တစ်ခုက လာတဲ့လူ ဆိုတော့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်နဲ့ အခြေတည် ဝိညာဥ် အဆင့် အကြား ကွာခြားချက်ကို ကျဥ်းမြောင်းစေနိုင်တဲ့ ကျင့်စဥ် တစ်မျိုးမျိုး တတ်ထားလိမ့်မယ်လို့ ငါတွေးထားတာ... ဒါပေမဲ့ ဒီတိုက်ပွဲအရ ဆိုရင် အခြေတည် ဝိညာဥ် အဆင့်နဲ့ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကြား ကွာခြားချက်က အတော့်ကို ကြီးတာပဲ... နတ်ဘုရား အရှင်ချန်းလို လူတောင် ကန့်သတ်ချက်ကို မကျော်လွှားနိုင်ဘူး”
တစ်ချိန်တည်း၌ ချင်ကျန်းမှာမူ ထိုမြင်ကွင်းကို ပြုံးရွှင်စွာ ကြည့်နေခဲ့လေသည်။
“ချန်းပေ့ရွှမ်း... မင်းက အဲဒါနဲ့ပဲ တန်တယ်”
“ဝှစ်...”
ခံစားချက် မျိုးစုံ ရောပြွမ်းနေသော အကြည့်များ၏ အောက်တွင်ပင် ချန်းဖန်သည် ပြန်လည် ထလာခဲ့၏။ သူသည် ပန်း၊ ငှက်၊ ငါး၊ ပိုးကောင်၊ နေ၊ လ၊ ဂြိုဟ်၊ တောင်တန်း၊ မြစ်နှင့် သစ်ပင်တို့ ခြယ်သည့် အနက်ရောင် ဝတ်စုံကို ဝတ်ထားဆဲ ဖြစ်သည်။ သူ၏ ဦးခေါင်းထိပ်ရှိ နတ်ဘုရား အရှင် သရဖူသည် အရှင် တထျန်း၏ ခေါင်းထက်ရှိ အရာနှင့် ဆင်၏။ သို့သော်လည်း ထိုဝတ်စုံနှင့် သရဖူ နှစ်ခု စလုံးမှာ ယခင်က ကဲ့သို့ သစ်လွင် တောက်ပခြင်း မရှိတော့ပဲ ကျိုးရာ၊ ပဲ့ရာ၊ ပြတ်ရှရာများဖြင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။
“အခြေအနေ သိပ်မကောင်းတော့ဘူး ထင်တယ်...”
အချို့ ထိပ်တန်း ကျင့်ကြံသူများမှာ ခေါင်းများကို ငုံ့ကာ တီးတိုး ရေရွတ်လိုက်ကြလေသည်။
“နောက်တစ်ကြိမ်...”
ချန်းဖန်က ရှေ့သို့ တက်ကာ လက်အား ဝှေ့ယမ်းလိုက်၏၊။ ဓားကျိုးသည် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ သူ၏ လက်သို့ ဆင်းသက်သည်။ ချန်းဖန်၏ သွေးများသည် ဆူပွက်နေကာ စွမ်းအင်၊ အမတေနှင့် ဝိညာဥ် သုံးခုမှာ အတူတကွ ပေါင်းစည်း ပြန်၏။
“နတ်ဘုရား ပျံသန်းခြင်း...”
ထိုအခိုက်၌ မဟာ နတ်ဘုရား စွမ်းအား၊ နတ်ဘုရား ပျံသန်းခြင်းသည် တတိယ အကြိမ်အဖြစ် နိုးထ လာခဲ့ပြန်ပြီ ဖြစ်သည်။
“ကလန့်...”
သို့သော်လည်း မည်ကဲ့သို့ အသုံးဝင်မည်နည်း။ အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် လက်အား ဆန့်ထုတ်ကာ ထိုဓားချက်ကို လွယ်ကူစွာ ဖျက်ဆီး ပစ်လိုက်လေ၏။ ထို့နောက် သူက လက်အား ဝှေ့ယမ်းလိုက်လေရာ ချန်းဖန်မှာ သူ၏ နတ်ဘုရားဓားကျိုးနှင့် အတူ လွင့်စဥ် သွားရပြန်လေသည်။
“ချန်းပေ့ရွှမ်း... မင်းရဲ့ ဝှက်ဖဲတွေ ကုန်ပြီလား... ကြည့်ရတာ ငါမင်းကို အထင်ကြီးမိပြီ ထင်တယ်”
နတ်ဘုရား အရှင် တထျန်းက နှာခေါင်းရှုံ့လိုက်လေ၏။
“သတ်...”
ချန်းဖန်မှာ ဓားနှင့် အတူ ရှေ့သို့ တက်လာပြန်သည်။ နတ်ဘုရား ကလေးငယ်သည် လေထဲသို့ ခုန်ကာ သူ၏ နောက်၌ ရပ်၏။ နတ်ဘုရား အသွင် ကိုးမျိုးသည် ကောင်းကင်တွင် ဖြစ်တည်လာသည်။
ရွှမ်ဝူ၊ ခွန်ပန်၊ လိန်ဟူ...
ပထမ ဦးစွာ လိန်ဟူ အသွင်မှာ လင်းလက်လာသည်။ ချန်းဖန်သည် ရှေ့သို့ တိုးကာ ဓားအား ခုတ်ထစ်လိုက်၏။ ထိုအရာကား နတ်ဘုရား ပျံသန်းခြင်းကို သူစတုတ္ထ အကြိမ်မြောက် သုံးလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်း၌ ကောင်းကင် ဗိုလ်ချုပ်၏ ပုံရိပ်သည် ဝေဟင်တွင် ပေါ်လာကာ ဓားအား မြှောက်လျှက် ခုတ်ထစ်လိုက်လေသည်။
“မိုးကြိုးနတ်ဘုရားဓား စတုတ္ထမြောက် အသွင်... မိုးကောင်းကင် ဖြတ်ပိုင်းခြင်း...”
“ခရက်...”
ဓားတစ်စင်းနှင့် ဓားသွားတစ်ခု
ဓားအော်ရာ တစ်ခုနှင့် ဓားအလင်း တစ်စင်း
တစ်ခုသည် အလွန်အမင်း တောက်ပကာ အခြား တစ်ခုမှာ မှောင်မိုက်နေသည်။ ချန်းဖန်သည် ဓားတိုက်ခိုက်မှု နှစ်ခုကို တစ်ပြိုင်နက်တည်း ဖန်တီးလိုက်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း နတ်ဘုရား အရှင် တထျန်းသည် လက်ညိုးနှင့် လက်ခလည် နှစ်ချောင်းကိုသာ ရိုးရှင်းစွာ ဆန့်ထုတ် လိုက်လေ၏။
“ခရက်... ခရက်...”
သူ၏ လက်နှစ်ချောင်းသည် ချန်းဖန်၏ နတ်ဘုရား ပျံသန်းခြင်းနှင့် မိုးကြိုး နတ်ဘုရားဓား တိုက်ခိုက်မှု နှစ်ခုကို ထိပ်တိုက် ရင်ဆိုင်ကာ ချိုးဖျက်သွားသည်။ အလွန် တောက်ပသော အလင်းသည် နှင်းများ အဖြစ် ဖြာကျသွားကာ တစ်ချိန်တည်း၌ နက်မှောင်သော ဓားသွားမှာမူ ထက်ပိုင်းပြတ် သွားလေ၏။
“ကောင်းလိုက်တဲ့ ဓားကျင့်စဥ်... ဒါပေမဲ့ မင်းက အားနည်းလွန်းနေတယ်”
နတ်ဘုရား အရှင် တထျန်းက လက်ကို မြှောက်ကာ ခြင်ကောင်ကို ရိုက်သကဲ့သို့ ရိုက်လိုက်လေ၏။ သူ၏ ပတ်လည်၌ ဝန်းရံနေသည့် မြစ်ကိုးစင်း အနက် တစ်စင်းသည် ပြုတ်ကျကာ လှိုင်းများ ဘောင်ဘတ်ခတ်လျှက် ချန်းဖန်ထံ နဂါးတစ်ကောင်အလား တိုးဝင်သွားသည်။
ကြီးမားသော တူကြီးဖြင့် ရိုက်ခတ် ခံလိုက်ရသည့် ခြင်တစ်ကောင်အလား...
“ဘုန်း...”
နတ်ဘုရာ အသွင် ကိုးကောင် ဝန်းရံနေသည့် ချန်းဖန်၏ စဦး အောင်မြင်ခြင်း အဆင့် နတ်ဘုရား ခန္ဓာသည် နောက်သို့ လွင့်စဥ် သွားပြန်လေသည်။ ရွှေရောင်သွေးများသည် နေရာ အနှံ့ပြန့်ကျဲ နေလေ၏။ သူကား မရေမတွက်နိုင်သော ဥက္ကာခဲများကို ဖြတ်သန်းပြီးသော အခါတွင်မှ ကိုယ်ရှိန်အား သတ်နိုင်ခဲ့လေတော့သည်။
“ဝေါ့...”
ချန်းဖန်မှာ နောက်တစ်ကြိမ် သွေးများ အန်ထုတ်လိုက်ရပြန်သည်။ သူ၏ အနက်ရောင် အဝတ်များကား သွေးများဖြင့် ချင်းချင်းနီ နေခဲ့ရပြီ ဖြစ်သည်။ သူ၏ ရှည်လျားသော အနက်ရောင် ဆံပင်များ ပင်လျှင် ရှုပ်ပွနေကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ပြတ်ရာရှရာ၊ ဒဏ်ရားများဖြင့် ပြည့်နှက်နေသည်။ သူ၏ စွမ်းအင်ကား ချက်ချင်းပင် အောက်သို့ ထိုးဆင်းသွားလေ၏။
သို့သော်လည်း ချန်းဖန်မှာ မြောက်ပိုင်း ကောင်းကင်အရှင် ချန်းပေ့ရွှမ်း ပြန်လည် မွေးဖွားလာသူ ဖြစ်သည်။ ထိုသို့သော လူက မည်ကဲ့သို့ လွယ်လွယ်ကူကူ အရှုံးပေးမည်နည်း။
“ဘုန်း...”
ချန်းဖန်သည် ချက်ချင်းပင် ပြန်လည် ထလာကာ ရှေ့သို့ တက်လာပြန်၏။ သူသည် ခြေတစ်လှမ်းကို မိုင်တစ်သောင်းနှုန်းဖြင့် ရွေ့လျားနေသည်။ သူ၏ အနက်ရောင် ဆံပင်များသည် လေနှင့်အတူ လွင့်နေကာ ခမ်းနားခြင်းကို ဖော်ကျူးနေ၏။ ချန်းဖန်သည် လက်များကို လျှင်မြန်စွာ ရွေ့လျားကာ အခြား တိုက်ခိုက်မှုများကို ဖော်ထုတ်လိုက် ပြန်လေသည်။
ကျူးကျွယ် လက်သီး၊ ဖျက်ဆီးခြင်း မဟာ ကျင့်စဥ်၊ မူလ အမတေ ငါးပါး ချီဓား...
ထိုတိုက်ခိုက်မှု တစ်ခုချင်းစီကား ကမ္ဘာပျက် မတတ် မဟာ နတ်ဘုရား စွမ်းအားများ ဖြစ်သည်။ ၎င်းတို့သည် နတ်ဘုရားဂိုဏ်းကြီး တစ်ခုချင်းစီ၏ ထိပ်တန်း ကျင့်စဥ်များလည်း ဖြစ်၏။ အကယ်၍ မဟာ ကျင့်ကြံသူ တစ်ပိုင်းများသာ ထိုတိုက်ခိုက်မှုများအား ရင်ဆိုင်ရပါက ချက်ချင်းပင် သေဆုံး သွားလောက်ပြီ ဖြစ်လေသည်။
သို့သော်လည်း ကံဆိုးစွာပင် နတ်ဘုရားအရှင် တထျန်းသည် သူ ရပ်တည်နေရာ နယ်ပယ်တွင် ပြိုင်ဘက်ကင်း၏။
“အားနည်းလွန်းတယ်...”
တထျန်းက နှာခေါင်းရှုံ့က လက်သီးအား ထိုးနှက်လိုက်လေသည်။
“ဘုန်း...”
ထိုတိုက်ခိုက်မှုသည် နေအဖွဲ့အစည်း တစ်ခုလုံးကိုပင် လှုပ်ခါသွားစေသည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းသည် အရပ်ရပ်သို့ ဖြတ်သန်းသွားရကား အနီးအနားရှိ ဥက္ကာခဲနှင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား များစွာမှာ ပေါက်ကွဲ၍ပင် သွားရလေ၏။ ထိုတိုက်ခိုက်မှုသည် အလုံးစုံကို ဖြတ်သန်းကာ ချန်းဖန်အား တည့်တည့် ထိုမှန်လေ၏။
“ဘုန်း...”
နတ်ဘုရား အရှင် တထျန်း၏ လက်သီးနှင့် ထိမှန်သည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်မှာ မီးရှုူမီးပန်း တစ်ခု အဖြစ် ပေါက်ကွဲသွားသည်။ သူ၏ သွေးများမှာ နေရာအနှံ့ ပြန့်ကျဲသွားကာ အရိုးများမှာလည်း အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့လေသည်။ ကြယ်ပင်လယ်မှ လာသည့် စစ်တပ်ကြီးကို အနိုင်ယူခဲ့သည့် ချန်းပေ့ရွှမ်းကား နတ်ဘုရား အရှင် တထျန်း၏ အရှေ့၌ ပြုသမျှ နုခံ နေခဲ့ရပြီ ဖြစ်တော့သည်။
“နတ်ဘုရား အရှင်ချန်း သေသွားပြီလား”
မရေမတွက်နိုင်သော လူများမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ နေခဲ့ကြလေသည်။ သူတို့သည် ချန်းဖန် ရှုံးနိမ့်လိမ့်မည် ဖြစ်ကြောင်း အစောတည်းကပင် ခန့်မှန်း မိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ ရုပ်ပျက်ဆင်းပျက် ရှုံးလိမ့်မည်ဟု တွေးမထားခဲ့ကြချေ။ သူကား နတ်ဘုရားအရှင် တထျန်း၏ လက်သီး တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ချေ။
***