← Chapters

ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်မှု

Vol. 12 Ch. 1168

ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်မှု

Vol. 12 Ch. 1168

“ဆရာ...” “ဂိုဏ်းချုပ်...” “ရှောင်ဖန်...”

မြောက်ပိုင်းချုံး ဂိုဏ်းဝင်များစွာမှာ ကောင်းကင်သို့ ကြည့်ကာ အော်ဟစ် လိုက်ကြလေသည်။ အန်တီထန်၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ယှက်သမ်းနေ၏။ အကယ်၍ နဂါးအရှင်သာ တားထားခြင်း မပြုပါက သူတို့ အားလုံးမှာ ကောင်းကင်သို့ ပျံတက်ကာ ချန်းဖန်ထံသို့ ပျံသန်း သွားလောက်ကြပြီ ဖြစ်လေသည်။

“စိတ်မပူကြနဲ့... နတ်ဘုရားအရှင်ချန်းက အရမ်း အစွမ်းထက်တယ်... သူက အရမ်းကို အစွမ်းထက်တဲ့ နေရာ တစ်ခုက လာတဲ့လူ... သူ့ဆီမှာ ဘယ်သူမှ လိုက်မမီတဲ့ ဓမ္မ အစီအရင်တွေ နတ်ဘုရား စွမ်းအားတွေ အများကြီး ရှိသေးတယ်... သူက ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး”

နဂါးအရှင်က ပြောလိုက်လေသည်။ လူတိုင်းသည် စိုးရိမ်စွာဖြင့် ကောင်းကင်သို့ မော့ကြည့် လိုက်ကြသည်။

သူတို့သည် ပြန့်ကျဲနေသာ သွေးစက်များနှင့် အရိုးများ အကြား၌ သေးငယ်သော လူလေး တစ်ယောက် တင်ပျဥ်ချိတ်ကာ ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ အလင်းရောင်စဥ် ကိုးခုသည် သူ့အား ဝန်းရံနေကာ စကြဝဠာ တစ်ခုလုံးမှာ သူ့အား ဗဟိုပြုထားပုံ ရလေ၏။ သူကား ချန်းဖန်နှင့် အတိအကျ တူကာ ချန်းဖန်၏ အခြေတည် ဝိညာဥ်ပင် ဖြစ်လေသည်။

“ခရက်... ခရက်...”

ထိုအရာကား ပထမဆုံး အကြိမ်အဖြစ် ချန်းဖန်၏ အခြေတည် ဝိညာဥ် အပြင်လောကသို့ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။

သူသည် အလွန်အမင်း အေးစက်နေဟန် ရသည်။ ရောင်စုံအလင်းများသည် သူ မျက်လုံး ပိတ်လိုက် ဖွင့်လိုက်တိုင်း၌ တောက်ပစွာ ကွန့်မြူးနေ၏။ သူ၏ ခန္ဓာမှာ နတ်ဘုရား အလင်း၊ ဓမ္မ ဥပဒေသများဖြင့် ထူထပ် သိပ်သည်းစွာ ထုံမွှမ်းနေသည်။ များစွာသော ရွှေရောင် ပန်းပွင့်များသည် သူ၏ ခေါင်းထက်မှ နေ၍ ခြေဖဝါးသို့ ကြွေကျနေသည်။ ထိုဆန်းကြယ်ကာ လှပလှသော မြင်ကွင်းသည် လူတိုင်းကို အံ့သြ သွားစေ၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ... ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ အခြေတည် ဝိညာဥ်မျိုး ရှိတာလဲ...အဓိပ္ပာယ် မရှိတာ”

ကြယ်ကြွေ ဘုရင် ချင်ကျန်းသည် ထိုမြင်ကွင်းကို ကြည့်ကာ မယုံကြည်နိုင်စွာ ရေရွတ်လိုက်လေသည်။ တစ်ချိန်တည်း၌ ချီယွင်ဂိုဏ်း အကြီးအကဲ၊ ကောင်းကင်အရှင် အန်ပို၊ လင်းယွင်နှင့် ချန်ရှန်းဂိုဏ်းချုပ် လီယွမ်တို့ အပါအဝင် အခြားလူများမှာလည်း ဆွံ့အ နေခဲ့ကြလေ၏။

နဂါးအရှင်က စိတ်ထဲမှ ကြိတ်ကာ တွေးလိုက်လေသည်။ နတ်ဘုရား အရှင်ချန်း၏ အခြေတည် ဝိညာဥ်သည် ဗဟို ဂလက်စီ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကြီး၏ ကျင့်စဥ် တစ်မျိုးမျိုးဖြင့် ကျင့်ကြံထားခြင်း ဖြစ်ရပေမည်။ ထို့ကြောင့်ပင် ထိုမျှ ဆန်းကြယ်ကာ ခမ်းနားနေခြင်း ဖြစ်ပေလိမ့်မည်။

“ဟုတ်တယ်... အဲဒီ စွမ်းအင်မျိုးပဲ... ငါ နှစ်ပေါင်းသိန်းချီ အသက်ရှင်ခဲ့တဲ့ အတောအတွင်း မရေမတွက်နိုင်တဲ့ ဂြိုဟ်တွေကို စစ်ခင်းခဲ့ဖူးတယ်... ဒါပေမဲ့ မင်းလို စွမ်းအင်မျိုး ငါတစ်ခါမှ မတွေ့ဖူးခဲ့ဘူး... အဲဒီ စွမ်းအင်က လူသား ကမ္ဘာနဲ့တောင် လုံးဝ မသက်ဆိုင်ဘူး... ‌နတ်ဘုရား နယ်မြေက ရှေးဟောင်း နတ်ဘုရားတွေ ပိုင်ဆိုင်တဲ့ စွမ်းအင်မျိုးပဲ”

နတ်ဘုရားအရှင် တထျန်းက ချန်းဖန်၏ အခြေတည် ဝိညာဥ်ကို လောဘတကြီး ကြည့်လိုက်လေသည်။ သူသည် ချန်းဖန်၏ ခန္ဓာကိုယ်၌ ဝန်းရံနေသည့် ဓမ္မ ဥပဒေသများကို နတ်ဘုရား စိတ်အာရုံဖြင့် အခေါက်ခေါက် အခါခါ စစ်ဆေးနေ၏။ သူသည် ချန်းဖန်နှင့် စေ့စပ် ညှိနှိုင်းကာ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် မစောင့်နိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

“ခေါင်းသိပ်မာ မနေနဲ့... ငါ့ကိုသာ ပေးလိုက်... အခြေတည် ဝိညာဥ် အဆင့်လေး...”

နတ်ဘုရား အရှင် တထျန်းက တောင်တန်း တစ်ခုအလား ရှည်လျားသော လက်ကြီးကို ဆန့်ထုတ် လိုက်လေသည်။ သူ၏ လက်ချောင်း တစ်ချောင်းချင်းစီသည် ပေပေါင်း ထောင်ချီအောင် ရှည်လျားလှ၏။ ထိုအရာနှင့် ယှဥ်ပါက ချန်းဖန်၏ အခြေတည် ဝိညာဥ်မှာ ပုရွက်ဆိတ် တစ်ကောင်အရွယ်သာ ရှိပေသည်။

“ဖွဲ့စည်းစမ်း...”

ချန်းဖန်က အော်ဟစ်လိုက်၏။ အဇူရာ သက်ရှည် ခန္ဓာကိုယ်၏ နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သော “ပြန်လည် မွေးဖွားခြင်း” သည် ပြန်လည် အသက်ဝင် လာလေသည်။ အရပ်ရပ်သို့ ပြန့်ကျဲနေသာ သွေးများနှင့် အရိုးများသည် ဆင့်ခေါ် ခံရကာ ပြန်လည် စုစည်း လာကြ၏။ ၎င်းတို့သည် အခြေတည် ဝိညာဥ်ကို ဝန်းရံကာ ခန္ဓာ အသစ် တစ်ခု ပြန်လည် တည်ဆောပ်လေသည်။

နတ်ဘုရား ခန္ဓာ ပြန်လည် ဖြစ်တည်လာပြီးနောက် ချန်းဖန်က လက်သီးအား ဆုပ်ကာ ထိုးနှက် လိုက်လေ၏။

“မိစ္ဆာ ဘိုးဘေးခြောက်ပါး ကောင်းကင် ချိပ်ပိတ်ခြင်း ကျင့်စဥ်...”

မိစ္ဆာဘိုးဘေး ခြောက်ယောက်သည် ချန်းဖန်၏ နောက်တွင် ပေါ်လာကြသည်။ သူတို့သည် လျှင်မြန်စွာပင် ရှေးဟောင်း မိစ္ဆာ စွမ်းအင်များ ကိန်းဝပ်နေသည့် အမှောင်ကမ္ဘာ တစ်ခုကို ဖွဲ့စည်းကြ၏။ ထိုကမ္ဘာထဲ၌ မဟူရာ ရဲတိုက်ကြီး တစ်ခုမှာ ခန့်ညားစွာ ရပ်တည်နေသည်။ ထိုရဲတိုက်ပေါ်ရှိ သင်္ကေတ တစ်ခုချင်းစီကပင် အစစ်အမှန်နှင့် တူကာ ရှေးဟောင်းခေတ် မိစ္ဆာလောက၏ နတ်ဘုရားမှာ ထိုနေရာတွင် ခိုအောင်းနေဟန် ရလေ၏။

“ဘုန်း...”

အမှောင်လောက၏ စွမ်းအားသည် ချန်းဖန်၏ လက်သီးတွင် စုစည်းလာ၏။ ထိုအခိုက်၌ သူ၏ ခန္ဓာ၊ ဓမ္မ စွမ်းအားတို့သည် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ထိုတိုက်ခိုက်မှု ထွက်ပေါ်လာသည်နှင့် ကောင်းကင်မှာ အက်ကွဲကာ အပေါက်တစ်ခုပင် ပေါ်လာခဲ့လေသည်။

ထိုလက်သီးချက်ကား...

အိမ်ရှေ့မင်းသား ချင်ရဲ့ ပင်လျှင် လွယ်ကူစွာ ဖျက်ဆီးခံရနိုင်သည်။ ထိုအရာမှာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် အောက်အလွှာ၏ ထိပ်ဆုံးသို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ကံဆိုးစွာပင် ၎င်းမှာ အသုံးမဝင်ခဲ့ချေ။ နတ်ဘုရား အရှင် တထျန်းမှာ မဟာ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် အယောင်ဆောင် မဟာ ကျင့်ကြံသူ ဆိုသည့်တိုင် မဟာ ကျင့်ကြံသူ တစ်ယောက်၏ ဓမ္မ ဥပဒေသများကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သည်။

“ချန်းပေ့ရွှမ်း... မင်းခုထိ နားမလည်သေးဘူးပဲ”

နတ်ဘုရားအရှင် တထျန်းက ‌ခေါင်းခါကာ လက်အား ဝှေ့ယမ်းလိုက်လေ၏။ ထိုအခါ ချန်းဖန်မှာ နောက်သို့ လွင့်စဥ် သွားပြန်သည်။ သူသည် အနားရှိ လပေါ်သို့ ကျလေ၏။ လ၏ မျက်နှာပြင်မှာ တုန်ရီကာ အက်ကွဲကြောင်း တစ်ခုပင် ဖြစ်ပေါ်လာသည်။

“နောက်တစ်ကြိမ်...”

ချန်းဖန်က အော်ဟစ်လိုက်၏။ သူသည် အညံ့ခံရန် ဆန္ဒမရှိသေးချေ။ ရွှေရောင် မီးတောက်များသည် သူ၏ မျက်လုံးတွင် ဖြစ်တည်လာကာ ရောင်ခြည်တန်း တစ်ခု သဖွယ် တထျန်းထံ တိုးဝင် သွားလေသည်။

“ဘုန်း...”

သို့သော်လည်း တထျန်းမှာ ဘာမျှ မဖြစ်သည့် အပြင် တန်ပြန် တိုက်ခိုက်မှု အောက်တွင် သူ၏ ခန္ဓာကိုယ် သာလျှင် ပေါက်ကွဲ သွားရလေ၏။

“ဝှစ်... ဝှစ်...”

ချန်းဖန်သည် တစ်စက္ကန့် အတွင်းမှာပင် ပြန်လည် မွေးဖွားခြင်း မဟာ နတ်ဘုရား စွမ်းအားကို အသက်သွင်းကာ ခန္ဓာကိုယ်အား ပြန်လည် ဖွဲ့စည်းလိုက်သည်။ ထိုအခိုက်၌ သူ၏ ဆံပင် အချို့သည် အမတေ စွမ်းအင် ကျဆင်းမှုကြောင့် စတင်ကာ ဖြူရော် နေခဲ့ပြီ ဖြစ်လေ၏။

ထို့နောက် မကြာခင်မှာပင်...

“ဘုန်း...”

“ဘုန်း...”

ချန်းဖန်၏ ခန္ဓာကိုယ်မှာ တတိယ အကြိမ်မြောက်နှင့် စတုတ္ထ အကြိမ်မြောက် ပေါက်ကွဲ သွားရပြန်လေ၏။

“ဆရာ... ရပ်ပါတော့...”

ချီရှို့အာ၏ မျက်လုံးများမှာ မျက်ရည်များဖြင့် ရစ်သိုင်း နေခဲ့ပြီ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော လူများမှာလည်း ချန်းဖန်ကို သနားစွာ ကြည့်နေခဲ့ကြလေ၏။ အခြေအနေကား ချန်ပေ့ရွှမ်းနှင့် မြောက်ပိုင်းချုံး၏ ခေတ်တစ်ခေတ် အဆုံးသတ်ရန် သေချာနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း အာကာသထဲ၌ ချန်းဖန်မှာမူ အနိုင်အခံ အရှုံးမပေး တိုက်ခိုက်နေဆဲ ဖြစ်သည်။

“နတ်ဘုရား ပျံသန်းခြင်း...”

“မိုးကြိုး နတ်ဘုရားဓား...”

“မိစ္ဆာဘိုးဘေး ခြောက်ပါး ကောင်းကင် ချိပ်ပိတ်ခြင်း...”

“မဟာ ဖျက်ဆီးခြင်း နတ်ဘုရား လက်ဝါး...”

အစွမ်းထက်သော နတ်ဘုရား စွမ်းအားများသည် ချန်းဖန်၏ လက်များထံမှ ထွက်ပေါ်နေသည်။ ၎င်းတို့သည် ချန်းဖန်အား အကြိမ်များစွာ ကူညီကာ ရန်သူများစွာကို သုတ်သင်ပေးခဲ့သည်။ သို့သော်လည်း ထိုအခိုက်တွင်မူ ထိုအရာ အားလုံးကား အမှိုက်များ သဖွယ် ဖြစ်နေခဲ့သည်။ ချန်းဖန်သည် အထပ်ထပ်အခါခါ ကြိုးစား တိုက်ခိုက် နေသည့်တိုင် တထျန်းအား နောက်ဆုတ်အောင် မစွမ်းဆောင် နိုင်သေးချေ။

“အသုံးမဝင်ဘူး ချန်းပေ့ရွှမ်း... ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်နဲ့ အခြေတည် ဝိညာဥ် အဆင့်ကြား ကွာခြားချက်က သာမန် လူနဲ့ နတ်ဘုရား တစ်ပါးလို ကွာခြားတယ်... မင်းက အခြေတည် ဝိညာဥ် အဆင့်ကိုတောင် ခြေနှစ်ဖက်လုံး ချထားနိုင်တဲ့လူ မဟုတ်သေးဘူး... အရမ်း အားနည်းလွန်းတယ်”

နတ်ဘုရား အရှင် တထျန်းက ခေါင်းခါလိုက်သည်။

ချန်းဖန်သည် အကြိမ်များစွာ နောက်သို့ လွင့်စဥ် နေရသည့်တိုင် သူသည် တထျန်း၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ အချို့ ချန်ထားနိုင်ခဲ့သည်။ တထျန်းသည် ဂရုမစိုက်ဟန် ပြောနေသည့်တိုင် ချန်းဖန်၏ ဓားကျိုးကို အနည်းငယ် ထိတ်လန့် နေမိသည်။

မည်သို့ပင် ဆိုစေ ထိုအရာမှာ နတ်ဘုရားတို့ ကိုင်ဆောင်ခဲ့သော လက်နက်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပေသည်။ ထိုအရာသည် လုံလောက်စွာ အစွမ်းထက်သော လူ၏ လက်တွင် ဆိုပါက မဟာ ကျင့်ကြံသူ တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သည်။

“ရွှေရောင်လီ  မီးတောက်မျက်လုံး...”

ချန်းဖန်သည် သူ၏ ဝှက်ဖဲတစ်ခုကို စတင်ကာ အသုံးပြုလိုက်ပြီ ဖြစ်သည်။ ကြောက်မက်ဖွယ် မီးတောက် ကိုးခုသည် နဂါးကိုးကောင် အဖြစ် ပြောင်းလဲကာ အရှင် တထျန်းထံ တိုးဝင် သွား၏။ သို့သော်လည်း တထျန်းသည် ပါးစပ်ကို ဟကာ ထိုမီးတောက်များကို ဝါးမျို ပစ်လိုက်လေသည်။

“ဝှစ်...”

ချန်းဖန်သည် ရွှေရောင် လီမီးတောက်မျက်လုံး အသုံးမဝင်ကြောင်း မြင်သည်နှင့် အခြား စွမ်းအင်များအား နှိုးဆွလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဓမ္မ အသွင် ကိုးခုသည် ချန်းဖန်၏ ပတ်လည်တွင် လင်းလက်လာခဲ့၏။ ချန်းဖန်သည် မဟာ နတ်ဘုရား စွမ်းအား ကိုးခုကို အသက်သွင်းကာ တထျန်းကို တိုက်ခိုက်လိုက်ပြန်လေ၏။

“ရွှမ်မင်ရေ..”

“မဟာ ပျက်စီးခြင်း ကျင့်စဥ်...”

“မိုးကြိုး နတ်ဘုရားဓား...”

“တာတာအို မှော်ဆေးအိုး...”

“ ... “

ထိုနတ်ဘုရား စွမ်းအား တစ်ခုချင်းစီကား ချန်းဖန် ကျင့်ကြံ ရရှိထားသမျှထဲ၌ အစွမ်း အထက်ဆုံး နတ်ဘုရား စွမ်းအားများ ဖြစ်သည်။ ထိုအရာ တစ်ခုချင်းစီသည် ကောင်းကင် အဆင့်၏ ထိပ်ဆုံး သို့မဟုတ် အထွတ်အထိပ် အဆင့်များတွင် ရှိနေကြ၏။ နောက်ဆုံး တစ်ခုဖြစ်သော အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးဆိုလျှင် နေနှင့် လကိုပင် ကွယ်မတတ် ကြီးမားသော စွမ်းအင်များကိုပင် ထုတ်လွှတ် နေခဲ့လေသည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုများကို ခုခံရန် အတွက် အရှင် တထျန်းသည် လက်ကိုသာ ခါယမ်းလိုက်လေ၏။

“ခရက်...”

ထိုတစ်ချက်တွင်ပင် နတ်ဘုရား စွမ်းအား အကုန်လုံးသည် ကျိုးပျက်ကာ ချန်းဖန်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ သွားရလေ၏။ ချန်းဖန်ကား ရုပ်ပျက်ဆင်းပျက်ပင် ရှုံးနိမ့်နေခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters