အချိန်ဓား
Vol. 12 Ch. 1169
“ဝှစ်... ဝှစ်...”
ချန်းဖန်သည် ခန္ဓာကိုယ်ကို ခက်ခဲစွာ ပြန်လည် ဖွဲ့စည်းလိုက်ရ၏။ ပြန်လည် မွေးဖွားခြင်းသည် အလွန်တရာ အစွမ်းထက်သည့် နတ်ဘုရား စွမ်းအား တစ်ခု ဖြစ်သည့်တိုင် ကိုးကြိမ် ခန္ဓာ ပျက်စီး အပြီးတွင်မူ စတင်ကာ အားနည်း လာနေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်၏ ဆံပင်တစ်ဝက်ခန့်မှာ အဖြူရောင် အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာက သူ၏ သက်တမ်းမှာ တစ်ဝက်အထိ လျော့နည်း သွားခဲ့ပြီ ဖြစ်ကြောင်း ဆိုလိုပေသည်။
“ချန်းပေ့ရွှမ်း... မင်းက ပုရွက်ဆိတ် သာသာပဲ...”
နတ်ဘုရား အရှင် တထျန်းက ခြေထောက်ကို မြှောက်ကာ တက်နင်းချလိုက်၏။ အသစ် ပြန်လည် ဖွဲ့စည်းထားသော ချန်းဖန်၏ ခန္ဓာမှာ နောက်တစ်ကြိမ် ပေါက်ကွဲ သွားရပြန်သည်။
“ငါ့ဆရာကို လွှတ်ပေးလိုက်စမ်း...”
အားရှို့မှာ အော်ဟစ်ကာ ကောင်းကင်သို့ ပျံတက်လျှက် တိုက်ပွဲ အတွင်း တိုးဝင်လာ၏။ နဂါးအရှင် ပင်လျှင် သူမအား တားဆီးချိန် မရလိုက်ချေ။
“ဘုန်း...”
သူမသည် ကောင်းကင်အဆင့် ရွှေအမြုတေကို အသုံးပြုကာ အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးကို ဖော်ထုတ်လိုက်၏။ သို့သော်လည်း တထျန်း၏ မိုင်တစ်ရာ ပတ်လည်အတွင်း ဝင်ရောက်လာသည်နှင့် သူမမှာ ကျောက်ရုပ် တစ်ခု သဖွယ် အေးခဲ သွားခဲ့လေသည်။
“သူက မင်းတပည့်လား ချန်းပေ့ရွှမ်း... ငါ မင်းရှေ့မှာပဲ မင်းတပည့် တစ်ယောက်ချင်းစီကို သတ်ပြမယ်... ဒီတစ်ယောက်က ပထမဆုံးပဲ... မင်း ဘယ်လောက် စိတ်မာမလဲ ကြည့်ရသေးတာပေါ့”
နတ်ဘုရားအရှင် တထျန်းက စိတ်ခံစားချက် ကင်းမဲ့စွာ ပြောလိုက်လေသည်။
“ဆရာ... ကျွန်မကို ဂရုမစိုက်ပါနဲ့”
အားရှို့က ဆိုလိုက်၏။ သူမသည် ထိုလှုပ်ရှားမှု အတွက် နောင်တရဟန် တစ်ချက်ပင် မရှိချေ။ သူမ၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ပြတ်သားခြင်းများဖြင့် ပြည့်နှက်နေသည်။
“ဟဟ...”
တထျန်းက အေးစက်စက် ရယ်မောကာ အားရှို့ကို ဖမ်း၍ လက်များဖြင့် ညှစ်ဖျစ် လိုက်လေသည်။
“ဘုန်း...”
အားရှို့၏ ခန္ဓာကိုယ်လေးမှာ သူ၏ လက်အတွင်း နစ်မြုပ်ကာ ပေါက်ကွဲသွား၏။ နတ်ဘုရားအရှင် တထျန်းက ပေါက်ကွဲမှုများ ကြားမှာ ရွှေရောင် အလင်း ဝန်းရံနေသည့် သန့်စင်သော ဝိညာဥ်ကို ဆွဲယူလိုက်လေသည်။
“မလုပ်နဲ့...”
ထိုအခိုက်၌ မြောက်ပိုင်းချုံး၏ မရေမတွက်နိုင်သော တပည့်များမှာ မျက်ရည်များ စီးကျ လာကြလေသည်။
“အမရှို့...”
“ရှို့ရှို့...”
“အန်တီရှို့...”
များစွာသော လူများမှာ အော်ဟစ်လိုက်ကြသည်။ အန်တီထန်၊ ချီရှို့အာ၊ လုယန်ရွယ်၊ ကောပိုင်ရှင်း... လူတိုင်း၏ မျက်လုံးများမှာ ရဲရဲနီ နေ၏။
လုယန်ရွယ်က နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။
“ဘာမှမဖြစ်ဘူး... အားရှို့က အသက်ရှင်နေသေးတယ်... သူ့ရဲ့ နတ်ဘုရား ဝိညာဥ်က ရှိနေတုန်းပဲ... ရှောင်ဖန်က သူ့ အသက်ကို ကယ်ပြီး ခန္ဓာကိုယ် အသစ် ပြန်တည်ဆောက်ပေးလိမ့်မယ်...”
အခြားသော လူများသည် လုယန်ရွယ်ဘေးတွင် ရပ်ကာ ငြိမ်သက်စွာပင် ကောင်းကင်သို့ ကြည့်နေကြသည်။ သူတို့သည် ချန်းဖန် နိုင်ရန် အခွင့်အရေး မရှိတော့ကြောင်း သိရှိကြပေသည်။ သို့သော်လည်း သူတို့သည် နောက်ဆုံး ကောက်ရိုးတစ်မျှင် အဖြစ် ချန်းဖန် အနိုင်ရရှိရန် မျှော်လင့်နေဆဲ ဖြစ်သည်။
“ဘယ့်နှယ်လဲ ချန်းပေ့ရွှမ်း... မင်းအပေါ် သစ္စာ အရှိဆုံး တပည့်ရဲ့ နတ်ဘုရား ဝိညာဥ်က ငါ့လက်ထဲမှာ ရောက်နေပြီ... မင်း ဒူးထောက်ပြီး ငါ့ထံမှာ ခစားမယ် ဆိုရင် ဒီမိန်းကလေးကို ငါတပည့် အဖြစ် လက်ခံပြီး သင်ကြားပေးမယ်... မင်း ဆက်ပြီး ခေါင်းမာနေဦးမယ် ဆိုရင်တော့”
နတ်ဘုရား အရှင် တထျန်းက ပြုံးလိုက်သည်။ သို့သော်လည်း ထိုအပြုံးတွင် ရက်စက် ကြမ်းကြုတ်မှု တစ်ခုက တွဲလွဲခိုကာ ပါနေခဲ့လေ၏။
“ဝှစ်... ဝှစ်...”
ချန်းဖန်၏ ခန္ဓာကိုယ်သည် ဆယ်ကြိမ်မြောက် အဖြစ် ပြန်လည် ဖွဲ့စည်းလာ၏။ ထိုအခိုက်၌ သူ၏ ဆံပင် အားလုံးကား အဖြူရောင် အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ခန္ဓာကိုယ်အား ဖွဲ့စည်းပြီးသည်နှင့် ချက်ချင်းပင် ချန်းဖန်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ အော်ဟစ်လိုက်သည်။
“အချိန် ကုန်လွန်ခြင်း...”
“ဘုန်း..”
ထိုစကား ဆုံးသည်နှင့် မိုင်တစ်သောင်း ဧရိယာ အတွင်းရှိ ကောင်းကင်သည် ရုတ်တရက် ရပ်တန့်သွားသည်။ လေသည် ရပ်ကာ မိုးမှာလည်း တန့်၏။ လူများနှင့် အမတေချီ၊ ဓမ္မ ဥပဒေသတို့ ပင်လျှင် လှုပ်ရှားခြင်း မရှိတော့ချေ။
ပေတစ်သောင်းခန့် ရှည်လျားကာ ရှေးဟောင်း ကျောင်းတော်သား ဝတ်စုံ ဆင်မြန်းထားသည့် အဇူရာ ဝတ်စုံဝတ် အရိပ် တစ်ခုသည် ချန်းဖန်၏ နောက်တွင် ရပ်နေ၏။ သူသည် ဒဏ္ဍာရီများထဲမှ ထွက်ပေါ်လာဟန် ရကာ ကောင်းကင်ကို သိမ်းပိုက်၍ လောကကို ဧကရာဇ် ကဲ့သို့ ငုံ့ကြည့်၏။
မဟာ နတ်ဘုရား စွမ်းအား အချိန်ကုန်လွန်ခြင်း...
အဇူရာ သက်ရှည်သည် ထိုနတ်ဘုရား စွမ်းအားကို အသုံးပြုကာ မရေမတွက်နိုင်သည့် ဂြိုဟ်နယ်မြေများကို သိမ်းပိုက်ခဲ့သည်။ ထိုအရာသည် ချန်းဖန် ပိုင်ဆိုင်ထားသမျှထဲ၌ အစွမ်း အထက်ဆုံး ဝှက်ဖဲ ဖြစ်ပေ၏။ ချန်းဖန်သည် ထိုအရာကို အသုံးပြုခဲပြီး သေရေး၊ ရှင်ရေးနှင့် ရင်ဆိုင်သော အချိန်များတွင်သာ ထုတ်ဖော်လေ့ ရှိပေသည်။
ထိုအခိုက်၌ ပေပေါင်း တစ်ဘီလျံမျှ မြင့်မားသည့် နတ်ဘုရား အရှင် တထျန်း ပင်လျှင် လေထဲ၌ အေးခဲ နေခဲ့လေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှံ့နွံ တစ်ခုအတွင်း ကျရောက်နေဟန် ရကာ လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေ၏။ သူ၏ မျက်လုံးများကမူ ချန်းဖန်အား အံ့အားသင့်စွာ ကြည့်နေခဲ့လေ၏။
“ဓား...”
ချန်းဖန်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ လေထုကို ဆုပ်ကိုင်လိုက်၏။ တစ်ချိန်တည်း၌ အဇူရာ သက်ရှည်သည် ရှေးဟောင်းခေတ်များကိုပင် တုန်လှုပ်စေသည့် သူ၏ နတ်ဘုရား ရတနာကို ဆွဲကိုင်လေ၏။ ၎င်းသည် ချန်းဖန် အတိုင်း လိုက်လံ လှုပ်ရှားကာ အချိန်တို့၏ ဓားဖြင့် နတ်ဘုရားအရှင် တထျန်းအား ခုတ်ထစ်လိုက်လေတော့၏။
“ဘုန်း...”
ဓားသည် အရှိန်ပြင်းစွာ ကျဆင်းလာ၏။ တထျန်းမှာ ယခုအချိန်ထိ လေထဲတွင် အေးခဲနေဆဲ ဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မလှုပ်ရှားနိုင်ကြသည့်တိုင် ယခုတစ်ကြိမ်တွင် ချန်းဖန် နိုင်ပြီဟု တွေးလိုက် မိကြလေသည်။
ရုတ်တရက်...
“ခရက်...”
ဖန်ခွက်တစ်ခု အက်ကွဲသွားသည့် အလား ကောင်းကင်သည် ထက်ပိုင်းကွဲသွား၏။ လောက တစ်ခုလုံးသည် ပေါ့ပါးသွားကာ နတ်ဘုရား အရှင် တထျန်း အပါအဝင် အားလုံးမှာ သာမန် အခြေအနေသို့ ပြန်လည် ရောက်ရှိ သွားခဲ့လေသည်။
“ဘာဖြစ်သွားတာလဲ...”
မရေမတွက်နိုင်သော လူများမှာ အံ့အားသင့် သွားကြသည်။ ချန်းဖန်သည် အနိုင်ရရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။ မည်ကဲ့သို့ သူ ကျဆုံးသွားရသနည်း။
ထိုအခိုက်၌ လူများသည် ချန်းဖန်၏ ဆံပင်များမှာ အလုံးစုံ ဆွတ်ဆွတ်ဖြူ နေသည်ကို တွေ့မြင် ကြရသည်။ အနက်ဟူ၍ တစ်ချောင်းပင် မကျန်ရှိတော့ချေ။ တစ်ချိန်တည်း၌ သူ၏ အရေပြားမှာလည်း အဘိုးအို တစ်ယောက် ကဲ့သို့ ရှုံ့တွ သွားခဲ့ပြီ ဖြစ်၏။ သူ၏ ခါးပင်လျှင် အနည်းငယ် ကိုင်းညွှတ်နေသည်။
အဇူရာ သက်ရှည်သည် သက်ပြင်းရှည် တစ်ချက် ချလိုက်၏။ ထို့နောက် သူသည် ဓားနှင့် အတူ လေထဲသို့ တိုးဝင်ကာ ပြန်လည် ပျောက်ကွယ် သွားခဲ့လေသည်။
“သူ ဘာလို့ ရှုံးသွားတာလဲ... သူ့ဓားက တထျန်းကို သတ်တော့မှာ မဟုတ်ဘူးလား”
တစ်ယောက်က ဝမ်းနည်းစွာ ရေရွတ်လိုက်၏။
နဂါးအရှင်က ခေါင်းအး ငုံ့လိုက်သည်။
“မဟာ ကျင့်ကြံသူ အပါအဝင် အရာအားလုံးကို အေးခဲ ပစ်နိုင်တဲ့ နတ်ဘုရား စွမ်းအားပဲ... ဒါပေမဲ့ နတ်ဘုရား အရှင် တထျန်းက အရမ်း အစွမ်းထက်လွန်းတယ်... သူက ငါးတွေကို အုပ်စိုးထားတဲ့ မြစ်ကြီးတစ်စင်းလိုပဲ... ငါးက သေးသည်ဖြစ်စေ ကြီးသည်ဖြစ်စေ... အရာအားလုံးက သူ့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ... နတ်ဘုရား အရှင်ချန်းက အရမ်း အစွမ်းထက်တယ် ဆိုပေမဲ့ သူ့ရဲ့ အခြေတည် ဝိညာဥ် အဆင့် စွမ်းအားက အရှင် တထျန်းကို သတ်ဖို့ မလုံလောက်ဘူး”
“နှမြောဖို့ ကောင်းလိုက်တာ... သူက ခြေတစ်လှမ်းပဲ လိုတော့တယ်... ခြေတစ်လှမ်းလေးပဲ”
နဂါးအရှင်က ခေါင်းအား ခါလိုက်သည်။
“အဟွတ်... အဟွတ်...”
ချန်းဖန်သည် ချောင်းဆိုးရင်း သွေးတစ်လုတ် အန်လိုက်ရ၏။ သူ၏ ခါးသည် ပိုမို ကိုင်သွားလေရာ သူ၏ အသွင်မှာ ပို၍ အိုမင်းသွားသယောင် ထင်လိုက်ရလေသည်။
နတ်ဘုရား အရှင် တထျန်းမှာ ချန်းဖန်ကို တဒင်္ဂမျှ ကြောင်ကာ ကြည့်နေမိ၏။ တစ်ခဏ ကြာပြီးနောက် သူက ခေါင်းခါကာ ပြောလိုက်သည်။
“ချန်းပေ့ရွှမ်း... မင်းမှာ ဒီလို ဝှက်ဖဲမျိုး ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး... အဲဒါက နတ်ဘုရား ကျင့်စဥ် တစ်ခုလား ဒါမှမဟုတ်... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရတနာ တစ်ခုခု ဝှက်ထားတာလား... ဘာပဲဖြစ်ဖြစ် အဲဒါက ငါ့အပိုင်ပဲ... မင်း ငါ့ကို လွှဲပေးရင် ပေး... မပေးရင်တော့ ငါ မင်းတပည့်နဲ့ ဂြိုဟ်မှာ နေထိုင်တဲ့ လူအားလုံးကို သတ်မယ်”
နတ်ဘုရား အရှင် တထျန်းသည် ချန်းဖန် မဟာ အခွင့်အရေး ဆိုသော အရာကို ရရှိထားကြောင်း သိရှိ သွားခဲ့ပြီ ဖြစ်သည်။ မည်သည့် နည်းလမ်း သုံးရစေကာမူ သူသည် ထိုအရာကို ရအောင် ယူမည် ဖြစ်သည်။
ချန်းဖန်၏ မျက်လုံးများသည် ဖြည်းညင်းစွာ မှိတ်သွား၏။ သူ၏ မျက်နှာသည် တည်ကြည်နေကာ အတွေးများ လေလွင့်သွားပုံ ရလေသည်။
“မင်း ဘာလို့ ဘာမှ မပြောတာလဲ”
နတ်ဘုရား အရှင် တထျန်းက မျက်မှောင်ကြုတ်လိုက်၏။ တစ်ချိန်တည်း၌ သူ၏ နောက်လိုက်များမှာ ပျံသန်းလာကာ သူ၏ နံဘေးတွင် ဝန်းရံလိုက်ကြလေသည်။
“ပုရွက်ဆိတ်ကောင်... အရှင်က မင်းကို ကောင်းချီးပေးနေတာ... မင်း အနေနဲ့ သူ့ကို မင်း ပိုင်ထားတဲ့ အရာကို ပေးလိုက်ရုံပဲ... အဲဒါဆို မင်းရော မင်းရဲ့ ဂြိုဟ်တစ်ခုလုံးက သူ့ရဲ့ စောင်မကြည့်ရှုမှုကို ခံရလိမ့်မယ်... မဟုတ်ဘူး ဆိုရင်တော့ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ”
“ဟုတ်တယ် ချန်းပေ့ရွှမ်း... အမှား မလုပ်စမ်းနဲ့”
နတ်ဘုရား အရှင် တထျန်းသည် သူ၏ နောက်လိုက်များကို ဂြိုဟ်များစွာမှ စုစည်း ထားခဲ့ခြင်း ဖြစ်သည်။ သူသည် သူတို့ကို အတော်အတန် လေ့ကျင့် ထားပေးခဲ့၏။ သူတို့ တစ်ယောက်ချင်းစီမှာ အခြေတည် ဝိညာဥ် အဆင့်များ ဖြစ်ပြီး ထိုအဆင့်၏ ထိပ်ဆုံး၌ ရပ်တည် နေကြသူများ ဖြစ်သည်။
ချန်းဖန်မှာမူ မည်သူ့ စကားကိုမျှ မကြားသည့် အလား မျက်လုံးကို မှိတ်ထားဆဲ ဖြစ်သည်။ သူသည် လောကကြီးနှင့် အဆက်ပြတ်နေဟန် ရလေ၏။
“ဟမ်...”
တထျန်း၏ မျက်လုံးများမှာ ပို၍ ကျဥ်းမြောင်းသွား၏။
“ကောင်းပြီလေ... မင်းကို စဥ်းစားဖို့ အချိန် နှစ်နာရီ ပေးမယ်... အမိန့်မနာခံချင်ဘူး ဆိုရင်တော့ မင်းရဲ့ ကမ္ဘာသားတွေ အကုန်လုံး အသတ်ခံရမယ်”
ထို့နောက် သူက ကမ္ဘာမြေပေါ်ရှိ အခြေတည် ဝိညာဥ် အဆင့်များကို ကြည့်ကာ ကြေညာလိုက်၏။
“အချိန်ပြည့်တဲ့ အခါမှာ မင်းတို့ထဲက မြောက်ပိုင်းချုံးဂိုဏ်းသား တစ်ယောက်ကို သတ်နိုင်တဲ့ ဘယ်သူမဆို ကောင်းကင်ဆေး တစ်လုံး ရမယ်... နှစ်ယောက်ကို သတ်ရင် နှစ်လုံးရမယ်... များများသတ်နိုင်လေလေ များများ ရလေပဲ... အဆင်သင့် ပြင်ထားကြ”
ထိုကြေညာသံ အဆုံး၌ ကမ္ဘာပေါ်ရှိ လူအားလုံး၏ မျက်နှာများမှာ ဖြူရော် သွားကြလေတော့သည်။
***