← Chapters

ငါ့နာမည်က

Vol. 12 Ch. 1170

ငါ့နာမည်က

Vol. 12 Ch. 1170

မြောက်ပိုင်းချုံး တပည့်များမှာ ဝမ်းနည်းနေကြသလို တစ်ချိန်တည်း၌ အလွန်တရာ ဒေါသထွက် နေကြသည်။ သူတို့သည် ကောင်းကင်အရှင် အန်ပို၊ ရှင်းဟူ၊ ရွှေရောင်ကလန် ဘိုးဘေးတို့ အပါအဝင် များစွာသော အခြေတည် ဝိညာဥ် အဆင့်များထံမှ ဆာလောင်‌နေသော ဝံပုလွေအလား  ရက်စက် ကြမ်းကြုတ်သော အကြည့်များကို ခံစားမိကြပေသည်။

မြောက်ပိုင်းချုံးကား တစ်ခဏ အတွင်းမှာပင် အမဲလိုက်ကွင်းကြီး သဖွယ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။ မြောက်ပိုင်းချုံး တပည့်များသည် သားကောင်များ ဖြစ်သွားကြကာ ဧည့်သည်များမှာ ကျားရိုင်းများ သဖွယ် ဖြစ်သွားကြသည်။ ကောင်းကင်အရှင် ရှင်းဟူသည် နတ်ဆိုးတစ်ကောင်အလား ပြုံးရင်း ချီရှို့အာနှင့် လုယန်ရွယ်တို့ အနားသို့ သိသိသာသာ ကပ်လာခဲ့၏။

“မြောက်ပိုင်းချုံးနဲ့ ငါတို့ရဲ့ နောက်ဆုံးနေ့ကို ရောက်လာခဲ့ပြီ ထင်တယ်...”

ကျန်းချူရန်က ဝမ်းနည်းနေသော မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်လေသည်။

“ဆရာ... ကျွန်မတို့ တကယ် သေရတော့မှာလား...”

ချီရှို့အာက ခေါင်းကို မော့ကာ ကောင်းကင်၌ တည်ငြိမ်စွာ ထိုင်နေသာ ချန်းဖန်ကို ကြည့်လိုက်လေသည်။ လင်းဝူဟွာကမူ ကျောထက်မှ အနက်ရောင်ဓားကို ဆွဲထုတ်ကာ ကောင်းကင်အရှင် ရှင်းဟူ၏ လမ်းကို ပိတ်ကာ ရပ်လိုက်၏။

နတ်ဘုရား အရှင် တထျန်း ကန့်သတ်ထားသော အချိန်ကား တဖြည်းဖြည်း နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။

“တစ်နာရီ...”

“မိနစ် သုံးဆယ်...”

“ဆယ်မိနစ်...”

“ငါးမိနစ်...”

အခြားဂြိုဟ်များမှ ရောက်လာကြသည့် ကျင့်ကြံသူများမှာ ‌ခေါင်းများကို ခါယမ်း လိုက်ကြလေသည်။ ချန်းပေ့ရွှမ်း၏ ဒဏ္ဍာရီကား မကြာခင် အဆုံးသတ် ပေတော့မည်။

“တစ်မိနစ်...”

“စက္ကန့် သုံးဆယ်...”

“စက္ကန့် နှစ်ဆယ်...”

ကျားရိုင်းကြီးများကား အမဲလိုက်ရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။ နတ်ဘုရား အရှင် တထျန်းက သူ၏ လက်ထဲရှိ အားရှို့၏ နတ်ဘုရား စိတ်ဝိညာဥ်ကို ဖောက်ခွဲပစ်ရန် ဟန်ပြင်လိုက်လေ၏။

ထိုအချိန်တွင်ပင် ရုတ်တရက်...

ချန်းဖန်သည် မျက်လုံးများ ပွင့်လာကာ အူလှိုက်သည်းလှိုက် ရယ်မော လိုက်လေ၏။ သူကား တန်ဖိုးထားရသော အရာကို ရုတ်တရက် ပြန်တွေ့ရ၍ ပျော်ရွှင်သွားသော ကလေးငယ် တစ်ဦးအလားပင်။

“မင်း ဘာရယ်တာလဲ...”

နတ်ဘုရား အရှင် တထျန်းက သူ့အား ကြည့်ကာ မေးလိုက်သည်။ များစွာသော လူများမှာ ခေါင်းခါကာ သက်ပြင်းများ ချလိုက်ကြသည်။ ချန်းပေ့ရွှမ်း ရှုံးနိမ့်မှု စိတ်ဒဏ်ရာဖြင့် ရူးသွပ်သွားပုံ ရပေသည်။

ချန်းဖန်က ရယ်မောခြင်းကို ရပ်ကာ တထျန်းကို မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးများက အလွန်အမင်း နက်ရှိုင်းနေသည်။

“မင်း ငါဘယ်သူလဲ ဆိုတာ သိလား... ငါ့နာမည်က ဘာလဲ ဆိုတာ မင်းသိလား...”

“မင်း ဘယ်သူလဲ မင်းနာမည် ဘာလဲ ဆိုတာကို ငါ ဘာလို့ ဂရုစိုက်ရမှာလဲ... မင်းက အဇူရာ သက်ရှည် မလို့လား.. အထွတ်အမြတ်မြေ တစ်ခုရဲ့ မင်းသား တစ်ယောက်မလို့လား... ဒါမှမဟုတ် နတ်ဘုရားဂိုဏ်းကြီး ကိုးဂိုဏ်းက တပည့် တစ်ယောက် မလို့လား”

နတ်ဘုရားအရှင် တထျန်းက လှောင်ပြောင်ဟန် အနည်းငယ် ရယ်မောလိုက်၏။ သူ၏ နောက်လိုက်များမှာလည်း အူလှိုက်သည်းလှိုက် လိုက်ခံ ရယ်မောလိုက်ကြလေသည်။

သို့သော်လည်း ချန်းဖန်မှာမူ ထိုအရာကို ဂရုစိုက်ဟန် မရချေ။ သူ၏ မျက်လုံးများသာလျှင် တစ်စထက် တစ်စ ပိုမို လေးနက် လာနေခဲ့လေ၏။

“ပြန်လည် မွေးဖွားလာတဲ့ အချိန်က စလို့ လူတွေက ငါ့ကို ဆရာချန်း၊ ဗိုလ်ချုပ်ချန်း၊ တန်ခိုးရှင်ချန်း၊ ဝမ်ရှင်း တန်ခိုးရှင်ချန်း၊ ဆေးဧကရာဇ်ချန်း စသဖြင့် အမျိုးမျိုး ခေါ်ခဲ့ကြတယ်...  ဒါပေမဲ့ ဘယ်အရာကမှ ငါ့ရဲ့ အစစ်အမှန် နာမည် မဟုတ်ခဲ့ဘူး... ဆုံးရှုံးပြီးတဲ့ အချိန်က စလို့ ငါ အကြိမ်ကြိမ် ရှာဖွေခဲ့တယ်... ငါ တာအို သစ်သီး တစ်ဝက်ကို ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နေရာချခဲ့တာတောင် ရှာမတွေ့ခဲ့ဘူး... ဒါကြောင့်ပဲ ငါဟာ အဲဒါကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ်... အချိန်ဓားနဲ့ မတိုက်ခိုက်ခင် အချိန်အထိ‌ပေါ့... ခု အဲဒါက အမြဲ ရှိနေတယ် ဆိုတာ ငါ နားလည်ခဲ့ပြီ”

“ဟုတ်လား... မင်းက ဘယ်သူမလို့လဲ”

တထျန်းက ပြုံးကာ မေးလိုက်၏။

“မင်း မြင်ချင်လား...”

ချန်းဖန်က သူ့အား တည့်တည့် ကြည့်လိုက်သည်။

“ကောင်းပြီလေ ပြကြည့်...”

တထျန်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူ၏ နောက်လိုက်များမှာလည်း ချန်းဖန်အား ငပေါတစ်ကောင် အလား လှောင်ပြောင်ဟန် မျက်လုံးများဖြင့် ကြည့်နေခဲ့ကြလေသည်။

“ကောင်းပြီလေ...”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ပတ်လည်ရှိ စွမ်းအင်သည် ကျဆင်းကာ သာမန် လူတစ်ယောက် အဖြစ် ပြောင်းလဲ သွားခဲ့သည်။ အခြားလူများ ရယ်မောရန် ဟန်ပြင်လိုက်စဥ်မှာပင် အလင်းတန်း တစ်ခုသည် ချန်းဖန်၏ ထျန်းတျန်၊ ခန္ဓာနှင့် နတ်ဘုရား ဝိညာဥ်တို့မှ ထွက်ပေါ်လာ၏။ ထို့နောက် အလင်းတန်းများသည် လောကတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။

“ဘာလဲ...”

လူအများ၏ မျက်နှာထက်ရှိ အပြုံးများမှာ အေးခဲသွား၏။ သူတို့သည် မျက်လုံးများကို ပွတ်သပ်ကာ သေချာအောင် ပြန်လည် ကြည့်လိုက်ကြသည်။

သူတို့ တွေ့လိုက်ရသည့် အရာကား မရေမတွက်နိုင်သော အလင်းများ ခြံရံနေသည့် မိုင်သန်းထောင်ချီ ရှည်လျားသော နတ်ဘုရားကြီး တစ်ပါး ဖြစ်၏။ သူသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ မျက်နှာမှာမူ ချန်းဖန်နှင့် ဆင်တူပေသည်။ ထိုနတ်ဘုရားမှာ အလွန်တရာ ခမ်းနား မြင့်မြတ်ကာ ကြောက်မက်ဖွယ် ကောင်းလွန်းလှရကား လူများမှာ ‌ယောင်ယမ်းကာ ဒူးထောက်လိုက်မိကြလေသည်။ သူ၏ ရှေ့မှောက်၌ နတ်ဘုရား အရှင် တထျန်း ပင်လျှင် ပုရွက်ဆိတ် တစ်ကောင်အလား သေးငယ်နေခဲ့လေသည်။

တထျန်းမှာ နေရာတွင်ပင် ကြောင်အကာ ရပ်နေမိကာ သူ၏ နောက်လိုက်များမှာမူ ဒူးထောက်ကာ မြင့်မြတ်သော နတ်ဘုရားကို အရိုအသေပင် ပေးနေခဲ့ကြပြီ ဖြစ်သည်။

ထို့နောက် ရှေ့‌‌ဟောင်း နတ်ဘုရားသည် ပါးစပ်ကို ဟကာ စကား တစ်ခွန်းကို ရေရွတ်လိုက်၏။ သူ၏ လေသံနှင့် အရှိန်အဝါတွင် အာကာသ တစ်ခုလုံးမှာ တုန်ရီယိမ်းထိုး သွားတော့၏။

ထိုစကားကား...

“ငါ့နာမည်က...”

“မြောက်ပိုင်း ကောင်းကင်အရှင်...”

***

အာကာသထဲ၌...

နေအလင်းသည် မှေးမှိန်နေကာ လမှာလည်း မှောင်မိုက်နေ၏။ မရေမတွက်နိုင်သော လူများသည် ကောင်းကင်ကို နင်းလျှက် ရပ်နေသော မြောက်ပိုင်း ကောင်းကင်အရှင်ကို ဒူးထောက် ခစားနေမိကြသည်။ သူတို့၏ စိတ်များသည် ဟာလာဟင်းလင်း ဖြစ်နေကာ မည်သည့် စဥ်းစား တွေးခေါ်မှုကိုမှ ပြုနိုင်ခြင်း မရှိတော့ချေ။ သူတို့သည် နတ်ဘုရားအား ခစားရန် ဟူသော အတွေးတစ်ခုကိုသာလျှင် ပိုင်ဆိုင် ထားကြပေသည်။

“သူက ဘယ်သူလဲ... ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းရတာလဲ”

နတ်ဘုရား အရှင် တထျန်းမှာ တုန်ရီနေသည်။ သူသည် ထိုအရာမှာ ပုံရိပ်ယောင် တစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်ရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ထိုအရှိန်အဝါ၏ အောက်၌ သူကား လက်တစ်ဖက်ကိုပင်လျှင် မမြှောက်နိုင်ခဲ့ချေ။ သူသည် ပထမဆုံး အကြိမ် တန်ခိုးရှင် နတ်ဘုရား ဘုရင်ကို တွေ့မြင်ခဲ့ရသည့် နေ့အား ပြန်လည် အမှတ်ရမိ၏။ ထိုနေ့၌ သူသည် အဆုံးစွန်သော အားငယ်မှုကို ခံစား ခဲ့ရသည်။ ထိုစွမ်းအားကား သူ ဘယ်တော့မှ အလှမ်းမီလိမ့်မည့် စွမ်းအား မဟုတ်ပါချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ... ငါက နတ်ဘုရား အရှင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူလေ... ဒီဂြိုဟ်နယ်မြေကို နှစ်တစ်သိန်း အုပ်စိုးခဲ့တဲ့ အင်ပါယာလေ... ဒီနယ်မြေမှာ ဘယ်ပုဂ္ဂိုလ်ကမှ ငါ့ကို ကြောက်အောင် မလုပ်နိုင်ဘူး... ငါ မယုံဘူး”

တထျန်းက စိတ်ထဲမှ အတင်းအကြပ် ငြင်းဆန်လိုက်သည်။ ထိုအချိန်တွင်ပင် အချို့ ကျင့်ကြံသူများမှာ ပြန်လည် အသိသက်ဝင် လာကြ၏။

“ဘယ်... ဘယ်သူလဲ... အဲဒါက ဘာကြီးလဲ... မြောက်ပိုင်း ကောင်းကင်ကင်အရှင်လို့ ခုနက သူ့ကိုယ်သူ ပြောလိုက်တာလား... ငါ တစ်ခါမှလည်း မကြားဖူးဘူး”

“ဟုတ်တယ်... သူ ဘယ်ကလာတာလဲ... ဘာလို့ သူက နတ်ဘုရား အရှင်ချန်းနဲ့ တူနေရတာလဲ... နတ်ဘုရား အရှင်ချန်းက ရှုံးသွားပြီ မဟုတ်ဘူးလား... ဘာလို့ ဒီနတ်ဘုရားကြီးက ရုတ်တရက် ပေါ်လာရတာလဲ... အဲဒါက ဓမ္မ အသွင်လား... ဒါမှမဟုတ် အစစ်အမှန် ခန္ဓာလား”

“နတ်ဘုရား အရှင်ချန်းက မြောက်ပိုင်း ကောင်းကင်အရှင် များလား...”

မ‌ရေမတွက်နိုင်သော လူများမှာ အံ့သြ ကြောက်ရွံ့ နေကြ၏။ သူတို့သည် မည်သည့် အရာကိုမျှ နားမလည်နိုင်ချေ။

နဂါးအရှင်သည် လေးစားမှုများ ပြည့်ရွှမ်းနေသည့် မျက်လုံးများဖြင့် ကောင်းကင်သို့ မော့ကြည့်နေသည်။ သူသည် နှစ်ပေါင်း သုံးသောင်း အသက်ရှင်ခဲ့သော်လည်း ခရမ်းကောင်းကင် အထွတ်အမြတ်မြေမှ သူတော်စင် တစ်ယောက် အကြောင်းကိုသာ ကြားဖူးခဲ့သည်။

ခရမ်း‌ရောင် ကောင်းကင် အထွတ်အမြတ်မြေသည် ဂြိုဟ်နယ်မြေများစွာကို အုပ်စိုးထားသည်။ အပိုလို နန်းတော် ကဲ့သို့သော အင်အားကြီး ဂိုဏ်းများမှာ ထိုဂိုဏ်းနှင့် ယှဥ်ပါက ပုရွက်ဆိတ် သဖွယ်သာ ဖြစ်သည်။ ခရမ်း‌ရောင် ကောင်းကင် အထွတ်အမြတ်မြေ ထိုမျှ အင်အားကြီးရသည့် အကြောင်းရင်းကား သူတို့တွင် သူတော်စင် အဆင့် ကျင့်ကြံသူ တစ်ယောက် ရှိခြင်းကြောင့် ဖြစ်သည်။

နဂါးအရှင်မှာ စိတ်ထဲမှ ပုံဖော်ကြည့် နေမိ၏။ ထိုသူတော်စင်မှာ ကောင်းကင်ထက်ရှိ မြောက်ပိုင်း ကောင်းကင်အရှင် နှင့် တူနေမည်လား။

တစ်ချိန်တည်း၌ ချင်ကျန်းမှာ နေရာတွင်ပင် ကျက်သေသေကာ ရပ်နေမိ၏။ သူ၏ စိတ်ခံစားချက်များမှာ အလွန်ပင် ရှုပ်ထွေးနေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ... ဘာလို့ သူက ရုတ်တရက်ကြီး အစွမ်းထက် သွားတာလဲ... အဓိပ္ပာယ် မရှိတာ... သူက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ထက်တောင် ပိုပြီး သန်မာနေပုံ ရတယ်”

“မဟုတ်မှ လွဲရော...”

“သူက တကယ်ပဲ မဟာ ကျင့်ကြံသူ တစ်ယောက် ပြန်ပြီး မွေးဖွားလာတဲ့ သူများလား...”

ချင်ကျန်းမှာ ကြောက်လန့်မှုကြောင့် တုန်ရီသွား၏။ အကယ်၍ ချန်းပေ့ရွှမ်းသာ မဟာ ကျင့်ကြံသူ ဝင်စားသည့် လူတစ်ယောက်မှန်း စောစောသိခဲ့ပါက အပိုလို နန်းတော်သည် သူ့အား ဘယ်တော့မှ ရန်စ ခဲ့လိမ့်မည် မဟုတ်ပါချေ။

ချင်ကျန်းကား ဖြစ်နိုင်လျှင် အပိုလို နန်းတော်သို့ ချက်ချင်းပင် ပြန်ကာ ဖခင် ဖြစ်သူနှင့် အကိုများကို သူတို့ သံမဏိပြား တစ်ခုနှင့် ဝင်တိုက်မိပြီ ဖြစ်ကြောင်း ပြောပြချင်နေခဲ့ပြီ ဖြစ်လေသည်။

“ခု ပုရွက်ဆိတ်က ဘယ်သူလို့ မင်းထင်လဲ...”

မြောက်ပိုင်း ကောင်းကင်အရှင်က တထျန်းကို ငုံ့ကြည့်ကာ မေးလိုက်လေ၏။

***

All Chapters