← Chapters

ခေတ်တစ်ခေတ်၏ အဆုံးသတ်

Vol. 12 Ch. 1171

ခေတ်တစ်ခေတ်၏ အဆုံးသတ်

Vol. 12 Ch. 1171

ချန်းဖန်သည် လက်နှစ်ဖက်ကို နောက်သို့ ပစ်ထား၏။ သူသည်  မျက်လုံးများကို ကျဥ်းမြောင်းကာ ရင်းနှီးသယောင်၊ မရင်းနှီးသယောင် ဖြစ်နေသည့် စွမ်းအင်များကို ခံစား နေခဲ့သည်။ ထိုအရာကား တစ်ချိန်က မြောက်ပိုင်း ကောင်းကင်အရှင် ပိုင်ဆိုင်ခဲ့သည့် စွမ်းအားများပင် ဖြစ်လေသည်။

ချန်းဖန်က ညင်သာစွာ တွေးလိုက်၏။

“အတိတ်ဘဝက ခမ်းနားမှုတွေနဲ့ အတူ ငါ့ရဲ့ မြောက်ပိုင်း ကောင်းကင်အရှင် စွမ်းအားတွေက ပျောက်ကွယ် သွားခဲ့ပြီလို့ ငါ လက်လျှော့ထားခဲ့တယ်... ဒါပေမဲ့ ရွှေအမြုတေ အဆင့် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်တဲ့ အချိန်မှာ အဲဒီ စွမ်းအားက တစ်ခါ ထွက်ပေါ်လာပြီးတော့ ငါ့ကို “အသွင်ပြောင်းခြင်း ကိုးမျိုး နတ်ဘုရား စက်ဝန်း” ရရှိအောက် ကူညီပေးခဲ့တယ်... တာအို သစ်သီးကို ရရှိစဥ် အခါတုန်းက ငါ တစ်ဝက်တိတိကို မစားပဲ ဝိညာဥ်ကို ဝါးမျိုပြီး စမ်းသပ်ခဲ့တယ်... ဒါပေမဲ့ ဘာမှ ထူးခြားတာ မဖြစ်တော့ဘူး”

“ငါတော်တော် သတိမဲ့ခဲ့တာပဲ... ဘာပဲဖြစ်ဖြစ် အဲဒါက တာအို သစ်သီးလေ... ရင့်မှည့်ဖို့ လိုသေးတယ် ဆိုပေမဲ့ မဟာ ကျင့်ကြံသူ တစ်ပိုင်း၊ အယောင်ဆောင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ကို မွေးထုတ်ပေးဖို့ လုံလောက်နေပြီ... အဲဒီတုန်းက ငါက ရွှေအမြုတေ အဆင့်မှာပဲ ရှိနေသေးတာ... ဘယ်ရွှေအမြုတေ အဆင့် မဆို တာအို သစ်သီးကို ဝိညာဥ်နဲ့ တိုက်ရိုက် ဝါးမျိုတာနဲ့ ပေါက်ကွဲမှာပဲ... ဒါပေမဲ့ ငါကတော့ မပေါက်ကွဲခဲ့ဘူး”

ထို့နောက် ချန်းဖန်က ပြုံးကာ တထျန်းကို ကြည့်လိုက်၏။

“ငါ့ရဲ့ ဝိညာဥ် အတွင်းပိုင်းမှာ ခိုအောင်းနေတဲ့ ဒီစွမ်းအား ထွက်ပေါ်လာဖို့ အတွက် ငါ နှစ်ပေါင်း နှစ်ဆယ်ကျော် စောင့်ဆိုင်း ခဲ့ရတယ်... ဒါပေမဲ့ မင်းက အဲဒါကို ငါထင်တာထက် စောပြီး နိုးထနိုင်အောင် လုပ်ပေးခဲ့တယ်... ကျေးဇူး အထူးတင်တဲ့ အနေနဲ့ အစွမ်း အထက်ဆုံး ဆိုတာ ဘယ်လို ပုံသဏ္ဌာန်လဲ မင်းကို ပြရတော့မယ် ထင်တယ်”

ထို့နောက် ချန်းဖန်က ညင်သာစွာပင် သူ၏ လက်ကို မြှောက်လိုက်၏။

“ဘုန်း...”

ထိုအခိုက်၌ စကြဝဠာ တစ်ခုလုံး ပင်လျှင် ကြွတက်လာဟန် ရလေသည်။ မရေမတွက်နိုင်သော ပျက်စီးခြင်း စွမ်းအားများသည် ရေတံခွန် ကဲ့သို့ ချန်းဖန်၏ လက်တွင် စီးဆင်းလာ၏။ ၎င်းတို့သည် ကောင်းကင် ဥပဒေသထက် ပိုမို မြင့်မြတ်သည့် ဝင်္ကပါ စွမ်းအားများကို သယ်ဆောင်ထားသည်။ ထိုအခိုက်၌ ချန်းဖန်သည် ကမ္ဘာ၏ အင်ပါယာ ဖြစ်ဟန်ရလေသည်။

နတ်ဘုရား အရှင် တထျန်းသည် တစ်စုံတစ်ခုကို ခံစားလိုက်မိ၏။ သူ နှစ်ပေါင်း သိန်းချီအောင် ကျင့်ကြံထားသည့် နတ်ဘုရား စွမ်းအားများ၊ နတ်ဘုရား ဥပဒေသ အားလုံးမှာ တားမြစ် ခံလိုက်ရသည်။ တထျန်း၏ မရဏ ကောင်းကင် ဥပဒေသများမှာ အကြီးမားဆုံး ရန်သူကို ရင်ဆိုင်နေရသည့်နှယ် တုန်ရီကာ အတွင်းပိုင်းသို့ ဝင်ရောက် ပုန်းအောင်း နေလေ၏။

“ဘာတွေ ဖြစ်ကုန်တာလဲ...”

မရဏ ကောင်းကင် ဥပဒေသကား ကောင်းကင် ဥပဒေသများထဲတွင်ပင် ထိပ်တန်း အဆင့် ရှိနေသည့် အရာ ဖြစ်သည်။ သို့သော်လည်း ထိုသို့သော အရာပင်လျှင် ချန်းပေ့ရွှမ်း၏ ကိုယ်ယောင်ကိုယ်ဝါ၌ ကြောက်ရွံ့ကာ ပုန်းအောင်း ရ၏။ တထျန်းမှာ သူ အခြေအနေ မကောင်းတော့ကြောင်း နားလည် နေခဲ့ပြီ ဖြစ်လေသည်။

“ပြေး...”

ထိုအရာကား တထျန်း၏ စိတ်ထဲ၌ နေရာယူထားသည့် တစ်ခုတည်းသော အတွေး ဖြစ်ပေသည်။ သို့သော်လည်း ရုတ်တရက် တထျန်းမှာ ပေသန်းချီ ရှည်လျားသော တောင်ထွတ်ကြီး တစ်ခုကို ကျော၌ ပိုးထားရသလို ခံစား လိုက်ရ၏။ ပြေးရန် မဆိုထားနှင့် သူကား ခြေတစ်လှမ်းပင် လှမ်းနိုင်စွမ်း မရှိခဲ့ချေ။

တထျန်းက ချန်းဖန်အား မော့ကြည့်ကာ ပြောလိုက်၏။

“ငါက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ဆိုတာ မင်း သိမှာပါ... ငါက ဆန္ဒနဲ့ အတူ ထောင်ချီတဲ့ ပြန်လည် မွေးဖွားခြင်းတွေကို လုပ်နိုင်စွမ်း ရှိတယ်... ပြောရမယ် ဆိုရင် ငါက မသေနိုင်ဘူး... မင်း ငါ့ရဲ့ ဆန္ဒနဲ့ ပြန်လည် မွေးဖွားခြင်းတွေကို မဖျက်ဆီးနိုင်သေးသမျှ ငါ တစ်နေ့ မင်းဆီကို လာပြီး လက်စားချေမယ်”

ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များသည် ထိုအဆင့်သို့ ရောက်ရှိပြီးနောက် မရေမတွက်နိုင်သည့် နတ်ဘုရား စိတ်အာရုံများကို လောက အနှံ့၌ ချန်ထားနိုင်စွမ်း ရှိကြသည်။ သေဆုံး၌ နှစ်ရာဂဏန်း၊ ထောင်ဂဏန်း ကြာပြီးသည့်နောက် သူတို့သည် ထိုနတ်ဘုရား စိတ်အာရုံများကို တဖြည်းဖြည်း ကြီးထွားစေကာ ပြန်လည် အစွမ်းထက် လာခဲ့ကြသည်။

သို့သော်လည်း မြောက်ပိုင်း ကောင်းကင်အရှင်ကမူ ဂရုစိုက်ဟန် မရချေ။ သူ၏ မျက်လုံးများက စိတ်ခံစားချက် ကင်းမဲ့နေကာ သူ၏ လက်တစ်ဖက်မှာ အောက်သို့ ဖိကျလာ၏။

“လှံ...”

တထျန်းကား စိတ်ပူ နေခဲ့ပြီ ဖြစ်သည်။ သူသည် ချက်ချင်းပင် အယောင်ဆောင် နတ်ဘုရား ရတနာ တစ်ခု ဖြစ်သည့် မြေအောက်‌လောက လှံတံကို ကို ထုတ်ယူလိုက်သည်။ လှံတံသည် အနက်ရောင် အဆင်းရှိကာ မရဏပြည်၏ စွမ်းအင် အလုံးစုံကို သယ်ဆောင်ထားဟန် ရလေ၏။

"အဲဒါက မင်တု နတ်ဘုရား လှံတံပဲ…"

ထျန်းဟောင်ဂြိုဟ်မှ ကျင့်ကြံသူ တစ်ယောက်က အော်ဟစ်လိုက်သည်။

မင်တုကား တောင်တန်း အင်ပါယာ၏ နတ်ဘုရား ရတနာ တစ်ခုဖြစ်ကာ နတ်ဘုရား အရှင် တထျန်း ကိုင်ဆောင်ခဲ့သည့် လက်နက် ဖြစ်သည်။ အရှင် တထျန်းသည် ထိုလက်နက်ကို ကိုင်ဆောင်ကာ အခြား ဂြိုဟ်နယ်မြေများရှိ မဟာ ကျင့်ကြံသူများနှင့်ပင် ယှဉ်၍ တိုက်ခိုက်ခဲ့သည်။ ကောလဟာလများ အရ ဆိုလျှင် မင်တု နတ်ဘုရား လှံတံသည်  နတ်ဘုရား လက်နက်များ၏ စွမ်းအား ၉၀% ကိုပင် ထုတ်လွှတ်နိုင်သည်ဟုပင် ဆိုကြပေသည်။

"အစီအရင်… ဖွဲ့စည်း…"

နတ်ဘုရားအရှင် တထျန်းက အော်ဟစ် လိုက်၏။

မရေမတွက်နိုင်သော အနက်နှင့် အဇူရာ သင်္ကေတများမှာ မိစ္ဆာများ အလား ထွက်ပေါ်လာသည်။ လောကသည် ချက်ချင်းပင် ငရဲခန်း တစ်ခု အဖြစ် ပြောင်းလဲ သွားသည်။ နတ်ဆိုး တစ်ကောင်သည် မြင့်မြတ် ထည်ဝါစွာဖြင့် လောကကို ဆင်းသက် လာသည်။

ထိုအရာကား တောင်တန်း အင်ပါယာ၏ နတ်ဘုရား အစီအရင်ပင် ဖြစ်လေသည်။

"နိုးထ…"

တထျန်းက အော်ဟစ်လိုက်၏။ သူသည် နတ်ဘုရား လှံတံကို ကိုင်ကာ နတ်ဘုရား အစီအရင် အတွင်း လှမ်းဝင် လိုက်လေသည်။ ထို့နောက် နတ်ဘုရား အရှင် တထျန်းသည် လှံနှင့် အစီအရင် နှစ်ခု စလုံး၏ စွမ်းအားကို ပေါင်းထည့်ကာ ချန်းဖန်အား တိုက်ခိုက်လိုက် လေတော့သည်။

"ဘုန်း…"

ထိုအရာကား သူ၏ ဘဝ တစ်လျှောက်လုံး၌ အပြင်းထန်ဆုံး တိုက်ခိုက်မှု ဖြစ်ပေသည်။ တထျန်းသည် သူ၏ ခန္ဓာကိုယ် ပျက်စီးသွားမည်ကိုပင် ဂရုစိုက်ခြင်း မရှိပါချေ။ အခိုးအငွေ့များသည် သူ၏ မျက်လုံးများ နှာခေါင်းများမှ ထွက်ပေါ်နေကာ သူ၏ ရုပ်ခန္ဓာမှာ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် စွမ်းအားဖြင့် ပေါက်ကွဲလု မတတ် ဖြစ်နေခဲ့လေ၏။ သို့သော်လည်း တထျန်းသည် ထိုအရာကို လုံးဝ လျစ်လျူ ထားခဲ့လေသည်။

ထိုတိုက်ခိုက်မှုအား တွေ့မြင်ရသည့် ကျင့်ကြံသူ အားလုံးမှာ မျက်နှာများ ဖြူရော် သွားကြ၏။ သူတို့သည် ထိုအရာကို မကြည့်ဝံ့ ကြရကား မျက်လုံးများ မှိတ်ကာ ခေါင်းများ ငုံ့လိုက်ကြလေသည်။

သို့သော်လည်း မြောက်ပိုင်း ကောင်းကင်အရှင်၏ မျက်လုံးထဲတွင်မူ တထျန်းမှာ သစ်ပင် တစ်ပင်၏ နံဘေး၌ ပျံသန်းနေသည့် ယင်ကောင် တစ်ကောင် သာလျှင် ဖြစ်လေ၏။ သူက ဘယ်ဘက်လက်ကို ဝှေ့ယမ်းကာ အားရှို့၏ ဝိညာဉ်ကို ဆွဲယူ လိုက်သည်။ တစ်ချိန်တည်း၌ သူ၏ ညာဘက်လက်မှာ တထျန်းထံသို့ နိမ့်ကျ သွားလေ၏။

"ဘုန်း…"

မြောက်ပိုင်း ကောင်းကင်အရှင်၏ လက်နှင့် ထိတွေ့သည်နှင့် တထျန်း၏ ငရဲခန်းမှာ စက္ကူ တစ်စ အလား ကျိုးပျက် သွားသည်။ နတ်ဘုရား လှံတံဖြစ်သော မင်တုမှာလည်း တထျန်း၏ လက်မှ လွတ်ကာ အာကာသ ဟင်းလင်းပြင်တွင် လွင့်စဉ် သွားခဲ့လေ၏။

"မဟုတ်ဘူး…"

နတ်ဘုရား အရှင် တထျန်း၏ မျက်နှာမှာ ရုတ်ချည်း ဖြူရော်သွား၏။ သူသည် မူလ အမတေကို နှိုးဆွကာ ထွက်ပြေးရန် ဟန်ပြင် လိုက်သည်။ သို့သော်လည်း ဟင်းလင်းပြင် တစ်ခုလုံးနှင့် အချန် စီးဆင်းမှုမှာ ချန်းဖန်၏ ထိန်းချုပ်မှုကို ခံထားရ၏။ မြောက်ပိုင်း ကောင်းကင်အရှင်ကား အလွန် အစွမ်းထက် လွန်းလှသည်။ ချန်းဖန်သည် အပုံတစ်သောင်းပုံ တစ်ပုံကိုသာ ပြန်လည် ပိုင်ဆိုင်ထားသည့်တိုင် ထိုအရာက ပင်လျှင် အယောင်ဆောင် ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် တစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက် နေခဲ့ပြီ ဖြစ်သည်။

"ခရက်…"

နတ်ဘုရား အရှင် တထျန်း၏ ခန္ဓာကိုယ်မှာ တတိတိ ကြေမွလာကာ နောက်ဆုံး၌ မီးခိုးလုံး အဖြစ် ပေါက်ကွဲသွားဝောာ့၏။ သူ တည်ရှိခဲ့သည့် အရိပ်အငွေ့ တစ်ခု ပင်လျှင် ကျန်ရစ်ခြင်း မရှိတော့ချေ။

ထျန်းဟောင်းဂြိုဟ် မြေရိုင်းနယ်‌ တစ်ခု အတွင်းတွင် အိုမင်းသော ဘုရားကျောင်း တစ်ခု ရှိ၏။ ထိုဘုရားကျောင်းသည် အလွန်တရာ နတ်ကြီးသည်ဟု နာမည်ကြီးကာ အခြေတည် ဝိညာဥ် အဆင့်များပင် ဝေးဝေးက ရှောင်လေ့ရှိပေသည်။ နတ်ဘုရားအရှင် တထျန်း သေဆုံးပြီးသည်နှင့် ချက်ချင်းပင် ထိုဘုရားကျောင်း အလယ်ရှိ ဆင်းတုတော်မှာ မျက်လုံးများ ပွင့်လာခဲ့၏။ ထိုဆင်းတုတော်သည် အလွန် ကြောက်ရွံ့နေဟန် ရကာ ပါးစပ်ကို ဖွင့်ကာ အော်ဟစ်လိုက်သည်။ သို့သော်လည်း အသံထွက်မလာခင်မှာပင် ၎င်းမှာ အက်ကွဲကာ ပျက်စီး ကြွေကျ သွား၏။

အကယ်၍ တစ်စုံတစ်ယောက်သာ ထိုအနားတွင် ရှိပါက ဆင်းတုတော်မှာ နတ်ဘုရား အရှင် တထျန်းနှင့် ချွတ်စွပ် တူနေသည်ကို အံ့အားသင့်စွာ တွေ့ရလိမ့်မည် ဖြစ်သည်။

ထိုနေ့၌ ထျန်းဟောင်ဂြိုဟ်ပေါ်တွင်သာ မက ကောင်းကင် ဂျူပီတာဂြိုဟ်၊ ကျဲ့ယွမ်ဂြိုဟ်၊ အမှောင် မြူနှင်းဂြိုဟ်များ အပါအဝင် မရေမတွက်နိုင်သော ဂြိုဟ်များထက်ရှိ ဆင်းတုတော်ပေါင်းများစွာမှာ အက်ကွဲ ပျက်စီး သွားခဲ့လေသည်။ ချန်းဖန်၏ တိုက်ခိုက်မှုသည် နတ်ဘုရား အရှင် တထျန်းကို သတ်ဖြတ်ရုံတင် မကပဲ စကြဝဠာ အနှံ့အပြား၌ ရှိနေသာ သူ၏ ပြန်လည် မွေးဖွားခြင်း လမ်းစ အားလုံးကိုပါ ဖျက်ဆီး သွားခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားအရှင် တစ်ယောက်၏ ခေတ်တစ်ခေတ်ကား ထိုနည်းဖြင့် အဆုံးသတ် သွားခဲ့ရလေပြီ ဖြစ်လေတော့သည်။

***

All Chapters