← Chapters

ရှင်းလင်းခြင်း

Vol. 12 Ch. 1172

ရှင်းလင်းခြင်း

Vol. 12 Ch. 1172

အဆုံးမဲ့ ကျယ်ပြန့်သော အာကာသ အတွင်း၌ အရာ အားလုံးသည် ဟာလာဟင်းလင်း ဖြစ်နေ၏။ သို့သော်လည်း မရေမတွက်နိုင်သော လူများသည် ထိုနေရာကို အာရုံစိုက်ကာ ငေးမော နေကြသည်။ ကမ္ဘာနှင့် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေမှ ကျင့်ကြံသူများသာမက ကြယ်ပင်လယ်မှ လာသည့် အရှင်သခင်များစွာမှာ ထိုအခိုက်၌ သတိလက်လွတ် ဖြစ်နေကြလေသည်။

“ဟူး... ဟူး...”

ကောင်းကင်၌ တည်သည့် နတ်ဘုရားသည် အလင်းရောင်များ ဝန်းရံကာ သာမန် ချန်းဖန် အဖြစ် ပြန်လည် ပြောင်းလဲ သွားသည်။ သို့သော်လည်း သူ့ထံတွင် မြောက်ပိုင်း ကောင်းကင်အရှင်၏ အရှိန်အဝါများ ကျန်ရစ်နေဆဲ ဖြစ်ပေသည်။ သူကား ခန့်ထည်လှကာ လောကကို အုပ်စိုးသည့် နတ်ဘုရား တစ်ပါး အလား ထင်မှတ်မှားရဆဲ ဖြစ်သည်။

“ဝှစ်...”

မရေမတွက်နိုင်သော လူအများ၏ ယုံကြည်ကိုးကွယ်သော အကြည့်များ အောက်တွင်ပင် ချန်းဖန်သည် အားရှို့နှင့် အတူ ကမ္ဘာပေါ်သို့ ပြန်လည် ဆင်းသက်လာ၏။ ချီရှို့အာ၊ လုယန်ရွယ်၊ ကျန်းချူရန်တို့သည် ချန်းဖန်ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။ သူတို့သည် ချန်းဖန်ကို ပထမဆုံး တွေ့ဖူးသည့် သူစိမ်း တစ်ယောက်အလား ခံစား နေရသည်။ ချန်းဖန်အား ညီအရင်း တစ်ယောက် ကဲ့သို့ အမြဲ သဘောထားကာ ချစ်ခင်သော အဇူရာ နဂါး၏ မျက်လုံးများပင်လျှင် သူစိမ်းဆန် နေခဲ့သည်။ အဇူရာ နဂါးအတွက် ချန်းဖန်မှာ သူ၏ မျက်လုံးရှေ့တွင်ပင် တဖြည်းဖြည်း အရွယ်ရောက်လာသည့် လူငယ်လေးနှင့် မတူတော့ပဲ ကောင်းကင် ကမ္ဘာတစ်ခုမှ ရောက်ရှိလာသည့် နတ်ဘုရား တစ်ပါး ကဲ့သို့ ခံစားနေရသည်။ ချန်းဖန်၏ မိသားစုများ ဖြစ်သော ချင်းယောင်ယောင်နှင့် ချန်းရှောင်တို့ ပင်လျှင် စိတ်များ ရှုပ်ထွေး ပွေလီ နေခဲ့လေ၏။

“ရှောင်ဖန်...”

အန်တီထန်က မပွင့်တပွင့် ရေရွတ်ရင်း ချန်းဖန် ရပ်နေရာ အရပ်သို့ တစ်လှမ်းတိုး လိုက်၏။ သူမ၏ မျက်နှာ တစ်ခုလုံးမှာ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ ယခု သူမ၏ အရှေ့နား၌ ရပ်နေသူမှာ သူမ သားအရင်း ကဲ့သို့ ချစ်ခင် မြတ်နိုးရသော ချန်းဖန်လော သို့မဟုတ် ပြန်လည် မွေးဖွားလာသည့် မြောက်ပိုင်း ကောင်းကင်အရှင် ဆိုသူလော သူမ ဝေခွဲမရပါချေ။

“ဟုတ်တယ် အန်တီထန်... ကျွန်တော်ပါ”

ချန်းဖန်က အန်တီထန်အား ညင်သာစွာ ပြုံးပြလိုက်သည်။

“ရှောင်ဖန်ရယ်... ငါ့ဖြင့် လန့်သွားတာပဲ”

အန်တီထန်မှာ ချန်းဖန်၏ ခါတိုင်း ကဲ့သို့ ရင်းနှီးမှု၊ ချစ်ခင်မှုများ ပြည့်ရွမ်းနေသော အသံကြောင့် သက်ပြင်း တစ်ချက် ချလိုက်၏။ ချီရှို့အာ၊ လုယန်ရွယ်တို့မှာလည်း စိတ်သက်သာရာ ရသွားကြကာ ချန်းဖန် အနားသို့ တဖြည်းဖြည်း ကပ်လာကြသည်။

ချန်းဖန်သည် ချန်းဖန် ဖြစ်နေသေးသမျှ သူတို့၏ ဆရာသာ ဖြစ်ပေသည်။ မြောက်ပိုင်း ကောင်းကင်အရှင် သို့မဟုတ် နတ်ဘုရား အရှင် စသည့် ဂုဏ်ပုဒ်များကို သူမတို့ ဂရုစိုက်လိမ့်မည် မဟုတ်ပါချေ။ ဆယ်စုနှစ်နှင့် ချီ၍ သူတို့ တည်ဆောက်ခဲ့သော သံယောဇဥ်မှာ နာမည် တစ်ခုကြောင့် ပျက်စီး သွားလိမ့်မည် မဟုတ်ပါချေ။

ချန်းဖန်က အားလုံးကို ပြုံးပြလိုက်သည်။ သူသည် စိတ်လှုပ်ရှားနေမိသလို တစ်ချိန်တည်း၌ ဝမ်းသာနေမိ၏။ သူသည် တာအို သစ်သီး တစ်ဝက်ကို ဝိညာဥ်အား စုပ်ယူစေပြီးနောက် စုန်းစုန်းမြုပ် သွားပြီးဟု ထင်မှတ်ခဲ့သည်။ သို့သော်လည်း ထိုတာအို သစ်သီးသည် မြောက်ပိုင်း ကောင်းကင်အရှင်၏ ဝိညာဥ်နှင့် ပေါင်းစပ်ကာ စွမ်းအင် တစ်ခု ရင်းမြစ် တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့ခြင်း ဖြစ်သည်။

ထိုအရာကို မသိသော ချန်းဖန်မှာ သူ၏ မြောက်ပိုင်း ကောင်းကင်အရှင် ဟူသော ဂုဏ်ပုဒ်မှာ သူ၏ မှတ်ဉာဏ်တွင်သာ ကျန်ရှိတော့သည် ဟု ထင်မှတ် ခဲ့သည်။ သို့သော်လည်း အချိန်ကုန်လွန်ခြင်း နတ်ဘုရား စွမ်းအားကို အသုံးပြုပြီးသည့် အချိန်၌ မြောက်ပိုင်း ကောင်းကင်အရှင်၏ စွမ်းအား အပုံ တစ်သန်းပုံ တစ်ပုံခန့်မှာ တာအိုသစ်သီး တစ်ပိုင်း၏ စွမ်းအား အကူအညီဖြင့် ရုတ်တရက် ပြန်လည် ပေါ်ထွက် လာခဲ့သည်။ ထိုအရာမှာ ပြောပလောက်အောင် အစွမ်း မထက်သည့်တိုင် မြောက်ပိုင်း ‌ကောင်းကင်အရှင်မှာ လုံးလုံး မသေဆုံးသေးကြောင်း ချန်းဖန် အတည်ပြု နိုင်ခဲ့သည်။ ထိုအရာက ပင်လျှင် ချန်းဖန်အား ဝမ်းသာလုံး ဆို့ရန် လုံလောက် နေခဲ့ပြီ ဖြစ်လေသည်။

“တာအို သစ်သီးက ကျန်နေတဲ့ စွမ်းအားက နောက် ရက်သတ္တပတ်လောက်တော့ ခံနိုင်သေးတယ်... အဲဒါပြီးရင်တော့ ပြန်ပြီး ပျောက်ကွယ် သွားလိမ့်မယ်... ငါ့အနေနဲ့ မြောက်ပိုင်း ကောင်းကင်အရှင်ရဲ့ စွမ်းအားကို နောက်တစ်ကြိမ် ထပ်ပြီး အသုံးပြုချင်ရင်တော့ နောက်ထပ် တာအို သစ်သီး ဒါမှမဟုတ် တာအို သစ်သီးလို အစွမ်းထက်တဲ့ စွမ်းအင် ရင်းမြစ်တစ်ခုကို ထပ်ရှာဖို့ လိုလိမ့်မယ်”

ချန်းဖန်၏ မျက်လုံးများမှာ တဖိတ်ဖိတ် တောက်ပနေ၏။

“ဘာပဲဖြစ်ဖြစ်လေ... ခုအချိန်မှာ မြောက်ပိုင်း ကောင်းကင်အရှင်ရဲ့ စွမ်းအား တစ်မျှင်လောက်က ငါ့ဆီမှာ ရှိနေတုန်းပဲ... အဲဒါက အရမ်း အစွမ်း မထက်ဘူး ဆိုပေမဲ့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေကို စိုးမိုးဖို့တော့ လိုအပ်တယ်... ငါ ဒီအခွင့်အရေးကို ယူပြီး စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်ခုလုံးကို ရှင်းလင်းရေး စတင်ရမယ်... ဒါမှ ငါ ဒီနေရာက ထွက်ခွာတဲ့ အခါမှာ မြောက်ပိုင်းချုံးက အန္တရာယ် ကင်းကင်းနဲ့ ကျန်ရစ်ခဲ့မှာ”

ချန်းဖန်က အတွေးဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။ ထို့နောက် သူက ကောင်းကင်သို့ ပျံတက်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ မြောက်ပိုင်းချုံးသို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိ လာကြသော ဟင်းလင်းပြင် အရပ်ရပ်မှ ကျင့်ကြံသူများမှာ လေပေါ်သို့ ကြွတက်လာကြ၏။ ထိုအထဲ၌ ပါဝင်နေသည့် ပထမ သွေးဘိုးဘေးနှင့် ရွှေရောင် ကလန် ဘိုးဘေးတို့ကား အသားများ တဆတ်ဆတ်တုန်သည် အထိ ကြောက်လန့် နေကြပြီ ဖြစ်လေသည်။

“မလုပ်ပါနဲ့ နတ်ဘုရား အရှင်ချန်း... ကျွန်တော်က ခင်ဗျားရဲ့ နောက်လိုက်ပါဗျာ... ကျွန်တော်က အပြစ်ကင်းပါတယ်...”

ရွှေရောင်ကလန် ဘိုးဘေးမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သူ၏ တစ်ကိုယ်လုံးသည် ရွှေစင် ရွှေသားဖြင့် ပြုလုပ်ထားဟန် ရကာ ပေအနည်းငယ်သာ ရှည်လျားပေသည်။ သူသည် အလွန်တရာ ကြောက်လန့် နေသော မျက်လုံးများဖြင့် ချန်းဖန်ကို ထပ်တလဲလဲ တောင်းပန် နေခဲ့လေသည်။

သူသာလျှင် မက ရှင်းဟူ၊ မဟူရာ ဗုဒ္ဓဂိုဏ်းချုပ်တို့ အပါအဝင် အခြား ကျင့်ကြံသူများစွာမှာလည်း သူတို့မှာ အပြစ်ကင်းသည့် ယုန်သူငယ်များ ဖြစ်ကြောင်း အော်ဟစ်နေကြ၏။ သူတို့သည် ချန်းဖန်၏ နောက်လိုက်များ ဖြစ်ကာ ချန်းဖန်အား ဘယ်တော့မှ သစ္စာဖောက်မည့် လူများ မဟုတ်ကြောင်း ထပ်လဲလဲ ဆိုနေခဲ့ကြလေသည်။

“ဟဟ... ငါ့နောက်လိုက်တွေ ဟုတ်လား...”

ချန်းဖန်က ရယ်မောကာ ဖနှောင့်အား တစ်ချက် ပေါက်လိုက်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ချက်ချင်းပင် လေထဲ၌ မီးရှူးမီးပန်းများမှာ ယှက်ဖြာသွားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများကား တစ်ပြိုင်နက်တည်း သေဆုံး သွားကြပြီ ဖြစ်လေတော့သည်။

ထို့နောက် ချန်းဖန်သည် ‌တောင်အရပ်သို့ လှည့်ကာ ခြေတစ်လှမ်း လှမ်းလိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ အာကာသကို ခွဲ၍ ပျောက်ကွယ်သွားကာ အခြားနေရာ တစ်ခုသို့ ရောက်ရှိ သွားလေတော့သည်။

ထျန်းဟောင်ဂြိုဟ်၊ မြေရိုင်းနယ်၊ အစွန်အဖျား နေရာ တစ်ခု...

“ဟူး... ဟူး...”

မူလမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ် မဟူရာ ဦးခေါင်းသည် တင်ပျဥ်ချိတ် ထိုင်ကာ ကျင့်ကြံနေခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် ပျက်စီးခြင်း မိစ္ဆာချီများဖြင့် ပြည့်နှက်နေသည်။ သူသည် အခြေတည် ဝိညာဥ် ထိပ်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် နတ်ဘုရား အရှင် တထျန်း၏ နောက်လိုက်တစ်ယောက် ဖြစ်ကာ သူ၏ ဂိုဏ်းမှာလည်း နတ်ဘုရားအရှင် တထျန်းကို ကူညီရန် အတွက် တည်ထောင်ထားခြင်း ဖြစ်သည်။

ရုတ်တရက်...

“ဘုန်း...”

ကောင်းကင်မှာ အက်ကွဲသွားကာ လက်ကြီးတစ်ဖက်မှာ ကျဆင်းလာ၏။

“မကောင်းတော့ဘူး...”

မဟူရာ ဦးခေါင်းမှာ ချက်ချင်းပင် သူ၏ ဂိုဏ်းဝင်များကို ပြစ်ပယ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။ သို့သော်လည်း သူ မလှုပ်ရှားရသေးခင်မှာပင် သူ အပါအဝင် မူလ မိစ္ဆာဂိုဏ်း အခြေစိုက် စခန်း တစ်ခုလုံးမှာ ပေါက်ကွဲကာ ခြေရာ မကျန်အောင် ပျောက်ကွယ် သွားခဲ့လေ၏။

ထိုကဲ့သို့ ဖြစ်စဥ်များကား တစ်ချိန်တည်း လိုလိုပင် ထျန်းဟောင်ဂြိုဟ် အနှံ့အပြား၌ ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားအရှင် တထျန်း၏ မရေမတွက်နိုင်သော နောက်လိုက်များမှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။

ထို့နောက် ချန်းဖန်သည် ရှေးဟောင်း မိစ္ဆာအင်း ထံသို့ ရောက်ရှိသွား၏။ သူသည် အင်း အတွင်းပိုင်းသို့ ဝင်ကာ ကမ္ဘာနှစ်ခု အကြား ဆက်သွယ်ထားသည့် ဝင်ပေါက်ကို အပြီးတိုင် ဖျက်ချ ပစ်လိုက်လေတော့သည်။

“ခရက်... ခရက်...”

“အား...”

လေဟာနယ် အက်ကွဲသံများနှင့် အတူ ဒေါသတကြီး အော်ဟစ်သံ တစ်ခုမှာ ရှေးဟောင်း မိစ္ဆာအင်း အတွင်းပိုင်း တစ်နေရာမှ ပျံလွင့်လာ၏။ ချန်းဖန် တိုက်ခိုက်လိုက်သည်နှင့် တစ်ချိန်တည်းတွင် ထျန်းဟောင်ဂြိုဟ်၏ ရာသီဥတုမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထိုအရာသည် ချက်ချင်းပင် ပုံမှန် ပြန်ဖြစ်သွားသော်လည်း ကောင်းကင် ညီမျှခြင်း ကဲ့သို့သော ကျင့်ကြံသူများနှင့် ချန်းဖန်နှင့် နီးစပ်သည့် ရှောင်မန်တို့မှာ ခေါင်းများကို မော့ကာ ကောင်းကင်သို့ မော့ကြည့် လိုက်ကြလေသည်။

“အကို...”

ရှောင်မန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ သို့သော်လည်း ထိုအချိန်၌ ချန်းဖန်ကမူ ထျန်းဟောင်ဂြိုဟ်နှင့် မိုင်ပေါင်း မရေမတွက်နိုင်အောင် ဝေးသည့် နေရာ တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

ကျဲ့ယွမ်ဂြိုဟ်၊ အမှောင်မြူနှင်းဂြိုဟ်၊ ရန်ကူးဂြိုဟ်...

ချန်းဖန်သည် ခြေတစ်လှမ်းလျှင် ဂြိုဟ်တစ်ခုနှုန်းဖြင့် ရွေ့လျားနေ၏။ သူသည် ရောက်လျှင် ‌ရောက်ချင်းပင် ဂြိုဟ်တစ်ခုလုံးကို နတ်ဘုရား စိတ်အာရုံဖြင့် ဖြန့်ကျက် တထျန်း၏ အဆွယ်အပွားများကို ရှာဖွေသည်။ ထိုနေ့၌ များစွာသော ကျင့်ကြံသူများမှာ ချန်းဖန်၏ သတ်ဖြတ်ခြင်းအား ခံခဲ့ရလေသည်။

မိနစ်ပိုင်းမျှ အတောအတွင်းမှာပင် ချန်းဖန်သည် နဂါးငွေ့တန်း ဂလက်စီ တစ်ခုလုံးအား လည်ပတ်ခဲ့ပြီး ဖြစ်၏။ သူက အရာ အားလုံးကို အဆုံးသတ်ပြီးနောက် အားရှို့၏ နတ်ဘုရား ဝိညာဥ်ကို ငုံ့ကြည့်ကာ ပြောလိုက်လေသည်။

“ငါနင့်အတွက် ခန္ဓာ အသစ်တစ်ခု ပြန်တည်ဆောက်ပေးမယ်”

ထို့နောက် ချန်းဖန်သည် ခြေတစ်လှမ်း လှမ်းကာ အာကာသ အတွင်း တိုးဝင် ပျောက်ကွယ်သွားလေတော့သည်။

တစ်ချိန်တည်း၌...

တိုက်ပွဲသတင်းသည် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ တစ်လွှားနှင့် တောင်ပိုင်း ဒေသငယ်ကို ဟာရီကိန်း မုန်တိုင်း တစ်ခုသဖွယ် ပျံ့နှံ့ သွားခဲ့ပြီ ဖြစ်သည်။ အချိန်တို အတွင်းမှာပင် ကြယ်ပင်လယ် အစိတ်အပိုင်း များစွာမှာ ချန်းဖန် အကြောင်း ကြားသိကာ အံ့အားသင့် သွားကြလေတော့သည်။

***

All Chapters