← Chapters

ခန္ဓာအသစ်တစ်ခု တည်ဆောက်ခြင်း

Vol. 12 Ch. 1173

ခန္ဓာအသစ်တစ်ခု တည်ဆောက်ခြင်း

Vol. 12 Ch. 1173

“ဘာကြီး... နတ်ဘုရားအရှင် တထျန်း ပေါ်လာတယ် ဟုတ်လား... သူက အသက်ရှင် နေသေးတယ်ပေါ့”

“ဟုတ်တယ်... သူက သူ့အငယ်ဆုံးသားရဲ့ ခန္ဓာကို ယူထားတာလေ... ဒါပေမဲ့ နတ်ဘုရား အရှင်ချန်းက သူ့ကို လက်နဲ့ တစ်ချက်တည်း ရိုက်ပြီး သတ်ပစ်လိုက်တယ်”

“မဖြစ်နိုင်တာ...”

လူများစွာမှာ သတင်းအား ကြားပြီးနောက် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြလေသည်။

“ပိုပြီး မဖြစ်နိုင်တာ တစ်ခု ရှိသေးတယ်... ချန်းပေ့ရွှမ်း ဆိုတဲ့ကောင်က အယောင်ဆောင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို သတ်ဖို့ နှစ်‌ပေါင်း လေးဆယ်လောက်ပဲ ကျင့်ကြံခဲ့ရတာ ဆိုပဲ”

“ဟီး ဟီး... ငါကတော့ အဲဒါကို ဟာသပဲ မှတ်တယ်ဟေ့”

တောင်ပိုင်း ဒေသငယ်ရှိ ကျင့်ကြံသူများစွာမှာ လှောင်ရယ် နေကြ၏။ သို့သော်လည်း ထာဝရဂိုဏ်းများမှာမူ ဆိတ်ငြိမ် နေကြသည်။ သူတို့သည် တိုက်ပွဲ သတင်းကို တစ်စွန်းတစ်စပင် ထုတ်ပြန်ခြင်းပင် မပြုချေ။ စစ်မြေပြင်မှ အသက်ရှင်ကာ ပြန်လည် ရောက်ရှိလာသူများမှာလည်း ရေငုံနှုတ်ပိတ် လုပ်နေကြသည်။

မြောက်ပိုင်း ကောင်းကင်အရှင် ဆိုသော ကျင့်ကြံသူကား အလွန်တရာ အစွမ်းထက်လွန်းလှသည်။ သူသည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ တောင်ပိုင်း ဒေသငယ် မဆိုထားနှင့် တောင်ပိုင်း ကောင်းကင်နယ်တွင်ပင် ထိုမျှ အစွမ်းထက်သော ကျင့်ကြံသူ မရှိပါချေ။ ထိုကဲ့သို့ ကျင့်ကြံသူများကား ဗဟို ဂလက်စီ ထိပ်တန်း ဂိုဏ်းများ၊ အထွတ်အမြတ်မြေများတွင်သာ ရှိတတ်သော အရာ ဖြစ်ပေသည်။

ပေ့ချွမ်းဟု ခေါ်သော အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်က အခိုင်အမာ ဆိုလိုက်၏။

“ချန်းပေ့ရွှမ်းက အသက်လေးဆယ်လောက်ပဲ ရှိသေးတဲ့ ကျင့်ကြံသူ ဆိုတာ အမှန်ပဲ... နောက်ပြီး သူက အင်အား သန်းနဲ့ ချီတဲ့ ငါတို့ တောင်ပိုင်း ဒေသငယ် တပ်မဟာကို အနိုင်ယူခဲ့ပြီး အိမ်ရှေ့မင်းသား ချင်ရဲ့ကို သတ်ဖြတ်ခဲ့တယ်... အဲဒါတွေ အားလုံးက အမှန်ပဲ... သူက ဘာလို့ အဲဒီလို လုပ်နိုင်ခဲ့တာလဲ ဆိုတော့ မဟာ ကျင့်ကြံသူ ပြန်ဝင်စားတဲ့ လူတစ်ယောက် ဖြစ်လို့ပဲ... အဲဒါတွေက အပိုလို နန်းတော် အကြီးအကဲ တစ်ယောက် ကိုယ်တိုင် ပြောခဲ့တဲ့ စကားပဲ... သူက ငါ့ရဲ့ အကောင်းဆုံး မိတ်ဆွေလို့ ဆိုနိုင်တယ်... သူ့စကားက ဘယ်တော့မှ မမှားနိုင်ဘူး”

တစ်ယောက်က မေးလိုက်၏။

“ဒါပေမဲ့ စီနီယာချန်း... လေလွင့် ကျင့်ကြံသူတွေရဲ့ ပြောစကား အရဆို ချန်းပေ့ရွှမ်းက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ကိုတောင် လက်ဝါးတစ်ချက်တည်းနဲ့ သတ်ခဲ့သေးတယ်ဆို ဟုတ်လား...”

ပေ့ချွမ်း ဘာမှ ပြန်မပြောရသေးခင်မှာပင် သူ၏ အနားရှိ လူများက နှာခေါင်းရှုံ့လိုက်ကြ၏။

“အဲဒီ လေလွင့် ကျင့်ကြံသူတွေရဲ့ စကားက ဘယ်တုန်းက ယုံရလို့လဲ... သူတို့က အမြီးကုပ် ပြေးဖို့ပဲ သိတဲ့လူတွေ... ဂိုဏ်းကြီး ခုနစ်ဂိုဏ်းက တပည့်တွေ ကိုယ့်နယ်မြေရဲ့ ဂုဏ်သိက္ခာ အတွက် တိုက်ခိုက်နေတဲ့ အချိန်မှာ သူတို့ကတော့ စွန့်ပစ်ခံ ဂြိုဟ်နယ်မြေသား တစ်ယောက်ကို ကြောက်ဒူးတုန် နေတယ်... ခုလည်း မဟုတ်တမ်းတရားတွေ ဆိုပြီး ဝါဒ လျောက်ဖြန့် နေကြတာလေ"

"ဟုတ်တယ်..."

အခြား ကျင့်ကြံသူများမှာ ထောက်ခံ လိုက်ကြလေသည်။

မည်သူက ယုံနိုင်ပါမည်နည်း။ မိုင်ဘီလျံချီ မြင့်မားသော နတ်ဘုရား၊ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူကို လက်ဝါး တစ်ချက်ဖြင့် ဖိ၍ သတ်ဖြတ်ခြင်း... ထိုအရာများကား အဓိပ္ပာယ် မရှိလှချေ။ မည်သူက မဟာ ကျင့်ကြံသူ တစ်ယောက်ကို ပုရွက်ဆိတ် သတ်သကဲ့သို့ သတ်နိုင်ပါမည်နည်း။

အထီးကျန် သူရဲကောင်း စွန်းယုဖုန်းက ခေါင်းခါကာ ဆိုလိုက်၏။

"ငါ ချန်းပေ့ရွှမ်းကို အထင်သေးခဲ့မိတာပဲ... သူက အသက်ရှင်နေသေးတဲ့ အပြင် အိမ်ရှေ့မင်းသား ချင်ရဲ့ကိုတောင် သတ်လိုက်နိုင်တယ်... ဒါပေမဲ့ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ကို သတ်လိုက်တယ် ဆိုတာကတော့ သတင်းမှားပဲ ဖြစ်လိမ့်မယ်"

ထို့နောက် သူက ဘေးသို့ လှည့်ကာ ချစ်လှစွာသော တပည့်ကို ကြည့်လိုက်သည်။

"နင် ဘယ်လိုထင်လဲ... ချန်းပေ့ရွှမ်းက ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ကို အနိုင်ယူလိုက်တဲ့ မဟာ ကျင့်ကြံသူ လူဝင်စားတဲ့... ကြည့်ရတာ နင်တော့ မဟာ ကျင့်ကြံသူ တစ်ယောက်ရဲ့ တပည့် ဖြစ်လာမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီနဲ့ တူတယ်"

"ကိစ္စ မရှိပါဘူး..."

ကျန်းဖေးဖေးက ခေါင်းခါလိုက်သည်။

"အခု ကျွန်မက ဆရာရဲ့ တပည့် ဖြစ်နေပြီ... အဲဒီ အပေါ် ဘယ်တော့မှာ ကျွန်မ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး"

"ဟားဟား... ကောင်းတယ်ဟေ့... ဒါမှ အထီးကျန် သူရဲကောင်းရဲ့ တပည့်ကွ"

စွန်းယုဖုန်းက အော်ဟစ် ရယ်မောကာ ဖနှောင့်အား ပေါက်လိုက်၏။ လေဟာနယ်မှာ အက်ကွဲသွားကာ သူတို့ နှစ်ယောက်မှာ ထိုအက်ကွဲကြောင်းမှ တစ်ဆင့် ကြယ်ပင်လယ် အတွင်းပိုင်းသို့ ဝင်ရောက် သွားကြလေတော့သည်။

ကြယ်ပင်လယ် တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြချိန်၌ ချန်းဖန်ကမူ အားရှို့နှင့် အတူ ကောင်းကင် ဂျူပီတာဂြိုဟ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်သည် မရေမတွက်နိုင်သော အစီအရင်များကို ဖြတ်ကာ ဝိညာဉ် ရေတွင်း ရှိရာသို့ ဦးတည်လှ၏။ ထို့နောက် သူသည် ခြေတစ်လှမ်းတည်းဖြင့် နတ်ဘုရား ကုန်းမြေသို့ လှမ်းဝင်လိုက်လေ၏။

သူသည် အမတေ ထုတ်ယူခံထားရသော သစ်သား နတ်ဘုရား နှလုံးသားအား မျက်နှာမူကာ အားရှို့အား ပြောလိုက်သည်။

"ငါ နင့်အတွက် ခန္ဓာကိုယ် အသစ် တစ်ခု ပြန်တည်ဆောက်ပေးမယ်... ငါ့တပည့်တွေက အခြားလူ အားလုံးထက် ပိုသာရမယ်"

သစ်သား နတ်ဘုရား နှလုံးသား...

ဒြပ်စင် ငါးမျိုး တန်ခိုးရှင်ဂိုဏ်းမှ ကျင့်ကြံသူများသည် နတ်ဘုရား အစီအရင်ကို ဖွဲ့စည်းကာ ဂြိုဟ်တစ်ခုလုံးရှိ သစ်သား စွမ်းအင်များကို စုစည်းလျှက် သစ်သား နတ်ဘုရား နှလုံးသားကို ပျိုးထောင်ခဲ့သည်။ သစ်သား နတ်ဘုရား နှလုံးသားမှာ တာအို သစ်သီးထက်ပင် ပို၍ အဖိုးထိုက်တန်သော ရတနာ ဖြစ်၏။

သို့သော်လည်း ကံဆိုးစွာပင် ထိုအရာမှာ အခွံ တစ်ခုသာ ဖြစ်နေခဲ့လေသည်။

အစစ်အမှန် သစ်သား နတ်ဘုရား နှလုံးသားကို လွန်ခဲ့သည့် နှစ်များစွာကပင် ဒြပ်စင် ငါးမျိုး တန်ခိုးရှင်ဂိုဏ်းမှ ကျင့်ကြံသူများ ယူဆောင် သွားခဲ့ပြီ ဖြစ်သည်။ ထိုသစ်သား နတ်ဘုရား နှလုံးသား အခွံမှာ အပြည့်အဝ ပြန်လည် ကြီးထွားလာရန် နှစ်ပေါင်း တစ်သိန်းခန့် အချိန် ယူရဦးမည် ဖြစ်ပေသည်။

ချန်းဖန်က သူ၏ လက်ထဲရှိ အားရှို့ကို ကြည့်လိုက်သည်။ ထိုအခိုက်၌ အားရှို့မှာ ကျင့်ကြံခြင်း အခြေခံပင် မရှိတော့သည့် သရဲမလေး တစ်ကောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းအတွင်း အချိန်မီ မဝင်နိုင်ပါက သူမမှာ သေဆုံး သွားတော့မည် ဖြစ်ပေသည်။

"ဆရာ... အေးတယ်... အရမ်း အေးတယ်"

အားရှို့၏ မျက်နှာမှာ နှင်းကဲ့သို့ ဖွေးဆွတ် နေလေ၏။

ချန်းဖန်က သူမအား ကြည့်ကာ လက်တစ်ဖက်ကို ဆန့်ထုတ်လျှက် သစ်သား နတ်ဘုရား နှလုံးသား အခွံကို ဆွဲယူလိုက်သည်။ များစွာသော နတ်ဘုရား အစီအရင်များမှာ တောက်ပလာကာ သစ်သား နတ်ဘုရား နှလုံးသားကို ကာကွယ်ရန် ကြိုးစား လိုက်ကြသော်လည်း မြောက်ပိုင်း ကောင်းကင်အရှင်အား မည်ကဲ့သို့ တားနိုင်ပါမည်နည်း။

"ဝှစ်..."

သစ်သား နတ်ဘုရား နှလုံးသားကို ယူပြီးသည်နှင့် ချန်းဖန်သည် လက်ကို တစ်ကြိမ်ပြီး တစ်ကြိမ် ဆန့်ထုတ်ရင်း အနီး ပတ်ဝန်းကျင် ဂြိုဟ်များမှ နတ်ဘုရား ရတနာ လေးခုကိုပါ ထပ်မံ ယူလိုက်ပြန်သည်။

"ရွှေရောင် နတ်ဘုရား အဆုပ်..."

"မီးနတ်ဘုရား ကိုယ်လက် အင်္ဂါ..."

"မြေနတ်ဘုရား ဝမ်းဗိုက်..."

"ရေနတ်ဘုရား အသည်း..."

သစ်သား နတ်ဘုရား နှလုံးသားပါ ပေါင်းပါက ချန်းဖန်ထံ၌ ဒြပ်စင်ငါးခုနှင့် သက်ဆိုင်သည့် နတ်ဘုရား ရတနာ ငါးမျိုး ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် ထိုရတနာများဖြင့် အားရှို့အား ခန္ဓာအသစ် ဖွဲ့စည်းပေးရန် ကြံနေခြင်း ဖြစ်ပေသည်။

"ဆရာ... မလုပ်နဲ့... အဲဒီ ရတနာတွေကို ကျွန်မကြောင့် မဖြုန်းတီးပါနဲ့... ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်"

အားရှို့က အားတင်းကာ ပြုံးပြရင်း ငြင်းဆို လိုက်သည်။

သို့သော်လည်း ချန်းဖန်မှာ ဂရုမစိုက်ပါချေ။ သူက "အဆင်သင့် ပြင်ထား" ဟု ပြောကာ နတ်ဘုရား ရတနာ ငါးခုကို အလင်းတန်း အသွင် ပြောင်းလဲ လိုက်သည်။ ထိုငါးခုသည် အားရှို့ ခန္ဓာ အသစ်၏ အုတ်မြစ်များ ဖြစ်လာကြလေ၏။

"ဘုန်း... ဘုန်း... ဘုန်း..."

ရတနာ ငါးခု ပေါင်းစည်းမှု ဖြစ်စဉ် မိုးကြိုး ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ချန်းဖန်သည် အားရှို့ကို ရတနာများ၏ အလယ် ဗဟိုသို့ နေရာချကာ အရာရာကို ထိန်းချုပ် စေ၏။ ချန်းဖန်၏ ကူညီပေးမှု အောက်၌ အားရှို့သည် ခန္ဓာကိုယ် အသစ် ပြန်လည် ဖွဲ့စည်းခြင်း ဖြစ်စဉ်ကို စတင်လိုက်လေတော့သည်။

ထို့နောက် ချန်းဖန်သည် ကောင်းကင် ဂျူပီတာ နတ်ဘုရား ကုန်းမြေ အတွင်း၌ ထိုင်ချကာ အားရှို့ ပြန်လည် မွေးဖွားလာမည့် အချိန်ကို စောင့်တော့၏။

ထိုအတောအတွင်း၌ ချန်းဖန်သည် ဖြတ်စရာ ရှိသည့် ကိစ္စများကိုလည်း ပြုလုပ် နေခဲ့သည်။ သူသည် ချင်ကျန်းကို ဖမ်းဆီးကာ ဝိညာဉ် ရှာဖွေခြင်းပင် ပြုလုပ်ခဲ့သေးသည်။ ချင်ကျန်းသည် ချန်းဖန်အား သူ့ကို အစေခံအဖြစ် လက်ခံရန် အကြိမ်ကြိမ် တောင်းပန်သော်လည်း ချန်းဖန်ကမူ သူ့အား မိစ္ဆာ ခြောက်ပါး ကမ္ဘာသို့သာ ထည့်သွင်း ထားလိုက်သည်။

အချိန်သည် အလွန် လျှင်မြန်စွာ စီးဆင်း နေ၏။

သုံးလ ကြာပြီးနောက်၌ ချန်းဖန်သည် အဇူရာ ကျောက်တုံးကြီး တစ်ခုပေါ်၌ ထိုင်ကာ ကျင့်ကြံ နေခဲ့သည်။

"ခရက်..."

ရုတ်တရက် သူနှင့် မလှမ်းမကမ်းရှိ ငါးရောင်ခြယ်သော ပိုးအိမ်ထံမှ အက်ကွဲသံ တစ်ခု ထွက်ပေါ်လာ၏။ ချန်းဖန်သည် မျက်လုံးများကို ဖွင့်ကာ တဖန် ပြန်လည် မွေးဖွားလာသည့် တပည့် ဖြစ်သူအား ကြည့်လိုက်လေတော့သည်။

***

All Chapters