← Chapters

မြောက်ပိုင်းချုံး၏ နတ်ဘုရား အရှင်

Vol. 12 Ch. 1174

မြောက်ပိုင်းချုံး၏ နတ်ဘုရား အရှင်

Vol. 12 Ch. 1174

"ခရက်…"

ရှင်းလင်းသော အသံနှင့် အတူ ငါးရောင်ခြယ် ပိုးအိမ်တွင် အက်ကြောင်း တစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ဒုတိယ၊ တတိယနှင့် စတုတ္ထ အက်ကြောင်းများမှာ တစ်ခုပြီး တစ်ခု ပေါ်လာခဲ့၏။ မကြာခင်မှာပင် ပိုးအိမ် တစ်ခုလုံးမှာ ကြက်ဥခွံ တစ်ခု အလား ကွဲကြေသွားသည်။

တောက်ပသော အလင်းများသည် မျက်စိ ကျိန်းလောက်အောင် ထွက်ပေါ်လာသည်။ ချန်းဖန်သည် မျက်လုံးများကို ကျဉ်းမြောင်းလျှက် ကြည့်လိုက်ရာ ခြေဖျားထိ ရောက်အောင် ဆံပင်များ ရှည်ကျနေသည့် မိန်းကလေး တစ်ယောက်ကို တွေ့လိုက်ရသည်။ မိန်းကလေး၏ မျက်လုံးများမှာ မှိတ်နေ၏။ သူမ၏ မျက်တောင်များမှာ ကော့ညွှတ်နေကာ သူမ၏ အသားအရေမှာ ချောမွေ့နေသည်။ သူမသည် ယခု ဘဝ၌ ချန်းဖန် တွေ့ဖူးသမျှ ထဲတွင် အလှဆုံး မိန်းကလေး ဖြစ်ပေသည်။ အတိတ်ဘဝ၌ ချန်းဖန် ဆုံခဲ့ဖူးသည့် နတ်မိမယ် အချို့သာလျှင် သူမနှင့် ယှဉ်နိုင်ပေသည်။

ပန်းပွင့်များသည် ကောင်းကင်မှ ပြုတ်ကျနေကာ ရွှေရောင် ကြာပန်းများမှာ မြေပြင်ထက်၌ ပြုတ်ကျ နေ၏။ နူးညံ့သိမ်မွေ့သော အလင်းရောင်စဉ်များသည် သူမ၏ နံဘေး၌ လူးလွင့်နေသည်။ မဟာ တာအိုသည် မိုးကြိုး ထစ်ခြုန်းသံများကို ထုတ်လွှတ်ကာ ဒြပ်စင်ငါးမျိုး ဓမ္မ ဥပဒေသများမှာ လောကတွင် ပေါ်လာ နေကြသည်။ မြက်ခင်းပေါ်ရှိ ပန်းပင်များသည် လေယူရာ ယိမ်းနွဲ့နေကြ၏။ ထိုအခိုက်၌ မိန်းကလေးကား လောက တစ်ခုလုံး၌ ဗဟို၌ ထိုင်နေပုံ ပေါ်လေသည်။ ချန်းဖန် ပင်လျှင် ကိုယ့်ကိုယ်ကို အပြင်လူ တစ်ယောက် အဖြစ် ခံစား လိုက်ရသည်။

"ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြော…"

ချန်းဖန်က ခပ်တိုးတိုး ရေရွတ်လိုက်၏။

ထိုအရာကား ကောင်းကင် သွေးကြောနှင့် အတူ မွေးဖွားလာသည့် ကျင့်ကြံသူများထဲတွင်ပင် ရှာဖွေရန် ခက်ခဲ လှသည်။ ချန်းဖန်သည် နဂါးငွေ့တန်း ဂြိုဟ်နယ်မြေ တစ်ခုလုံးတွင် ရှောင်မန်နှင့် ချီရှို့အာ နှစ်ယောက်ကိုသာ တွေ့ရှိ ခဲ့ပေသည်။

သို့သော်လည်း ရှောင်မန်၊ ချီရှို့အာတို့နှင့် မတူသည့် အချက်ကား အားရှို့၏ ကောင်းကင် သွေးကြောများမှာ အပြည့်အဝ နိုးထ နေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လေရာ သူမ၏ ကျင့်ကြံခြင်းမှာ ပိုမို မြန်ဆန်လိမ့်မည် ဖြစ်သည်။

အားရှို့မှာ ကော့ညွှတ်နေသည့် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း တဖြည်းဖြည်းချင်း မျင်လုံးများ ပွင့်လာခဲ့၏။

"ဟင်…"

ရုတ်တရက် မြင်တွေ့ လိုက်ရသော မြင်ကွင်းများကြောင့် အားရှို့၏ နှုတ်ခမ်းအစုံမှာ ပွင့်ဟသွား၏။ သူမ၏ အရှေ့ရှိ ကမ္ဘာမှာ လုံးဝ ပြောင်းလဲ နေသည် မဟုတ်ပါလား။

ထိုအခိုက်၌ အရာရာမှာ ဒြပ်စင်ငါးမျိုးဖြင့် ဖန်တီးထားပုံ ရသည်။ သူမသည် လက်ကို မြှောက်လိုက်တိုင်း၌ မမြင်နိုင်သည့် ဒြပ်စင်ငါးမျိုးကို ထိန်းချုပ်နိုင်နေနိုင်သလို ခံစား ရလေသည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ… ဒါတွေက ဓမ္မ ဥပဒေသတွေ မလား… ဆရာပြောတော့ အခြေတည် ဝိညာဉ် အဆင့်တွေပဲ ဓမ္မ ဥပဒေသတွေကို ထိတွေ့နိုင်တာဆို… ကျွန်မက ခုမှ ရွှေအမြုတေ အဆင့်မှာလည်း ရှိသေးတာလေ… ဘာလို့ ဓမ္မ ဥပဒေသ စွမ်းအားတွေကို ခံစားလို့ ရနေတာလဲ"

အားရှို့က ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်၏။

ချန်းဖန်က သူမအား ကြည့်ကာ ပြုံးပြလိုက်၏။

"အဲဒါတွေက နင့်ရဲ့ ခန္ဓာကိုယ် အသစ်နဲ့ အတူ ပါလာတဲ့ စွမ်းအားတွေပေါ့"

ထို့နောက် ချန်းဖန်က ကုတ်အင်္ကျီ တစ်ခုကို ထုတ်ယူကာ သူမအား လွှမ်းခြုံပေးလိုက်သည်။ ထိုအခါတွင်မှ မိန်းကလေးမှာ သူ မိမွေးတိုင်း၊ ဖမွေးတိုင်း ဖြစ်နေကြောင်း သတိထား လိုက်မိ၏။ သူမ၏ မျက်နှာမှာ ပန်းသီး တစ်လုံး ကဲ့သို့ နီရဲ သွား၏။ မိန်းကလေးကား သူမ၏ လက်ကို မည်သည့် နေရာတွင် ထားရမည်ကိုပင် မသိတော့ချေ။

ချန်းဖန်က သူမအား သက်တောင့်သက်သာ ပြုံးပြလိုက်ရင်း မေးလိုက်၏။

"နင် ခု ဘယ်လိုနေသေးလဲ… နင့်ရဲ့ ခန္ဓာကိုယ်က ဒြပ်စင်ငါးမျိုးရဲ့ အမတေတွေနဲ့ ဖန်တီးထားတာလေ… အဲဒါကို မူလ ဓမ္မ ဥပဒေသ ခန္ဓာလို့ ခေါ်ပြီးတော့ ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြောတွေနဲ့ ဖွဲ့စည်းထားတယ်… အခုဆိုရင် နင်က ခြေတစ်လှမ်း လှမ်းရုံနဲ့ အခြေတည် ဝိညာဉ် အဆင့်ကို ဝင်ရောက်နိုင်နေပြီ… နောက်ပြီး ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို မဝင်ခင် အထိ ကျင့်ကြံခြင်းမှာ ဘာအခက်အခဲမှ ရှိတော့မှာ မဟုတ်ဘူး"

"တကယ်လား…'

အားရှို့၏ မျက်လုံးများမှာ တောက်ပ သွား၏။ သူမကား စောစောပိုင်းက အရှက်ရမှုကိုပင် မော့လျော့ သွားခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်ခန့် အကြာက သူမသည် ကောင်းကင်အဆင့် ရွှေအမြုတေ ကိုပင် မပိုင်ဆိုင်သေးသည့် သာမန် ဝမ်ရှင်း တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ခဲ့သည်။ ချီရှို့အာနှင့် ဆုံတွေ့တိုင်း အားရှို့မှာ အမြဲတမ်း သိမ်ငယ်စိတ် ဝင်ခဲ့ရသည်။ ချီရှို့အာသည် ချန်းဖန်၏ အငယ်ဆုံး တပည့် ဖြစ်သည့်တိုင် မီးငှက် ကောင်းကင်သွေးကြော ပိုင်ရှင် ဖြစ်သည်။ ထို့အပြင် ချန်းဖန်မှာ ထျန်းဟောင်ဂြိုဟ်ပေါ်၌ ကောင်းကင် သွေးကြော ပိုင်ရှင် တပည့် တစ်ယောက်ကို လက်ခံ ခဲ့သေးကြောင်း အားရှို့ ကြားခဲ့ရသေးသည်။  အားရှို့သည် သူမတို့ကို အလွန်အမင်း အားကျခဲ့ရ၏။ ယခုတွင်မူ သူမကိုယ်တိုင်သည်လည်း အပြည့်အဝ နိုးထနေသည့် ကောင်းကင် သွေးကြောကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်လေသည်။

"ဆရာ… ဒီအတွက် ဆရာ့ ရတနာတွေ အများကြီး အသုံးပြုခဲ့ရမှာပဲနော်”

အားရှို့မှာ စိတ်ပူနေ၏။ သူမသည် ထိုအဆင့်သို့ ရောက်ရှိပြီးနောက် အခြေတည် ဝိညာဥ် အဆင့် ခန္ဓာ၏ တန်ဖိုးကို နားလည် နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်သည် ရိုးရိုး ခန္ဓာ မဟုတ်ချေ။ ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြောများ စီးဆင်းနေသည့် နတ်ဘုရား ခန္ဓာ ဖြစ်ပေသည်။ ထိုအတွက် ဆရာဖြစ်သူသည် များစွာသော တန်ဖိုးများ ပေးခဲ့ရမည်မှာ သေချာပေသည်။

ချန်းဖန်က မိန်းကလေး၏ ဆံပင်များကို ညင်သာစွာ ထိတွေ့ရင်း ဆိုလိုက်၏။

“အရူးမလေး... နင်က ငါ့တပည့်ပဲလေ... အတိတ်မှာ ငါက အရမ်း အားနည်းနေတာကြောင့် နင့်အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး... အစစ်အမှန် နတ်ဘုရား လက်သီးလောက်ကိုပဲ လက်ဆင့်ကမ်း ပေးနိုင်ခဲ့တယ်... ဒါပေမဲ့ နင်ကတော့ ငါနဲ့ မြောက်ပိုင်းချုံး အတွက် အများကြီး ပေးဆပ်ခဲ့တယ်... နောက်ဆုံး နင့်ရဲ့ ခန္ဓာကိုယ်ပါ ဖျက်ဆီးခံရတဲ့ အထိပဲ... ငါပြန်လုပ်ပေးတာက ဘာမှ မပြောပလောက်ပါဘူး”

ချန်းဖန်က ခေါင်းခါကာ ဆက်ပြောလိုက်၏။

“အဲဒါတွေ ထားလိုက်ပါ... ငါ နင့်ကို နတ်ဘုရား စွမ်းအားနဲ့ ကျင့်စဥ် အချို့ သင်ပေးမယ်... နင်က အခု ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြောတွေကို ပိုင်ဆိုင်နေပြီ‌ ဆိုတော့ ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်းရဲ့ ကျင့်စဥ်တွေက နင်နဲ့ အလိုက်ဖက်ဆုံးပဲ”

ထို့နောက် ချန်းဖန်သည် တင်ပျဥ်ချိတ်ကာ ထိုင်ချလိုက်၏။ အားရှို့ကလည်း သူ၏ နံဘေးတွင် ထိုင်လိုက်သည်။ ချန်းဖန်သည် တပည့်ဖြစ်သူအား ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်း၏ ကျင့်စဥ်များကို စတင် သင်ကြား နေခဲ့ပြီ ဖြစ်သည်။ သူသည် အဇူရာ သက်ရှည် ခန္ဓာကျင့်စဥ်ကိုပင် အားရှို့အား သင်ကြား ပေးခဲ့သည်။

အားရှို့သည် ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြောများကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။ ထိုအရာသည် သူမ၏ ခန္ဓာကိုယ်နှင့် အလွန် လိုက်ဖက်ပေသည်။

“ဘုန်း...”

အဇူရာ သက်ရှည် ခန္ဓာကျင့်စဥ်ကို စတင် ကျင့်ကြံသည်နှင့် အားရှို့၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အဇူရာ အလင်းများဖြင့် ဝန်းရံသွား၏။ ကောင်းကင် ဂျူပီတာဂြိုဟ်ပေါ်ရှိ နတ်ဘုရား ကုန်းမြေသည် ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်းမှ တန်ခိုးရှင်များ သစ်သား နတ်ဘုရား နှလုံးသားကို ပျိုးထောင်ရာ နယ်မြေ ဖြစ်သည်။ ထိုနေရာ တစ်ခုလုံးမှာ များစွာသော ဝိညာဥ်ဆေးပင်များ၊ ဝိညာဥ် ဆေးမြစ်များ၊ ဝိညာဥ်ကြောများဖြင့် ပြည့်နှက်နေသည်။ ထိုနေရာသည် သစ်သား ဒြပ်စင် ကျင့်စဥ်များကို ကျင့်ကြံရန် အကောင်းဆုံး နေရာ ဖြစ်ပေသည်။  ‌

ချန်းဖန်သည် တပည့်ဖြစ်သူ အဆင့်များ ချိုးဖျက်နေသည်ကို ဘေးမှ ထိုင်ကာ ကြည့်နေခဲ့သည်။ သူမသည် ပထမ နေ့တွင်ပင် နတ်ဘုရား ခန္ဓာ အခြေခံ အဆင့်ကို အောင်မြင်ခဲ့သည်။ တတိယမြောက်နေ့တွင် စဦး အဆင့်ကို အောင်မြင်ခဲ့ပြီး ဆယ်ရက်အတွင်းမှာပင် ထူးခြား အဆင့်ကို ထပ်မံ အောင်မြင်ခဲ့၏။ သူမ၏ နတ်ဘုရား ခန္ဓာသည် နှစ်ပတ်မျှ အတွင်းမှာပင် မဟာ ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူမသည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်နှင့် အတူ ပြည့်စုံသော နတ်ဘုရား ခန္ဓာ တစ်ခု ရရှိရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

“ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြောပိုင်ရှင်တွေက ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်းရဲ့ ကျင့်စဥ်တွေနဲ့ သင့်တော်တယ်လို့ လူတွေ ပြောကြတာ မထူးဆန်းဘူးပဲ... ဒီလို ကျင့်ကြံခြင်း အမြန်နှုန်းက တကယ့်ကို မနာလို စရာကောင်းလွန်းတယ်... ဒါကြောင့်ပဲ ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်းက ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြောပိုင်ရှင်တွေကို အခြား အထွတ်အမြတ် သွေးကြောပိုင်ရှင်တွေထက်တောင် ပိုတန်ဖိုးထားတာ ဖြစ်ရမယ်”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ ထို့အပြင် အဇူရာ သက်ရှည် ကျင့်စဥ်မှာ သစ်သား ဒြပ်စင် တစ်ခုတည်း အတွက်သာ ဖြစ်သည်။ ကြည့်ရသည်က သူ့အနေဖြင့် ဒြပ်စင်ငါးမျိုး တန်ခိုးရှင်ဂိုဏ်း၏ အခြား အထွတ်အမြတ် ကျင့်စဥ် လေးမျိုးကိုပါ သူ ရှာဖွေ ရတော့မည့်ပုံ ရသည်။ သို့မှသာ အားရှို့၏ ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြောများ အလဟသတ် မဖြစ်ပေလိမ့်မည်။

နောက်ထပ် တစ်လခန့် ထပ်မံ ကျင့်ကြံပြီးနောက် အားရှို့မှာ ကျင့်ကြံရာမှ နိုးထလာ၏။ သူမသည် ကိုယ်ရောင်ကိုယ်ဝါဖြင့် တောက်ပနေကာ သူမ၏ အသားအရေမှာ ချောမွေ့နေ၏။ သူမ၏ ဆံပင်မှာ ရေတံခွန် ကဲ့သို့ ဖြာကျနေသည်။ မိန်းကလေးကား မဟာ ပြည့်စုံခြင်း အဆင့်တွင် အခြေခံ ခိုင်မာ သွားခဲ့ပြီ ဖြစ်သည်။ သူမသည် အခြေတည် ဝိညာဥ် အဆင့်များ ကဲ့သို့ သန်မာ နေခဲ့ပြီး မဟာ ကျင့်ကြံသူ တစ်ပိုင်းများနှင့်ပင် နီးကပ်နေခဲ့ချေပြီ ဖြစ်သည်။ ဒြပ်စင်ငါးမျိုး ကောင်းကင် သွေးကြော နိုးထခြင်းကား အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ချန်းဖန်သည် မိန်းကလေးမှာ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကိုပင် နှစ်ငါးဆယ် အတွင်း ရောက်ရှိလိမ့်မည်ဟုပင် ခံစား နေခဲ့မိသည်။

“ပြန်ကြစို့...”

ချန်းဖန်က ထိုင်ရာမှ ထလိုက်၏။ အရှေ့ဂြိုဟ်၌ သူ လုပ်စရာ ကိစ္စ မြောက်မြားစွာ ကျန်ရှိနေပေသေးသည်။

“ဟုတ်...”

အားရှို့က နာခံစွာပင် ခေါင်းညိတ်လိုက်၏။ ထို့နောက် သူတို့ နှစ်ယောက်သည် မထွက်ခွာပင် နတ်ဘုရား ကုန်းမြေ တစ်လျှောက် ဝိညာဥ် ဆေးပင်များ ရှာဖွေလိုက်ကြသည်။ နတ်ဘုရား တစ်ပိုင်း ဆေးပင် ရှစ်ပင်ကို ရှာဖွေ တွေ့ရှိပြီးနောက် ချန်းဖန်တို့ကား သူတို့၏ အိမ်အပြန် ခရီးကို စတင် လိုက်ကြတော့သည်။

ယခုတစ်ကြိမ်တွင်မူ ချန်းဖန်မှာ ကမ္ဘာသို့ ပြန်လည် ရောက်ရှိရန် ဆယ်ရက်ခန့် အချိန်ယူ လိုက်ရသည်။ ကမ္ဘာ‌ပေါ်ရှိ လူများသည် ချန်းဖန်ကို မြင်သော အခါ သောင်းသောင်းဖျဖျ ကြိုဆိုကြ၏။ ချီရှို့အာ၊ ကျန်းချူရန်၊ လုယန်ရွယ်၊ အန်တီထန် တို့အပါအဝင် မြောက်ပိုင်းချုံးဂိုဏ်းသားများ၊ ကောင်းကင်အရှင် အန်ပို၊ ချန်ရှန်းဂိုဏ်းချုပ် လီယွမ်တို့ အပါအဝင် အခြားဂြိုဟ်များမှ လူများသည် ချန်းဖန်ကို ဂုဏ်ပြုစကား အသီးသီး လာရောက် ပြောဆိုကြ၏။ နှစ်ပေါင်းများစွာ တံခါးပိတ်ကာ ကျင့်ကြံနေသည့် လူအိုကြီးများ ပင်လျှင် ချန်းဖန်အား လေးစားသော အနေဖြင့် အပြင်သို့ ထွက်လာကြလေ၏။ အန်ရာသည် ထိုအထဲ၌ မဟာ ကျင့်ကြံသူ တစ်ပိုင်း အဘိုးအို တစ်ယောက်ကိုပင် တွေ့မြင် ခဲ့ရသည်။

ထိုအဘိုးအို၏ နာမည်ကို မည်သူမျှ မသိရချေ။ လူများကမူ သူ့အား ကောင်းကင်အရှင်ယွမ်ဟု ခေါ်ကြ၏။ သူသည် စွန့်ပစ်ခံ ဂြိုဟ်နယ်မြေ အတွင်းရှိ အမည်မဲ့ဂြိုဟ် တစ်ခုမှ ဖြစ်သည်။ သူ၏ လက်ရှိ အသက်သည် ခြောက်သောင်း ဖြစ်သည်။ သို့သော်လည်း သူသည် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ကို ချိုးဖျက်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ သူသည် နတ်ဘုရား အရှင် အသစ်တစ်ပါး ဖြစ်သည့် ချန်းဖန် ထံမှ သင်ယူခွင့် ရရှိရန် အလွန်ပင် စိတ်လှုပ်ရှား နေခဲ့ပြီ ဖြစ်သည်။

“နတ်ဘုရားအရှင်...”

ကောင်းကင်အရှင်ယွမ်သည် ချန်းဖန်အား မြင်သည်နှင့် ရှေ့သို့ ပြေးတက်လာကာ ဦးညွှတ်လိုက်၏။

“နတ်ဘုရား အရှင်....”

တစ်ချိန်တည်း၌ ကောင်းကင်အရှင် အန်ပို အပါအဝင် များစွာသော လူများမှာလည်း တစ်ပြိုင်နက်တည်း ဦးညွှတ် လိုက်ကြလေသည်။ ကမ္ဘာပေါ်ရှိ ဘီလျံပေါင်းများစွာသော လူများမှာလည်း ထိုအခိုက်၌ ငြိမ်သက်ကာ ခေါင်းများအား ငုံ့ထားကြ၏။

ချန်းဖန်သည် အားရှို့၏ လက်ကို ကိုင်ဆောင်ကာ အလင်းတိမ်တိုက်ကို စီးနင်း၍ ကမ္ဘာ့ မျက်နှာပြင်ထက်သို့ ဆင်းသက်လာသည်။ ထိုအခိုက်၌ သူကား ကမ္ဘာကြီး၏ ဘုရင်ကဲ့သို့ ခန့်ညား ထည်ဝါလှပေသည်။

၂၀၂၈ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်...

မြောက်ပိုင်းချုံး၏ ဂိုဏ်းချုပ် ချန်းပေ့ရွှမ်းသည် ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာကာ နတ်ဘုရား အရှင် ဘွဲ့ကို ခံယူခဲ့လေ၏။ သူသည် ထိုနေ့မှ စ၍ နဂါးငွေ့တန်း ဂြိုဟ်နယ်မြေ၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ တရားဝင် ဖြစ်လာခဲ့လေသည်။

***

All Chapters