← Chapters

အခြေတည် ဝိညာဉ် အဆင့် စွမ်းအား အပြည့်

Vol. 12 Ch. 1176

အခြေတည် ဝိညာဉ် အဆင့် စွမ်းအား အပြည့်

Vol. 12 Ch. 1176

ရှေးဟောင်း ဘုရားကျောင်းကြီး၏ အတွင်း၌ ပေတစ်သောင်းခန့်မျှ ရှည်သော ကျောက်နံရံကြီး တစ်ခုသည် ထီးထီး တည်ရှိနေ၏။ ၎င်းသည် အလွန်အမင်း နက်မှောင်ကာ နတ်ဘုရား သင်္ကေတ အလင်းများမှာ ၎င်း၏ အပေါ်တွင် မာကျူရီ မီးသီးများ ကဲ့သို့ တလက်လက် တောက်ပနေကြသည်။

‌လက်ရှစ်ဖက်ပါသော အနက်ရောင် နဂါးတစ်ကောင်သည် နန်းတော်၏ အဓိက ခန်းမကြီးထဲတွင် တည်ရှိ နေသည်။ ၎င်း၏ လက်တစ်ဖက်ချင်းစီသည် ပေထောင်ဂဏန်းခန့် ရှည်လျားကာ ၎င်း၏ လက်သည်းများမှာ အလွန် ထက်ရှလှသည်။ ၎င်း၏ ဦးခေါင်းမှာ မိကျောင်းတစ်ကောင်နှင့် တူကာ ပါးစပ် တစ်ခုလုံးမှာမူ ထက်ရှသော သွားများနှင့် ပြည့်နှက်နေ၏။ ၎င်း၏ စွမ်းအင်ကား နတ်ဘုရားအရှင် တထျန်းနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။

သို့သော်လည်း ယခုတွင်မူ ထိုနဂါးကြီးကား ကြမ်ပြင်ထက်၌ အသက်မဲ့စွာ လဲလျောင်း နေခဲ့ရပြီ ဖြစ်သည်။ အလွန် ရှည်လျားသော ဒဏ်ရာကြီးတစ်ခုသည် ၎င်း၏ ဦးခေါင်းမှာ အမြီးတိုင်အောင် ဖြောင့်စင်းစွာ တည်ရှိနေ၏။ ထိုအရာကား နဂါးကြီး၏ နှလုံးသားနှင့် အမြုတေတို့ကို ထိုးဖောက်ကာ မိစ္ဆာ ဝိညာဥ်ကိုပါ တိုက်ရိုက် ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။

“ဒီကောင်ကြီးက တထျန်းနဲ့တောင် ယှဥ်နိုင်တယ်...”

ချန်းဖန်သည် ခေါင်းခါလိုက်သည်။ ထို့နောက် သူသည် တစ်လှမ်းချင်း လျှောက်ရင်း ခန်းမ အတွင်းသို့ ဝင်လာခဲ့၏။ နတ်ဘုရား မြေပုံတစ်ခုမှာ တဖြည်းဖြည်းနှင့် သူ၏ အရိုးများမှ ထွက်ပေါ်လာကာ သူ၏ နောက်တွင် ပေါ်လာခဲ့သည်။ အနီးကပ် ကြည့်ရှုပါက ထိုမြေပုံပေါ်၌ အလင်းစက် ၁၂၉၆၀၀ စက် ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုအရာများကား ၁၂၉၆၀၀ သော အခြေတည် ဝိညာဥ် စွမ်းအားများပင် ဖြစ်ပေသည်။

“ဝှစ်...”

ချန်းဖန်သည် ခန်းမ အလယ်ရှိ ဝိညာဥ် ရေတွင်း၏ ရှေ့၌ ထိုင်ချလိုက်၏။ ထို့နောက် သူသည် အစီအရင်များကို အသက်သွင်းကာ ရေတွင်းထဲမှ နတ်ဘုရားချီများကို တိတ်တဆိတ် စုပ်ယူလိုက်၏။

ဝိညာဥ် ရေတွင်းမှ စုပ်ယူသော ချီပမာဏ ပိုများလေ၊ သူ၏ ခွန်အားမှာ ပိုမို မြင့်တက်လာလေလေ ဖြစ်သည်။ ချန်းဖန်သည် ပထမ ဝိညာဥ် ရေတွင်းများ၌ မဟာ ကျင့်ကြံသူ တစ်ပိုင်း အဆင့် မိစ္ဆာများနှင့် ရင်ဆိုင် ခဲ့ရပြီး လက်ဝါးတစ်ဖက်တည်းဖြင့်ပင် သတ်နိုင်ခဲ့သည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် သူ ရင်ဆိုင်ရသော ရန်သူများမှာ အယောင်ဆောင် မဟာ ကျင့်ကြံသူများ အဖြစ် ပြောင်းလဲ သွားခဲ့သည်။ ၉၈ ခုမြောက် ဝိညာဥ် ရေတွင်းရှိ လက်ရှစ်ဖက် နဂါးဆိုလျှင် သူ အကြိတ်အနယ်ပင် တိုက်ခိုက် ခဲ့ရသည်။

“ဟူး... ဟူး...”

နတ်ဘုရားချီများကို စတင်ကာ စုပ်ယူသည်နှင့် အမျှ ချန်းဖန်၏ နောက် နတ်ဘုရား မြေပုံပေါ်ရှိ အလင်းစက်များမှာ ပိုမို တောက်ပလာ၏။ တစ်ချိန်တည်း၌ သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာလည်း ပိုမို ထူထပ်ကာ နူးညံ့ လာခဲ့သည်။ ထိုအခိုက်၌ ချန်းဖန်ကား လူသား ကမ္ဘာနှင့် မသက်ဆင်သည့် တန်ခိုးရှင် တစ်ပါးအလား ထင်မှတ်ရသည်။ သူ လက်ကို မြှောက်လိုက်သည်နှင့် သေမျိုးများမှာ သေရွက်ကြွေ သကဲ့သို့ သေဆုံးရပေလိမ့်မည်။

ထိုအရာကား လူသား ကမ္ဘာနှင့် နတ်ဘုရား နယ်မြေကြားမှ ကွာခြားချက် ဖြစ်သည်။ နတ်ဘုရား နယ်မြေရှိ ကျင့်ကြံသူများသည် ကိုယ်ပိုင် စွမ်းအားကို ရှာဖွေကာ လူသား ကမ္ဘာမှ သေမျိုးများမှာမူ အရာဝတ္ထုများမှ စွမ်းအားကို ငှားယမ်း အသုံးပြုရ၏။ သူတို့သည် ကိုယ်ပိုင် စွမ်းအား မရှိရာ အခြား စကြဝဠာသို့ ဝင်သည်နှင့် သမုဒ္ဒရာထဲမှ ငါးတစ်ကောင် အဖြစ် ပြောင်းလဲ သွားရသည်။

ချန်းဖန်သည် အတိတ်ဘဝ၌ သေမျိုးတို့၏ လမ်းကို လျှောက်လှမ်းခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ သူသည် အစွမ်း အထက်ဆုံးသော လမ်းကြောင်းပေါ်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

“ဟူး... ဟူး...”

မူလ ရေတွင်း ကိုးဆယ့် ရှစ်ခုမှ နတ်ဘုရားချီများမှာ ချန်းဖန်၏ ပါးစပ်အတွင်းသို့ တိုးဝင်ကာ သန့်စင်ခြင်းအား ခံယူ နေကြ၏။ တစ်ချိန်တည်း၌ နတ်ဘုရား မြေပုံပေါ်ရှိ ၁၂၉၆၀၀ သော အလင်းစက်များမှာ ပိုမို တောက်ပ လာနေကြသည်။

နောက်ဆုံး၌ အလင်းစက် တစ်ခုသာလျှင် လင်းဖြာရန် ကျန်ရှိတော့ပေသည်။ ချန်းဖန်သည် အခြေတည် ဝိညာဥ် အဆင့် စွမ်းအား အပြည့်ကို ရရှိရန် သူ့အနေဖြင့် ခြေတစ်လှမ်းသာ လိုအပ်တော့ပေသည်။

ထိုတစ်ခု အောင်မြင်သွားသည်နှင့် သူသည် မည်သည့် အထောက်အပံ့မျှ မပါဝင်သည့် ကိုယ်ပိုင်စွမ်းအားကို ပိုင်ဆိုင် လာနိုင်တော့မည် ဖြစ်သည်။ ထိုအခါ သူသည် ကမ္ဘာအား လွှမ်းမိုးကာ သေမျိုးကမ္ဘာမှ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူများကို အနိုင်ယူနိုင်ပေလိမ့်မည်။

...

ကြယ်ပင်လယ် အတွင်းပိုင်းရှိ အလွန် ကြီးမားလှသော ဂြိုဟ်ကြီးတစ်ခု ပေါ်၌...

ပြိုးပြိုးပျက်ပျက်သော ဝိညာဥ် စွမ်းအင်များမှာ ကောင်းကင်တွင် စမ်းချောင်းများ အဖြစ် စီးဆင်းနေ၏။ တာအို ဥပဒေသများမှာ ရေတံခွန်းများ အလား နေရာတိုင်းတွင် မြောလွင့်နေသည်။ ထိုဂြိုဟ်ကြီးသည် ကမ္ဘာထက် အဆပေါင်း ရာချီအောင် ပိုမို ကြီးမားလှသည်။ အခြေတည် ဝိညာဥ် အဆင့်များ အပါအဝင် များစွာသော ကျင့်ကြံသူများမှာ ဝေဟင်တွင် ပျံသန်း နေကြသည်။

ယုရှန်းဂြိုဟ်...

ထိုဂြိုဟ်ကြီးကား ဝူကျိဂိုဏ်း၊ ချန်ရှန်းဂိုဏ်းနှင့် အပိုလို နန်းတော်တို့ တည်ရှိရာ ဂြိုဟ်နယ်မြေများ၏ အလယ် ဆုံမှတ်၌ တည်ရှိသည့် ဂြိုဟ်ကြီးတစ်လုံးပင် ဖြစ်သည်။ ထိုဂြိုဟ်ကြီးကား မရေမတွက်နိုင်သော တန်ခိုးရှင် ကျင့်ကြံသူများနှင့် ကုန်သည် အဖွဲ့အစည်းများ အတွက် ကုန်သွယ်ရေး ကောင်းကင်ဘုံပင် ဖြစ်သည်။ ထာဝရဂိုဏ်းများမှ ဆုငွေထုတ်ထားသည့် ပြစ်မှု ကျူးလွန်သူများမှာ များသော အားဖြင့် ထိုနေရာ၌ လာရောက် ပုန်းကွယ်လေ့ ရှိသည်။ သူတို့ ထိုဂြိုဟ်မှ မထွက်မချင်း ထာဝရဂိုဏ်းများမှာ သူတို့၏ ပြစ်ဒဏ်များကို လျစ်လျူ ပေးထားလိမ့်မည် ဖြစ်သည်။

ထိုနေ့၌...

ယုရှန်ဂြိုဟ်၏ လေထုမှာ ဖိအားများဖြင့် ပြည့်နှက်နေ၏။ ဂြိုဟ်စီမံခန့်ခွဲမှု ဌာန လက်အောက်ရှိ ဥပဒေ ထိန်းသိမ်း‌ရေး အဖွဲ့သားများသည် ကောင်းကင်တွင် ပြည့်နှက်နေသည်။ သူတို့သည် ဝင်္ကပါ သဏ္ဌန် ဖွဲ့စည်းကာ နေရာယူထားကြ၏။ လူများမှာ သူတို့အား ကြည့်ကာ စကားပင် ကျယ်ကျယ် မပြောရဲကြတော့ချေ။

“ဘာတွေဖြစ်နေတာလဲ... ယုရှန်ဂြိုဟ်မှာ ဒီလို မတင်းကြပ်တာ ကြာပြီ... နောက်ဆုံးအကြိမ် ခုလို တင်းကြပ်တာက အရင် ဧကရာဇ် သေဆုံးပြီး နောက်တစ်ယောက် ဆက်ခံတုန်းက မလား”

“ဟုတ်တယ်... ငါ့အထင် အထူး ဧည့်သည် ရှိတာများလား... ထာဝရဂိုဏ်းတွေက အကြီးအကဲတွေ ရောက်လာတာတောင် ဖြစ်နိုင်တယ်”

“သိပ်တော့ မသချောဘူး”

လူတိုင်းမှာ တိုးတိုးတိတ်တိတ် ပြောဆို နေကြ၏။ ယုရှန်ဂြိုဟ်၏ အမြင့်ဆုံး အာဏာမှာ အခြေတည် ဝိညာဥ် အဆင့်များဖြင့် ဖွဲ့စည်းထားသည့် ဂြိုဟ်စီမံ ခန့်ခွဲမှု ဌာနတွင် တည်သည်။

ချန်းဖန်သည် ကမ္ဘာအပြင်ဘက်၌ အခြေတည် ဝိညာဥ် အဆင့်များကို ကြက်များ ငှက်များ ကဲ့သို့ သတ်ခဲ့သည့်တိုင် ၎င်းတို့မှာ များစွာသော ဂြိုဟ်များတွင် အဓိက ကျင့်ကြံသူများ အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ ယုရှန်း ကဲ့သို့သော ဂြိုဟ်များတွင်ပင် အခြေတည် ဝိညာဥ် အဆင့်မှာ ဆယ်ဂဏန်းမျှသာ ရှိတတ်ကြသည်။

ယုရှန်ဂြိုဟ်၏ လက်ရှိ ဧကရာဇ်မှာ စွန်းယုဆိုသူ ဖြစ်သည်။ သူသည် ဖူဟိုင်ဓား ဟုလည်း ကျော်ကြားသည်။ စွန်းယုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် တောင်ပိုင်း ဒေသငယ် တစ်ခုလုံး အတိုင်းအတာဖြင့်ပင် အတော်အသင့် ကျော်ကြားပေသည်။

သို့သော်လည်း ယခုတွင်မူ ဧကရာဇ် ရှန်းယုမှာ ခန္ဓာကိုယ်အား အနည်းငယ် ကျို့ကာ နန်းတော် အတွင်း သုတ်သုတ်ပြာပြာ ဝင်သွားခဲ့သည်။ သူသည် မည်သည့် စကားကိုမှ မဆိုရဲချေ။

နန်းတော်၏ အပြင်ဘက်တွင်မူ အခြေတည် ဝိညာဥ် အဆင့် အချို့မှာ တုန်ရီစွာ ရပ်နေကြ၏။ သူတို့သည် ရှန်းယန်ဂြိုဟ်၏ အကြီးအကဲများ ဖြစ်ကာ ဂုဏ်ပုဒ်အားဖြင့် ကြီးမြတ်ကြသူများ ဖြစ်သည်။ သို့တိုင်အောင် ယခု အခိုက်အတန့်တွင်မူ သူတို့သည် နန်းတော် အတွင်းကိုပင် ဝင်ရောက်ရန် အခွင့်အရေး မရှိကြချေ။

ထိုအချိန် နန်းတော် အတွင်း၌...

“ဘုန်း... ဘုန်း...”

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များမှာ ဖိအား အဖြစ်ဖြင့် ပြည့်နှက်နေ၏။ အကယ်၍ သာမန် အခြေတည် ဝိညာဥ် အဆင့်များသာ ထိုနေရာတွင် ရှိပါက မားမားမတ်မတ်ပင် မရပ်ဝံ့ပဲ ဒူးထောက် နေမိကြလိမ့်မည် ဖြစ်သည်။

လူနှစ်ယောက်သည် နန်းတော်၏ ညီလာခံ ခန်းမ အတွင်းတွင် ထိုင်နေကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ ကျောတွင် ဓားတစ်စင်း ပိုးထားသည့် အဇူရာ ဝတ်စုံဝတ် အသက်လတ်လူ ဖြစ်၏။ သူ၏ မျက်လံးများသည် ဓားများ ကဲ့သို့ ဖြောင့်စင်းနေကာ သူ၏ မျက်လုံးများမှာ ကြယ်များ ကဲ့သို့ တောက်ပနေသည်။ သူ၏ လက်ချောင်းများသည် ရှည်လျားကာ သွယ်လျ၏။

ဓားသူတော်စင် ချင်ရှန်း...

သူကား ထာဝရဂိုဏ်း တစ်ဂိုဏ်းကို ဓားတစ်စင်းဖြင့် ဦးညွှတ်အောင် လုပ်ခဲ့သူ ဖြစ်သည်။ သူကား တောင်ပိုင်း ဒေသငယ် တစ်ခုလုံးရှိ ကျင့်ကြံသူများထဲတွင် ထိပ်ဆုံး သုံးယောက်ပင် ဝင်နိုင်သည် အထိ အစွမ်းထက်သူ ဖြစ်သည်။

အခြား ပုဂ္ဂိုလ်မှာမူ ခရမ်းရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ် တစ်ယောက် ဖြစ်သည်။ ခရမ်းရောင် မီးခိုးများသည် လူငယ်၏ မျက်လုံး နှစ်ခုကြားမှ တိုးထွက်နေ၏။ ခရမ်းရွှေရောင် အဆောင် ကိုးခုမှာ သူ မျက်လုံး ဖွင့်ချိန် ပိတ်ချိန်တိုင်း၌ တဖျပ်ဖျပ် လင်းလက် နေခဲ့လေသည်။

ထိုလူငယ်သည် အခြေတည် ဝိညာဥ် အဆင့်သာလျှင် ဖြစ်သည်။ သို့သော်လည်း သူသည် ဓားသူတော်စင် ချင်ရှန်း၏ အရှေ့တည့်တည့်၌ သက်တောင့်သက်သာပင် ထိုင်နေခဲ့၏။ သူ၏ ပုံစံက သူ၏ အရှေ့၌ ရှိနေသော ချင်ရှန်းမှာ အလွန်တရာ ကျော်ကြားလှသည့် မဟာ ကျင့်ကြံသူ တစ်ယောက် မဟုတ်သည့် အတိုင်းပင်။

သူတို့ နှစ်ယောက်၏ ဘေးတွင်မူ ဧကရာဇ် စွန်းယုသည် ရိုကျိုးစွာပင် လက်ဘက်ရည် ငှဲ့ပေးနေခဲ့သည်။ သေချာ သတိထား၍ ကြည့်မည် ဆိုပါက သူ၏ လက်နှစ်ဖက်မှာ အနည်းငယ် တုန်ရီနေသည်ကို‌ တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

စွန်းယုသည် ဓားသူတော်စင် ချင်ရှန်းကို ကောင်းစွာ သိသော်လည်း လူငယ်ကိုမူ တစ်ခါမှ မမြင်ဖူးချေ။ သူနှင့် ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်က အတူတူ ဖြစ်သည်။ သို့သော်လည်း ထိုလူငယ်မှာ သူ့အား လွယ်ကူစွာ ဖျက်ဆီး ပစ်နိုင်သည်ဟု စွန်းယု ခံစားနေရသည်။

လူငယ်၏ နောက်တွင်မူ ယောက်ျား တစ်‌ယောက်နှင့် မိန်းမ တစ်ယောက်မှာ မတ်တပ်ရပ် နေကြ၏။ ယောကျ်ားသည် ဆယ့်နှစ်ပေခန့် ရှည်လျားကာ သံချပ်ကာ အင်္ကျီကို ဝတ်လျှက် တောင်ကြီးတစ်ခုအလား မားမားမတ်မတ် တည်ရှိနေ၏။ တစ်ချိန်တည်းက မိန်းမမှာမူ တောင်ပိုင်း ဒေသငယ် ကောင်းကင်နယ်၏ ထိပ်တန်း နတ်မိမယ်များ အလား အလွန်တရာ လှပကာ သိမ်မွေ့လှသည်။ စွန်းယုဖုန်းသည် သူတို့ နှစ်ယောက်မှာ မည်သည့် အဆင့်၌ ရှိနေကြောင်း မခန့်မှန်းနိုင်ချေ။

***

All Chapters