အသက်ရှင်နေတုန်းပဲ
Vol. 12 Ch. 1178
“ဦးလေး... အဲဒါ... အဲဒါကြီးက နတ်ဘုရားတွေ အကျဥ်းချထားတယ် ဆိုတဲ့ မိစ္ဆာကြီး ဆိုတာလား...”
ချန်းယောင်ယောင်က တုန်တုန်ရီရီဖြင့် ချန်းဖန်အား မေးလိုက်၏။ မည်မျှပင် အစွမ်းထက်သည် ဆိုစေ သူမသည် အသက် ဆယ့်ရှစ်နှစ် အရွယ် မိန်းမငယ်လေး တစ်ယောက်သာလျှင် ဖြစ်သည်။ သူမသည် ချန်းဖန်နှင့် အရှင် တထျန်းတို့၏ တိုက်ပွဲကို ကြည့်ခဲ့ရသည့်တိုင် ဂြိုဟ်တစ်လုံးကဲ့သို့ ကြီးမားလှသော သက်ရှိကြီးကို မြင်သောအခါ၌ ကြောက်လန့်နေဆဲ ဖြစ်သည်။
“ဟုတ်တယ်...”
ချန်းဖန်က ဆိုလိုက်၏။ သူသည် အဆင့်တစ်ခု တက်သွားသည့်တိုင် မိစ္ဆာ နတ်ဘုရားကြီး၏ ရှေ့မှောက်၌ ကြောက်မက်ဖွယ် ဖိအားကို ခံစား နေရဆဲ ဖြစ်သည်။ အားရှို့နှင့် အခြား တပည့်များ ဆိုလျှင် ပို၍ ဆိုးသေး၏။ အကယ်၍ တင်းဟိုင်ပုလဲ၏ ကာကွယ်မှုကြောင့်သာ မဟုတ်ပါက သူမတို့မှာ ကြောက်မက်ဖွယ် ဖိအားအောက်၌ ဒူးထောက်ကာ ဦးချနေရလောက်ပြီ ဖြစ်ပေသည်။
“ဘုန်း...”
နဂါးတစ်ကောင်၊ မီးငှက်တစ်ကောင်နှင့် ငါးရောင်ခြယ် အလင်းတို့မှာ ပေါ်လာခဲ့၏။ ရှောင်မန်၊ ချီရှို့အာနှင့် အားရှို့တို့သည် မျက်လုံးများကို မှိတ်ကာ ရပ်နေကြသည်။ သူတို့ကား ထိုအခွင့်အရေးနှင့် အတူ ကျင့်ကြံလိုကြပုံ ရသည်။
“ကောင်းတယ်...”
ချန်းဖန်က တိတ်တိဆိတ်ပင် တင်းဟိုင် ပုလဲအား ထိန်းချုပ်ကာ မိန်းကလေး သုံးယောက်၏ ပတ်လည်မှ အကာအကွယ်များကို ပြန်လည် ရုတ်သိမ်းပေးလိုက်၏။ တာအို ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ဖိအားကား အလွန် အစွမ်းထက်လှသည်။ ထိုဖိအားကို ကောင်းစွာ အသုံးချနိုင်ပါက ကျင့်ကြံသူမှာ များစွာ အကျိုးရှိလိမ့်မည် ဖြစ်သည်။
“ဂါး...”
နဂါးသည် ဟိန်းဟောက်ကာ ဖီးနစ်ငှက်မှာ တွန်သံပေး၏။ ရှောင်မန်နှင့် ချီရှို့အာ တို့၏ နတ်ဘုရား သွေးကြောများမှာ အပြည့်အဝ နိုးထ နေကြပြီ ဖြစ်သည်။ ဆယ်ပေခန့် ရှည်လျားသော ရွှေရောင် နဂါး တစ်ကောင်သည် ရှောင်မန်၏ ပတ်လည်တွင် ပျံသန်းနေသည်။ ချီရှို့အာ၏ ပတ်လည် ပေအနည်းငယ်မှာ ဖီးနစ် မီးတောက်များဖြင့် ပြည့်လျှံနေသည်။
သူတို့နှင့် နှိုင်းယှဥ်ရပါက အားရှို့မှ တည်ငြိမ်နေ၏။ သူမ၏ ဒြပ်စင်ငါးပါး ကောင်းကင် သွေးကြောများမှာ ပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည့် အပြင် သူမ၏ ခန္ဓာကိုယ်မှာလည်း ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်နှင့် နီးကပ်နေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်လေရာ သူမမှာ ထိုဖိအားကို အတော်အတန် တောင့်ခံနိုင်စွမ်း ရှိနေခဲ့ပေည်။
ချန်းဖန်က တည်ငြိမ်စွာပင် မိစ္ဆာ ဖုတ်ကောင်၏ မျက်နှာအား မော့ကြည့်ကာ ပြောလိုက်လေသည်။
“ဒီမိစ္ဆာ ဖုတ်ကောင်ကြီးရဲ့ နာမည်က ချီယန်တဲ့... ရှေးဟောင်းခေတ် တိုက်ပွဲတွေမှာ နတ်ဘုရားတွေက သူ့ကို ဖမ်းဆီးပြီး နတ်ဘုရား ရတနာရဲ့ အကူအညီနဲ့ အတူ ဒီနေရာမှာ ချုပ်နှောင်ထားခဲ့ကြတာပေါ့... အဲဒီအချိန်က ရေတွက်မယ် ဆိုရင် နှစ်ပေါင်း ဘီလျံနဲ့ချီ ကြာခဲ့ပါပြီ”
“ဦးလေး... နတ်ဘုရား ရတနာရဲ့ အကူအညီနဲ့ အတူ ချုပ်နှောင်ခဲ့တယ် ဆိုတော့ အဲဒိ နတ်ဘုရား ရတနာက ဘယ်မှာလဲ”
ချန်းယောင်ယောင်က မေးလိုက်သည်။
“ကြည့်လိုက်...”
ချန်းဖန်က အပေါ်တည့်တည့်ကို လက်ညိုးထိုးပြလိုက်၏။ လူတိုင်းက မော့ကြည့်လိုက်ကြရာ အံ့မခန်း မြင်ကွင်းတစ်ခုကို မြင်တွေ့ လိုက်ကြရသည်။
အလွန် ကြီးမားလှသည့် ချိပ်တံဆိပ်ကြီး တစ်ခုသည် ကောင်းကင်တွင် တည်ရှိနေ၏။ ထိုအရာကြီးသည် နတ်ဘုရား အလင်းများ၊ ဖားလောင်း ကဲ့သို့ သင်္ကေတများဖြင့် ဖုံးလွှမ်းနေသည်။ ထိုအရာကြီးမှာ အဆုံးမဲ့ ကြီးမားလှကာ မိစ္ဆာ ဖုတ်ကောင်ကြီးထက်ပင် ပိုမိုဟန် ရလေ၏။ ထိုချိပ်တံဆိပ်ကြီး၏ အစွန်းနှစ်ဖက်ကို သာမန် မျက်စိများဖြင့်ပင် မမြင်နိုင်ပါချေ။ ၎င်းသည် နတ်ဘုရား သံကြိုးများနှင့် အတူ ရစ်ပတ်၍ ကောင်းကင်တွင် မြောလွင့်နေကာ မိစ္ဆာ ဖုတ်ကောင်ကြီးကို ချုပ်နှောင်ထားပေသည်။
“ဒါကြီးက...”
ရှောင်မန်၏ အသံက တုန်ရီနေ၏။
“အဲဒါက နတ်ဘုရားတွေ မိစ္ဆာ နတ်ဘုရားကို ချုပ်နှောင်ဖို့ အသုံးပြုခဲ့တဲ့ ဓမ္မ ရတနာပဲ.... စောစောက ငါတို့ ရပ်နေခဲ့တဲ့ နတ်ဘုရား ကုန်းမြေဆိုလည်း ဟုတ်တယ်”
“ဘယ်လို...”
ထိုစကားကို ကြားသည်နှင့် လူတိုင်းမှာ ဆွံ့အ သွားကြလေတော့သည်။ ထိုအရာကား အလွန် မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။ အဆုံးအစမဲ့ ကျယ်ပြောကာ အမျိုးမျိုးသော ဆန်းကြယ်မှုများ တည်ရှိနေသည့် နတ်ဘုရား ကုန်းမြေမှာ ချိပ်တံဆိပ် တစ်ခုသာ ဖြစ်သည်လား။
ရုတ်တရက် အားရှို့မှာ နှလုံးသားထဲမှ အားငယ်မှုကို ခံစားလိုက်ရ၏။ ထိုချိပ်တံဆိပ်ကြီးကား နေနှင့် နေအဖွဲ့အစည်း တစ်ခုလုံးကိုပင် တိုက်ခိုက်မှု အနည်းငယ်ဖြင့် ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။ ထိုကဲ့သို့သော စွမ်းအားကို ရရှိရန် အတွက် နှစ်ပေါင်းတစ်သန်း ကျင့်ကြံခြင်း ပင်လျှင် လုံလောက်လိမ့်မည် မထင်ချေ။
ချန်းဖန်က ညင်သာစွာပင် ဆက်ပြောလိုက်၏။
“ဒီမတိုင်ခင် ငါတို့ ကမ္ဘာကြီး ဝိညာဥ်ချီ ခမ်းခြောက်သွားခဲ့တဲ့ အကြောင်းရင်းက အားလုံးကို ဒီနတ်ဘုရား ချိပ်တံဆိပ်က စုပ်ယူ သွားခဲ့လို့ပဲ... ခုပြန်ပေါ်လာရတဲ့ အကြောင်းရင်းကလည်း အဲဒါက မိစ္ဆာချီကို သန့်စင်ပြီး ငါတို့ဂြိုဟ်ပေါ်ကို ပြန်ပို့နေလို့ပဲ... ငါ ဝိညာဥ်ရေတွင်း ကိုးဆယ့် ကိုးခုကို ထိန်းချုပ်နိုင်ပြီး နောက်မှာ ဒီနတ်ဘုရား ချိပ်တံဆိပ်ရဲ့ သခင် မဖြစ်သေးဘူး ဆိုပေမဲ့ သူ့ရဲ့ သြဇာအာဏာ အစိတ်အပိုင်း အချို့ကို ရရှိလာခဲ့တယ်... လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ငါဟာ ဝိညာဥ်ချီကို ကမ္ဘာဆီကို ဆက်ပြီး ပို့လွှတ်ပေးခဲ့တယ်... အခြားလူတွေ နှစ်တစ်သန်း ကျင့်ကြံရမယ့် ခရီးလမ်းကို ရာစုနှစ် အနည်းငယ်နဲ့ ရောက်စေခဲ့တယ်... ကမ္ဘာက အချိန်တို အတွင်းမှာပဲ စည်ကားတဲ့ နေရာ ဖြစ်လာခဲ့တယ်... ဒါပေမဲ့...”
“ဘာဖြစ်လို့လဲ ဆရာ...”
အားရှို့က မေးလိုက်သည်။ သူတို့သည် ချန်းဖန် ထိုမျှ လေးနက်နေသည်ကို တစ်ခါမှ မတွေ့ဖူးချေ။ ထိုအရာက သူတို့အား ထိတ်လန့်စေ၏။
“နတ်ဘုရား ချိပ်တံဆိပ်ကို သတိထားမိတဲ့နောက် ငါတစ်ခုကို သတိထားမိခဲ့တယ်... မိစ္ဆာ ဖုတ်ကောင်က မသေသေးဘူး”
“အသက်ရှင်နေတုန်း ဟုတ်လား...”
လူတိုင်းမှာ ချွေးစေးများပင် ထွက်လာကြ၏။ နှစ်ပေါင်း ဘီလျံနှင့်ချီ ဖမ်းချုပ်ခံထားရသည့် မိစ္ဆာ နတ်ဘုရားကြီးက တကယ် မသေသေးသည်လား။ သူတို့က စိုးရိမ် ထိတ်လန့်စွာဖြင့် မိစ္ဆာ ဖုတ်ကောင်ကြီးကို ကြည့်လိုက်ကြသည်။ ယခုအခိုက်အတန့်၌ ထိုမိစ္ဆာကြီး၏ အကြေးခွံ တစ်ခုချင်းစီပင်လျှင် အသက်ဝင်ကာ လှုပ်ယမ်းနေသည်ဟု သူတို့ ခံစားနေကြရလေသည်။
“တ... တကယ်ကြီး...”
ချန်းယောင်ယောင်မှာ အလွန်ပင် ကြောက်လန့်နေ၏။ သူမ၏ မျက်နှာက လုံးဝ ဖြူရော် နေသည်။
“အဲဒါကသာ တကယ် အသက်ရှင်နေတယ် ဆိုရင် ကြောက်ဖို့ကောင်းတဲ့ အရာတွေ ဖြစ်လာတော့မယ် ကမ္ဘာမှာ အန္တရာယ် ရှိနေပြီ”
အားရှို့မှာ အလွန်အမင်း လေးနက်နေ၏။ မလှုပ်မယှဥ် လဲလျောင်းကာ အသေကောင်ဟု ယူဆရသော အရာကပင်လျှင် ထိုမျှ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။ ထိုအရာကြီးသာ အမှန်တကယ် လှုပ်ရှားလာပါက တိုက်ခိုက်မှု တစ်ခုဖြင့်ပင် ကမ္ဘာမှာ အပိုင်းပိုင်း ကွဲအက် သွားပေလိမ့်မည်။
“ဒါ... ဒါပေမဲ့ ဆရာ... နှစ်ပေါင်းက ဘီလျံချီ ကြာနေပြီလေ... ဘာလို့ အဲဒါကြီးက အသက်ရှင် နေသေးတာလဲ... လောကမှာ အဲဒီလောက် အသက်ရှင်နိုင်တဲ့ သက်ရှိ ရှိလို့လား”
ရှောင်မန်က မေးလိုက်၏။
ချန်းဖန်က မိစ္ဆာ နတ်ဘုရားကြီးကို ငေးကြည့်ရင်း ဖြည်းညင်းစွာ ရှင်းပြလိုက်၏။
“ရှေးဟောင်း မိစ္ဆာ နတ်ဘုရားတွေက သာမန် တန်ခိုးရှင် ကျင့်ကြံသူတွေထက် အဆပေါင်းများစွာ အသက် ပိုရှည်ကြတယ်... သူတို့ မွေးဖွားလာတဲ့ ရှေးဟောင်းခေတ်တွေမှာဆို သာမန် ကျင့်ကြံသူတွေတောင် နှစ်ထောင်ဂဏန်းထိ အသက်ရှင် နေနိုင်ကြတယ်... ဒီနေ့ခေတ်မှာ ဝိညာဥ်ချီက ရှားပါးလာပြီး ကျင့်ကြံခြင်းဟာလည်း ကျဆင်းလာခဲ့တယ်... ငါတို့ ကမ္ဘာက သာမန် လူတွေ ဆိုရင် ရာစုနှစ်တစ်ခု ပြည့်အောင်တောင် မနေရတော့ဘူး... ဒါပေမဲ့ ဗဟို ဂလက်စီက အချို့ ဂြိုဟ်တွေမှာတော့ ရာစုနှစ်၊ ထောင်စုနှစ်နဲ့ချီ အသက်ရှင် နေနိုင်တဲ့ ကျင့်ကြံသူတွေ ရှိနေတုန်းပဲ”
ဒဏ္ဍာရီများ အရဆိုလျှင် မူလ မိစ္ဆာများ ဖြစ်သည့် အစစ်အမှန် နဂါး၊ ဖီးနစ်နှင့် ခွန်ပန်တို့မှာ ကမ္ဘာတည်သ၍ အသက်ရှင်နိုင်ကာ နေနှင့်လကိုပင် ဝါးမျို နိုင်ကြသည်ဟု ဆိုသည်။ သူတို့သည် စကြဝဠာ တည်ရှိသမျှ အသက်ရှင်သန် နိုင်ပေသည်။
သို့သော်လည်း ထိုခေတ်ကား ကုန်ဆုံး သွားခဲ့ပြီ ဖြစ်သည်။ ချန်းဖန်သည် ထိုခေတ်လက်ကျန် မိစ္ဆာ နတ်ဘုရား တစ်ကောင်ကို တွေ့မြင်ခွင့် ရလိမ့်မည်ဟု တွေးပင် မတွေးခဲ့ဖူးချေ။
“အဲဒါက တကယ် အသက်ရှင်နေတာလား...”
အားရှို့က ညင်သာစွာ မေးလိုက်သည်။
“အင်း... နတ်ဘုရား ချိပ်တံဆိပ်က ငါ့ကို ပြောပြတယ်... ဒီမိစ္ဆာ နတ်ဘုရား ချီယန်က အိပ်ပျော်နေတာတဲ့”
ချန်းဖန်က မသေချာ မရေရာမှုများ ပြည့်နှက်နေသော လေသံဖြင့် ဆိုလိုက်၏။
“ဒါပေမဲ့ အဲဒါမှာ ဘာအသက်ဓာတ်ကိုမှ ငါမခံစားရဘူး”
မိစ္ဆာ နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ရန် ထိုမျှ မလွယ်ကူကြောင်း ချန်းဖန် သိပေသည်။ ထို့ကြောင့်ပင် နတ်ဘုရားများမှာ နတ်ဘုရား ချိပ်တံဆိပ်ကို သုံးကာ ဤနေရာ၌ ပိတ်လှောင်ထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် သေချာစွာ ခံစားမိ၏။ ထိုမိစ္ဆာဖုတ်ကောင်၏ အတွင်း၌ မူလ ဝိညာဥ် လုံးဝ မရှိတော့ချေ။ ထိုအရာကား ဝိညာဥ် မရှိသည့် ခန္ဓာသက်သက် သို့မဟုတ် အခွံသာလျှင် ဖြစ်ပေသည်။ သူသည် မြောက်ပိုင်း ကောင်းကင်အရှင် ဖြစ်ကာ လတ်တလော၌ အခြေတည် ဝိညာဥ် အဆင့် စွမ်းအား အပြည့်ကို ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ ခံစားချက်မှာ မမှားနိုင်ချေ။
“မဟုတ်မှ လွဲရော...”
ချန်းဖန်မှာ ရုတ်တရက် ပေါ်လာသော အတွေးကြောင့် ဖြူရော်သွားလေ၏။
“ဘာလို့လဲ...”
ရှောင်မန်နှင့် အခြားလူများက သူ့အား စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။ ချန်းဖန်က သူတို့အား လက်ခါယမ်းပြကာ သူအဆင်ပြေကြောင်း ပြောလိုက်၏။ ထို့နောက် သူက မိစ္ဆာ နတ်ဘုရားကြီး၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ အကယ်၍ သူ၏ ထိုအတွေးသာ အမှန်တကယ် ဆိုပါက များစွာသော အရာများမှာ ရှုပ်ထွေး သွားလိမ့်မည် ဖြစ်သည်။
“မိစ္ဆာနတ်ဘုရား ချီယန်ရဲ့ မူလ ဝိညာဥ်က ခန္ဓာကိုယ်ကို စွန့်ခွာပြီး ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းထဲကို တကယ်ကြီး ဝင်သွားတာလား”
ချန်းဖန်က တွေးလိုက်၏။ မိစ္ဆာ နတ်ဘုရားများ၏ ၉၉ ရာခိုင်နှုန်းသော စွမ်းအားများမှာ သူတို့၏ ခန္ဓာကိုယ်မှ လာသည်။ နတ်ဘုရားများ၏ ခန္ဓာကိုယ် ပင်လျှင် သူတို့နှင့် မယှဥ်နိုင်ချေ။ မိစ္ဆာ နတ်ဘုရားတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းစီ ပင်လျှင် စကြဝဠာ အတွင်းရှိ ထိပ်တန်း ရတနာများနှင့် နှိုင်းယှဥ်နိုင်ပေသည်။
အခြား ရွေးချယ်ခွင့် တစ်ခုသာ ရှိပါက မိစ္ဆာ နတ်ဘုရားများမှာ ခန္ဓာကိုယ်အား စွန့်ပယ်၍ ပြန်လည် ဝင်စားခြင်းကို ရွေးချယ်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ပြန်လည် ဝင်စားလိုက်သည်နှင့် သူတို့၏ စွမ်းအား ၉၉ ရာခိုင်နှုန်းမှာ ပြန်မရနိုင်အောင် ပျောက်ကွယ် သွားရလိမ့်မည် ဖြစ်သည်။
“ဒါပေမဲ့ အခု အဲဒါက လွဲပြီး ဖြစ်နိုင်ချေ မရှိတော့ဘူး”
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။ မူလ မိစ္ဆာ နတ်ဘုရား တစ်ပါး ပြန်လည် မွေးဖွားလာသော ကျင့်ကြံသူမှာ သာမန် မဟာကျင့်ကြံသူ လူဝင်စားများထက် များစွာ ပိုမို အစွမ်းထက်လိမ့်မည် ဖြစ်သည်။
“တကယ်လို့ မိစ္ဆာ နတ်ဘုရားသာ ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းထဲကို ဝင်သွားတာ ဆိုရင်... သူ့ရဲ့ နှစ်ထောင်ချီ အသိဉာဏ်၊ ကျင့်စဥ်တွေကို အသုံးပြုပြီး လောကရဲ့ အထွတ်အထိပ်ကို အမြန်ဆုံး ပြန်တက်လှမ်းနိုင်မှာ သေချာတယ်... သူက ထိပ်တန်း ကျင့်ကြံသူတွေကို ကျော်လွန်ပြီး ဗဟို ဂလက်စီရဲ့ ထိပ်တန်း ပါရမီရှင်တွေနဲ့တောင် ပခုံးချင်း ယှဥ်နိုင်လိမ့်မယ်”
ချန်းဖန်၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွား၏။ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ကောင်းကင်သို့ ပျံတက်သွားကာ မိုင်ပေါင်းထောင်ချီ အကွာအဝေး အထိ ရောက်ရှိ သွားသည်။ ထို့နောက် သူသည် လှည့်ပတ် ပျံသန်းကာ မိစ္ဆာ နတ်ဘုရား၏ ခန္ဓာကိုယ် တစ်ခုလုံးကို စေ့စေ့စပ်စပ် အကဲခတ် လိုက်၏။ ပြန်လည် ရောက်ရှိလာသော အချိန်၌ သူ၏ မျက်နှာမှာ အလွန်အမင်း ဖြူရော်နေခဲ့ပြီ ဖြစ်သည်။
***