← Chapters

နတ်ဆိုးတို့၏လှိုင်းတံပိုး

Vol. 102 Ch. 1422

နတ်ဆိုးတို့၏လှိုင်းတံပိုး

Vol. 102 Ch. 1422

အခန်း (၁၄၂၂) နတ်ဆိုးတို့၏လှိုင်းတံပိုး

ထိုခမ်းနားထည်ဝါသောအငွေ့အသက် ထင်ရှားထွက်ပေါ်လာသည်နှင့် ဗလာနယ်တစ်ခုလုံးက နတ်ဆိုးနယ်မြေအဖြစ် လုံးဝပြောင်းလဲသွားသည်။

တာအိုဝါဒ၏ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များက သူတို့ကိုဟန့်တားထားသည့်တိုင် နတ်မိစ္ဆာမျိုးနွယ်များနှင့် အနောက်ဘက်သူတော်စင်ဘုံ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အင်အားစု(၄)ခု အချင်းချင်း ထိန်းချုပ်ရင်း ရုပ်ဆိုးသောတိုက်ပွဲတစ်ခုဖြစ်ပေါ်လျှက်ရှိသည်။

ရန်သူမိတ်ဆွေမခွဲခြားနိုင်တော့သဖြင့် နောက်ဆုံး ကောင်းကင်နတ်ဘုရားအဆင့်ရှိ မဟာနတ်ဆိုးတစ်ပါးလွတ်မြောက်ပြီး ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။

ထိုမဟာနတ်ဆိုးက ရှုပ်ထွေးသည့်အခြေအနေကိုအ‌ရေးမစိုက်ဘဲ အခြားနတ်ဆိုးများကိုဦးဆောင်ကာ ရန်ကျောက်ကဲတို့အုပ်စုအားရှာဖွေရန် အာရုံစိုက်ထားသည်။

ယခု သူက အကြေးခွံတစ်ထောင်နယ်မြေသို့ ဆင်းသက်လာပြီဖြစ်၏။

သူက အလုံးစုံလွှမ်းမိုးနိုင်သော နတ်ဆိုးချီဖြင့် အကြေးခွံတစ်ထောင်နယ်မြေကို ချက်ချင်းဖိနှိပ်လိုက်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်ဘုရားအဆင့်ရှိ မဟာနတ်ဆိုးတစ်ပါး၏ အမိန့်ပေးမှုအောက်တွင် အဆုံးမရှိသော နတ်ဆိုးရောင်ဝါများထဲမှ သွေးနီရောင်တစ်ချက် တောက်ပသွားသည်။

တစ်ချိန်တည်းပင် ဗလာနယ်ကိုဖြတ်ကျော်လာသော အင်အားကြီးမားသည့်နတ်ဆိုးများအားလုံး သူတို့၏မူလပုံစံ ထင်ရှားလာသည်။

မဟာနတ်ဆိုးများအားလုံး ပုံစံအမျိုးမျိုးထွက်ပေါ်လာပြီး မိစ္ဆာနတ်ဘုရားတစ်ပါးနှင့်တူသော တည်ရှိမှုတစ်ခုလည်း ထွက်ပေါ်လာသည်။

ထိုမိစ္ဆာနတ်ဘုရားက ဦးခေါင်း(၄)လုံး လက်(၄)ဖက် ရှိပြီး မျက်နှာပေါ်တွင် မျက်နှာသွင်ပြင်လက္ခဏာမရှိပေ။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းက တိမ်တိုက်များစုဝေးနေသကဲ့သို့ ဖြစ်ပြီး ခြေထောက်များကို မမြင်ရပေ။

ထိုသူက ငရဲကိုးထပ်မှ ဆိုးသွမ်းရက်စက်သည့် နတ်ဆိုးချီဖြင့် ကျင့်ကြံကြီးပြင်းလာပြီး လူသားပုံစံ တစ်ခါမှမယူဖူးသေးသော မဟာနတ်ဆိုးတစ်ပါး ဖြစ်သည်။

သူ့ဘေးနားတွင် မျောက်အသွင်ရှိသော ကြောက်မက်ဖွယ် နတ်ဆိုးတစ်ကောင်လည်း ရှိနေသည်။

ထိုမျောက်၏မျက်နှာက အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေပြီး လက်မောင်းများက ဒူးခေါင်းအောက်အထိ ရှည်လျားကာတွဲလဲခိုနေသည်။

သူက မွေးဖွားလာကတည်းက “ကျောက်ဖြစ်ရုပ်ကြွင်း ဧရာမမျောက်ဝံ” ပုံစံကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သူ၏ခန္ဓာကိုယ်က အနက်ရောင်ဖြစ်ပြီး မျက်လုံးများက သွေးရေကန်ကြီးများပမာ နီရဲလျှက်ရှိသည်။

သူက မူလက မျောက်မျိုးနွယ် နတ်မိစ္ဆာတစ်ယောက်ဖြစ်ပြီး ငရဲကိုးထပ်သို့ခိုလှုံပြီးနောက် မဟာနတ်ဆိုးအဖြစ် ပြောင်းလဲလာခြင်းပင်။

သူက ဧရာမမျောက်ဝံအသွင်ကို ဆက်လက်ထိန်းသိမ်းထားသော်လည်း သူ၏ခန္ဓာကိုယ်မှထုတ်လွှတ်နေသော နတ်ဆိုးချီက ခေါင်း(၄)လုံး လက်(၄)ဖက်ရှိသော မဟာနတ်ဆိုးထက် မနိမ့်ကျပေ။

သူတို့ဘေးနားတွင် ပုံစံအားဖြင့် ပိုမိုသေးငယ်သော အခြားနတ်ဆိုးတစ်ကောင်လည်း ရှိသေးသည်။ သို့သော် သူ၏စွမ်းအားကလည်း အခြားသူများထက် ညှိုးနွမ်းခြင်းမရှိပေ။

သူက သက်လတ်ပိုင်း စာပေသမားတစ်ယောက်ပုံစံရှိသည်။

သူ၏မျက်နှာက သာမန်ထက်ဖြူဖျော့နေပြီး မျက်ဝန်းထဲတွင်ထွက်ပေါ်နေသောသွေးကြောများကြောင့် ပင်ပန်းနွမ်းနယ်ဟန်ရှိသည်ကလွဲပြီး သူ့ပုံစံက လူသားတစ်ယောက်နှင့် မခြားပေ။

သို့သော် သူသည်လည်း မဟာနတ်ဆိုးတစ်ကောင်ပင် ဖြစ်၏။

သူက မဟာကပ်ဘေးကြီးမတိုင်ခင်က အသင်္ချေကမ္ဘာတွင် နာမည်ကျော်ကြားသော ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ၊ သူ့ကို “သုခဘုရင်” ဟု ခေါ်ဝေါ်ကြသည်။

ငရဲကိုးထပ်သို့ လက်အောက်ခံပြီးနောက် သူက လူသားမဟုတ်တော့ဘဲ ဆိုးသွမ်းသည့်နတ်ဆိုးတစ်ကောင် ဖြစ်လာပြီး “သုခနတ်ဆိုးဘုရင်” ဟု အမည်ပြောင်းသွားသည်။

လူသားအသွင်ရှိသော “သုခနတ်ဆိုးဘုရင်” တည်ငြိမ်သောလေသံဖြင့်...

“ငါတို့ရဲ့ အဓိရည်မှန်းချက်က ရေပလ္လင်နတ်ဆိုးဧကရာဇ်နဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုးဧကရာဇ် ပြန်လည်မွေးဖွားလာတာကို ကြိုဆိုဖို့ပဲ”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့အခွင့်အာဏာကို ခိုးယူထားတဲ့ အဲဒီမိန်းကလေးကိုပါ ပြန်ခေါ်နိုင်ရင် ပိုကောင်းလိမ့်မယ်”

ဧရာမမျောက်ဝံပုံစံရှိသော မဟာနတ်ဆိုးက သူ့ကိုလှမ်းကြည့်ရင်း...

"သူက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့အခွင့်အာဏာကို ယူထားတာ ၊ မင်းက အဲဒီလိုလူမျိုးနဲ့ ရင်ဆိုင်ဖို့တွေးနေတာလား”

ငရဲကိုးထပ်မှနတ်ဆိုးများက ထိပ်တန်းမဟာနတ်ဆိုး(၆)ပါးအား များသောအားဖြင့် “နတ်ဆိုးဧကရာဇ်” ဟု ခေါ်ဆိုကြသည်။ ဘိုးဘေးမဟာနတ်ဆိုး(၆)ပါးကိုတော့ "ကောင်းကင်နတ်ဆိုး" ဟူသော ဂုဏ်ပုဒ်ဖြင့် ခေါ်ဆိုကြသည်။

ဤသို့သောဂုဏ်ပုဒ်များက မလေးမခန့်ပြုသည့်အမည်များမဟုတ်ပေ။

"ကောင်းကင်နတ်ဆိုး" ဟူသော ဘွဲ့အမည်သည် အမြင့်ဆုံးသော ဂုဏ်ပြုခြင်းဖြစ်သည်။  တာအိုအဆင့်ရှိသော ဘိုးဘေးနတ်ဆိုးများသာလျှင် ဤဘွဲ့အမည်ကိုခံယူရန် အရည်အချင်းပြည့်မီသည်။

နတ်ဆိုးများအတွက် “ကောင်းကင်နတ်ဆိုး” ဆိုသောဂုဏ်ပုဒ်က ဗုဒ္ဓဘာသာမှ ‘မဟာဗုဒ္ဓ” နှင့် တာအိုဝါဒမှ စန်းချင်း(၃)ပါး ဆရာသခင်များကို ရည်ညွှန်းပုံနှင့် ဆင်တူသည်။

သုခနတ်ဆိုးဘုရင်က ပေါ့ပါးသည့်လေသံဖြင့်...

“ဒီမိန်းမက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့အခွင့်အာဏာကို ခိုးယူခဲ့တဲ့သူပဲ ၊ သူ့ကို ငါတို့နဲ့အတူခေါ်သွားပြီး အပြစ်ပေးရမယ်”

သူက ဆက်ပြောသည်။

“ငါ့လုပ်ရပ်ကို ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးက သဘောကျပြီး သူ လူသားအဖြစ်မွေးဖွားတဲ့အခါ ငါ့ရဲ့ခန္ဓာကိုယ်ကိုရွေးချယ်မယ်ဆိုရင် ငါ့အတွက် ဂုဏ်ယူစရာပဲပေါ့”

ဧရာမမျောက်ဝံကြီးက ရယ်မောလိုက်ရင်း...

“ဒါဖြင့်လည်း လုပ်ပေါ့ ၊ ကျုပ်က မတားပါဘူး ၊ ဒါပေမဲ့ စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်ပြောခဲ့တာကို မေ့သွားပြီလား ၊ အဲဒီမိန်းမက ကောင်းကင်နတ်ဘုရားအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ် ၊ ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့အခွင့်အာဏာကို ပိုင်ဆိုင်ထားတဲ့သူကို မင်းက အနိုင်ယူလို့ရမယ် ထင်နေတာလား”

သုခနတ်ဆိုးဘုရင်ကလည်း ရယ်မောလိုက်ရင်း...

“ဒါဖြင့် ငါတို့ငရဲကိုးထပ်နဲ့ သူက ယှဉ်ပြိုင်နိုင်မယ်ထင်သလား ၊ နောက်ဆုံးတော့ သူ ငါတို့လက်ထဲရောက်လာမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“အကျိုးအမြတ်တွေရလာရင် ငါက မင်းတို့အားလုံးနဲ့မျှဝေခံစားမှာပါ”

မျက်နှာမရှိသော ခေါင်း(၄)လုံး လက်(၄)ဖက် မဟာနတ်ဆိုးက အေးစက်စွာဖြင့်

"မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးနဲ့ တခြားနတ်ဆိုးဧကရာဇ်တွေက သူ့ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆုံးဖြတ်လိမ့်မယ် ၊ မင်းက သူ့ကိုသွားကိုင်တွယ်မယ်ဆိုရင် သေဖို့သာပြင်ထားလိုက်”

ထိုစကားကြောင့် သုခနတ်ဆိုးဘုရင်က ဒေါသထွက်ခြင်းမရှိပေ။

သူက ပေါ့ပါးသောအမူအရာဖြင့်ပင်...

“ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူ့ကိုဖမ်းရမှာပဲ မဟုတ်ဘူးလား”

ဧရာမမျောက်ဝံကြီးက နှာမှုတ်လိုက်ပြီး...

“စကားများမနေနဲ့ ၊ ဒီကောင်တွေကို အမြန်ရှင်းပစ်ရအောင် ၊ အရင်ဆုံး ရေပလ္လင်နတ်ဆိုးဧကရာဇ်ကို ပြန်လည်ကြိုဆိုရမယ် ၊ ပြီးရင် မြေကမ္ဘာပလ္လင်နတ်ဆိုးဧကရာဇ် ပြန်လည်မွေးဖွားလာမယ့်ရုပ်ခန္ဓာက ဘယ်ရောက်နေလဲဆိုတာ သူတို့ဆီက စစ်ဆေးမေးမြန်းဖို့လိုတယ်”

သူတို့စကားပြောနေစဉ်မှာပင် ငရဲကိုးထပ်မှနတ်ဆိုးများ ပိုမိုများပြားစွာ ရောက်ရှိလာကြသည်။

နတ်ဆိုးများ၏ ဝရုန်းသုန်းကားလှုပ်ရှားမှုများကြောင့် ကောင်းကင်တစ်ခွင် နတ်ဆိုးမီးလျှံများဖြင့် ပြည့်နက်လျှက် ရှိသည်။

သူတို့အားလုံးကို ကောင်းကင်နတ်ဘုရားအဆင့်ရှိ မဟာနတ်ဆိုးတစ်ပါးက ကြီးကြပ်နေပြီး နတ်ဆိုးများက အကြေးခွံတစ်ထောင်နယ်မြေဆီသို့ အပြေးအလွှားဝင်ရောက်သွားပြီး ဖျက်ဆီးပစ်ရန် ကြိုးပမ်းနေကြသည်။

သို့သော် အကြေးခွံတစ်ထောင်နယ်မြေမှထွက်ပေါ်နေသော တောက်ပသည့်အလင်းတန်းများကြားတွင် အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်တစ်ခုထွက်ပေါ်လာပြီး ဗလာနယ်ထောင့်စွန်းထိပ်ဖျားအထိ လွှမ်းခြုံသွားသည်။

ရန်ကျောက်ကဲတို့အုပ်စုက ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ထံမှ နတ်ဆိုးအငွေ့အသက်များကိုထုတ်ယူရာတွင် ကူညီရန်အပြင် သူတို့ကိုကာကွယ်ပေးရန်အတွက် အကြေးခွံတစ်ထောင်နယ်မြေကိုလည်း ထိန်းချုပ်ထားကြရသည်။

အကြေးခွံတစ်ထောင်နယ်မြေနှင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်က သူတို့၏သဲလွန်စများကိုဖုံးကွယ်ရန်နှင့် နတ်ဆိုးချီဝင်ရောက်လာမှုကို ပိတ်ဆို့ထားရုံသာမက ၊ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီထံမှ နတ်ဆိုးအငွေ့အသက်များကို ထုတ်ယူရာတွင်လည်း အရေးပါသောကဏ္ဍမှ အထောက်အကူပြုသည်။

ဤသို့သော်ပြင်ဆင်မှုများနှင့် အကူအညီများကြောင့်ပင် ချန်ရွှမ်ကျုန်းက ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးမှ ထားရှိခဲ့သော နတ်ဆိုးသင်္ကေတကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သူက ရေပလ္လင်နတ်ဆိုးကိုပိတ်ဆို့ရန်ပင် ကြိုးပမ်းနိုင်ခဲ့ပြီး ထိုနတ်ဆိုး ပြန်လည်မွေးဖွားမလာရန် တားဆီးနိုင်ခဲ့သည်။

ထို့ကြောင့် သူက ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးကို ကိုင်တွယ်ရန် ထုံးတမ်းအစီအရင်ကို ထိန်းညှိရာတွင် ပိုမိုအာရုံစိုက်ရသည်။

ထုံးတမ်းအစီအရင်က စိတ်ဝိညာဉ်နတ်ဆိုး၏ နတ်ဆိုးအငွေအသက်များ သူတို့ထံစိမ့်ဝင်သည်ကိုတားဆီးနိုင်သော်လည်း ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ကာကွယ်ရန်တော့ ကူညီမပေးနိုင်ပေ။

နတ်ဆိုးများနှင့်ရင်ဆိုင်ရသည့်အခါ ရန်ကျောက်ကဲတို့က အကြေးခွံတစ်ထောင်နယ်မြေနှင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် မပျက်စီးစေရန် ထိုနတ်ဆိုးများကို အပြင်ဘက်မှ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

အဂ္ဂိရတ်ခန်းမနှင့် မြေခွင်းပုလဲကို အသုံးပြုပြီး မြေကမ္ဘာပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားမည့်လုပ်ငန်းစဉ်ကို နှောင့်နှေးအောင်လုပ်ထားခြင်းမှာ အဓိကအားဖြင့် အကြေးခွံတစ်ထောင်နယ်မြေကို ကာကွယ်ရန် သူတို့၏ စွမ်းအားကို ထိရောက်စွာ အာရုံစူးစိုက်နိုင်ရန်ဖြစ်သည်။

ဖန်းယွင်ရှန်းက အကြေးခွံတစ်ထောင်နယ်မြေမှ လျင်မြန်စွာ ထွက်ခွာလာပြီး နတ်ဆိုးအုပ်စုများကို ရင်ဆိုင်တားဆီးကာ ၎င်းတို့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

သို့သော် သိပ်မကြာမီပင် သူမ၏စိတ်အစဉ်က ခဏတာ ဗလာကျင်းသွားသည်။

နတ်ဆိုးနယ်မြေ၏ လွှမ်းမိုးမှုအောက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုက ဗလာနယ်တစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေသည်။

ဖန်းယွင်ရှန်းက ထိုနတ်ဆိုးအငွေ့အသက်နှင့် လုံးဝစိမ်းသက်သူ မဟုတ်ပေ။ ထိုနတ်ဆိုးက ကြယ်စင်မြစ်လက်တက်တွင် သူမနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသော နတ်ဆိုးဖြစ်၏။

ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးဖြစ်သော ထိပ်တန်းမဟာနတ်ဆိုးတစ်ပါး...။

အချိန်ဖြုန်းစရာမလိုဘဲ သူတို့နှစ်ယောက် ချက်ချင်းဆိုသလို တိုက်ပွဲစတင်လိုက်ကြသည်။

ဖန်းယွင်ရှန်းက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သာရှိသော်လည်း ကောင်းကင်နတ်ဘုရားအဆင့်ရှိ ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် လုံးဝမဆုတ်နစ်ပေ။

သူမ၏ဦးခေါင်းထက်မှ အနက်ရောင်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီးအလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက် ထင်ရှားပေါ်ထွက်လာသည်။

ဓားအလင်းတန်းက စကြဝဠာတစ်ခွင်သို့ လွှမ်းခြုံသွားပြီး အခြားရန်သူများ သူမကိုတိုက်ခိုက်လာမည်ကိုတားဆီးထားသလို အခြားနတ်ဆိုးများကိုလည်း ဆက်လက်တိုက်ခိုက်နေသည်။

တစ်ချိန်တည်းပင် သူမက ရန်သူ၏ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုများကိုလည်း သိမ်မွေ့စွာ တုံ့ပြန်ကိုင်တွယ်နေသေးသည်။

ထူထပ်သိပ်သည်းစွာ ယက်လုပ်ထားသော နတ်ဆိုးချီအလွှာများက ဖန်းယွင်ရှန်းကို ပင့်ကူမျှင်ကဲ့သို့ ဝိုင်းပတ်လျက်၊ တင်းကြပ်စွာ ဖိညှစ်ထားသည်။

မိမိဘက်မှ အားသာချက်ရှိနေသည့်တိုင် ထိုမဟာနတ်ဆိုးက ဖန်းယွင်ရှန်းကို သတိထားနေရဆဲ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် သူမက ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည် မဟုတ်လား။

ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင် ရှိနေခြင်းသည် သူမကိုယ်သူမ ထိန်းချုပ်ရန်အတွက်သာ ဖြစ်သည်။

အမှန်တော့ ငရဲကိုးထပ်က ဖန်းယွင်ရှန်း ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားသည်ကို ဝမ်းမြောက်စွာ ကြည့်ရှုလိုကြပေသည်။

သို့သော် ထိုအချိန်မတိုင်မီ ကောင်းကင်နတ်ဘုရားအဆင့်ရှိ ကမ္ဘာဖျက်နတ်ဆိုးဓားကို မည်သူမျှ ရင်ဆိုင်လိုစိတ်မရှိကြပေ။

တိုက်ပွဲရလဒ် မသေချာသော်လည်း ဖန်းယွင်ရှန်းu စိတ်ပူပန်မှုအားလုံးကို စွန့်လွှတ်လိုက်ပြီး ရှေ့တွင်ဖြစ်ပျက်နေသော တိုက်ပွဲကိုသာ အာရုံစိုက်ထားသည်။

ထို့ကြောင့် သူမက ယခင်ထက် များစွာသာလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့သည်။

သို့သော် ရန်သူက ကြယ်စင်မြစ်လက်တက်တွင်တိုက်ခိုက်သလို သူမကို စမ်းသပ်သည့်အဆင့် မဟုတ်တော့ပေ။ ရန်သူက စွမ်းအားကိုထိန်းချုပ်မထားဘဲ ပိုမိုပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့သည်။

နတ်ဆိုးအုပ်စုများ ငရဲကိုးထပ်မှထွက်ခွာလာပြီး တိုက်ပွဲရင်ဆိုင်ကြသည့်အခါ ထိုမဟာနတ်ဆိုးသည်လည်း စိုးရိမ်ပူပန်မှုများကိုစွန့်လွှတ်ကာ တိုက်ခိုက်ခဲ့သည်ပင်။

All Chapters