← Chapters

ကမ္ဘာမြေသို့ ပြန်ခြင်း

Vol. 12 Ch. 1179

ကမ္ဘာမြေသို့ ပြန်ခြင်း

Vol. 12 Ch. 1179

သေချာစွာ အကဲခတ်ပြီးနောက် ချန်းဖန်မှာ တစ်စုံတစ်ခုကို သတိထားမိခဲ့သည်။ မိစ္ဆာ နတ်ဘုရား၏ မူလ ဝိညာဥ် ထွက်သွားသည်မှာ သိပ်မကြာလှသေးချေ။ အများဆုံး နှစ်ဆယ်ဂဏန်းမျှသာ ရှိသေး၏။

မရေရာသောသော အတွေးတစ်ခုမှာ ချန်းဖန်၏ စိတ်အတွင်း ဝင်ရောက်လာလေ၏။

“ဖန့်ချုံးက ချီယန် ပြန်ဝင်စားတဲ့လူများလား...”

သို့သော်လည်း သူက ထိုအတွေးကို ချက်ချင်းပင် ပြန်လည် ပယ်ချလိုက်သည်။ မိစ္ဆာသည် ပြန်လည် မွေးဖွားသည်နှင့် ကြမ်းကြုတ် ရက်စက်သော စရိုက်များ ပါလာလိမ့်မည် ဖြစ်သည်။ ဖန့်ချုံးသည် နူးညံ့သိမ်မွေ့ကာ စင်ကြယ်သော မိန်းကလေး ဖြစ်သည်။ သူမကား မည်သည့် နည်းနှင့်မျှ မိစ္ဆာ ဝင်စားသူ မဖြစ်နိုင်ချေ။

လွန်ခဲ့သော နှစ်ဆယ်ဂဏန်း အတွင်း၌ ကမ္ဘာတွင် များစွာသော လူများ ဖြစ်‌ပေါ်လာခဲ့သည်။ ထိုအထဲမှ မည်သူ၏ ခန္ဓာကို ထိုမိစ္ဆာ ယူထားသနည်း။

ချန်းဖန်၏ အမူအရာမှာ လေးနက်နေ၏။ လူတစ်ယောက်၏ ခန္ဓာကိုယ်အား ရယူရန် အတွက် ထိုသူ၏ ဝိညာဥ်ကို ဝါးမျိုရန် လိုသည်။ ထိုအရာက မူလ ပိုင်ရှင်ကို သတ်ဖြတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

“မင်းဘာသာမင်း ဘယ်သူ့ ခန္ဓာကိုယ်ကိုပဲ ယူထားယူထား... ငါ့မိသားစုကို နာကျင်အောင် လုပ်မယ် ဆိုရင်တော့ မင်းရဲ့နောက်မှာ မိစ္ဆာ နတ်ဘုရား အရှင် ရှိမယ် ဆိုရင်‌တောင် ငါမင်းကို ရအောင် သတ်မယ်”

ချန်းဖန်၏ မျက်လုံးများက တဖျပ်ဖျပ် လက်နေ၏။ သူသည် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းသို့ သွားရောက်ကာ ကိစ္စ အလုံးစုံကို ဆရာထန်ချင်ထံတွင် မေးချင် နေခဲ့ပြီ ဖြစ်သည်။ ထိုလူအိုကြီးသည် ဖြစ်ပျက်သမျှ အလုံးစုံကို သိရပေမည်။

သို့သော်လည်း ချန်းဖန်သည် သူ၏ ဆန္ဒကို မျိုသိပ် ထားလိုက်၏။ သူကား ယခုမှ အခြေတည် ဝိညာဥ် အဆင့်တွင်သာ ရှိပေသေးသည်။ သူ၏ လက်ရှိအဆင့်ဖြင့် ဗဟိုဂလက်စီသို့ ချက်ချင်း သွားရောက်ခြင်းက စွန့်စားရာ ကျပေသည်။

“ဘာပဲဖြစ်ဖြစ် ဗဟို ဂလက်စီကို သွားဖို့က စောပါသေးတယ်လေ...”

ချန်းဖန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူသည် မိန်းကလေးများနှင့် အတူ အပြင်ကမ္ဘာသို့ ပြန်ကာ ကမ္ဘာမှ ထွက်ခွာရန် စတင် ပြင်ဆင်လေတော့၏။

...

ရာစုနှစ် ငါးခု…

ထိုအရာမှာ မရှည်လွန်း မတိုလွန်းသော အချိန် ဖြစ်သည်။ သို့သော်လည်း ဂြိုဟ်နယ်မြေများ၏ ပြောင်းလဲမှုများကို ထိုင်ကြည့်နေသည့် အစွမ်းထက် ကျင့်ကြံသူကြီးများ အတွက်မူ မျက်တောင် တစ်ခပ်စာမျှသာ ကြာမြင့်လှ၏။

ချန်းဖန်သည် အတိတ်ဘဝ၌ နှစ်ပေါင်း ငါးရာတိုင်တိုင် အသက်ရှင်ခဲ့သည်။ ထိုကာလ အတွင်း၌ များစွာသော ပါရမီရှင်များမှာ မြင့်တက်လာကာ များစွာသော အရှင်သခင်များမှာလည်း သေဆုံး သွားခဲ့သည်။ ချန်းဖန်သည် အမြန်ဆုံးသော အရှိန်အဟုန်ဖြင့် စံချိန်များစွာကို ချိုးဖျက်ကာ သေမျိုးတို့၏ ကျင့်ကြံခြင်း အဆုံးသတ် ဖြစ်သော အတိဒုက္ခ အဆင့်အထိ တက်လှမ်းခဲ့သည်။

စကြဝဠာ၏ များစွာသော အစိတ်အပိုင်းများမှာ “နတ်ဘုရား နယ်မြေ” နှင့် “နတ်ဘုရားများ”ကို ဒဏ္ဍာရီ အဖြစ်သာ သတ်မှတ် ကြသည်။ သူတို့သည် တာအို ပေါင်းစည်းခြင်း အဆင့်ကိုပင် ကျင့်ကြံခြင်း ခရီးလမ်း၏ အဆုံးသတ်ဟု သတ်မှတ်ကြသည်။

စကြဝဠာ တစ်ခုလုံး၌ ပါရမီ အမြင့်ဆုံး လူများသာလျှင် တာအို ပေါင်းစည်းခြင်း ကျင့်ကြံသူများ ဖြစ်လာရန် အိပ်မက်မက်ခွင့် ရှိ၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ရွှေအမြုတေ အဆင့်၊ အခြေတည် ဝိညာဉ် အဆင့်များသို့ ရောက်ရှိလျှင်ပင် ကျေနပ် နေကြပြီ ဖြစ်သည်။ သူတို့သည် ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ရှိရန် စိတ်ကူးပင် မယဉ်ကြချေ။

ကျင့်ကြံခြင်း လောက၌ စကားပုံ တစ်ခု ရှိ၏။

"ရွှေအမြုတေ အဆင့်ကို စာသုံးခြင်းနဲ့ ရနိုင်တယ်… အခြေတည် ဝိညာဉ် အဆင့်ကို ကျင့်ကြံခြင်းနဲ့ ရနိုင်တယ်… ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကိုတော့ ပါရမီပါမှ ရောက်နိုင်လိမ့်မယ်"

ဟူ၍ပင်။ ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်ပင် ထိုမျှ ခက်ခဲလျှင် တာအို ပေါင်းစည်းခြင်း အဆင့်ကို မည်သည့် အခြေအနေတွင်မှ ရောက်ရှိနိုင်သနည်း။ စကြဝဠာ၏ နှစ်ပေါင်း သန်းချီ သမိုင်း အတွင်း၌ ချန်းဖန် တစ်ယောက်သာလျှင် မြောက်ပိုင်း ကောင်းကင် အရှင် ဖြစ်လာခဲ့ပေသည်။

နှစ်ပေါင်း ငါးရာ...

နှစ်ပေါင်း ငါရာသည် မရှည်ကြာသည့်တိုင် ချန်းဖန် အတွက်မူ တစ်ဘဝစာ ဖြစ်သည်။ သူတိုက်ခိုက် အနိုင်ယူခဲ့သည့် မရေမတွက်နိုင်သော ရန်သူများ၊ သူ့ကို မုန်းတီးသူများ၊ သူက မုန်းတီးသည့် လူများ၊ သူ့အား ကယ်တင်ရန် ကြိုးစားခဲ့သူများ၊ ချောက်တွန်းခဲ့သူများ… ထိုနှစ်ငါးရာ မှတ်ဉာဏ်များကား ချန်းဖန် အတွက် အလွန် ရှည်ကြာ လွန်းလှပေသည်။

ချန်းဖန်သည် ဖြည်းညင်းစွာပင် ကမ္ဘာပေါ်ရှိ ကိစ္စများကို ကိုင်တွယ် ဖြေရှင်းကာ ထွက်ခွာရန် အရာအားလုံးကို ပြင်ဆင်နေ၏။ သူသည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ထျန်းဟောင်ဂြိုဟ်ကို အုပ်စိုးနိုင်ခဲ့သလို နတ်ဘုရားဂိုဏ်း ခုနစ်ဂိုဏ်းကိုလည်း အောင်နိုင်ခဲ့သည်။ သူ့တွင် မရေမတွက်နိုင်သော အာကာသ သင်္ဘောများ၊ ဓမ္မ ရတနာများ၊ ကျင့်စဥ်များ၊ ဆေးဝါးများ၊ ဝိညာဥ် ကျောက်တုံးများ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုရတနာများကို ဝိညာဥ် ကျောက်တုံးများနှင့် လဲလှယ်ပါက တန်ချိန် ဘီလျံနှင့်ပင် ချီ၍ ရရှိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ထိုအထဲမှ အများစုမှာ ချန်းဖန် အတွက် အသုံးမဝင်တော့ချေ။ သူသည် လက်ရှိ၌ နတ်ဘုရား နယ်မြေ၏ သတ်မှတ်ချက် ဖြစ်သော အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။

“ငါ လောကတစ်သောင်း ဝိညာဥ်ရေရယ်၊ ဓားကျိုးရယ်နဲ့ ဝိညာဥ် ကျောက်တုံး အချို့ကိုပဲ ယူသွားမယ်... နောက်ပြီး နားနားနေနေ ခရီးသွားဖို့ အတွက် တိုင်ချူ နတ်ဘုရား နယ်မြေရဲ့ သင်္ဘောပျံထဲက တစ်စင်း ဖြစ်ဖြစ်၊ အပိုလို နန်းတော်ရဲ့ ကြယ်သင်္ဘော တစ်စင်း ဖြစ်ဖြစ် ယူသွားလိုက်မယ်”

ချန်းဖန်က တွေးလိုက်သည်။ ထို့အပြင် ချန်းဖန်သည် လိုလိုမယ်မယ် အဖြစ် ဝိညာဥ်ဆေးလုံး၊ နတ်ဘုရား တစ်ပိုင်း ဆေးမြစ်အချို့နှင့် အထူး ပြုလုပ်ထားသော အဆောင် အချို့ကိုပါ ခရီးအတွက် ယူဆောင်ရန် ပြင်ဆင်ထားလိုက်၏။

“နတ်ဘုရား ကုန်းမြေက နတ်ဘုရား ချိပ်တံဆိပ်ကိုသာ ယူဆောင်သွားနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ...”

ချန်းဖန်မှာ အနည်းငယ် စိတ်ပျက် နေမိ၏။ ထိုအရာကား အမှန်တကယ်ပင် နတ်ဘုရားတို့၏ ရတနာ ဖြစ်ပေသည်။ ထိုအရာကိုပါ ယူဆောင်သွားနိုင်ပါက သူသည် မည်သည့် အန္တရာယ်ကို မဆို လွယ်ကူစွာ ကျော်လွှား လာနိုင်လိမ့်မည် ဖြစ်သည်။

စကြဝဠာ ခရီးနှင်ခြင်းကား အလွန် မလွယ်ကူသော အလုပ် တစ်ခု ဖြစ်သည်။

အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် အာကာသ သက်ရှိကြီးများ၊ ဝါးမျိုကာ အခြားနေရာ တစ်ခုသို့ ပို့ပစ်လိုက်မည့် လေဟာနယ် အက်ကွဲကြောင်းကြီးများ၊ အမဲလိုက် မွန်းစတားများ...

နှစ်စဥ်နှစ်တိုင်းပင် ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်များမှ လွဲ၍ မရေမတွက်နိုင်သော ကျင့်ကြံသူများစွာမှာ အာကာသ ခရီးနှင်နေစဥ် အတွင်း သေဆုံးနေရသည်။ ထို့ကြောင့်ပင် ချန်းဖန်သည် ထိုခရီးစဥ်၌ မည်သည့် တပည့်ကိုမှ ခေါ်သွားလိမ့်မည် မဟုတ်ချေ။ သူ၏ အစွမ်း အထက်ဆုံး တပည့် အားရှို့ပင်လျှင် အခြေတည် ဝိညာဥ် အဆင့်တွင်သာ ရှိသည်။ သူမအား ခေါ်သွားခြင်းက ပင်လျှင် ချန်းဖန်အား ဒုက္ခများ စေလိမ့်မည် ဖြစ်ပေသည်။

ကမ္ဘာမှ မထွက်ခွာစဥ် အတောအတွင်း၌ ချန်းဖန်သည် နဂါးငွေ့တန်း ဂြိုဟ်နယ်မြေ တစ်ခုလုံးကို နှစ်ပိုင်းခွဲခြား ပစ်လိုက်၏။ တစ်ပိုင်းသည် ထျန်းဟောင်ဂြိုဟ်ကို ဗဟို အဖြစ် ထားကာ အခြား တစ်ပိုင်းမှာမူ ကမ္ဘာကို ဗဟို အဖြစ် ထားသည်။

ထျန်းဟောင်ဂြိုဟ်နှင့် ပတ်ဝန်းကျင်ဂြိုဟ်များမှာ ရှောင်မန်၏ အုပ်ချုပ်မှုအောက်၌ ရှိသည်။ နဂါးငွေ့တန်း ဂြိုဟ်နယ်မြေ၏ အခြား နေရာ အများစုကိုမူ ကမ္ဘာနှင့် မြောက်ပိုင်းချုံးက ထိန်းချုပ်ထားသည်။

မြောက်ပိုင်းချုံး တောင်ထိပ်၌...

"ဟူး… ဟူး…"

ဝိညာဉ်ချီသည် မြူများ အလား ထူထပ်နေ၏။ တိမ်များသည် ညင်သာစွာ လိမ့်နေကာ လေညင်းမှာ တဖြူးဖြူး တိုက်ခတ်နေသည်။

လူငယ် တစ်ယောက်နှင့် မိန်းမငယ် တစ်ယောက်သည် တောင်ထိပ်ပေါ်ရှိ အဇူရာ ကျောက်တုံး တစ်ခုထက်၌ ထိုင်ရင်း အဝေးကို ငေးမောနေကြသည်။

"ငါ ဟိုမှာ အခြေကျရင် မင်းတို့ကို ပြန်လာပြီး ခေါ်မှာပါ...”

ချန်းဖန်က မိန်းကလေးကို သိမ်မွေ့စွာ ကြည့်ရင်း ပြောလိုက်သည်။

"ရပါတယ် ဦးလေး… ဘာမှ မစိုးရိမ်ပါနဲ့… တစ်နေ့ကျရင် ကျွန်မ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ကျိန်းသေ ရောက်မှာပါ… အဲဒီ အခါကျရင် ဦးလေးနောက်ကို ကျွန်မ လိုက်လာခဲ့မှာပါ"

မိန်းကလေးက ဝိညာဥ် ဖရဲသီးကို ပါးစပ်များ ပေကျံနေအောင် စားရင်း အခိုင်အမာ ဆိုလိုက်၏။

ထိုနှစ်ယောက်ကား ချန်းဖန်နှင့် သူ၏ တူမ ချန်းယောင်ယောင်တို့ပင် ဖြစ်ပေသည်။ ချန်းယောင်ယောင်သည် အသက် နှစ်ဆယ် ပြည့်တော့မည် ဖြစ်သလို အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း သူမသည် ရင့်ကျက်မှု မရှိပဲ ကလေးဆန်နေဆဲ ဖြစ်သည်။

“အင်း... စကြဝဠာကြီးက အရမ်းကို ကျယ်ပြန့်တယ်... ထိပ်ဆုံးကို ရောက်ချင်ရင် အပတ်တကုပ် ကျင့်ကြံမှပဲ ဖြစ်နိုင်တယ်... ဒါပေမဲ့ ဘဝကို ပျော်ပျော်နေဖို့လည်း မမေ့နဲ့... ကျင့်ကြံခြင်း ဆိုတာက ဘဝရဲ့ အစိတ်အပိုင် တစ်ခုခု သာသာပဲ... အချို့ အခြေအနေတွေမှာ ကျင့်ကြံခြင်းထက် ပိုပြီး အရေးကြီးတဲ့ အရာတွေ ရှိတယ်”

ချန်းဖန်က ညင်သာစွာ ပြောလိုက်၏။

“ဟုတ်...”

ချန်းယောင်ယောင်က ဖရဲသီး အခွံကို တောင်ခြေသို့ လွှင့်ပစ်ရင်း ခေါင်းညိတ်လိုက်လေသည်။

....

ထိုအချိန် အဆုံးမဲ့ မှောင်မိုက်သော အာကာသ တစ်နေရာ၌...

“ဟူး... ဟူး...”

ယာဥ်ပျံတစ်စင်းသည် ရွက်လွှင့်နေခဲ့လေသည်။ လူသုံးဦးသည် ယာဥ်ပျံ၏ ရှေ့ကုန်းပတ်၌ ရပ်ကာ ရောင်စုံ တောက်ပနေသော ကြယ်ပင်လယ်ကြီးကို ငေးကြည့်နေကြလေ၏။

“ဒီတောင်ပိုင်း ဒေသငယ်က တကယ့်ကို စကြဝဠာရဲ့ အစွန်အဖျား တောကြိုအုံကြား နေရာပဲ... လူတွေ ဟာသ လုပ်ပြောနေတာကို မကြာခဏ ကြားဖူးပေမဲ့ အဲဒီဟာက တကယ် ဖြစ်နေမယ် ထင်မထားခဲ့ဘူး”

အရပ် ဆယ်ပေကျောသော လူထွားကြီးက သက်ပြင်းတစ်ချက် ချလိုက်၏။

သူ၏ ဘေးနားရှိ အစိမ်းရောင် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော မိန်းမက ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒီနေရာက စကြဝဠာရဲ့ ဗဟိုနဲ့ အရမ်း ဝေးကွာတယ်လေ... ငါတို့ တောင်ပိုင်း ကောင်းကင်ဒေသကနေ လာတုန်းကတောင် အာကာသ သဲမုန်တိုင်းတွေနဲ့ ဆုံးခဲ့ရသေးတယ်... သာမန် အခြေတည် ဝိညာဥ် အဆင့်တွေဆို ဘယ်လိုမှ ဖြတ်သွားနိုင်မှာ မဟုတ်ဘူး... ဒီတော့ သူတို့က စကြဝဠာ လူမှု အဖွဲ့အစည်းနဲ့ အဆက်ပြတ်သလို ဖြစ်နေတာပေါ့... ဒါကြောင့်ပဲ ကျေးလက်လို ဖြစ်နေတာ”

ခရမ်းရောင် ဝတ်စုံဝတ်ဆင်ထားသော လူငယ်မှာမူ မည်သည့် စကားမှ မဆိုချေ။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အဝေးသို့သာ ငေးမော ကြည့်နေခဲ့လေသည်.

သူတို့၏ အာကာသ ယာဥ်ပျံကား ဆက်လက် ခရီးဆက် နေခဲ့လေသည်။ သူတို့သည် ဂြိုဟ်နယ်မြေများစွာကို တစ်ခုပြီး တစ်ခု ဖြတ်ကျော်နေသည့်တိုင် မည်သူမျှ သတိမထားမိကြပါချေ။ ဤသို့ဖြင် နှစ်၊ လနှင့်ချီကာ ခရီးနှင် ရွက်လွှင့်ရင်း သူတို့၏ အာကာသ ယာဥ်မှာ နဂါးငွေ့တန်း ဂလက်စီနှင့် တဖြည်းဖြည်း နီးကပ် လာနေခဲ့ပြီ ဖြစ်တော့သည်။

“ထူးဆန်းတယ်... အချက်အလက်တွေ အရဆို နည်းပညာကို အခြေခံတဲ့ ဂြိုဟ်က စွန့်ပစ်ခံဂြိုဟ်နယ်မြေရဲ့ ဗဟို ဖြစ်နေတယ်တဲ့...”

အစိမ်းရောင် ကိုယ်ရောင်ကိုယ်ဝါ ပိုင်ရှင် မိန်းမက ဆိုလိုက်သည်။

“နည်းပညာကို အခြေခံတဲ့ဂြိုဟ် ဟုတ်လား... ဟမ့်... ငါ့လှံတစ်ချက်တောင် ခံနိုင်မှာ မဟုတ်ဘူး”

အရပ် ဆယ်ပေကျော် လူသန်ကြီးက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်၏။

“ငါတို့ ဒီကို လာတာ မဟာ ကျင့်ကြံသူ ဝင်စားတဲ့ ချန်းပေ့ရွှမ်းကို သိမ်းသွင်းဖို့ သက်သက်ပဲ... အထွတ်အမြတ် မင်းသား ရာထူး အတွက် တိုက်ခိုက်တဲ့ အချိန်ကျရင် သူက ငါတို့ အတွက် အားသာချက် တစ်ခု ဖြစ်လာနိုင်တယ်... နင်ရိုင်းရိုင်းစိုင်းစိုင်းတွေ လျှောက်လုပ်ဖို့ မတွေးနဲ့”

မိန်းမက ပြောလိုက်လေသည်။

ဤသို့ဖြင့် သူတို့ သုံးယောက်ကား ဆက်လက် ခရီးနှင်ခဲ့လေသည်။ သူတို့သည် ချန်းဖန် ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်းကိုမူ မသိရှိခဲ့ပါချေ။

အာကာသ၏ ကျယ်ပြောသော တစ်နေရာတွင်မူ သင်္ဘော တစ်စင်းသည် ကြယ်ပင်လယ်သို့ ဦးတည်ကာ ရွက်လွှင့် နေခဲ့လေတော့၏။

***

All Chapters