အကြေးခွံတစ်ထောင်ကြေးမုံ ၊ ကြယ်ပစ်လေး
Vol. 102 Ch. 1427
အခန်း (၁၄၂၇) အကြေးခွံတစ်ထောင်ကြေးမုံ ၊ ကြယ်ပစ်လေး
ကောင်းချင်းရွှမ်က နွယ်ပင်ဧကရီ၏ တပည့်ဖြစ်သည်။
ငယ်ရွယ်စဉ်ကတည်းက သူမu နွယ်ပင်ဧကရီ၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံခဲ့သည်။
တိမ်လွှာခွင်းဧကရာဇ်က နွယ်ပင်ဧကရီ၏ တပည့်မဟုတ်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်အားနည်းစဉ်က နွယ်ပင်ဧကရီထံမှ လမ်းညွှန်ချက်အချို့ ရယူခဲ့ဖူးသည်။
ဤသည်က တိမ်လွှာခွင်းဧကရာဇ်တစ်ယောက်တည်း မဟုတ်ခဲ့ပေ။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင်ရှိနေသော ကျင့်ကြံသူအများစုက နွယ်ပင်ဧကရီ၏တပည့်များမဟုတ်သည့်တိုင် သူမထံမှ လမ်းညွှန်ချက်များ ရရှိခဲ့ကြသည်။
ထို့ကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ စန့်ချင်အဆက်အနွယ်များမှာ သူမ၏တပည့်များမဟုတ်သည့်တိုင် နွယ်ပင်ဧကရီကို ‘တည်ထောင်သူဆရာဘွားဘွား’ ဟု ရည်ညွှန်းခေါ်ဆိုလေ့ရှိကြသည်။
ယခု ငရဲကိုးထပ်မှ နွယ်ပင်ဧကရီကို ဖမ်းဆီးထားကြောင်းတွေ့ရသည့်အခါ ရန်တိ၊ လုန်ရှင်းချွမ်နှင့် လင်ချင်းတို့သည်ပင် စိတ်ထဲတွင် ဖိစီးမှုတစ်ခုကို ခံစားလိုက်ကြရသည်။
နွယ်ပင်ဧကရီက တည်ငြိမ်စွာဖြင့်...
“ဒီလိုအချိန်မှာ ငါ့ကိုယ်ငါ သတ်မသေနိုင်တဲ့အတွက် အရှက်ရမိတယ် ၊ လောကမှာ ဘယ်သူက သေရမှာကြောက်နေမှာလဲ”
သူမက ဆက်ပြောလိုက်သည်။
“ငါသေရင် ငါ့အတွက် လက်စားချေပေးကြပါ”
သူမ၏မျက်နှာအမူအရာကတည်ငြိမ်ပြီး စကားများက ပြတ်သားတင်းမာလွန်းသည်။
သူမ၏မျက်ဝန်းများ မည်မျှတည်ငြိမ်ကြောင်း ကြည့်မိရုံဖြင့် သူမ၏စိတ်ထဲ မည်မျှတည်ငြိမ်သည်ကို သိရှိနိုင်သည်။
မည်သူမဆို ကြည့်လိုက်ရုံဖြင့် နွယ်ပင်ဧကရီက သေဆုံးရန်အသင့်ပြင်ထားပြီး အသက်ရှင်ရန်ဖြစ်စေ ၊ အကူအညီရရှိရန်ဖြစ်စေ မျှော်လင့်ချက်မရှိတော့ကြောင်း သိနိုင်သည်။
မဟာနတ်ဆိုးက ရယ်မောလိုက်ရင်း...
“ငါပြောတယ်မလား ၊ ဆရာတူတပည့်တွေပါလို့...”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မင်းမာနကြောင့် မင်းသေသွားမယ်ဆိုရင် ၊ မင်းတပည့်ကလည်း လက်စားချေဖို့ ငါ့ကိုသတ်တယ်ပဲထားပါတော့... ဒါပေမဲ့ သူ တစ်ဘဝလုံး နောင်တရနေမှာ မဟုတ်ဘူးလား ၊ မင်းက မင်းတည့်ကို အဲဒီလိုဖြစ်စေချင်တာလား”
“အားလုံးကို ပြီးပြည့်စုံအောင်ဖြေရှင်းလိုက်ရင် လူတိုင်း ဇာတ်သိမ်းလှကြမှာပဲလေ ၊ အဲဒါ မကောင်းဘူးလား”
နွယ်ပင်ဧကရီက အေးစက်စွာဖြင့်...
“မင်းတို့က တစ်လက်မအခွင့်အရေးပေးလိုက်ရင် တစ်မိုင်လောက်ယူမယ့်သူတွေ ၊ မင်းတို့တွေ ငါ့တပည့်ကိုဖိအားပေးအောင်လုပ်မယ့်အစား ငါ့ကိုယ်ငါပဲ သတ်သေလိုက်မယ် ၊ ငါ အဖြစ်ချင်ဆုံးဆန္ဒကတော့ ချင်းရွှမ်နဲ့တခြားသူတွေ ငါ့ကိုယ်စား မင်းကိုသတ်ပစ်နိုင်ဖို့ပဲ”
သွေးနီရောင်ကြယ်အလင်းတန်းများ ဝဲပတ်လှုပ်ရှားလာသည်။
သို့သော် ထိုစကားကြောင့် နတ်ဆိုးဘုရင်က ဒေါသထွက်သွားခြင်းမရှိပေ။
သူက ရယ်မောလိုက်ပြီး...
“ငါပြောပြီးပြီလေ... ငါက မင်းတပည့်ကို ငရဲကိုးထပ်အတွက် အလုပ်လုပ်ပေးဖို့ မတောင်းဆိုဘူး ၊ ငါတို့ ရေပလ္လင်နတ်ဆိုးဧကရာဇ်နဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုးဧကရာဇ်ကိုကြိုဆိုတာကို မတားဆီးရင် လုံလောက်ပြီ”
သူက ဆက်ပြောလိုက်သည်။
“ငါက စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူတွေကို အမြဲတမ်းသဘောကျခဲ့တဲ့သူပါ ၊ သူတို့က အရိုးထဲထိကို မာနကြီးကြတယ် ၊ ပြင်ပအင်အားစုတွေဆီ ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူး ၊ ဒါကြောင့် ငါကလည်း တခြားကိစ္စတွေ လုပ်ဆောင်ပေးဖို့ မပြောလိုပါဘူး”
သွေးနီရောင်မြူခိုးများထဲတွင်ပိတ်မိနေသော နွယ်ပင်ဧကရီက အေးစက်စွာနှာတစ်ချက်မှုတ်ရင်း...
“ငရဲကိုးထပ်က နတ်ဆိုးတွေရဲ့စကားက ယုံကြည်ရလို့လား”
မဟာနတ်ဆိုးက...
“အနည်းဆုံးတော့ ငါ့ကို ယုံကြည်စိတ်ချလို့ရပါတယ်”
သူက ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်ကို လှမ်းကြည့်လိုက်ပြီး...
“မင်းတို့နှစ်ယောက် သေချာစဉ်းစားကြည့်ကြပါ ၊ ချန်ရွှမ်ကျုန်းနဲ့ ချူးလီလီက မင်းတို့အဆက်အနွယ်ကမဟုတ်ဘူး ၊ သူတို့အတွက် နွယ်ပင်ဧကရီရဲ့အသက်ကို စွန့်လွှတ်ရတာ တန်လို့လား”
မဟာနတ်ဆိုးပြောနေစဉ် နွယ်ပင်ဧကရီက ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်၊
“ပေါက်ကရစကားတွေပြောမနေနဲ့ ၊ ငါအသေခံလိုက်မယ် ၊ ငါ့တပည့်တွေကို မင်းတို့ ခြိမ်းခြောက်နေတာကို လက်မခံနိုင်...”
စကားမဆုံးခင် သူမအသံက ရုတ်တရက် ပြတ်တောက်သွားသည်။
သူမကိုမြင်နိုင်ဆဲဖြစ်သော်လည်း သွေးနီရောင်အလင်းတန်းများက အသံထွက်ပေါ်မလာစေရန် တားဆီးလိုက်ခြင်း ဖြစ်၏။
မဟာနတ်ဆိုးက ရယ်မောလိုက်ရင်း...
“အတော်ရဲရင့်ပြီး ဆုံးဖြတ်ချက်ခိုင်မာတာပဲ ၊ ဒါပေမဲ့ သူ့ရဲ့ သေခြင်းရှင်ခြင်းကို သူကိုယ်တိုင်ဆုံးဖြတ်လို့မရဘူး ၊ မင်းတို့အပေါ်မှာ မူတည်တယ်”
သူက ဆက်ပြောလိုက်သည်။
“မင်းတို့ ငါ့ကို သတ်နိုင်လား မသတ်နိုင်ဘူးလားဆိုတာ အသာထား ၊ မင်းတို့ ငါ့ကိုသတ်နိုင်ရင်တောင် သတ်ရကျိုးနပ်မယ်ထင်သလား”
“လူတစ်ယောက် သေသွားပြီဆိုရင် ပြန်မရနိုင်တော့ဘူး ၊ ဒီတော့ ငါ့ကိုသတ်တာ အဓိပ္ပါယ်မရှိဘူး ၊ သူ့ကိုကယ်ဖို့ပဲ ရွေးချယ်ရမှာ မဟုတ်ဘူးလား ၊ မင်းတို့ ဘာကိုတုံ့ဆိုင်းနေတာလဲ”
နတ်ဆိုးဘုရင်က ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ ဆုံးဖြတ်ချက်ပြောင်းလဲသွားရန် ဆက်လက်ပြောဆိုနေသည်။
သူတို့စကားပြောနေစဉ် ထိုက်ယီချိုးဖျက်အစီအရင်နှင့် အကြေးခွံတစ်ထောင်နယ်မြေဆီသို့ ဦးတည်နေသော နတ်ဆိုးများ၏တိုက်ခိုက်မှုက လုံးဝရပ်တန့်မသွားခဲ့ပေ။
နှစ်ဖက်တိုက်ပွဲက ပြင်းထန်ဆဲ ဖြစ်သည်။
ငရဲကိုးထပ်နတ်ဆိုးများက တိမ်လွှာခွင်းဧကရာဇ်နှင့် ကောင်းချင်းရွှမ်တို့ကို သိပ်မတိုက်ခိုက်ဘဲ လင်ချင်း၊ ရန်တိနှင့် လုန်ရှင်းချွမ်တို့ကို ပိုမိုအာရုံစိုက်တိုက်ခိုက်ခဲ့ကြသည်။
သူတို့က ထိုနှစ်ယောက်၏ဆုံးဖြတ်ချက်ကို အာရုံစိုက်နေကြသည်။
သူတို့နှစ်ယောက် ဆုံးဖြတ်ချက်ယိမ်းယိုင်သွားပြီး တိုက်ခိုက်မှုအားနည်းသွားသည်နှင့် နတ်ဆိုးများက သူတို့ရှိရာနေရာမှာ ထိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်ထားကြသည်။
သွေးနီရောင်ကြယ်နှင့်တူသော နတ်ဆိုးဘုရင်က ထိုက်ယီချိုးဖျက်အစီအရင်အတွင်းမှ လူ(၅)ယောက်ကို သတိထားနေပြီး ရန်ကျောက်ကဲကို စောင့်ကြည့်နေသည်။
ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ တိုက်ပွဲမှထွက်ခွာသွားပါက ကျန်ရှိသော(၃)ယောက်က ထိုက်ယီချိုးဖျက်အစီအရင်ကို ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။
သို့သော် ရန်ကျောက်ကဲက နာမည်ကြီးတစ်ယောက် ဖြစ်၏။
သူက ကျင့်ကြံခြင်းအဆင့်နိမ့်ကျသည့်တိုင် အချိန်မီဝင်ရောက်လာနိုင်လျှင် ရန်တိ၊ လုန်ရှင်းချွမ် ၊ လင်ချင်းတို့နှင့်အတူ ထိုက်ယီချိုးဖျက်အစီအရင်ကို ထိန်းသိမ်းထားနိုင်ဖွယ်ရှိသည်။
ထိုသို့ဆိုလျှင် ရန်ကျောက်ကဲက အစစ်အမှန်နတ်ဘုရားပင်ဖြစ်လင့်ကစား အစီအရင်၏ အကူအညီရှိနေသရွေ့ နတ်ဆိုးအုပ်စုက သူ့ကို အထင်သေးရဲမည်မဟုတ်ပေ။
နတ်ဆိုးအုပ်စု အချင်းချင်း အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်ကြသည်။
“တကယ်လို့ စန့်ချင်ဓားသိုင်းကျင့်ကြံသူ(၂)ယောက် ဆုတ်ခွာသွားမယ်ဆိုရင် ငါတို့ ချက်ချင်းလှုပ်ရှားပြီး အစီအရင်ကို ဖျက်ဆီးပစ်မယ် ၊ အစီအရင်ကို ရန်ကျောက်ကဲ ပြန်ပြင်နိုင်အောင် အခွင့်အရေးမပေးနဲ့”
သို့သော် ထိုအချိန် ရန်ကျောက်ကဲက ရုတ်တရက် စကားဆိုလိုက်သည်။
“မင်းပြောတဲ့အတိုင်းဆိုရင် နွယ်ပင်ဧကရီရဲ့ကံကြမ္မာက ငါတို့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်ပေါ့”
ရန်ကျောက်ကဲက ခေါင်းမော့လိုက်ပြီး မှောင်မိုက်သော ဗလာနယ်ထဲမှ ကြီးမားသည့် သွေးနီရောင်ကြယ်ကို စိုက်ကြည့်လိုက်သည်။
“ဒါပေမဲ့ မင်းစကားကို ယုံကြည်ရမှာလား”
စကားပြောနေရင်းပင် သူက လက်သင်္ကေတများကို လျှို့ဝှက်ပြောင်းလဲရင်း ပြင်ဆင်မှုများ ပြုလုပ်လိုက်သည်။
ရန်ကျောက်ကဲ စကားဆုံးသွားသည်နှင့် အောက်ဘက်ရှိ အကြေးခွံတစ်ထောင်နယ်မြေက ရုတ်တရက် အသွင်ပြောင်းမှုတစ်ခု ဖြစ်ပေါ်လာသည်။
ရေထဲမှ ငါးများစွာခုန်ထွက်လာသည့်အလား လှုပ်ရှားနေသော အလင်းတန်းများ ခဏမျှ ရပ်တန့်သွားသည်။ အလင်းတန်းများ ခုန်ပေါက်နေခြင်းမရှိတော့ဘဲ အေးခဲသောရေခဲမြစ်တစ်စင်းပမာ ပြောင်းလဲသွား၏။
အလင်းရောင်းမြစ်က ရေခဲမြစ်တစ်စင်းပမာ ပြောင်းလဲသွားပြီး ရေခဲမျက်နှာပြင်မှ အလင်းများ ရောင်ပြန်ဟပ်နေသည်။ အလင်းတန်းတစ်ခုစီက စိန်ပွင့်သဏ္ဌန် မှန်သားပမာ ခိုင်ခံ့သွားသည်။
ထိုနောက် မှန်သားဗဟိုမှ အလင်းတန်းများ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းများက ထိုက်ယီချိုးဖျက်အစီအရင်ကို ဖြတ်ကျော်ကာ ချက်ချင်းပင် သွေးနီရောင်ကြယ်ဆီသို့ ဝင်ရောက်သွားကြသည်။
အလင်းတန်းများက တစ်နေရာတည်းသို့စုစည်းသွားပြီး သွေးနီရောင်ကြယ်ဆီသို့ စုဝေးလာသည်။ သွေးနီရောင်မဟာနတ်ဆိုးသည် ထိတ်လန့်သွားချိန်တွင် အလင်းတန်းများက သူ့ဆီသို့ဝင်ရောက်လာပြီ ဖြစ်၏။
ရန်ကျောက်ကဲဦးတည်သည်က လီယင်းဆီသို့ဖြစ်ကြောင်း နတ်ဆိုးဘုရင်က သိရှိလိုက်သဖြင့် သူက ချက်ချင်းလှုပ်ရှားရန် ကြိုးစားလိုက်သည်။
သို့သော် ကြေးမုံမှန်အလင်းတန်းများက မဟာနတ်ဆိုး၏ခန္ဓာကိုယ်ကိုဖြတ်ကျော်ကာ လီယင်းရှိရာနေရာသို့ရောက်လာပြီး သွေးနီရောင်ကြယ်အလင်းတန်းများကို အေးခဲသွားစေသည်။
နတ်ဆိုးဘုရင်မှာ သူ၏နတ်ဆိုးစွမ်းအားများရပ်တန့်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားသည့်ပမာ ခံစားလိုက်ရသည်။
“အကြေးခွံတစ်ထောင်နယ်မြေက နတ်ဆိုးတွေကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိတယ် ၊ ဒါပေမဲ့ ငါတို့အထဲမဝင်တာတောင် ရန်ကျောက်ကဲက ဒီနယ်မြေရဲ့စွမ်းအားကို အပြင်ကိုထုတ်လွှတ်နိုင်တာလား”
မျှော်လင့်မထားသောဖြစ်ရပ်ကြောင့် မဟာနတ်ဆိုးမှာ နောက်ပြန်ဆုတ်လိုစိတ်ပင် ဖြစ်သွားရသည်။
အခြားမဟာနတ်ဆိုးများက စုဝေးလာသော ကြေးမုံမှန်အလင်းတန်းများကို ဖြတ်တောက်ရန်ကြိုးစားရင်း သူ့အနားသို့ အပြေးအလွှား ရောက်လာကြသည်။
သို့သော် ရန်ကျောက်ကဲက လက်တစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ပြီး အခြားလက်တစ်ဖက်ကို နောက်သို့ ဆွဲယူလိုက်သည်။ သူက လေးသမားတစ်ယောက်၏ အနေအထားဖြင့် သွေးနီရောင်ကြယ်ဆီသို့ ချိန်ရွယ်လိုက်သည်။
“ငါက မိန်းမပျိုဧကရာဇ်’ကျဲ့မင်ခုန်’ မင်းတို့လက်ထဲရောက်သွားမှာစိုးရိမ်လို့ ဒီနည်းလမ်းကို ပြင်ဆင်ထားခဲ့တာ ၊ အခု ဓားစာခံက ငါတို့မျှော်လင့်ထားတဲ့သူမဟုတ်ပေမယ့် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်”
ရန်ကျောက်ကဲက တိုးလျစွာအော်ဟစ်ရင်း အကြေးခွံတစ်ထောင်နယ်မြေတွင် နောက်ထပ်အသွင်ပြောင်းမှုတစ်ခု ထပ်မံဖြစ်ပေါ်လာသည်။
အလင်းရောင်များတောက်ပလာပြီး အေးခဲနေသော မှန်သားပြင်က ပြန်လည်လှုပ်ရှားလာပြီး ခုန်ပေါက်နေသော ငါးကြေးခွံအလင်းများသဖွယ် ပြောင်းလဲသွားသည်။
သွေးနီရောင်ကြယ်ဆီသို့ စုဝေးလာသော အလင်းတန်းများစွာသည်လည်း လှည့်လည်စီးဆင်းနေသည့် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး သွေးနီရောင်ကြယ်၏ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အကြေးခွံတစ်ထောင်ကြေးမုံ ၊ ကြယ်ပစ်လေး။
အလင်းတန်းများက မြားသဖွယ် နတ်ဆိုးဘုရင်၏ခန္ဓာကိုယ်အားထိုးဖောက်သွားပြီး မလှုပ်ရှားနိုင်အောင် တားဆီးလိုက်သည်။
တစ်ချိန်တည်းပင် အလင်းတန်းမြားက နတ်ဆိုးနယ်မြေကို ဆုတ်ဖြဲပစ်လိုက်ပြီး ကြီးမားသောတွင်းနက်တစ်ခု ဖြစ်ပေါ်လာစေသည်။
အလင်းတန်းများ၏ထိန်းချုပ်မှုဖြင့် သွေးနီရောင်ကြယ် နောက်သို့ပျံထွက်သွားပြီး တွင်းနက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
တွင်းနက်က လျှင်မြန်စွာပင် ပြန်လည်ပိတ်ဆို့သွားပြီး အခြားနတ်ဆိုးများ မလိုက်နိုင်အောင် တားဆီးလိုက်သည်။
ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးသည် ဝင်ရောက်ဟန့်တားရန် ကြိုးစားသော်လည်း ဖန်းယွင်ရှန်းက တားဆီးထားသဖြင့် ၊ နောက်ဆုံး သွေးနီရောင်ကြယ် ပျောက်ကွယ်သွားသည်ကိုသာ ဤအတိုင်း ကြည့်နေလိုက်ရသည်။
“ဒါက ဘာအဓိပ္ပါယ်ရှိမှာလဲ ၊ နွယ်ပင်ဧကရီက ငါ့လက်ထဲမှာ ရှိနေတုန်းပဲလေ”
သို့သော် နတ်ဆိုးဘုရင်မှာ ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကြောင့် မူးဝေသွားသလို ခံစားလိုက်ရသည်။
ခဏကြာပြီးနောက် သူက ဗလာနယ်ထဲတွင် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းနိုင်ခဲ့သည်။ သို့ပေသိ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တော့ သူက အကြေးခွံတစ်ထောင်နယ်မြေမှ ဝေးကွာသော အခြားစကြဝဠာတစ်ခုဆီသို့ ရောက်ရှိနေပေပြီ။
သွေးနီရောင်ကြယ်နတ်ဆိုးက သူ၏ခန္ဓာကိုယ် ထုံကျဉ်မှုသက်သာစေရန်ကြိုးစားနေစဉ် သူ့စိတ်ထဲ တုန်လှုပ်မှုတစ်ခု ခံစားလိုက်ရသည်။
ရုတ်တရက်...
သူ့ကိုအလစ်တိုက်ခိုက်မည့်သူများ စောင့်ဆိုင်းနေသည့်ပမာ ပတ်ဝန်းကျင်တစ်ခွင်တွင် စွမ်းအားရောင်ဝါများ ပြည့်နက်လာလေသည်။