← Chapters

သေမျိုးလောက၌

Vol. 12 Ch. 1180

သေမျိုးလောက၌

Vol. 12 Ch. 1180

“ဝှစ်... ဝှစ်...”

လေသင်္ဘော တစ်စင်းသည် ကျယ်ပြန့်သော အာကာသ အတွင်း၌ ရွက်လွှင့် ခုတ်မောင်းနေ၏။ အနက်ရောင် အင်္ကျီ ဝတ်ဆင်ထားသည့် အနက်ရောင် ဆံပင်ပိုင်ရှင် လူငယ် တစ်ယောက်သည် သံချေးတက်နေသည့် အနက်ရောင် သံချောင်း တစ်ခုကို ကိုင်ကာ လေသင်္ဘောထဲတွင် ရပ်နေခဲ့သည်။

“အရှိန်မြှင့်...”

လူငယ်က သံချောင်းအား ညင်သာစွာ ထိလိုက်လေရာ လေသင်္ဘောမှာ ပိုမို လျှင်မြန်စွာဖြင့် အဆုံးမဲ့ ဟင်းလင်ပြင် အလွှာများကို တိတ်ဆိတ်စွာ ဖြတ်သန်းသွား၏။ ၎င်းကား အတွင်းမှ ကြည့်ပါက နှေးသယောင် ထင်ရသည့်တိုင် အမှန်တကယ်တွင်မူ အလင်းထက်ပင် အဆထောင်သောင်းချီ ပိုမို မြန်ဆန် လွန်းလှသည်။

ချန်းဖန်သည် သင်္ဘောကို ထိန်းချုပ် ‌မောင်းနှင်ရင်း သူ၏ ခန္ဓာကိုယ် အတွင်းရှိ နတ်ဘုရား နယ်မြေ၏ အခြေတည် ဝိညာဥ် အဆင့် စွမ်းအားကို ပြန်လည် ခံစားနေခဲ့လေသည်။

“နတ်ဘုရား နယ်မြေက ခန္ဓာကိုယ် ကျင့်ကြံခြင်း အပေါ်မှာ အာရုံစိုက်ကြတယ်... ဒါကြောင့် သူတို့ဟာ ပင်ကိုယ် သန်စွမ်းတယ်လို့ ဆိုနိုင်တယ်... သူတို့က နတ်ဘုရားချီကို အသက်ရှူတိုင်း ရရှိနိုင်တဲ့ အပြင် သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓမ္မ စွမ်းအားကလည်း အဆုံးမဲ့တယ်...”

ချန်းဖန်သည် အခြေတည် ဝိညာဥ် အဆင့်ဖြင့်ပင် သူ၏ ခန္ဓာကိုယ် အတွင်း၌ အလွန် ပူပြင်းသော “နေ” တစ်စင်း ရှိသလို ခံစားနေရသည်။ သူသည် ထိုစွမ်းအင်ကို အသုံးပြု၍ လေသင်္ဘောကို မောင်းနှင်နိုင်သည့် စွမ်းအင်အား ထောက်ပံ့ပေးရန်ပင် ယုံကြည်ချက် ရှိ၏။

သေမျိုးလောကရှိ တန်ခိုးရှင်များသည် မတူကွဲပြားသော မတူကွဲပြားသော ဓမ္မ ဥပဒေသများကို ကျင့်ကြံကြ၏။ သူတို့သည် တိုက်ခိုက်သည့် အခါ၌ လေ၊ မိုး၊ မိုးကြိုး၊ သစ်သား စသည်ဖြင့် သန်ရာသန်ရာကို ဆင့်ခေါ်ကြသည်။ ဤသို့ဆိုလျှင် ထိုဓမ္မ ဥပဒေသများ မရှိသည့် မိစ္ဆာလောက၊ မွန်းစတားလောက စသည့် စကြဝဠာများသို့ ရောက်သော အခါ သူတို့ မည်ကဲ့သို့ တိုက်ခိုက်မည်နည်း။ အပြည့်အဝ မဟုတ်လျှင်ပင် သူတို့၏  တိုက်ခိုက်ရေး စွမ်းအားမှာ အနည်းနှင့် အများ လျော့နည်းသွားလိမ့်မည်မှာ သေချာပေသည်။

“ဒါပေမဲ့ ကောင်းကင်ကတော့ ခြားနားတယ်... နတ်ဘုရား နယ်မြေမှာ ရှိတဲ့ ကျင့်ကြံသူတွေက ကိုယ်ပိုင် စွမ်းအားကို အခြေခံတယ်... သူတို့က အခြေတည် ဝိညာဥ်၊ ခန္ဓာနဲ့ နတ်ဘုရား ဝိညာဥ်တို့ကို တစ်ခုတည်း အဖြစ် ပေါင်းစည်းပြီး ကိုယ်တိုင် စကြဝဠာ တစ်ခုကို တည်ဆောက်တယ်... သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စွမ်းအားက အဆုံးမဲ့ပြီး အပြင်ကမ္ဘာမှာ လျော့ကျခြင်း မရှိဖို့ ကာကွယ်ပေးတယ်”

အဆုံးမဲ့ခြင်းနှင့် စွမ်းအားတို့ အရ ကောင်းကင် ကျင့်ကြံခြင်း လမ်းစဥ်မှာ သေမျိုး လောကမှ ကျင့်ကြံခြင်းထက် အမှန်တယ်ပင် ပိုမို ကောင်းမွန်လှပေသည်။

“ဒါပေမဲ့ ကောင်းကင် ကျင့်ကြံခြင်း လမ်းစဥ်က အရမ်း ခက်ခဲတယ်... ငါ့လို မြောက်ပိုင်း ကောင်းကင်အရှင်တောင် နတ်ဘုရား ရတနာတွေ၊ လောကတစ်သောင်း ဝိညာဥ်ရေတွေ... နောက်ဆုံး မူလ ရေတွင်းက ရတဲ့ နတ်ဘုရားချီတွေနဲ့မှ ဒီလမ်းစဥ်ပေါ် ခြေချနိုင်ခဲ့တာ... ငါ အခြေတည် ဝိညာဥ် အဆင့်ကို ရောက်ဖို့ အတွက် သုံးရတဲ့ အရင်းအမြစ်က အာကာသ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို မွေးထုတ်ပေးဖို့တောင် ဖြစ်နိုင်ချေ ရှိတယ်”

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်သည်။ နတ်ဘုရား တစ်ပိုင်း ရတနာဆေးပင်များနှင့် လောကတစ်သောင်း ဝိညာဥ်ရေတို့မှာ မပြောပလောက်ပါချေ။ သို့သော်လည်း နတ်ဘုရားချီ မှာမူ လောက၌ အရှားပါးဆုံး အရာ ဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးကား ထိပ်တန်း နတ်ဘုရား ရတနာများနှင့်ပင် ယှဥ်နိုင်ပေသည်။

ကမ္ဘာမြေကား အလွန်ပင် အဖိုးတန် လွန်းလှသည်။ ထိုနေရာက နတ်ဘုရားချီကို ထုတ်လုပ်ပေးနိုင်သည့် မူလ ရေတွင်း တစ်ရာတိတိ ရှိသည်။ သာမန် အထွတ်အမြတ်မြေများ ပင်လျှင် ထိုမျှလောက် မကြွယ်ဝချေ။ အကယ်၍ ကောင်းကင် ဥပဒေသများ တားမြစ်ခံထားရခြင်းကြောင့်သာ မဟုတ်ပါက ချန်းဖန်မှာ အာကာသ အဆင့်သို့ မရောက်မချင်း ကမ္ဘာမှ ထွက်ခွာလိမ့်မည် မဟုတ်ချေ။

ချန်းဖန်သည် မူလ ရေတွင်းများ အကြောင်းကို လျှို့ဝှက်ချက် တစ်ခု အဖြစ် ထိန်းသိမ်းထား၏။ သူ၏ အဓိက တပည့် အနည်းငယ် သာလျှင် ထိုအရာကို သိကြပေသည်။  ချန်းဖန်သည် အလွန် မြင့်မားသော ကျင့်ကြံခြင်း အဆင့် တစ်ခုသို့ ရောက်ရှိပြီးနောက် ကမ္ဘာသို့ ပြန်ကာ အခြေချရန်ပင် တွေးတောထား၏။

“ဘာပဲဖြစ်ဖြစ် ဒါတွေ ထားလိုက်ပါဦးလေ... အခု ငါ ရှောင်ချုံးနဲ့ ငါ့မိဘတွေကို အရင်ဆုံး ရှာသင့်တယ်”

နေအဖွဲ့အစည်းမှ ထွက်ခွာပြီးနောက် ချန်းဖန်သည် အခြား အာကာသ ယာဥ်ပျံများ၊ သက်ရှိများ နေထိုင်သည့် ဂြိုဟ်များအား ရှောင်ရှားရင်း ခရီးဆက်ခဲ့သည်။ နေ့ရက် အတန်ကြာပြီးနောက် သူသည် ဂြိုဟ်သေ တစ်ခုကို တွေ့လိုက်ရ၏။ သူသည် ထိုဂြိုဟ်ပေါ်ရှိ အလွန်နက်သော ချောက်ကမ်းပါး တစ်ခုကို ရှာဖွေကာ ဆင်းသက် လိုက်သည်။

“ဝှစ်...”

ထို့နောက် သူသည် ‌ကျောက်သားများ ပြည့်နှက်နေသည့် မြေပြင်ထက်သို့ ဆင်းကာ အိတ်ထဲမှ ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားမှာ သူ၏ မိခင် ဝမ်ရှောက်ယွင်၏ အသက်နှင့် ချိတ်ဆက်နေသည့် အသက် ကျောက်ပြားပင် ဖြစ်ပေသည်။

“ရှောင်ချုံးကတော့ အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကို ရောက်နေပြီ... သူ့ရဲ့ ပါရမီနဲ့ ဆိုရင် ဆရာက သူ အန္တရာယ် မဖြစ်အောင် ကာကွယ်ပေးမှာ သေချာတယ်... ငါ သူ့အတွက် စိတ်ပူဖို့ လောလောဆယ် မလိုသေးဘူး... ဒါပေမဲ့ ငါ့မိဘတွေက ရှောင်ချုံးလောက် ပါရမီ မမြင့်မားကြဘူး... သူတို့က အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းရဲ့ အပြင်စည်း တပည့် ဖြစ်ဖို့တောင် အရည်အချင်း မမီလောက်ဘူး... ဆရာက သူတို့ကို ဘယ်ကို ပို့လိုက်သလဲ ငါ စဥ်းစား မရဘူး”

ချန်းဖန်က ထက်ထဲရှိ အစိမ်းရောင် ကျောက်ပြားလေးကို ကြည့်လိုက်သည်။ ထို့နောက် သူက လက်ညိုးကို ဆန့်ထုတ်ကာ သင်္ကေတ အချို့ကို ရေးဆွဲလိုက်၏။ ထိုသင်္ကေများမှာ ကြီးမားသော စက်ဝိုင်းကြီး အသွင် ဖွဲ့စည်းကာ ချောက်ကမ်းပါး တစ်ခုလုံးကို ဖုံးအုပ်သွားသည်။ ချက်ချင်းပင် ချောက်ကမ်းပါးမှာ ၎င်း၏ မူလ အသွင်အပြင်အတိုင်း ပြန်လည် ပြောင်းလဲ သွားလေ၏။

“ဝှစ်...”

ချန်းဖန်က ကျောက်တုံးတစ်ခုထက်သို့ ပျံတက်ကာ တင်ပျဥ်ချိတ် ထိုင်ချလိုက်သည်။ ထို့နောက် သူသည် အသက်ကျောက်ပြားအား လေထဲသို့ ပစ်လိုက်ကာ ကမ္မ ကျင့်စဥ်ကို အသက်သွင်း လိုက်တော့၏။

ယခုတစ်ကြိမ်ကား ပထမ တစ်ကြိမ်နှင့် ခြားနားလှပေသည်။ ထိုစဥ်က ချန်းဖန်သည် ရွှေအမြုတေ အဆင့်တွင်သာ ရှိသေးကာ ယခုတွင်မူ အခြေတည် ဝိညာဥ် စွမ်းအား အပြည့်ကို ပိုင်ဆိုင် ထားခဲ့ပြီ ဖြစ်သည်။ ထို့နောက်ပင် ယခုတစ်ကြိမ်မှာ အတော်အတန် ချောမွေ့လှ၏။

ချန်းဖန်သည် ကျင့်စဥ်ကို အောင်မြင်စွာပင် အသက်သွင်းလိုက်နိုင်သည်။

“ကြယ်ကြွေတို့ရဲ့ နတ်ဘုရား... ကမ္မနဲ့ ပြန်လည် မွေးဖွားခြင်း... သွေးတွေက သွေးကို ရေးခြယ်တယ်... နတ်ဘုရား ဝိညာဥ်... ကျေးဇူးပြုပြီး လမ်းကို ညွှန်ပြပါ”

“ဟူး... ဟူး...”

မတူကွဲပြားသော ပုံရိပ်များမှာ တစ်ခုပြီး တစ်ခု ချန်းဖန်၏ အရှေ့တွင် ပေါ်လာခဲ့၏။ ထိုအရာကား တောင်ပိုင်း ဒေသငယ် ကောင်းကင်နယ်နှင့် လုံးဝ ကွာခြားသော နေရာ တစ်ခု ဖြစ်၏။ လမ်းမများသည် လူများဖြင့် ပြည့်နှက်နေကာ များစွာသော ယာဥ်ပျံများမှာ ကောင်းကင်တွင် ပျံသန်းနေသည်။ များစွာသော အဆောက်အအုံများမှာ LED 3D စခရင်များဖြင့် ပြည့်နှက်နေကာ အမျိုးမျိုးသော ပုံရိပ်များ စကားလုံးများကို ပြသနေ၏။ ချန်းဖန်သည် ထိုနေရာ၌ ကမ္ဘာပေါ်ရှိ သရုပ်ဆောင် မမများထက် ပိုမို  Sexy ကျစွာ ဝတ်ဆင်ထားသော မိန်းကလေး အချို့ကိုပင် တွေ့ခဲ့သေးသည်။

အလင်းများသည် နေရာအနှံ့ ပြည့်နှက်နေ၏။ ထိုမြို့တော်ကား လုံးဝမအိပ်သည့် အလားပင်။

ရွှေအမြုတေ အဆင့် လူငယ် ကျင့်ကြံသူ တစ်ယောက်သည် လမ်းမထက်၌ လျှောက်နေ၏။ မရေမတွက်နိုင်သော သာမန်လူများသည် ဘေးနားသည့် ရှိနေသည့်တိုင် ထိုလူငယ်အား အရေးတယူလုပ်ကာ လှည့်ကြည့်ခြင်းပင် မရှိချေ။ ထိုမြို့တော်ရှိ သာမန်လူနှင့် ကျင့်ကြံသူ အားလုံးကား အခြားလူများနှင့် မိမိကိုယ်ကို နှိုင်းယှဥ်ကာ သိမ်ငယ်မှု ရှိပုံ မပေါ်ချေ။

“ဒီနေရာက...”

ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။ သူသည် ထိုမြင်ကွင်းများကို အတော်အတန် ရင်းနှီးပေသည်။ သူသည် ထိုနေရာကို ရောက်ရှိဖူးသည်ဟု ခံစားနေရ၏။

ကမ္မ ကျင့်စဥ်မှာ ကြာရှည်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ချန်းဖန်မှာ မြို့တော်ကို စိတ်ဝင်တစား လေ့လာခြင်းဖြင့် အချိန်မဖြုန်းနိုင်ချေ။ သူသည် ပတ်ဝန်းကျင်အား သေချာ ကြည့်ကာ လူသုံးယောက်ကို မြင်သောအခါ ရပ်လိုက်၏။ ထိုသုံးယောက်မှာ လှပသော အသက် သုံးဆယ် အရွယ် မိန်းမ တစ်ဦးနှင့် အသက် ၁၀ နှစ် ပတ်ချာလည် ယောက်ျားလေး တစ်ဦး၊ မိန်းကလေး တစ်ဦး တို့ပင် ဖြစ်လေသည်။

“အမေ...”

ဝမ်ရှောက်ယွင်၏ မျက်နှာကို မြင်သောအခါ ချန်းဖန်မှာ မျက်ရည်များပင် ဝဲလာခဲ့၏။ သူမကား လွန်ခဲ့သော နှစ်နှစ်ဆယ် နီးပါးကနှင့် ကွာခြားခြင်း မရှိသေးချေ။

ချန်းဖန်သည် မိခင်ဖြစ်သူ ပြုံးနေသည်ကို တွေ့မြင်ရ၏။ ကြည့်ရသည်က သူမမှာ ထိုနေရာတွင် အဆင်ပြေနေပုံရသည်။

“နေဦး...”

ရုတ်တရက် ချန်းဖန်မှာ တောင့်ခဲသွား၏။ ဝမ်ရှောက်ယွင်၏ ဘေးရှိ ကလေး နှစ်ယောက်က အဘယ်ကြောင့် သူနှင့် သွေးမျိုးဆက်ခြင်း တူနေသနည်း။

ဝမ်ရှောက်ယွင်နှင့် အနည်းငယ်ဆင်သည့် သူတို့၏ သေးငယ်သော မျက်နှာလေးများကို ကြည့်ကာ ချန်းဖန်မှာ စကားလုံးများ ပျောက်ဆုံးသွားသည်။ မြောက်ပိုင်း ကောင်းကင်အရှင် ပင်လျှင် ထိုကဲ့သို့ အခြေအနေမျိုး မျှော်လင့် မထားခဲ့ချေ။

“ဆယ်စုနှစ် တစ်ခုကျော်လောက် ကွဲနေတုန်းမှာ အမေက ကျွန်တော့် အတွက် ကလေး နှစ်ယောက်တောင် မွေးပေးထားတာကိုး...”

ချန်းဖန်က ဖြူရော်စွာ ရေရွတ်လိုက်လေ၏။

**

All Chapters