မမျှော်လင့်သည့်အပြောင်းအလဲ
Vol. 102 Ch. 1428
အခန်း (၁၄၂၈) မမျှော်လင့်သည့်အပြောင်းအလဲ
ကြယ်ပစ်လေးနှင့် တိုက်ခိုက်ခံရပြီးနောက် သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်မှ စစ်မြေပြင်မှ အတင်းအကျပ် မောင်းထုတ်ခံလိုက်ရသည်။
သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်နိုင်ချိန်တွင် သူက အကြေးခွံတစ်ထောင်နယ်မြေနှင့် အလွန်ဝေးကွာသည့် အခြားစကြာဝဠာတစ်ခုအတွင်း ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
အကြေးခွံတစ်ထောင်နယ်မြေ၏ နတ်ဆိုးများကိုဖိနှိပ်နိုင်သောစွမ်းအားက အပြည့်အဝ ထင်ရှားလွန်းလသည်။
ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်တစ်ယောက်က ဗလာနယ်ကိုပိတ်ဆို့ပြီး ဖန်တီးထားသော နတ်ဆိုးနယ်မြေဖြစ်သည့်တိုင် ကြယ်ပစ်လေးက ဆုတ်ဖြဲပစ်လိုက်ပြီး သွေးနီရောင်ကြယ် နတ်ဆိုးဘုရင်ကို အဝေးသို့ပို့ဆောင်ပစ်လိုက်သည်။
ထို့နောက် ဆုတ်ဖြဲခံရသောတွင်းနက်က ချက်ချင်းပြန်ပိတ်သွားပြီး အခြားမဟာနတ်ဆိုးများ လိုက်မမီအောင် တားဆီးလိုက်သည်။
ဤသို့လုပ်ဆောင်ရန် အကြေးခွံတစ်ထောင်နယ်မြေ၏ စွမ်းအားအားလုံးကို အသုံးပြုရန်လိုအပ်ပြီး ၊ ထိုနယ်မြေအား မလွှဲမရှောင်သာ ပင်ပန်းနွယမ်းနယ်သည့် အခြေအနေသို့ ရောက်ရှိသွားစေသည်။ ရလဒ်အနေဖြင့် နယ်မြေစွမ်းအားများကို ခဏအတွင်း ထပ်မံအသုံးပြုနိုင်မည်မဟုတ်ပေ။
ဤသည်က ရန်ကျောက်ကဲ အမြဲတမ်း တိတ်ဆိတ်စွာ အခြေအနေစောင့်ကြည့်နေရသည့် အကြောင်းရင်းဖြစ်၏။
ယခင်က ချူးလီလီကို ငရဲကိုးထပ်မှဖမ်းဆီးသွားချိန် ကျဲ့မင်ခုန်က သူမကို ရှာဖွေနေခဲ့သည်။
ထို့ကြောင့် ငရဲကိုးထပ်က ကျဲ့မင်ခုန်ကို ဖမ်းဆီးထားနိုင်သည်ဖြစ်ရာ ရန်ကျောက်ကဲက အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခဲ့သည်။
အမှန်တော့ ကြယ်ပစ်လေးက ကျဲ့မင်ခုန်ကိုကယ်တင်ရန်အတွက် ပြင်ဆင်ထားခြင်း ဖြစ်၏။
သို့သော် အံ့အားသင့်စရာမှာ ရန်သူများက သူမျှော်လင့်ထားသလို ဓားစာခံတစ်ယောက် ဖမ်းဆီးထားခဲ့သော်လည်း ၊ သူမက မိန်းမပျိုဧကရာဇ်’ကျဲ့မင်ခုန်’ မဟုတ်ဘဲ နွယ်ပင်ဧကရီ’လီယင်း’ ဖြစ်နေခဲ့သည်။
ဤသည်က သူမျှော်လင့်ထားသလို မဟုတ်သော်လည်း သူ၏ ဓားစာခံကိုကယ်တင်ရန်ဆုံးဖြတ်ချက်က မပြောင်းလဲခဲ့ပေ။
ကြယ်ပစ်လေးဖြင့် တိုက်ခိုက်ခံရပြီးနောက် သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်က ဗလာနယ်တစ်ဖက်ခြမ်းသို့ပို့ဆောင်ခံရရုံသာမက အကြေးခွံတစ်ထောင်နယ်မြေ၏ တန်ပြန်စွမ်းအားက ထိုမဟာနတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
သွေးနီရောင်ကြယ် နတ်ဆိုးဘုရင်မှာ ဒဏ်ရာများကြောင့် နတ်ဆိုးစွမ်းအားများ အသုံးမပြုနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဥ်စွာခံစားနေရသည်။
ဖမ်းဆီးထားသော နွယ်ပင်ဧကရီကို ထိခိုက်အောင်မလုပ်နိုင်တော့သည့်အပြင် သူ၏ ချီစွမ်းအား(၄)ခု ပေါင်းစည်းခြင်း နက်ရှိုင်းနတ်ဘုရားအဆင့် ကျဆင်းမသွားအောင်ပင် အတော်လေး ထိန်းချုပ်နေရသည်။
သွေးနီရောင်အလင်းတန်းများက မြူခိုးများသဖွယ် ပျံ့လွင့်သွားပြီး ယာယီအားဖြင့် ပြန်လည်စုစည်းနိုင်ခြင်း မရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် အခြားသော နတ်ဘုရားအဆင့်ကျင့်ကြံသူများ၏ စွမ်းအားရောင်ဝါများက ဗလာနယ်ထဲတွင် ထွက်ပေါ်လာသည်။
စွမ်းအားရောင်ဝါများမြင့်တက်လာပြီး ဓားအလင်းတန်းများက မှောင်မိုက်သောဗလာနယ်ကို လင်းထိန်သွားစေသည့်အခါ သွေးနီရောင်ကြယ်နတ်ဆိုးဘုရင် အတော်လေး စိတ်ပျက်သွားသည်။
ရန်ကျောက်ကဲက အကြောင်းမရှိဘဲ သူ့ကို ဤနေရာသို့ ပို့ဆောင်လိုက်ခြင်း မဟုတ်ပေ။
နောက်ဆက်တွဲနည်းလမ်းများမရှိပါက နွယ်ပင်ဧကရီအနေဖြင့် ငရဲကိုးထပ်လက်ထဲတွင် ဆက်ရှိနေဦးမည် ဖြစ်သည်။ ရန်ကျောက်ကဲ၏လုပ်ရပ်က သွေးနီရောင်ကြယ်နတ်ဆိုး၏လုပ်ရပ်ကို ခဏတာ နှောင့်နှေးစေနိုင်သော်လည်း အသုံးဝင်မည် မဟုတ်ပေ။
ကြယ်ပစ်လေးက မဟာနတ်ဆိုးကို ပြင်းထန်စွာဒဏ်ရာရစေပြီး သူ့ကို ဤနေရာသို့ပို့ဆောင်လိုက်သည်။ သို့သော် ဤနေရာတွင် နွယ်ပင်ဧကရီကိုကယ်တင်ရန် အခြားသူများ ရှိနေမှရပေမည်။
ထို့ကြောင့် ရန်ကျောက်ကဲက တည်နေရာသတ်မှတ်ပြီး ပို့ဆောင်လိုက်ခြင်း ဖြစ်၏။
ဓားစာခံကိုကယ်တင်ရန်အတွက် စန်းချင်း(၃)ပါးအဆက်အနွယ်မှ ကျင့်ကြံသူအချို့ကို ဤနေရာတွင် ကြိုတင်စောင့်ဆိုင်းနေစေခဲ့သည်။
ဓားအလင်းတန်းများရပ်တန့်သွားပြီး ဗလာနယ်ထဲတွင် လူ(၃)ယောက် ထွက်ပေါ်လာသည်။
ဦးဆောင်လာသူတစ်ယောက်နှင့် နောက်မှလိုက်ပါလာသူ(၂)ယောက်က သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်ဆီသို့ လျှောက်လှမ်းလာကြသည်။
ဦးဆောင်လာသူက သက်လတ်ပိုင်း လူရွယ်တစ်ယောက်ဖြစ်၏။
သူက ရှေးဟောင်းဝတ်စုံဝတ်ဆင်ထားပြီး တည်ကြည်သောမျက်နှာအမူအရာ ရှိသည်။
သူ၏တန်ခိုးစွမ်းအားကို ထုတ်ဖော်မပြသည့်တိုင် ၊ သူ့ပုံစံက တောင်ထိပ်တွင် တစ်ယောက်တည်းရပ်တည်နေသည့်အလား မြင့်မားစွာဖြင့် သီးသန့်ဆန်လွန်းသည်။
ထိုသူက အခြားသူမဟုတ် ၊ ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ပင် ဖြစ်၏။
သူ့နောက်တွင်တော့ အနက်ရောင်ဝတ်စုံဖြင့် လူငယ်က သူ၏တပည့်’နျဲ့ကျင်းရှန်’ ဖြစ်ပြီး အစိမ်းရောင်ဝတ်စုံဖြင့် မိန်းမပျိုကတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ စန့်ချင်အဆက်အနွယ် ‘ယွီယဲ့’ ဖြစ်သည်။
သူတို့က ဤနေရာတွင် ကြိုတင်စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။
အကယ်၍ ရန်သူ့ဘက်တွင် ဓားစာခံရှိခဲ့ပါက ရန်ကျောက်ကဲက ထိုရန်သူကို ဤနေရာသို့ပို့ဆောင်ပြီး ယွဲ့ကျန့်ပေတို့အုပ်စုက ဓားစာခံကို ကယ်တင်ရမည် ဖြစ်သည်။
ဓားစာခံမရှိခဲ့ဘဲ အကြေးခွံတစ်ထောင်နယ်မြေတိုက်ပွဲ ပိုမိုပြင်းထန်လာပါက သူတို့က ဗလာနယ်အလွှာများကိုဖြတ်ကျော်ကာ တိုက်ပွဲအတွင်း ဝင်ရောက်လာမည် ဖြစ်သည်။
ကြယ်ပစ်လေး၏ ပြောင်းပြန်သက်ရောက်မှု အကြေးခွံတစ်ထောင်နယ်မြေစွမ်းအားဖြင့် သူတို့အား စစ်မြေပြင်သို့ ဆွဲခေါ်မည် ဖြစ်၏။
ယခု သွေးနီရောင်ကြယ်နတ်ဆိုးဘုရင် ဤနေရာသို့ရောက်လာသည်နှင့် ယွဲ့ကျန့်ပေတို့အုပ်စုက ချက်ချင်း စတင်လှုပ်ရှားခဲ့သည်။
ဓားစာခံက မိန်းမပျိုဧကရာဇ် – ကျဲ့မင်ခုန်မဟုတ်ဘဲ နွယ်ပင်ဧကရီ – လီယင်း ဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူတို့ (၃)ယောက် အနည်းငယ်အံ့အားသင့်သွားရသည်။
ယွီယဲ့က အလွန်ပင် ထိတ်လန့်သွားခဲ့သည်။
သူမအတွက် နွယ်ပင်ဧကရီက သူမ၏ ဆရာဘွားဘွားမျှသာ မဟုတ်ပေ။
သူမ ကြီးပြင်းလာသည့်တစ်လျှောက် နွယ်ပင်ဧကရီထံမှ သင်ကြားမှုများရရှိခဲ့ပြီး သူတို့နှစ်ယောက်က နက်ရှိုင်းသော ဆက်နွယ်မှု ရှိခဲ့ကြသည်။
ထိုခဏတွင် ပုံမှန်အားဖြင့် အတွေးထဲနစ်မျောနေတတ်သည့် အစိမ်းရောင်ဝတ်မိန်းမပျို၏မျက်နှာက တည်ကြည်လေးနက်သွားပြီး မျက်ဝန်းများက ဓားသွားပမာ ထက်ရှလာသည်။
ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ကလည်း အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားသည်။
သူက တစ်ချက်မတုံ့ဆိုင်းဘဲ သွေးနီရောင်ကြယ်ဆီသို့ ထွက်ခွာသွားသည်။
“ယွဲ့... ကျန့်... ပေ...”
အနားရောက်လာသူကိုတွေ့သည်နှင့် နွယ်ပင်ဧကရီ၏မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားသည်။
“ထွက်သွားစမ်း... မင်း ငါ့ကို ကယ်ဖို့မလိုဘူး”
ယွဲ့ကျန့်ပေက မျက်နှာအမူအရာမပြောင်းလဲဘဲ ဓားကိုအောက်ဖက်သို့ လှည့်လိုက်သည်။
“ငရဲကိုးထပ်ကိစ္စ ဖြေရှင်းပြီးမှာ ကျုပ်တို့ရန်ငြိုးတွေအကြောင်း ဆက်ဆွေးနွေးကြတာပေါ့”
ဓားအလင်းတန်း ဖြတ်သန်းသွားသည်နှင့် သွေးနီရောင်အလင်းတန်းများ လွင့်စင်သွားသည်။
အကြေးခွံတစ်ထောင်နယ်မြေ၏စွမ်းအားဖြင့် ဒဏ်ရာရပြီးနောက် သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်မှာ ချီစွမ်းအား(၅)မျိုးပေါင်းစည်းခြင်း ထိုက်ရွှီးမူလနတ်ဘုရား၏ တန်ခိုးစွမ်းအားကို ပြန်လည်မရရှိတော့ပေ။
နက်ရှိုင်းနတ်ဘုရားအထွတ်ထိပ်အဆင့်သို့ တက်လှမ်းပြီးဖြစ်သော ယွဲ့ကျန့်ပေက ဓားဝိညာဉ်ကိုလှည့်ပတ်လိုက်သည်နှင့် သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ထုံကျဉ်သွားရသည်။
သူ၏ နတ်ဆိုးတန်ခိုးစွမ်းအားမှာလည်း ထိန်းချုပ်မရဖြစ်နေလေရာ သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်မှာ ယွဲ့ကျန့်ပေ၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိဘဲ နောက်ဆုတ်သွားရသည်။
“ရန်ရှင်းထန်ရဲ့တပည့်က ငါ့ကိုကူညီမယ်ဆိုရင် ငါ ချင်းလျန်ကို ဘယ်လိုမျက်နှာပြရတော့မှာလဲ”
နွယ်ပင်ဧကရီက အော်ဟစ်လိုက်သည်။
“ယွဲ့ကျန့်ပေ.. မင်း ငါ့ကိုကယ်မယ်ဆိုရင် ငါ နောင်ဘဝမှာ ချင်းလျန်ကို ဘယ်လိုမျက်နှာပြရမှာလဲ”
သူမ မျက်လုံးထဲတွင် အစိမ်းရောင်တစ်ချက် လင်းလက်သွားပြီး သူမ၏အရေပြားမှ အစိမ်းရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။
သွေးနီကြယ်နတ်ဆိုးဘုရင်က သူမကို ဖိနှိပ်ထားဆဲဖြစ်သော်လည်း နွယ်ပင်ဧကရီက နတ်ဘုရားသုတ်သင်ဓားသိုင်းစွမ်းအားကို အမြင့်ဆုံးအဆင့် အသုံးပြုလိုက်သည်။
သူမခန္ဓာကိုယ်အားချည်နှောင်ထားသည့် သွေးနီရောင်အလင်းကြိုးများ အက်ကွဲလာသည်။
သူမ၏မျက်နှာထက် အစိမ်းရောင်အလင်းတန်းများ လက်ခနဲဖြစ်သွားပြီး သူမမျက်နှာကလည်း ချက်ချင်းဖြူဖျော့သွားကာ သူမကိုယ်တိုင်လည်း ဒဏ်ရာရသွားသည်။
သို့သော် သူမက ရပ်တန့်ရန် မစဉ်းစားခဲ့ပေ။
ယွဲ့ကျန့်ပေ သူမဆီရောက်မလာခင် လွတ်မြောက်ရန်အတွက် သူမ၏စွမ်းအားကို အတင်းအကျပ် ဆက်လက်ထုတ်လွှတ်နေသည်။
“ဘွားဘွား...”
ယွီယဲ့ အော်ဟစ်လိုက်သည်။
သူမက တစ်ချက်မတုံ့ဆိုင်းဘဲ ဓားကိုဆွဲထုတ်လိုက်သည်။
ဓားကိုဆွဲထုတ်လိုက်သည်နှင့် အဆုံးမရှိသော ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
အစက သူမ ဓားထုတ်ခြင်းနှင့်ဓားကျင့်ကြံခြင်းကို ကျင့်ကြံရန် စီစဉ်ထားခဲ့သည်။ ယခု သူမက ထိုအရာကို အရေးမစိုက်နိုင်တော့ဘဲ ချက်ချင်း ဓားကိုဆွဲထုတ်လိုက်သည်။
လူသားအထွတ်ထိပ်အဆင့်သာရှိသော သူမက ဒဏ်ရာပြင်းထန်စွာရသွားသော သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်ကို ထိခိုက်နိုင်ခြင်း မရှိပေ။
သူမက ယွဲ့ကျန့်ပေနှင့် နျဲ့ကျင်းရှန်ကို ယုံကြည်သော်လည်း နွယ်ပင်ဧကရီက ထိုသူနှစ်ယောက်ကို မုန်းတီးနေသည်။
အကယ်၍ စန့်ချင်အဆက်အနွယ်ဖြစ်သော သူမက ဆရာဘွားဘွားကို လွတ်မြောက်စေမည်ဆိုပါက နွယ်ပင်ဧကရီက ငြင်းဆန်မည် မဟုတ်ပေ။
ယွီယဲ့က သူမ၏စွမ်းအားကိုထိန်းချုပ်မထားဘဲ ဓားဝိညာဉ်ကို မိုးထိအောင်မြှင့်တင်လိုက်ကာ ကျုံးဝါးသံက စကြာဝဠာတစ်ခုလုံး ပဲ့တင်ထပ်လာသည်။
သူမက ချက်ချင်းပင် နတ်ဘုရားလူသားကပ်ဘေးကို စိန်ခေါ်ကာ နတ်ဘုရားတံခါးကို တွန်းဖွင့်လိုက်သည်။
ယွဲ့ကျန့်ပေနှင့် နျဲ့ကျင်းရှန်က နွယ်ပင်ဧကရီကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့နှစ်ယောက် ခေါင်းခါယမ်းမိကြသော်လည်း သူမကိုကယ်တင်ရန် လက်မလျှော့ခဲ့ကြဘဲ အလျှင်အမြန်သွားရောက်ခဲ့ကြသည်။
ထိုအချိန် ဆိုးရွားသောအခြေအနေတွင်ရှိနေသည့် သွေးနီရောင်ကြယ်နတ်ဆိုးဘုရင်က ရုတ်တရက် ရယ်မောလိုက်ပြီး...
“မင်းတို့က ငါ့ကို သေစေချင်တာလား”
သူ၏ ရယ်မောသံထဲတွင် သိမ်မွေ့သောအသံတစ်ချက် ထွက်ပေါ်လာသည်။
“စိတ်ဝိညာဉ်နတ်ဆိုးဧကရာဇ်... တောင်းပန်ပါတယ်”
မဟာနတ်ဆိုး၏ကိုယ်ခန္ဓာကိုယ်အား ဝန်းရံထားသော သွေးနီရောင်အလင်းတန်းများက လျှင်မြန်စွာပင် ရောင်စုံအလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
စိတ်ဝိညာဉ်နတ်ဆိုးနှင့် အရိပ်နတ်ဆိုးအား စန်းချင်း(၃)ပါးအဆက်အနွယ် ကောင်းကင်နတ်ဘုရားများက ဟန့်တားထားသဖြင့် ဤနေရာသို့ ကိုယ်တိုင်လာရောက်နိုင်ခြင်း မရှိပေ။
သို့သော် စိတ်ဝိညာဉ်နတ်ဆိုး၏စွမ်းအားက ထူးဆန်းပြီးခန့်မှန်းမရသည်ဖြစ်ရာ သွေးနီရောင်ကြယ်နတ်ဆိုးက စိတ်ဝိညာဉ်နတ်ဆိုးအမည်ကို ‘တ’ လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်မှု သက်သာသွားသည်။
ကြယ်ပစ်လေးကြောင့် ရရှိထားသောဒဏ်ရာများက ပြန်မသက်သာသေးဘဲ အားနည်းနေသလို ချီစွမ်းအား(၅)မျိုးပေါင်းစည်းခြင်း ထိုက်ရွှီးမူလနတ်ဘုရား၏တန်ခိုးကို ပြသနိုင်စွမ်းမရှိသေးပေ။
သို့သော် ထိုခဏတွင် သွေးနီရောင်ကြယ်နတ်ဆိုးမှာ အဆုံးစွန်သောစိတ်အားထက်သန်မှုသို့ ရောက်ရှိသွားပုံရသည်။
သူ့ကိုဝိုင်းရံထားသော ရောင်စုံအလင်းတန်းများက သိပ်သည်းသွားပြီး အလယ်ဗဟိုသို့ လျှင်မြန်စွာ စုစည်းလာလေသည်။