ခရီးဆက်ခြင်း
Vol. 12 Ch. 1181
ကမ္မ ကျင့်စဥ်သည် လောကတွင် အလျှို့ဝှက်ဆုံး အစွမ်း အထက်ဆုံး စွမ်းအား ဖြစ်သည်။ ၎င်းတွင် အချိန် ဥပဒေသများ၊ အာကာသနှင့် ကမ္မတို့ ပါဝင်နေ၏။ သာမန်လူများမှာ ထိုအရာအာ ထိတွေ့နိုင်စွမ်း ကင်းမဲ့ကာ အစွမ်းထက် ကျင့်ကြံသူများသာလျှင် အသုံးပြုနိုင်ကြသည်။ ချန်းဖန် ပင်လျှင် ထိုအရာကို ကြာရှည် ထိန်းမထားနိုင်ချေ။
“ခရက်... ခရက်...”
ချန်းဖန်၏ အရှေ့ရှိ အလင်း မျက်နှာပြင်မှာ အချိန်မရွေး ကျိုးပျက်တော့ မတတ် ဖြစ်လာခဲ့၏။ ချန်းဖန်၏ ခန္ဓာကိုယ် ပင်လျှင် မတည်မငြိမ် ဖြစ်လာခဲ့သည်။
ချန်းဖန်က ကျင့်စဥ် ပျက်ပြယ် မသွားခင် ကလေး နှစ်ယောက်အား သေချာစွာ ကြည့်လိုက်လေ၏။
“သူတို့ နှစ်ယောက်ရဲ့ သွေးမျိုးဆက်က ငါ့မိဘ နှစ်ပါးကနေ ဆင်းသက်လာတာတော့ သေချာတယ်... သူတို့က ငါ့ရဲ့ ညီနဲ့ ညီမပဲ ဖြစ်ရမယ်... အဖေ့ကို မတွေ့ရဘူး ဆိုပေမဲ့ သူ အဆင်ပြေမှာပါ... မဟုတ်ရင် ငါ့အမေ ခုလောက် တည်ငြိမ်နေမှာ မဟုတ်ဘူး”
“ခရက်...”
ထို့နောက် အလင်း မျက်နှာပြင်မှာ ရုတ်ချည်းပင် ကျိုးပျက် သွားလေ၏။ သို့သော်လည်း ကလေး နှစ်ယောက်၏ ပုံရိပ်မှာ ချန်းဖန်၏ ဦးနှောက်တွင် ပုံရိပ်တစ်ခု အလား စွဲထင်နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်သည် သူ၏ စိတ်အတွင်းရှိ ကလေး နှစ်ယောက်၏ ပုံရိပ်ကို သေချာစွာ အကဲခတ် လိုက်လေသည်။
“သူတို့ ဝတ်ထားတဲ့ အဝတ်အစားတွေက တောင်ပိုင်းဒေသငယ်ကနဲ့ ခြားနားတယ် ဆိုပေမဲ့ အတော်လေး ကောင်းမွန်တယ်... ကြည့်ရတာ အဲဒါတွေကို ဝိညာဥ်ချည် တစ်ခုခုနဲ့ ရက်ထားတာပဲ... ဝိညာဥ်ချီ စွမ်းအင် အချို့ကိုတောင် ငါခံစားလို့ ရတယ်... ဒါကို ကြည့်ပြီး ကောက်ချက်ချရမယ် ဆိုရင် ငါ့မိဘတေက မချမ်းသာရင်တောင် မဆင်းရဲဘူး ဆိုတာပဲ”
“ကောင်လေး တစ်ယောက်... ကောင်မလေး တစ်ယောက်... ကောင်လေးက တည်ငြိမ်ပြီး ရင့်ကျက်တယ်... ကောင်မလေးကတော့ ကလေးဆန်သေးတယ်... ကြည့်ရတာ ကောင်လေးက အကြီး ဖြစ်ပြီး ကောင်မလေးက အငယ် ဖြစ်ပုံရတယ်”
“အသက်အရ တွက်ချက် ကြည့်ရရင် ဆရာထန်ချင်း ကမ္ဘာကို မရောက်လာခင်လောက်တည်းက ကောင်လေးကို မွေးထားပုံပဲ... ဒါပေမဲ့ အားရှို့က ငါ့ကို ဘာလို့ မပြောပြတာလဲ... သူက မေ့နေလို့လား... ဒါမှမဟုတ် ငါ့မိဘတွေက မပြောခိုင်းလို့လား”
ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။ မည်သို့ပင် ဆိုစေကာမူ မိဘနှစ်ပါး လုံခြုံစွာ ရှိနေလေရာ ချန်းဖန်မှာ စိတ်ချ နေခဲ့ပြီ ဖြစ်သည်။
ထို့နောက် သူက ထိုင်ရာမှ ထရပ်လိုက်၏။ အလင်း မျက်နှာပြင်ထက်ရှိ မြို့တော်၏ မြင်ကွင်းမှာ ချန်းဖန်၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သူသည် ထိုနေရာကို အတော်လေး ရင်းနှီးသလို ခံစား နေရသည်။
အလွန် ဖွံ့ဖြိုးကာ နည်းပညာမြင့်မားသည့် ဂြိုဟ်ကြီးများမှာ တောင်ပိုင်း ဒေသငယ် နယ်စပ်ဒေသ၌ တွေ့ရခဲသော်လည်း ကြယ်ပင်လယ်ထဲတွင်မူ မရေမတွက်နိုင်အောင် များပြားလွန်းလှသည်။ စကြဝဠာ ဗဟိုရှိ လူမှု အဖွဲ့အစည်းမှာ စစ်ပွဲနှင့် ကပ်ဘေးများစွာကို ကျော်လွန်ပြီးနောက် ရွှေခေတ်ကိုပင် ရောက်နေပြီ ဟု ဆိုနိုင်ပေသည်။ ထိုနေရာများ၌ နည်းပညာမှာ တဟုန်ထိုး တိုးတက်နေသလို ကျင့်ကြံခြင်း လောကမှာလည်း အရှိန်အဟုန်နှင့် ကျယ်ပြန့် လာနေခဲ့သည်။
“အဲဒါက ဘယ်နေရာလဲ...”
ချန်းဖန်မှာ ထိုအကြောင်းကို နေ့တစ်ဝက်မျှ စဥ်းစားနေမိ၏။ သို့သော်လည်း နောက်ဆုံး၌ သူက ရပ်တန့် လိုက်သည်။ ယခုအချိန်၌ စဥ်းစားခြင်းကား အဓိပ္ပာယ် သိပ်မရှိချေ။ သူ့အနေဖြင့် လက်တွေ့ သွားကြည့်သည်က ပိုမို ကောင်းမွန်ပေသည်။
“ဝှစ်...”
ချန်းဖန်က ပျံသန်းကာ သင်္ဘောထက်သို့ ပြန်တက်လိုက်၏။ ထို့နောက် သူသည် သင်္ဘောကို ထိန်းချုပ် မောင်းနှင်ကာ ကျယ်ပြောသော စကြဝဠာကို နောက်တစ်ကြိမ် ခရီးဆက်လိုက် ပြန်တော့သည်။
လအနည်းငယ် ကြာသည့်တိုင် ချန်းဖန်မှာ ဆက်လက် ခရီးနှင်နေဆဲ ဖြစ်သည်။ သူကား မနှေးလွန်း မမြန်လွန်းသော အခြေအနေတွင် ရှိ၏။ မိဘနှစ်ပါး အန္တရာယ် ကင်းရှင်းကြောင်း သိရှိပြီးနောက်၌ ချန်းဖန်မှာ သူတို့ထံသို့ ရောက်ရှိရန် အလျင်လိုခြင်း မရှိတော့ချေ။ သူသည် အတိတ်ဘဝ၌ နေရာများစွာကို နေရာ ကူးပြောင်းခြင်း အစီအရင်ဖြင့်သာ သွားခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ အာကာသ၏ အလှအပများကို တကူးတက ခံစားရန် အခွင့်အရေး မရှိခဲ့ချေ။
ခရီးလမ်း၌ ချန်းဖန်သည် လူများ နေထိုင်သည့် ဂြိုဟ်ကြီးတစ်လုံးကို သတိပြုမိ၏။ ထိုလူများသည် ရှေးဟောင်း ကမ္ဘာသားတို့ ကဲ့သို့ ဝတ်စုံများ ဝတ်ထားကာ ရွှံ့၊ ကျောက်တုံးများဖြင့် ဆောက်ထားသော အိမ်များတွင် နေထိုင်ကြသည်။ သူတို့သည် နေထွက်ချိန်မှ နေဝင်ချိန် အထိ လယ်ယာများတွင် အပတ်တကုပ် အလုပ်လုပ် ရ၏။ သို့သော်လည်း သူတို့ လယ်ခင်း၊ ယာခင်းများမှ ထွက်ပေါ်လာသည့် အကျိုးအမြတ်များကိုမူ သူတို့ ခံစားခွင့် မရှိချေ။ အစဥ်အမြဲ ကျင့်ကြံသူများကသာ အတင်း အဓမ္မ ယူဆောင်သွားလေ့ ရှိသည်။ ငြင်းဆန်သည့် မည်သူမဆို သူတို့၏ ဓမ္မ ရတနာများ အောက်၌ သေဆုံးရသည်။
ချန်းဖန်သည် ဆင်းရဲသည့် မိသားစုမှ ကောင်လေး တစ်ယောက်ကို တန်ခိုးရှင်ဂိုဏ်း တစ်ခုမှ တပည့် အဖြစ် ကောက်ယူသွားသည်ကို တွေ့ရ၏။ ကောင်လေး၏ မိသားစု တစ်ခုလုံးသည် အပျော်လွန်ကာ အောင်ပွဲများ ခံနေကြသည်။ သူတို့သည် မကြာခင်မှာပင် အေးစက်ပြီး ခြောက်သွေ့သည့် ရွှံ့တဲငယ်လေးမှ မြို့တစ်မြို့သို့ ပြောင်းရွှေ့ခွင့် ရကြသည်။ ဂိုဏ်းသည် သူတို့အား အခွန် ကင်းလွတ်ခွင့် ပြုကာ မွန်းစတားငယ်များမှာလည်း ထိုမိသားစုအား ထိဝံ့ခြင်း မရှိတော့ချေ။
ချန်းဖန်သည် မရေမတွက်နိုင်သည့် လယ်ကွင်းများ၊ မိုင်းတွင်းများ ပိုင်ဆိုင်ထားသည့် အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကိုလည်း မြင်ခဲ့ရ၏။ ထိုကျင့်ကြံသူသည် ခမ်းနား ကြီးကျယ်လှသော စံအိမ်ကြီး တစ်ခု၌ နေထိုင်ကာ အလွန် လှပသော အစေခံများစွာကို ခြံရံထား၏။
ချန်းဖန်သည် မိသားစုကြီး တစ်ခုမှ အမှိုက်ကောင် တစ်ယောက်ကိုလည်း တွေ့မြင်ခဲ့ရသည်။ သူသည် မည်သည့် ကျင့်ကြံခြင်း ပါရမီကိုမှ ပိုင်ဆိုင် မထားရာ ဝက်တစ်ကောင် ကဲ့သို့ ဆက်ဆံခံနေခဲ့ရသည်။ ကျင့်ကြံခြင်း အမှုကို ပြုနိုင်သည့် သခင်လေး၊ သခင်မလေးများမှာမူ မောက်မာခြင်း ရှိကာ သူတို့ကိုယ် သူတို့ အလွန် မြင့်မြတ်သည်ဟု ထင်နေကြလေသည်။
ချန်းဖန်သည် မရေမတွက်နိုင်သော မြင်ကွင်းများကိုခံစားချက် ကင်းမဲ့စွာ ကြည့်ရင်း တစ်နေရာပြီး တစ်နေရာ ကျော်ဖြတ် လာခဲ့သည်။ သူသည် နဂါးငွေ့တန်း ဂလက်စီကို ကျော်လွန်ကာ အခြား ဂလက်စီများစွာကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ထိုခရီးစဥ်သည် ရှည်လျားလွန်းသလို တွေ့မြင်ရသည့် မြင်ကွင်းများစွာမှာလည်း စိတ်ဝင်စားဖွယ် ကောင်းလှဿည်။
သူသည် ခရီး တစ်ထောက်နားရာ ဂြိုဟ်၌ အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်က လှပသော မိန်းမငယ်လေးကို အနိုင်ကျင့်ရန် ကြိုးစားနေသည်ကို တွေ့မြင်ရ၏။ မိန်းမငယ်လေးသည် မျှော်လင့်ချက် ကင်းမဲ့ကာ မျက်နှာတစ်ခုလုံး ဖြူရော် နေခဲ့လေသည်။ ယခု တစ်ကြိမ်တွင်မူ ချန်းဖန်သည် မိုးကြိုးတစ်ခုကို ပစ်လွှတ်ကာ ထိုကျင့်ကြံသူကို သတ်ဖြတ် ပစ်လိုက်၏။
ချန်းဖန်သည် မွန်းစတားများ၏ ဝန်းရံခြင်း တိုက်ခိုက်ခြင်း ခံနေရသည့် မြို့တစ်မြို့ကိုလည်း မြင်တွေ့ခဲ့ရသည်။ သူသည် လက်ထဲရှိ အနက်ရောင် တုတ်ကို ဝှေ့ယမ်းကာ တိုက်ခိုက်မှု တစ်ခုကို ဖော်ထုတ်လိုက်သည်။ မွန်းစတားများသည် အလွန်တရာ ကြောက်လန့်ကာ ပြန်လည် ဆုတ်ခွာသွားကြသည်။ ရုတ်တရက် မြို့၏ ကောင်းကင်တွင် အောင်ပွဲခံသံများမှ တုန်ဟီး သွားတော့သည်။ သို့သော်လည်း သူတို့သည် မွန်းစတားများ ဆုတ်ခွာသွားရသည့် အကြောင်းရင်းကိုမူ မသိခဲ့ပါချေ။
ချန်းဖန်သည် ရာစုနှစ် နှစ်ခုကြာ စစ်ပွဲတစ်ခုကို တွေ့မြင်ခဲ့ရသည်။ သိန်းနှင့်ချီသော စစ်သည်များသည် အပြင်းအထန် တိုက်ခိုက်နေကြ၏။ အမျိုးမျိုးသော ဓမ္မ လက်နက်များ၊ ကျင့်စဥ်များ၊ အစီအရင်များမှာ စစ်မြေပြင်တွင် ရောယှက်နေ၏။ ချန်းဖန်သည် ထိုစစ်ပွဲကို စိတ်ဝင်စားရာ အတန်ကြာ ရပ်ကြည့် နေခဲ့သည်။ သူသည် သုံးပြည်ထောင် စစ်ပွဲ ရုပ်ရှင်ကို ကြည့်နေရသလို ခံစားနေရ၏။
နှစ်ဖက်စလုံးမှ ဗိုလ်ချုပ်များသည် ရန်သူ၏ လှုပ်ရှားမှုများကို အခြေခံကာ စစ်ပွဲ ဗျူဟာများကို ပြင်ဆင် နေကြသည်။ စစ်သည်တော်များသည် စစ်တေးသံများကို သံပြိုင် တီဆိုကာ သူတို့၏ စိတ်ဓာတ်ကို ကိုယ်တိုင် မြှင့်တင်နေကြလေ၏။ သို့သော်လည်း နှစ်ဖက်စလုံး၏ ဘုရင်များမှာမူ သူတို့၏ နန်းတော်များထဲ၌ စံမြန်းကာ ကိုယ်လုပ်တော်များ၊ စည်းစိမ်ဥစ္စာများဖြင့် ပျော်မြူး နေကြလေသည်။
အဆုံး၌ ချန်းဖန်မှာ ဆက်လက် ကြည့်နေနိုင်စွမ်း မရှိတော့ချေ။ သူသည် ကြားဝင်ကာ နှစ်နှစ်ရာကြာမြင့်သော စစ်ပွဲကို အဆုံးသတ်ကာ ငြိမ်းချမ်းရေးကို ယူဆောင်ပေးခဲ့လေသည်။
ချန်းဖန်သည် ခရီးဆက်ရင်း ဆက်လက် လေ့လာနေခဲ့၏။ သူသည် အချို့ နေရာများ၌ ဝင်ရောက် စွက်ဖက်သော်လည်း ပြဿနာ အများစုကိုမူ လျစ်လျူလျှက် တိတ်ဆိတ်စွာ ထွက်သွားလေ့ ရှိသည်။ သေမျိုးတို့၏ လောကကား အနိမ့်အမြင့်၊ အတက်အကျ ကြမ်းတမ်းလွန်းလှသည်။ သူတို့သည် ရက်စက် ကြမ်းကြုတ်မှုကို အခြေခံကာ ပြဿနာများစွာကို ဖြေရှင်းလေ့ ရှိသည်။ အားကြီးသူသည် အားငယ်သူကို အနိုင်ကျင့်၏။ ဤနေရာကား အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ် လှသည်။ မိမိ အသက်ရှင်သန်လိုလျှင်၊ မိမိ အကျိုးစီးပွား ဖြစ်ထွန်းလိုလျှင် ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်စဥ်းလဲခြင်းတို့ကို လက်ကိုင်ထားမှသာလျှင် ဖြစ်နိုင်ချေ ရှိပေသည်။
တစ်လကြာပြီးနောက်....
ချန်းဖန်သည် တောင်ပိုင်းဒေသငယ်၏ နယ်စပ်သို့ပင် ရောက်ရှိ လာခဲ့၏။ ထိုနေရာ၌ သူသည် ကြောက်မက်ဖွယ် သဲနက် မုန်တိုင်းကြီးနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုသဲနက်မုန်တိုင်းကြီးသည် မိုင်ပေါင်း သန်းချီ ရှည်လျားကာ တောင်ပိုင်းကောင်းကင် ဒေသနှင့် တောင်ပိုင်း ဒေသငယ်ကို ခြားနားထားခြင်း ဖြစ်၏။ အခြေတည် ဝိညာဥ် အဆင့်များ ပင်လျှင် ထိုသဲနက် မုန်တိုင်းကို ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်ပါချေ။
သို့သော်လည်း ကံကောင်းစွာပင်...
တောင်ပိုင်း ကောင်းကင်နယ်သည် ထိုနေရာ၌ ကောင်းကင်ယာဥ်ပျံ စခန်း တစ်ခု တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ ထိုယာဥ်ပျံစခန်းမှ ယာဥ်များသည် သဲနက်မုန်တိုင်းကို ကျော်ဖြတ်ကာ အခြားတစ်ဖက်သို့ ပို့ပေးလိမ့်မည် ဖြစ်သည်။
“ဝှစ်...”
ချန်းဖန်သည် ယာဥ်ပျံစခန်း တည်ရှိရာ မိုးမခဂြိုဟ်ထက်၌ ဆင်းသက်လိုက်၏။ မိုးမခဂြိုဟ်ထက်၌ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အလင်းတန်း အဖြစ် သွားလာနေကြသည်။ ကုန်သည်ကြီးများ အဖွဲ့မှ ကျင့်ကြံသူများမှာ ထိုနေရာတွင် ခြေချင်းလိမ် နေကြ၏။
“ဟူး... ဟူး...”
ချန်းဖန်သည် တိတ်ဆိတ်စွာပင် သင်္ဘောကို စီးနင်းရင်း ကောင်းကင် ယာဥ်ပျံ စခန်းနားသို့ ပျံသန်းလာခဲ့၏။ နတ်ဘုရား နယ်မြေ ကျင့်ကြံသူများ၏ အားသာချက် တစ်ခုကား ကိုယ်ရောင်ကိုယ်ဝါကို ထွက်ပေါ်မှု မရှိခြင်းပင်။ ထိုအခိုက်၌ ချန်းဖန်ကား အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်နှင့် လားလားမျှ မတူချေ။ ဘေးနားမှ လူများမှာ သူ့အား ကြည့်ကာ သာမန် သေမျိုး တစ်ဦးဟုသာ မှတ်ယူနေကြ၏။ သူတို့သည် ချန်းဖန်၏ ပိုင်ဆိုင်မှုများကို လုယူရန်ပင် တွေးတော ကြံစည်နေကြလေသည်။
ချန်းဖန်မှာ ထိုအရာနှင့်ပတ်သက်၍ အကူအညီမဲ့မှုကို ခံစားလိုက်ရ၏။ ကိုယ်ရောင်ကိုယ်ဝါကို ဖွက်ထားနိုင်ခြင်းမှာ အလွန် ကောင်းမွန်သော အရာဖြစ်သည်။ သို့သော်လည်း တစ်ခါတစ်ရံ၌ ထိုအရာကို လူများအား ပြသရန် လိုအပ်သည်။ မဟုတ်ပါက လမ်းမထက်မှ မူလ အဆင့် တစ်ယောက်ပင်လျှင် သူ့အား ပြဿနာ လာရောက် ရှာလိမ့်မည် ဖြစ်သည်။
“ဝှစ်...”
ချန်းဖန်သည် ရွှေအမြုတေ အဆင့် စွမ်းအားကို ထုတ်လွှတ်ကာ ခန္ဓာကိုယ်အား ရစ်ပတ်လိုက်၏။ သူ၏ အနားသို့ တိုးကပ်လာသည့် လူအချို့မှာ ချက်ချင်းပင် ပြန်လည် နောက်ဆုတ် သွားကြသည်။
ရိုးသားပုံရသည့် ခပ်ဝဝ ဖက်တီး တစ်ယောက်က ချန်းဖန် အနားသို့ ကပ်လာကာ ပြောလိုက်၏။
“မိတ်ဆွေ... ခင်ဗျားက တောင်ပိုင်း ဒေသငယ်ကို သွားမှာလား...”
“ဟုတ်ပါတယ်...”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။
ဖက်တီးမှာ စိတ်အား တက်ကြွလာဟန် ရကာ ဆက်မေးလိုက်၏။
“အဲဒီမှာ မိတ်ဆွေရဲ့ ဆွေမျိုးတွေ ရှိတာလား... ဒါမှမဟုတ် မိတ်ဆွေက ကုန်သည် အဖွဲ့ ဆယ့်သုံးဖွဲ့က အဖွဲ့ဝင် တစ်ယောက်လား... အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားက ဂိုဏ်းတစ်ခုခုရဲ့ တပည့် တစ်ယောက်လား...”
“မဟုတ်ပါဘူး...”
ချန်းဖန်က ခေါင်းခါလိုက်သည်။
“ဒါဆိုရင်တော့ မိတ်ဆွေရေ... ခင်ဗျား လက်မှတ်ဝယ်မှ ရတော့မှာ”
ဖက်တီးက ပြုံးလိုက်၏။
“လက်မှတ်စျေးက လူတိုင်း အတွက် အတူတူပဲ... တစ်ခုကို ကြယ်ဒင်္ဂါး တစ်သောင်း...”
“နေဦး... တောင်ပိုင်း ဒေသငယ်မှာ ဒါက ဝိညာဥ်ကျောက်တုံး သန်းတစ်ရာနဲ့ ညီမျှတယ် မလား...”
***