← Chapters

နွယ်ပင်ဧကရီ၏ဆုံးဖြတ်ချက်

Vol. 102 Ch. 1429

နွယ်ပင်ဧကရီ၏ဆုံးဖြတ်ချက်

Vol. 102 Ch. 1429

အခန်း (၁၄၂၉) နွယ်ပင်ဧကရီ၏ဆုံးဖြတ်ချက်

မိစ္ဆာနတ်ဆိုးများက အများအားဖြင့် စိတ်နှစ်မျိုးပြသတတ်ကြသည်။

သူတို့က အဆုံးမရှိ ရိုင်းစိုင်းဖျက်ဆီးတတ်သူများ သို့မဟုတ် မသမာသော အကြံအစည်များဖြင့် လှည့်ဖျားတတ်သူများ ဖြစ်ကြသည်။

သွေးနီရောင်ကြယ်နတ်ဆိုးက ပုံမှန်အားဖြင့် မည်သို့ပင်ပြုမူပါစေ ယခုတော့ ငရဲကိုးထပ်မှနတ်ဆိုးများ၏ ရိုင်းစိုင်းသောသဘောကို ထင်ရှားစွာပြသနေသည်။

ယခု နွယ်ပင်ဧကရီက သူ၏ချုပ်ကိုင်ထားမှုအောက်မှ လွတ်မြောက်ရန် ရုန်းကန်ကြိုးစားနေရသည်။

ယွဲ့ကျန့်ပေ ၊ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က အပြင်ဘက်မှ တိုက်ခိုက်နေကြသည်။

မဟာနတ်ဆိုးက ပြင်ပစွမ်းအားဖြင့် သူ၏ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် နွယ်ပင်ဧကရီကို ချက်ချင်း သတ်ဖြတ်ရန် ကြိုးစားသည်။

ယွဲ့ကျန့်ပေ၏ ဓားအလင်းတန်း ပြတ်တောက်သွားပြီး ချက်ချင်းဆိုသလို များပြားလှစွာသော ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။

ဓားအလင်းတန်းများက ရောင်စုံကြယ်အလင်းတန်းများဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဓားအလင်းတန်းများ ရန်သူ၏ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်ပြီးနောက် သွေးနီရောင်ကြယ်နတ်ဆိုးဘုရင် ကိုယ်တွင်း၌ဖြစ်ပေါ်နေသော စွမ်းအားပြောင်းလဲမှုများ ရပ်တန့်သွားချိန် ၊ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့က ရှေ့သို့အတူတိုးဝင်သွားကြသည်။

သူတို့၏ဓားများက ကြယ်၏အလယ်ဗဟိုသို့ဦးတည်နေပြီး နွယ်ပင်ဧကရီကိုကူညီရန် ကြိုးစားလိုက်ကြသည်။

ထိုအချိန် မဟာနတ်ဆိုးက ထိတ်လန့်ဖွယ် ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်၏။

ရိုင်းစိုင်းကြမ်းတမ်းသောအဖျက်တရားများထွက်ပေါ်လာပြီးနောက် နတ်ဆိုးက တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။

သို့သော် သူ၏တည်ငြိမ်မှုက အလွန်အေးစက်သည်ဖြစ်ရာ မြင်သူတိုင်းကို တုန်လှုပ်ကြောက်လန့်စေသည်။

“အတူတူ သေကြတာပေါ့”

သူ၏စကားသံအဆုံးတွင် ရောင်စုံကြယ်အလင်းတန်းများက ပေါက်ကွဲထွက်သွားပြီး နေရာအနှံ့သို့ပစ်လွှတ်သွားသည်။

အလင်းတန်းများက မြားတံများသဖွယ် လူတိုင်းဆီသို့ဦးတည်လာသည်။

ထိုအခိုက်အတန့်တွင် အကြေးခွံတစ်ထောင်နယ်မြေ၏စွမ်းအားကြောင့် ဒဏ်ရာရထားသော မဟာနတ်ဆိုးမှာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်တစ်ပါး၏ဂုဏ်သိက္ခာ ပြန်လည်ရရှိလာသည့်အလား ထင်ရသည်။

လူတိုင်း၏နားထဲတွင် မဟာတာအို၏စူးရှတေးသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ယွဲ့ကျန့်ပေ ပင့်သက်တစ်ချက်ရှိုက်လိုက်၏။

အပိုင်းပိုင်းကွဲထွက်သွား‌သော ဓားအလင်းတန်းများက သူ၏ခန္ဓာကိုယ်ဆီသို့ ပြန်လည်စုစည်းဝင်ရောက်လာသည်။

ထို့နောက် သူက ဓားဖြင့် ရှေ့သို့ခုတ်ပိုင်းချလိုက်သည်။

ထိုဓားတစ်ချက်တွင် ယွဲ့ကျန့်ပေ၏ပုံရိပ်က မသိမသာမှေးမှိန်သွားပြီး သူက နေရာတိုင်းတွင် တည်ရှိနေသည့်ပမာ ခံစားရသည်။

ယွဲ့ကျန့်ပေက စန့်ချင်အဆက်အနွယ် နတ်ဘုရားထောင်ချောက်ဓားသိုင်းကို မသိရှီသော်လည်း သူ၏ ပုံရိပ်ရောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားဖြင့် မိုးနှင့်မြေကိုထိုးခွင်းကာ ဖန်ဆင်းခြင်းကို ပြောင်းလဲပစ်လိုက်သည်။

သူ၏ဓားသိုင်းက စန့်ချင်အဆက်အနွယ် နက်ရှိုင်းနတ်ဘုရားတစ်ပါးနှင့် ကောင်းကောင်းယှဉ်နိုင်ပြီး နတ်ဘုရားထောင်ချောက်ဓားသိုင်းမှ အမြင့်ဆုံး သိမြင်မှုကို ထိတွေ့နိုင်သည်။

ယွဲ့ကျန့်ပေ၏ဓားအလင်းတန်းများက နေရာတိုင်းသို့ကျရောက်လာသည့် နတ်ဆိုးအလင်းတန်းများကို ပိတ်ဆို့လိုက်ပြီး မည်သူမှ မထိခိုက်စေရန် ကာကွယ်ပေးလိုက်သည်။

သွေးနီရောင်ကြယ်နတ်ဆိုး၏ တိုက်ခိုက်မှုများအားလုံး ယွဲ့ကျန့်ပေလက်ချက်ဖြင့် ပြိုကွဲသွားသည်။

သို့သော် ရောင်စုံအလင်းတန်းများပျောက်ကွယ်သွားပြီးနောက် စောစော သွေးနီရောင်ကြယ်ရှိသည့်နေရာက မည်းနက်သည့်အမှောင်ထုအဖြစ် ပြောင်းလဲသွားသည်။

ထိုအမှောင်ထုက တိတ်ဆိတ်စွာ ကျယ်ပြန့်လာပြီး ပတ်ဝန်းကျင် အရာအားလုံးကို မျိုချနိုင်သော ချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

သွေးနီရောင်ကြယ်က ဗလာနယ် နယ်နိမိတ်ပုံပျက်ခြင်းကို မခံနိုင်ဘဲ ပတ်ဝန်ကျင်မှအရာအားလုံးကို ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။

နွယ်ပင်ဧကရီနှင့် ယွီယဲ့တို့က နတ်ဘုရားတံခါးကိုတွန်းဖွင့်ပြီးသားဖြစ်ကာ နတ်ဘုရားထောင်ချောက်ဓားသိုင်း၏ ဗလာနယ်အသွင်ပြောင်းခြင်းပညာကို ကျွမ်းကျင်သည့် စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူများ ဖြစ်ကြသည်။

သို့သော် သူတို့ပင်လျှင် အမှောင်ထုချောက်နက်ကြီး၏ဒဏ်ကို မခံရပ်နိုင်ကြချေ။

နျဲ့ကျင်းရှန် ၊ ယွီယဲ့နှင့် ဒဏ်ရာအပြင်းအထန်ရထားသော နွယ်ပင်ဧကရီတို့မှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ထိုအနက်ရောင်ချောက်နက်ထဲသို့ ဆွဲယူခံလိုက်ရသည်။

ယွဲ့ကျန့်ပေက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း...

“ဘာဖြစ်လာမယ်ဆိုတာ သေချာမသိပေမယ့် ကျင်းရှန်နဲ့ ယွီယဲ့တို့ ဒီအထဲပြုတ်ကျသွားလည်း ဘာမှမဖြစ်နိုင်ဘူး ၊ ဒါပေမဲ့... လီကျိထန်က ဒဏ်ရာအပြင်းအထန်ရထားတယ် ၊ အကာအကွယ်မရှိဘဲ ဒီထဲပြုတ်ကျသွားရင် သူ သေသွားနိုင်တယ်”

ထိုသို့တွေးမိသည်နှင့် ယွဲ့ကျန့်ပေက စကားဆိုလိုက်သည်။

“ကျင်းရှန်... မင်းတို့နှစ်ယောက် အချင်းချင်းဂရုစိုက်ကြ ၊ လူချင်းကွဲမသွားစေနဲ့ ၊ ဒီအခြေအနေကို သေချာရင်ဆိုင်ပါ”

ထို့နောက် သူကိုယ်တိုင်က နွယ်ပင်ဧကရီ – လီယင်းထံသို့ ဦးတည်ထွက်ခွာသွားသည်။

သူ၏ဓားကိုင်ထားသောညာလက်က အနက်ရောင်ချောက်နက်၏ အစွန်းကို ဖြတ်ထုတ်လိုက်ပြီး ဗလာနယ်ပုံပျက်မှုကိုပြိုကွဲစေကာ ဘယ်လက် လီယင်းကို လှမ်းယူဆုပ်ကိုင်လိုက်သည်။

ကိုယ့်ကိုယ်ကိုယ်အနိုင်နိုင်ထိန်းနေရပြီး နွယ်ပင်ဧကရီထံသို့ ချဉ်းကပ်နိုင်စွမ်းမရှိသူ ယွီယဲ့မှာ ယွဲ့ကျန့်ပေ၏ လုပ်ရပ်ကို တွေ့တော့မှ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်နိုင်သည်။

သူမဘေးတွင်ရှိနေသော နျဲ့ကျင်းရှန်က...

“ဆရာ ကျွန်တော်တို့အတွက် စိတ်မပူပါနဲ့”

သို့သော် ထိုအချိန် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော နွယ်ပင်ဧကရီက ပြူးကျယ်သည့်မျက်လုံးများဖြင့် ယွဲ့ကျန့်ပေကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ယွဲ့ကျန့်ပေ... မင်းရဲ့အကူအညီကိုယူမယ့်အစား ငါ အသေပဲခံလိုက်မယ်”

သူမ၏မျက်နှာက ပိုမိုဖြူဖျော့လာသည်။

သူမ သွေးတစ်ပွက်အန်ချလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အက်ကွဲကြောင်းဒဏ်ရာများ ထွက်ပေါ်လာသည်။

သူမ၏ နောက်ဆုံးကျန်ရှိသောစွမ်းအားက တစ်နေရာတည်းတွင်စုစည်းလာပြီး လက်ဖဝါးကိုပင့်မြှောက်ကာ သူမကိုဆုပ်ကိုင်ရန်ဟန်ပြင်နေသော ယွဲ့ကျန့်ပေ၏လက်ကို ရိုက်ချလိုက်သည်။

ထို့နောက် လက်ဖဝါးနှစ်ဖက်ထိခတ်သွားပြီး သူတို့နှစ်ယောက်ကြား စွမ်းအားပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုတန်ပြန်စွမ်းအားကြောင့် နွယ်ပင်ဧကရီမှာ ချက်ချင်းပင် အနက်ရောင်ချောက်နက်အတွင်း ပြုတ်ကျသွားပြီး ယွဲ့ကျန့်ပေမှာလည်း လေထဲတွင် ရပ်တန့်သွားရသည်။

သူက နွယ်ပင်ဧကရီကို ဖမ်းယူဆုပ်ကိုင်ရန်ကြိုးစားခဲ့သော်လည်း ယခုတော့ အချိန်မမီတော့ပေ။

ယွီယဲ့မျက်နှာ ဖြူဖျော့သွားသည်။

“ဘွားဘွား...”

သူမက နွယ်ပင်ဧကရီထံသွားရောက်ရန်ကြိုးစားသော်လည်း သူမ၏ခန္ဓာကိုယ်က ချောက်နက်အစွန်းတစ်ဖက်သို့ ဆွဲယူခံနေရပြီဖြစ်သည်။

နျဲ့ကျင်းရှန်မှာလည်း အံ့အားသင့်သွားရသည်။

သို့သော် သူသည်လည်း ယွီယဲ့နှင့်အတူ ချောက်နက်အစွန်းတစ်ဖက်သို့ ဆွဲယူခံရပြီး နောက်ဆုံး ပျောက်ကွယ်သွားလေသည်။

ယွဲ့ကျန့်ပေ သူတို့နှစ်ယောက်ကိုကူညီရန် အချိန်မရှိတော့ပေ။

သူက လက်လျှော့တတ်သူတစ်ယောက် မဟုတ်ပေ။

အဆင်မပြေမှုများနှင့် ရင်ဆိုင်ရသော်လည်း သူက နွယ်ပင်ဧကရီ ပြုတ်ကျသွားရာဆီသို့ ဦးတည်ထွက်ခွာသွားသည်။

သို့သော် နွယ်ပင်ဧကရီ၏ဒဏ်ရာများက အလွန်ပြင်းထန်သည်။

သူမ အနက်ရောင်ချောက်နက်ထဲ ပြုတ်ကျသွားချိန် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးက ဗလာနယ်ပုံပျက်စွမ်းအားဖြင့် ဆုတ်ဖြဲခံလိုက်ရပြီး သူမမျက်နှာထက် နာကျင်မှုဖြင့်ပြည့်သော အမူအရာ ထွက်ပေါ်လာသည်။

သို့သော် နောင်တရသည့်အရိပ်အယောင် လုံးဝမရှိပေ။

သူမက ပြူးကျယ်သည့်မျက်ဝန်းများဖြင့် ယွဲ့ကျန့်ပေကို စိုက်ကြည့်နေဆဲဖြစ်၏။ ထို့နောက် သူမ၏ခန္ဓာကိုယ်က အပိုင်းပိုင်းစုတ်ပြဲပြီး အနက်ရောင်နက်၏ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။

ဗလာနယ်ပုံပျက်မှုအောက်တွင် သူမ၏ခန္ဓာကိုယ်က ကြေမွသွားပြီး အလောင်းပင်ကြွင်းကျန်ရစ်ခြင်း မရှိတော့ပေ။

နွယ်ပင်ဧကရီ’လီယင်း’ ....။

မဟာကပ်ဘေးကြီးမတိုင်ခင်မွေးဖွားခဲ့ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တည်ထောင်ခဲ့သူ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယွဲ့ကျန့်ပေ သူမကို မကယ်တင်နိုင်ခဲ့ပေ။

သူ၏မျက်နှာထက် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နက်နေသည်။

ထို့နောက် သူ၏ခန္ဓာကိုယ်သည်လည်း ချောက်နက်ထဲဆွဲယူခံရပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

အနက်ရောင်ချောက်နက်ကြီးက ပတ်ဝန်းကျင်အရာအားလုံးကို စုပ်ယူမျိုချပစ်လိုက်သည်။

အချိန်အတန်ကြာမှ ထိုချောက်နက် တဖြည်းဖြည်းကျုံ့ဝင်သွားပြီး ပြန်လည်ပျောက်ကွယ်သွားကာ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ထိုနေရာတွင် တိုတောင်းသော်လည်း ပြင်းထန်သည့်တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည့် အရိပ်အယောင် မကျန်ရစ်တော့ပေ။

***

ပြင်ပဗလာနယ် အခြားတစ်ဖက်...။

အကြေးခွံတစ်ထောင်နယ်မြေတည်ရှိရာ စကြာဝဠာတွင်တော့ တိုက်ပွဲပြင်းထန်မှု အထွတ်ထိပ်ရောက်ရှိနေသည်။

ငရဲကိုးထပ်က နွယ်ပင်ဧကရီကို အသုံးချပြီး စန့်ချင်အဆက်အနွယ်များကို လှုပ်ခတ်စေရန် ကြိုးစားခဲ့သည်။

သို့သော် ရန်ကျောက်ကဲ၏ကြိုတင်ပြင်ဆင်မှုများကိုသိရှိထားသည့် ကောင်းချင်းရွှမ်နှင့် တိမ်လွှာခွင်းဧကရာဇ်တို့က စိတ်ထားမယိမ်းယိုင်ခဲ့ကြပေ။

သူတို့က လုံးဝ စိတ်မပူပန်ခြင်းမဟုတ်သော်လည်း တည်ငြိမ်စွာဖြင့် တိုက်ပွဲကိုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။

ရန်ကျောက်ကဲက ကြယ်ပစ်မြားအသုံးပြုပြီး သွေးနီရောင်ကြယ်နတ်ဆိုးနှင့် နွယ်ပင်ဧကရီကို ဖယ်ရှားလိုက်သဖြင့် ရန်တိတို့တည်ဆောက်ထားသော ထိုက်ယီချိုးဖျက်အစီအရင်က လှုပ်ခတ်ခြင်း မရှိခဲ့ပေ။

သူတို့က အကြေးခွံတစ်ထောင်နယ်မြေကို ခိုင်မာစွာကာကွယ်ထားပြီး နတ်ဆိုးများအနားမကပ်စေရန် တားဆီးထား၏။

ရန်ကျောက်ကဲက...

“နည်းနည်းလေးပဲ ဆက်ပြီးတောင့်ခံပေးထားကြပါ”

သူက ရန်သူများကိုသတိထားစောင့်ကြည့်ရင်း ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ထဲတွင် ရှိနေသော ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ကိုလည်း တိတ်တဆိတ် အာရုံစိုက်ထားသည်။

ချန်ရွှမ်ကျုန်းတို့နှစ်ယောက်၏ လက်ရှိအခြေအနေကို အခြေခံပြီး ရန်ကျောက်ကဲက တွက်ချက်မှုများ ပြုလုပ်လိုက်သည်။ နောက်ဆုံးတော့ ဥမင်အဆုံးတွင် အလင်းရောင်တစ်ခုကို မြင်လိုက်ရလေသည်။

သိုသော် ထိုအချိန် စကြာဝဠာထဲတွင် အခွင့်အာဏာကြီးမား‌သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ရာစွမ်းအားက ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်ဖန်တီးထားသော နတ်ဆိုးနယ်မြေကို ဆုတ်ဖြဲပစ်လိုက်သည်။

ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးရော ဖန်းယွင်ရှန်းပါ ရောက်ရှိလာသူကို သတိထားလိုက်မိကြ၏။

နတ်မိစ္ဆာချီစွမ်းအားများက နေရာတစ်ခုလုံးပြည့်နက်သွားပြီး ပျံ့နှံ့ထွက်ပေါ်လာသည်။

နတ်မိစ္ဆာမျိုးနွယ် ၊ မဟာသူတော်စင်တစ်ဦး ရောက်ရှိလာခြင်း ဖြစ်ပေ၏။

သူနှင့်အတူ အခြားသော နတ်မိစ္ဆာမျိုးနွယ် ကျွမ်းကျင်သူများလည်းအတူပါလာပြီး နက်ရှိုင်းရက်စက်သော ဟိန်းဟောက်သံတစ်သံက စကြာဝဠာတစ်ခွင် ပဲ့တင်ထပ်သွားသည်။

ဖော်ပြမရနိုင်သော တေးသွားဂီတသံများတုန်ခါလာပြီး သူတို့၏ဖိနှိပ်မှုစွမ်းအားက ဖန်းယွင်ရှန်းနှင့် ကောင်းကင်နတ်ဘုရားအဆင့် နတ်ဆိုးတို့ကို တပြိုင်တည်းလွှမ်းခြုံသွားသည်။

ငရဲကိုးထပ်မှ ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဆိုးဘုရင်က ဒေါသတကြီးဖြင့်...

“ခေါင်းကိုးလုံး... မင်းက ငရဲကိုးထပ်ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးဖို့ ကြံစည်နေတာလား”

အမှောင်ထုနတ်ဆိုးနယ်မြေ အက်ကွဲသွားပြီး ၊ ထိုအက်ကွဲကြောင်းမှ မိစ္ဆာချီစွမ်းအားများ ဝင်‌ရောက်လာကာ နတ်မိစ္ဆာများ တစ်ယောက်ပြီးတစ်ယောက် လျှင်မြန်စွာပင် ဝင်ရောက်လာသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်ပျက်သွားရသည်။

ရောက်လာသူများက သူနှင့်ရင်းနှီးသူများသာပင်။

ကျောက်စိမ်းယုန်နတ်မိစ္ဆာ၊ သမင်ဖြူနတ်မိစ္ဆာ၊ နဂါးဘုရင်ဟွမ်ချန်… ။

ငရဲကိုးထပ်က အားလုံး၏ဘုံရန်သူဖြစ်သည်မှာ ငြင်းမရသော်လည်း ဤနတ်မိစ္ဆာများရောက်လာသည့်အခါ ရန်ကျောက်ကဲ အကော်းမြင်နိုင်စွမ်း မရှိတော့ပေ။

All Chapters