← Chapters

ထျန်းလန်ဂြိုဟ်နယ်မြေ

Vol. 12 Ch. 1182

ထျန်းလန်ဂြိုဟ်နယ်မြေ

Vol. 12 Ch. 1182

စျေးနှုန်းကို ကြားပြီးနောက် ချန်းဖန်မှာ မျက်လုံးများ ကျဥ်းမြောင်းသွားလေ၏။ ထိုခရီးစဥ်မှာ အနည်းဆုံး ဝိညာဥ် ကျောက်တုံး တစ်ထောင်၊ နှစ်ထောင်ခန့်သာ ကျသင့်ပေသည်။ ဝိညာဥ်ကျောက်တုံး သန်းတစ်ရာမှာ သူ့အတွက် မများလှသည့်တိုင် ထိုအရာကား အလွန်ပင် စျေးကြီးလွန်းသည်။

“ကျုပ်လို ရွှေအမြုတေ အဆင့် တစ်ယောက်က အဲဒီ ပမာဏကို တတ်နိုင်မယ်လို့ ရောင်းရင်း ထင်နေတာလား...”

ချန်းဖန်က အမူအရာ ကင်းမဲ့စွာ ပြောလိုက်သည်။

“အဲ့လိုဆို ကျုပ်လည်း ခင်ဗျားကို မကူညီနိုင်ဘူး”

ဖက်တီးက ပခုံးတွန့်ရင်း ဆိုလိုက်လေ၏။

“ဟိုလူတွေက ဖြတ်သွားနေကြတာ မလား... သူတို့က လက်မှတ်တွေ ဝယ်ထားလို့လား...”

ချန်းဖန်က အစီအရင်ရှိရာကို လက်ညိုးထိုးပြရင်း ‌မေးလိုက်သည်။

“အိုး သူတို့လား... သူတို့က နောက်ခံ ကောင်းကောင်း ရှိတယ်လေ...”

ဖက်တီးက ဆိုလိုက်သည်။

“သူတို့ထဲက အချို့က တောင်ပိုင်း ကောင်းကင်နယ်မှာ ဆွေမျိုးတွေ ရှိကြတယ်... ကောင်းကင် ဥပဒေသ အရ နယ်မြေအတွင်း နေထိုင်သူတွေဟာ တိုက်ရိုက် မျိုးဆက်တွေကို ခေါ်ဆောင်ခွင့် ရှိတယ်... ကန့်သတ်ချက် တစ်ချို့တော့ ရှိတာ‌ပေါ့”

“အချို့ကတော့ ကုန်သည် အဖွဲ့အစည်း ဆယ့်သုံးခုက လူတွေ... သူတို့တွေက တောင်ပိုင်း ဒေသငယ်နဲ့ တောင်ပိုင်း ကောင်းကင်နယ် နေရာနှစ်ခုကို လွတ်လွတ်လပ်လပ် သွားလာခွင့် လျှောက်ထားကြတာလေ... သူတို့ထဲက အချို့ကတော့ ထာဝရဂိုဏ်းတွေရဲ့ တပည့်တွေပေါ့... သူတို့ အကြောင်းတော့ ကျုပ် ခင်ဗျားကို တကူးတက ရှင်းပြစရာ လိုမယ် မထင်ဘူး... သူတို့တွေက ဘယ်နေရာကို မဆို လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်း ရှိကြတယ်လေ”

စကားအား အဆုံးသတ်ပြီးနောက် ဖက်တီးက ချန်းဖန်အား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ချန်းဖန်က အနည်းငယ် စဥ်းစားဟန် ပြုကာ ပြောလိုက်၏။

“အခြားနည်လမ်း မရှိတော့ဘူးလား... အဲဒါကတော့ အရမ်း စျေးကြီးလွန်းတယ်”

သူကား ယခု အခိုက်အတန့်၌ ရွှေအမြုတေ အဆင့် တစ်ယောက် အဖြစ် ဟန်ဆောင်နေခြင်း ဖြစ်သည်။ ရွှေအမြုတေ အဆင့် တစ်ယောက်မှ ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကို လက်လွတ်စပါယ် ထုတ်သုံးခြင်းမှာ အန္တရာယ်များကို ဖိတ်ခေါ်နေခြင်းနှင့် အတူတူပင် ဖြစ်လေသည်။

“ရောင်းရင်း... ကျုပ်ကို အခက်တွေ့အောင် မလုပ်ပါနဲ့... တရားဝင်စျေးနှုန်းက ကြယ်ဒင်္ဂါး တစ်သောင်း အတိအကျပဲ...”

ချန်းဖန် တိတ်ဆိတ်နေသည်ကို မြင်သော အခါ ဖက်တီးမှာ အံကို ကြိတ်ကာ ဆက်ပြောလိုက်သည်။

“ကောင်းပြီလေ... ၂၀ ရာခိုင်နှုန်း စျေးလျှော့ပေးမယ်... ကြယ်ဒင်္ဂါး ရှစ်ထောင်... ဒါက ကျုပ် လျှော့ပေးနိုင်သမျှ စျေးအကုန်ပဲ”

အတန်ကြာ ညှိနှိုင်းအပြီး၌ သူတို့ နှစ်ယောက်မှာ ကြယ်ဒင်္ဂါး ၆၇၀၀ ဖြင့် စျေးတည့် သွားကြ၏။ ထိုအရာသည် ထက်ဝက်နီးပါး ကျဆင်းသွားသော ပမာဏ ဖြစ်သည်။ သို့သော်လည်း ဖက်တီးမှာမူ မျက်လုံးများ ပိတ်မတတ် ပြုံးနေဆဲ ဖြစ်သည်။ သူကား ထိုပမာဏတွင်ပင် အတော်လေး အကျိုးအမြတ် ရရှိထားဟန် တူလေသည်။

“ဒီနေရာမှာ ဝိညာဥ်ကျောက်တုံးတွေကို သိပ်သုံးလေ့ မရှိဘူး... လာလာ... ခင်ဗျား အတွက် ကျုပ် ကြယ်ဒင်္ဂါးတွေနဲ့ လိုက်လဲပေးမယ်”

ဖက်တီးမှာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ချန်းဖန်အား ခမ်းနားသော အဆောက်အဦ တစ်ခုထံ ခေါ်ဆောင် သွားခဲ့သည်။ ချန်းဖန်သည် အဆောက်အဦ အတွင်း ‌ရောက်သည်နှင့် ကမ္ဘာပေါ်ရှိ ဘဏ်တစ်ခုထဲ ရောက်သွားသလို ခံစား လိုက်ရသည်။ လှပပြီး ဖော်ရွေသော ဝန်ထမ်းမလေးများသည် သူတို့အား ကြိုဆိုကြ၏။

ဖက်တီးကောင်က ချန်းဖန်အား မိတ်ဆက်ပေးလိုက်သည်။

“ရောင်းရင်း... ခင်ဗျား ဝိညာဥ်ကျောက်တုံးတွေကို ကြယ်ဒင်္ဂါးနဲ့ လဲချင်ရင် ဒီနေရာမှာ လဲလို့ ရတယ်နော်... ဘာမှ စိတ်မချစရာ မရှိဘူး... သူတို့က တောင်ပိုင်း ဒေသငယ် တစ်ခုလုံးမှာ ဆိုင်ခွဲတွေ အများကြီး ဖွင့်ထားတာ”

သူ၏ အဆိုအရ ဆိုလျှင်...

ထိုဘဏ်၏ နာမည်မှာ “ထျန်းလန် ပထမဂြိုဟ်ငွေတိုက်” ဟူ၍ ဖြစ်သည်။ ထိုအရာသည် တောင်ပိုင်း ဒေသငယ် တစ်ခုလုံးတွင် အကြီးဆုံး ဘဏ်တစ်ခု ဖြစ်ပေသည်။ သူတို့သည် ဘီလျံနှင့်ချီသော ငွေများကို အာမခံကာ တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ပေးသည်။ သူတို့၏ အဓိက သုံးသော ငွေကြေးမှာမူ ကြယ်ဒင်္ဂါး ဖြစ်၏။

မကြာခင်မှာပင် ချန်းဖန် အလှည့်သို့ ကျရောက်လာ၏။ ချန်းဖန်သည် ဘဏ်အကောင့် တစ်ခု ဖွင့်ကာ ကြယ်ဒင်္ဂါး တစ်သောင်းကို ဝယ်ယူလိုက်သည်။ ဖက်တီးအား ၆၇၀၀ ပေးချေလိုက်လျှင်ပင် သူ့အတွက် ကြယ်ဒင်္ဂါး ၃၅၀၀ ကျန်ရှိပေသေးသည်။ ချန်းဖန်သည် စာရင်းသွင်းရန် အတွက် သူ၏ နာမည်ကို တောင်းသော အခါ “ရှန်းယန် ဂြိုဟ်နယ်မြေမှ မူချန်” ဟုသာ ပေးထားလိုက်၏။

“ရောင်းရင်း မူချန်... ဒါဆို ခင်ဗျားက ရှန်းယန်ဂြိုဟ်နယ်မြေကပေါ့ ဟုတ်လား... ကျုပ် ကြားဖူးတာတော့ အဲဒီ နေရာမှာ ပါရမီရှင်တွေ အများကြီး ရှိတယ်ဆိုပဲ... သူတို့ထဲက အချို့က ဆိုရင် ကျုပ်တို့ နယ်က ပါရမီရှင်တွေနဲ့တောင် ယှဥ်နိုင်တယ် တဲ့... ဒါနဲ့ ခင်ဗျား ဝိညာဥ် ကျောက်တုံး မိုင်းတွင်းတွေ ပိုင်ထားတာလားဗျ”

ဖက်တီးက တလက်လက် တောက်ပနေသော ရွှေရောင် မျက်လုံးများဖြင့် ချန်းဖန်ကို ကြည့်ကာ မေးလိုက်လေသည်။

ထိုအကြောင်းကြောင့်ပင် ချန်းဖန်သည် ရှန်းယန်ဂြိုဟ်နယ်မြေကို ရွေးလိုက်ခြင်း ဖြစ်သည်။ ချီယွင်ဂိုဏ်းထံမှ စုံစမ်းရသလောက် ဆိုလျှင် ရှန်းယန်ဂြိုဟ်နယ်မြေတွင် ဝိညာဥ်‌ကျောက်တုံး မိုင်းတွင်းများစွာ ပိုင်ဆိုင်ထားသည့် မိသားစုများစွာ ရှိသည်ဟု ဆိုသည်။ ရွှေအမြုတေ အဆင့် တစ်ယောက် ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကို ထုတ်သုံးခြင်းကား အလွန်ပင် ရှားပါးလှသည့်တိုင် ရှန်းယန်ဂြိုဟ်နယ်မြေသားတို့ အတွက်မူ အံ့သြစရာ မရှိပါ‌ချေ။

ချန်းဖန်သည် ကြယ်ဒင်္ဂါး ၇၀၀၀ ကို အကောင့်တည်းမှ တစ်ခါတည်း ထုတ်ယူထားလိုက်၏။ သူသည် ထိုအထဲမှ ၆၇၀၀ ကို ဖက်တီးအား ပေးလိုက်ကာ ၃၀၀ ကိုမူ သူ ခရီးစရိတ် အဖြစ် သိမ်းထားလိုက်သည်။ ကျန်ငွေများကိုမူ အကောင့်ထဲတွင်သာ သိမ်းထားလိုက်သည်။ လူသားတို့၏ ပိုင်နက် အတွင်းဝယ် ရှိနေသမျှ သူသည် ထိုအရာကို လဲလှယ်နိုင်ပေသည်။

ကြယ်ဒင်္ဂါးများကို လက်ခံ ရရှိပြီးနောက် ဖက်တီးမှာ ပို၍ စိတ်အားတက်ကြွလာလေ၏။ ခရီးစဥ်မှာ စတင်ရန် စောသေးသည် ဖြစ်သည်။ ထို့ကြောင့်ပင် ဖက်တီးသည် ချန်းဖန်သည် အနီးအနားရှိ ဆိုင်တစ်ခုတွင် သောက်ရန် ချန်းဖန်အား ဖိတ်ပေသည်။ သူသည် ချန်းဖန်အား တောင်ပိုင်း ကောင်းကင်နယ်မြေ၏ အထက်တန်းလွှာ အသိုင်းအဝိုင်းကို မိတ်ဆက်ပေးမည်ဟု စည်းရုံး၏။ ချန်းဖန်ကလည်း လက်ခံလိုက်သည်။

မကြာခင်မှာပင် သူတို့ နှစ်ယောက်သားကား အလွန်တရာ လှပသည့် ကချေသည်လေးများ ဖျော်ဖြေနေသည့် ဆိုင်တစ်ခုအတွင်း ရောက်ရှိ နေကြပြီ ဖြစ်သည်။ ဖက်တီး၏ အမည်မှာ ကောချွမ်းတုန်းဟု သိရ၏။

ဖက်တီးကောက ဝိုင်ခွက်များစွာကို သောက်သုံးပြီးနောက် ပို၍ အာသွက်လျှာသွက် ဖြစ်လာခဲ့သည်။

“ရောင်းရောင်းချန်း...  ခင်ဗျားဟိုကို‌ ရောက်ရင် တောင်ပိုင်းကောင်းကင်နယ်လို့ မသုံးနဲ့တော့နော်... အဲဒါက အရင် နာမည်...  အဲဒီ နာမည်ကို ခင်ဗျား သုံးတာနဲ့ လူတွေက ခင်ဗျားကို တောင်ပိုင်း ဒေသငယ်က တောသားလို့ သိသွားကြလိမ့်မယ်... ထျန်းလန်ဂြိုဟ်ဇုန် ဒါမှမဟုတ် ထျန်းလန်ဂြိုဟ်နယ်လို့ပဲခေါ်”

“ဟမ်... ထျန်းလန်ဂြိုဟ်ဇုန်...”

ချန်းဖန်မှာ မျက်လုံးများ ပြူးကျယ်သွား၏။ သူသည် တောင်ပိုင်း ကောင်းကင် နယ်မြေကို အမှန်တကယ် မကြားဖူးချေ။ သို့သော်လည်း ထျန်းလန်ဂြိုဟ်ဇုန်ကိုမူ ကောင်းကောင်း သိပေသည်။ သူသည် အတိတ်ဘဝ၌ ထိုနေရာတွင် ရာစုနှစ် တစ်ခု တိုင်တိုင် နေခဲ့ဖူးသည်။

“နေဦး... ဒါဆို...”

ချန်းဖန်သည် မျက်လုံးကို မှိတ်လိုက်၏။ ကမ္မ ကျင့်စဥ်မှ ပုံရိပ်များသည် သူ၏ စိတ်အတွင်း ပြန်လည် ပေါ်လာခဲ့သည်။ အတိတ်ဘဝ မှတ်ဉာဏ်အချို့နှင့် နှိုင်းယှဥ်ပြီးနောက် ထိုနေရာမှာ မည်သည့် နေရာဖြစ်မှန်း ချန်းဖန် ရှာဖွေ တွေ့ရှိသွားခဲ့လေသည်။

“ထျန်းလန်ဂြိုဟ်ဇုန်က လင်းယန်ဂြိုဟ်နယ်မြေ...”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။ လင်းယန်ဂြိုဟ်နယ်မြေသည် ထျန်းလန်ဂြိုဟ်ဇုန်တွင် မထင်မရှား နေရာ တစ်ခု ဖြစ်သည့်တိုင် အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းနှင့် ဆက်စပ်နေသည့် နေရာ တစ်ခု ဖြစ်သည်။ ထိုနေရာ၌ ကွယ်ဝှက်နေသော ပါရမီရှင် များစွာ ရှိသည်။ မိဘများသည် လင်းယန်ဂြိုဟ်နယ်မြေ၌ ရှိနေကြောင်း သေချာသွားပြီ ဖြစ်လေရာ ချန်းဖန်မှာ သူတို့အား ရှာရန် များစွာ ပိုမို လွယ်ကူသွားခဲ့ပြီ ဖြစ်လေသည်။

“ရောင်းရန်းချန်း... လှေရောက်ပြီ... ခရီးစထွက်တော့မယ်”

ချန်းဖန် တွေးတောနေစဥ်မှာပင် ဖက်တီးကောက လှုပ်နှိုးလိုက်လေသည်။

“ဪ... အင်း...”

ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဖက်တီးကော၏ ဦးဆောင်မှုနှင့် အတူ ချန်းဖန်သည် ဆိုင်ထဲမှ ထွက်ကာ မိုးမခယာဥ်ပျံစခန်း ရှိရာသို့ ပျံသန်း လာခဲ့၏။ မကြာခင်မှာပင် အလွန် ကြီးမားသော အာကာသ ယာဥ်ပျံကြီး တစ်ခုမှာ ချန်းဖန်တို့၏ အရှေ့တွင် ပေါ်လာခဲ့လေသည်။ ၎င်းသည် တစ်ခုလုံး အနက်ရောင် ဖြစ်ကာ ကိုယ်ထည်ထက်မှ ရှုပ်ထွေးသော သင်္ကေတများမှာ ရွှေရောင် တောက်ပနေ၏။ ချန်းဖန်သည် ထိုယာဥ်တွင် များစွာသော အကာအကွယ် အစီအရင်များ တပ်ဆင်ထားကြောင်း တစ်ချက် ကြည့်ရုံဖြင့်ပင် တွေ့မြင် ခဲ့ရသည်။  အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် အာကာသ မွန်းစတားများပင် ထိုယာဥ်ကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပါချေ။

“ဒီယာဥ်ကို နေဝင်လှေလို့  ခေါ်တယ်လေ... ကျုပ်တို့ စီးရမယ့် ယာဥ်‌ပေါ့ဗျာ... အပြင်ပန်း ကြည့်ရတာ သိပ်မကြီးပေမဲ့ အတွင်းပိုင်းမှာ လေဟာနယ် အစီအရင်တွေနဲ့ ပြင်ဆင်ထားလေ... အဲဒါက တစ်ခေါက်ကို အနည်းဆုံး လူတစ်သောင်းလောက် သယ်ဆောင်နိုင်တယ်... ပြောစကားတွေ အရဆို ဒီယာဥ်က မဟာ ကျင့်ကြံသူ တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် တစ်ချက် ခုခံနိုင်စွမ်း ရှိတယ်တဲ့...”

ဖက်တီးကောက ဆိုလိုက်၏။ များစွာသော လူများသည် ယာဥ်ပျံပေါ်သို့ တက်ရောက်ရန် တန်းစီ နေကြသည်။ ဖက်တီး၏ ပြောစကား အရဆိုလျှင် ထိုအထဲမှ အများစုမှာ ထျန်းလန်ဂြိုဟ်ဇုန်နှင့် ဆက်စပ်နေသော လူများဟု သိရသည်။ သူတို့ထဲမှ အနည်းငယ် သာလျှင် လက်မှတ်များကို ဝယ်ကြရသည်။

ချန်းဖန်တို့ အလှည့်သို့ ရောက်ရန် အချိန်ကား လိုအပ်နေဆဲ ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန်သည် တစ်နေရာ၌ ထိုင်ချကာ ကျင့်ကြံလိုက်သည်။ ဖက်တီးမှာ ချန်းဖန်၏ ဇွဲကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူးလိုက်မိ၏။ သူသာ ကျင့်ကြံခြင်းကို ထိုမျှ လုံ့လထားခဲ့ပါက ယခုကဲ့သို့ ပွဲစားဘဝ ရောက်နေလိမ့်မည် မဟုတ်ချေ။

တစ်နာရီမျှ ကြာပြီးနောက်...

“ရောင်ရင်း... ကျုပ်တို့ အလှည့် ရောက်ပြီဗျ...”

ဖက်တီးက ချန်းဖန်အား လှုပ်နှိုးလိုက်၏။

ချန်းဖန်သည် ကျင့်ကြံခြင်းအား အဆုံးသတ်ကာ ထိုင်ရာမှ ထရပ်လိုက်သည်။ ယာဥ်ပျံပေါ်သို့ မတက်ခင် ချန်းဖန်သည် ရုတ်တရက် တစ်စုံတစ်ယောက်ကို သတိထားလိုက်မိလေသည်။ သူသည် အနည်းငယ် အံ့အားသင့် သွား၏။

“သူက...”

***

All Chapters