← Chapters

အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း

Vol. 102 Ch. 1431

အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း

Vol. 102 Ch. 1431

အခန်း (၁၄၃၁) အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်က စွမ်းအားအပြည့် ဆက်လက်လည်ပတ်နေပြီး ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့အား နတ်ဆိုးအငွေ့အသက်ကိုဖိနှိပ်ရန် ကူညီပေးနေသည်။

အရွယ်အစားတူညီသည့် အလင်းလုံး(၈၁)ခုက သူတို့၏ပတ်လမ်းအတိုင်း လျှင်မြန်စွာ လှည့်ပတ်နေသည်။

အလင်းလုံးများမှ ထွက်ပေါ်နေသည့်အလင်းတန်းများက ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး နတ်ဆိုးအငွေ့အသက်ကိုဖိနှိပ်ရာတွင် မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်နေသည်။

ခေါင်းကိုးလုံးမဟာသူတော်စင်က ထိုက်ယီချိုးဖျက်အစီအရင်ကိုဖျက်ဆီးလိုက်ပြီးနောက် ရန်ကျောက်ကဲတို့ အနေအထားကို ပြန်လည်တည်ဆောက်ရန် အချိန်မရသေးသည်ကို အခွင့်ကောင်းယူကာ နတ်မိစ္ဆာအုပ်စုက အကြေးခွံတစ်ထောင်နယ်မြေ၏ အပြင်ဘက် ကာကွယ်ရေးအရံအတားကို ထိုးဖောက်ဝင်ရောက်လာကြသည်။

သူတို့က ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ထံသို့ ရောက်ရှိလာပြီး ပြင်းထန်သော နတ်မိစ္ဆာစွမ်းအားများဖြင့် ထုံးတမ်းအစီအရင်ကို ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။

ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို ဖျက်ဆီးလိုက်ခြင်းက ငရဲကိုးထပ်မှနတ်ဆိုးများအတွက် အကျိုးရှိသွားမည်လား သူတို့က အရေးမစိုက်ခဲ့ကြပေ။

အကြောင်းမှာ နတ်ဆိုးများမလှုပ်ရှားနိုင်ခင် ချန်ရွှမ်ကျုန်းနှင့် ချူးလီလီကို သုတ်သင်ပစ်နိုင်မည်ဟု နတ်မိစ္ဆာများက ယူဆထားသောကြောင့်ပင်။

ရန်ကျောက်ကဲက ရန်သူများကိုစူးစိုက်ကြည့်ရင်း လက်ထဲတွင် စာလိပ်တစ်ခု ပေါ်လာသည်။

သူအမိန့်ပေးလိုက်သည်နှင့် အလင်းတန်းများက အပြင်ဘက်သို့ကျယ်ပြန့်စွာ ပျံ့နှံ့ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

လေးလံသော ခံစားမှုတစ်ခု မြင့်တက်ဖြစ်တည်လာသည်။

အလင်းတန်းများစုဝေးပြီး အင်းသင်္ကေတတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်တွင် မှုန်ဝါးသော ပုံရိပ်တစ်ခု ထင်ဟပ်ပေါ်ထွက်လာသည်။

ထိုပုံရိပ်က ကြီးမားလှပြီး ကောင်းကင်တစ်ခုလုံးကို ထမ်းပိုးထားသည့်အလား ဖြစ်သည်။ ထိုပုံရိပ်၏ ခိုင်မာသောအသွင်အပြင်က လောကတွင်ဖြစ်ပေါ်နေသမျှ အရာအားလုံး ၊ ယင်နှင့်ယန် အပြန်အလှန်ပြောင်းလဲမှုကို ထိန်းချုပ်ထားသည့်ပမာ ထင်မှတ်ရသည်။

အလင်းတိုင်လုံး(၉)ခု ထွက်ပေါ်လာပြီး ထိုအလင်းတိုင်များက ကောင်းကင်ကိုထမ်းပိုးထားသောတိုင်များအလား မြေပြင်မှ ထကြွလာသည်။

ထိုအလင်းတိုင်(၉)ခုအနက် (၇)ခုက တောက်ပနေသည့်တိုင် အနည်းငယ် မှိန်ဖျော့လျှက် ရှိသည်။

လျှပ်တပြက်ကြည့်လိုက်လျှင် တောက်ပနေသည်ထင်ရသော်လည်း အနက်ရောင် အလင်းအစုအဝေးများက အောက်ဘက်သို့ ဆင်းသက်လာနေသည်။

အစီအရင်လည်ပတ်သည်နှင့် ထူထပ်သောစွမ်းအားနှင့် ပြည့်လျှံသည့်တက်ကြွမှုများကို တပြိုင်တည်း ပြသလာသည်။ အင်းသင်္ကေတများစွာ ဆက်သွယ်သွားပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ၏အကူအညီဖြင့် ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်သည် ဖြစ်ပေါ်လာပြီး နတ်မိစ္ဆာအုပ်စုအပေါ် ချက်ချင်းဆိုသလို ဖိအားပေးလိုက်သည်။

သူတို့လှုပ်ရှားလိုက်တိုင်း အဆုံးမရှိသောဖိအားများ နှိပ်စက်နေသည့်အလား ခံစားရပြီး သူတို့အရှိန်သည်လည်း သိသိာသာသာ လျော့ကျသွားသည်။

အစီအရင်၏လွှမ်းမိုးမှုကြောင့် နတ်မိစ္ဆာများမှာ ရပ်တန့်နေသည်ဟုပင် ခံစားရသည်။

သမင်ဖြူနတ်မိစ္ဆာက အံ့အားသင့်သွားပြီး...

“မြေကမ္ဘာဘုရင်မရဲ့ ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်လား...”

ခဏမျှ တွေးတောပြီးနောက် သူက မြေပေါ်တွင် လှိမ့်လိုက်ပြီး သူ၏မူလပုံစံကို ပြသလိုက်သည်။

ဆွတ်ဆွတ်ဖြူသည့် သမင်ကြီးက ခြေလက်များကိုဖြန့်ကားပြီး အစီအရင်ရှိရာသို့ လျှောက်လှမ်းလာသည်။

သူ၏အရှိန်က ပိုမိုမြန်ဆန်လာပြီး မကြာမီ ပြေးလွှားလာသည့်အနေအထားသို့ ရောက်ရှိသွားသည်။

ရန်ကျောက်ကဲ ကြည့်လိုက်တော့ သမင်ဖြူအိုကြီး၏ခြေရာများက မှိန်ဖျော့သောအဝါရောင်အလင်းတန်းများ ထင်ကျန်ရစ်သည်ကို တွေ့လိုက်ရသည်။

သက်ရှည်နတ်မင်းဘိုးဘိုးက မြေကမ္ဘာဘုရင်မနှင့် ရင်းနှီးသူ ဖြစ်၏။

ထို့ကြောင့် သမင်ဖြူကြီးက သူ့သခင်နှင့်အတူ မကြာခဏ မြေကမ္ဘာဘုရင်မထံ အလည်အပတ် ရောက်ခဲ့ဖူးသလို ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်နှင့် အလွန်ရင်းနှီးသည်။

ပြီးတော့ သူ ကျင့်ကြံသည့်ပညာရပ်ကလည်း မြေကမ္ဘာ၏ပြောင်းလဲမှုကို အထူးပြုထားသည်။

သူ ပြေးလွှားလာသည်နှင့် နတ်မိစ္ဆာအုပ်စုအပေါ် ဖိနှိပ်ထားသည့်ဖိအားများ အားနည်းလာပြီး ပြန်လည်လှုပ်ရှားလာနိုင်ကြသည်။

သို့သော် ခဏမျှ နှေးကွေးသွားပြီးနောက် ရန်တိ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက နတ်မိစ္ဆာများရှိရာသို့ရောက်ရှိလာပြီး လမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။

“သွားစမ်း...”

အခြေအနေကိုမြင်သည်နှင့် ကျောက်စိမ်းယုန်နတ်မိစ္ဆာ၊ နဂါးဘုရင်ဟွမ်ချန်နှင့် အခြားမဟာနတ်မိစ္ဆာများ တစ်သံတည်း အော်ဟစ်လိုက်ပြီး သူတို့ခန္ဓာကိုယ်မှ နတ်မိစ္ဆာစွမ်းအားများ မြင့်တက်လာသည်။

ထို့နောက် သူတို့က နတ်မိစ္ဆာစွမ်းအားများဖြင့် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ဆီသို့ ပစ်ပေါက်လိုက်ကြသည်။

ရုတ်ချည်းပင် ဗလာနယ်တစ်ခုလုံး တောက်ပသည့်အလင်းတန်းများဖြင့် ပြည့်နက်သွားသည်။ ထိုအလင်းတန်းများက စွဲမက်ဖွယ်ရာ တောက်ပနေသော်လည်း အဖျက်တရားစွမ်းအားများဖြင့် ပြည့်နက်နေသည်။

ရန်ကျောက်ကဲ မျက်မှောင်ကျုံ့ထားရင်း မျက်နှာထားက တည်ကြည်လေးနက်လာသည်။

သူက အဝေးတစ်နေရာသို့ လက်ညှိုးလက်ခလယ်ဖြင့် ထိုးညွှန်လိုက်ရာ ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

ပတ်လမ်းများအတိုင်းလှည့်ပတ်နေသည့် အလင်းလုံး (၈၁)ခု ရပ်တန့်ပြီး ကျုံ့ဝင်သွားသည်။

ထုံးတမ်းအစီအရင်အသွင်အပြင်က ထွင်းဖောက်မြင်ရသည့်အလင်းစက်လုံးမှသည် တဖြည်းဖြည်းမှေးမှိန်သွားပြီး ခိုင်မာသော သတ္တုစက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထိုသတ္တုစက်လုံး၏ကိုယ်ထည်က မည်းနက်နေပြီး မျက်နှာပြင်က ပြောင်လက်ချောမွတ်နေသည်။

ပြီးတော့ ထိုသတ္တုစက်လုံးက ဗလာနယ်ထဲတွင် လေးလံစွာ ချိတ်ဆွဲထားလေသည်။

နတ်မိစ္ဆာများ၏ ပထမဆုံးတိုက်ခိုက်မှုလှိုင်းလုံးက ထိုသတ္တုစက်လုံးပေါ်သို့ ပြင်းထန်စွာကျရောက်လာပြီး ချောမွတ်သောမျက်နှာပြင်ထက် ကြီးမား‌သော အဖောင်းအထစ် ၊ အချိုင့်များ ထွက်ပေါ်လာစေသည်။

သတ္တုစက်လုံးက ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်သွားပြီး နောက်သို့တွန်းထုတ်ခံလိုက်ရသော်လည်း လုံးဝ ပြိုကွဲပျက်ဆီးသွားခြင်း မရှိပေ။

မဟာနတ်မိစ္ဆာများ၏ တိုက်ခိုက်မှုများက ပြင်းထန်လှပြီး သူတို့၏တိုက်ခိုက်မှုများက မရေမတွက်နိုင်သော အမှတ်အသားများ ချန်ထားခဲ့သော်လည်း ထိုသတ္တုစက်လုံးကို ဖောက်ထွင်းနိုင်ခြင်းမရှိသလို သတ္တုစက်လုံး အလယ်ဗဟိုကိုလည်း ထိခိုက်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် စက်လုံးထဲတွင်ရှိနေသော ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့ မည်သည့်ထိခိုက်မှုမျိုးမှ မခံစားရချေ။

ရန်ကျောက်ကဲ ၊ ချန်ရွှမ်ကျုန်းနှင့် အခြားသူများ၏လမ်းညွှန်မှုအောက်တွင် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော ဖန်းယွင်ရှန်းက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို ဖန်တီးခဲ့သည်။

သူမက အချိန်များစွာ ၊ ရတနာပစ္စည်းများစွာကိုအသုံးပြုပြီး ဤအစီအရင် ပိုမိုတိုးတက်ကောင်းမွန်ရန်နှင့် ခိုင်မာစေရန် ပြုလုပ်ခဲ့သည်။

သူတို့အားလုံး ကြိုးစားထားသမျှ နောက်ဆုံး အောင်မြင်မှု ရရှိလာခဲ့သည်ပင်။

ယခု နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်များ၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိစွာဖြင့် အခိုင်အမာ ရပ်တည်နေနိုင်ခဲ့သည်။

သို့သော် ဤရတနာက သတ်ဖြတ်ရန်အတွက် အဓိကဖွဲ့စည်းထားသည်ဖြစ်ရာ ခံစစ်အနေအထားဖြင့် ရန်သူများ၏တိုက်ခိုက်မှုကို ဆက်တိုက်ခံယူရန် မဖြစ်နိုင်ပေ။

နောက်ထပ်အကြိမ်အနည်းငယ် ထပ်မံတိုက်ခိုက်ခံရပါက ဤသတ္တုစက်လုံး ပြိုကွဲသွားနိုင်သည်။

တကယ်တော့ နတ်မိစ္ဆာများ၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရန်အတွက် ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်က သတ္တုစက်လုံးအသွင် ပြောင်းလဲသွားခြင်းဖြစ်လေရာ ၊ အစီအရင်၏ နဂိုအာနိသင်များ ဆုံးရှုံးသွားသည်။

ထို့ကြောင့် သတ္တုစက်လုံးထဲတွင်ရှိနေသာ ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့၏ခန္ဓာကိုယ်များမှာလည်း တုန်ခါလာလေသည်။

အကြေးခွံတစ်ထောင်နယ်မြေ ထိခိုက်ပျက်စီးသွားပြီး ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင် ယာယီအားဖြင့် လည်ပတ်မှု ရပ်တန့်သွားသည်။

မူလက (၉၀)ရာနှုန်းခန့် ဖယ်ရှားပြီးဖြစ်သော နတ်ဆိုးအငွေ့အသက်များက ယခုတော့ နောက်ပြန်ဆုတ်ပြီး ချန်ရွှမ်ကျုန်းနှင့် ချူးလီလီတို့၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

ချန်ရွှမ်ကျုန်း၏မျက်နှာက တည်ကြည်လေးနက်နေသည်။

သူက စိတ်ကို တည်ငြိမ်အောင်ထားရင်း ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်ဝင်ရောက်လာမှုကို ဖိနှိပ်ရန် ကြိုးစားနေသည်။

သို့သော် ထိုခဏတွင် ရောင်စုံမြူခိုးများက သူနှင့် ချူးလီလီပတ်ပတ်လည်တွင်ဝိုင်းရံလာပြီး စိတ်ဝိညာဉ်နတ်ဆိုးက ဝင်ရောက်နှောက်ယှက်လာသည်။

ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုးက ထိုအခြေအနေကို အခွင့်ကောင်းယူပြီး သူတို့၏ခန္ဓာကိုယ်များကို သိမ်းပိုက်ရန် စတင်လာသည်။

သူ၏ အရှိန်အဟုန်က စိတ်မကူးနိုင်လောက်အောင် လျှင်မြန်လှသည်။

ရန်ကျောက်ကဲ၊ ချန်ရွှမ်ကျုန်းနှင့် အခြားသူများက ရေပလ္လင်နတ်ဆိုး ပြန်လည်ဝင်စားသည့်အချိန်ကို အခွင့်ကောင်းယူပြီး နတ်ဆိုးအငွေ့အသက်ကို ဖယ်ရှားရန် ကြိုးစားခဲ့ခြင်း ဖြစ်၏။

နှစ်ဖက်လုံး တန်းတူရင်ဆိုင်တိုက်ခိုက်နေချိန် ပို၍သန်မာသည့်ဘက်က အောင်မြင်မည် ဖြစ်သည်။ တစ်ဖက်က အောင်မြင်မှုနှင့်နီးကပ်လာလေ အခြားတစ်ဖက်က ရှုံးနိမ့်မှုနှင့် နီးကပ်လာလေ ဖြစ်သည်။

သို့သော် အခြေအနေများ ပြောင်းပြန်ဖြစ်သွားပါက အစပိုင်း ရှုံးနိမ့်နေသည့်ဘက်က ချက်ချင်းဆိုသလို အောင်မြင်မှုနှင့် နီးစပ်သွားပေမည်။

ချန်ရွှမ်ကျုန်း၏ ခန္ဓာကိုယ်ထက်တွင် မှိန်ဖျော့သော ရေခဲအလွှာတစ်ခု ထွက်ပေါ်လာပြီး အေးစက်သောအလင်းတန်းများ တောက်ပလာသည်။

သူ၏မျက်ခုံးနှစ်ခုကြားရှိနေရာက အက်ကါဲသွားပြီး အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဆိုးအငွေ့အသက်များ ပြန်လည်ထွက်ပေါ်လာသည်။

ထို နတ်ဆိုးအငွေ့အသက်များက ယခင်ကမရှိဖူးသော သန်မာမှုကိုပြသနေပြီး ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ဤလောကသို့ ဆင်းသက်လာတော့မည့်အလား ဖြစ်၏။

သတ္တုစက်လုံးအပြင်ဘက်တွင်ရှိနေသည့် ရန်ကျောက်ကဲတို့သည်ပင် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော အန္တရယ်အငွေ့အသက်များကို ခံစားနေရသည်။

ရန်တိတို့အုပ်စုက ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ကို ဖျက်ဆီးနေသော နတ်မိစ္ဆာများကို လိုက်လံတားဆီးနေသည်။

သမင်ဖြူကြီးမှာ ရန်တိတို့၏တိုက်ခိုက်မှုကို ရှောင်တိမ်းနေရပြီး ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်ကို ထပ်မံလွှမ်းမိုးရန် ခက်ခဲလာသည်။

ထို့ကြောင့် အစီအရင်၏စွမ်းအား ထပ်မံပေါ်ထွက်လာပြီး နတ်မိစ္ဆာအုပ်စုအား ရှေ့သို့တက်လှမ်းခြင်းမှ တားဆီးလိုက်သည်။

သို့သော် သုခနတ်ဆိုးဘုရင်နှင့် အခြားနတ်ဆိုးများက နတ်မိစ္ဆာမျိုးနွယ်များဖန်တီးထားသော အက်ကွဲကြောင်းမှတစ်ဆင့် အကြေးခွံတစ်ထောင်နယ်မြေထဲသို့ စိမ့်ဝင်လာကြသည်။

ထို့နောက် သူတို့က ကောင်းကင်နတ်ဆိုးသုတ်သင်ထုံးတမ်းအစီအရင်ထံသို့ အလျင်အမြန် ထိုးဖောက်ဝင်ရောက်လာသည်။

ဂုဏ်ရောင်ကိုးဝါရတနာခုနစ်ပါး ဝင်္ကပါအစီအရင်က သူတို့လမ်းကြောင်းကိုပိတ်ဆိုးထားကြောင်း တွေ့လိုက်သည်နှင့် အစီအရင်ပညာကျွမ်းကျင်သော သုခနတ်ဆိုးဘုရင်က ရှေ့ဆုံးမှဦးဆောင်ကာ နတ်ဆိုးအုပ်စုကို လမ်းပြခေါ်ဆောင်သွားသည်။

ရည်မှန်းချက်များမတူသည့်တိုင် ငရဲကိုးထပ်မှနတ်ဆိုးများရော ချန်စန်းရှင်းဟိုင်စကြာဝဠာမှ နတ်မိစ္ဆာများပါ ရန်ကျောက်ကဲတို့ရှိရာသို့ အလျင်အမြန် ထိုးဖောက်ဝင်ရောက်လာကြသည်။

နတ်ဆိုးချီစွမ်းအားနှင့် နတ်မိစ္ဆာချီစွမ်းအားများ ကောင်းကင်တစ်ခွင် ပြည့်နက်နေပြီး ဖြိုခွင်းမရနိုင်သော တန်ခိုးစွမ်းအားလှိုင်းလုံးများက ပြင်းထန်စွာ တိုက်ခတ်လာသည်။

ထိုခဏတွင် ရန်ကျောက်ကဲမျက်ဝန်းမှ အေးစက်သောအလင်းတန်းများ ထွက်ပေါ်လာ၏။

“ထစမ်း...”

မိုးကြိုးသံပမာ အော်ဟစ်သံထွက်ပေါ်လာပြီး အကြေးခွံတစ်ထောင်နယ်မြေမှ တလက်လက်တောက်ပနေသော အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။

ရေထဲမှငါးများခုန်ထွက်လာသည့်အလား မရေမတွက်နိုင်သော အလင်းတန်းများ ထွက်ပေါ်လာပြီး အဆုံးမရှိ လှည့်ပတ်နေလေသည်။

အလင်းတန်းများက ပြန်လည်ကျဆင်းသွားခြင်းမရှိဘဲ မိုးထိအောင်ထိုးတက်သွားပြီး အလင်းအမှုန်များဖြင့် ဖွဲ့စည်းထားသော နဂါးများသဖွယ် ပြင်ပဗလာနယ်၏ ထောင့်စွန်းတိုင်းဆီသို့ ပျံသန်းသွားသည်။

အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း။

မရေမတွက်နိုင်သော အကြေးခွံငါးများက ချက်ချင်းပင် နဂါးများအဖြစ် ပြောင်းလဲသွားက အဆုံးမရှိသော ပြင်ပဗလာနယ်ကို ဖြတ်သန်းသွားကြသည်။

နဂါးများက အဝေးသို့ပျံသန်းသွားကြပြီး ပြန်လည်ရောက်ရှိမလာကြတော့ပေ။

အကြေးခွံတစ်ထောင်နယ်မြေ လုံးဝ တည်ရှိနေခြင်း မရှိတော့ပေ။

ပြင်ပဗလာနယ်တစ်ခုလုံးကို လွှမ်းခြုံထားသော နတ်ဆိုးနယ်မြေသည်ပင် ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားလေသည်။

ခေါင်းကိုးလုံးမဟာသူတော်စင်ဖျက်ဆီးခဲ့သော နတ်ဆိုးနယ်မြေမှာ ယခုတော့ လုံးဝ ပျက်ဆီးသွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

ရှေ့ဆုံးတွင်ရှိနေသော သုခနတ်ဆိုးဘုရင်နှင့် အခြားမဟာနတ်ဆိုးများက ထိုသို့ဖြစ်လာမည်ဟု ထင်မထားခဲ့ကြပေ။

ဆုတ်ခွာရန်အချိန်မလောက်သဖြင့် သူတို့မှာ ပျံသန်းနေသော နဂါးအုပ်စုဖြင့် တိုက်ရိုက်ဝင်တိုက်မိသွားကာ အလင်းနဂါးများက သူတို့ခန္ဓာကိုယ်များကို ထိုးဖောက်ဖြတ်သန်းသွားကြသည်။

သူတို့၏ခြေလက်များမှာ အလင်းနဂါးများကြောင့် ဆုတ်ဖြဲခံလိုက်ရပြီး ဦးခေါင်းများသည်လည်း အလင်းနဂါးများ ကိုက်ဖြတ်ခြင်းကို ခံလိုက်ရသည်။

အစပိုင်းတွင် တက်ကြွနေသော နတ်ဆိုးအုပ်စုမှာ ယခုတော့ ပျံသန်းလာသည့်နဂါးအုပ်စု၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

***

(အကြေးခွံတစ်ထောင် နဂါးတံခါးသို့ခုန်ကျော်ခြင်း __ ရှေးခေတ်ဒဏ္ဍာရီအရ အကြေးခွံရှိသောငါးများ နဂါးတံခါးကိုဖြတ်ကျော်ပြီးပါက နဂါးအဖြစ်ပြောင်းလဲနိုင်သည်ဆိုသည့်အဓိပ္ပါယ် ဖြစ်ပါသည် __ ဘာသာပြန်သူ)

All Chapters