နတ်ဆိုးတွန်းလှန်အင်းသင်္ကေတ
Vol. 102 Ch. 1434
အခန်း (၁၄၃၄) နတ်ဆိုးတွန်းလှန်အင်းသင်္ကေတ
ရန်ကျောက်ကဲက “ချန်ရွှမ်ကျုန်း” ကို တည်ငြိမ်သောမျက်နှာထားဖြင့် အေးဆေးစွာ စိုက်ကြည့်လိုက်သည်။
"မင်းက အကြီးအကဲချန်ရဲ့ မှတ်ဉာဏ်တွေနဲ့ ပေါင်းစည်းသွားပြီဆိုတော့ ၊ ဒီနတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို အကြီးအကဲချန်နဲ့ ငါတို့ဇနီးမောင်နှံ အတူတူသုတေသနလုပ်ခဲ့တယ်ဆိုတာကို သိထားမှာပဲ ၊ တကယ်တော့ နောက်ပိုင်းမှ ငါက ဒီနတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို ဖန်တီးပေးခဲ့တာ”
“ချန်ရွှမ်ကျုန်း” က ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
"မင်းပြောချင်တာက ဒီနတ်ဆိုးတွန်းလှန်အင်းသင်္ကေတမှာ တခြားပြောင်းလဲမှုတွေရှိနေတယ် ၊ ဒါပေမဲ့ သူ့ကို လုံးဝမပြောခဲ့ဘူးလို့ ဆိုလိုတာလား”
ရန်ကျောက်ကဲက ရိုးရှင်းစွာဖြင့်...
“အဲဒီလို မဟုတ်ပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့... ဒီလောကမှာ ဘာမှသေချာတာ မရှိဘူး ၊ ဒီနေ့တိုက်ပွဲမှာတောင် မထင်မှတ်တဲ့ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ် ၊ တချို့ကိစ္စတွေ တချို့အတွေးအမြင်တွေက အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ရတာပဲ”
ထို့နောက် ရန်ကျောက်ကဲအမိန့်ပေးလိုက်သည်နှင့် အေးစိမ့်သောအငွေ့အသက်များဖြင့် ဖွဲ့စည်းထားသော နတ်ဆိုးတွန်းလှန်အင်းသင်္ကေတက ချန်ရွှမ်ကျုန်းရင်ဘတ်ထက် ထွင်းထုပြီးသား ဖြစ်သွားသည်။
ချန်ရွှမ်ကျုန်း၏ခန္ဓာကိုယ်အနှံ အပြာရောင်အလင်းတန်းများထွက်ပေါ်လာပြီး နောက်ဆုံးအလင်းတန်းများက ရင်ဘတ်နေရာတွင် စုစည်းသွား၏။
ချန်ရွှမ်ကျုန်း၏ ရေခဲပြာရောင်မျက်ဝန်းများတွင် အလင်းရောင်က မတည်ငြိမ်ဘဲ လှုပ်ခတ်လာသည်။
“ချူးလီလီ... ဘာလုပ်ဖို့စီစဉ်ထားလဲ”
သူ့မျက်ဝန်းများ အနည်းငယ်လှုပ်ခတ်သွားပြီး ချူးလီလီကို လှမ်းကြည့်လိုက်သည်။
ချူးလီလီသည် ထိတ်လန့်သွားသည်။
သူမ အလွန်ရင်းနှီးသောမျက်နှာက ယခု လုံးဝ သူစိမ်းတစ်ယောက်ပမာ ဖြစ်နေသည့်အတွက် ချူးလီလီမျက်နှာထက် စိတ်ရှုပ်ထွေးသည့်အမူအရာများ ထင်ဟပ်လာသည်။
“ချန်ရွှမ်ကျုန်း” ၏ မျက်ဝန်းများထဲမှအလင်းရောင်က လှုပ်ခါနေသော်လည်း သူ့အသံကတော့ တည်ငြိမ်နေဆဲပင်။
“ငါနဲ့အတူ ထွက်သွားဖို့ စိတ်ဝင်စားလား ၊ မင်းအတွက် အမှောင်လမ်းထဲကိုကျရောက်သွားတာ အရေးကြီးလို့လား”
ချူးလီလီ တစ်ခုခုပြောချင်မိသည်။
သို့သော် “ချန်ရွှမ်ကျုန်း” ၏ စကားများကိုကြားရတော့ သူမ အံ့အားသင့်စွာဖြင့် နှုတ်ခမ်းများတင်းတင်းစေ့ရင်း ဆရာဖြစ်သူကို စူးစိုက်ကြည့်လိုက်သည်။
“ချန်ရွှမ်ကျုန်း” က...
“ချူးလီလီ... အရင်တုန်းက ငါ့ရဲ့သင်ပြပေးမှုတွေကြောင့် မင်းက နတ်ဆိုးတွေကို ငြင်းဆန်နေတာ မဟုတ်လား ၊ အဲဒါ မင်း ငယ်ငယ်ကတည်းက သင်ကြားခံထားရလို့ပဲ”
သူ့အသံက အလွန်တည်ငြိမ်နေသည်။
“ဒါပေမဲ့ အခု ငါက ငရဲကိုးထပ်ကိုရောက်သွားပြီ ၊ မင်းရော ငါနဲ့အတူ မလိုက်ချင်ဘူးလား”
ချူးလီလီ ခေါင်းငုံ့လိုက်ပြီး...
“ရှင်က ကျွန်မဆရာ မဟုတ်ဘူး ၊ ရှင်က ရေပလ္လင်နတ်ဆိုးပဲ ၊ အခု ရှင်က ကျွန်မကို စကားတွေနဲ့လှည့်စားနေတာ ၊ ရှင် ထွက်ပြေးနိုင်ဖို့ ကျွန်မကို အသုံးချနေတာ”
"ဟုတ်တယ်၊ ငါ ဒီနေရာကနေ ထွက်ပြေးဖို့ နည်းလမ်းရှာနေတာ"
“ချန်ရွှမ်ကျုန်း” ဝန်ခံလိုက်သည်။
“ဒါပေမဲ့ ငါ မင်းကို အသုံးမချပါဘူး”
သူက ဆက်ပြောလိုက်သည်။
“ငါက အရင်တုန်းက ယွိချင်အဆက်အနွယ်ပဲ ၊ ဒါကြောင့် သူတို့အားလုံးအပေါ် နက်ရှိုင်းတဲ့ ကျေးဇူးတင်စိတ်ရှိခဲ့တယ် ၊ အခု ငါက အမှောင်လမ်းထဲကျသွားပြီ ၊ ငါ့အဆက်အနွယ်က ငါ့ကို မုန်းတီးနေပြီ ၊ ခြိမ်းခြောက်မှုတစ်ခုလို့ ထင်နေပြီ ၊ သူတို့တွေက ငါ့ကိုဖယ်ရှားဖို့ ဘာမဆိုလုပ်လိမ့်မယ် ၊ ဒါက သဘာဝကျပါတယ် ၊ ဒါပေမဲ့ မင်းကရော ဘယ်လိုလဲ”
ချူးလီလီ ခေါင်းမော့လိုက်ပြီး “ချန်ရွှမ်ကျုန်း” ၏ နက်ရှိုင်သောမျက်ဝန်းများကို စူးစိုက်ကြည့်လိုက်သည်။
“ချန်ရွှမ်ကျုန်း” က...
“မင်း ငယ်ငယ်ကတည်းက ကျောက်စိမ်းကောင်းကင်တောင်ထွတ်ရဲ့ တောင်အနောက်ဘက်မှာ ပိတ်လှောင်ခံခဲ့ရတယ် ၊ အပြင်မထွက်ခဲ့ရဘူး ၊ ဘယ်သူနဲ့မှလည်း တွေ့ဆုံခွင့်မရခဲ့ဘူး ၊ ကစားဖော်မရှိသလို ငယ်ဘဝဆိုတာလည်း ဘာမှန်းမသိခဲ့ဘူး ၊ မင်းနဲ့ဆက်ဆံတဲ့သူတွေကလည်း မင်းကို သတိထားပြီး စောင့်ကြည့်နေခဲ့တယ် ၊ ချူးဟွမ်အသတ်ခံရပြီးတဲ့နောက် မင်း ဒီလောကမှ ဆက်နေရတာဟာ ငရဲကိုးထပ်က နတ်ဆိုးတွေကို စောင့်ကြည့်လေ့လာဖို့အတွက် သက်သက်ပဲ”
“ယွိချင်အဆက်အနွယ် ၊ တာအိုဝါဒ... ဒါတွေနဲ့ပတ်သက်ပြီး မင်းမှာ လက်မလွှတ်နိုင်စရာ ဘာရှိလို့လဲ”
ချူးလီလီနှုတ်ခမ်းများလှုပ်ရှားသွားသော်လည်း သူမ တိတ်ဆိတ်စွာပင် ရှိနေသည်။
တကယ်ပဲ သူမက တာအိုဝါဒအပေါ် တွယ်တာခြင်း မရှိပေ။
သူမက လူအနည်းငယ်ဖြင့်သာ ထိတွေ့ဆက်ဆံခွင့်ရခဲ့သူ ဖြစ်သည်။
သူမအလွန်ဂရုစိုက်သည့် တစ်ဦးတည်းသောလူသားက ယခု သူမရှေ့တွင် ရှိနေပေပြီ။
အဖြူရောင်ဆံနွယ်များပိုင်ဆိုင်ထားသည့်လူငယ်က တည်ငြိမ်စွာဖြင့်...
“ဒါဖြင့် ငါနဲ့အတူထွက်သွားတာ ဘာများမှားနေလို့လဲ”
ချူးလီလီ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး...
“ရှင်က ကျွန်မဆရာ မဟုတ်ဘူး”
ယခု စကားပြောနေသူက သူ့ဆရာကိုသတ်ဖြတ်ခဲ့သော ရန်သူဖြစ်သည်။
“ချန်ရွှမ်ကျုန်း” က ပြုံးလိုက်သည်။
“မင်း မှားနေပြီ ၊ ငါက ချန်ရွှမ်ကျုန်းပဲ ၊ ချန်ရွှမ်ကျုန်းကလည်း ငါပဲ ၊ ဒါက သူ့ခန္ဓာကိုယ် အခွံသက်သက်ပဲ မဟုတ်ဘူး”
သူက ခေါင်းငုံ့လိုက်ပြီး ရင်ဘတ်ထက်မှ ပိုမိုကြီးမားလာနေသော အင်းသင်္ကေတကို ကြည့်လိုက်သည်။
“လူသားတွေက ပြောင်းလဲတတ်တယ် ၊ ငါလည်း အခု ပြောင်းလဲမှုထဲမှာ ရှိနေတယ် ၊ မင်းလည်း ငါ့လိုပဲ လုပ်လို့ရပါတယ် ၊ ချူးလီလီ... မင်း အမြင်တွေပြောင်းလိုက်ပါ ၊ ငါမြင်တဲ့အတိုင်း လောကကို ကြည့်လိုက်ပါ ၊ မင်း အသစ်တစ်မျိုး ခံစားလာရမှာပါ”
ရန်ကျောက်ကဲက အေးစက်စွာ ဝင်ပြောလိုက်သည်။
“မင်းရဲ့ပြောင်းလဲမှုဆိုတာက တစ်ဖက်သားရဲ့ဆန္ဒမပါတဲ့ ပြောင်းလဲမှုပဲ”
“ချန်ရွှမ်ကျုန်း” မျက်မှောင်ကြုတ်ပြီး ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“လူတစ်ယောက် အမှောင်လမ်းထဲ ကျဆုံးသွားတဲ့အခါ ဘယ်လိုလှည့်ဖျားမှုတွေ ခြိမ်းခြောက်မှုတွေ ရင်ဆိုင်ရပါစေ အဲဒီခြေလှမ်းကို ဆက်လှမ်းဖို့ဆုံးဖြတ်တာက သူတို့ကိုယ်တိုင်ပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ မဟာနတ်ဆိုးပြန်လည်မွေးဖွားတဲ့ရုပ်ခန္ဓာကတော့ မတူဘူး ၊ သူတို့ဆန္ဒမပါရင်တောင် အမှောင်လမ်းထဲကို အတင်းအကျပ်ဆွဲခေါ်ခံရတာပဲ”
ရန်ကျောက်ကဲက ချူးလီလီကို လှည့်ကြည့်လိုက်သည်။
“တကယ်တော့ နက္ခတ်ဧကရာဇ်အစား အကြီးအကဲချူးသာ ရေခဲနတ်ဆိုးဖြစ်လာမယ်ဆိုရင် နက္ခတ်ဧကရာဇ်က ဒီနတ်ဆိုးတွန်းလှန်အင်းသင်္ကေတကို အသုံးပြုပြီး အကြီးအကဲရဲ့နတ်ဆိုးအငွေ့အသက်ကို သူ့ဆီလွှဲပြောင်းပြီး ရေပလ္လင်နတ်ဆိုးနဲ့အတူ ပျက်ဆီးသွားဖို့ ဆုံးဖြတ်ထားတာ”
“အကြီးအကဲရဲ့ ရုပ်ခန္ဓာက နတ်ဆိုးအငွေ့အသက် သန့်စင်သွားရင် ၊ ရေပလ္လင်နတ်ဆိုးလည်း ပျက်ဆီးသွားမယ်ဆိုရင် အကြီးအကဲအနေနဲ့ ရေပလ္လင်နတ်ဆိုးရဲ့ နှောက်ယှက်မှုကို ထပ်ပြီးစိုးရိမ်စရာမလိုတော့ဘူး”
သူမက နတ်ဆိုးများ၏အခွင့်အရေးယူခြင်းကို သတိထားနေသရွေ့ အန္တရယ်မရှိနိုင်တော့ပေ။
ချူးလီလီ၏ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းထောင်နှင့်ချီပြီး နတ်ဆိုးအငွေ့အသက်ရှိနေရခြင်းမှာ ယခင် ရေခဲနတ်ဆိုး’ချူးဟွမ်’ က သူမ၏ခန္ဓာကိုယ်ထဲတွင် အင်းသင်္ကေတတစ်ခုထားရှိခဲ့ပြီး ထိုအရာကို မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။
ယခင်က ချန်ရွှမ်ကျုန်းက သူမကိုကူညီပေးခဲ့သော်လည်း ပြဿနာကို လုံးဝ ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။
ထို့ပြင် မိန်းမပျိုဧကရာဇ်’ကျဲ့မင်ခုန်’ ၏လုပ်ရပ်ကြောင့် ချူးလီလီမှာ ထပ်မံခံစားခဲ့ရပြန်သည်။
ယခု ရေပလ္လင်ကိုပိုင်ဆိုင်သောနတ်ဆိုး ပြန်လည်မွေးဖွားလာနိုင်သည့် ဖြစ်နိုင်ခြေကို အသုံးပြုပြီး ချန်ရွှမ်ကျုန်းက ချူးလီလီကိုထိခိုက်စေသော နတ်ဆိုးအမှတ်အသားကို လုံးဝဖယ်ရှားနိုင်ပြီ ဖြစ်သည်။
အသစ်သော နတ်ဆိုးအမှတ်သားတစ်ခု ထပ်မံမရရှိသရွေ့ နောက်ထပ်ပြဿနများ ၊ ထိခိုက်မှုများ မရှိနိုင်တော့ပေ။
ရန်ကျောက်ကဲက...
“အရင်တုန်းက နက္ခတ်ဧကရာဇ် ပြောခဲ့ဖူးတယ် ‘လူဆိုတာ စိုက်ပျိုးတဲ့အတိုင်း ရိတ်သိမ်းရမယ်’ တဲ့ ၊ သူ အရင်တုန်းက ချခဲ့တဲ့ဆုံးဖြတ်ချက်ရဲ့အကျိုးဆက်ကို နောက်ဆုံးအချိန်ထိထမ်းပိုးဖို့ သူ ဆုံးဖြတ်ထားပြီးသားပါ”
ရန်ကျောက်ကဲက ရိုးရှင်းစွာ ဆက်ပြောလိုက်သည်။
“ဒါက နက္ခတ်ဧကရာဇ်ရဲ့ဆန္ဒပါ ၊ ရေခဲနတ်ဆိုးရဲ့အစီအစဉ်တွေ မဟုတ်ဘူး”
ချူးလီလီက ချန်ရွှမ်ကျုန်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
ချန်ရွှမ်ကျုန်းမျက်ဝန်းများထဲမှအလင်းရောင်က တဖြည်းဖြည်း မှိန်ဖျော့လာသည်။
ပြီးတော့ သူ့ရင်ဘတ်ထက်မှ အင်းသင်္ကေတက တဖြည်းဖြည်းခိုင်မာလာပြီး ရင်ဘတ်တစ်ခုလုံးကိုဖုံးအုပ်သည့် ရေခဲပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရေခဲအပိုင်းအစများက ပိုမိုကြီးမားလာကာ ချန်ရွှမ်ကျုန်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အေးခဲလာစေသည်။
ရေခဲများပျံ့နှံ့လာသည်နှင့်အမျှ ချန်ရွှမ်ကျုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ဝိညာဉ်ကင်းမဲ့သော ရေခဲရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွားသည့်ပမာ ထင်မှတ်ရသည်။
သူ၏ အသက်ဓာတ်စွမ်းအားများ တဖြည်းဖြည်းညှိုးနွမ်းလာပြီး ရေခဲပမာအေးစက်သော နတ်ဆိုးအငွေ့အသက်သည်လည်း သူနှင့်အတူ လျော့ပါးသွားလေသည်။
ထိုအချိန် ချန်ရွှမ်ကျုန်း၏ရင်ဘတ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“အဲဒါက သူ့ရဲ့ ဆန္ဒပဲ ၊ သူ ချစ်ရတဲံသူက အမြဲတမ်း ကျဲ့မင်ခုန်ပဲ ၊ မင်း မဟုတ်ခဲ့ဘူး”
ထိုစကားများကိုကြားသည်နှင့် ချူးလီလီ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသည်။
ရေခဲအပိုင်းအစများထဲမှ အသံတစ်သံ ဆက်လက်ထွက်ပေါ်လာသည်။
“သူ မင်းကို မွေးစားဖို့ခေါ်ယူတဲ့အချိန်ကတည်းက သူက ကျဲ့မင်ခုန်ကို ချစ်နေခဲ့တာ”
“ဟုတ်လား...”
ချူးလီလီ နေရာမှာပင် မလှုပ်မယှက်ရှိနေသည်။
ထို့နောက် သူမက သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
အထီးကျန်မှုက သူမမျက်နှာထက်လွှမ်းမိုးသွားပြီး ချန်ရွှမ်ကျုန်း၏မျက်နှာကို မဝံ့ရဲစွာ လှမ်းကြည့်လိုက်သည်။
ယခု ချန်ရွှမ်ကျုန်း၏ အသက်ဓာတ်စွမ်းအားများက အားနည်းနေပြီး သူ၏မျက်လုံးများက မှိန်ဖျော့နေသည်။ သို့သော် သူက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်ပြီး ချူးလီလီ၏ မျက်ဝန်းများထဲသို့ ကြည့်လိုက်သည်။
ချန်ရွှမ်ကျုန်းက အသက်ဓာတ်စွမ်းအားများဆုံးရှုံးနေသော်လည်း သူ၏အကြည့်က တည်ငြိမ်နေဆဲ ဖြစ်သည်။
ချူးလီလီက တိုးလျစွာဖြင့်...
“ကျွန်မလည်း မသေချာပေမယ့် သိခဲ့ပါတယ် ၊ ဒါပေမဲ့... ကျွန်မက... ကျွန်မက ရိုးရိုးလေးပဲ မျှော်လင့်ခဲ့တာပါ ၊ နည်းနည်းလေးပဲ ဖြစ်နိုင်မလားဆိုပြီးတော့ပေါ့”
ရေခဲများက ချန်ရွှမ်ကျုန်း တစ်ကိုယ်လုံးသို့ ဖုံးအုပ်လာသည်။
သူ့မျက်နှာအမူအရာတွင် နာကျင်မှုအရိပ်အယောင် မရှိခဲ့ပေ။ သူက နူးညံ့သိမ်မွေ့ပြီး ကြင်နာသောအကြည့်ဖြင့် ချူးလီလီကို ကြည့်လိုက်သည်။
စကားလုံးများဖြင့် ထုတ်မပြောသော်လည်း ထိုအကြည့်ကို ချူးလီလီ နားလည်ခဲ့သည်။
သူမ ချန်ရွှမ်ကျုန်းကိုစိတ်ကြည့်ရင်း စိတ်အစဉ်က လွင့်မျောသွားသည်။
သူမ သတိပြန်ဝင်လာပြီး စကားပြောရန် ဟန်ပြင်လိုက်သည့်အခါ ရေခဲအပိုင်းအစများက ချန်ရွှမ်ကျုန်းဦးခေါင်းသို့ရောက်ရှိနေပြီး မျက်နှာတစ်ခုလုံးအား ဖုံးလွှမ်းသွားပြီ ဖြစ်သည်။
အဖြူရောင်ဆံနွယ်များပိုင်ရှင်မှာ ရေခဲများဖြင့် ဖုံးအုပ်ခံရပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားပြီ ဖြစ်သည်။
သူ၏ပုံရိပ်က ရေခဲအေးစိမ့်မှုထဲတွင် ဖြည်းဖြည်းမှိန်ဖျော့လာပြီး ရေခဲရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန် စိုးရိမ်ပူပန်ဟန်ဖြင့် တစ်စုံတစ်ခုကို စောင့်မျှော်နေသည့် ရန်ကျောက်ကဲက ရုတ်တရက် စိတ်အားတက်ကြွသွားဟန်ဖြင့်...
“အချိန်မီလေးပဲ...”
ဟု ပြောလိုက်လေသည်။