မိတ်ဆွေဟောင်း
Vol. 12 Ch. 1183
ယာဥ်ပျံ၏ ဝင်ပေါက်တစ်ခု၌ အသက်လတ် ယောကျ်ား တစ်ယောက်၊ လူငယ် တစ်ယောက်နှင့် မိန်းမငယ် တစ်ယောက်တို့မှာ ဘေးချင်းယှဥ်ကာ ရပ်နေကြသည်။
ရုပ်ရည်တည်ကြည့်သည့် အသက်လတ်လူမှာ စတီးအပ် ကဲ့သို့ မုတ်ဆိတ်များကို ပိုင်ဆိုင်ထားကာ တောင်ပိုင်း ဒေသငယ် စတိုင် ရှေးဟောင်း ဝတ်စုံတစ်ခုကို ဝတ်ဆင်ထား၏။ သူသည် ဓားတစ်ချောင်းကို ကျောထက်၌ လွယ်ထားသည်။
လူငယ်မှာမူ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် ခါးအား မတ်ကာ ဓားတစ်စင်း သဖွယ် ရပ်နေခဲ့သည်။ အခြား တစ်ဖက်၌ မိန်းကလေးမှာမူ ကမ္ဘာမှ ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမသည် အစင်းပါသော အဖြူရောင် အားကစား ဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်ကို ဖဲကြိုးဖြင့် စည်းနှောင်ထားသည်။
ချန်းဖန်သည် သူမအား မြင်မြင်ချင်းပင် မှတ်မိလိုက်လေသည်။
“ကျန်းဖေးဖေး... သူက ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလား...”
သူမကား အန်တီထန်၏ တူမ ဖြစ်သည်။ ချန်းဖန်သည် ကမ္ဘာသို့ ပြန်စဥ် အခါက သူမနှင့် တွေ့ဆုံခဲ့ရသည်။ ပထမ၌ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးမှာ အဆင်ပြေသော်လည်း နောက်ပိုင်းတွင် အဖုအထစ်များ ဖြစ်လာခဲ့သည်။ အဆုံး၌ ကျန်းဖေးဖေးက ချန်းဖန်အား သေခန်းပင် ဖြတ်ခဲ့သည်။ သို့သော်လည်း ချန်းဖန်မှာ မြောက်ပိုင်းကောင်းကင် အရှင် ဖြစ်သည်။ သူသည် ထိုကဲ့သို့ ကိစ္စ အသေးအဖွဲလေးများကို ဂရုမစိုက်ပါချေ။ သူသည် ကျန်းဖေးဖေးအား မေ့လျော့နေခဲ့သည်ပင် ကြာမြင့်လှပြီ ဖြစ်သည်။
“အန်တီထန်ပြောသလိုဆို ကျန်းဖေးဖေးက မထွက်သွားခင်မှာ စာတစ်စောင် ချန်ထားခဲ့တယ်တဲ့... အဲဒီ စာထဲမှာ သူက အိမ်ကနေ ထွက်ပြီး ဝူတန်တောင်ကို သွားလေ့ကျင့်မယ်လို့ ရေးထားတယ် ပြောတယ်... ဒါပေမဲ့ အဲဒီ အချိန်က စပြီး သူ့ကို လုံးဝ အဆက်အသွယ် မရတော့ဘူး... ဘယ်လိုလုပ်ပြီး သူက ဒီနေရာမှာ ပြန်ပေါ်လာတာလဲ”
ချန်းဖန်မှာ အနည်းငယ် အံ့အားသင့်နေ၏။ ချန်းဖန်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် ကျန်းဖေးဖေး ဘေးရှိ လူနှစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကို ခန့်မှန်း လိုက်နိုင်သည်။ လူငယ်သည် ကိုယ်ရောင်ကိုယ်ဝါ သိပ်မတောက်ပသည့်တိုင် အခြေတည် ဝိညာဥ် အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ သူသည် ကောင်းကင် အဆင့် ရွှေအမြုတေကိုပင် ဖွဲ့စည်းထားနိုင်ကာ ထာဝရဂိုဏ်းများ၏ နတ်ဘုရား မင်းသားများနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။ သို့သော်လည်း ချန်းဖန်သည် သူ့အား အလေးထားခြင်း မရှိပါချေ။
အခြားတစ်ဖက်၌ အသက်လတ် လူကြီးမှာမူ အခြေတည် ဝိညာဥ် ထိပ်ဆုံး အဆင့် ဖြစ်သည်။ သူသည် မဟာ ကျင့်ကြံသူတစ်ပိုင်း အဆင့်ကိုပင် ဝင်တော့မည် ဖြစ်သည်။
“သူ့ရဲ့ ကျင့်ကြံထားတဲ့ ကျင့်စဥ်က အစွမ်းထက်တယ် ဆိုပေမဲ့ နည်းနည်း နည်းလမ်း မကျနေဘူး... နောက်ပြီး သူ့ရဲ့ အငွေ့အသက်ကလည်း သိပ်မသန့်စင်ဘူး... သူက လေလွင့် ကျင့်ကြံသူ တစ်ယောက်ပဲ ဖြစ်ရမယ်”
ထို့နောက် ချန်းဖန်သည် ဆက်လက်၍ ကျန်းဖေးဖေးကို အကဲခတ်လိုက်၏။ သူမကား ယခင်ကထက် ပို၍ အစွမ်းထက်လာခဲ့သည်။ ချန်းဖန်သည် သူမက အသက်လတ် ကျင့်ကြံသူကို “ဆရာ” ဟု ခေါ်သည်ကို တစ်ချက်တစ်ချက် ကြားရသည်။
အသက်လတ် ကျင့်ကြံသူသည် အတော်အတန် အဆင့်အတန်း မြင့်မားဟန် ရသည်။ ယာဥ်ပျံမှ အစောင့်များ ပင်လျှင် သူ့အတွက် လမ်းတစ်ခု ရှင်းပေးရသည်။ ထို့နောက် တန်ဖိုးကြီး အဝတ်အစားများ ဝတ်ဆင်ထားသည့် လူအချို့သည် သူ့ထံသို့ ရောက်လာကာ သူ့အား ယာဥ်ပျံ အတွင်းပိုင်းသို့ ဖိတ်ခေါ်သွားခဲ့သည်။
“ရောင်းရောင်းချန်း... ဘာကြည့်နေတာလဲ... ကျုပ်တို့ အလှည့်ရောက်ပြီဗျ...”
ဖက်တီးကောက ချန်းဖန်အား ကြည့်ရင်း ပြောလိုက်၏။
“အဲဒီ မိန်းမလှလေးကို ရောင်းရင်း စိတ်ဝင်စားနေတာလား... သွားမလုပ်နဲ့ဗျ... အထူးတန်းက လူတွေက နောက်ခံ ကောင်းကောင်း ရှိတယ်”
“ဟဟ... မဟုတ်ပါဘူး... ဘာလို့ မဟာ ကျင့်ကြံသူ တစ်ပိုင်း ကျင့်ကြံသူက မူလ အဆင့်ကို အတူခေါ်သွားတာလဲ ဆိုတာ အံ့သြနေတာပါ”
“အဲဒီ မိန်းကလေးက အင်အားကြီး မိသားစု တစ်ခုခုရဲ့ ပါရမီရှင် ဖြစ်နေလို့ နေချင်နေမှာပေါ့”
ဖက်တီးကောက ခန့်မှန်းလိုက်သည်။
လုံခြုံရေး စစ်ဆေးမှုကို အောင်မြင်စွာ ခံယူပြီးနောက် ချန်းဖန်တို့သည် နေဝင်လှေပေါ်သို့ တက်ခွင့် ရကြလေသည်။ ကောချွမ်းတုန်း၏ အခန်းမှာ ချန်းဖန်နှင့် အဝေးလှချေ။ သူ့တွင် ချန်းဖန် အပြင် အခြား ဧည့်သည် ရှစ်ယောက် ရှိ၏။
ချန်းဖန်တို့ လှေပေါ်သို့ ရောက်ရှိပြီး မကြာမီတွင်ပင် နေဝင်လှေသည် ဖြည်းညင်းစွာ စတင် ရွေ့လျား လာသည်။ ထိုအရာကား ထျန်းလန်ဂြိုဟ်နယ်မြေသို့ စတင် ထွက်ခွာနေခဲ့ပြီ ဖြစ်သည်။ နေဝင်လှေသည် ခရီးသည်များကိုသာ သယ်ဆောင်ခြင်း မဟုတ်ချေ။ တောင်ပိုင်း ဒေသငယ်ရှိ တွင်းထွက်များ၊ ထုတ်ကုန်များကိုပါ ထျန်းလန်ဂြိုဟ်နယ်မြေသို့ သယ်ဆောင်၏။
ချန်းဖန် အခန်းအတွင်း ထိုင်ကာ ကျင့်ကြံရန် ဟန်ပြင်လိုက်စဥ်မှာပင် ဖက်တီးကောမှာ သူ့ထံသို့ ရောက်ချလာ၏။
“ရောင်းရင်းချန်... ကျင့်ကြံဖို့ မတွေးနဲ့ဦးဗျ... ဗဟို အပန်းဖြေ ဧရိယာကို သွားကြမယ်...”
ချန်းဖန်က လှမ်းကြည့်လိုက်ရာ ဖက်တီးကော၏ နောက်၌ ကျင့်ကြံသူ ရှစ်ယောက်ကို တွေ့လိုက်ရသည်။ အဝတ်အစားများ အရ ထိုလူများမှာ တောင်ပိုင်း ဒေသငယ်မှ ဖြစ်ဟန်တူသည်။ သူတို့ထဲမှ အများစုမှာ ရင်းနှီး ဖော်ရွေဟန် ရ၏။ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်သာလျှင် မာနကြီးဟန် ရသည်။ သူသည် အခြား ရွှေအမြုတေ အဆင့်များနှင့် မရောမနှောပဲ သူ့ကိုယ်သူ တစ်ဆင့်မြင့်သည် ဟု သတ်မှတ်ထားပုံ ပေါ်သည်။
“ကောင်းပြီလေ...”
ချန်းဖန်က ခေါင်းညိတ်လိုက်၏။ သူသည် ကျန်းဖေးဖေး၏ နံဘေးရှိ ဝတ်စုံနက်ဝတ် လူကြီးမှာ မည်သည့် အဆင့်အတန်းရှိသည်ကို သိလိုပေသည်။
ဖက်တီးကောကား အလွန်ပင် လူရည်လည် လှသည်။ သူသည် ချန်းဖန် လိုချင်သော အဖြေကို နာရီဝက် အတွင်းမှာပင် ရအောင် ဖော်ထုတ်ပေးနိုင်ခဲ့သည်။
“သူ့နာမည်က ကြယ်ပင်လယ် အထီးကျန် သူရဲကောင်း စွန်းယုဖုန်း...”
“သူက မဟာ တစ်ပိုင် ကျင့်ကြံသူ... ဓားတစ်ချောင်းတည်းနဲ့ ချန်ရှန်းဂိုဏ်းကို စိန်ခေါ်ခဲ့တဲ့သူ... နောက်ဆုံး မဟာ ကျင့်ကြံသူနဲ့ ရင်ဆိုင်ရတဲ့ အခါမှာတောင် သူက အသက်ဘေးက လွတ်အောင် ထွက်ပြေးနိုင်ခဲ့တယ်... သူက တောင်ပိုင်း ဒေသငယ်ရဲ့ အစွမ်း အထက်ဆုံး လေလွင့် ကျင့်ကြံသူလို့ ဆိုနိုင်တယ်”
“ထူးဆန်းတယ်... ဘာလို့ ကျန်းဖေးဖေးက သူ့လို လူနဲ့ ရှိနေတာလဲ”
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ အကယ်၍ ထိုအထီးကျန် သူရဲကောင်း ဆိုသူက ကျန်းဖေးဖေးကို အတင်းအကြပ် ခေါ်ဆောင်ထားခြင်း ဆိုပါလျှင်မူ ချန်းဖန်သည် လက်ပိုက် ကြည့်နေလိမ့်မည် မဟုတ်ချေ။ ကျန်းဖေးဖေးမှာ အန်တီထန်၏ တူမ ဖြစ်သည်။ သို့သော်လည်း ထိုသို့ အတူရှိနေခြင်းက ကျန်းဖေးဖေး၏ သဘော ဆိုလျှင်မူ သူနှင့် ဘာမှ မသက်ဆိုင်တော့ချေ။
နေဝင်လှေပေါ် လှည့်ပတ်ကြည့်ပြီးနောက် ချန်းဖန်မှာ အခန်းအတွင်း ပြန်၍ ကျင့်ကြံ နေလိုက်၏။ သို့သော်လည်း ကျန်းဖေးဖေး၏ အကြောင်းကို သူတွေးမိနေဆဲ ဖြစ်၏။
နောက်တစ်နေ့ နံနက်...
ဖက်တီးကောသည် ချန်းဖန်အား မနက်စာ စားရန် လာရောက် ဖိတ်ခေါ်၏။ စားသောက်ခန်းမထဲသို့ အရောက်၌ ချန်းဖန်သည် တိုက်တိုက်ဆိုင်ဆိုင် ကျန်းဖေးဖေးကို တွေ့လိုက်ရသည်။
မိန်းကလေးသည် အလွန်လှပ နေ၏။ သူမသည် အနီရောင် ဝတ်စုံကို ဆင်မြန်းထားသည်။ သူမ၏ အနက်ရောင် ဆံပင်ရှည်များသည် ရေတံခွန် ကဲ့သို့ ဖြာကျနေကာ သူမ၏ မျက်လုံးများမှာ တလက်လက် တောက်ပနေလေ၏။ ဖက်တီးကော အပါအဝင် ချန်းဖန်၏ ဘေးနားရှိ လူများဆိုလျှင် အသက်ရှူပင် မှားနေကြပြီ ဖြစ်လေသည်။ အခြေတည် ဝိညာဥ် အဆင့်များပင် သူမအား လှည့်မကြည့်ပဲ မနေနိုင်အောင် ဖြစ်ကြရသည်။
ကျန်းဖေးဖေးကား နေဝင်လှေပေါ်၌ ကျော်ကြားပုံ ပေါ်သည်။ အခြားလူများ၏ ပြောစကားများကို နားထောင်ရင်း ချန်းဖန်သည် ကျန်းဖေးဖေး အကြောင်း အတော်အတန် သိလာရသည်။
အထီးကျန် သူရဲကောင်း စွန်းယုဖန်းသည် သူမအား တပည့် အဖြစ် လက်ခံထားခြင်း ဖြစ်သည်။ သူမ၏ စီနီယာ ပိုင်ကျိချွမ်းမှာလည်း တောင်ပိုင်း ဒေသငယ်တွင် ကျော်ကြားသော ပါရမီရှင် တစ်ဦး ဖြစ်၏။ ပိုင်ကျိချွမ်းသည် အသက် ၂၇၅ နှစ်တွင်ပင် အခြေတည် ဝိညာဥ် အဆင့်သို့ ရောက်ရှိခဲ့ရာ တောင်ပိုင်းဒေသငယ် သတ်မှတ်ချက် ပြင်ပရှိ ထာဝရဂိုဏ်းများ၏ မဟာ နတ်ဘုရား မင်းသားများနှင့်ပင် နှိုင်းယှဥ်နိုင်ပေသည်။
ကျော်ကြားမှုများနှင့် လိုက်ဖက်ညီစွာပင် ကျန်းဖေးဖေးသည် အလွန် ပါရမီ မြင့်မားလှ၏။ ထျန်းလန် ဂြိုဟ်နယ်မြေ တစ်လွှားရှိ များစွာသော တပည့်များနှင့် နတ်ဘုရား မင်းသားများ ပင်လျှင် သူမအား အလေးထားကြသည်။ တောင်ပိုင်း ဒေသငယ်မှ လာသည့် မိသားစုကြီးများမှ ပါရမီရှင်များ ဆိုလျှင် သူမထံသို့ သွားရောက် မိတ်ဆက် နေကြပြီ ဖြစ်သည်။
မိန်းကလေး၏ နောက်၌ လူငယ် အချို့မှာ ရပ်နေကြ၏။ သူတို့ အားလုံးမှာ အလွန် အစွမ်းထက်ကာ ကိုယ်ရောင် ကိုယ်ဝါများနှင့် တောက်ပနေကြသည်။ သူတို့သည် အလွန် ငယ်ရွယ်ပုံသည့်တိုင် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများ ဖြစ်နေကြပြီ ဖြစ်သည်။
“နေဦး... ရှင်က...”
ကျန်းဖေးဖေးမှာ စားပွဲတစ်လုံး၌ ထိုင်ကာ နံနက်စာ စားနေသည့် ချန်းဖန်ကို မြင်တွေ့လိုက်သော အခါ ဆွံ့အ သွား၏။ သူမမှာ ချက်ချင်းပင် ချန်းဖန်၏ နံဘေးသို့ ရောက်လာခဲ့သည်။
“ဘာဖြစ်လို့ပဲ မိန်းကလေး...”
ချန်းဖန်က တည်ငြိမ်စွာ ဆိုလိုက်၏။
“ရှင်က ကျွန်မ မိတ်ဆွေဟောင်း တစ်ယောက်နဲ့ တူလို့ပါ... ရှင်သာ စိတ်မရှိရင် ကျွန်မ ရှင့်နာမည်ကို သိခွင့် ရှိမလား..”
ကျန်းဖေးဖေးက စိတ်လှုပ်ရှားမှုများကို ထိန်းရင်း မေးလိုက်သည်။
“မင်း ငါ့ကို တစ်ယောက်ယောက်နဲ့ လူမှားတာ နေမှာပါ... ငါ နင့်ကို တစ်ခါမှ မမြင်ဖူးတဲ့ အတွက် ငါတို့က မိတ်ဆွေတွေ မဖြစ်နိုင်ပါဘူး”
ချန်းဖန်က ပြုံးကာ ဆက်ပြောလိုက်၏။
“ငါ့နာမည်က ချန်းမူ...”
“ချန်းမူ...”
ကျန်းဖေးဖေးက ခေါင်းများကို ငုံ့လိုက်သည်။ ထိုအနက်ရောင် ဝတ်စုံဝတ် လူကား ချန်းပေ့ရွှမ်းနှင့် အလွန် ဆင်တူလွန်းသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းမှာ အမြဲတစေ မောက်မာလွန်းသူ ဖြစ်သည်။ သူသည် ထာဝရဂိုဏ်း ခုနစ်ဂိုဏ်း၏ စစ်တပ်များကိုပင် ဖျက်ဆီး ပစ်ခဲ့သူ ဖြစ်၏။ သူမ၏ ဆရာပင်လျှင် ထိုကောင်စုတ်ကို ကြောက်ရသည်။
သို့သော်လည်း ချန်းမူတွင်မူ ထိုကဲ့သို့သော စွမ်းအား ရှိပုံ မရချေ။
“ငါအတွေးလွန်တာ နေမှာပါလေ... သူက မြောက်ပိုင်းချုံးရဲ့ နတ်ဘုရား အရှင်ပဲ မလား... ဘယ်လိုလုပ်ပြီး သူက ငါ့လို လူတစ်ယောက် အတွက် ထျန်းလန်ဂြိုဟ် အထိ လိုက်လာမှာပဲ... နောက်ပြီး သူသာဆိုရင် ငါ့ကို ခုလို ဆက်ဆံမှာ မဟုတ်ဘူး... ငါ့ကို ဖမ်းပြီး ချက်ချင်း ကမ္ဘာဆီ ပြန်ခေါ်သွားမှာ သေချာတယ်”
ကျန်းဖေးဖေးက သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမ၏ မျက်လုံးတွင်မူ ဝမ်းနည်းခြင်း အရိပ်အငွေ့ကများက ဖြတ်ပြေး သွားခဲ့လေသည်။
ထိုအခိုက်တွင်ပင် နှင်းကဲ့သို့ ဖြူစွတ်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် ပိုင်ကျိချွင်းမှာ သူမ အနားသို့ ရောက်ရှိလာ၏။
“ဖေးဖေး ညီမလေး... ရောင်းရင်း မင်ထန်က ငါတို့ကို အခန်းထဲမှာ စောင့်နေတယ်... သူက ရွှမ်မြို့ မင်မိသားစုဝင် တစ်ယောက်လေ... ငါတို့ ဒီဂြိုဟ်နယ်မြေကို အလည်အပတ် လာခွင့်ရတာ သူ့ကြောင့်လို့ ဆိုနိုင်တယ်... ငါတို့ နောက်ကျလို့ မဖြစ်ဘူး”
“တောင်းပန်ပါတယ်...”
ကျန်းဖေးဖေးက ပြောကာ ခေါင်းကို ငုံ့လျှက် ပိုင်ကျိချွမ်းနှင့် အတူ လိုက်ပါသွား၏။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် သူမက ရုတ်တရက် နောက်သို့ လှည့်ကာ ချန်းဖန်အား ကြည့်လိုက်သည်။
“တကယ်လို့ ရှင်ရွှမ်မြို့ကို သွားဖြစ်ခဲ့ရင်... ကျွန်မကို သိတယ်လို့ ပြောလို့ ရပါတယ်”
ထို့နောက် သူမသည် ထွက်ခွာသွားတော့သည်။
***