← Chapters

ခွဲခွာခြင်း

Vol. 12 Ch. 1184

ခွဲခွာခြင်း

Vol. 12 Ch. 1184

ကျန်းဖေးဖေး ပျောက်ကွယ်သွားပြီးနောက် ဘေးနားရှိ ဖက်တီးကောက ချန်းဖန်၏ ပခုံးအား ရိုက်ကာ ထအော်လိုက်၏။

“ငါမျက်စိမှားတာလား... ကျန်းဖေးဖေးက ရောင်းရောင်းချန်းကို စကားပြောသွားတယ်ဟ...”

“အဲဒါက ကျန်းဖေးဖေးလေ... သူ့ရဲ့ ဆရာနဲ့ စီနီယာ အကိုက အရမ်း‌ ကျော်ကြားတယ်... မရေမတွက်နိုင်တဲ့ လူတွေဆို သူတို့ကို တွေ့ဖို့ တိုးဝှေ့နေရတာ... ငါ့ဆွေမျိုး အချို့တောင် သူတို့နဲ့ တွေ့ပြီး အကျိုးအမြတ် အချို့ ရချင်နေကြတာ”

အခြား ဧည့်သည်များကလည်း ချန်းဖန်အား မနာလိုစွာ ကြည့်လိုက်ကြသည်။

မဟာ တစ်ပိုင်း ကျင့်ကြံသူများသည် ဤနေရာ၌ တန်ခိုးသြဇာ ကြီးမားလှသည်။ ထို့အပြင် စွန်းယုဖုန်းမှာ တောင်ပိုင်း ဒေသငယ်တွင် ဒဏ္ဍာရီ သဖွယ် ဖြစ်သည်။ သူသည် အဆင့်နိမ့်နှင့် အလယ်ဆင့် ကျင့်ကြံသူများ၏ နှလုံးသားများထဲတွင် နတ်ဘုရား သဖွယ် ဖြစ်၏။

“သူက ငါ့ကို လူမှားရုံ သက်သက်ပါပဲ...”

ချန်းဖန်က ပြုံးကာ ခေါင်းခါလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သူက ခင်ဗျားကို စိတ်ဝင်စားနေတာလေ... ရောင်းရင်းချန်း... နောက်ပြီး ခင်ဗျားကလည်း သူတို့ အကြောင်း မေးတာ ကျုပ် မှတ်မိသေးတယ်... ခင်ဗျားတို့ နှစ်ယောက်ကြားမှာ တစ်ခုခု ရှိနေတယ် မလား... ခင်ဗျားတို့က တကယ်ပဲ မိတ်ဆွေတွေမလား”

ဖက်တီးကောက ချန်းဖန်အား သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူက ထိုအတွေးကို ချက်ချင်းပင် ပယ်ဖျောက်လိုက်သည်။ ကျန်းဖေးဖေးသာ သာမန် ရွှေအမြုတေ အဆင့်လေး တစ်ယောက်နှင့် မည်ကဲ့သို့ မိတ်ဆွေ ဖြစ်နိုင်ပါမည်နည်း။

“ထားလိုက်ပါလေ... ဪ ဒါနဲ့ သူတို့ သွားတွေ့တဲ့ မင်ထန် ဆိုတဲ့လူ ဘယ်လောက် အထင်ကြီးဖို့ ကောင်းလဲ ဆိုတာ ရောင်းရင်းချန်းသိလား... သူ့ရဲ့ နောက်ခံ မင်မိသားစုက ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့် တစ်ယောက်ကိုတောင် ပိုင်ဆိုင်ထားတာတဲ့ မောင်ရေ... ဒီဂြိုဟ်နယ်မြေ တစ်ခုလုံးမှာ သူတို့ မလုပ်နိုင်တာ ဘာမှ မရှိဘူး... ကြည့်ရတာ စွန်းယုဖုန်းက မင်မိသားစုနဲ့ ပနံ့တင့်ပုံရတယ်”

“မဟာ ကျင့်ကြံသူ...”

များစွာသော တန်ခိုးရှင်များမှာ ခေါင်းညိတ်လိုက်ကြသည်။ ထျန်းလန်ဂြိုဟ်နယ်မြေ၌ မင်မိသားစုမှာ တန်ခိုးထွားခြင်းမှာ မထူးဆန်းတော့ချေ။

နေဝင်လှေပေါ်၌ နေ့ရက်များမှာ လျှင်မြန်စွာ ကုန်လွန်နေသည်။ ချန်းဖန်သည် ဖက်တီးကော အပြင် အခြား မိန်းကလေး ကျင့်ကြံသူ တစ်ယောက်နှင့်လည်း ရင်းနှီးလာ၏။

သူမ၏ နာမည်မှာ ဝမ်ယွမ်ယွမ် ဖြစ်သည်။ ထို့အပြင် တိုက်ဆိုင်စွာပင် သူမသည်လည်း လင်းယန်ဂြိုဟ်နယ်မြေသို့ သွားရောက်မည့် ခရီးသည် ဖြစ်သည်။ သူမ၏ ဆွေမျိုးအချို့မှာ ထိုနေရာ၌ နေထိုင်ကြသည်။

ဝမ်ယွမ်ယွမ်သည် အခြားလူများနှင့် စာလျှင် ချန်းဖန်အား ပိုမို ရင်းနှီးစွာ ဆက်ဆံ၏။ သူမနှင့် ချန်းဖန်ကား တစ်ခရီးတည်း ဆက်သွားမည့် လူများ ဖြစ်သည်။ ထို့ကြောင့်ပင် ဝမ်ယွမ်ယွမ်သည် မိန်းကလေး သဘာဝ အရ ချန်းဖန်အပေါ် မှီခိုခြင်း ဖြစ်ပေလိမ့်မည်။

နောက်ရက်များ၌ ကျန်းဖေးဖေးသည် သူမအားသည့် အခါတိုင်း ချန်းဖန်ထံသို့ လာရောက်ကာ ဝိညာဥ်ဝိုင် သွားရောက် သောက်ရန် ဖိတ်ခေါ်၏။ ချန်းဖန်သည် မသွားချင်သော်လည်း မိန်းကလေး၏ ဆန္ဒကို မငြင်းဆန် လိုသဖြင့် လက်ခံလိုက်သည်။ မည်သို့ပင် ဆိုစေ သူမသည် သူ၏ တစ်ဦးတည်းသော အသိအကျွမ်း ဖြစ်သည့် အပြင် အန်တီထန်၏ တူမလည်း ဖြစ်ပေသည်။

ဖက်တီးကောနှင့် အခြားလူများမှာ ထိုအရာကို အလွန်အမင်း သဘောကျနေကြ၏။ သူတို့သည် ချန်းဖန်နှင့် ကျန်းဖေးဖေးကို ငြိပင် ငြိစေချင်နေကြသည်။

ထိုနေ့၌...

“ရှင်က ကျွန်မ သိဖူးတဲ့ တစ်ယောက်နဲ့ အရမ်းတူတယ်... တကယ်လို့ ရှင့်မှာသာ သူ့လို စွမ်းအားတွေ ရှိနေခဲ့မယ် ဆိုရင် သူ ဒီကို ရောက်လာတယ်လို့ ကျွန်မ တွေးမိမှာ အသေအချာပဲ”

ဝိညာဥ် သစ်သီးဝိုင် အချို့ သောက်သုံးပြီးနောက် ကျန်းဖေးဖေး၏ မျက်လုံးများမှာ အနည်းငယ် ရီဝေလာ၏။

ချန်းဖန်မှာ ဘာပြောရမှန်း မသိချေ။ သူက ဖြူရော်စွာ ပြုံးကာ ခေါင်းခါပြလိုက်သည်။

“မိန်းကလေးကျန်း... ငါ မင်းရဲ့ မိတ်ဆွေ မဟုတ်ပါဘူး”

ကျန်းဖေးဖေးက ဘာမှ ပြန်မပြောပဲ ခွက်ထဲရှိ သစ်သီးဝိုင်ကို အရင် ပြတ်အောင် ဖြတ်လိုက်သည်။ ထို့နောက်တွင်မှ သူက ချန်းဖန်အား ခံစားချက် ပြင်းထန်စွာ ကြည့်လိုက်၏။

“ကျွန်မ သိပါတယ်... ရှင်က သူ မဖြစ်နိုင်ဘူး ဆိုတာ... သူက  ထာဝရဂိုဏ်း ခုနစ်ဂိုဏ်းကို အနိုင်ယူပြီး ကြယ်ကြွေ ဘုရင် ချင်ကျန်းကိုတောင် သတ်နိုင်ခဲ့တဲ့လူ... အသက် ၅၀ တည်းနဲ့ အခြေတည် ဝိညာဥ် နောက်ဆုံး အဆင့်ကို ရောက်နေတဲ့လူ... တောင်ပိုင်း ဒေသငယ်ကို လာရင်တောင် ထိပ်တန်း ကျင့်ကြံသူ ဆယ်ယောက်ထဲ ဝင်နိုင်တဲ့လူ... အဲဒီလို လူက ဘယ်လိုလုပ်ပြီး ရှင်ဟုတ်နိုင်မှာလဲ”

“မြောက်ပိုင်းချုံးရဲ့ နတ်ဘုရား အရှင်...”

ထိုစကားကို ကြားရသည့် များစွာသော လူများမှာဖြူရော်သွားကြ၏။ သူတို့သည် ကျန်းဖေးဖေးအား အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။ ချန်းပေ့ရွှမ်းမှာ သူမ၏ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ တွေးပင် မတွေးမိကြချေ။

“ကျုပ်က ရှန်းယန်ဂြိုဟ်နယ်မြေရဲ့ ရွှေအမြုတေ အဆင့် တစ်ယောက်ပါပဲ... ဘယ်လိုလုပ်ပြီး မြောက်ပိုင်းချုံး ကောင်းကင်အရှင်နဲ့ နှိုင်းယှဥ်နိုင်မှာလဲ”

ချန်းဖန်က သဘာဝ ကျစွာ ပြောလိုက်သည်။

“ဟမ့်... ရှင်က သူ့ထက်တောင် ပိုပြီး ကောင်းသေးတယ်... အဲဒီကောင်က အရမ်း မောက်မာပြီး မာနကြီးတယ်... သူပြောလိုက်တဲ့ စကားလုံးတိုင်းကလည်း သူများတွေကို အထင်သေးတဲ့ ပုံစံတွေချည်းပဲ... ကျွန်မတို့ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ဘယ်လောက်ပဲ အောင်မြင်အောင်မြင် အရာ အားလုံးက အဲဒီကောင်ရဲ့ မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူး”

“ရှင်တို့ကတော့ ထင်မှာပေါ့... မြောက်ပိုင်းချုံး ကောင်းကင်အရှင်က ပြိုင်ဘက်ကင်း ပါရမီရှင်... အရမ်း အားကျစရာ ကောင်းတဲ့လူလို့... ဒါပေမဲ့ အဲဒါနဲ့ပဲ သူက လူတွေကို အထင်သေးလို့ ရပြီလား... ငါ မဟာ ကျင့်ကြံသူ ဖြစ်လာတဲ့ တစ်နေ့ကျရင် ကမ္ဘာဆီကို ပြန်ပြီး နင့်ကို အနိုင်ယူမယ်... နင် ခေါင်းငုံ့ပြီး ငါ့ကို မော့မကြည့်ရဲအောင် လုပ်ပြမယ်”

ကျန်းဖေးဖေးက ဒေါသတကြီးဖြင့် ရှေ့ရှိ စားပွဲခုံကို လက်သီးဖြင့် ထုရင်း ပြောဆိုလိုက်၏။  ထိုအခိုက်၌ သူမ၏ မျက်နှာကား နီရဲနေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်မှာ သူမအား ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ ဘာလဲဟ... ငါ ဘယ်တုန်းက သူ့ကို အထင်သေးမိလို့လဲ။

ကျန်းဖေးဖေးမှာ စိတ်ထိန်းချုပ်မှု ကင်းလွတ်နေပုံ ရသည်။ သူမသည် စားပွဲကို ထုနှက် ကန်ကျောက်ရင်း ဒေါသတကြီး ဆက်ပြောနေ၏။

“ချန်းပေ့ရွှမ်း... နင် ‌စောင့်နေ... ငါ ထျန်းလန်ဂြိုဟ်နယ်မြေကို သွားမယ်... ပြီးတာနဲ့ ဗဟို ဂလက်စီ အထိပါ ရောက်အောင် သွားမယ်... ငါ့ရဲ့ ပါရမီနဲ့ ဆိုရင် နင့်ကို အနိုင်ယူဖို့ ရာစုနှစ် သုံးခု... မဟုတ်ဘူး ရာစုနှစ် တစ်ခု လောက်ပဲ ကျင့်ကြံရမှာ... နင်က ပါရမီရှင် ဆိုရင် ငါကလည်း ပါရမီရှင်ပဲ”

မရေမတွက်နိုင်သော လူများသည် ကျန်းဖေးဖေးအား ကြောင်ကာ ကြည့်နေကြသည်။ သူတို့သည် အလွန်တရာ လှပသည့် နတ်မိမယ်ကိုပင် ဒေါသထွက်စေသည့် ချန်းပေ့ရွှမ်း ဆိုသူ၏ မောက်မာမှုကို တွေးကာ ပုံဖော် နေခဲ့ကြလေသည်။

“ဖေးဖေး... နင် မူးနေပြီလား...”

ပိုင်ကျိချွမ်းမှာ မိန်းကလေးထံသို့ ရောက်ရှိကာ ညင်သာစွာ ဆွဲထူလိုက်သည်။

ချန်းဖန်သည် ခေါင်းကို ငုံ့၍ အရက်ကိုသာ ဆက်သောက်နေခဲ့၏။ ထိုသို့ မနေလျှင် သူ ဘာလုပ်ရမည်နည်း။ သူ့အကြောင်း ပေါက်ကရလေးဆယ် ပြောနေသော ထိုမိန်းကလေးကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်၍ သတ်လိုက်ရမည်လော။

မြောက်ပိုင်းကောင်းကင်အရှင်သည် ရက်စက်သူ တစ်ယောက် ဖြစ်သော်လည်း အဆင်အခြင်မဲ့သူ တစ်ယောက် မဟုတ်ပါချေ။ ထို့အပြင် ကျန်းဖေးဖေးမှာ သူ၏ ဂျူနီယာတစ်ယောက် သာလျှင် ဖြစ်ပေသည်။ ထို့ကြောင့်ပင် ချန်းဖန်မှာ ပါးစပ်ကိုသာ ပိတ်ထားရသည်။

“ဒါနဲ့ ခင်ဗျား လင်းယန်ကို သွားမှာလား ရောင်းရင်းချန်း...”

ပိုင်ကျိချွမ်းက လက်တစ်ဖက်ဖြင့် မိန်းကလေးကို ကိုင်ရင်း ချန်းဖန်အား မေးလိုက်သည်။

“ဟုတ်တယ်... ကျုပ်မိသားစုက လင်းယန်မှာလေ”

ချန်းဖန်က ပြောလိုက်သည်။

“လင်းယန်ဂြိုဟ်နယ်မြေက ရွှမ်မြို့တော်နဲ့ သိပ်မတူဘူး ဆိုပေမဲ့ နေရာနှစ်ခုက ဆက်စပ်နေတယ်လို့ ဆိုနိုင်ပါတယ်... တကယ်လို့ ခင်ဗျား လိုအပ်တာ တစ်ခုခု ရှိရင် ကျုပ်ကို ဆက်သွယ်ပါ... ဒါမှမဟုတ် ကျုပ်က ခင်ဗျားရဲ့ မိတ်ဆွေလို့သာ ပြောလိုက်ပါ... အဲဒါက ခင်ဗျားကို အတော်အတန် ကူညီပေးနိုင်မှာပါ”

ပိုင်ကျိချွင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

လူတိုင်းသည် ချန်းဖန်အား မနာလိုခြင်းများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဝိုင်းကြည့် လိုက်ကြသည်။ ကျန်းဖေးဖေးနှင့် ပိုင်ကျိချွမ်း ပြောသော စကားလုံးများမှာ ကွဲပြား ခြားနားသော အဓိပ္ပာယ်များကို ဆောင်သည်။

မည်သို့ပင် ဆိုစေ ကျန်းဖေးဖေးမှာ လက်ရှိ၌ မူလ အဆင့် ကျင့်ကြံသူ တစ်ယောက်မျှသာ ဖြစ်သည်။ သူမ လုံလောက်စွာ အစွမ်းထက်လာရန် အတွက် ရာစုနှစ်နှင့်ချီ ကြာဦးမည် ဖြစ်သည်။ သို့သော်လည်း ပိုင်ကျိချွင်းမှာမူ တောင်ပိုင်း ဒေသငယ်တွင် ကျော်ကြားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ပိုင်ကျိချွင်းနှင့် ရင်းနှီးမှုကြောင့် ချန်းဖန်မှာ ရွှမ်မြို့တော်နှင့် လင်းယန်တို့တွင် နေရာတစ်ခု ရလာတော့မည်မှာ သေချာလှပေသည်။

ကျန်း‌ဖေးဖေးသည် မူးအောင်သောက်ကာ ပေါက်ကွဲပြီးသည့်နေ့မှ စ၍ တစ်ခါမှ ထပ်မံ ပေါ်မလာတော့ချေ။ ဖက်တီးနှင့် အခြားလူများမှာ သက်ပြင်းများ ချမိကြ၏။ မည်သို့ပင် ဆိုစေ သူမမှာ တိမ်များ အကြား၌ နေထိုင်သည့် မင်းသမီးလေး ဖြစ်သည်။ သူတို့၏ ကမ္ဘာများမှာ ခြားနားလှပေသည်။

သို့သော်လည်း ချန်းဖန်မှာမူ ထိုအရာကို ဂရုစိုက်ခြင်း မရှိပါချေ။ သူက တိတ်ဆိတ်စွာပင် ကျင့်ကြံနေ၏။

တစ်လကြာပြီးနောက်...

သူတို့သည် ထျန်းလန်ဂြိုဟ်နယ်မြေသို့ ရောက်ရှိ လာခဲ့ကြသည်။ များစွာသော လူအုပ်စုများသည် ခွဲခွာကာ လူတိုင်းမှာ ခြားနားသည့် ဂြိုဟ်နယ်မြေများသို့ ဆက်လက် ခရီးနှင် သွားကြသည်။ ချန်းဖန်သည် နေဝင်လှေ‌ပေါ်မှ မဆင်းခင် ကျန်းဖေးဖေးတို့ အဖွဲ့မှာ နေဝင်လှေ ကဲ့သို့ ကြီးမားခန့်ငြားလှသည့် အခြား လှေကြီး တစ်ခုပေါ်သို့ ပြောင်းတက်သွားသည်ကို တွေ့လိုက်ရ၏။  ကျန်းဖေးဖေးသည် သူ့အား တစ်ချက်ပင် လည်ပြန် မကြည့်ခဲ့ချေ။

ချန်းဖန်တို့ အဖွဲ့မှာလည်း ကိုယ်စီကိုယ်စီ ဆက်လက် ခရီးနှင်ရန် ဟန်ပြင်လိုက်ကြသည်။ ချန်းဖန်ကို အံ့အားသင့်စေသည့် အချက်ကား မိန်းကလေး ကျင့်ကြံသူ ဝမ်ယွမ်ယွမ် အပြင် ဖက်တီးကောင် ကောချွမ်းတုန်းမှာလည်း  လင်းယန်ဂြိုဟ်နယ်မြေမှ ဖြစ်နေခြင်းပင်။

ထို့နောက်....

ဖက်တီးကော၏ ဦးဆောင်မှုအောက်၌ သူတို့သုံးယောက်သည် အခြား ကြယ်ရထား တစ်ခုကို ပြောင်းလဲ စီးလိုက်ကြသည်။

“အဖေ... အမေ... အဆင်ပြေရဲ့လား”

ချန်းဖန်သည် ကြယ်ရထားထက်၌ ထိုင်ကာ အတွေးများ ပျံ့လွင့်နေမိ၏။ ဆယ်နှစ်ကျော်ကြာပြီးနောက်၌ သူသည် မိဘများထံသို့ သွားရောက်နေခဲ့ပြီ ဖြစ်သည်။

***

All Chapters