ကောင်းကင်နတ်အရှင်မူ၏ ခြေတိုလေးများ
Vol. 128 Ch. 1651
သခင်လေးစစ်စစ်မှ သူဖုန်းစားဘဝသို့ ရောက်သွားရှာသော ချင်မူသည် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တဖုန်းကြေးပြားတစ်ပြားအား နတ်မိစ္ဆာလက်ထဲ ပြန်ထည့်ပေးလိုက်သည်။ “မလိုပါဘူး… ငါ့မှာ ငွေအများကြီးရှိတယ်… ဒီတဖုန်းကြေးပြားနှစ်ပြားကို အခု သိမ်းထားလိုက်… မလုံလောက်ဘူးဆိုရင် နောက်တစ်ခါ ထပ်ပေးမယ်”
နတ်မိစ္ဆာမှာ သူဖုန်းစားနှင့် တူနေသည့်တိုင် လေကြီးနေသည့်အပြင် တံခါးရွက်ပေါ်တွင် “ရပ်”လျက် စွမ်းအင်အကူးအပြောင်းတံတား၏ စီးဆင်းနေသော အလင်းရောင်များထဲသို့ မြောလွင့်သွားသည့် ချင်မူ့ကို စိုက်ကြည့်နေမိတော့သည်။
ချင်မူနှင့် တံခါးရွက် စွမ်းအင်အကူးအပြောင်းတံတားထဲသို့ ဝင်ရောက်သွားသည်နှင့် အလင်းရောင်စီးဆင်းမှုများက ကျယ်ပြန့်၍ အဆပေါင်းများစွာ သိပ်သည်းလာကြောင်း တွေ့လိုက်ရသည်။ မူလကြယ်ကောင်းကင်ဘုံတစ်ဘုံလုံး တုန်ရီသွားပြီး မြေကြီးသည် တသိမ့်သိမ့် လှုပ်ခတ်သွားလေ၏။ ကြယ်တာရာများလည်း လှုပ်ရှားသွားကြသည်။
စွမ်းအင်အကူးအပြောင်းတံတား၏ ယဇ်ပလ္လင်မှာ အလွန်တရာ မြင့်မားသည်။ မိုင်တစ်သောင်း မြင့်မားသော တောင်တန်းကြီးအလားပင်။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးအား နတ်ရွှေတို့ဖြင့် သွန်းလုပ်ထားပြီး အလွှာအမျိုးမျိုး ခွဲခြားထား၏။ လှည့်ပတ်နေသည့်အချိန်တွင် အလွှာအမျိုးမျိုးက မတူညီသော အရပ်မျက်နှာများသို့ လှည့်ပတ်ကြသည်။ အလွှာများပေါ်ရှိ သင်္ကေတများက ခုန်ပေါက်ထကြွကာ စွမ်းအင်အကူးအပြောင်းတံတားမှ ဖြစ်ပေါ်လာစေသည့် ဖိအားကို ခုခံထား၏။
ချင်မူနှင့် ကျားနက်နတ်မင်းတို့ စွမ်းအင်အကူးအပြောင်းတံတားကို တည်ဆောက်ခဲ့စဉ်အခါက ပင်မယဇ်ပလ္လင်တစ်ခုတည်းသာ ရှိပြီး သာမန်ယဇ်ပလ္လင်တစ်ခုသာ ဖြစ်ခဲ့သည်။ ထိုအချိန်တုန်းက ချင်မူနှင့် ကျားနက်နတ်မင်း၏ သင်္ချာအောင်မြင်မှုများက ထိုမျှ မမြင့်မားသောကြောင့် သူတို့ဖန်တီးခဲ့သည့် စွမ်းအင်အကူးအပြောင်းတံတားမှာ အတော်လေး စုတ်ချာခဲ့သည်။
သို့သော် နှစ်တစ်ရာကျော်ကြာပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်ဖွံ့ဖြိုးလာသည့်အခါမှာတော့ စွမ်းအင်အကူးအပြောင်းတံတား၏ အသုံးဝင်မှုသည် မြင့်မားလာခဲ့တော့သည်။ နှစ်ဖက်စလုံးတွင် ပင်မယဇ်ပလ္လင်များ ရှိလာကြကာ စွမ်းအင်အကူးအပြောင်းတံတားကြောင့် ဖြစ်ပေါ်လာသည့် ဖိအားကို ဝေမျှခုခံပေးကြသည်။
သို့သော် ချင်မူ စွမ်းအင်အကူးအပြောင်းတံတားကို ဝင်ရောက်လိုက်သည့်အချိန်တွင်တော့ အလင်းပြန့်ကားလာသည့် အမြန်နှုန်းမှာ မြန်ဆန်လွန်းသဖြင့် ယဇ်ပလ္လင်ပေါ်ရှိ သင်္ကေတများက ချက်ချင်းပင် အထွတ်အထိပ်အထိ မြင့်တက်သွားကြချေပြီ။
နတ်မိစ္ဆာ စိုက်ကြည့်နေစဉ် အလွှာတစ်ခုချင်းစီသည် အမြင့်ဆုံး အမြန်နှုန်းဖြင့် လှည့်ပတ်နေသည်အား တွေ့လိုက်ရ၏။ လှည့်ပတ်နေသည့် အမြန်နှုန်းက လျင်မြန်လွန်းပြီး ယစ်ပလ္လင်တစ်ခုလုံးကို နေမင်းအရှေ့တွင် ချထားသကဲ့သို့ နီရဲတောက်လာစေသည်။
“မြန်မြန် ရေနတ်ဘုရားကို သွားခေါ်လိုက်”
နတ်မိစ္ဆာက အလျင်အမြန် အော်ဟစ်လိုက်၏။ “ယစ်ပလ္လင်ရဲ့ အပူချိန်ကို လျှော့ချမှ ဖြစ်မယ်”
စွမ်းအင်အကူးအပြောင်းတံတားတိုင်းတွင် ရေနတ်ဘုရားတစ်ပါးစီ စောင့်ကြပ်ရသည်။ ဤသည်က အင်အားကြီးမားသော ပုဂ္ဂိုလ်များ စွမ်းအင်အကူးအပြောင်းတံတားကို ဖြတ်သန်းသွားသည့်အခါ ယစ်ပလ္လင်အား ဖိအားပေးမိပြီး တံတားပျက်စီးခြင်းမှ လူများမသေအောင် ကာကွယ်ရန်ဖြစ်သည်။
ကောင်းကင်နတ်ဘုံ ကမ္ဘာဦးဘုံ၏ အပြင်ဘက်မှ ဘိုးဘေးနန်းတော်အတွင်းသို့ ရွှေ့ပြောင်းလာခဲ့သည့်အချိန်တွင် ကောင်းကင်နတ်ဘုံသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အလွန်ကြီးမားသော စွမ်းအင်အကူးအပြောင်းတံတားများ တည်ဆောက်ပေးရန် အမိန့်ပေးခဲ့သည်။ ထိုစွမ်းအင်အကူးအပြောင်းတံတားများသည် ကောင်းကင်နတ်ဘုံတစ်ဘုံလုံးကို ဘိုးဘေးနန်းတော်သို့ ရွှေ့ပြောင်းပေးခဲ့ပြီး စွမ်းအင်ပုံပျက်မှုများအား ပိုမိုပြင်းထန်စေခဲ့သည်။ ရလဒ်အနေဖြင့် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်သည် ယဇ်ပလ္လင်၏ အပူချိန်ကို လျှော့ချရန် ကောင်းကင်နတ်မြစ်အား အသုံးပြုခဲ့ရ၏။
ရေနတ်ဘုရားတချို့က ပျံသန်းလာပြီး အနီးရှိ မြစ်ရေကို စုစည်းကာ ယဇ်ပလ္လင်အား အပူချိန်လျော့ကျအောင် အတတ်နိုင်ဆုံး ဖြန်းနေကြသည်။ သို့သော် သာမန်မြစ်ရေမျှနှင့် အသုံးမဝင်ပေ။
ယဇ်ပလ္လင်အလွှာများ၏ လှည့်ပတ်မှုက ပိုပို၍မြန်ဆန်လာပြီး ပလ္လင်ကို ရဲရဲနီလာစေတော့သည်။ သူတို့ဘေးရှိ တစ်စုံတစ်ယောက်က အလောတကြီး အော်ဟစ်လိုက်၏။ “အေးသွားအောင် ကောင်းကင်နတ်မြစ်ရေကို သုံး”
ကျန်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကောင်းကင်နတ်မြစ်သည် မြောက်ဝင်ရိုးစွန်းကောင်းကင်ကို ဖြတ်သန်း၍ လိပ်နက်နတ်မင်း၏ ပိုင်နက်အား ဖြတ်သန်းစီးဆင်းလေသည်။ ကြယ်တာရာကောင်းကင်သည် ကောင်းကင်နတ်မြစ်အနားတွင် ရှိသော်လည်း စွမ်းအင်အကူးအပြောင်းတံတားနှင့် အတော်လေး ကွာဝေး၏။ မည်သူက ကောင်းကင်နတ်မြစ်ရေကို ဆွဲယူနိုင်ရန် စွမ်းအား ရှိမည်နည်း။
ထိုအခိုက်အတန့်တွင် လူငယ်တစ်ယောက်က ကောင်းကင်သို့ ရုတ်တရက် ပျံတက်သွားပြီး မန္တန်တစ်ခု ဖော်ဆောင်လိုက်သည်။ ကောင်းကင်နတ်မြစ်ရေသည် ရှည်လျားသော ရေနဂါးတစ်ကောင်အလား ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး စွမ်းအင်အကူးအပြောင်းတံတားကို ရစ်ပတ်သွားသည်။
အားလုံး ပြိုင်တူအော်ဟစ်အားပေးလိုက်ကြ၏။ ရုတ်တရက် တစ်စုံတစ်ယောက်က လူငယ်ကို မှတ်မိသွားပြီး တအံ့တဩ ရေရွတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ညီလေး… လန်ယွီတျန်းဟ”
လန်ယွီတျန်းက ကောင်းကင်နတ်မြစ်ရေ စီးဆင်းမှုကို ထိန်းချုပ်နေသော်လည်း ယဇ်ပလ္လင်၏ အပူချိန်က ဆက်လက်မြင့်တက်လာနေသည်။ ၎င်း ကန့်သတ်ချက်ကို ကျော်လွန်တော့မည်အချိန်တွင် စွမ်းအင်အကူးအပြောင်းတံတား၏ အရှိန်အဟုန်က ထိုးတက်နေခြင်း လျော့ကျသွား၏။
လန်ယွီတျန်းမှာ အနည်းငယ် အံ့သြသွားသော်လည်း ဖြစ်ကြောင်းကုန်စင်ကို သဘောပေါက်သွားသည်။ “သူ့ရဲ့ နေရာကူးပြောင်းနေတဲ့ အမြန်နှုန်းက တအားမြန်လွန်းနေတာကို အစ်ကိုကြီး သိသွားပြီး စွမ်းအင်အကူးအပြောင်းတံတား မခံနိုင်တော့မှန်း သတိထားမိသွားတာ ဖြစ်မယ်…. ဒါကြောင့် နေရာကူးပြောင်းနေတဲ့ အမြန်နှုန်းကို ထိန်းချုပ်ပြီး ကမ္ဘာဦးဘုံနဲ့ မူလကြယ်ကောင်းကင်ဘုံ အချင်းချင်း စွမ်းအင်ကို ညီမျှနိုင်အောင် လုပ်ပေးလိုက်တာ”
ချင်မူကား စွမ်းအားကြီးလွန်းပေသည်။ သူသာ တစ်ခါတည်းဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားလိုက်ပါက စွမ်းအင်အကူးအပြောင်းတံတား ပေါက်ကွဲသွားပေလိမ့်မည်။
ထို့ကြောင့် သူသည် စွမ်းအင်စီးဆင်းသော အရှိန်ကို တမင်လျှော့ချ၍ စွမ်းအင်အကူးအပြောင်းတံတားကို ကာကွယ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့လုပ်လိုက်ခြင်းကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်ရန် ရက်အနည်းငယ် စောင့်ဆိုင်းရပေလိမ့်မည်။
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူများကလည်း သတင်းရသည်နှင့် အပြေးအလွှား ရောက်လာကြ၏။ စွမ်းအင်အကူးအပြောင်းတံတား မပျက်စီးသေးသည်ကို မြင်လျှင် စိတ်အေးသက်သာစွာဖြင့် သက်ပြင်းချလိုက်မိကြပြီး ကောင်းကင်ရှိ လန်ယွီတျန်းကို ကျေးဇူးတင်လိုက်ကြ၏။ သူတို့က စွမ်းအင်အကူးအပြောင်းတံတားကို စောင့်ကြပ်နေသည့် နတ်မိစ္ဆာအား ဆွဲခေါ်ကာ ဒေါသတကြီး မေးလိုက်သည်။ “ဘာဖြစ်သွားတာလဲ”
နတ်မိစ္ဆာက ခါးသီးစွာ လျှောက်တင်သည်။ “ကျွန်တော်လည်း မသိပါဘူး… တံခါးရွက်တစ်ရွက်ပေါ်မှာ ရပ်နေတဲ့ ဒုက္ခိတတစ်ယောက် တံတားပေါ် တက်သွားတာပဲ တွေ့လိုက်ရတယ်… ပြီးတော့ ဒီကိစ္စကြီး ဖြစ်သွားတာပဲ… ဘုရင်ကြီးရဲ့ အမိန့်ကြောင့် သူ တံတားဖြတ်ဖို့ ကျွန်တော် တဖုန်းပြားတစ်ပြားပဲ တောင်းခဲ့တယ်”
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူက ဒေါသထွက်စွာဖြင့် ရေရွတ်လိုက်သည်။ “တံတားဖြတ်ဖို့အတွက် တဖုန်းကြေးပြားတစ်ပြား..”
နတ်မိစ္ဆာက ချက်ချင်း ပြန်ပြော၏။ “ဒါပေမဲ့ သူက နောက်တစ်ခါကျ မလုံလောက်ရင် ထပ်ပေးမယ်လို့ ပြောသွားတယ်..”
“ထပ်ပေးလို့ ရလို့လား…”
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူက သူ့ကို ပြန်ချလိုက်ပြီး အဆက်မပြတ် လှည့်ပတ်နေသေးသည့် ယဇ်ပလ္လင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဒီတံတားကို ဆောက်ဖို့အတွက် အများကြီး ဒုက္ခခံခဲ့ရတာ… ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကုန်သွယ်ရေးကနေလည်း ငါတို့ငွေတချို့ ရထားတယ်… ဒါသာ ပြိုလဲပျက်စီးသွားရင်တော့ အကုန်အဆုံးသတ်ပြီပဲ”
သူက စွမ်းအင်အကူးအပြောင်းတံတားအား လှည့်ပတ်လျှောက်နေပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။ နတ်မိစ္ဆာကို ဆွဲခေါ်လိုက်ပြန်၏။ “စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်သွားတာ ဘယ်သူလဲ…”
နတ်မိစ္ဆာက ရုန်းကန်နေသည်။ “ခြေထောက်မပါတဲ့ ဒုက္ခိတတစ်ယောက်ပါ…”
“သူ့ပုံစံက ဘယ်လိုမျိုးလဲ”
နတ်မိစ္ဆာက အလျင်အမြန်ပင် ချီစွမ်းအင်သုံး၍ ချင်မူ့ရုပ်ရည်သွင်ပြင်ကို ရေးဆွဲပြလိုက်သည်။ မူလကြယ်ကောင်းကင်ဘုံအုပ်ချုပ်သူ ကြောင်အနေပြီး အချိန်အတော်ကြာပြီးနောက်မှ အသိစိတ်ပြန်ဝင်လာ၏။ သူ နတ်မိစ္ဆာကို ပြန်ချ၍ လက်လွှဲရမ်း ပြလိုက်သည်။ “ဒီကိစ္စကို မေ့ထားလိုက်တော့… သူနောက်တစ်ခါလာရင်လည်း ဖြတ်ခတောင်းဖို့ မစဉ်းစားနဲ့”
နတ်မိစ္ဆာမှာ နားမလည်နိုင်ပေ။
မူလကြယ်ကောင်းကင်ဘုံ အုပ်ချုပ်သူက မုတ်ဆိတ်မွေးကို ပွတ်၍ စိတ်ထဲမှ စဉ်းစားနေသည်။ “သူက ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင် ကောင်းကင်နတ်အရှင်မူပဲ… အရင် ကောင်းကင်မဟာမိတ်အစည်းအဝေးတုန်းက ငါ သူ့ကို တွေ့ခဲ့တယ်… သူက ဘယ်လိုလုပ် ငါ့ရဲ့ မူလကြယ်ကောင်းကင်ဘုံလေးဆီ ရောက်လာရတာလဲ… သူ့ခြေထောက်တွေကလည်း ဘာဖြစ်သွားပြန်တာလဲ…”
သူသည် အဆက်မပြတ် လည်ပတ်နေသေးသည့် စွမ်းအင်အကူးအပြောင်းတံတားကို ကြည့်ကာ အတော်လေးအံ့သြနေမိ၏။ “ကောင်းကင်နတ်အရှင်မူက တကယ်ကို စွမ်းအားကြီးတာပဲ… ဒီလောက် စွမ်းအင်တွေအများကြီး ကူးပြောင်းစေခဲ့တယ်… အဲဒီလိုပုဂ္ဂိုလ်မျိုးက ဘယ်လိုလုပ် ခြေထောက် ပြတ်သွားရတာပါလိမ့်”
ခြောက်ရက်၊ ခုနစ်ရက်မျှကြာပြီးနောက် မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူမှာ ပို၍ပင် အံ့အားသင့်လာရတော့သည်။ စွမ်းအင်အကူးအပြောင်းတံတားသည် စွမ်းအားအပြည့်အဝဖြင့် လှည့်ပတ်နေသည်မှာ ယခုအချိန်အထိ မရပ်တန့်သေးပေ။ ဤသည်က လုံးဝမဖြစ်နိုင်သည့် ကိစ္စရပ်ပင်။။
သူကဲ့သို့ အုပ်ချုပ်သူတစ်ဦး တံတားထဲသို့ ဝင်ရောက်သွားလျှင်တောင်မှ စွမ်းအင်အကူးအပြောင်းတံတား၏ သန်မာအားကောင်းမှုကြောင့် နှစ်နာရီအတွင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်နိုင်လိမ့်မည်။
“ကောင်းကင်နတ်အရှင်မူဆိုတဲ့အတိုင်းပါပဲ..”
နောက်ထပ်နှစ်ရက်၊ သုံးရက်ခန့်ကြာပြီးနောက် စွမ်းအင်အကူးအပြောင်းတံတားသည် တဖြည်းဖြည်း နှေးကွေးလာသည်။ မကြာမီ စွမ်းအင်အကူးအပြောင်းတံတားမှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့၏။ ယဇ်ပလ္လင်အလွှာများ၏ လှည့်ပတ်နေသည့် အမြန်နှုန်းက လျော့ကျသွားပြီး အချိန်အတော်ကြာပြီးနောက်မှ ပုံမှန်လည်ပတ်နေတော့သည်။
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ သူက လက်လွှဲရမ်း၍ တခြားခရီးသွားများအနေဖြင့် စွမ်းအင်အကူးအပြောင်းတံတားသို့ ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း အမူအရာပြလိုက်သည်။
လွန်ခဲ့သည့် ဆယ်ရက်အတွင်း ယဇ်ပလ္လင်ကြောင့် တံတားပေါ် မတက်ရောက်နိုင်ဘဲ တန်းစီနေကြသည့် ကုန်သင်္ဘောများမှာ အတော်လေး များပြားနေပြီ ဖြစ်သည်။ သို့သော် စွမ်းအင်အကူးအပြောင်းတံတား၏ စွမ်းအင်မှာ ပြင်းထန်လွန်းသဖြင့် စောင့်ကြပ်နေကြသော နတ်မိစ္ဆာများက လမ်းပိတ်ထားကြရသည်။
လန်ယွီတျန်း ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်ကို မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူ မြင်သောအခါ အလောတကြီး သွားရောက်နှုတ်ဆက်သည်။ သူ့ကို အသေအချာ စစ်ဆေးပြီးနောက် သူ၏ နှလုံးသားထဲတွင် အေးခဲသွားမိသည်။ သူက ဦးညွှတ်အရိုအသေပေးကာ မေးမြန်းလိုက်၏။ “ကောင်းကင်နတ်အရှင်ယွီလားခင်ဗျာ”
လန်ယွီတျန်းသည် လက်ခါပြကာ ပြော၏။ “ကျွန်တော့်နာမည်က လန်ယွီတျန်းပါ ကောင်းကင်နတ်အရှင်ယွီဆိုတာက အတိတ်က နာမည်တစ်ခုပါပဲ’’
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူက အလျင်အမြန် ဦးညွှတ်အရိုအသေပေးလျက် ရိုကျိုးစွာ ပြောသည်။ “ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနဲ့ နတ်ဘုရား ဖြစ်နိုင်မယ့် လမ်းစဉ်ကို ဖန်တီးပေးခဲ့တဲ့အတွက် ကောင်းကင်နတ်အရှင်ယွီဟာ အနာဂတ်မျိုးဆက်သစ်တွေကို ကောင်းချီးပေးခဲ့တဲ့သူပါ”
လန်ယွီတျန်းက သူ၏ လက်မောင်းများကို ကိုင်၍ ခေါင်းခါရမ်းသည်။ “အဲဒီလိုတော့လည်း မဟုတ်ပါဘူး… ကျွန်တော်က နတ်ဘုရား ဖြစ်နိုင်တဲ့လမ်းစဉ်ကို ဖန်တီးခဲ့ပေမယ့် လူသားတွေအတွက် အကျိုးအမြတ်များများ မရခဲ့ဘူး… နတ်ဘုရားတွေနဲ့ မိစ္ဆာတွေပဲ အကျိုးအမြတ် ရခဲ့ပြီး လူသားတွေကို အနိုင်ကျင့်ခဲ့ကြတယ်လေ”
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူလည်း တခဏငြိမ်သက်သွားသည်။“ကောင်းကင်နတ်အရှင်ရဲ့ သင်ကြားပြသမှုတွေက သိပ်ကိုမှန်ပါတယ်… ကျွန်တော် ကျစ်မန် သေချာပေါက် မှတ်သားထားပါ့မယ်”
သူ၏နာမည်က ကျစ်မန် ဖြစ်သည်။ သို့သော် မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူ ဖြစ်သောကြောင့် သူအား နာမည်တပ်၍ခေါ်သူ အနည်းငယ်သာ ရှိ၏။ များသောအားဖြင့် မူလကြယ်ကောင်းကင်ဘုံ၏ ဘုရင်ကြီးဟုသာ ခေါ်ကြလေသည်။
သူသည် ကောင်းကင်မဟာမိတ်၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်၏။ ကောင်းကင်မဟာမိတ်တွင် ကောင်းကင်နတ်အရှင်ဆယ်ပါးအပြင် အခြားကောင်းကင်ဘုံအမျိုးမျိုး၏ အုပ်ချုပ်သူများလည်း အာဏာရှိကြသည်။
လန်ယွီတျန်းက ပြော၏။ “ကျွန်တော့်အစ်ကိုကြီး လာလောက်မှာ မဟုတ်ဘူး… သူ့ရဲ့ စွမ်းအင်က များပြားလွန်းတယ်… ခင်ဗျားရဲ့ မူလကြယ်ကောင်းကင်ဘုံ စွမ်းအင်အကူးအပြောင်းတံတားအနေနဲ့ သူ့ရဲ့စွမ်းအင်ကို ခံနိုင်ဖို့ဆိုရင် အဆတစ်ရာလောက် ချဲ့ဖို့လိုတယ်…. ဒါပေမဲ့ သူ လူလွှတ်ပြီး ငွေပေးခိုင်းလိုက်မှာပါ… စိတ်ချထားလို့ ရပါတယ်”
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူက ချက်ချင်း ပြောသည်။ “ဒီလောက်ငွေကို ကောင်းကင်မဟာမိတ်ရဲ့ ခေါင်းဆောင်အနေနဲ့ စိတ်ထဲ ထားစရာ မလိုပါဘူး”
လန်ယွီတျန်းက ပြုံးလိုက်သည်။ “ကျွန်တော့်အစ်ကိုကြီးက စည်းကမ်းလိုက်နာတတ်တဲ့လူတစ်ယောက်ပါ… သာမန်လူသားတွေနဲ့ ပိုပြီးဆက်ဆံရလေလေ စည်းကမ်းပိုပြီး လိုက်နာလေလေပဲ…. ကိစ္စတစ်ခုက သေးငယ်လေလေ သူ့မျက်လုံးထဲမှာတော့ ပိုပြီးအရေးပါလေလေပဲ… ဒါကြောင့်မလို့ လူတိုင်းက သူ့ကို ချစ်ခင်လေးစားကြတာ”
ရကိအနည်းငယ်ကြာပြီးနောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ သင်္ဘောများစွာသည် စွမ်းအင်အကူးအပြောင်းတံတားထဲမှ ထွက်လာကြသည်။ ထိုသင်္ဘောများ၏ အခန်းအားလုံးတ တဖုန်းပြားများဖြင့် ပြည့်နှက်နေ၏။ ၎င်းတို့က တဖျတ်ဖျတ် တောက်ပနေရာ မျက်စိပင် ကျိန်းစေသည်။
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူသည် ထိုမျှများပြားသော ငွေပမာဏကို တစ်ခါမှ မမြင်ဖူးပေ။ သူက အလန့်တကြား ထခုန်လိုက်ပြီးနောက် ကမန်းကတန်း ပြော၏။ “မဟာမိတ်ခေါင်းဆောင် ဘာလို့ ဒီလောက်ငွေအများကြီး သုံးရတာလဲဗျ… များလွန်းတယ်”
“ဒါပေါ့ များမှာပေါ့”
စစ်ယွင်ရှန်းသည် သင်္ဘောခန်းထဲမှ ထွက်လာပြီး လက်ခုပ်တီးလိုက်၏။ သူမက ပြုံးလျက် ရှင်းပြသည်။ “ဒါက ကောင်းကင်နတ်အရှင်မူတစ်ယောက်တည်းအတွက် တံတားဖြတ်ခ မဟုတ်ဘူးလေ… လူသားကုဋေချီနဲ့ နတ်ဘုရားမိစ္ဆာတွေအတွက်ဆိုတော့ ပိုပြီး များများပြင်ဆင်လာတာ… ဂုဏ်ယူပါတယ် မူလကြယ်ကောင်းကင်ဘုံအရှင်သခင်… ရှင့်ရဲ့ ကောင်းကင်ဘုံကတော့ ချမ်းသာတော့မယ်”
မူလကြယ်ကောင်းကင်ဘုံ အုပ်ချုပ်သူမှာ မူးဝေနေပြီး မည်သည်တို့ ဖြစ်ပျက်နေသည်မှန်း နားမလည်နိုင်တော့ပေ။ “ဘာကြောင့် အဲဒီလိုပြောရတာလဲခင်ဗျာ”
တုထျန်းမိစ္ဆာဘုရင်က ရှေ့သို့ တက်လာပြီး ဖန်ပေါင်းချောင်ကမ္ဘာကို ထုတ်လိုက်သည်။ သူက ၎င်းကို မြှောက်၍ ကောင်းကင်တစ်ခုအဖြစ် ပြောင်းလဲလိုက်၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမိစ္ဆာများက ချက်ချင်းပင် ဖန်ပေါင်းချောင်ကမ္ဘာထဲရှိ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူပြည်သားများကို ရွှေ့ပြောင်းစေသည်။ စွမ်းအင်အကူးအပြောင်းတံတားဆီသို့ ခေါ်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပို့ဆောင်ပေး၏။
သူတို့က အစီအရီဖြင့် စနစ်တကျ နေရာယူထားပြီး စွမ်းအင်အကူးအပြောင်းတံတားကို ပြဿနာမရှိဘဲ အလုပ်လုပ်နိုင်အောင် စီစဉ်ထားသည်။ ပြောင်းရွှေ့မှု၌ မည်သည့်ကသောင်းကနင်း အခြေအနေမှ ဖြစ်မနေပေ။
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူမှာ ထိုအခြင်းအရာကို မြင်လျှင် လေးစားနေမိသည်။
“အုပ်ချုပ်သူအရှင်သခင်၊ သင်္ဘောပေါ်မှာ ဆယ်ကုဋေ ရှိပါတယ်”
စစ်ယွင်ရှန်းက သူ့ဘေးသို့ ရောက်လာပြီး မေးသည်။ “အုပ်ချုပ်သူအရှင်သခင်၊ ဒီလောက်များပြားတဲ့ ငွေပမာဏကို ဘယ်လိုသုံးရမလဲ စဉ်းစားဖူးလား”
မူလကြယ်အရှင်သခင်၏ စိတ်ထဲတွင် တဝီဝီမြည်နေပြီး သူက ထစ်အစွာ ရေရွတ်လိုက်မိသည်။ “ဆယ်ကုဋေ… ဘယ်အချိန်မှ ကုန်မှာလဲမသိဘူး”
စစ်ယွင်ရှန်းက တခစ်ခစ် ရယ်လျက် ရှင်းပြသည်။ “အုပ်ချုပ်သူအရှင်သခင် ငွေဆိုတာ သုံးဖြုန်းရတာ လွယ်ပေမယ့် ရှာဖို့တော့ ခက်တယ်.. တဖုန်းပြားဆယ်ကုဋေက များလွန်းတယ် ထင်ရင်တော့ ရှင် အမှားကြီး မှားတာပဲ.. မူလကြယ်ကောင်းကင်ဘုံအနေနဲ့ ရုတ်တရက် ချမ်းသာလာတာက ကောင်းတဲ့ကိစ္စတစ်ခု မဖြစ်နိုင်လောက်ဘူး… အဲဒီအစား ပြည်သူပြည်သားတွေ ပျင်းရိပြီး ငွေအတွက် မကောင်းကြံစည်လာကြမှာ.. ငွေရှာတာကပဲ မှန်ကန်တဲ့ လမ်းစဉ်ပဲ… အုပ်ချုပ်သူအရှင်သခင် ငွေဘယ်လိုရှာရမလဲ မသိရင် ကျွန်မ သင်ပေးနိုင်တယ်”
မူလကြယ်ကောင်းကင်ဘုံအရှင်သခင်က ဦးညွှတ်အရိုအသေပေး၍ တည်ကြည်လေးနက်စွာ အသနားခံလိုက်သည်။ “ကျေးဇူးပြုပြီး သင်ကြားပေးပါခင်ဗျာ”
“ဒီငွေနဲ့ဆိုရင် ရှင် စက်ရုံတွေ ဆောက်ပြီး ကုန်ပစ္စည်းတွေ ထုတ်လို့ရတယ်… ကောင်းကင်ဘုံတွေကြားမှာ ကုန်သွယ်လို့ရတာပေါ့... ပြည်သူပြည်သားတွေအနေနဲ့ စက်ရုံတွေမှာ အလုပ်လုပ်ပြီး လုပ်အားခရနိုင်တော့ တခြား မကောင်းတဲ့အကြံအစည်တွေ ကြံစည်ကြတော့မှာ မဟုတ်ဘူး”
စစ်ယွင်ရှန်းက ဆက်ပြောသည်။ “ပြည်သူပြည်သားတွေ ဉာဏ်ပညာတိုးတက်လာအောင်လည်း လုပ်ရမယ်… ကျောင်းတွေ ဆောက်ပြီး တက္ကသိုလ်တွေနဲ့ ဉာဏ်ပညာ ဖလှယ်နိုင်မယ့်နေရာတွေ တည်ထောင်ပေးဖို့လိုတယ်… ပြည်သူပြည်သားတွေ ဉာဏ်ရည်မြင့်လာတဲ့အခါမှာ အလိုလို ချမ်းသာကြွယ်ဝလာကြလိမ့်မယ်”
မူလကြယ်ကောင်းကင်ဘုံ၏ အုပ်ချုပ်သူမှာ တခဏတုံ့ဆိုင်းနေပြီးနောက် ပြောသည်။ “အမှန်အတိုင်းပြောရရင် ကျွန်တော်တို့မူလကြယ်ကောင်းကင်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာလို မြေဆီလွှာကောင်းတဲ့နယ်မြေတစ်ခုလည်း မဟုတ်သလို ထိပ်တန်းပုဂ္ဂိုလ်တွေလည်း များများစားစား မရှိပါဘူး… စက်ရုံတွေနဲ့ တက္ကသိုလ်တွေ ဆောက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်”
စစ်ယွင်ရှန်းက အားရဝမ်းသာစွာဖြင့် အတောက်ပဆုံးပြုံးလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကူညီပေးလို့ရတာပဲဟာ... ကျွန်မတို့ဆီမှာ ထူးချွန်တဲ့ လုပ်သားတွေရှိသလို တက္ကသိုလ်တွေလည်း ရှိတယ်… သူတို့ ဒီကိုလာပြီး ရှင်တို့ စက်ရုံတွေ၊ တက္ကသိုလ်တွေ ဆောက်နိုင်အောင် ကူညီပေးလို့ရတယ်… ဆယ်စုနှစ်အနည်းငယ်အတွင်း လုံလောက်တဲ့ လုပ်အားအရင်းအမြစ်နဲ့ ငွေပမာဏ ရလိမ့်မယ်… ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာက အလကားတော့ လုပ်ပေးမှာ မဟုတ်ဘူးနော်”
သူမက လေးနက်စွာပြောသည်။ “အုပ်ချုပ်သူအရှင်သခင်အနေနဲ့ သုံးဖို့ လိုအပ်တဲ့ငွေပမာဏတော့ သုံးပေးရလိမ့်မယ်”
လအနည်းငယ်ကြာသော် စစ်ယွင်ရှန်းသည် တဖုန်းပြားသင်္ဘောကို ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ သို့သော် မူလကြယ်ကောင်းကင်ဘုံရရှိခဲ့သည့် အကျိုးအမြတ်များမှာလည်း အတော်လေး သိသာ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စက်ရုံများနှင့် တက္ကသိုလ်များဖြင့်သာဆိုလျှင် ချောင်ကြိုချောင်ကြားမှ မူလကြယ်ကောင်းကင်ဘုံသည် မြောက်ကောင်းကင်တွင် အင်အားအကြီးဆုံးနှင့် ချမ်းသာကြွယ်ဝဆုံး ကောင်းကင်ဘုံတစ်ဘုံဖြစ်လာလိမ့်မည်။
မာန်ဟုန်မြစ် ကောင်းကင်နန်းဆောင်တွင် ရွာလူကြီး၊ ရွှေအ၊ မျက်ကန်းနှင့် ကျန်သူများက ချင်မူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်နေကြသည်။ ရုတ်တရက် သားသတ်သမားမှာ မအောင့်အည်းနိုင်တော့ဘဲ တဟားဟား ထရယ်တော့၏။
ချင်မူ့မျက်နှာအမူအရာက သုန်မှုန်နေပြီး နှာခေါင်းရှုံ့လိုက်သည်။ “ဘိုးဘိုးသားသတ်သမားက ဘာရယ်နေတာလဲ… အရင်တုန်းက ဘိုးဘိုးထက် ကျွန်တော်က သာတယ်နော်… ကျွန်တော့်မှာ ခြေထောက်ရှိတယ်”
လူစဉ်မမှီသော ခပ်ပိန်ပိန် ခြေသလုံးနှစ်ချောင်းက သူ၏ ပေါင်းရင်းထဲမှ ထွက်လာကြပြီး ခြေထောက် ပေါက်နေ၏။ ချင်မူ ရပ်နေသည့်အခါ သူ့အရပ်သည် အခြာသူများ၏ ခါးပတ်လည်တွင်သာ ရှိသည်။
မှန်ပါသည်။ သို့ထိတိုင် သူသည် မျက်ကန်းနှင့် အရပ်တူတူ ဖြစ်နေသေး၏။
ချင်မူမှာ မူလကြယ်ကောင်းကင်ဘုံမှ ပြန်ရောက်လာသည့်အချိန်မှစ၍ ကြိုးကြိုးစားစား ကျင့်ကြံခဲ့သည်။ သူ၏ခြေသလုံးများ ပေါက်လာရန်ပင် လေးလမှ ငါးလအထိ ကြာခဲ့လေပြီ။
“နင်တော့ နင့်မိန်းမနဲ့ အတော်ကြာတဲ့အထိတော့ တစ်ခန်းထဲ နေနိုင်ဦးမှာ မဟုတ်ဘူး’’
အဘွားစစ်က နှမြောတသဖြစ်စွာဖြင့် သက်ပြင်းချလိုက်သည်။ “ငါက မြေးချီဖို့တောင် ပြင်ဆင်ထားတာကို…” ထိုသို့ပြောပြီးနောက် သူမသည် သူမချုပ်လုပ်ထားသည့် ကလေးဖိနပ်ကလေးများကို ထုတ်၍ ချင်မူ့ခြေထောက်အား မေးငေါ့ပြလိုက်၏။
ချင်မူက သူမကို မသိချင်ယောင်ဆောင်၍ တံခါးရွက်ကိုသာ အသေးစိတ်လေ့လာနေသည်။