တစ်လောကလုံးတွင် အင်အားအကြီးမားဆုံး
Vol. 128 Ch. 1653
ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်က ကောင်းကင်နတ်အရှင်လင်၏ ခန္ဓာကိုယ်မှတဆင့် ချင်မူ့ကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သူက ချင်မူ့ခြေထောက်နှစ်ဖက်ကို ကြည့်ရင်း တဟားဟား ရယ်မောလိုက်၏။ “ကြည့်ရတာ ထိုက်ချူလည်း အကျိုးအမြတ်နည်းနည်း ရသွားပုံပဲ... သူ မရှုမလှ ရှုံးခဲ့ရတယ်လို့ ထင်ထားတာ… ဒါပေမဲ့ မင်းကို ဒီလောက် ပညာပြနိုင်ခဲ့မယ် ထင်မထားခဲ့ဘူး…”
ချင်မူက ကျယ်လောင်စွာ ရယ်မောလျက် ထရပ်သည်။ သူက ခြေတိုလေးများဖြင့် ပုကွကွ လျှောက်လာပြီး ခေါင်းမော့ကြည့်လိုက်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်ကလည်း ခေါင်းငုံ့လိုက်ရာ အကြည့်ချင်းဆုံသွားသည်။
ချင်မူသည် အစက ကောင်းကင်နတ်ဧကရာဇ်ဟောင်ထက် အရပ်ရှည်ခဲ့သော်လည်း ယခုတွင် သူ၏ ရင်ဘတ်အမြင့်သာ ရှိတော့၏။
ကောင်းကင်နတ်ဧကရာဟောင်မှာ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရသည်။ “မူ…”
ဝုန်း….
ချင်မူက ပြုံးလျက် သူ၏ ရင်ဘတ်ကို ထိုးလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တစ်ခါတည်း နောက်သို့ လွင့်ထွက်သွားပြီး ဝုန်းခနဲ အသံများက ဆက်တိုက်ထွက်ပေါ်လာ၏။ ဟင်းလင်းပြင်အလွှာများမှာ ဝင်တိုက်သည့် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်ကြောင့် ပေါက်ကွဲထွက်သွားကြသည်။
သခင်မယွမ်မုမှာတော့ ဟင်းလင်းပြင်အလွှာ ၃၆ လွှာထဲရှိ အက်ကွဲကြောင်းများကို ပြန်လှည့်ကြည့်ရင်း စကားမပြောနိုင်ပေ။
ချင်မူ့တိုက်ကွက်၏ စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလေသည်။ သတိပေးခြင်းပင် မပြုဘဲ လျှပ်တပြက် တိုက်ခိုက်ခဲ့၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်ကား မည်မျှစွမ်းအားကြီးလှသနည်း။ သူပင်လျှင် အန္တိမဟင်းလင်းပြင်ထဲသို့ ရောက်သည့်တိုင်အောင် ထိုးနှက်ခံလိုက်ရချေပြီ။
ချင်မူက ခြေတိုလေးများဖြင့် လျှောက်လာပြီး ခေါင်းမော့ကာ ပြုံးပြသည်။ “သခင်မယွမ်မု၊ ကျွန်တော့်ရဲ့ ဘဝပြန်ဝင်စားခြင်းတာအိုအောက်မှာ ကျွန်တော့်ရဲ့ တိုက်ကွက်လေးတစ်ကွက်ကိုတောင်မှ ခင်ဗျား ခံနိုင်မှာ မဟုတ်ဘူး”
သခင်မယွမ်မု တခစ်ခစ်ရယ်လျက် နောက်သို့ ဆုတ်သွားသည်။ သူမအနောက်တွင် အဆုံးသတ်မြို့ပျက်က အက်ကွဲကြောင်းပမာ ထွက်ပေါ်လာပြီး သူမ၏ပုံရိပ်က အထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။
ချင်မူက ဘေးသို့ လှည့်၍ ပြောသည်။ “မမကြီးလင်၊ သခင်မယွမ်မုက ခေါင်းတလားကို မမြင်သရွေ့ မျက်ရည်ကျမယ့် ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး… ကျွန်တော် ကောင်းကင်နတ်အရှင်ဟောင်ကို ရှင်းလိုက်မယ်… သတိထားပါ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မှင်သေသေ ပြောသည်။ “လာခဲ့လေ”
ချင်မူလည်း အသက်တစ်ရှိုက် ရှူသွင်းလိုက်သည့်အခါ ဧရာမတံခါးရွက်ကြီးသည် ခန်းမထဲမှ ပျံထွက်လာ၏။ ချင်မူက တံခါးရွက်ပေါ် ခုန်တက်လိုက်ပြီး ၎င်းက ဟင်းလင်းပြင်ထဲသို့ သူ့ကို သယ်ဆောင်ပေးသွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်ကြောင့် အက်ကွဲသွားသည့် ဟင်းလင်းပြင်အလွှာများက အလျင်အမြန်ပင် ပြန်ဆက်သွားသော်လည်း တံခါးရွက်၏ အမြန်နှုန်းမှာ အံ့ဖွယ်ပင်။ ဟင်းလင်းပြင်အလွှာ ၃၆ လွှာ မပိတ်သေးခင်မှာပင် အန္တိမဟင်းလင်းပြင်ထဲသို့ ပြေးဝင်သွားပြီ ဖြစ်သည်။
အန္တိမဟင်းလင်းပြင်ထဲ ရောက်သည့်အခါ တံခါးရွက်က ရပ်တန့်သွားသည်။ ချင်မူလည်း ပတ်ဝန်းကျင်အား ကြည့်လိုက်မိသည်။ ဟင်းလင်းပြင်က တိတ်ဆိတ်ငြိမ်သက်နေပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပုံရိပ်ကို မမြင်ရပေ။
ထိုစဉ် အဝေးတွင် မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ဘုံ ထွက်ပေါ်လာပြီး တစ်ခုနှင့် တစ်ခု ဝင်တိုက်သွားသည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံနှစ်ဘုံက တစ်ခုပေါ်တစ်ခု ထပ်သွားပြီး တာအိုသစ်ပင်အောက်တွင် မူလချီနှင့် ကောင်းကင်နတ်အရှင်ယွင်တို့ ဝင်တိုက်သွားကြ၏။ မွေးရာပါမူလချီနှင့် အသိစိတ်အလျဉ်မှ ဖွဲ့တည်လာသည့် တာအိုပန်းပွင့်နှင့် တာအိုသစ်သီးက တစ်ခုနှင့်တစ်ခု ပေါင်းစည်းတော့မည်အလားပင်။
၎င်းတို့နှစ်ခုလုံးသည် တစ်ခုကိုတစ်ခု ဝါးမြိုကာ ထိုက်ချူတာအိုသစ်သီးအား ဖွဲ့တည်လိုကြသည်။ ထို့ကြောင့် ဤတစ်ကြိမ်ဝင်တိုက်မှုက အလွန်တရာ အန္တရာယ်များလေသည်။
ချင်မူက တစ်ချက်မျှ ကြည့်လိုက်ပြီး သတိအနေအထား ဖြစ်သွားသည်။ နောက်တစ်ခဏတွင် တာအိုသစ်ပင်တစ်ပင်က ပြေးဝင်လာပြီး သူ့ကို ဝုန်းခနဲ ၀င်တိုက်သွားချေပြီ။
ချင်မူမှာ တံခါးရွက်နှင့်အတူ နောက်သို့ လွင့်ထွက်သွားသည်။ သစ်ပင်သည် ယိမ်းယိုင်သွားသဖြင့် သစ်ကိုင်းများက လှုပ်ခတ်သွား၏။ သစ်ပင်ကား မရေမတွက်နိုင်သော လက်တံများ ပိုင်ဆိုင်ထားသည့် ဧရာမရေဘဝဲကြီးတစ်ကောင်အလား အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က သစ်ပင်ထိပ်တွင် ရပ်နေပြီး တာအိုသစ်သီးက ချင်မူ့အရှေ့သို့ ကျဆင်းလာ၏။ ချင်မူ မတုံ့ပြန်နိုင်ခင်မှာပင် သစ်သီးသည် လေစကြာလို လှည့်ပတ်လျက် အပွင့်ပွင့်လာသည်။
တာအိုပန်းပွင့်၏ အတွင်းတည်ဆောက်ပုံမှာ တခြားအရာများနှင့် မတူပေ။ အထဲတွင် အမှောင်ထုစက်ဝန်းတစ်ခု ရှိနေသည်။ အမှောင်ထုအလွှာ၏ အနောက်တွင် နောက်ထပ်အလင်းအလွှာတစ်ခုက လှည့်ပတ်လျက် နေရာယူထားသည်။
ဝုန်း
ချင်မူ တာအိုပန်းပွင့်ထဲသို့ စုပ်ယူခံလိုက်ရသည့် တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဧကရာဇ်ဟောင်က လက်မြှောက်လိုက်သည်။ တာအိုပန်းပွင့်ကား ပျံသန်းလျက် သူ၏လက်ထဲ ရောက်သွားချေပြီ။
“ငါ့ကို အလစ်တိုက်တယ်ပေါ့လေ ၀န်မင်းမူ…. မင်း လွန်သွားပြီ”
ရုတ်တရက် သူ၏မျက်နှာ အကြီးအကျယ် ပျက်သွားသည်။ ချင်မူက ဧရာမတံခါးရွက်ကြီးကို လွှဲရမ်း၍ ခုတ်ပိုင်းလိုက်သောကြောင့် တာအိုပန်းပွင့်သည် နှစ်ခြမ်းကွဲထွက်သွား၏။ သွေးများက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လက်မှ စီးကျလာပြီး သူက အမှတ်တမဲ့ လက်လွှတ်ပေးလိုက်ရာ ချင်မူ လွတ်မြောက်သွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က နှာခေါင်းရှုံ့လိုက်ရာ ကောင်းကင်နန်းဆောင် ၇၂ ဆောင်က သူ၏အနောက်တွင် ဖွဲ့တည်လာသည်။ ကောင်းကင်နတ်ဘုံတစ်ဘုံသည် မွေးရာပါမူလချီ၏ မဟာကောင်းကင်နတ်ဘုံ ဖြစ်ပြီး နောက်တစ်ခုက အဆုံးသတ်မြို့ပျက် ဖျက်ဆီးခြင်းတာအို၏ ကောင်းကင်နတ်ဘုံ ဖြစ်သည်။ ၎င်းတို့က တစ်ခုနှင့်တစ် ခုပေါင်းစည်းလျက် လှည်းဘီးများကဲ့သို့ လှည့်ပတ်ကာ တစ်သားတည်း ဖြစ်နေကြ၏။
သူ၏ မှော်စွမ်းအင် ထိုးတက်သွားသည့်အချိန်၌ ကောင်းကင်နတ်ဘုံနှစ်ခုက လှည့်ပတ်၍ ချင်မူ ခုတ်ချလိုက်သော တံခါးရွက်ဖြင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။
သူတို့နှစ်ယောက် မှော်စွမ်းအင်များကို အဆုံးအစွန်အထိ တိုးမြှင့်လိုက်ကြသည့်အခါ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ချင်မူ့မှော်စွမ်းအင်ထဲရှိ အားနည်းချက်ကို ရုတ်တရက် အာရုံခံမိသွား၏။
ချင်မူသည် ပြိုင်ဘက်ကင်းစွမ်းအားကို ပိုင်ဆိုင်ထားသလို ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မှော်စွမ်းအင်ကလည်း ပြိုင်ဘက်ကင်းသည်။
ချင်မူက တံခါးရွက်ကို ဓားမအဖြစ် အသုံးပြု၍ သူ၏ အတိုက်အခိုက်စွမ်းရည်များထဲတွင် ဓားမလမ်းစဉ်ကိုသာ အသံသွင်းခဲ့၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က တာအိုတစ်သောင်းကောင်းကင်လှည်းဘီး၏ စွမ်းအားကို အဆုံးအစွန်အထိ တိုးမြှင့်ခဲ့သည်။
သူတို့နှစ်ယောက် ဝင်တိုက်သွားသည့် အခိုက်အတန့်မှာပင် ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချင်မူ့မှော်စွမ်းအင်ကို ဖိနှိပ်ချေမှုန်းလိုက်၏။ တံခါးရွက်ကလည်း တာအိုတစ်သောင်းကောင်းကင်လှည်းဘီးကို ခုတ်ပိုင်းလိုက်ပြီး သူဦးခေါင်းအထက်ရှိ ကောင်းကင်နတ်ဘုံအလွှာနှစ်ခုကို ပိုင်းဖြတ်လိုက်သည်။
ကောင်းကင်နတ်ဧကရာဇ် ဟိန်းဟောက်လိုက်ရာ တာအိုတစ်သောင်းကောင်းကင်လှည်းဘီးက လှည့်ပတ်သွား၏။ တာအိုကျင့်စဉ်စနစ် ကောင်းကင်ဘုံ ၃၁ ဘုံ၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းဂယက်များသည် ချင်မူ့ရုပ်ခန္ဓာသို့ ဝင်တိုက်ကုန်တော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ဦးခေါင်းအပေါ်ရှိ မွေးရာပါချီတို့ကလည်း ကောင်းကင်သို့ မြင့်တက်၍ လေလယ်တွင် တာအိုသစ်ပင်တစ်ပင်အလား ပွင့်လန်းလာ၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင် နောက်တစ်ပါးက မွေးရာပါချီဖြင့် ဖွဲ့တည်ထားသော တာအိုသစ်ပင်အပေါ်တွင် ရပ်ကာ ချင်မူ့မျက်ခုံးနှစ်ဖက်ကြားသို့ လက်ညှိုးထိုးလိုက်သည်။ မွေးရာပါချီတို့က ပေါက်ကွဲထွက်လာကြသည်။
အဆုံးသတ်မြို့ပျက်တာအိုက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပင်မခန္ဓာကိုယ်အထက်ရှိ ကောင်းကင်သို့ မြောက်တက်သွားကာ ကောင်းကင်နတ်ဧကရာဇ်ဟောင် နောက်တစ်ပါးအဖြစ် အသွင်ပြောင်းသွားပြန်သည်။ သူက လက်နှစ်ဖက်ကို ယှက်လိုက်ရာ သူ၏အရှေ့တွင် တာအိုပန်းပွင့်တစ်ပွင့် ပေါ်လာ၏။ ၎င်း၏ ပွင့်ချပ်များက ကခုန်နေပြီး ချင်မူ့ကို ချုပ်နှောင်လိုက်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တိုက်ကွက်တွင် တာအိုကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၃၁ ဘုံ ပါရှိနေသောကြောင့် ၎င်းသည်လည်း ချင်မူ့ခန္ဓာကိုယ်ပေါ်သို့ အပြည့်အဝ ကျရောက်သွားတော့သည်။
ခုတ်ဖြတ်ခံလိုက်ရသော တံခါးရွက်သည် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးခေါင်းအပေါ်တည့်တည့်သို့ ထိုးဆင်းလာနေသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင် ယိမ်းယိုင်သွားသည်။
ထိုစဉ် ချင်မူ့ကြွက်သားများက အသက်ဝင်လာသကဲ့သို့ လှုပ်ယွလာကာ သူ၏ပတ်ပတ်လည်တွင် ရစ်ပတ်ထားသော တာအိုပန်းပွင့်ချပ်များကို ပြတ်ထွက်ကုန်စေသည်။ ဧရာမအပေါက်ကြီးတစ်ပေါက်က သူ၏မျက်ခုံးနှစ်ဖက်ကြားတွင်ထွက်ပေါ်လာပြီး အရှေ့မှ အနောက်သို့ ထွန်းလင်းတောက်ပနေ၏။
ထို့နောက် ထိုအပေါက်ကြီးက ဖြည်းဖြည်းချင်း ပြန်ပိတ်သွားသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တံခါးရွက်ကြောင့် ခေါင်းနှစ်ခြမ်း ကွဲတော့မည်အလား ဖြစ်သွားသည်။ သို့သော် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်နှစ်ခုသည် မွေးရာပါမူလချီနှင့်အဆုံးသတ်မြို့ပျက် လမ်းစဉ်တာအိုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဦးခေါင်းနှစ်ခြမ်းမှာ ပြန်ဆက်၍ မူလအတိုင်းဖြစ်သွားတော့သည်။
ချင်မူက တံခါးရွက်ကို ခါ၍ လှည့်ကြည့်လာ၏။
မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံ လှည့်ပတ်လာပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့ကို ထိပ်တိုက်ရင်ဆိုင်သည်။
သူတို့၏အကြည့်များ တွေ့ဆုံသွားပြီး ပြိုင်တူပြောလိုက်ကြ၏။ “ဘယ်ဆိုးလို့လဲ”
ချင်မူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပြန်ကောင်းသွားသော ခေါင်းကိုကြည့်ကာ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ဒီအကွက်က ခင်ဗျားရဲ့ မွေးရာပါမူလချီနဲ့ အဆုံးသတ်မြို့ပျက်တာအိုကို ပေါင်းစည်းထားပြီး ရထားတဲ့ သုည_တစ် အကွက်လား … အဆုံးသတ်မြို့ပျက်တာအိုက အရာအားလုံးကို သုညအဖြစ်ပြောင်းစေတဲ့ ဖျက်ဆီးခြင်းလမ်းစဉ် ဖြစ်ပြီးတော့ မွေးရာပါမူလချီကတော့ တစ်အဖြစ် မွေးဖွားပေးတဲ့ လမ်းစဉ်တစ်ခုပဲ… အဲ့ဒါနဲ့ဆိုရင် ခင်ဗျား မရပ်မနား တိုက်ခိုက်နိုင်တဲ့အပြင် ဒဏ်ရာရာသွားရင်တောင်မှ အမြန်ဆုံးသက်သာလာနိုင်တယ်… ဒါကို မဟာဧကရာဇ်နဲ့ မဟာလေဟာနယ်မှာ တိုက်ခိုက်တုန်းက သိမြင်နားလည်ခဲ့တာလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခေါင်းညိတ်၍ ချီးကျူးလိုက်သည်။ “ဒါက ၀န်မင်းမူ ကျေးဇူးကြောင့်ပါပဲ… အဲဒီတုန်းက ငါ ဒီအဆင့်ကို အောင်မြင်နိုင်ဖို့ သိမြင်နားလည်နေခဲ့တာ…. အဲဒီတုန်းက ဒဏ်ရာတွေ တော်တော်လေး ဆိုးရွားခဲ့ပြီး ပြန်လည်မွေးဖွားဖို့ စီစဉ်ခဲ့ပေမယ့် မင်းက မိုင်ခြောက်သိန်းအထိ င့ါနောက်က လိုက်ဖမ်းခဲ့တယ်လေ… အဲ့ဒါကြောင့် ထိုက်စုက ငါ့ကို ကယ်ဖို့ ပေါ်လာခဲ့တာပဲ…. ထိုက်စုဆီကနေ ငါ့လမ်းစဉ်တွေကို ပေါင်းစည်းပေးနိုင်မယ့် နည်းလမ်းတွေကို သင်ယူကျင့်ကြံခဲ့တာ”
ချင်မူက လေးနက်စွာ တွေးတောစဉ်းစားနေသည်။ “ထိုက်စုဆိုတာက ရုပ်ခန္ဓာအသွင်ပြောင်းခြင်းအဓိပ္ပါယ်ပဲ.. ထိုက်စုက ခင်ဗျားကို ထိန်းချုပ်ချင်ခဲ့တာ… ဒါပေမဲ့ သူက ငယ်သေးပြီး ရိုးအလွန်းတော့ ခင်ဗျားထိန်းချုပ်တာကိုပဲ ခံခဲ့ရတယ်… နောက်ဆုံးမှာ သူ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်တွေနဲ့ တာအိုလမ်းစဉ်တွေအကုန်လုံးက ခင်ဗျားအပိုင် ဖြစ်လာတာပဲ… ခင်ဗျားအနေနဲ့ သုညနဲ့ တစ်အသွင်ပြောင်းလဲခြင်းကို အောင်မြင်နိုင်ဖို့ ခက်ခဲတယ်… ဒါပေမဲ့ ထိုက်စုကို ဝါးမြိုပြီး ထိုက်စုလမ်းစဉ်ကို သိမြင်နားလည်နိုင်ခဲ့တာက ခင်ဗျားရဲ့ ကျင့်စဉ်တွေကို ပေါင်းစည်းနိုင်ဖို့ အခွင့်အရေးရ သွားစေတာပေါ့”
ကောင်းကင်နတ်ဧကရာဇ်ဟောင် ပြုံးလိုက်သည့်အခါ ထိုက်စုချီအနည်းငယ်က ထွက်ပေါ်လာသည်။ ၎င်းက ရှားပါးရတနာများအဖြစ် အဆက်မပြတ် အသွင်ပြောင်းလဲနေသည်။ သူက အေးဆေးစွာပြော၏။ “၀န်မင်းမူ၊ မင်းက လျှော့တွက်ထားလို့ မရဘူးပဲ… မင်းရဲ့ စွမ်းရည်တွေက ကျင့်ကြံခြင်းလမ်းစဉ်တွေကို ပေါင်းစည်းပြီး သတ်ဖို့ အခက်ခဲဆုံးသူတစ်ယောက် ဖြစ်လာစေခဲ့တယ်… ငါ ခိုင်ဧကရာဇ်ကို ဘယ်တုန်းကမှ စိတ်မပူခဲ့ဘူး… ခိုင်ဧကရာဇ်က တည်ကြည်လေးနက်ပေမယ့် ဗျူဟာလိုအပ်တဲ့အပြင် အလိုက်သင့်နေရကောင်းမှန်း မသိဘူး… ဒါပေမဲ့ မင်းကတော့ အခြေအနေတစ်ခုကို ဘယ်လိုသည်းခံပြီး အကဲခတ်ရမလဲဆိုတာ သိတယ်… လူလုံးထွက် မပြသင့်ရင် အရိပ်ထဲမှာပဲ ပုန်းခိုနေပြီး အချိန်တန်ရင်တော့ ထွက်ပေါ်လာတတ်တယ်… မင်းကို ရင်ဆိုင်ရတာ သူ့ထက်ပိုပြီး ခက်ခဲတယ်… ဒါပေမဲ့ ငါ ထိုက်စုကို သန့်စင်ပြီးတဲ့နောက်မှာတော့ ငါ့ရဲ့စွမ်းအားက ပြီးပြည့်စုံလာခဲ့ပြီး ငါ့အတွက် ပြိုင်ဘက်ဆိုတာ မရှိတော့ဘူး…. မင်းရဲ့တာအိုက ဘာလဲ”
ချင်မူအကြည့်က ထိုက်စုချီအပေါ်သို့ ကျရောက်သွားသည်။ “ထိုက်စုလမ်းစဉ်နဲ့ဆိုရင် ခင်ဗျားက လိုအင်ဆန္ဒမှန်သမျှကို ဖြည့်ဆည်းပေးနိုင်တဲ့အပြင် တစ်လောကလုံးမှာ ရှိတဲ့ ရတနာတွေနဲ့ ကျင့်စဉ်တွေကို တိုးတက်စေနိုင်တယ်… ခိုင်ဧကရာဇ်ရဲ့ ဓားလမ်းစဉ်ပဲဖြစ်ဖြစ် ကောင်းကင်နတ်အရှင်ရှုရဲ့ ယိုတုလမ်းစဉ်၊ ကောင်းကင်လမ်းစဉ် ဒါမှမဟုတ် ထိုက်ကျိလမ်းစဉ်ဆိုရင်တောင် တိုးတက်အောင် ခင်ဗျား လုပ်ပေးနိုင်တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က လေးစားစွာ သက်ပြင်းချလိုက်သည်။ “ဒီလိုရန်သူမျိုးရှိတာ ငါ သိပ်ကို ကျေးဇူးတင်မိပါတယ်… ၀န်မင်းမူ၊ ငါ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီးကတည်းက ငါ့ရဲ့ ခွန်အားအပြည့်အဝကို လုံးဝ ထုတ်မသုံးခဲ့ဘူး… ဘာလို့လဲဆိုတော့ ငါက တစ်လောကလုံးရဲ့ ထိပ်မှာ ရပ်နေပြီလေ… ဘယ်သူကမှ ငါ့ခွန်အား အပြည့်အဝ ထုတ်သုံးဖို့ မထိုက်တန်ဘူး”
သူ လက်ဖဝါး ဖြန့်လိုက်ရာ ထိုက်စုချီက သူ၏လက်ဖဝါးထဲသို့ ဆင်းသက်၍ ခန့်မှန်းမရနိုင်အောင် ပြောင်းလဲနေသည်။ “ငါ အားလုံးရဲ့ အားနည်းချက်တွေကို ပစ်မှတ်ထားပြီး ထိန်းချုပ်နိုင်တဲ့ ကောင်းကင်လက်နက်တစ်ခုအဖြစ် ပြောင်းလဲလို့ရတယ်…” သူက အေးဆေးစွာ ပြော၏။ “ကောင်းကင်နတ်အရှင်လင်ဆိုရင်တောင်မှ သူ့ရဲ့ အားနည်းချက်ကို ရှာပြီး အသက်ရှင်လျက် ဖမ်းဆီးလို့ ရတယ်…. ထိုက်ချူဆိုရင်လည်း ထိုက်စုချီကို သုံးပြီး သူ့ရဲ့ အားနည်းချက်တွေကို ပစ်မှတ်ထားလို့ရတယ်… ခိုင်ဧကရာဇ်ဆိုရင်လည်း င့ါခွန်အားအပြည့်အဝနဲ့ အလွယ်တကူ သတ်ပစ်လို့ရတယ်….”
ချင်မူက သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။ “ဒါဆိုရင် ကျွန်တော့်ကိုရော ဘယ်လိုလုပ်မှာလဲ”
“ငါ ထိုက်စုချီကို အသိစိတ်အလျဥ်လမ်းစဥ်အဖြစ် အသွင်ပြောင်းပြီး ငါ့ထိုက်ချူတာအိုလမ်းစဉ်မှာ လိုအပ်နေတာကို ဖြည့်ဖို့ ပြင်ဆင်ထားတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်သည်။ “ငါက ထိုက်ချူ အမြဲတမ်း အိပ်မက်မက်နေခဲ့ရတဲ့ ထိုက်ချူတာအိုနဲ့ ထိုက်ချူတာအိုသစ်ပင်ကို အသက်သွင်းလို့ မင်းကို သတ်ပေးမှာ”
သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာ၏။ “ငါ မင်းကို မသတ်နိုင်ရင် နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်... အဲဒါက ထိုက်စုလမ်းစဉ်ကို ငါ့ရဲ့ အဆုံးသတ်မြို့ပျက်လမ်းစဉ်အဖြစ် ပြောင်းလဲအားဖြည့်ဖို့ပဲ… ငါ အထွတ်အမြတ် အောင်မြင်မှုနှစ်မျိုး ရသွားမှာပေါ့…အဲဒီအချိန်ကျရင် ငါ မင်းကို မြှုပ်နှံနိုင်ပြီမလား”
ချင်မူ့အနောက်တွင် လောကသစ်ပင်က မြေကြီးထဲမှ ထွက်ပေါ်လာပြီး သူက တည်ကြည်လေးနက်စွာ ဖြေလိုက်သည်။ “အရှင်မင်းကြီးရဲ့အောင်မြင်မှုတွေက သိပ်ကိုထူးကဲပါပေတယ်… ကျေးဇူးပြုပြီးတော့ တိုက်ခိုက်ပြီး ကျွန်တော့်ကို သတ်လိုက်ပါ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏လက်ထဲရှိ ထိုက်စုချီမှာ ပြောင်းလဲသွားသည်။
ချင်မူ့နှလုံးသားက တဒိန်းဒိန်း ခုန်လာပြီး သူ၏သူငယ်အိမ်များ ကျုံ့ဝင်သွား၏။ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ထိုက်စုချီက ထိုက်ယီ၏ ပုဆိန်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်လင်သည် မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်၏ နတ်ကောင်းကင်ခန်းမအရှေ့တွင် ရပ်နေပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။ ထိုအခိုက်အတန့်တွင် အဆုံးသတ်မြို့ပျက် ထွက်ပေါ်လာပြီး မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်တစ်ခုလုံးအား ဝါးမြိုသွားလေသည်။
မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်မှာ ချင်မူ မြင်ယောင်ဖန်ဆင်းထားသည့် ကောင်းကင်နန်းဆောင်တစ်ခု ဖြစ်သည်။ ၎င်းသည် အလွန်ကျယ်ပြောသော ဧရိယာကို လွှမ်းမိုးထားသော်လည်း အဆုံးသတ်မြို့ပျက်နှင့် တွေ့ကြုံရသည့်အခါတွင်တော့ ခုခံနိုင်စွမ်း မရှိဘဲ အဆုံးသတ်မြို့ပျက်၏ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအားကြောင့် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
မရေမတွက်နိုင်သော အပိုင်းအစများက ကောင်းကင်နတ်အရှင်လင်နှင့်အတူ အဆုံးသတ်မြို့ပျက်ထဲသို့ ပြုတ်ကျသွားသည်။
ကောင်းကင်နတ်အရှင်လင်သည် မလှုပ်မယှက် ရပ်နေပြီး အဆုံးသတ်မြို့ပျက်စွမ်းအားကို သူမအား အသူရာချောက်နက်ထဲသို့ ဆွဲခေါ်ခွင့်ပေးထား၏။
သူမတွင် အတိုက်အခိုက်စွမ်းရည် သိပ်အားမကောင်းသဖြင့် အဆုံးသတ်မြို့ပျက်၏ စွမ်းအားကို ခုခံနိုင်ခြင်းမရှိပေ။ သူမသာ အသူရာချောက်နက်ထဲသို့ ဆွဲယူခံလိုက်ရပါက လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက် ကြာပန်းပွင့်တစ်ပွင့်က ဝုန်းခနဲ ဆင်းသက်လာသည်။ သခင်မယွမ်မုက ခုန်တက်၍ အပေါ်မှ ငုံ့ကြည့်လိုက်၏။ သူမက ကြာပန်းပွင့်ကို မြှောက်၍ ကောင်းကင်နတ်အရှင်လင်၏ ဦးခေါင်းထံသို့ အညှာအတာမရှိ ရိုက်ချလိုက်သည်။
“လင်၊ နင့်ကို ဘယ်သူမှ မသတ်နိုင်ဘူးဆိုပေမယ့် အဆုံးသတ်မြို့ပျက်က မသတ်နိုင်တဲ့အဓိပ္ပါယ် မဟုတ်ဘူး”
သခင်မယွမ်မုက ခက်ထန်စွာ ပြောသည်။ “အဆုံးသတ်မြို့ပျက်က ဘယ်အရာမဆိုအဖြစ် အသွင်ပြောင်းနိုင်တယ်”
ကြာပန်းပွင့်သည် အဆုံးမရှိသော စွမ်းအားတို့ဖြင့် ပေါက်ကွဲထွက်လာပြီး ရိုက်ချလိုက်သည်။ ကောင်းကင်နတ်အရှင်လင်က သူမ၏လက်ချောင်းကို မြှောက်၍ ကြာပန်းပွင့်အား ရင်ဆိုင်ထိတွေ့လိုက်၏။
ဝုန်း…
အဆုံးသတ်မြို့ပျက် အသူရာချောက်နက်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး သခင်မယွမ်မုလက်ထဲရှိ ကြာပန်းပွင့်က ရုတ်တရက် ပေါက်ကွဲ၍ အမှုန့်ကြေသွားတော့သည်။
သခင်မယွမ်မုမှာ အံ့အားသင့်နေမိပြီး သူမလက်ထဲရှိ ကြာပန်းပွင့်မှာ ဝတ်တိုင်သာ ကျန်ရစ်တော့၏။
အဆုံးသတ်မြို့ပျက်အသူရာချောက်နက်က ကောင်းကင်နတ်အရှင်လင်ကို ဆွဲယူနေဆဲပင်။ သခင်မယွမ်မုက အံတင်းတင်းကြိတ်၍ အနောက်မှ လိုက်မဖမ်းပေ။ “သူ အဆုံးသတ်မြို့ပျက်ထဲ ကျသွားရင် သေကိုသေလိမ့်မယ်… မသေရင်တောင်မှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး…”
သူမ ထိုသို့တွေးလိုက်သည့်အချိန်တွင် ကောင်းကင်နတ်အရှင်လင်က ရုတ်တရက် အသူရာချောက်နက်၏ ကျောက်သားနံရံကို လက်ညှိုးထိုးလိုက်သည်။ အဆုံးသတ်မြို့ပျက် အထွတ်အမြတ်နယ်မြေမှာ တုန်ခါလာပြီး ပေါက်ကွဲတော့လုနီးပါး ဖြစ်သွား၏။
သခင်မယွမ်မုမှာ အံ့အားသင့်နေသည်။ ဤအထွတ်အမြတ်နယ်မြေမှာ သူမ မွေးဖွားခဲ့သော နေရာဖြစ်လေသည်။ ၎င်း ဖျက်ဆီးခံခဲ့ရပါက သူမ၏စွမ်းအားသည်လည်း သိသိသာသာ လျော့ကျသွားလိမ့်မည်။
သူမက အံတင်းတင်းကြိတ်လျက် များစွာသော ကောင်းကင်နတ်သိုင်းများအား ကောင်းကင်နတ်အရှင်လင်၏ ခန္ဓာကိုယ်ဆီသို့ စေလွှတ်လိုက်သည်။
အမျိုးသမီးနှစ်ယောက်မှာ အသူရာချောက်နက်၏ အနက်ရှိုင်းဆုံးနေရာထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားလေပြီ။