နှစ်ယောက်ချင်း တိုက်ပွဲ
Vol. 128 Ch. 1654
သခင်မယွမ်မုနှင့် ကောင်းကင်နတ်အရှင်လင်တို့သည် အသူချောက်နက်အောက်ဆုံးရှိ ကြာပန်းပွင့်အား တစ်ယောက်ပြီးတစ်ယောက် ဝင်တိုက်သွားကြ၏။ သခင်မယွမ်မုက ကောင်းကင်နတ်အရှင်လင်ကို မသတ်နိုင်သေးသဖြင့် စိုးရိမ်ပူပန်လာသည်။
အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်သည် ကြာပန်းပွင့်၏ ဘယ်ဘက်ခြမ်းတွင် ရပ်နေပြီး ကျန်တစ်ယောက်ကတော့ ညာဘက်ခြမ်းတွင် ရပ်နေသည်။
ကောင်းကင်နတ်အရှင်လင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲပင်။ သခင်မယွမ်မု၏ တိုက်ကွက်များက သူမအပေါ် မည်သည့်သက်ရောက်မှုမှ မရှိပုံပင်။ သူမကို သတ်နိုင်ရန် အမှန်တကယ် ခက်ခဲ၏။ မီလော့နန်းတော်၏ သခင်လေးလေးသည် အခွင့်အရေးကို အသုံးချ၍ သူမအား သတ်နိုင်ရန် ကြိုးစားခဲ့သော်လည်း ခိုင်ဧကရာဇ်က သူမအစား ကာဆီးပေးခဲ့သည်။
မီလော့နန်းတော်၏ သခင်လေးတစ်ယောက် မလှုပ်ရှားသရွေ့ သူမကို သတ်ရန် မဖြစ်နိုင်ပေ။
သခင်မယွမ်မုက သူမကို သတိတကြီး စောင့်ကြည့်နေပြီး ကောင်းကင်နတ်အရှင်လင်ကတော့ ပတ်ဝန်းကျင်အား လျှောက်ကြည့်နေသည်။ အမြွှာကြာပန်းပွင့်နှစ်ပွင့်အပေါ်သို့ အကြည့်ရောက်သွားသည့်အခါ သူမက ရေရွတ်လာ၏။ “ဒါက အဆုံးသတ်မြို့ပျက်လား… အထဲမှာ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ချက်တွေ အများကြီးရှိတာပဲ”
သူမက ကြာပန်းပွင့်နှစ်ပွင့်ကို အသေအချာ စိုက်ကြည့်နေသည်။ ဖရိုဖရဲပင်လယ်အထက် ကောင်းကင်တွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက် ၁၇ ခုရှိပြီး စကြ၀ဠာ ၁၇ စင်းကို ကိုယ်စားပြုနေသည်။
ထိုစကြ၀ဠာ ၁၇ ခုသည် အစဥ်လိုက် ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း အဆုံးသတ်မြို့ပျက်တွင်တော့ ထိုသို့ အစီအစဉ်တကျ ရှိပုံမပေါ်ပေ။
သာမန်လူများအတွက် ဤအခြေအနေမှာ နားလည်နိုင်ရန် ခက်သော်လည်း ကောင်းကင်နတ်အရှင်လင်အတွက်တော့ အလွန်တရာ ရိုးရှင်းနေသည်။
သူမအတွက် စကြ၀ဠာ၏ အနှစ်သာရမှာ ဒြပ်ထုနှင့် စွမ်းအင် ဖြစ်၏။ စကြ၀ဠာ ၁၇ စင်းဆိုသည်မှာလည်း ဒြပ်ထုနှင့်စွမ်းအင် အခြေအနေ ၁၇ မျိုးသာ ဖြစ်လေသည်။
အဆုံးသတ်မြို့ပျက်အသူရာချောက်နက်က မပြောင်းလဲသော အမှတ်တစ်ခုဟု ဆိုရမည်။ သူမသည် ဤနေရာတွင် ထိုအခြေအနေ ၁၇ခုကို တစ်ချိန်တည်း လေ့လာနိုင်သည်။ သူမ၏ မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းနှင့် ဆင်တူသော်လည်း ပို၍လေးနက်ကျယ်ပြန့်သည်။
“ဒါက အနက်ရောင်တောင်တန်းအပြင် စကြ၀ဠာရဲ့ နောက်ထပ် ခက်ခဲတဲ့ အမှတ်တစ်ခုပဲ”
ကောင်းကင်နတ်အရှင်လင်က သူမတစ်ကိုယ်တည်း ကြားရုံသာ ခပ်တိုးတိုး ရေရွတ်နေသည်။ “အနက်ရောင်တောင်တန်းရဲ့ လောကသစ်ပင်က သူ့ရဲ့ မပြောင်းလဲတဲ့သဘာဝကြောင့် တာအိုသိုင်းပညာရှင်အားလုံး တုပတဲ့ အရာတစ်ခု ဖြစ်လာတယ်… တာအိုသိုင်းပညာရှင်တွေရဲ့ မဟာတာအိုက အန္တိမဟင်းလင်းပြင်မှာ လောကသစ်ပင်ပုံစံနဲ့ ခတ်နှိပ်ခံထားရတယ်… စကြ၀ဠာပျက်စီးခြင်းကပ်ဘေးကြီးကို ရှင်သန်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့.. အဆုံးသတ်မြို့ပျက်ကလည်း နောက်ထပ် ပြောင်းလဲလို့ မရတဲ့အရာတစ်ခုပဲ… စဉ်းစားကြည့်တော့မှာ ဒီနေရာမှာလည်း တာအိုလမ်းစဉ် ရှိနေတာပါလား…”
သခင်မယွမ်မုမှာ ကြက်သီးမွေးညှင်းများ ထသွားသည်။ မီလော့နန်းတော်၏ သခင်လေးနှစ်ကို တွေ့ဆုံခဲ့ရသည့်အချိန်တွင် သူမသည် တာအိုရရှိနိုင်ရန် နောက်ထပ်လမ်းစဉ်တစ်ခု ရှိကြောင်း ပြောပြခဲ့၏။ ၎င်းက အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၏ သဘာဝဖြစ်ပြီး အဆုံးသတ်မြို့ပျက်တွင် မွေးဖွားသည့် ရှေးဟောင်းနတ်ဘုရားများသာ လုပ်နိုင်သည့်အရာ ဖြစ်၏။
ကောင်းကင်နတ်အရှင်လင်သည် ဤနေရာသို့ ရောက်သည့် အခိုက်အတန့်မှာပင် တာအိုလမ်းစဉ်နောက်တစ်ခုကို သတိထားမိသွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ထိုမျှသာမက လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက်၏ ဆင်တူသော နိယာမများကိုလည်း တွေ့မြင်နိုင်ခဲ့သည်။
ဤသို့သော ပါရမီမျိုးနှင့် သိမြင်နားလည်နိုင်စွမ်းက အမှန်တကယ် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်၏။
“ဒီလိုတာအိုမျိုးက အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို ကျင့်ကြံပြီး ဖရိုဖရဲထဲမှာ ကြာပန်းပွင့် စိုက်ဖို့ လိုတယ်… ရိုးရိုးရှင်းရှင်းလို့ ထင်ရပေမယ့် တကယ်တော့ နည်းနည်းခက်တယ်”
ကောင်းကင်နတ်အရှင်လင်က ခေါင်းလေးငဲ့၍ တခဏကြာ တွေးတောစဉ်းစားနေသည်။ “သိပ်ပြီးတော့ ခက်တဲ့ပုံလည်း မပေါ်သလိုပါပဲ…”
သခင်မယွမ်မုက ပြုံးလျက် ခပ်ဖွဖွ မေးလိုက်သည်။ “ညီမတော်လင်၊ သိပ်မခက်ဘူးလို့ ပြောခဲ့တာဆိုတော့ ငါ အဆုံးသတ်မြို့ပျက်တာအိုလမ်းစဉ်ကို ဘယ်လိုကျင့်ကြံလို့ရနိုင်မလဲ… ငါ့ကို ကြည့်ပါဦး… ငါ အဆုံးသတ်မြို့ပျက်တာအိုလမ်းစဉ်ကို အောင်မြင်ပြီးသွားပြီလား…”
ကောင်းကင်နတ်အရှင်လင်က သူမကို တစ်ချက်ကြည့်၍ ခေါင်းခါရမ်းလိုက်သည်။ “မအောင်မြင်သေးဘူး.. ရှင် လျှောက်လှမ်းနေတဲ့ လမ်းစဉ်က ရိုးရာတာအိုသစ်ပင်လမ်းစဉ်ပဲ ရှိသေးတယ်… ဒါပေမဲ့ ရှင့်ရဲ့ အဆုံးသတ်မြို့ပျက်လမ်းစဉ်က အန္တိမဟင်းလင်းပြင်နဲ့ ထိပ်တိုက်တွေ့နေပြီး တာအိုသစ်ပင်ကို မကျင့်ကြံနိုင်ဘူး… လမ်းချော်သွားခဲ့ပြီ”
သခင်မယွမ်မု၏ အရှိန်အဝါများမှာ အေးခဲသွားတော့သည်။ သူမသည် တစ်လောကလုံးတွင် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ဖြစ်၏။ သူမ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ လွဲချော်သွားပြီဟု မည်သူမှ သူမအရှေ့တွင် ထုတ်မပြောရဲပေ။
သို့သော် ကောင်းကင်နတ်ဧကရာဇ်ဟောင် သူမအား ချင်မူ၏ အနီရောင်ကြိုးထုံးများမှ ကယ်တင်ခဲ့သည့်အချိန်ကစ၍ သူမ၏ လမ်းစဉ်ကို အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ရန် ကြိုးစားခဲ့သော်လည်း အချိန်တိုင်း ကျရှုံးခဲ့ရလေသည်။
အန္တိမဟင်းလင်းပြင်၏ လေအေးက သူမ၏ အဆုံးသတ်မြို့ပျက်လမ်းစဉ်၏ လေပူနှင့် ထိပ်တိုက်တွေ့ဆုံသည့်အခါ နှစ်ခြမ်း ကွဲသွားတတ်သည်။
သူမက အန္တိမဟင်းလင်းပြင်သို့ ဝင်ရောက်သည့်အချိန်တွင် လောကသစ်ပင် မဆိုထားနှင့် သေဆုံးနိုင်မည့် အန္တရာယ်များကိုသာ ခံစားရတတ်သည်။
“ဒီလောကမှာ တာအိုလမ်းစဉ် အောင်မြင်သွားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိတယ်”
ကောင်းကင်နတ်အရှင်လင်က ဆက်ပြောသည်။ “ကောင်းကင်နတ်အရှင်မူက သူ့ကိုယ်သူ စကြ၀ဠာအဖြစ် အသုံးချပြီး အဆုံးသတ်မြို့ပျက်ကို တိုးတက်စေခဲ့တယ်… သူက အဆုံးသတ်မြို့ပျက်ထဲမှာ ဖရိုဖရဲကြာပန်းပွင့်တွေ ဖန်တီးပြီး ကြာပန်းတွေ စိုက်ခဲ့တယ်.. ဒါကြောင့် သူက အဆုံးသတ်မြို့ပျက်ထဲမှာ အစစ်အမှန် တာအိုလမ်းစဉ်ကို တွေ့ခဲ့တာပဲ… ဒါပေမဲ့ သူ့ရဲ့ လမ်းစဉ်က နည်းနည်းလေး လွဲနေသေးတယ်… အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို သိမြင်နားလည်ပြီး ကြာပန်းတွေ ကျင့်ကြံနိုင်ခဲ့တာ မဟုတ်ဘူး… အဲဒီအစား လောကသစ်ပင်လို အပြင်အရာဝတ္ထုတွေကို အားကိုးခဲ့တာ… တကယ်တော့ အဆုံးသတ်မြို့ပျက် ကြာစေ့တွေကိုအားကိုးခဲ့တာပဲ”
သခင်မယွမ်မုမှာ အတွေးနက်နေသည်။ ထိုအခိုက်အတန့်တွင် ကြာရွက်တစ်ရွက်က အဝေးမှ မြောလွင့်လာသည်။ ကမ္ဘာဦးဖရိုဖရဲပင်လယ်ထဲတွင် ဖိနှိပ်ခံထားရသည့် သခင်လေးနှစ်သည် သူမတို့နှစ်ယောက်အား ကြာပန်းပွင့်ဖြင့် အတင်းအကြပ် ဖမ်းဆီးရန် ကြံစည်ထားခဲ့သည်။ သခင်လေးနှစ်လည်း ထိုစကားကို ကြားလိုက်သည့်အခါတွင်တော့ အနည်းငယ် အံ့အားသင့်သွားကာ မတိုက်ခိုက်တော့ပေ။
“နင့်ရဲ့ အသိအမြင်တွေက သိပ်ကို ထူးကဲတာပဲ… ၁၇ စင်းမြောက် စကြ၀ဠာမှာ ဒီလိုပုဂ္ဂိုလ်တစ်ယောက် ရှိနေလိမ့်မယ် ထင်မထားဘူး… တကယ်ကို ရတနာသိုက်ပဲ”
ကမ္ဘာဦးဖရိုဖရဲပင်လယ်က လှိုင်းထန်လာသည်။ သခင်လေးနှစ်၏ ဧရာမမျက်နှာကြီးက ရေမျက်နှာပြင်အောက်မှ ထွက်ပေါ်လာပြီး သူမ၏အသံက ကျန်သူနှစ်ယောက်၏ နားထဲသို့ ဝင်ရောက်သွားသည်။ “ကြည့်ရတာ ဆရာ ပြောတာမှန်တယ် ထင်တယ်… ငါတို့ တာအိုသိုင်းပညာရှင်တွေက စကြဝဠာရဲ့ ခြကောင်တွေလို့ သူ ပြောခဲ့ဖူးတယ်… ငါတို့ဟာ နောက်ထပ်စကြ၀ဠာတစ်ခုဆီ ခိုးဝင်ပြီး အဲဒီမှာ ရှိတဲ့ ဒြပ်ထုနဲ့ စွမ်းအင်တွေကို ကျူးကျော်စုပ်ယူလို့ အဲ့ဒီစကြဝဠာက ပိုပိုပြီး သေးလာရတယ်… မွေးဖွားလာတဲ့ ဉာဏ်ကြီးရှင်တွေလည်း တဖြည်းဖြည်း လျော့နည်းသွားတယ်… ဒါပေမဲ့ ကပ်ဘေးကြီးကို ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ဆိုခဲ့တယ် … ၁၇ စင်းမြောက် စကြ၀ဠာက အတိတ်စကြ၀ဠာ တာအိုသိုင်းပညာရှင်တွေ ကျူးကျော်တာမခံရသေးပေမယ့် နင့်လို လှပထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်ကို မွေးထုတ်ပေးနိုင်လိုက်ပြီပဲ”
သူမ၏မျက်နှာသည် ကမ္ဘာဦးဖရိုဖရဲပင်လယ်ထဲမှ ဖြည်းဖြည်းချင်း မြင့်တက်လာပြီး မလှမ်းမကမ်းရှိ ရေမျက်နှာပြင်ပေါ်တွင် မြင်ရနိုင်သည်။
ကောင်းကင်နတ်အရှင်လင်လည်း ငုံ့ကြည့်လိုက်ရာ ဤမီလော့နန်းတော်၏ သခင်လေးနှစ်သည် အလွန်တရာ ချောမောလှပကြောင်း တွေ့လိုက်ရ၏။ သခင်မယွမ်မုနှင့် ယှဥ်ပါက အနည်းငယ် ဆင်တူသည့်အချက်များ ရှိသော်လည်း သူမက ပို၍လှပသည်။
“ရှင်က အဆုံးသတ်မြို့ပျက်ထဲမှာ တာအိုရထားတဲ့ ပုဂ္ဂိုလ်အစစ်ပဲ”
ကောင်းကင်နတ်အရှင်လင်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။ “ရှင့်နာမည်က ဘယ်လိုခေါ်လဲ… ဘာလို့ ဒီနေရာမှာ ဖမ်းချုပ်ခံထားရတာလဲ…”
“ငါက မီလော့နန်းတော်ရဲ့ သခင်လေးနှစ်ပဲ… ငါ့ရဲ့နာမည်ကတော့ အရေးမပါတော့ဘူး… ငါဟာ ကျင့်ကြံခြင်းမှာ အောင်မြင်ခဲ့တဲ့အတွက် အနန္တခန်းမကို ရခဲ့တယ်… ဒါကြောင့် ငါ့ရဲ့ဆရာက ငါ့ကို အနန္တလို့ ခေါ်ခဲ့တယ်… အရင်တုန်းက ငါဟာ စကြ၀ဠာတစ်ခုလုံးနဲ့ လူနေမှုအသိုက်အဝန်းတွေအားလုံးကို ဖျက်ဆီးချေမှုန်းချင်ခဲ့တယ်… တာအိုရပြီးတဲ့ သိုင်းပညာရှင်တွေ အများကြီးကို သတ်ဖြတ်ပြီးတဲ့နောက်မှာ ငါ့ဆရာ သိသွား… နင်ပဲ…”
မီလော့နန်းတော်၏ သခင်လေးနှစ်မှာ ကောင်းကင်နတ်အရှင်လင်၏ ရုပ်ရည်သွင်ပြင်ကို ရုတ်တရက် မှတ်မိသွားပြီး သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား အလန့်တကြား အော်ဟစ်လိုက်လေသည်။ “ဘာလို့ နင် ဖြစ်နေတာလဲ”
ကောင်းကင်နတ်အရှင်လင်မှာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ကျွန်မက ဘာဖြစ်နေလို့လဲ”
သခင်မယွမ်မုမှာ မည်သည်တို့ ဖြစ်နေသည်လဲ မသိတော့ပေ။ သူမက ကောင်းကင်နတ်အရှင်လင်ကိုတစ်လှည့် မီလော့နန်းတော်၏ သခင်လေးနှစ်ကိုတစ်လှည့် ကြည့်နေမိသည်။ အဘယ်ကြောင့် သခင်လေးနှစ် အံ့အားသင့်သွားရသည်လည်း သူမ မသိပေ။
အန္တိမဟင်းလင်းပြင်တွင်….
ချင်မူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့၏ အရှိန်အဝါလှိုင်းဂယက်များက ကြောက်မက်ဖွယ်ရာ ထကြွသောင်းကျန်းနေကြသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ထိုက်စုချီကို အသိစိတ်အလျဉ်တာအိုအဖြစ် အတင်းအကြပ် ဖန်တီးဖော်ဆောင်ထားပြီး သူ၏ မူလချီ မဟာခြုံလွှမ်းကောင်းကင်ဘုံကတော့ အဆက်မပြတ် တိုးတက်၍ ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံအဖြစ် ပြောင်းလဲသွား၏။
ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် ထိုက်ချူတာအိုက ကျယ်ပြန့်လေးနက်နေသည်။ ထိုက်ချူ၏တာအိုကြောင့် မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ စကြ၀ဠာအစသဖွယ် ပေါ်လွင်နေပြီး လောကသစ်ပင်သည် အဆုံးအစမဲ့ ထိုက်ချူချီများထဲ၌ မားမားမတ်မတ် ရပ်တည်နေလေသည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ထိုက်စုချီစွမ်းအင်တချို့က ထိုက်ယီပုဆိန်အား ဖွဲ့တည်ထားပြီး ပုဆိန်ကြီးကို ဆုပ်ကိုင်ထားသည့် ဟောင်၏ အသွင်သည် ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းခွဲပစ်နိုင်သည့် ဘီလူးကြီးတစ်ကောင်အလားပင် ထင်မှတ်ရတော့၏။
အဝေးတွင် ကောင်းကင်နတ်အရှင်ယွင်နှင့် တိုက်ခိုက်နေသည့် ထိုက်ချူမှာ ပြီးပြည့်စုံလုနီးပါး ထွက်ပေါ်လာသော ထိုက်ချူတာအိုအား အာရုံခံမိသွားသည်။ သူ ခပ်သွက်သွက် လှမ်းကြည့်လိုက်ရာ စိတ်ဓာတ်ကျသွားတော့သည်။
၎င်းမှာ သူ အမြဲတမ်း မျှော်လင့်၍ အိပ်မက်မက်ခဲ့ရသော ကျင့်စဉ်အဆင့်တစ်ခု ဖြစ်သော်လည်း ယခုတွင် သူ၏ သားခန္ဓာကိုယ်ပေါ်၌ ဖွဲ့တည်နေချေပြီ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ထိုက်စုချီစွမ်းအင်ကို အသုံးပြု၍ ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံကို တိုးတက်စေခဲ့ခြင်းကြောင့် ပြီးပြည့်စုံနေခြင်းတော့ မဟုတ်။ သို့သော် ထိုက်ချူကိုယ်တိုင်မှာ ထိုအဆင့်သို့ပင် မရောက်နိုင်ချေ။
ဇွက်….
ကောင်းကင်နတ်အရှင်ယွင်က ထိုက်ချူ ငေးကြောင်နေသည့် အခိုက်အတန့်ကို အခွင့်အကောင်း ယူကာ သူ၏ ရင်ဘတ်သို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။ ထိုက်ချူက အလျင်အမြန် အာရုံစုစည်းပြီး နောက်သို့ အလောတကြီး ဆုတ်သွား၏။ သူက လက်ချောင်းများကို တဖျတ်ဖျတ် ခါလိုက်ရာ ဧကရာဇ်ဓားက ပျံသန်းပြေးဝင်လာသည်။
‘ကောင်းကင်နတ်အရှင်မူပြောတဲ့အတိုင်းပါလား… ငါ ငါ့ရဲ့ ထက်မြတ်မှုနဲ့ တက်ကြွမှုတို့ကို ဆုံးရှုံးလိုက်ရပြီ..’ သူက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး ကောင်းကင်နတ်အရှင်ယွင်နှင့် အားကုန်တိုက်ခိုက်နေသည်။
ကောင်းကင်နတ်အရှင်ယွင်၏ တိုးတက်လာမှုမှာ လျင်မြန်လွန်းသည်သာမက မဟာဧကရာဇ်၏ တာအိုသစ်ပင်၊ တာအိုသစ်သီးနှင့် လိုက်လျောညီထွေဖြစ်နေချေပြီ။ သို့သော် သူ၏ရုပ်ခန္ဓာက အားနည်းလွန်းသဖြင့် တိုက်ခိုက်သည့်အခါ လက်နှင့် ခြေထောက်များမှာ ခွန်အားအပြည့်အဝ မထုတ်နိုင်ဘဲ ဖြစ်နေသည်။
ထိုက်ချူသည် ချင်မူနှင့် တိုက်ပွဲတွင် ဒဏ်ရာရခဲ့သလို ချင်မူက သခင်လေးသုံး သူ့အား ပေးထားခဲ့သည့် နတ်ကောင်းကင်ခန်းမကိုလည်း ဖျက်ဆီးခဲ့သည်။ သို့သော် သူ့တွင် ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်မှ ပလ္လင်ခန်းမ ၂၄ ခု ရှိနေသေး၏။ ထိုပလ္လင်ခန်းမများက သူ၏ နိုင်ဖဲ ဖြစ်ချေသည်။
သူတို့၏ မဟာခြုံလွှမ်းကောင်းကင်ဘုံများ အနည်းငယ်မျှ ထပ်မံပူးပေါင်းသွားသည်နှင့် ထိုပလ္လင်ခန်းမ ၂၄ ခုကို တိုက်ရိုက် အသက်သွင်းကာ ကောင်းကင်နတ်အရှင်ယွင်အား ဖိနှိပ်နိုင်မည်။
ကောင်းကင်နတ်အရှင်ယွင် တခဏမျှ ဖိနှိပ်ခံလိုက်ရသည်နှင့် ဤအခွင့်အရေးကို သုံးကာ သူ့ရန်သူ၏ မဟာခြုံလွှမ်းကောာင်းကင်ဘုံကို ဝါးမြိုပြီး ထိုက်ချူမဟာခြုံလွှမ်းကောာင်းကင်ဘုံအဖြစ် ကျင့်ကြံနိုင်မည် ဖြစ်သည်။
သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲမှာ ပိုပို၍ ပြင်းထန်လာ၏။ သူတို့သည် အသည်းအသန် တိုက်ခိုက်နေကြရင်း ရန်သူကို ရှင်းလင်း၍ ရန်သူ၏ မဟာခြုံလွှမ်းကောာင်းကင်ဘုံကို တစ်ချက်တည်း ဝါးမြိုနိုင်မည့် အခွင့်အရေးအား ရှာဖွေနေကြသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ခန္ဓာကိုယ်က လှုပ်ရှားလာပြီး ရှေ့သို့ ခြေတစ်လှမ်းတက်လာသည်။ သူက လက်ထဲရှိ ထိုက်ယီပုဆိန်အား ချင်မူ့ထံ လွှဲခုတ်လိုက်၏။
သူသည် စွမ်းအားကို စုစည်းနေဆဲ ဖြစ်သည်။ ဤတိုက်ကွက်တွင် ထိုက်ချူမဟာခြုံလွှမ်းကောာင်းကင်ဘုံ၏ အပြင်းထန်ဆုံးစွမ်းအား ကိန်းအောင်းနေသည့်အပြင် သူ၏ကိုယ်ပိုင်မှော်စွမ်းအင်နှင့် တာအိုသိမြင်နားလည်မှုတို့လည်း ကိန်းဝပ်နေ၏။ ပုဆိန်ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ အန္တိမဟင်းလင်းပြင်မှာ အက်ကွဲလာပေလိမ့်မည်။
ဤသည်မှာ သူ့သက်တမ်း တလျှောက်လုံး ထုတ်လွှတ်နိုင်သည့် အပြင်းထန်အားအကောင်းဆုံး တိုက်ကွက်ပင်။
တစ်ချိန်တည်းမှာပင် ချင်မူ့အနောက်ရှိ လောကသစ်ပင်က တုန်ခါသွားပြီး သစ်ကိုင်များ လှုပ်ရမ်းသွားသည်။ မရေမတွက်နိုင်သော အမြစ်များက ကခုန်၍ အန္တိမဟင်းလင်းပြင်ထဲတွင် အမြစ်တွယ်သွားကြ၏။
အလွန်တရာ ထူထဲသော အမြစ်ကြီးများက အရပ်လေးမျက်နှာသို့ ပြေးထွက်သွားပြီး လေအေးကို စုပ်ယူကာ လေများ တဝေါဝေါ တိုက်ခတ်နေသည့်အကြားတွင်ပင် မလှုပ်မယှက် ရပ်တည်နေသည်။
ချင်မူ၏ ခန္ဓာကိုယ်ထဲတွင် မှော်စွမ်းအင် သိပ်မကျန်တော့ပေ။ သူ၏ချီစွမ်းအင်ကို သူ၏ရုပ်ခန္ဓာနှင့် မူလဝိညာဉ် ပြန်လည်တည်ဆောက်ရန် သုံးစွဲခဲ့ရသော်လည်း လောကသစ်ပင်တွင်မူ သူ ခတ်နှိပ်ထားသော မဟာတာအိုတံဆိပ် ပါရှိလေသည်။
လောကသစ်ပင် အန္တိမဟင်းလင်းပြင်၌ အမြစ်တွယ်လိုက်သည်နှင့် လောကသစ်ပင်ထဲရှိ မဟာတာအိုသည် အန္တိမဟင်းလင်းပြင်တွင် ချက်ချင်း တံဆိပ်ခတ်နှိပ်ခံလိုက်ရသည့်အလား ဖြစ်သွားတော့သည်။
မဟာတာအိုစွမ်းအားတို့က လောကသစ်ပင်ထဲမှ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာ၏။
ချင်မူ သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည့်အခါ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည့် စွမ်းအားတို့က သူ၏ခန္ဓာကိုယ်တွင်ပြည့်နှက်သွားသည်။
ထိုအခိုက်အတန့်တွင် သူသည် တာအိုဖြစ်လာသည့်အလား မဟာတာအို၏ အန္တိမစွမ်းအားတို့က သူ၏ခန္ဓာကိုယ်တွင် ပြည့်နှက်သွားသည်ကို ခံစားလိုက်ရ၏။
သူ့လက်ထဲရှိ တံခါးရွက်က မြောက်တက်သွားပြီး မဟာတာအိုအား တံခါးရွက်ထဲ ထည့်သွင်းလိုက်သည်။ သူသည် တံခါးကို ဓားမကြီးတစ်လက်ပမာ အသုံးပြုနေပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ပုဆိန်နှင့် ထိပ်တိုက်မရင်ဆိုင်ပေ။ ထိုအစား ကောင်းကင်နတ်ဧကရာဇ်၏ ထိုက်ချူမဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှ ထိုက်ချူတာအိုသစ်ပင်ကို ခုတ်ချလိုက်သည်။
ဝုန်း…
အန္တိမဟင်းလင်းပြင်၌ အဆုံးမသတ်နိုင်သော အလင်းတန်းတို့က ပုဂ္ဂိုလ်နှစ်ဦးအား ဖုံးလွှမ်းသွား၍ သူတို့၏ ပုံရိပ်များကို ပျောက်ကွယ်သွားစေသည်။
အလင်းတန်းထဲတွင် ကျယ်လောင်သော အက်ကွဲသံကြီးတစ်သံ ဟိန်းထွက်လာ၏။ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲရှိ တာအိုသစ်ပင်မှာ လဲကျသွားပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံသို့ ဝင်တိုက်သွားသည်။ တာအိုသံကြိုးများ ပြတ်တောက်ကုန်ကာ တာအိုအမှတ်အသားများက ဖုန်မှုန့်အလား လွင့်စင်ပျံထွက်သွားကြ၏။
ချင်မူ့အနောက်ရှိ လောကသစ်ပင်က တုန်ခါသွားပြီးနောက် ရုတ်တရက် ကျိုးပဲ့ကာ ပြိုကျသွားချေပြီ
အလင်းတန်းက ဖြည်းဖြည်းချင်း မှေးမှိန်ပျောက်ကွယ်သွား၏။ ချင်မူနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့၏ ခန္ဓာကိုယ်များ ယိမ်းယိုင်သွားကြသည်။ သူတို့၏ အရှိန်အဝါများက အလျင်အမြန် လျော့ကျသွား၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပွင့်လန်းလာပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ငါတို့နှစ်ယောက်လုံး ထိခိုက်အောင် လုပ်နိုင်ပေမယ့် ငါ့အနောက်မှာ သခင်လေးသုံးနဲ့ သခင်လေးလေးအပြင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်တစ်ခုလုံး ရှိနေလိမ့်မယ် ထင်မထားဘူးမလား…”
သူ၏ မျက်ခုံးနှစ်ဖက်ကြားမှ များပြားလှသော ပလ္လင်ခန်းမများ ပျံထွက်လာကြသည်။
“ငါ မင်းကို ရှင်းလင်းလိုက်သရွေ့ ကောင်းကင်ဘုံတွေ ပုန်ကန်ထကြွနေတဲ့ အဖြစ်အပျက်အားလုံး အလွယ်တကူ ငြိမ်းအေးအောင် လုပ်လို့ရတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခါးကို မတ်၍ တည်ကြည်လေးနက်စွာပြောလိုက်သည်။ “ပလ္လင်ခန်းမ ၃၂ ခုရဲ့ တာအိုမိတ်ဆွေတို့… ကျုပ် အားကိုးပါရစေ”
ပလ္လင်ခန်းမ ၃၂ ခုတွင် မည်သည့်လှုပ်ရှားမှုမှ မရှိပေ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် မျက်မှောင်ကြုတ်သွားပြီး နောက်တစ်ကြိမ် လေးနက်စွာ ပြောလိုက်ပြန်သည်။ “တာအိုမိတ်ဆွေတို့၊ ကောင်းကင်နတ်အရှင်မူရဲ့ လောကသစ်ပင်က ကျုပ်ကြောင့် ပြိုကျသွားပါပြီ… အခု ခင်ဗျားတို့ တိုက်ခိုက်လို့ရပြီ”
ခန်းမ ၃၂ ခုတွင် မည်သည့်လှုပ်ရှားမှုမှ ထွက်မလာပေ။
ချင်မူက ဒယိမ်းဒယိုင် လှည့်ကြည့်လာပြီး အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှာ သခင်လေးသုံးနဲ့ သခင်လေး,လေးပဲ ရှိတာမဟုတ်ဘူး… သခင်လေးခုနစ်လည်း ရှိတယ်… ကျုပ်က သခင်လေးခုနစ်ပဲ”
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ပျက်စီးနေသော ၁၆ ခုမြောက် စကြ၀ဠာ၌....
တာအိုသစ်ပင်တစ်ပင်သည် ယိမ်းနွဲ့နေပြီး မီလော့နန်းတော် သခင်လေး,လေးက ၎င်းအောက်တွင် ဗျပ်စောင်းတီးခတ်နေသည်။ သူ၏ ဘေးတွင်တော့ မီလော့နန်းတော်၏ ခန်းမအရှင်သခင်များစွာ ရှိနေ၏။
ထိုစဉ် လောကသစ်ပင်တစ်ပင်သည် ဖရိုဖရဲချီများအကြားမှ ပျံသန်းလာ၏။ လူရိပ်တစ်ခုက သစ်ပင်အောက်တွင် ရပ်နေ၏။ သူ၏အသံက အဝေးမှ ပျံ့လွင့်လာလေသည်။ “ကျုပ်ကို ဆန့်ကျင်တဲ့သူတွေအားလုံး သတ်ပစ်မယ်”
“ညီခုနစ်၊ မင်းက ရဲတင်းပြီး စိတ်ကြီးဝင်လွန်းတယ်” အသံနောက်တစ်သံအား ကြားရနိုင်ပြီး နတ်ကောင်းကင်ခန်းမ ထွက်ပေါ်လာတော့သည်။