← Chapters

တျန်းတု

Vol. 128 Ch. 1655

တျန်းတု

Vol. 128 Ch. 1655

“ညီခုနစ်၊ မင်းက အိပ်မက်မက်ရတာ ကြိုက်တယ်လေ... ဘာလို့ အခု အိပ်မက် မက်မနေတာလဲ”

မီလော့နန်းတော်၏ သခင်လေး,လေးသည် ဗျပ်စောင်းတီးနေသည်ကို ရပ်၍ လောကသစ်ပင်အောက်ရှိ လူရိပ်ဆီသို့ ခေါင်းမော့ကြည့်၏။ သူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ “ဆရာ ဒီမှာ မရှိပေမယ့် မင်း ဒီလိုမောက်မာတင်စီးနေတာကို မီလော့နန်းတော်အနေနဲ့ လက်ခံစရာ အကြောင်းမရှိဘူး... မင်းက မီလော့နန်းတော်မှာ နံပါတ် ၇ ပဲ ... နံပါတ် ၁ မဟုတ်ဘူး”

လောကသစ်ပင်အောက်ရှိ အရိပ်က တဖြည်းဖြည်း လျှောက်လာပြီး အသွင်သဏ္ဍာန် သဲကွဲလာသည်။ မဟာကပ်ဘေးကြီးသည် မည်သည့်အရာကိုမဆို ဖျက်စီးနိုင်လျှင်တောင်မှ လောကသစ်ပင်အောက်ရှိ လူရိပ်ကို တုန်ခါစေခြင်းငှာပင် မစွမ်းနိုင်ပေ။ သူ၏အရှိန်အဝါသည်ပင် လှုပ်ခတ်သွားခြင်း မရှိ။

သူက ဖရိုဖရဲချီများအကြား၌ အေးအေးလူလူ လမ်းလျှောက်နေသည်။ မဟာပျက်စီးခြင်းကပ်ဘေးကြီးက ပင်လယ်တစ်စင်းဖြစ်လျှင် သူသည် ပင်လယ်ထဲ၌ အေးဆေးသက်သာစွာ ပျော်ပျော်ရွှင်ရွှင် ကူးခတ်နေသော ငါးတစ်ကောင်နှင့် တူနေ၏။

သူ့ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်း ၊ ထောင်ထောင်မောင်းမောင်း ရှိသည်။ နားသယ်စပ်တွင်တော့ ဆံပင်ဖြူနေ၏။ အချိန်၏ တိုက်စားမှုကြောင့် ‌ရင့်ရော်သွားခဲ့သော မျက်နှာကိုလည်း ပိုင်ဆိုင်ထားးသည်။

ဤမျက်နှာသည် ချင်မူ့မျက်နှာပင် ဖြစ်၏။ ပိုမိုရင့်ကျက်တည်ငြိမ်နေခြင်းသာ ကွာသည်။ သူသည် အတိတ်စကြဝဠာထဲ၌ အခြင်းအရာများစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်မှာ ထင်ရှားပေ၏။

“ဆရာ့မှာ ပညာခုနစ်ရပ် ရှိတယ်.. ငါတို့တစ်ယောက်ချင်းစီဟာ ဆရာ့ပညာရပ်တွေကို သိမြင်နားလည်ခဲ့ကြပေမယ့် လက်ခံလိုက်နာခဲ့တဲ့ ပညာတွေဟာ မတူခဲ့ကြဘူး”

ချင်မူ့မျက်ဝန်းများက အတိတ်စကြဝဠာကို ဝေ့ကြည့်လိုက်သည်။ တာအိုသိုင်းပညာရှင်များ၏ မျက်နှာများကိုလည်း ကြည့်သွားပြီး သူတို့၏ တာအိုသစ်သီးများအား အကဲခတ်သွား၏။ “ငါတို့တစ်ယောက်ဆီမှာ အောင်မြင်မှုတစ်ခုစီ ရှိကြတယ်” သူက ပြောသည်။ “ငါတို့ အဆင့်တွေဟာ ဘယ်အချိန်မှာ ဆရာ့တပည့် ဖြစ်လာတဲ့အပေါ် မူတည်ပြီးပဲ နံပါတ် သတ်မှတ်ထားတာ... ငါတို့ အစွမ်းအစပေါ် မူမတည်ဘူး... ဆရာတစ်ယောက်ဆိုတာ ငါတို့ကို သင်ပေးဖို့ပဲ တာဝန်ရှိတယ်... တတ်မြောက်အောင်မြင်သွားတာက ငါတို့ရဲ့ အားထုတ်မှုပဲ... တကယ်တော့ ဆရာသင်ပေးခဲ့တဲ့ သဘောတရားတွေကို ငါ ထိုးထွင်းသိမြင်သွားခဲ့တာ ကြာလှပြီ... အစ်ကိုသုံးနဲ့ အစ်ကိုလေးထက်တောင် ပိုမြင့်တဲ့အဆင့်အထိ တက်လှမ်းပြီးနေပြီ”

မီလော့နန်းတော်၏ သခင်လေး,လေးက နှုတ်ခမ်းထက်တွင် မသိသာသော အပြုံးတစ်ခုဖြင့် ခေါင်းငုံ့သွားပြီး ဗျပ်စောင်းကြိုးအား ခတ်လိုက်သည်။ ထိုအခါ မီလော့နန်းတော်၏ အတွင်းပိုင်းထဲမှ နန်းဆောင်တစ်ဆောင်သည် ဖရိုဖရဲအလွှာများနှင့် စကြဝဠာအပျက်အစီး ၁၅ ခုကို ကျော်ဖြတ်လာရင်း သူ့အနောက်သို့ တရှိန်ထိုး ရောက်လာတော့၏။

ခရမ်းရောင်ကောင်းကင်ဘုံခန်းမ

မီလော့နန်းတော်သခင်က သခင်လေး,လေးအား ကျစ်ရှောင်ဟု ခေါ်သည်။ ကျစ်ရှောင်ဆိုသည်မှာ ခရမ်းရောင်ကောင်းကင်ဘုံဟု အဓိပ္ပါယ်ရပြီး ကျောက်စိမ်းမြို့တော်အပြင်မှ လူများကမူ သူ့အား တာအိုဓိပတိကျစ်ရှောင်ဟု ခေါ်ကြသည်။

တစ်ချိန်တည်းမှာပင် နတ်ကောင်းကင်ခန်းမသည်လည်း ဖရိုဖရဲအလွှာများကို ဖြတ်ကာ ပေါ်လွင်လာသည်။ သခင်လေးသုံးက ပြုံးလျက် ရှိနေ၏။ မီလော့နန်းတော်သခင်က သူ့အား လင်းရှောင်ဟု ခေါ်သည်။ လင်းရှောင်က နတ်ကောင်းကင်ဟု အဓိပ္ပါယ်ရပြီး ကျောက်စိမ်းမြို့တော်အပြင်မှ လူများက သူ့အား တာအိုဓိပတိလင်းရှောင်ဟုခေါ်ကြသည်။

ဆယ့်ခုနစ်စင်းမြောက် ချင်မူတို့စကြဝဠာ၏ ကောင်းကင်နတ်ဘုံသည် သူနှင့် များစွာ ပတ်သက်၏။ ထိုက်ချူ ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်သို့ ဝင်လာခဲ့တုန်းက သခင်လေးသုံးက သူတို့အား နတ်ကောင်းကင်ခန်းမအား ပြသခဲ့သည်။ ယင်းက ထိုက်ချူအား လွန်စွာအထင်ကြီးအားကျစေခဲ့လေသည်။

နောက်ပိုင်းတွင် ထိုက်ချူသည် ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာသည့်အခါ ကောင်းကင်နတ်ဘုံကို တည်ထောင်ပြီး နတ်ကောင်းကင်ခန်းမအား တုပတည်ဆောက်ခဲ့၏။ ကောင်းကင်နတ်ဘုံ၏ နတ်ကောင်းကင်ခန်းမက စကြဝဠာတစ်စင်းလုံး၏ အင်အားနှင့် အဆင့်အတန်းအတွက် ပြယုဂ် ဖြစ်လာခဲ့သည်။ ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နန်းဆောင်စနစ်ကို ဖော်ဆောင်ခဲ့ပြီး ကောင်းကင်နတ်အရှင်ယွင်က နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်အဆင့်သို့ ပထမဦးဆုံး တက်ရောက်နိုင်ခဲ့သည်။

ယင်းတို့အားလုံး၏ ဇစ်မြစ်က သခင်လေးသုံး၏ နတ်ကောင်းကင်ခန်းမပင်။

ထိုမျှသာမက ၁၇ စင်းမြောက် စကြဝဠာတွင် နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင်အဆင့်ကို ကျင့်ကြံသူတိုင်းသည် သခင်လေးသုံး၏ ကျင့်စဉ်စွမ်းအင် တိုးပွားလာအောင် ကူညီပေးရာရောက်၏။ သူတို့၏ ကျင့်စဉ်စွမ်းအင် မြင့်တက်လာသည်နှင့်အမျှ သခင်လေးသုံး၏ ကျင့်စဉ်စွမ်းအင်လည်း မြင့်တက်လာလေသည်။

“ခုနစ်၊ မင်းရဲ့ ပညာက တိမ်ပါသေးတယ်”

မီလော့နန်းတော်၏ သခင်လေး,လေးသည် ခေါင်းငုံ့၍ ဗျပ်စောင်း ဆက်လက်တီးခတ်နေသည်။ သံစဉ်က ခပ်သွက်သွက်ပင်။ “မင်းသာ စောစောလာပြီး ငါတို့နဲ့ အတူ ရှိခဲ့ရင် ကပ်ဘေးကြီးကို ကျော်လွှားနိုင်ဖို့ ပိုကောင်းတဲ့ နည်းလမ်းကို ငါတို့ စဉ်းစားနိုင်လောက်တယ်... ငါတို့ရည်ရွယ်ချက်တွေက အတူတူပဲ... ဘာကြောင့် တစ်ယောက်နဲ့ တစ်ယောက် သတ်ရမှာလဲ”

သခင်လေးသုံးက ကျောနောက် လက်ပစ်လိုက်ရင်း အေးအေးလူလူ ပြောသည်။ “ညီခုနစ်၊ ဆရာ့မျက်နှာ ထောက်ထားပြီး မင်းအတွက် ခက်ခဲအောင် ငါ မလုပ်ဘူး... အခု မဟာဥသျှောင် (မဟာဥသျှောင်ခန်းမ) က ထွက်မလာသေးဘူး... အနန္တ (အနန္တခန်းမ) ဟာလည်း ဖမ်းချုပ်ခံထားရတယ်... ဝူကျုံး (အနတ္တဂိုဏ်းခွဲခန်းမ) နဲ့ ကျန်းကျစ် (ဆိတ်ငြိမ်ခန်းမ) တို့ကိုလည်း ဘယ်မှာမှ ရှာမတွေ့ဘူး... ဒါကြောင့် မီလော့နန်းတော်ထဲက တာအိုသိုင်းပညာရှင်အားလုံး ငါတို့အမိန့်ကို နာခံရမယ်... မင်း ငါတို့ကို မနိုင်ဘူး”

ချင်မူက သက်ပြင်းချကာ ထိုင်ချလိုက်သည်။ ဖရိုဖရဲခန်းမသည် ဖရိုဖရဲမြစ်ထဲမှ ထွက်လာ၏။ “မင်းတို့အားလုံးနဲ့ စကားပြောရတာ တကယ် ပင်ပန်းတယ်.. ငါ ဒီမှာ ထိုင်မယ်... ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို စွမ်းအား ငှားရဲတဲ့ ဘယ်သူမဆို ငါ့ရဲ့ ကမ္ဘာ့ရန်သူတော် ဖြစ်ရမယ် မှတ်”

ကျောက်စိမ်းမြို့တော်ထဲရှိ တာအိုသိုင်းပညာရှင်အားလုံး တိတ်ဆိတ်သွားကြပြီး တုပ်တုပ်မလှုပ်ကြပေ။

သခင်လေးသုံးက မျက်ခုံးပင့်လိုက်သည်။ သူ့အနောက်၌ တာအိုသစ်ပင် ပေါ်လာကာ တာအိုသစ်သီးကိုးလုံးက ချိတ်ဆွဲလျက် ရှိနေ၏။ သူက ထိုင်နေသော ချင်မူ့ဆီ လျှောက်သွားသည်။

ချင်မူ့မျက်လုံးသုံးလုံးက ပိတ်နေပြီး ပွင့်မလာပေ။

သခင်လေးသုံးသည် သူ့ဆီမှ ကိုက်လေးဆယ် ဝေးကွာနေသေးသော ချင်မူ့ဆီ လျှောက်သွားပြီး သူက ခြေကြွလိုက်သော်လည်း ခြေသည် အောက်ကျမသွားပေ။

သခင်လေးလေးက တအံ့တဩ ခေါင်းမော့လာပြီး သူ့လက်ချောင်းအောက်က ဗျပ်စောင်းသံစဉ် ပြောင်းလဲသွားသည်။ ၎င်းသည် ခပ်သွက်သွက် သံစဉ်မဟုတ်တော့ဘဲ အသတ်အဖြတ်အရှိန်အဝါအပြည့်ဖြင့် ပြင်းထန်ကျယ်လောင်လာ၏။

သူ့အနောက်ရှိ တာအိုသစ်သီးက တာအိုရောင်ဝါတို့ဖြင့် တဖျတ်ဖျတ် လင်းလက်လာကာ သံစဉ်နှင့်အတူ ကခုန်နေသည်။ တခဏကြာသော် ကခုန်နေသော တာအိုရောင်ဝါသည် အတိုင်းထက်အလွန် လှပလာပြီး ချင်မူ့ဆီ ဖြာဆင်းသွားတော့သည်။

သခင်လေးသုံး၏ ခြေလှမ်းများ ကျသွားပြီး တစ်လှမ်းချင်း နီးကပ်သွားသည်။ သူက မှင်သေသေ ပြောလေသည်။ “ဆရာတောင်မှ ငါတို့ရှေ့မှာ မမောက်မာရဲဘူး... ထစမ်း”

ချင်မူကား ထိုင်လျက်သာ။

သခင်လေးသုံးက လက်ဝါးကို မြှောက်၍ ကောင်းကင်အား လှန်ချလိုက်ရာ ဖရိုဖရဲမြစ်တစ်စင်းလုံး အတောမသပ်နိုင်အေအာင် တုန်ခါသွားသည်။

သူက နောက်တစ်လှမ်း ဆက်လှမ်းလိုက်ပြီး သူ၏လက်ဝါးသည် အောက်သို့ ကျဆင်းသွား၏။

ဗျပ်စောင်းသံ၏ အသတ်အဖြတ်အရှိန်အဝါသည်လည်း ပြိုင်ဘက်ကင်းလောက်အောင် ပြင်းထန်အားကောင်းလာသည်။

ချင်မူ၏ မျက်လုံးသုံးလုံးက ပိတ်လျက် ရှိနေပြီး ပွင့်မလာပေ။ သခင်လေးသုံး၏ လက်ဝါးက ကျဆင်းလာချေပြီ။

ထိုအခိုက်အတန့််တွင် ချင်မူ့အနောက်ရှိ လောကသစ်ပင်က ယမ်းခါသွားပြီး သစ်ကိုင်းသစ်ခက်များ ဖြာထွက်လာကာ တာအိုသစ်သီးတစ်လုံး ပေါ်လွင်လာသည်။ သစ်သီးသည် ဝှမ်ခနဲ လှည့်ပတ်လိုက်ရင်း မဟာတာအိုကောင်းကင်နတ်သိုင်းတစ်ခုနှင့်အတူ သခင်လေးသုံး၏ လက်ဝါးကို ရင်ဆိုင်လိုက်၏။

ဝုန်း

ဖရိုဖရဲမြစ်တစ်ပြင်လုံး ဘောင်ဘင်ရိုက်သွားသော်လည်း မကြာမီ ငြိမ်သက်သွားသည်။ မရဏလေပူနှင့် တိတ်ဆိတ်မှုက ကြီးစိုးလာ၏။

ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာပြီး ၎င်းအတွင်းရှိ အက်ကွဲရာထဲ၌ ဖရိုဖရဲတိမ်မြူများအား သိပ်သည်းထူထပ်စွာ တွေ့မြင်ရသည်။ ခရမ်းရောင်အလင်းသည် ခပ်မှိန်မှိန် လင်းလက်လျက် ဖရိုဖရဲအတွင်းမှ ဝါးမြိုလိုက် ထွေးထုတ်လိုက် လုပ်နေ၏။

သခင်လေးသုံး၏ အဝတ်စများ လေတွင် လှုပ်ခတ်သွားလေသည်။ သူက ရပ်တန့်ကာ ချာခနဲ လှည့်ထွက်လိုက်ရင်း မာမာထန်ထန် ပြောလိုက်သည်။ “ညီခုနစ်၊ ဆရာ့ကို ငဲ့ပြီး မင်းကို ဒီတစ်ခါ လွှတ်ပေးလိုက်မယ်... ဒါမျိုး ထပ်ဖြစ်မယ်မထင်နဲ့.. သွားစို့”

သူက အင်္ကျီလက်စများ ခါကာ ထွက်သွားသည်။ ကျောက်စိမ်းမြို့တော်၏ တာအိုသိုင်းပညာရှင်များမှာ တခဏ ချီတုံချတုံ ဖြစ်နေသော်လည်း သူ့အနောက် လိုက်ပါသွားကြလေသည်။

သို့သော် ပလ္လင်ခန်းမသခင် ၇၂ ယောက်ထဲ မှ တစ်သုတ်သာ ထွက်သွားသည်။ သခင်လေးလေး၏ အနောက်၌ တချို့ ကျန်ခဲ့သေးလေသည်။

သခင်လေးလေးလည်း မျက်မှောင်ကြုတ်သွားပြီး ချင်မူ့မျက်ခုံးးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးသို့ လှမ်းကြည့်သည်။ သခင်လေးသုံးသည် မီလော့နန်းတော်သခင်၏ မျက်နှာကို ထောက်ထား၍၍ ထွက်သွားခြင်းမဟုတ်။ အန္တရာယ်ကို ခံစားလိုက်ရ၍သာ မျက်နှာမပျက်၊ အရှက်မကွဲရအောင် ထွက်သွားခြင်း ဖြစ်ပေသည်။

သူ့ကိုပင် ထိတ်လန့်သွားစေသော အရာသည် ပေါ့ပေါ့သေးသေး မဟုတ်တန်ရာ။

“ငါ့မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိတယ်... ပျက်စီးခြင်းကပ်ဘေးကို ချိုးဖျက်ပြီး ငါ့မိန်းမကို ရှာဖို့ပဲ”

သခင်လေးလေးက ဗျပ်စောင်းကို လက်ဝါးပေါ် တင်သည်။ “ငါက လင်းရှောင်နဲ့ မတူဘူး” သူ့အသံတွင် ခံစားချက်မပါပေ။ “သူ လိုချင်တာက ထာဝရအာဏာ၊ ထာဝရဩဇာပဲ... သူက ဘယ်တော့မှ မပျက်စီးမယ့် စကြဝဠာကို ဖန်တီးချင်နေတာ... ငါ့မှာတော့ ဒီဆန္ဒလေးတစ်ခုပဲ ရှိတယ်... ဒါပေမဲ့ ငါ့လမ်းပိတ်တဲ့ ဘယ်သူ့မဆို သတ်ပစ်မယ်”

ချင်မူ၏ ဒေါင်လိုက်မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာပြီး အလင်းတန်းတစ်တန်း ထွက်လာသည်။ သခင်လေးလေးလည်း ဗျပ်စောင်းကို အလျင်အမြန် တီးခတ်လိုက်ရရာ ဗျပ်စောင်းသံ ထွက်ပေါ်လာ၏။

ထိုစဉ် ဗျပ်စောင်းသံမှာ အက်ကွဲသွားပြီး ကြိုးတစ်ချောင်း ပြတ်တောက်သွားသည်။

သခင်လေးလေးက အေးစက်စက် နှာခေါင်းရှုံ့၍ ဗျပ်စောင်းသိမ်းကာ ထွက်သွားတော့သည်။

ကျန်ရှိသော ခန်းမသခင်များလည်း သူ့အနောက် အလျင်အမြန် လိုက်သွားပြီး တစ်ယောက်မကျန်အောင် ပျောက်သွားကြတော့၏။

လောကသစ်ပင်အောက်တွင် ချင်မူ၏ မူလမျက်လုံးတစ်စုံက ပြန်ပွင့်လာသည်။ သူသည် နောက်ကျိနေသော လေငွေ့တချို့အား မှုတ်ထုတ်လိုက်၏။ “မင်းတို့တွေဟာ အာဏာအတွက်၊ မင်းတို့ ချစ်ရသူတွေအတွက် တိုက်ခိုက်ကြတယ်... ငါကတော့ လူသားတွေရဲ့ အနာဂတ်ကောင်းကျိုးအတွက် တိုက်ခိုက်နေတာပဲ”

သူ ထရပ်လိုက်သည့်အခါ လောကသစ်ပင်အထက်ရှိ တာအိုသစ်သီးက အက်ကွဲပြီး ဖရိုဖရဲမြစ်ထဲ ပြုတ်ကျသွားသည်။

လောကသစ်ပင်၏ အမြစ်များက ဖရိုဖရဲမြစ်ထဲသို့ တူးဖောက်တိုးဝင်ကာ ဖရိုဖရဲချီတို့အား စုပ်ယူသည်။ တခဏကြာသော် တာအိုပန်းပွင့်အသစ်တစ်ပွင့် တစတစ ပွင့်လန်းလာပြီး တာအိုသစ်သီးတစ်လုံး မွေးဖွားလာတော့သည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ မင်းတို့တွေ ဘယ်လိုနေကြလဲ” ချင်မူက လောကသစ်ပင်အောက်၌ တိုးညှင်းညင်သာသောအသံဖြင့် ရေရွတ်လိုက်လေသည်။

ဆယ့်ခုနစ်စင်းမြောက်စကြ၀ဠာ အန္တိမဟင်းလင်းပြင်တွင်…

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်နှာအမူအရာသည် တည်ကြည်လေးနက်လာ၏။ တခဏစောင့်ဆိုင်းပြီးနောက် ပလ္လင်ခန်းမ ၃၂ ခုဆီမှ မည်သည့်လှုပ်ရှားမှုမှ မတွေ့ရသလို မည်သည့်တာအိုသိုင်းပညာရှင်မှလည်း မဆင်းသက်လာပေ။

ထိုစဉ် ဝိုးတဝါး ညည်းညူသံတစ်သံ ထွက်ပေါ်လာသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင် အလျင်အမြန် ကြည့်လိုက်ရာ ထိုက်ချူသည်လည်း ပလ္လင်ခန်းမ ၂၄ ခုကို အသက်သွင်း၍ ကောင်းကင်နတ်အရှင်ယွင်နှင့် မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံကို ဖိနှိပ်ကာ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို သိမ်းပိုက်ပြီး ထိုက်ချူတာအိုအား သန့်စင်ရန် ကြိုးစားနေကြောင်း တွေ့လိုက်ရသည်။

သို့သော် အံ့ဩဖွယ်ကောင်းစွာဖြင့် ပလ္လင်ခန်းမ ၂၄ ခုက လှုပ်ရှားမလာပေ။ ပလ္လင်ခန်းမများနှင့် ကျောက်စိမ်းမြို့တော် တာအိုသိုင်းပညာရှင်များအကြားရှိ ဆက်သွယ်မှုမှာ လုံးဝဖြတ်တောက်ခံလိုက်ရချေပြီ။

ဤသည်မှာ အခွင့်ကောင်းမှန်း ကောင်းကင်နတ်အရှင်ယွင် သိရှိသွားသည်။ သူက ဓားဖြင့် ထိုက်ချူ၏ခန္ဓာကိုယ်ကို ၁၃ ကြိမ်တိတိ ထိုးစိုက်လိုက်၏။ နောက်ဆုံးတွင် ထိုက်ချူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဓားအား ထိုးသွင်းလိုက်သည်။ ဓားထိပ်ကို တစ်ချက်မျှ ခါလိုက်ရာ ထိုက်ချူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ထိုက်ချူမူလကျောက်တုံး ဖယ်ရှားခံလိုက်ရတော့သည်။

ထိုက်ချူမှာ နာကျင်မှုခံစားနေရသဖြင့် ချက်ချင်း နောက်ဆုတ်သွားသည်။ သူ၏မှော်စွမ်းအင်က ထိုးတက်လာပြီး မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံဆီမှ ခွဲထွက်သွားစေသည်။

ကောင်းကင်နတ်အရှင်ယွင်သည် ထိုက်ချူမူလကျောက်တုံးကို ရရှိပြီးနောက် သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ချက်ချင်း ညွှန်ပြလိုက်၏။ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် မူလကျောက်တုံးအပိုင်းအစတစ်ခုကား နေရာယူထားခဲ့လေသည်။ မူလကျောက်တုံးအပိုင်းအစနှစ်ခု ထိတွေ့သွားသည့်အချိန်တွင် ချက်ချင်းပေါင်းစည်း၍ ပြီးပြည့်စုံသော မူလကျောက်တုံး ဖြစ်လာသည်။

ကောင်းကင်နတ်အရှင်ယွင်၏ အသိစိတ်အလျဉ်က ပေါက်ကွဲထွက်လာပြီး မဟာဧကရာဇ် တာအိုသစ်ပင်၏ တာအိုသစ်သီးကလည်း အကန့်အသတ်မရှိသော တာအိုစွမ်းအားတို့ဖြင့် ချက်ချင်း ကြီးထွံားလာသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အင်္ကျီလက်စကို ခါကာ ပလ္လင်ခန်းမ ၃၂ ခုဆီသို့ ပြန်လျှောက်သွားသည်။ သူက မှင်သေသေ ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ကံကောင်းသွားတယ်လို့ မှတ်လိုက်ပါ… နောက်တစ်ခါကျ ပြန်ဆုံကြတာပေါ့”

သူက အင်္ကျီလက်စကို ခါ၍ ကောင်းကင်နတ်အရှင်ယွင်ကို တွန်းထုတ်လိုက်ပြီးနောက် ထိုက်ချူနှင့်အတူ ထွက်ခွာသွားတော့သည်။

သူ့အနောက်တွင် ချင်မူ့ကြောင့် ခုတ်လှဲခံခဲ့ရသည့် တာအိုသစ်ပင်က ပြန်ပေါက်လာ၏။ တာအိုသံကြိုးများက ပြန်ဆက်သွားပြီး မူလအခြေအနေသို့ အလျင်အမြန် ရောက်ရှိသွားတော့သည်။

သို့သော် ဤတာအိုသစ်ပင်၏ စွမ်းအားမှာ ယခင်ကထက် သိသိသာသာ အားနည်းနေချေပြီ။

ချင်မူက လိုက်မဖမ်းပေ။ အန္တိမဟင်းလင်းပြင်ထဲတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကြောင့် ဖြတ်တောက်ခံခဲ့ရသည့် လောကသစ်ပင်အမြစ်များမှာလည်း သစ်ပင်နှင့် ပြန်လည်ဆက်သွယ်သွားကြသည်။ ချင်မူမှာ မဟာတာအိုဖြင့် အားဖြည့်ပေးထားသော်လည်း လောကသစ်ပင်အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိအောင် အချိန်ပေးရလိမ့်မည်။

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံက ကောင်းကင်နတ်အရှင်ယွင်ကို သယ်ဆောင်လာပေး၏။ သူက တည်ကြည်လေးနက်စွာ ပြောသည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ထိုက်ချူက ပြန်ဆုတ်သွားကြပြီ… ခွန်အားအရာမှာ ငါတို့က သူတို့အောက် နိမ့်ကျမနေဘူး”

ချင်မူက ခေါင်းညိတ်၍ ငုံ့ကြည့်လိုက်၏။ “ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်တို့လည်း နောက်ဆုတ်သွားလောက်ပြီ… ဒါက စမ်းသပ်မှုပဲ… ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကျွန်တော်တို့ရဲ့ ခွန်အားကို သိချင်တာ… နောက်ထပ်ဆယ်နှစ်ကြာရင် ကောင်းကင်နတ်ဘုံရဲ့ မဟာစစ်တပ်ကြီး ရောက်လာလိမ့်မယ်… အဲဒါကမှ တကယ် အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲပဲ”

“မင်းရဲ့ လောကသစ်ပင်ကရော…”

ကောင်းကင်နတ်အရှင်ယွင်က သူ၏အနောက်သို့ တစ်ချက်ကြည့်၍ တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင် အခုလေးတင် မင်းရဲ့ လောကသစ်ပင်ကို ခုတ်ပစ်လိုက်တာတွေ့တယ်… မင်းကို အများကြီး ထိခိုက်သွားသေးလား”

“ဆယ်နှစ်ကျော်လောက် ကြာပြီးသွားရင် ကျွန်တော် ပြန်သက်သာလာပါလိမ့်မယ်”

ချင်မူက လေပူတစ်ချက် မှုတ်ထုတ်၍ အန္တိမဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးနေရာထဲသို့ လှမ်းကြည့်လိုက်သည်။ သူက နူးညံ့ညင်သာစွာ မေးလေသည်။ “နောင်တော်ရော ဘယ်လိုနေလဲ…. အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲမှာ ထိုက်ချူကို ရင်ဆိုင်နိုင်ပါ့မလား”

ကောင်းကင်နတ်အရှင်ယွင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “အစက ယုံကြည်ချက် မရှိပေမယ့် အခုတော့ ၇၀ ရာခိုင်နှုန်းလောက် ယုံကြည်ချက် ရှိလာပြီ…”

“၇၀ ရာခိုင်နှုန်းက မလုံလောက်ဘူး… တစ်ရာရာခိုင်နှုန်း ရှိမှ ရမယ်”

ချင်မူက လှည့်ကြည့်သည်။ “ကျွန်တော် အမြဲတမ်း စိတ်ပူနေခဲ့တာ… ကောင်းကင်နတ်ဧကရာဇ်ဟောင်အနေနဲ့ ကျွန်တော့်ကို အနိုင်မယူနိုင်ဘူးဆိုတာ သိသွားပြီ… သူ့မှာ တခြားနည်းလမ်းတွေ ရှိနေမှာပဲ… ဥပမာ အတိတ်စကြ၀ဠာက တာအိုသိုင်းပညာရှင်တချို့ကို လှမ်းခေါ်တာမျိုးပေါ့…. နေဦး… အခု ကျွန်တော် အဲဒီစွန့်ပစ်နယ်မြေကို သွားကြည့်ရမယ်”

ကောင်းကင်နတ်အရှင်ယွင်မှာ အံ့အားသင့်နေမိသည်။ ချင်မူမှာ တံခါးရွက်ပေါ်တွင် ရပ်လျက် ပျံသန်းထွက်ခွာသွားပြီ ဖြစ်၏။ “နောင်တော်ယွင်၊ သခင်မယွမ်မုကို သွားခြောက်လှန့်ပေးပါ… သူက အခု ကောင်းကင်နတ်အရှင်လင်နဲ့ တိုက်ခိုက်နေတာ… ကျွန်တော် စိတ်ပူမိတယ်”

ကောင်းကင်နတ်အရှင်ယွင်က မျက်မှောင်ကြုတ်လိုက်၏။ “သခင်မယွမ်မု…”

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ အနက်ရှိုင်းဆုံးအပိုင်းထဲတွင် ဖရိုဖရဲပင်လယ်က လှိုင်းထန်နေသည်။ မီလော့နန်းတော် သခင်လေးနှစ်၏ မျက်နှာက ပင်လယ်မျက်နှာပြင်ပေါ်တွင် ပေါ်ထွက်နေပြီး ကြာရွက်များပတ်ပတ်လည်တွင် ဝန်းရံနေသော တာအိုသံကြိုးကြီးများကို မတင်းလွန်းမပျော့လွန်းသော အားဖြင့် ဆွဲယူနေ၏။

“အဲဒီလိုကိုး… အဲဒီလိုကိုး…”

သူမက တခစ်ခစ် ရယ်လိုက်သည်။ “နင်က ခုနစ်လိုပဲ… အနာဂတ်ရဲ့ ဆယ့်ခုနစ်စင်းမြောက် စကြ၀ဠာက လာတာပေါ့လေ … နင့်အကြောင်း ပြောရင် ဆရာက အမြဲတမ်း ချီးကျူးနေတာ အံ့သြစရာ မရှိဘူး”

သခင်မယွမ်မု၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသောအမူအရာက အထင်းသားပေါ်နေသည်။ သူမသည် ကောင်းကင်နတ်အရှင်လင်ကိုတစ်လှည့်၊ သခင်လေးနှစ်ကိုတစ်လှည့် ကြည့်နေပြီး မည်သည်တို့ပြောနေသည်လဲ နားမလည်နိုင်တော့ပေ။

“နင်က မီလော့နန်းတော်ကို အတော်လေး ဒုက္ခရောက်စေခဲ့တယ်... ပြောရရင် ငါက သခင်လေးနှစ်ဆိုတော့ နင့်ကို တွေ့တာနဲ့ တိုက်ခိုက်ပြီး သတ်ဖြတ်လို့ရတယ်”

သခင်လေးနှစ်၏ ကြီးမားလာသော မျက်ဝန်းများက မျက်တောင် တဖျတ်ဖျတ်ခတ်နေသည်။ သခင်မယွမ်မုသည် ထိုအကြည့်မျိုးကို ကောင်းကောင်းရင်းနှီး၏။ ၎င်းသည် တစ်လောကလုံးကို ဖရိုဖရဲဗြောင်းဆန်သွားအောင် နှောင့်ယှက်လိုသည့် အကြည့်မျိုးပင်။

သူမကိုယ်တိုင်က သခင်လေးနှစ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး မဟုတ်ပါလော။

“ဒါပေမဲ့ ငါ အဲဒီလို မလုပ်နိုင်ဘူး… ဆရာက ငါ့ကို ဒီမှာ ချုပ်နှောင်ထားတာလေ… ဘာလို့ မီလော့နန်းတော်ကို ကူညီရမှာလဲ”

မီလော့နန်းတော်၏ သခင်လေးနှစ်က ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ငွေရောင်ဆံချည်မျှင်တစ်မျှင်က ကောင်းကင်နတ်အရှင်လင်၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားပြီး ဖရိုဖရဲပင်လယ်ပေါ်ရှိ အမြွှာကြာပန်းပွင့်တစ်ပွင့်ပေါ်သို့ တင်လိုက်၏။

“ငါ နင့်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်… နင့်ရဲ့ ပြိုင်ဘက်ကင်း ဂုဏ်သတင်းကို ဖြည့်ဆည်းပေးမယ်… နင့်ရဲ့ဒဏ္ဍာရီကို ပြည့်စုံစေမယ်…”

အဖြူရောင်ဆံချည်မျှင်က ကောင်းကင်နတ်အရှင်လင်အား ရစ်ပတ်၍ အခြားစကြဝဠာတစ်ခု၏ ပျက်စီးခြင်းကပ်ဘေးဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။ မီလော့နန်းတော်သခင်လေးနှစ်၏ အသံကို ကြားရနိုင်ပြီး သူမသည် ရူးနေသည့် ပုဂ္ဂိုလ်တစ်ဦးအလား သွက်သွက်ခါအောင် ရယ်မောနေ၏။ “သွား.. ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာကို သွားပြီး မီလော့နန်းတော်ရဲ့ အရိပ် ဖြစ်လာချည်…”

ဝုန်း..

ကောင်းကင်နတ်အရှင်လင်မှာ ရွေးချယ်စရာ မရှိဘဲ အဆုံးသတ်မြို့ပျက်၏ ထူထဲသိပ်သည်းသော ဒီရေလှိုင်းများကို ဖြတ်သန်းသွားရသည်။ သူမသည် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ ခမ်းနားတင့်တယ်သော သမိုင်းကြောင်းများကို တွေ့မြင်လိုက်ရ၏။ နောက်ထပ်တစ်ခဏတွင် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ ပျက်စီးခြင်းကပ်ဘေးထဲသို့ ရောက်သွားတော့သည်။

ကောင်းကင်နတ်အရှင်လင် ဟိုဟိုသည်သည် ကြည့်လိုက်ရာ ကမ္ဘာဦးဖရိုဖရဲများသည် ကျယ်ပြန့်စွာ နေရာယူထားသည်ကို တွေ့လိုက်ရ၏။ ၎င်းတို့က လှည့်ပတ်၍ အရာအားလုံးကို ဖျက်ဆီးနေသည်။ တာအိုသိုင်းပညာရှင်များစွာက အသည်းအသန် ရုန်းကန်နေရလေသည်။ တာအိုသစ်ပင်များ တစ်ပင်ပြီးတစ်ပင်က လောင်ကျွမ်းပြိုလဲနေသည်။

သို့သော် ထိုသို့တုန်လှုပ်ဖွယ် မြင်ကွင်းမျိုးက သူမကို မဖျက်ဆီးနိုင်ပေ။ သူမအနေဖြင့် ဒြပ်ထုစွမ်းအင်ကို တတ်မြောက်ရန် မလွယ်ကူခဲ့လေရာ သူမကို သတ်ဖြတ်ရန်လည်း အလွန်တရာ ခက်ခဲ၏။

သို့သော် သူမသည် ကမ္ဘာဦးဖရိုဖရဲမြစ်၏ တိုက်စားနေခြင်းမှ မလွတ်မြောက်နိုင်ပေ။ သူမမှာ ရေညှိဖတ်လေးပမာ မြစ်တလျှောက် မြောပါလာသည်။

ထိုအခိုက်အတန့်တွင် ရှေးဟောင်းခန်းမတစ်ခုက သူမ၏ မျက်လုံးရှေ့မှ ဖြတ်သန်းသွားသည်။

ခန်းမက ရပ်တန့်သွားပြီး လူငယ်တစ်ယောက်က ကောင်းကင်နတ်အရှင်လင်၏ လက်ဖဝါးကို လှမ်းဆွဲလိုက်သည်။ သူက နွေးထွေးစွာ ပြုံး၍ မေးလေသည်။ “ခင်ဗျားက ဘယ်သူလဲ… တာအို မရသေးဘဲနဲ့ ဒီမဟာပျက်စီးခြင်းကပ်ဘေးကြီးကို ဘယ်လိုများ တောင့်ခံရှင်သန်နေနိုင်တာလဲ”

ကောင်းကင်နတ်အရှင်လင်က ခန်းမပေါ်သို့ တက်လိုက်ပြီး ဖြေသည်။ “ငါ့နာမည်က လင်… ဒီနေရာက ဘယ်နေရာလဲ”

လူငယ်က ပြုံးလျက် ဖြေကြား၏။ “ဒါက တျန်းတုလေ… ကျွန်တော်က တျန်းတုအရှင်သခင်… ကောင်းကင်ကို ပြန်ဖွင့်ပြီး စကြ၀ဠာကို ပြန်ဖန်တီးလို့ နောက်ကမ္ဘာလောကတစ်စင်း ဖွင့်နိုင်အောင် ပြင်ဆင်နေတာဗျ”

All Chapters