← Chapters

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်နက်များ

Vol. 128 Ch. 1656

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လက်နက်များ

Vol. 128 Ch. 1656

ကမ္ဘာဦးဘုံ၏ ဘေးဒုက္ခမှာ အလျင်အမြန် ဖြစ်ပွားပြီး အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ရှုတို့က တစ်ယောက်ပြီးတစ်ယောက် ပြန်လည်ထွက်ခွာသွားကြပြီး မြေပြင်တွင် အပျက်အစီးအယိုအယွင်းများ ကျန်ရစ်ခဲ့စေလေသည်။

ရွှင်ပျော်ပျော်ကျေးရွာနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်သည်တော်များက စစ်မြေပြင်အား စစ်ဆေးလိုက်ရာ နှစ်ဖက်စလုံးသည် အကျအဆုံးများစွာ ခံစားခဲ့ရကြောင်း‌ တွေ့ကြရ၏။ ဧကရာဇ်ယန်ဖုန်းမှာ ဒေါသူပုန်ထနေပြီး ကမ္ဘာဦးဘုံအတွင်းရှိ တစ္ဆေမြို့များကို ချက်ချင်း ရှင်းလင်းရန် အမိန့်ပေးတော်မူသည်။

ယိုတု ဤတစ်ကြိမ် ချောချောမွေ့မွေ့ ကျူးကျော်လာနိုင်ခြင်းမှာ ယိုတုစစ်ပွဲတုန်းက ယိုတုနတ်မိစ္ဆာများနှင့် မကောင်းဆိုးဝါးများသည် ကမ္ဘာဦးဘုံနှင့် ဆက်သွယ်နေခဲ့သော ကောင်းကင်ဘုံအသီးသီးသို့ ကျူးကျော်ဝင်ရောက်ကာ တစ္ဆေမြို့များ တည်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် မြေအောက်ဘုံအရှင်သခင် သေဆုံးသွားသည့်အတွက် တစ္ဆေများကို ယိုတုသို့ ပြန်လည်ခေါ်ဆောင်မည့်သူ မရှိချေရာ ထိုတစ္ဆေနယ်မြေများ၏ လွှမ်းမိုးမှုမှာ ပိုပို၍ကြီးမားလာခဲ့သည်။

ယခင်က တစ္ဆေနယ်မြေများသည် သေးငယ်သော ပြဿနာတစ်ခုသာ ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်တော့ ယိုတုကျူးကျော်လာနိုင်သော လမ်းကြောင်းများအဖြစ် ပြောင်းလဲခဲ့ပြီး ကမ္ဘာဦးဘုံ၏ နေရာအတော်များများကို ကျရှုံးစေခဲ့သည်။

ကမ္ဘာဦးဘုံနှင့် ၎င်းအကြား ဆက်သွယ်နေသော ကောင်းကင်ဘုံအမျိုးမျိုးက အင်အားများ စုစည်း၍ ပုန်းကွယ်နေသော အဆုံးသတ်မြို့ပျက်များကို ချက်ချင်း ရှင်းလင်းချေမှုန်းကြသည်။ ကောင်းကင်နတ်အရှင်ရုံနှင့် ချင်ဖုန်းကျင့်က ကမ္ဘာဦးဘုံ၏ ယိုတုကို တည်ထောင်ကာ တစ္ဆေနယ်မြေများရှိ တစ္ဆေရိုင်းများနှင့် လျှောက်သွားနေသော တစ္ဆေများကို ပြန်လည်စုစည်းကာ ကောင်းမှုကို ချီးမြှောက်၍ မကောင်းမှုကိုအပြစ်ပေးကြသည်။

စစ်ပွဲတွင် သေဆုံးသွားခဲ့သော စစ်သည်တော်များမှာတော့ ဖုန်းတုသို့ ရောက်ရှိသွားကြ၏။ တစ္ဆေစစ်တပ်အနေဖြင့် သူတို့၏ ခွန်အားမှာလည်း အတော်လေး ကြီးမားလေသည်။

“ကမ္ဘာဦးဘုံယိုတုဆီ ဝိညာဉ်တွေ ခေါ်လာတာက မြေအောက်ဘုံအရှင်သခင်ရဲ့ လုပ်ရပ်နဲ့ မကွာဘူး… ကမ္ဘာဦးဘုံယိုတုရဲ့ ဝန်ထုပ်ဝန်ပိုးကို တိုးလာစေလိမ့်မယ်”

ယမမင်းက ပြောသည်။ “ရေရှည်ကျရင် ကမ္ဘာဦးဘုံရဲ့ ယိုတုမှာ တစ္ဆေတွေနဲ့ ပြည့်လာလိမ့်မယ်… မြေအောက်ဘုံအရှင်သခင်ရဲ့ စွမ်းအား မရှိရင် ချင်ဖုန်းကျင့်အနေနဲ့ သူတို့ကို မထိန်းချုပ်နိုင်တော့မှာ အနှေးနဲ့ အမြန်ပဲ… အနာဂတ် ကမ္ဘာဦဘုံရဲ့ ယိုတုမှာ သေချာပေါက် ပြဿနာဖြစ်လာလိမ့်မယ်… ငါတို့ လျစ်လျူရှုထားလို့ မရဘူး”

တိရီယွဲ့က တန်ခိုးရှင်သစ်ခုတ်သမားကို ဖိတ်ခေါ်၍ မေး၏။ “ဆရာ့မှာ အကြံဉာဏ်လေးများ ရှိသလား”

တန်ခိုးရှင်သစ်ခုတ်သမားသည် ဖြေ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်အရှင်မူက ဘဝပြန်ဝင်စားခြင်းလမ်းစဉ်ကို ကျင့်ကြံထားတယ် ကြားတယ်… ဆိုတော့ သူက အဲဒါကို အခြေခံပြီး ရတနာတစ်ပါး သွန်းလုပ်လို့ရတယ်… သက်ရှိတွေအားလုံးရဲ့ ဝိညာဉ်တွေကို ကောင်းကင်ဘုံတွေရဲ့ ကမ္ဘာလောကတစ်သောင်းမှာ ပြန်လည်ဝင်စားစေပြီး မကောင်းမှုကို အပြစ်ပေးလို့ ကောင်းမှုကို ချီးမြှောက်လို့ရတယ်”

တိရီယွဲ့က ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ သွားရောက်၍ ဧကရာဇ်ယန်ဖုန်းနှင့် တွေ့ဆုံကာ ဤအကြောင်းကို တိုင်ပင်ဆွေးနွေးသည်။

ဧကရာဇ်ယန်ဖုန်းက ပြုံးလျက် ပြော၏။ “ခိုင်ဧကရာဇ်၊ စိတ်မပူပါနဲ့… ရတနာကို သွန်းလုပ်နေပါပြီ”

ဧကရာဇ်ရီယွဲ့လည်း အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။ “ဘယ်တုန်းက သွန်းလုပ်နေတာလဲ”

“ယိုတုစစ်ပွဲမှာ ရှုံးသွားပြီးကတည်းက ဧကရာဇ်ယွိရှို့နဲ့ ကောင်းကင်နတ်အရှင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာရှိတဲ့ စက်ရုံတွေအားလုံးကို အနာဂတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ဖို့ ကောင်းကင်လက်နက်ကြီးတွေ သွန်းလုပ်စေခဲ့တယ်” ဧကရာဇ်ယန်ဖုန်းက ပြောပြသည်။ “ဒီရတနာကလည်း အဲဒီအရာတွေထဲက တစ်ခုပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လုပ်သားတွေက နေ့မနားညမနား သွန်းလုပ်နေကြတဲ့အတွက် ကောင်းကင်လက်နက်ကြီးတွေ အတော်များများဆိုရင် ထုတ်လုပ်လို့တောင် ပြီးနေကြပြီ”

“ကျွန်မတို့ သွားကြည့်လို့ရမလား” ဧကရာဇ်ရီယွဲ့က မေးသည်။

ဧကရာဇ်ယန်ဖုန်းက ဝမ်းမြောက်စွာဖြင့် သူမအား ‌ရွှေမြစ်ကုန်ထုတ်စက်ရုံသို့ ခေါ်သွားသည်။ မြစ်၏ တစ်ဖက်ကမ်းစီတွင် စက်ရုံကြီးများက ရှည်လျားသော နဂါးကြီးများအလား နေရာယူထားကြသည်။ မရေမတွက်နိုင်သော သင်္ဘောများက မြစ်ကို ဖြတ်သန်း၍ သွားလာနေပြီး အချို့သင်္ဘောများပေါ်တွင် ကောင်းကင်လက်နက်အစိတ်အပိုင်းများ သယ်ဆောင်ထားကြသည်။

ကောင်းကင်လက်နက်အစိတ်အပိုင်းများကို သယ်ဆောင်ထားသည့် သင်္ဘောများက အကြီးမားဆုံး ကောင်းကင်လက်နက်စက်ရုံသို့ သွားရောက်ကြသည်။ နတ်ဘုရားများစွာက အတူတကွပူးပေါင်း၍ အစိတ်အပိုင်းများကို သင်္ဘောပေါ်မှ သယ်ချပေးကြ၏။

ဤနေရာတွင် တိရီယွဲ့သည် ဧရာမကောင်းကင်ရတနာကြီးတစ်ခု ပုံပေါ်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းက ကောင်းကင်နတ်ဘုံ တည်ဆောက်ထားသော အကြီးမားဆုံး ကောင်းကင်ရတနာ၊ စွမ်းအင်အကူးအပြောင်းတံတားထက်ပင် အဆပေါင်းများစွာ ကြီးမားသည်။ လက်နက်ကြီးသည် အလွန်တရာ ခမ်းနားတင့်တယ်နေ၏။

တိရီယွဲ့က ခေါင်းမော့ကြည့်လိုက်သည်။ သူမနှလုံးသားထဲရှိ အံ့သြတုန်လှုပ်မှုတို့ကို မည်သည့်အရာနှင့်မှ နှိုင်းယှဉ်၍မရနိုင်ပေ။ ဤကောင်းကင်ရတနာ၏ အထက်တွင် အလွန်တရာ ရှုပ်ထွေးသော လှည်းဘီးကြီးတစ်ခုက တိမ်တိုက်များထဲ ထိုးဝင်နေသည်အထိ နေရာယူထားသည်။ ၎င်းသည် ကမ္ဘာဦးသစ်ပင်အထက်တွင် တည်ဆောက်ထားသည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်ထက်ပင် မြင့်မား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားများစွာ၏ မူလဝိညာဉ်များက သူတို့၏ ခန္ဓာကိုယ်များထဲမှ ထွက်ခွာသွားကြပြီး ဧရာမအစိတ်အပိုင်းကြီးများကို သယ်ဆောင်သွားကြသည်။ သူတို့က တိမ်တိုက်များထဲ ပျံသန်း၀င်ရောက်လျက် အစိတ်အပိုင်းများကို လှည်းဘီးကြီးထဲတွင် နေရာချနေကြ၏။ သင်္ကေတများကို ဆက်သွယ်ချိတ်ဆက်နေသည့် နတ်ဘုရားတချို့လည်း ရှိလေသည်။

ထိုအစိတ်အပိုင်းများမှာ အလွန်တရာ ကြီးမားသော်လည်း လှည်းဘီးကြီးနှင့် ယှဥ်လိုက်သည့်အခါတွင်တော့ အလွန်တရာ သေးငယ်နေ၏။

“ဒါက ပြီးခဲ့တဲ့နှစ်ပေါင်း နှစ်သောင်းအတွင်း ထွက်ပေါ်လာခဲ့သမျှ ကောင်းကင်ရတနာတွေထဲမှာ အခမ်းနားဆုံးနဲ့ အရေးပါဆုံး ဖြစ်ကောင်းဖြစ်နိုင်တယ်”

ဧကရာဇ်ရိယွဲ့က စိတ်ရင်းဖြင့် ချီးကျူးစကားပြောသည်။ “ဒီလိုစွမ်းအားကြီးတဲ့ လက်နက်မျိုးကို ထုတ်လုပ်ဖို့ဆိုရင် သိပ်ကိုအင်အားကြီးမားတဲ့ တိုင်းပြည်နဲ့အတူ ထောင်သောင်းချီတဲ့စက်ရုံတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်…. အရင်က ခိုင်ဧကရာဇ်ခေတ်လည်း ဒီလိုရတနာမျိုး သွန်းလုပ်နိုင်ပေမယ့် အခုကတော့ မဖြစ်နိုင်တော့ဘူး”

သူမက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ရွှင်ပျော်ပျော်ကျေးရွာမှာ အဲ့ဒီလိုစက်ရုံမျိုးတွေ မရှိတော့ဘူးလေ … အရှင်မင်းကြီး ဒီကောင်းကင်လက်နက်ရဲ့ နာမည်က ဘာများပါလဲ”

“သေခြင်းရှင်ခြင်းသံသရာကို ထိန်းချုပ်တဲ့ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီး လို့ ခေါ်တယ်”

ဧကရာဇ်ယန်ဖုန်းက ပြုံးလိုက်သည်။ “ကောင်းကင်လက်နက်ကို တည်ဆောက်ပြီးတဲ့တစ်ချိန်မှာ ယိုတုကို ထာဝရဖိနှိပ်ပြီး တစ္ဆေတွေနဲ့ နတ်ဘုရားတွေ ပြဿနာမရှာနိုင်အောင် လုပ်ပေးနိုင်လိမ့်မယ်… ဒါ့အပြင် ကောင်းကင်လက်နက်ရဲ့ စွမ်းအားကလည်း မယုံနိုင်လောက်အောင် ကြီးမားတယ်… ဒီကောင်းကင်လက်နက်ကို သွန်းလုပ်ပြီးတာနဲ့ မြေအောက်ဘုံအရှင်သခင်ချင်ဖုန်းကျင့်က ကောင်းကင်နတ်အရှင်ရှုနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နိုင်လိမ့်မယ် ပြောတယ်… ရှုံးမလား နိုင်မလားဆိုတာကတော့ ချင်ဖုန်းကျင့်ရဲ့ ကျင့်ကြံခြင်းအခြေခံအပေါ် မူတည်တယ်”

တိရီယွဲ့က တိတ်ဆိတ်စွာ ခေါင်းညိတ်နေသည်။

“ဒါပေမဲ့ လမ်းစဉ်ခြောက်သွယ် ကောင်းကင်လှည်းဘီးတစ်ခုတည်းကို တည်ဆောက်နေတာ မဟုတ်ဘူး” ဧကရာဇ်ယန်ဖုန်းက ဆို၏။ “အဲဒါ့အပြင် ဒီကောင်းကင်လက်နက်ထက် သိပ်မသေးတဲ့ တခြားကောင်းကင်လက်နက်တွေ ဒါဇင်လောက် ရှိသေးတယ်…”

တိရီယွဲ့၏ နှလုံးသားမှာ အပြင်းအထန် တုန်လှုပ်သွားသည်။ သူမက တစ်ခဏတုံ့ဆိုင်း နေပြီးနောက် မေးမြန်းလိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာလက်အောက်မှာ ကောင်းကင်ဘုံ ဘယ်လောက်ရှိသလဲ ကျွန်မ သိခွင့်ရှိမလား”

ဤသို့ မေးမြန်းလိုက်ရသည့် အကြောင်းအရင်းမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ငွေကြေးအရင်းအမြစ်များကို သိရှိနိုင်ရန် ဖြစ်သည်။ ခိုင်ဧကရာဇ်ခေတ်တုန်းက ကောင်းကင်ဘုံ ၃၃ ဘုံကို အုပ်ချုပ်ခဲ့ပြီး လက်အောက်တွင် ကောင်းကင်ဘုံ တစ်ရာကျော် ရှိခဲ့၏။ သို့သော် ခိုင်ဧကရာဇ်ခေတ်၏ ငွေကြေးအရင်းအမြစ်များသည် ရွှင်ပျော်ပျော်ကျေးရွာကဲ့သို့ ကောင်းကင်လက်နက်ကိုသာ တည်ဆောက်နိုင်ခဲ့လေသည်။ ရွှင်ပျော်ပျော်ကျေးရွာအား တည်‌ဆောက်၍ ပရမတ္တလှေနှစ်စင်းအား ဖော်ဆောင်ပြီးသည့်အချိန်တွင်တော့ ခိုင်ဧကရာဇ်ခေတ်၏ ငွေကြေးအရင်းအမြစ်များမှာ လုံးဝကုန်ဆုံးသွားခဲ့သည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ လက်အောက်မှာ ကောင်းကင်ဘုံ ၄၆ ဘုံပဲ ရှိပါတယ်”

ဧကရာဇ်ယန်ဖုန်းက အခြားကောင်းကင်လက်နက်များကို ကြည့်ရှုရန် သူမအား ခေါ်ဆောင်သွားသည်။ နေရာအကူးအပြောင်းမုခ်၀တစ်ခုကို ဖြတ်သန်းလာပြီးနောက် ကျန့်လင်ကုန်ထုတ်စက်ရုံသို့ ရောက်ရှိလာ၏။ စက်ရုံမှာ အလွန်တရာ ခမ်းနားထည်ဝါနေသောကြောင့် တောအုပ်တစ်အုပ်နှင့်ပင် တူလေသည်။

“ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုထားတဲ့ ကောင်းကင်ဘုံတွေကတော့ ၂၇၀၀ ကျော် ရှိပါတယ်…” ဧကရာဇ်ယန်ဖုန်းက ရှင်းပြသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကုန်သွယ်တဲ့ ကောင်းကင်ဘုံတွေက ၂၀၀၀ ကျော် ရှိတယ်…. ပြီးခဲ့တဲ့နှစ်တွေတုန်းက ဝယ်ထားခဲ့တဲ့ ကျောက်တုံးတွင်းတွေလည်း ရှိသေးတော့ အားလုံးကို ငွေကြေးအရ ထောက်ပံ့ပေးနိုင်ပါတယ်”

တိရီယွဲ့မှာ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည်။ ထိုစဉ် ရင်းနှီးသော ကောင်းကင်လက်နက်တစ်ခုကို မြင်လိုက်ရသဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ “ဖန်ဆင်းခြင်းကောင်းကင်လက်နက်လား”

၎င်းသည် ကောင်းကင်နတ်ဘုံ၏ ဖန်ဆင်းခြင်းဂိုဏ်းချုပ်နန်းတော်မှ ဖန်ဆင်းခြင်းကောင်းကင်လက်နက်နှင့် ခပ်ဆင်ဆင်တူသည့် ကောင်းကင်လက်နက်တစ်ခု ဖြစ်သော်လည်း အနည်းငယ်သေးငယ်ပြီး ကွာခြားချက်များ ရှိလေသည်။

တောင်တန်းများနှင့်တူသည့် ကွင်းငါးကွင်းက လှည်းဘီးရှစ်ခုကို အလယ်ဗဟိုတွင် ချုပ်ထားပေး၏။ ကွင်းငါးကွင်းသည် ကျောက်သတ္ထုကြောငါးကြောနှင့် တူပြီး ၎င်းတို့အပေါ်တွင် သင်္ကေတမျိုးစုံ ခတ်နှိပ်ခံထားရသည်။ ယခင် ဖန်ဆင်းခြင်းကောင်းကင်လက်နက်နှင့် ယှဉ်ပါက တည်ဆောက်ပုံတွင် အခြေခံကွာခြားချက်များ ရှိနေ၏။

“ဒီဖန်ဆင်းခြင်းကောင်းကင်လက်နက်ကို ကောင်းကင်လက်အရှင်မူနဲ့ ကောင်းကင်နတ်အရှင်လင်တို့က ပိုပြီးတိုးတက်အောင် ပြင်ဆင်ထားကြတာပါ”

ဧကရာဇ်ယန်ဖုန်းက ပြောသည်။ “ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းတဲ့နေရာမှာ အသုံးပြုလို့ရတယ်… လန်ယွီတျန်း သိပ်မကြာခင် ဒီကိုလာခဲ့တုန်းက တာအိုသခင်လင်းရွှမ်က တာအိုရသေ့တွေနဲ့အတူ သူ့ကို လေ့လာထားတာလေ … မကြာခင် ပြီးပါလိမ့်မယ်… ခိုင်ဧကရာဇ်၊ ကျေးဇူးပြုပြီး ဟိုဘက်ကို ကြည့်လိုက်ပါဦး”

တိရီယွဲ့လည်း သူ့အနောက်မှ ပျံသန်းလိုက်ပါသွားသည်။ နောက်ထပ် ဆောက်လုပ်ရေးစက်ရုံတစ်ရုံသည် ပရမတ္တလှေအောက် မနိမ့်ကျသည့် ဧရာမသင်္ဘောကြီးတစ်စင်းအား ဆောက်လုပ်နေသည်ကို တွေ့လိုက်ရ၏။ ဤသင်္ဘော၏ ထူးခြားချက်မှာ မရေမတွက်နိုင်သော သင်္ဘောများအဖြစ် အချိန်မရွေး ကွဲထွက်နိုင်ပြီး သီးခြားတိုက်ခိုက်နိုင်လေသည်။

သင်္ဘောသည် ပြိုင်ဘက်ကင်း ဧရာမသင်္ဘောကြီးတစ်စီးအဖြစ် အချိန်မရွေး ပြန်လည်ဆက်သွားနိုင်သည့် အစိတ်အပိုင်းများဖြင့် တည်ဆောက်ခံထားရ၏။

“ဒါကတော့ ကောင်းကင်နတ်မြစ်ရေတပ်နဲ့ ရင်ဆိုင်နိုင်ဖို့ ဝေစွေ့ဖုန်း ပုံစံရေးဆွဲပေးထားတဲ့ဟာပါ … ကျုပ်တို့ ဒါမျိုးငါးခုလောက် တည်ဆောက်ဖို့ ပြင်ဆင်နေတာ”

ဧကရာဇ်ယန်ဖုန်းက ပြောသည်။ “ပထမဦးဆုံးတစ်ခုတော့ ပြီးတော့မယ်”

တိရီယွဲ့၏ မျက်ဝန်းများက တောက်ပလာသည်။ “ရွှင်ပျော်ပျော်ကျေးရွာ အသုံးပြုဖို့အတွက် ကျွန်မကို နှစ်ခုလောက် ငှားပါ”

ဧကရာဇ်ယန်ဖုန်းက ပြုံး၏။ “ငှားရမှာပေါ့…. ဒီဘက်ကို ကြွပါဦး”

တိရီယွဲ့သည် မီးငှက်စစ်ရထားလှည်းများကို တွေ့မြင်လိုက်ရပြန်၏။ ထိုမီးငှက်စစ်ရထားလှည်းများမှာ ရွှမ်တု၏ နေနတ်ဘုရားများနှင့် ရင်ဆိုင်ရာတွင် အသုံးပြုနိုင်သည်။ တောင်နတ်မင်းကျုချွဲသည်လည်း ဤနေရာတွင် ရှိနေပြီး စက်ရုံ၏ ကောင်းကင်လုပ်သားများ စစ်ရထားလှည်းများအား ပုံစံရေးဆွဲရာတွင် ကူညီပေးနေသည်။

၎င်းတို့အပြင် မြောက်နတ်မင်း၏ ကောင်းကင်လက်နက်များစွာကိုလည်း တွေ့ရသည်။ ဤလက်နက်များသည် မြောက်နတ်မင်း၏ မူလရိုးရာ ကောင်းကင်လက်နက်များနှင့် ကွဲပြား၏။ မြောက်နတ်မင်း၏ မူလရိုးရာကောင်းကင်လက်နက်များသည် ဘိုးဘေးနန်းတော်ထဲရှိ ဘူးသီးခြောက်တစ်ခုကို သုံး၍ မိုးကြိုးလျှပ်စီးငါးသွယ်အား သိမ်းဆည်းထားခြင်းဖြစ်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မြောက်နတ်မင်း ကောင်းကင်လက်နက်များကတော့ နတ်ရွှေနှင့် နတ်ကုန်ကြမ်းတို့ဖြင့် ရောစပ်ထားပြီး သင်္ကေတများဖြင့် အားဖြည့်ကာ ဘူးသီးခြောက်တစ်လုံးပုံစံ သန့်စင်ခံထားရသည်။

ထိုစက်ရုံများသည် စေတီအသွင် နဂါးစိမ်းကောင်းကင်လက်နက်၊ ဦးချိုအသွင် ကျားဖြူကောင်းကင်လက်နက်များကိုလည်း သွန်းလုပ်နေကြ၏။

ထို့နောက် သူတို့နှစ်ယောက်သသား ကောင်းကင်တန်ခိုးရှင်ဂိုဏ်းနှင့် မာန်ဟုန်မြစ်တက္ကသိုလ်တို့အနီးရှိ မာန်ဟုန်မြစ်ကုန်ထုတ်စက်ရုံသို့ ရောက်လာကြသည်။ ဤနေရာမှာ ၀င်္ကပါနှင့် ကောင်းကင်နတ်သိုင်းများအတွက် အထွတ်အမြတ်နယ်မြေတစ်မြေ ဖြစ်လေသည်။

မာန်ဟုန်မြစ်ကုန်ထုတ်စက်ရုံသည် လောလောဆယ်တွင် ဧရာမ ၀င်္ကပါမြေပုံကြီးတစ်ခုကို တည်ဆောက်နေ၏။

“ဒီ၀င်္ကပါမြေပုံကို လှံနတ်ဘုရား ဦးဆောင်တဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ၀င်္ကပါသိုင်းပညာရှင်တွေ ပုံစံရေးဆွဲထားကြတာပါ … ၀င်္ကပါမြေပုံတစ်ခုချင်းစီမှာ ကောင်းကင်နန်းဆောင်အဆင့် ကျင့်စဉ်တစ်ခုစီ ပါတယ်… မှော်စွမ်းအင် လုံလောက်ရင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ဦးရဲ့ စွမ်းအားကို ထုတ်ပြနိုင်တယ်”

ဧကရာဇ်ယန်ဖုန်းက ရှင်းပြ၏။ “ဒါပေမဲ့ ဒီလို၀င်္ကပါမြေပုံမျိုးက နတ်ဘုရားမိစ္ဆာစစ်တပ်တစ်တပ်လုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုတယ်… အတူတကွ ပူးပေါင်းတော့မှ စွမ်းအားပေါက်ကွဲထွက်လာနိုင်မှာ … ၀င်္ကပါကို ထိန်းချုပ်ဖို့က အရေးအကြီးဆုံးပဲ… လှံနတ်ဘုရားနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ၀င်္ကပါသိုင်းပညာရှင်တွေက ကောင်းကင်နန်းဆောင်တွေရဲ့ ၀င်္ကပါမြေပုံနှစ်ရာကျော်ကို ပုံစံရေးဆွဲပြီးနေပြီ… ပိုအရေးကြီးတာက အဲဒီ၀င်္ကပါမြေပုံအမျိုးအစား နှစ်ရာကျော်က မတူညီတဲ့ မဟာကောင်းကင်နတ်ဘုံတွေကို ဖွဲ့တည်ပေးနိုင်တယ်”

ဧကရာဇ်ရီယွဲ့မှာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ရေရွတ်လိုက်မိသည်။ “မိစ္ဆာနတ်ဘုရားအရေအတွက် လုံလောက်ရင် ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ အတိုက်အခိုက်စွမ်းအားကို အသက်သွင်းပေးနိုင်မှာလား….”

“သီအိုရီအရပေါ့”

ဧကရာဇ်ယန်ဖုန်းက အားပျက်စွာ ပြောသည်။ “ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ရှိတဲ့ မိစ္ဆာနတ်ဘုရားအရေအတွက်က ၀င်္ကပါမြေပုံအားလုံးရဲ့ စွမ်းအားကို အသက်သွင်းဖို့ မလုံလောက်နိုင်ဘူး… နှစ်ရာပေါင်းများစွာ တိုးတက်လာခဲ့ပြီးတာတောင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နတ်ဘုရားမိစ္ဆာအရေအတွက်က ကောင်းကင်နတ်ဘုံထက် အများကြီး လျော့နည်းနေသေးတယ်”

ဧကရာဇ်ရီယွဲ့က အေးဆေးစွာ တုံ့ပြန်သည်။ “ရွှင်ပျော်ပျော်ကျေးရွာအနေနဲ့ မဟာကောင်းကင်နတ်ဘုံရဲ့ ၀င်္ကပါမြေပုံတချို့ လိုအပ်တယ်… ပြီးပြည့်စုံတဲ့ ကောင်းကင်နတ်ဘုံတစ်ခုကို တည်ဆောက်ရလိမ့်မယ်”

ဧကရာဇ်ယန်ဖုန်းက ပြုံးလိုက်သည်။ “အဲ့ဒါက မခက်ပါဘူး….” သူက ပြော၏။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ စက်ရုံက တိမ်တိုက်ရထားလှည်းတချို့ကိုလည်း ဆောက်ထားသေးတယ်… အဲဒီရထားလှည်းတွေမှာ ဓားစေတီတွေ ပါတယ်... ဓားစေတီတစ်ခုချင်းစီမှာ ဓားစက်လုံး ငါးထောင်စီ ကိန်းနိုင်တယ်… ဓားစက်လုံးတစ်ခုချင်းစီမှာတော့ ဓားနှစ်သောင်းစီ အောင်းနေတယ်… အဲဒီတိမ်တိုက်ရထားလှည်းတွေက မြေပြင်ကို ဖျက်ဆီးလို့ ကောင်းကင်ကို ဖုံးလွှမ်းနိုင်လိမ့်မယ်… ဧကရာဇ်ရော လိုသေးလား”

တိရီယွဲ့က တည်ကြည်လေးနက်စွာ တောင်းဆိုသည်။ “လိုအပ်ပါတယ်… များလေကောင်းလေပဲ..”

“လီမြစ်စက်ရုံမှာ ပစ္စည်းကောင်းတွေ ရှိသေးတယ်.. ခိုင်ဧကရာဇ် လိုက်ခဲ့ပါဦး” ဧကရာဇ်ယန်ဖုန်းက လက်မြှောက်လိုက်သည်။

“ထပ်ရှိသေးတာလား”

ဧကရာဇ်ရီယွဲ့မှာ သူမ၏နှလုံးသားထဲရှိ အံ့ဩမှုတို့ကို ထိန်းချုပ်ရင်း လီမြစ်စက်ရုံနှင့် ဆက်သွယ်ထားသည့် နေရာကူးပြောင်းမုခ်၀ဆီသို့ လိုက်ပါသွားသည်။

“ဒီနေရာက ရာသီဥတုသိပ်ကောင်းတယ်နော်... လီမြစ်စက်ရုံကတော့ဗျာ ဆေးဖော်စပ်ဖို့ အဓိက သုံးပြီး တခြားစက်ရုံတွေကို ထောက်ပံ့ပေးရတဲ့ စက်ရုံလို့ ဆိုရမယ်”

ဧကရာဇ်ယန်ဖုန်း သူမအား လီမြစ်စက်ရုံဆီသို့ ခေါ်လာသည့်အခါ နေ့ညမပြတ် လောင်ကျွမ်းနေကြသော ဆေးပေါင်းဖိုးကြီးများကို တွေ့မြင်ရလေသည်။ ဆေးဆရာများစွာက ပရဆေးလုံးမျိုးစုံကို ဖော်စပ်ကာ သိုလှောင်ထားကြ၏။

“ဒီနေရာက ဆေးနတ်ဘုရား၊ အဆိပ်ဆရာမ မုယွင်ရွှယ်နဲ့ အဆိပ်ဘုရင်ငယ် ဖုယွမ်ချင်းတို့ တာဝန်ယူထားကြတဲ့ နေရာပဲ… သူတို့က ပရဆေးလုံးမျိုးစုံ၊ အံ့ဖွယ်ဆေးမျိုးစုံနဲ့ အဆိပ်မျိုးစုံကို ဖော်ပေးကြတယ်”

ဧကရာဇ်ယန်ဖုန်းက ဆက်လက်ပြောပြသည်။ “တိုက်ပွဲမှာ ကျရှုံးမှုတွေကို တားဆီးလို့မရဘူးဆိုတော့ အသက်ကယ်နိုင်မယ့် ပရဆေးလုံးတွေက သိပ်ကို အရေးကြီးတယ်လေ”

“ဟုတ်တာပေါ့”

ဧကရာဇ်ရီယွဲ့က တည်ကြည်လေးနက်စွာ ပြောလိုက်ပြီးနောက် အနည်းငယ် ရှက်သွေးဖြာသွားသည်။ “အရှင်မင်းကြီး၊ အဆိပ်က နတ်ဘုရားမိစ္ဆာတွေကို သတ်လို့ရလား”

ဧကရာဇ်ယန်ဖုန်းက ပြုံး၏။ “မခက်ပါဘူး… စစ်ပွဲအတွင်း ဒဏ်ရာမရအောင် လုပ်ဖို့ ဘယ်လွယ်ပါ့မလဲ... ကောင်းကင်လက်နက်တွေမှာ သေစေနိုင်တဲ့ အဆိပ်တချို့ သုတ်လိမ်းထားလိုက်ရုံပဲ… ခိုင်ဧကရာဇ် ဒါတွေရော လိုသေးလားဗျ”

“များများသာ ထည့်ပေးလိုက်ပါ”

ဧကရာဇ်ယန်ဖုန်းက မေးလိုက်ပြန်သည်။ “ခိုင်ဧကရာဇ်၊ ပန်းချီလမ်းစဉ်ဆိုတာရော ကြားဘူးလား… ကျုပ် ဧကရာဇ် ကြည့်နိုင်ဖို့ ပန်းချီနတ်ဘုရားရဲ့ နန်းဆောင်ဆီ ခေါ်သွားပေးမယ်… ပန်းချီနတ်ဘုရားက အခုလောလောဆယ် ကောင်းကင်ဘုံတွေမှာ ရှိတဲ့ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေရဲ့ မြေပုံကို ရေးဆွဲနေတာလေ”

....

အဆုံးသတ်မြို့ပျက် ကောင်းကင်အထက်တွင် ဟင်းလင်းပြင်အလွှာ ၃၆ လွှာက ကွဲထွက်လာပြီး မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံ ထွက်ပေါ်လာသည်။ ကောင်းကင်နတ်အရှင်ယွင်သည် တာအိုသစ်ပင်အောက်တွင် ရပ်နေပြီး အဆုံးသတ်မြို့ပျက်ကို ကြည့်နေ၏။ ရုတ်တရက် သူ၏ခန္ဓာကိုယ်က မတည်မငြိမ် ဖြစ်လာပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့်အတူ အဆုံးသတ်မြို့ပျက်ထဲသို့ ဆွဲယူခံရလုနီးပါးဖြစ်သွားသည်။ သူ့မှာ အံ့အားသင့်သွားမိသည်။

“ကောင်းကင်နတ်အရှင်မူက ငါ့ကို အတော်လေး အထင်ကြီးပြီး ကောင်းကင်နတ်အရှင်လင်ကို ကယ်ခိုင်းလိုက်တာပဲ… ဒီအဆုံးသတ်မြို့ပျက်ဆိုတာ တာအိုသိုင်းပညာရှင်တွေ‌တောင် ဒုက္ခရောက်နိုင်တဲ့ နေရာ …. အန္တိမဟင်းလင်းပြင်ကိုတောင် ဝါးမြိုပစ်နိုင်တယ်..”

သူသည် အန္တရာယ်ကို အာရုံခံလိုက်မိ၏။ ဤထူးဆန်းသည့် နေရာ၊ အဆုံးသတ်မြို့ပျက်သည် အန္တိမဟင်းလင်းပြင်ကိုပင် ဝါးမြိုနိုင်၏။ တာအိုသိုင်းပညာရှင်တို့၏ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် တာအိုသစ်ပင်တို့ကိုပင် ဖျက်ဆီးနိုင်သဖြင့် သူ သတိထားရပေလိမ့်မည်။

တခဏကြာပြီးနောက် ကောင်းကင်နတ်အရှင်ယွင်က အဆုံးသတ်မြို့ပျက်၏ ဒီရေလှိုင်းများကို အခွင့်ကောင်းယူကာ ဟင်းလင်းပြင်ထဲမှ ထွက်လာသည်။ သူသည် အသူရာချောက်နက်၏ ဘေးတစ်ဖက်သို့ ရောက်လာပြီး ငုံ့ကြည့်လိုက်၏။ သို့သော် ချောက်နက် မည်မျှနက်ရှိုင်းသည်လည်း သူ မပြောနိုင်ချေ။

“ကောင်းကင်နတ်အရှင်လင် ဒီနေရာကို ရောက်လာခဲ့တာပဲ… သူ့ကောင်းကင်နတ်သိုင်းရဲ့ အငွေ့အသက်တွေရှိ နေတယ်”

ကောင်းကင်နတ်အရှင်ယွင် တခဏစဉ်းစားနေမိသည်။ တာအိုသစ်သီးက ပျံထွက်သွားပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ မူလကျောက်တုံးဆီသို့ ဝင်ရောက်သွားသည်။ ထို့နောက် သူက အသူရာချောက်နက်ထဲ ခုန်ချသွားတော့သည်။

ထိုအခိုက်အတန့်တွင် ဖရိုဖရဲနယ်မြေထဲမှ ရွှေသင်္ဘောတစ်စီး ထွက်ပေါ်လာသည်။ တာအိုဘိုးဘေးကြီးနှင့် ဗြဟ္ဗဗုဒ္ဓက သင်္ဘောထိပ်နှင့် သင်္ဘောကုန်းပတ်တွင် အသီးသီး ရပ်နေကြကာ ရွှေသင်္ဘောနှင့်အတူ ကမ္ဘာဦးဘုံ‌ဆီသို့ ဦးတည်သွားကြ၏။

သင်္ဘောပေါ်ရှိ အများစုမှာ ဗုဒ္ဓများနှင့် တာအိုရသေ့များ ဖြစ်ကြသည်။ ဤနှစ်များအတွင်း သူတို့သည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ လူတချို့တဝက်ကို ဖရိုဖရဲနယ်မြေသို့ သယ်ဆောင်သွားပြီး စကြဝဠာငယ်တစ်ခု ဖန်တီး၍ အခြေချစေခဲ့၏။ နတ်ဘုရားမြို့တစ်မြို့ တည်ဆောက်၍ သီးနှံများ စိုက်ပျိုးခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လူနေမှုအသိုက်အဝန်းကို ဆက်လက်ရှင်သန်နိုင်စေခဲ့သည်။

ရွှေသင်္ဘောပေါ်တွင် သူတို့အပြင် ချိဧကရာဇ်နှင့် မင်ဧကရာဇ်လည်း ရှိနေကြ၏။ ဧကရာဇ်နှစ်ပါးက ကုန်းပတ်ပေါ်တွင် ရပ်လျက် တဖြည်းဖြည်း နီးကပ်လာနေသော ကမ္ဘာဦးဘုံနှင့် ကမ္ဘာလောကတစ်သောင်းကို ကြည့်နေကြသည်။

အခြားတစ်ဖက်တွင် ပိုင်ချွီအာလည်း ချုံဧကရာဇ်ခေတ်မှ နတ်ဘုရားမိစ္ဆာများကို ကောင်းကင်ဘုံတစ်ဘုံဆီသို့ ရွှေ့ပြောင်းနေရာချပေးနေသည်။ ကြာရှည်စွာ ခရီးနှင်ခဲ့ပြီးနောက် သူတို့သည် ချုံဧကရာဇ်ကောင်းကင်ဘုံ၏ အပျက်အစီးများဆီသို့ ရောက်လာကြသည်။

ရီရှစ်ရှန်းက ယခင်ချုံဧကရာဇ်တို့၏ အုတ်ဂူများအား အရိုအသေပြုရန် သူတို့ကို ခေါ်ဆောင်သွား၏။ ပိုင်ချွီအာက ထိုအုတ်ဂူများကို ဦးညွှတ်အရိုအသေပေးပြီးနောက် မေးသည်။ “ဆရာရီ၊ ကျွန်မက ကောင်းကင်နတ်အရှင်ယွဲ့ အမိန့်ကြောင့် ရောက်လာတာပါ… ရှင့်ကို မေးစရာတစ်ခု ရှိပါတယ်.. ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ မဟာကပ်ဘေးကြီး ကျရောက်လာတော့မယ်… ချုံဧကရာဇ်အနေနဲ့ တိုက်ခိုက်နိုင်သေးရဲ့လား”

ရီရစ်ရှန်း၏ မျက်နှာအမူအရာက သုန်မှုန်နေပြီး ပူဆွေးဝမ်းနည်းစွာ ပြောသည်။ “ချုံဧကရာဇ်ခေတ်က ကုန်ဆုံးသွားခဲ့ပြီ… ကျုပ်ရဲ့ ဆရာတူအစ်ကိုတွေလည်း အလောင်းမိစ္ဆာတွေ ဖြစ်သွားခဲ့ပြီ... သူတို့ မွေးဖွားလာတဲ့အခါကျ ဖရိုဖရဲတွေ ဖြစ်ကုန်လိမ့်မယ်… တိုက်ခိုက်နိုင်ကြတော့မှာ မဟုတ်ဘူး”

ဤအခိုက်အတန့်တွင် ခေါင်းတလားများ တုန်ရီသွားကြသည်။

“ငါ့ဆရာမှာ အမိန့်ရှိတယ်လို့ ပြောတယ်… အမိန့်စာ ပါသလား” အေးစက်သော အသံတစ်သံက ဧကရာဇ်ခေါင်းတလားထဲမှ မေးမြန်းလိုက်၏။

ပိုင်ချွီအာက ကောင်းကင်နတ်အရှင်ယွဲ့၏ အမိန့်စာကို ထုတ်လိုက်သည်။ ဧကရာဇ်ခေါင်းတလားက အက်ကွဲသွားပြီး ဧရာမအစိမ်းရောင်လက်ကြီးတစ်ဖက်က အမိန့်စာကို ဆွဲယူလိုက်လေသည်။

All Chapters