၇ စင်းမြောက် စကြဝဠာကို ဖွင့်လှစ်ခြင်း
Vol. 128 Ch. 1658
တခဏကြာ ဝါးနေပြီးနောက် ချင်မူမှာ ဖရိုဖရဲကျောက်တုံးအား ထွေးထုတ်လိုက်တော့သည်။ အစက ဖရိုဖရဲကျောက်တုံးထဲတွင် ဖရိုဖရဲချီ ကိန်းဝပ်နေမည် ထင်ထား၏။ အမှန်တကယ်လည်း ရှိသင့်သည် မဟုတ်သလော။ ထိုက်ယီ၏ ဖရိုဖရဲကျောက်တုံးကို ရှာတွေ့ခဲ့သည့်အချိန်တုန်းကလည်း ကျောက်တုံးထဲတွင် ဖရိုဖရဲချီ ရှိနေခဲ့လေသည်။
သူ ထိုက်ယီဉခွံကို ထုတ်ယူခဲ့စဉ်တုန်းက ဖရိုဖရဲကျောက်တုံးတွင်းတွင်းခုလုံး ပြိုလဲသွားပြီး ဖရိုဖရဲကျောက်တုံး အက်ကွဲသွားခဲ့၏။ ဖရိုဖရဲချီက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ဘိုးဘေးနန်းတော်၏ ဖရိုဖရဲပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
၎င်းကို ကြည့်ခြင်းဖြင့် ဖရိုဖရဲကျောက်တုံး၏ မာကြောမှုမှာ ထိုမျှ မမြင့်မားကြောင်း သိနိုင်၏။ သို့သော် အန္တိမဟင်းလင်းပြင်၏ လေအေးသည် ၎င်းကို လွင့်ပြယ်သွားအောင် တိုက်စားနိုင်ခြင်း မရှိပေ။
ထို့ကြောင့် ဖရိုဖရဲကျောက်တုံးဖြင့် ထွင်းထုထားသည့် ဤကျောက်ပြားတွင်လည်း ဖရိုဖရဲစွမ်းအင်များ ကိန်းဝပ်နေလိမ့်မည်ဟု ချင်မူ တထစ်ချ တွက်လိုက်သည်။ သို့သော် ဝါးကြည့်ပြီးနောက်် ဤကျောက်တုံးထဲတွင် ဖရိုဖရဲစွမ်းအင်တစ်စက်ကလေးမှ ရှိမနေသည်ကို တွေ့လိုက်ရ၏။
ဤကျောက်တုံးထဲရှိ ဖရိုဖရဲစွမ်းအင်အား တစ်စုံတစ်ယောက် ယူသွားခြင်း ဖြစ်ပေလိမ့်မည်။
‘ငါ ကျောက်တုံးတစ်လုံးကို သက်သက်မဲ့ စားလိုက်မိတာပဲ… ရန်သူကို ဖိနှိပ်ထားတဲ့ ဒီကျောက်ပြားပေါ်က စကားလုံးတွေကို မီလော့နန်းတော်ရဲ့ သခင်လေးတစ်က ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေ သုံးပြီး ရေးထားတာ ... “
ချင်မူက ကျောက်ပြားအောက်တွင် ရပ်နေသည်။ “ဒီကမ္ဘာဦးဖရိုဖရဲ တာအိုဘာသာစကားကို ကြည့်တာနဲ့ အကြီးဆုံးသခင်လေးရဲ့ ကမ္ဘာဦးဖရိုဖရဲသင်္ကေတ အောင်မြင်မှုတွေက တော်တော်မြင့်မားတာ သိနိုင်တယ်… သူက မီလော့နန်းတော်အရှင်သခင် ပြီးရင် နံပါတ်တစ်ပုဂ္ဂိုလ်လို့တောင် ပြောလို့ရတယ်… သူ ချန်ထားခဲ့တဲ့ ချိပ်တံဆိပ်ကို ဘယ်လိုချိုးဖျက်နိုင်တာပါလိမ့်”
တံခါးရွက်နှင့် စွန့်ပစ်မြေမှ ပျံသန်းလာသော ကျောက်ပြားအရ ချိပ်တံဆိပ်၏ အစိတ်အပိုင်းတစ်ချို့တစ်၀က်က ပျက်စီးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အကြီးဆုံးသခင်လေးသည် အမြင့်မားဆုံး အစွမ်းအစအား ပိုင်ဆိုင်ထားသူပီပီ သူ ချန်ရစ်ခဲ့သည့် ချိပ်တံဆိပ်က သေချာပေါက် ချိုးဖျက်ရန် လွယ်မည်မဟုတ်။ အန္တိမဟင်းလင်းပြင်၏ စွမ်းအားတစ်ရပ်တည်းက သူ့ချိပ်တံဆိပ်အား ပြိုပျက်သွားစေရန် မဖြစ်နိုင်ချေ။ ထိုသို့ဆိုလျှင် ချိပ်တံဆိပ်အား ကျိုးပျက်စေခဲ့သူက မည်သူ ဖြစ်သနည်း။
“ကမ္ဘာဦးဖရိုဖရဲကျောက်တုံးလို အရာမျိုးတွေက ရှာဖို့ ခက်ခဲတယ်…. ဒီကျောက်ပြားကို ဖန်တီးဖို့ လိုအပ်တဲ့ ကျောက်တုံးတွေကို မှန်းတောင် မကြည့်ရဲဘူး…. တံခါးထဲမှာ ကျောက်ပြားတွေ မရေမတွက်နိုင်အောင် ရှိတယ်လို့လည်း လန်ယွီတျန်းက ပြောခဲ့သေးတာ… သခင်လေးတစ်က ဒီကျောက်ပြားတွေ လုပ်ဖို့ ကုန်ကြမ်းကို ဘယ်ကနေ ရခဲ့တာပါလိမ့်…”
သူ၏မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းလာပြီး ကမ္ဘာဦးဖရိုဖရဲကျောက်တုံးများ၏ အရင်းအမြစ်ကို စဉ်းစားနေမိသည်။
ဤမျှများပြားသော ဖရိုဖရဲကျောက်တုံးများ ရှိသည့် နေရာဟူ၍ တစ်ခုတည်းသာ ရှိပေမည်။ ၎င်းက ထိုက်ယီအား မွေးဖွားပေးခဲ့သည့် ဘိုးဘေးနန်းတော်မှ ဖရိုဖရဲကျောက်တုံးတွင်းပင် ဖြစ်၏။
သို့သော် ဖရိုဖရဲကျောက်တုံးတွင်းတစ်တွင်းတည်းက ဤမျှများပြားသော ကျောက်ပြားများကို သန့်စင်ထုတ်လုပ်မပေးနိုင်ချေ။ ကျောက်တုံးတွင်းများစွာ လိုအပ်သည်။ ၎င်းအဓိပ္ပာယ်က မီလော့နန်းတော်၏ အကြီးဆုံးသခင်လေးသည် စကြ၀ဠာအမျိုးမျိုးထဲ၌ ဖရိုဖရဲကျောက်တုံးတွင်းများကို ရှာဖွေ၍ မီလော့နန်းတော်၏ ရန်သူတော်အား ဖိနှိပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ချင်မူလည်း တခဏ စဉ်းစားနေပြီးနောက် ကျောက်ပြားအား သူ၏ ကောင်းကင်ရတနာထဲသို့ ထည့်ရန် ကြိုးစားလိုက်သည်။
ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာမှာ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် တည်ရှိသော်လည်း ကျောက်ပြားက ရှည်လျားလွန်းနေသည်။ ချင်မူ ထည့်လိုက်သည့်အခါတွင် ကျောက်ပြား၏ ကိုယ်ထည်က သူ့မျက်ခုံးနှစ်ဖက်ကြား၌ အတိုင်းသား ဖောက်ထွက်နေသည်ကို တွေ့လိုက်ရသည်။ ထိုနေရာ၌ ဂျိုတစ်ခု ပေါက်နေသည့်အလားပင်။
သူ့မှာ လက်လျှော့လိုက်ရုံသာ တတ်နိုင်သည်။
“ညီလေး လန်ယွီတျန်း ပြောတာတော့ စွန့်ပစ်မြေထဲမှာ ထူးဆန်းတဲ့အရာတွေ အများကြီး ရှိတယ်တဲ့… ငါ ကျောက်ပြားကို ယူလို့ မရမှတော့ တခြားရတနာတွေများ ရှိမလား ရှာကြည့်ရမယ်…”
သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တဖျတ်ဖျတ် တောက်ပသွားပြီး ကျောက်ပြားအား လက်လျှော့ကာ တံခါးရွက်ပေါ်တွင် ‘ရပ်’ လျက် စွန့်ပစ်မြေ၏ အနက်ရှိုင်းဆုံးနေရာများထဲသို့ ၀င်ရောက်ပျံသန်းသွားတော့၏။
မကြာမီ ချင်မူသည် တံခါးရွက်အား ရပ်တန့်ကာ ရှေ့သို့ တအံ့တဩ ကြည့်လိုက်မိ၏။ ဧရာမဦးခေါင်းကြီးတစ်လုံးကား သူ၏ရှေ့ရှိ ဟင်းလင်းပြင်နယ်မြေတွင် ထွက်ပေါ်လာချေသည်။
ဦးခေါင်းကြီးမှာ မယုံနိုင်လောက်အောင် ကြီးမားသည်။ ၎င်းတွင် အသွေးအသားတို့ လှုပ်ရွနေသော်လည်း အရေပြားတော့ မရှိပေ။ ၎င်းက ဤစွန့်ပစ်မြေတွင် ပျံသန်းနေပြီး ပါးစပ်ကြီးဟလျက် ဤနေရာတွင် ရှိနေသော ရတနာများကို ဝါးမြိုနေသည်။
ဦးခေါင်းကြီးသည် ပျက်စီးနေသော စာအုပ်တစ်အုပ်ကို ဝါးနေ၏။ စာအုပ်မှ ရွှေရောင်အလင်းတန်းတို့ ဖြာထွက်တောက်ပနေသည်။ စာရွက်များကမူ အလိုအလျောက် လှန်လျောနေလေသည်။ စာအုပ်ထဲရှိ ရွှေရောင်စာလုံးများက ပျံထွက်လာကြပြီး ဦးခေါင်းပေါ်တွင် တစ်ခုပြီးတစ်ခု ခတ်နှိပ်လျက် အသွေးအသားများအား အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်နေစေသည်။
သို့သော် စာအုပ်သည် ဦးခေါင်းနှင့် မယှဉ်နိုင်သဖြင့် ဆက်လက်ဝါးမြိုခြင်းခံနေရ၏။
ရုတ်တရက် ဦးခေါင်းကြီးကား သူ့ကို သတိထားမိသွားပြီး စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပျံသန်းလာသည်။
ဦးခေါင်းပေါ်ရှိ အသွေးအသားတို့က တယွယွလှုပ်ရှားလျက် ပိုမိုများပြားကြီးထွားလာကြပြီး တဖြည်းဖြည်း အသားတက်လာချေပြီ။
ချင်မူလည်း စိုးရိမ်ပူပန်စွာဖြင့် တံခါးရွက်အား မြှောက်၍ ဓားမကြီးတစ်ခုပမာ ကိုင်ထားလိုက်သည်။
ဦးခေါင်းကြီး ပြေးဝင်လာသည်နှင့်အမျှ ချင်မူအသက်အောင့်၍ အာရုံစူးစိုက်ထားသည်။ ရုတ်တရက် လေအေးတစ်ချက်က သင်္ဘောပျက်တစ်စီးအား ဖြတ်သန်းတိုက်ခတ်သွားပြီး ချင်မူ့ထံ ပြေးဝင်လာနေသော ဦးခေါင်းကြီးအား တိုက်ချပစ်လိုက်သည်။
သင်္ဘောပျက်၏ မျက်နှာပြင်ပေါ်တွင် ပျက်စီးကျိုးပဲ့နေသော သစ်သားအပိုင်းအစ များစွာ ရှိပြီး ၎င်းတို့က ထူးဆန်းသော ဦးခေါင်းကြီးကို ထိုးစိုက်ကာ တွဲလောင်းခိုနေကြသည်။
သင်္ဘော ချင်မူ့ဘေးမှ ဖြတ်သန်းသွားသည့်အခါ ချင်မူလည်း သင်္ဘော၌ တွဲလောင်းခိုနေသော အဖြူရောင်အရိုးစုတစ်ခုကို ချက်ချင်း တွေ့မြင်လိုက်ရသည်။ ထိုအဖြူရောင်အရိုးသည် တာအိုသိုင်းပညာရှင်တစ်ဦး၏ အရိုးစု ဖြစ်၏။ အန္တိမဟင်းလင်းပြင်ကြောင့် အရည်မပျော်သေးဘဲ သင်္ဘော၌ ကပ်တွယ်နေလေသည်။
ထူးဆန်းသော ဦးခေါင်းကြီးက အသံတိတ် ဟိန်းဟောက်လိုက်ပြီး သင်္ဘောထံမှ လွတ်မြောက်နိုင်ရန် ရုန်းကန်ကြိုးစားနေ၏။
ထို့နောက် သင်္ဘော၌ ကပ်တွယ်နေသော အရိုးစုသည် လက်တစ်ဖက် မြှောက်လာသည်ကို ချင်မူ တွေ့လိုက်ရ၏။ လက်က ရှည်လျားသထက် ရှည်လျားလာပြီး ထူးဆန်းသော ဦးခေါင်းကြီး၏ မျက်နှာကို ဆွဲကိုင်ကာ အသားစတစ်ဖတ် ခွာချလိုက်သည်။
အရိုးလက်မောင်းက ထိုအသားစကို ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းလိုက်သည်။ အသားစ ၎င်း၏ အရိုးစုအပေါ် ကပ်တွယ်သွားသည့်အချိန်တွင် မရေမတွက်နိုင်သော လက်တံလေးများက အရိုးစုအား ကုတ်လျက် တွားသွားကာ ကြီးထွားလာကြသည်။
အရိုးစုက နောက်ထပ်တစ်ခါ လက်ဆန့်တန်း၍ ထူးဆန်းသော ဦးခေါင်းကြီးထံမှ အသားစကို ဆွဲခွာလိုက်ပြန်၏။ ထူးဆန်းသော ဦးခေါင်းကြီးမှာ အလွန်အမင်း ဒေါသထွက်နေသည်။ ၎င်းက အားကုန်ရုန်းကန်ပြီး နောက်ဆုံးတွင်တော့ သင်္ဘောထံမှ လွတ်မြောက်သွား၏။ ၎င်းက ချက်ချင်းပင် ကုန်းပတ်ပေါ်သို့ တက်သွား၍ သင်္ဘောနံရံတွင် ကပ်တွယ်နေသော အရိုးစုထံ ပြေးဝင်သွားသည်။
အရိုးစုမှာ ထိုနေရာ၌ ထိုးစိုက်ခံထားရခြင်း ဖြစ်၏။ ၎င်းမှာ မလွတ်မြောက်နိုင်သော်လည်း မည်သူမှ မတိုက်ခိုက်နိုင်သည့် ဧကရာဇ်တစ်ပါးအလားပင်။ ၎င်း၏လှုပ်ရှားမှုတိုင်းက အလွန်တရာ ခမ်းနားတင့်တယ်နေ၏။
သို့သော် သူ့မှာ နံရံတွင် ထိုးစိုက်ခံထားရသောကြောင့် ခွန်အားများများစားစား ထုတ်မသုံးနိုင်ပေ။ ဧရာမဦးခေါင်းကြီးက သင်္ဘောပေါ်တွင် လှိမ့်၍ ၎င်း၏တိုက်ကွက်များကို ရှောင်တိမ်းနေသည်။ ရုတ်တရက် အရိုးစုအား ဝင်တိုက်သွားချေပြီ။
သင်္ဘောပျက်မှာ အဆက်မပြတ် တုန်ခါသွားသည်။ ထူးဆန်းသော ဦးခေါင်းကြီးက နောက်သို့ပြန်ဆုတ်သွား၏။ ၎င်းက အရိုးစုကို နောက်တစ်ကြိမ် ဝင်တိုက်လိုက်သော်လည်း ဤတစ်ကြိမ် ပြင်းအားက ပို၍ပင်ပြင်းထန်သည်။
ထိုစဉ်် သင်္ဘောပျက်၏ သင်္ဘောခန်းတစ်ခန်းက ဝုန်းခနဲ ပွင့်လာ၏။ တံခါးဝတွင် အရိုးစုခြောက်ခု၊ ခုနစ်ခုခန့်က အခန်းထဲမှ ပြေးထွက်လာကြပြီး ထူးဆန်းသော ဦးခေါင်းပေါ်သို့ ခုန်တက်လိုက်ကြသည်။
ချင်မူမှာ ကြောင်အနေမိသည်။ ထိုအရိုးစုများမှာ တာအိုသိုင်းပညာရှင်များ၏ အရိုးစုများဖြစ်ပေသည်။ ၎င်းတို့က ရှေ့သို့ ခုန်တက်သွားကြပြီး ဧရာမဦးခေါင်းကြီးထံမှ အသားစများကို ဆွဲခွာကာ သူတို့၏ခန္ဓာကိုယ်ထဲသို့ ထိုးထည့်နေကြ၏။
မကြာမီ ဦးခေါင်းကြီး၏ အသွေးအသားများမှာ သူတို့ကြောင့် အကုန်အစင် ခွာထုတ်ခံလိုက်ရပြီဖြစ်သည်။
အရိုးစုများမှာ ခန္ဓာကိုယ်တို့တွင် အသွေးအသားတို့ ပြည့်နှက်လာသည့်အခါ ဝမ်းသာပျော်ရွှင်နေကြ၏။ သို့သော် လေအေးတစ်ချက်က ဝေ့ဝိုက်တိုက်ခိုက်လိုက်သောကြောင့် အသွေးအသားများက လေနှင့်အတူ လွင့်ပါသွားကြသည်။
သင်္ဘောပျက်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။။ ဦးခေါင်းကြီးဖြစ်စေ အရိုးစုများဖြစ်စေ တစ်ယောက်ကိုတစ်ယောက် မတိုက်ခိုက်ကြတော့ပေ။ ထိုအစား သင်္ဘောပျက်၏ ကုန်းပတ်ပေါ်တွင် ငေးကြောင်စွာ ရပ်နေကြပြီး လေအေးက သူတို့ကို ဖြတ်သန်း၍ တိုက်ခတ်နေသည်။
ချင်မူလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ခေါင်းရမ်းလိုက်၏။ “ဒီငတုံးတွေကတော့…”
ရုတ်တရက် ဦးခေါင်းနှင့် အရိုးစုများက သူ့ဘက်သို့ လှည့်ကြည့်လာကြသည်။ ချင်မူမှာ တစ်စုံတစ်ခု မှားယွင်းသွားကြောင်း ချက်ချင်း သဘောပေါက်သွားသဖြင့် တံခါးရွက်အား အရှိန်တင်ကာ အလျင်အမြန် သုတ်ခြေတင်တော့သည်။
သင်္ဘောပေါ်ရှိ အရိုးဖြူနှင့် ဦးခေါင်းကြီးက စိတ်လှုပ်ရှားလာသည်။ သူတို့က သင်္ဘောရွက်တိုင်ပေါ်သို့ လျင်မြန်စွာ တက်၍ စုတ်ပြဲနေသော သင်္ဘောရွက်များကို လွှင့်ထူလိုက်ကြသည်။ တိုက်ခတ်နေသော လေအေးကို အသုံးချ၍ အရှိန်မြှင့်တင်ကာ ချင်မူ့အနောက်မှ လိုက်လာကြတော့သည်။
သူတို့သည် လက်သီးများ ဆုပ်သူကဆုပ်၊ လက်ဖဝါးများ ပွတ်သပ်နေသူက ပွတ်သပ်နေကြသည်။ ချင်မူ့ အသွေးအသားများကို ဆွဲခွာကာ သူတို့၏ခန္ဓာကိုယ်တွင် ထည့်သွင်းရန် ကြံစည်ရင်း အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
သင်္ဘောနံရံတွင် ကပ်နေသော အရိုးဖြူကလည်း နံရံကို ခေါက်၍ အရှိန်မြှင့်တင်ရန် အားပေးနေသည်။
သင်္ဘောမှာ ပျက်စီးနေပြီး သင်္ဘောရွက်များက အပေါက်များဖြင့် ပြည့်နှက်နေသော်လည်း ၎င်း၏အမြန်နှုန်းက အလွန်တရာ မြန်ဆန်၏။ သူတို့က မျက်ခြေမပြတ်အောင် လိုက်ဖမ်းနေပြီး တံခါးရွက်နှင့် တဖြည်းဖြည်း နီးကပ်လာတော့သည်။
အရိုးစုတစ်ခုက သင်္ဘောရွက်တိုင်ပေါ်မှ တံခါးရွက်ဆီသို့ ခုန်ချလိုက်၏။ ၎င်းက ရယ်မောနေသည့်အလား အရိုးပါးစပ်ကြီးကို ဟထားသော်လည်း နောက်ထပ်တစ်ခဏတွင် ချင်မူ့ကပ်ဘေးဓားက ၎င်း၏ပါးစပ်ထဲသို့ ထိုးစိုက်၍ သင်္ဘောပျက်တွင် ဒုတ်ခနဲ စိုက်သွားစေသည်။
နောက်ထပ်အရိုးစုတစ်စုက ပျံသန်းလာသော်လည်း ချင်မူ့ကြောင့် ထိုးနှက်ခံလိုက်ရ၏။ ၎င်းမှာ သင်္ဘောပျက်၏ သစ်သားအပိုင်းအစများမှ တွဲလောင်းကျသွားသည်။ ရုန်းကန်နေသော်လည်း အချိန်တစ်ခုကြာသည်အထိ ပြန်ဆင်းမလာနိုင်ပေ။
ထူးဆန်းသော ဦးခေါင်းကြီးက လှိမ့်လျက် သင်္ဘောပျက်မှ ခုန်ထွက်လာသော်လည်း ချင်မူက တံခါးရွက်ဖြင့် ချက်ချင်းရိုက်ချလိုက်၏။ ထူးဆန်းသော ဦးခေါင်းကြီးမှာ သင်္ဘော၏ဖိအားကြောင့် သင်္ဘောအောက်တွင် အနည်းငယ်လိမ့်ထွက်သွားသည်။ ၎င်း ဟန်ချက်ထိန်းနိုင်လိုက်သည့်အချိန်တွင် သင်္ဘောပျက်နှင့် ချင်မူမှာ အဝေးသို့ ပျံသန်းရောက်ရှိသွားချေပြီ။
သင်္ဘောပျက်ပေါ်တွင် အရိုးစုများက သူတို့၏ အဖော်များကို ကယ်တင်ကာ ချင်မူ့အား ဆက်လက်ခုန်အုပ်နေကြသည်။ ချင်မူ့တွင် မှော်စွမ်းအင် မရှိသောကြောင့် ရုပ်ခန္ဓာ၏ ခွန်အားကိုသာ အားကိုး၍ ခုခံနေရသည်။ အခြေအနေက အတော်လေး အန္တရာယ်များလှသည်။
အရိုးစုများမှာ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲတွင်ပင်လျှင် မပျက်စီးခဲ့ချေရာ ၎င်းတို့၏မာကြောမှုက အံ့သြစရာကောင်း၏။ သူ သတိမထားဘဲ ၎င်းတို့အနား ရောက်သွားပါက တစ်စစီ ဆွဲဖြဲခံရပေလိမ့်မည်။
ဝုန်း…
ထိုစဉ် ချင်မူမှာ မည်သည့်အရာကို ဝင်တိုက်မှန်းမသိ ဝင်တိုက်မိသွားသဖြင့် တံခါးရွက် ရပ်တန့်သွားသည်။ သူ၏ခန္ဓာကိုယ်က မတည်မငြိမ်ဖြစ်လာသောကြောင့် သူ့မှာ အံ့အားသင့်သွားသည်။ သူက ချက်ချင်းပင် ကပ်ဘေးဓားကို သူ၏ပတ်ပတ်လည်တွင် ပျံသန်းနေစေ၍ အရိုးစုများ၏ တိုက်ကွက်များကို ခုခံကာကွယ်နေ၏။ သို့သော် သင်္ဘောပျက်ပေါ်ရှိ အရိုးစုတစ်ခုက ပျက်စီးကျိုးပဲ့နေသော ရွက်တိုင်ကို ပြန်လှည့်ကာ သင်္ဘောအား တံခါးရွက်ဆီမှ ထွက်ခွာသွားစေသည်။
သင်္ဘောပျက်ပေါ်တွင် အရိုးစုများမှာ အလွန်တရာ ကြောက်ရွံ့နေကြပုံပင်။ သူတို့က သင်္ဘောအခန်းထဲသို့ ပြန်လည်ဝင်ရောက်၍ တံခါးကို ဂျိန်းခနဲ မြည်အောင် ပိတ်လိုက်ကြသည်။ သင်္ဘောနံရံတွင် ကပ်နေသော အရိုးစုက နံရံကို ခေါက်၍ အခန်းထဲ ဝင်နိုင်အောင် သူ၏ အဖော်များအား တောင်းပန်နေသည့်အလားပင်။
နံရံ၌ ကပ်နေသည့် အရိုးစုသာ ကျန်ရစ်ခဲ့ခြင်း မဟုတ်ချေ။ ရွက်တိုင်ပေါ်ရှိ အရိုးစုလည်း ကျန်ရစ်ခဲ့၏။ ၎င်းအရိုးစုသည် ရွက်တိုင်ပေါ်မှ ဆင်းလာပြီး အခန်းတံခါး ပိတ်သွားသည်ကို မြင်လျှင် အော်ဟစ်၍ တံခါးအား ထုရိုက်နေတော့သည်။
ချင်မူက ခါးထောက်၍ ရယ်မောနေ၏။ “အခုတော့ မင်းတို့ ကြောက်သွားကြပြီမလား”
သူ ပြန်လှည့်ကြည့်လိုက်သည့်အခါ သူ၏မျက်နှာပေါ်ရှိ အပြုံးမှာ တောင့်တောင့်ကြီး ရပ်တန့်သွားတော့သည်။
တံခါးသည် အပျက်အစီးတစ်ခုသို့ ဝင်တိုက်လိုက်ခြင်း ဖြစ်၏။ နေရာတိုင်းတွင် ပျက်စီးနေသော နံရံများ ပြည့်နှက်နေသည်။ ၎င်းတို့က အလွန်တရာ ယိုယွင်းပျက်စီးနေပြီး သင်္ဘောပေါ်ရှိ အရိုးစုများမှာ သူ့ကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ အပျက်အစီးကို ကြောက်ရွံ့နေကြခြင်း ဖြစ်ကြောင်း သိသာသည်။
အပျက်အစီးများမှာ ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်၏ အပျက်အစီးများနှင့် ဆင်တူ၏။ ချင်မူ လှမ်းကြည့်လိုက်ရာ ပထဝီအနေအထားသည် ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်နှင့် ကွဲပြားသည်ကို သတိထားမိ၏။ ဆင်တူမှုများရှိသော်လည်း အခြေခံအရ ကွာခြားလေသည်။
ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်၏ အခရာသည် မီလော့နန်းတော်နှင့် ခန်းမခုနစ်ခု ဖြစ်၏။ မီလော့နန်းတော်၏ အလယ်ဗဟိုတွင် မီလော့နန်းတော်အရှင်သခင်၏ တာအိုသစ်ပင် ရှိ၏။ ၎င်းအပေါ်တွင် တာအိုသစ်သီးခုနစ်လုံး သီးနေပြီး ခန်းမခုနစ်ခုက ၎င်းကို ခုခံကာကွယ်ပေးထားသည်။ အပြင်ဘက်တွင်တော့ တာအိုသစ်ပင်တောအုပ်များနှင့် မီလော့နန်းတော် ကာကွယ်ပေးထားသော တာအိုသိုင်းပညာရှင်တို့၏ နေအိမ်များ ရှိကြ၏။
ဤနေရာရှိ နေရာချထားပုံမှာ ကွာခြားသည်။ ၎င်း၏ ပလ္လင်ခန်းမများသည် ဖျက်ဆီးခံထားရသော်လည်း အပျက်အစီးများကို ကြည့်ခြင်းဖြင့် ဤနေရာသည် တစ်ချိန်က ကြွယ်ဝချမ်းသာခဲ့ကြောင်း သိရှိနိုင်၏။
‘ဒီနေရာက တာအိုသိုင်းပညာရှင်အရေအတွက်က မီလော့နန်းတော်လောက် မများပေမယ့် မီလော့နန်းတော်ကို ယှဉ်နိုင်တဲ့ အင်အားစုတစ်စုအဖြစ် သတ်မှတ်လို့ ရနိုင်တယ်… တာအိုသိုင်းပညာရှင်အလောင်းတွေက ဘာလို့ ဒီအပျက်အစီးတွေကို ကြောက်နေရတာလဲ...”
ချင်မူက စိတ်ထိန်းလိုက်သည်။ အန္တိမဟင်းလင်းပြင်၏ စွန့်ပစ်မြေထဲတွင် ကွယ်ဝှက်နေသော လျှို့ဝှက်ချက်များက သူ ထင်ထားသည်ထက် များပြားနေ၏။ သို့သော် သူ ဤနေရာသို့ လာရသည့် ရည်ရွယ်ချက်မှာ သခင်လေးတစ် မီလော့နန်းတော်၏ ရန်သူတော်ကို ချိပ်ပိတ်ထားခဲ့သည့် မုခ်၀ကို ရှာဖွေရန် ဖြစ်သည်။ ဤနေရာသို့ အလောတကြီး ဝင်ရောက်၍ အချိန်ကြာကြာ ရှာဖွေစူးစမ်းနေပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်ပွဲအတွက် များစွာ အရေးနိမ့်စေလိမ့်မည်။
သူ ထွက်ခွာတော့မည့်အချိန်တွင် ဖရိုဖရဲချီမျှင်တစ်မျှင်က အပျက်အစီးများထဲမှ ထွက်ပေါ်လာ၏။ ၎င်းက ကြီးမားကျယ်ပြန့်ပြီး အပျက်အစီးများကို လွှမ်းခြုံထားသည်။
ချင်မူ့နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။ သူသည် ကျင့်ကြံရန် ဖရိုဖရဲချီ လိုအပ်နေပြီး အပျက်အစီးများထဲတွင် ဖရိုဖရချီများစွာ ရှိနေသည်။ သူ့အတွက်တော့ ရတနာသိုက်ကြီးအလားပင်။
“ငါ ဖရိုဖရဲချီနည်းနည်းလောက်ပဲ သွားယူမှာပါ… အချိန် သိပ်မကြာလောက်ပါဘူး”
ချင်မူက တံခါးရွက်ကို မြှောက်၍ အပျက်အစီးထဲသို့ ဝင်ရောက်သွားတော့သည်။ ပါးစပ်မှလည်း ခပ်တိုးတိုး ရေရွတ်နေသည်။ “အခြေအနေ မကောင်းရင် ချက်ချင်း ပြန်ဆုတ်မယ်..”
လေအေး တိုက်ခတ်လာပြီး ဖရိုဖရဲချီက သူ့ဘေးမှ ကျဲပါးဆုတ်ခွာသွားသည်။
ဖရိုဖရဲချီသည် အသိစိတ် ရှိနေသည်အလားပင်။ သူ သွားရောက်သည့် နေရာတိုင်းတွင် သူ၏ပတ်ပတ်လည်၌ ဖရိုဖရဲချီမျှင်တစ်မျှင်မှ ရှိမနေပေ။
ချင်မူက ဖရိုဖရဲချီမျှင်အငွေ့အသက်တစ်ခုကို ဖမ်းယူရန် ကြိုးစားလိုက်သော်လည်း မလုပ်နိုင်ပေ။
သူက လှည့်၍ ထွက်ခွာရန် ပြင်လိုက်သော်လည်း မည်သည့်နေရာသို့ ရောက်နေမှန်း မသိတော့ပေ။ သူ ဝင်လာခဲ့သည်လမ်းမှာ လုံးလုံးလျားလျား ပျောက်ကွယ်နေ၏။
ချင်မူလည်း ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာသည်။ သူ၏အမြင်အာရုံသည် ဖရိုဖရဲများကို ထွင်းဖောက်မြင်နိုင်သဖြင့် အပြင်သို့ လျှောက်ထွက်လာ၏။ ထိုအခိုက်အတန့်တွင် ဖရိုဖရဲကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော ယဇ်ပလ္လင်တစ်ခုကို တွေ့လိုက်ရသည်။
ချင်မူက ယဇ်ပလ္လင်ပေါ်သို့ တက်ကြည့်လိုက်ရာ ၎င်းအပေါ်တွင် ကျောက်ပြားတစ်ချပ်သာ ရှိကြောင်း တွေ့လိုက်ရသည်။ ၎င်းက မရှည်လျားဘဲ ၎င်း၏ဘေးတွင် ခြေရာတစ်ခု ရှိနေသည်။
သူ ကျောက်ပြားအရှေ့သို့ ရောက်လာ၏။ ကျောက်ပြားပေါ်ရှိ စာလုံးများကို ဖတ်မရနိုင်သော်လည်း သင်္ကေတများတည်ဆောက်ပုံအရ အဓိပ္ပာယ်ကို မှန်းဆနိုင်သည်။
“တျန်းတု၊ ဒီနေရာမှာ ၇ စင်းမြောက် စကြ၀ဠာကို ဖွင့်လှစ်တယ်…. ၇ ခုမြောက် စကြ၀ဠာကို ဖွင့်ထားတဲ့လား… ဒါက…”
ချင်မူ မှင်သက်သွားသည်။ “၇ စင်းမြောက် စကြ၀ဠာကို လူသားတွေ ဖွင့်ခဲ့တာလား…”
သူက ရှေ့သို့ ခြေတစ်လှမ်း တက်လိုက်ပြီး သူ၏ခြေထောက်နှစ်ဖက်က ခြေရာပေါ်သို့ တစ်ဖက်ချင်းစီ နင်းလိုက်၏။
ဝုန်း…
သူ၏စိတ်ထဲတွင် ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းကွဲသွားစေနိုင်သော ပေါက်ကွဲသံကြီးတစ်ချက် ချက်ချင်း ထွက်ပေါ်လာတော့သည်။