လင်းကွမ်ခန်းမသခင်
Vol. 128 Ch. 1661
ကောင်းကင်ပင်လယ် ကောင်းကင်ဘုံမှာ စွမ်းအင်အဖြစ် အဆက်မပြတ် ပြောင်းလဲခံနေရပြီး ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးကြီးဆီသို့ ယဇ်ပူဇော်ခံနေရသည်။ ပိုပို ၍များပြားသော လူရိပ်များက တာအိုသံကြိုးပိုက်ကွန်ထဲမှ ထွက်လာကြပြီး ကြည်လင်ပြတ်သားလာကြချေပြီ။
လင်းကွမ်ခန်းမအရှင်သခင်တွင် ထူးခြားသော ပုံပန်းသွင်ပြင် ရှိသည်။ သူ့တွင် အနီရောင်မျက်နှာနှင့် အစွယ်များကို ပိုင်ဆိုင်ထား၏။ သူ့နားထင်ရှိ ဆံပင်တို့က တောင်ပံငယ်လေးများအလား အပေါ်သို့ ထောင်တက်နေကြသည်။ သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိပြီး ၎င်းမျက်လုံးက မီးတောက်များဖြင့် တဟုန်းဟုန်း တောက်လောင်နေသည်။
သူ၏ ချက်တွင် နဂါးဦးခေါင်းတစ်လုံး ရှိသည်။ ဦးခေါင်းသာ ပေါ်ထွက်နေခြင်း ဖြစ်သည်။ ၎င်းသည် ခက်ထန်ကြမ်းကြုတ်သော ဟန်ပန် ရှိပြီး အမှန်တကယ် သက်ရှိသတ္တဝါတစ်ကောင် ဖြစ်ချေ၏။
သူ၏အနောက်တွင် မိုးပြာရောင်နဂါးတစ်ကောင် ရှိပြီး ၎င်းက ဖဲကြိုးတစ်ခုကဲ့သို့ သူ၏ခန္ဓာကိုယ်အား ရစ်ပတ်နေ၏။
အတိတ်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်၏ ရုပ်ရည်သွင်ပြင်မှာ ခက်ထန်ကြမ်းကြုတ်လေသည်။ သူသည် လက်ရှိကမ္ဘာလောက၏ ကမ္ဘာခေတ်နှောင်းသတ္တဝါများဖြစ်သော နတ်မိစ္ဆာများ သို့မဟုတ် လူသားများဖြင့် ဆင်တူသော ရုပ်ရည်သွင်ပြင်မရှိချေ။
ကောင်းကင်နတ်အရှင်ရှုက သူမ၏ နှလုံးသားထဲရှိ ထိတ်လန့်မှုကို မြိုသိပ်ထားသည်။ သို့သော် သူမမှာ မထိန်းနိုင်ဘဲ လင်းကွမ်ခန်းမအရှင်သခင်၏ ချက်သို့ ကြည့်နေမိသည်။ နဂါးဦးခေါင်းက မျက်လုံးများပွင့်လာပြီး သူမကို ကြည့်လာသည်။
ကောင်းကင်နတ်အရှင်ရှုမှာ ဒိန်းခနဲ ရင်ခုန်သွားပြီး အကြည့်လွှဲလိုက်ရသည်။
“မကြောက်ပါနဲ့”
လင်းကွမ်ခန်းမအရှင်သခင်က ပြောသည်။ သူ၏ စကားသံများက အလွန်တရှာ ရှေးကျကျယ်ပြန့်စွာဖြင့် ထွက်ပေါ်လာ၏။ “ဒီနဂါးဦးခေါင်းက ငါ့ရဲ့ ချက်ပါ…. ငါက ဆယ့်သုံးစင်းမြောက် စကြ၀ဠာမှာ မွေးဖွားလာခဲ့တာ… တာအိုရခဲ့တာလည်း အတော်ကြာခဲ့ပြီ…. အကြာကြီးနေထိုင်ခဲ့တဲ့အတွက် ငါ့ခန္ဓာကိုယ်က အသိစိတ် ၀င်လာခဲ့တာပဲ… ငါ့အူတွေက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့တယ်”
ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟောင်တို့မှာ အံ့ဩမှင်သက်သွားကြသည်။ ဤကမ္ဘာလောကနှင့် ထိုသို့ကျင့်ကြံခြင်းလမ်းစဉ်မျိုး ရှိသည်လော။
အူများ ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသည်အထိ ဤလင်းကွမ်ခန်းမအရှင်သခင်သည် မည်မျှကြာအောင် နေထိုင်ခဲ့ပါသနည်း။
သို့သော် သူ၏စကားအရ သူ့ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းနတ်ဘုရားအမျိုးအစားတစ်ခုထက် ပို၍ ရှိနေလိမ့်မည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးမှာ သူ့ခန္ဓာကိုယ်ထဲ ခွဲထုတ်၍ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်၏။
ဤသည်က သူ၏ခန္ဓာကိုယ်၏ မွှေးညှင်းပေါက်တိုင်းတွင် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အမှတ်အသားရှိသော မဟာဧကရာဇ်ထက် များစွာ စွမ်းအားကြီးလေသည်။
ကောင်းကင်နတ်ဘုံတွင်လည်း လင်းကွမ်ခန်းမအရှင်သခင်များ ရှိ၏။ အဆိုပါ လင်းကွမ်ခန်းမအရှင်သခင်များက ကောင်းကင်နတ်ဘုံကို စောင့်ကြပ်ကာကွယ်ရာတွင် တာ၀န်ရှိလေသည်။
ကောင်းကင်နတ်ဘုံတွင် လင်းကွမ်အရှင်သခင် ၅၀၀ ကျော် ရှိ၏။ ထိုသူများသည် ကောင်းကင်နတ်ဘုံရှိ ထိပ်တန်းပုဂ္ဂိုလ်များအကြားမှ ထိပ်ဆုံးကျသော ပုဂ္ဂိုလ်များအနက် ပါဝင်ပြီး သူတို့၏ အတိုက်အခိုက်စွမ်းရည်များမှာလည်း အလွန်တရာ မြင့်မားကြသည်။
ဤလင်းကွမ်အရှင်သခင်သည် မီလော့နန်းတော်၏ အစောင့်အကြပ်နတ်ဘုရား ဖြစ်ပုံပေါ်ပြီး သူ၏ခွန်အားသည် တာအိုသိုင်းပညာရှင်များအကြား၌ ထိပ်ဆုံးတွင် ပါ၀င်ကောင်း ပါ၀င်နိုင်သည်။
ကောင်းကင်ပင်လယ် ကောင်းကင်နတ်ဘုံမှာ ယဇ်ပစ္စည်းအဖြစ် လုံး၀ပျော်၀င်သွားသည့်အခါတွင် လင်းကွမ်ခန်းမအရှင်သခင်၏ ခန္ဓာကိုယ်ကား နောက်ဆုံးတွင် ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲမှ လွတ်မြောက်လာပြီး ယိုတုသို့ ဆင်းသက်လာတော့သည်။
လင်းကွမ်ခန်းမအရှင်သခင်က အကြောဆန့်လိုက်ရာ ကောင်းကင်နတ်အရှင်ရှုမှာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိသည်။ လင်းကွမ်အရှင်သခင်ထံမှ စိမ့်ထွက်လာသည့် စွမ်းအားမှာ သူမအတွက် သည်းမခံနိုင်အောင် ပြင်းထန်လွန်းနေသောကြောင့် ထိုအရှိန်အဝါ၏ သက်ရောက်မှုဖြင့် ထိရောက်မခံရရန် သူမမှာ နောက်ဆုတ်လိုက်ရခြင်းပင်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်ကတော့ တုတ်တုတ်မလှုပ်ဘဲ ရပ်နေသည်။ လင်းကွမ်ခန်းမအရှင်သခင်ထံမှ ဖိအားက အလွန်ပြင်းထန်သော်လည်း သူ့ကို နောက်ဆုတ်စေရန် မလုံလောက်ပေ။
ဟူးး
လင်းကွမ်ခန်းမအရှင်သခင်က ခါးကိုင်းလိုက်ရာ သူ၏ ဧရာမမျက်နှာကြီးက ကောင်းကင်နတ်ဧကရာဇ်ဟောင်အရှေ့သို့ ရောက်လာသည်။ သူ၏ မျက်လုံးကြီးက အပေါ်အောက် လှုပ်ရှားသွားသလို သူ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကလည်း အပေါ်အောက် လှုပ်ရှား၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အကဲခတ်နေ၏။
“မင်းက ဒီစကြ၀ဠာရဲ့ ကောင်းကင်နတ်ဧကရာဇ်လား”
သူက ခါးပြန်မတ်လိုက်ပြီး သူ၏အသံက ကျယ်လောင်လှသော ခေါင်းလောင်းသံကြီးကဲ့သို့ ယိုတုတွင် ပဲ့တင်ထပ်သွားသည်။ “သခင်လေးသုံးနဲ့ သခင်လေးလေးက မင်းကို အမြဲ ထောက်ပံ့ပေးခဲ့တယ်… မင်း သူတို့ရှေ့မှာ လှည့်ကွက်တွေ ထုတ်သုံးပြီး သူတို့ရဲ့ စွမ်းအားတွေ ငှားယူပြီး အလုပ်မဖြစ်ခဲ့တာတောင် မင်းကို ဆက်ပြီး ထောက်ပံ့ပေးခဲ့သေးတယ်… ဘာကြောင့်လို့ ထင်လဲ…’
သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အဖြေကို စောင့်မနေဘဲ ဆက်ပြောသည််။ “ဘာလို့လဲဆိုတော့ မင်း သခင်လေးခုနစ်ကို အနိုင်မယူနိုင်ဘူးဆိုတာ သခင်လေးနှစ်ယောက် သိထားလို့ပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူ၏ တည်ငြိမ်နေသော နှလုံးသားမှာ ရုတ်တရက် လှုပ်ခါလာသည်။
လင်းကွမ်ခန်းမအရှင်သခင်သည် သူ၏ တာအိုနှလုံးသား ပြောင်းလဲလာမှုကို ခန့်မှန်းသွားမိသည့်အတွက် ဆက်ပြော၏။ “မင်း သခင်လေးခုနစ်ကို အနိုင်မယူနိုင်ရင် သခင်လေးနှစ်ယောက်ဆီ ပြန်ပြီး ခယတောင်းပန်လိမ့်မယ်… နောက်ဆုံးမှာ သခင်လေးနှစ်ယောက်ဆီမှာ ရိုရိုကျိုးကျိုး သစ္စာခံရမှာပဲ…. ဒါကြောင့် သခင်လေးနှစ်ယောက်က မင်းရဲ့ လှည့်ကွက်လေးတွေကို လွှတ်ပေးထားတာ…”
“မင်းရဲ့ ကလေးဆန်ဆန် လှည့်ကွက်လေးတွေက သခင်လေးနှစ်ယောက်အတွက် ဘာမှ အရေးမပါဘူး… သခင်လေးခုနစ်ရဲ့ လှည့်ကွက်တွေက မင်း ရင်ဆိုင်နိုင်တဲ့အရာမျိုး မဟုတ်ဘူး”
သူ့ဦးခေါင်းအနောက်ရှိ မိုးပြာရောင်နဂါးက ခါးစည်းကြိုးတစ်ကြိုးကဲ့သို့ တည်တံ့စွာ မြောလွင့်နေသည်။ မိုးပြာရောင်နဂါးက လက်သည်းစွယ်များ ဆန့်လျက် သူ့ပုခုံးပေါ်တွင် မှီကာ ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်အား တစိုက်မတ်မတ် အကဲခတ်နေ၏။ လင်းကွမ်ခန်းမအရှင်သခင်က ဆက်ပြောသည်။ “သခင်လေးခုနစ်က စကြ၀ဠာကို ဖြတ်သန်းသွားလာခဲ့ဖူးတယ်… မရေမတွက်နိုင်တဲ့သူတွေက သူ့ကြောင့် ဒုက္ခခံစားခဲ့ရတယ်…. သူတို့တွေ ပြောပြမတတ်အောင် ခါးသီးနေပေမယ့် သူ့ကို တိုက်ခိုက်အနိုင်မယူနိုင်ကြဘူး…. သူနဲ့ ရင်ဆိုင်ဖို့က သိပ်ကို ခက်ခဲလွန်းတယ်…. သခင်လေးနှစ်ယောက်က အဲဒီအချက်ကို ကောင်းကောင်းသိတဲ့အတွက် မင်းဟာ သူတို့လက်ခုပ်ထဲက ရေဖြစ်သွားပြီ… ကောင်းကင်နတ်ဧကရာဇ်ဟောင် မင်း နားလည်လား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခံစားချက်များကို ထိန်းလိုက်ရင်း ဦးညွှတ်အရိုအသေပေးကာ ဖြေကြားသည်။ “ကျုပ်… ကျုပ် နားလည်ပါတယ်”
လင်းကွမ်ခန်းမအရှင်သခင်က တစ်ချက်ပြုံး၍ အသက်တစ်ရှိုက်ကို အားရပါးရ ရှူသွင်းလိုက်သည်။ ရုတ်တရက် သူ့အနောက်ရှိ နေရာဟင်းလင်းပြင်က ပြန်းထန်စွာ တုန်ခါလာပြီး တာအိုသစ်ပင်တစ်ပင် ရုတ်တရက် ထွက်ပေါ်လာ၏။ တာအိုသစ်သီးသုံးလုံးနှင့် တာအိုပန်းပွင့်တစ်ပွင့်က ထိုသစ်ပင်တွင် တွဲခိုနေသည်။ ၎င်းက အသက်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေပြီး စွမ်းအားကြီးသော တာအိုအရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထား၏။ သို့သော် လက်ရှိစကြ၀ဠာဆီသို့ အတိတ်စကြ၀ဠာမှ မ၀င်ရောက်လာနိုင်ဘဲ ဖြစ်နေသည်။
လင်းကွမ်ခန်းမအရှင်သခင်က ၎င်းကို ခေါ်ယူနိုင်ရန် ကြိုးစားနေပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ သူက တာအိုသစ်ပင်ကို အတင်းအကြပ် ခေါ်ယူရန် မကြိုးစားတော့ဘဲ ပြော၏။ “ကောင်းကင်ဘုံတစ်ဘုံကို ယဇ်ပူဇော်တာက ငါ့ရုပ်ခန္ဓာကိုပဲ ဆင်းသက်စေနိုင်တယ်… ငါ့တာအိုသစ်ပင်နဲ့ တာအိုသစ်သီးကိုတော့ ရောက်မလာစေနိုင်ဘူး… ငါ့ရဲ့ အထွတ်အထိပ်အခြေအနေကို ရောက်နိုင်ဖို့ အနည်းဆုံး ကောင်းကင်ဘုံသုံးဘုံ လိုအပ်တယ်…”
သူ၏အကြည့်က ကောင်းကင်နတ်ဧကရာဇ်ဟောင်ထံသို့ ကျရောက်လာသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်အရှင်ရှုကို ပြန်ကြည့်၍ မိန့်သည်။ “လင်းကွမ်ခန်းမအရှင်သခင်ရဲ့ မှော်စွမ်းအင်က အဆုံးအသတ် မရှိဘူး… သူက ကောင်းကင်နတ်ဘုံရဲ့ နံပါတ်တစ် အတိုက်အခိုက်စွမ်းရည်ပဲ… ၀န်မင်းရှု၊ ယွီကျစ်၊ ရှစ်ရှို့၊ လင်ရှုနဲ့ လင်းယွမ်ကောင်းကင်ဘုံတွေကို ယဇ်ပူဇော်ပြီး လင်းကွမ်ခန်မအရှင်သခင်ရဲ့ တာအိုသစ်ပင် ရောက်လာနိုင်အောင် လုပ်ပေးလိုက်… ဒါက အရေးကြီးတယ်… ချက်ချင်း လုပ်ပါ”
ကောင်းကင်နတ်အရှင်ရှုသည် အနည်းငယ် စိတ်မပါသော်လည်း ချက်ချင်း စတင်ဆောင်ရွက်၏။
ယွီကျစ်၊ ရှစ်ရှို့၊ လင်ရှုနှင့် လင်းယွမ်ကောင်းကင်ဘုံတို့ရှိ သက်ရှိသတ္တဝါအားလုံး ကောင်းကင်နတ်အရှင်ရှု၏ လက်ထဲတွင် သေဆုံးသွားခဲ့ကြ၏။ ကောင်းကင်ဘုံလေးဘုံမှာလည်း သူမကြောင့် ယိုတုသို့ ရောက်ရှိနေကြပြီး ဖြစ်သည်။ ၎င်းတို့အပေါ်တွင် နတ်ဘုရားမိစ္ဆာများစွာ ရှိနေကြပြီး သူမ၏ပိုင်နက် ဖြစ်နေချေပြီ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် သူမ၏ပိုင်နက်ကို ယဇ်ပူဇော်ရန် ခိုင်းနေခြင်းဖြစ်သဖြင့် သူမမှာ သိပ်မကျေနပ်ပေ။
“ခန်းမအရှင်သခင်တစ်ယောက် အပြည့်အ၀ ဆင်းသက်လာဖို့တောင် ကောင်းကင်ဘုံငါးဘုံ လိုအပ်တယ်…. ခန်းမ ၇၂ ခုလုံးက ခန်းမအရှင်သခင် ဆင်းသက်လာဖို့ဆို ကောင်းကင်ဘုံ ၃၆၀ ကို ယဇ်ပူဇော်ရမယ်ထင်တယ်”
ကောင်းကင်နတ်အရှင်ရှုမှာ စိတ်ထဲမှ အံ့အားသင့်နေမိသည်။ မီလော့နန်းတော်မှ သခင်လေးတစ်ပါး ဆင်းသက်လာရန် မည်မျှလိုအပ်လိမ့်မည်နည်း။
ဘိုးဘေးနန်းတော်မှ ကျောက်စိမ်းမြို့တော်မှ တာအိုသိုင်းပညာရှင်များ ဆင်းသက်လာလျှင်ရော။
ကောင်းကင်ဘုံများမှ အနန္တကမ္ဘာလောကများအားလုံးကို ယဇ်ပူဇော်ရမည်လား။
ကောင်းကင်နတ်ဧကရာဇ်ဟောင်က လင်းကွမ်ခန်းမအရှင်သခင်၏ ပလ္လင်ခန်းမအား ထုတ်ကာ လင်းကွမ်ခန်းမအရှင်သခင်အား ဆက်သသည်။ သူက ပြုံးလျက် လျှောက်တင်သည်။ “ဒါက အရှင့်ရဲ့ခန်းမပါ… ကျုပ် အချိန်တစ်ခုအထိ ငှားယူထားခဲ့ပြီး အတော်လေး အကျိုးအမြတ် ရခဲ့ပါတယ်… အရှင်ပြန်ရောက်လာပြီဆိုတော့ မူလပိုင်ရှင်ကို ပြန်ပေးရတော့မှာပေါ့ဗျာ”
လင်းကွမ်ခန်းမအရှင်သခင်က ခန်းမကို သိမ်းဆည်း၍ ချီးကျူးလိုက်သည်။ “မင်းတို့နှစ်ယောက်က စဉ်းစားတွေးခေါ်တတ်သားပဲ…. မင်းနဲ့ ပြောဆိုဆက်ဆံဖို့ ခက်ခဲမယ်ထင်ခဲ့တာ…. ဒါပေမဲ့ ငါ အထင်မှားခဲ့တဲ့ပုံပဲ…. ကောင်းကင်နတ်ဧကရာဇ်၊ ခန်းမအရှင်သခင် ၇၂ ယောက်လုံး ဒီတစ်ကြိမ်လာဖို့ ဆန္ဒမရှိဘူး…. ဘာလို့လဲ သိလား… သခင်လေးခုနစ်ကို ရန်မစချင်လို့လေ.. သခင်လေးခုနစ်ကို ရန်စတာက ပျားအုံကို တုတ်နဲ့ ထိုးလိုက်သလိုပဲ… တစ်သက်လုံး ကံဆိုးမိုးမှောင်ကျလိမ့်မယ်…. သူ အတိတ်ကို ပြန်ရောက်လာတဲ့အချိန်ကျ ဆင်းသက်လာတဲ့သူတွေကို သေချာပေါက် နှိပ်စက်လိမ့်မယ်… ငါက ရိုးသားတဲ့အတွက် မင်းဆီ လာဖို့ ရွေးချယ်ခဲ့တာ… ဒါပေမဲ့ သခင်လေးခုနစ်ကို တိုက်ရိုက်တိုက်ခိုက်မှာ မဟုတ်ဘူး… အကြောင်းပြချက်ကို မင်း သိမှာပါ”
ကောင်းကင်နတ်ဧကရာဇ်ဟောင် ဒေါသထွက်သွားသည်။ “ကောင်းကင်နတ်အရှင်မူကို တိုက်ရိုက်တိုက်ခိုက်မှာ မဟုတ်ဘူးတဲ့လား…. ကျုပ်က ကျုပ်လုပ်ချင်တာ လုပ်ရဖို့ အင်အားကြီးတဲ့ ခန်းမအရှင်သခင်တစ်ယောက်ကို ဆင့်ခေါ်ထားတာလေ”
သူသည် မကျေမနပ်ဖြစ်နေသော်လည်း ရိုကျိုးစွာ ပြောသည်။ “ခန်းမအရှင်သခင်က သခင်လေးခုနစ် အတိတ်ကို ပြန်သွားရင် ခန်းမအရှင်သခင်ကို ဒုက္ခပေးမှာ စိုးရိမ်နေတာပေါ့… ပြောရရင် ခန်းမအရှင်သခင်နဲ့ သခင်လေးခုနစ်က မီလော့နန်းတော်မှာ စကြ၀ဠာနှစ်တွေအများကြီး နေထိုင်ခဲ့ကြတာမလား…”
လင်းကွမ်ခန်းမအရှင်သခင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “မင်းက တကယ်ကို ထူးခြားတဲ့ပုဂ္ဂိုလ်ပဲ… ငါ မင်းကို သဘောကျလုနီးပါးဖြစ်လာပြီ… သခင်လေးခုနစ်က စည်းကမ်းမလိုက်နာတဲ့အပြင် ရက်စက်တယ်… အကြီးဆုံးသခင်လေးက လွဲလို့ မီလော့နန်းတော်မှာ သူ့ကြောင့် ဒုက္ခမရောက်ဖူးတဲ့သူဆိုတာ မရှိဘူး… သူက သခင်လေးခုနစ်မလို့ မီလော့နန်းတော်အရှင်သခင်က သူ့ကို အလိုလိုက်ထားပြီး လွှတ်ထားတာ… သူက နန်းတော်အရှင်သခင် အလိုလိုက်ထားတာကို အားကိုးပြီး မကောင်းတာတွေ လုပ်နေတာ… သူ့ကို မကြောက်ကြဘဲ နေမလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ၎င်းကိုကြားလျှင် စိတ်သက်သာရာရသွားသည်။ “လင်းကွမ်ခန်းမအရှင်သခင်က တည့်တိုးပုဂ္ဂိုလ် တစ်ယောက်ပေမယ့် ကောင်းကင်နတ်အရှင်မူအပေါ် သူ့ရဲ့ အကဲဖြတ်မှုက တိကျတယ်… အနည်းဆုံးတော့ ငါတို့နှစ်ယောက်ကြားမှာ ဘုံသဘောတူညီတဲ့အရာတစ်ခု ရှိသေးတယ်… အနာဂတ်မှာ သူနဲ့ ဆက်ဆံရေးကောင်းဖို့ ခက်ခဲမှာ မဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်ဘုံလေးခုကို သယ်ယူလာပြီး စတင်ယဇ်ပူဇော်သည်။ သို့သော် ထိုကောင်းကင်ဘုံလေးခုကို ယဇ်ပူဇော်ရန် နှစ်အနည်းငယ် ကြာပေလိမ့်မည်။ လင်းကွမ်ခန်းမအရှင်သခင်၏ တာအိုသစ်ပင်အနေဖြင့် အချိန်တိုအတွင်း ဆင်းသက်လာနိုင်လိမ့်မည်မဟုတ်ပေ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် နှုတ်ဆက်စကားဆိုလိုက်၏။ “မစိုးရိမ်ပါနဲ့ တာအိုနောင်တော်… ကောင်းကင်ဘုံလေးခုက မလုံလောက်ရင် ကျွန်တော် ကောင်းကင်နတ်အရှင်ရှုကို နောက်ထပ် ယဇ်ပူဇော်ခိုင်းပါ့မယ်” ထိုသို့ပြောပြီးနောက် သူက ယိုတုမှ ထွက်ခွာသွားတော့သည်။
“တာအိုအစ်ကိုတော်လင်းကွမ်၊ အရင်ဘဝတုန်းက ဘာလို့ တာအိုပန်းပွင့်တွေကိုပဲ ကျင့်ကြံခဲ့ပြီး တာအိုသစ်သီး မကျင့်ကြံရတာလဲ” ကောင်းကင်နတ်အရှင်ရှုက မေးသည်။
လင်းကွမ်ခန်းမအရှင်သခင်က သူမကို တစ်ချက်လှမ်းကြည့်၏။ အချိန်တစ်ခဏကြာပြီးနောက် သူက ဖြေသည်။ “အချိန်က တိုတောင်းပြီး ဝိညာဉ်စွမ်းအင်က မလုံလောက်ဘူး”
ကောင်းကင်နတ်အရှင်ရှုမှာ သူ ပြောသည့်အရာကို နားမလည်ပေ။
လင်းကွမ်ခန်းမအရှင်သခင်က ရှင်းပြသည်။ “ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာမှာ ခိုးဝင်လာတဲ့သူတွေအများကြီး ရှိတယ်လေ…. အဲဒါကြောင့် ဝိညာဉ်စွမ်းအင်ကို ဆယ့်ငါးခုမြောက် စကြ၀ဠာရဲ့ မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲဆီ လွှဲပြောင်းသွားစေတယ်… ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာက သိပ်ကို သေးငယ်တဲ့အပြင် အန္တိမဟင်းလင်းပြင်ကလည်း ချဲ့လို့မရနိုင်ဘူး… အဲဒီလိုနဲ့ အန္တိမဟင်းလင်းပြင်တစ်ခုလုံးက မဟာခြုံလွှမ်းကောင်းကင်ဘုံတွေနဲ့ ပြည့်နှက်လာတာပဲ”
ကောင်းကင်နတ်အရှင်ရှုမှာ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမအနေဖြင့် ထိုသို့အခြေအနေမျိုးကို မှန်းမဆနိုင်ပေ။
“ဆယ့်ခြောက်ခုမြောက် စကြ၀ဠာထဲမှာ ဘိုးဘေးနန်းတော်ကုန်းမြေနဲ့ တာအိုသိုင်းပညာရှင်တွေရဲ့ ကောင်းကင်ဘုံအမျိုးမျိုးပဲ ရှိတယ်…. တခြားနေရာ မရှိဘူး”
လင်းကွမ်ခန်းမအရှင်သခင်က ပြောသည်။ “ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာတစ်ခုလုံးက သနားဖို့ကောင်းလောက်အောင် သေးလွန်ပြီး ဝိညာဉ်စွမ်းအင်ကလည်း ပေါပေါများများ မရှိဘူး…. အားလုံး ပြည့်ကြပ်နေခဲ့တာ… ငါတစ်ယောက်တည်းမဟုတ်ဘူး တခြားသူတွေလည်း အဲဒီလိုနေရာမျိုးမှာ တာအိုသစ်သီး မကျင့်ကြံနိုင်ကြဘူး…. ငါ တာအိုပန်းပွင့်တစ်ပွင့် ကျင့်ကြံနိုင်ခဲ့တာတောင် အတော်လေး အံ့သြဖို့ကောင်းနေပြီ… တချို့နောင်တော်တွေဆိုရင် တာအိုပန်းပွင့်တစ်ပွင့်ကိုတောင်မှ မကျင့်ကြံနိုင်ခဲ့ဘူး…. ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာက နှစ်ပေါင်းသန်းခြောက်ရာအထိပဲ တည်ရှိနိုင်ခဲ့တာ… အဲဒီနောက်မှာတော့ ရုတ်တရက် ပြိုလဲပြီး မဟာပျက်စီးခြင်း ကပ်ဘေးကြီးထဲ ကျရောက်သွားတာပဲ”
သူက ခပ်ဟဟ ရယ်လျက် ပြောသည်။
“အဲ့ဒီနှစ်သန်းခြောက်ရာအတွင်းမှာ တာအိုရနိုင်ခဲ့တဲ့သူ တစ်ယောက်ပဲ ရှိတယ်... သူ တာအိုဘယ်လိုရခဲ့သလဲ သိလား”
ကောင်းကင်နတ်အရှင်ရှုက ခေါင်းခါရမ်းသည်။
“အဲ့ဒီပုဂ္ဂိုလ်…အဟက်… သူက တကယ်ကို ရက်စက်တဲ့သူပဲ… ပါရမီအရာမှာလည်း ပြိုင်ဘက်ကင်းတယ်… မှန်းဆဖို့ တောင်ခက်ခဲတယ်… သူက စကြ၀ဠာပျက်စီးမှာကို ကြိုသိနေခဲ့တာ… ဝိညာဉ်စွမ်းအင်အလုံလောက် မရှိရင် သူ့အနေနဲ့ တာအိုရနိုင်ဖို့ ခက်ခဲလိမ့်မယ်… ဆိုတော့ သူ သေချာပေါက် သေရမှာဆိုတော့ သတ်ဖြတ်ခြင်းတာအိုကို ရွေးချယ်ခဲ့တယ်… သူက ကျန်တဲ့တာအိုသိုင်းပညာရှင်တွေရဲ့ ကောင်းကင်ဘုံတွေအများကြီးကို ဖျက်ဆီးသတ်ဖြတ်ပြီး တာအိုသိုင်းပညာရှင်တွေကိုလည်း သတ်ဖြတ်ခဲ့တယ်… နောက်ဆုံးမှာတော့ စကြ၀ဠာ ဖျက်ဆီးခံခဲ့ရပြီး သူလည်း တာအိုရခဲ့တယ်… သူက အန္တိမဟင်းလင်းပြင်ထဲ ဝင်ရောက်ပြီး သတ်ဖြတ်ခြင်းတာအိုကို တံဆိပ်ခတ်နှိပ်လို့ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ရခဲ့တာပဲ”
သူက လေးစားအားကျစွာဖြင့် စုတ်တစ်ချက် သပ်လိုက်ပြီး ပြောသည်။ “သူ့တာအိုသစ်ပင် တာအိုသစ်သီးကို ကျင့်ကြံနိုင်ခဲ့တဲ့အချိန် အန္တိမဟင်းလင်းပြင်က သူ့ကြောင့် ချေမှုန်းခံလိုက်ရတယ်… အန္တိမဟင်းလင်းပြင်က မဟာခြံလွှမ်းကောင်းကင်ဘုံတွေ အများကြီးကို ခံနိုင်ရည်မရှိဘူး.. သူ တာအိုရတဲ့အခါမှာ အန္တိမဟင်းလင်းပြင် ပြိုလဲသွားပြီး ဆယ့်ခြောက်စင်းမြောက် စကြ၀ဠာ ပျက်စီးသွားတာပဲ…”
ကောင်းကင်နတ်အရှင်ရှုမှာ အတော်လေး အံ့အားသင့်နေမိ၏။ “ဘယ်သူမှ သူ့ကို မတားကြဘူးလား”
လင်းကွမ်ခန်းမအရှင်သခင်က ခေါင်းခါရမ်းသည်။ “အစတုန်းက သူ့ကို တားချင်တဲ့သူတွေ ရှိပေမယ့် နန်းတော်အရှင်သခင်က သူတို့ကို တားဆီးခဲ့တယ်…. ငါတို့က ဒီစကြ၀ဠာရဲ့ သက်ရှိတွေအပေါ် အကြွေးတင်နေတဲ့အတွက် ၀င်မစွက်ဖက်သင့်ဘူးလို့ နန်းတော်အရှင်သခင်က ပြောခဲ့တယ်… ဒါကြောင့် ငါတို့မတားခဲ့ဘူး”
သူက ခေါင်းခါရမ်းနေပြီး မီလော့နန်းတော်အရှင်သခင်၏ လုပ်ရပ်များကို စိတ်တိုင်းမကျသည်မှာ သိသာသည်။
ကောင်းကင်နတ်အရှင်ရှု၏ နှလုံးသားမှာ အေးခဲသွားသည်။ “ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က တာအိုသိုင်းပညာရှင်တွေအားလုံး ဆင်းသက်လာခဲ့ရင် ကျွန်မတို့စကြ၀ဠာက ဘယ်လောက်ကြာကြာခံနိုင်မှာလဲ”
“တာအို ရဖို့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့သူက ရှန့်ကျွင်းလို့ ခေါ်တယ်… နောက်ပိုင်းမှာ သူဟာ ပြည်သူပြည်သားတွေကို ဒေါသထွက်စေခဲ့ပြီး ကပ်ဘေးကြားမှာတောင် ရပ်တန့်သင့်မှန်း မသိခဲ့ဘူး…. သူက ကပ်ဘေးကနေ ဆင်းသက်နိုင်ခဲ့တဲ့ တာအိုသိုင်းပညာရှင်တွေကို လိုက်လံသတ်ဖြတ်ခဲ့တယ်… တွက်ချက်မှုမရှိဘဲ သတ်ပြီးတော့ အဆင့်တက်နိုင်ဖို့ပဲ မျှော်လင့်ခဲ့တယ်”
လင်းကွမ်ခန်းမအရှင်သခင်က မှင်သေသေ ပြောသည်။ “ပိုပြီးသတ်လေလေ ရှန့်ကျွင်းရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်လာလေလေပဲ… နောက်ပိုင်းမှာ အကြီးဆုံးသခင်လေးလည်း သည်းမခံနိုင်တော့တဲ့အတွက် သူ့ကို ကြောက်မက်ဖွယ်ရာပုဂ္ဂိုလ်တွေနဲ့အတူ ဖိနှိပ်ထားခဲ့တယ်… သူ အခု အသက်ရှင်လား သေပြီလားဆိုတာ မသိရဘူး.. ဟီးဟီး. … သေခြင်းရှင်ခြင်းကပ်ဘေးကြီးထဲမှာ သူ ဒီစကြ၀ဠာအထိ အသက်မရှင်နိုင်လောက်ဖို့က ပိုများတယ်”
သို့ထိတိုင် သူ၏မျက်နှာအမူအရာမှာ စိုးရိမ်ပူပန်နေသည့်ပုံစံ ဖြစ်နေသေးသည်။ ရှန့်ကျွင်း၏ စွမ်းဆောင်ရည်များက ထိုမျှမရိုးရှင်းသည်မှာ သိသာလှသည်။
အန္တိမဟင်းလင်းပြင် စွန့်ပစ်နယ်မြေထဲတွင် တံခါးရွက်သည် ပျက်စီးစုတ်ပြတ်နေသော နယ်မြေထဲတွင် မြောလွင့်နေ၏။ တံခါးအနောက်ရှိ ကမ္ဘာလောကမှာ အလွန်တရာကျယ်ပြန့်သော်လည်း မည်သည့် ထူးဆန်းသော “ရတနာ”ကမှ ဤနေရာသို့ မဝင်ရောက်ရဲချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုထူးဆန်းသော “ရတနာ”များက တံခါးအနောက်ရှိ ကမ္ဘာလောကကို တတ်နိုင်သမျှ ရှောင်ရှားကြသည်။
ချင်မူက နှာခေါင်းရှုံ့ကြည့်လိုက်ရာ သွေးနှင့် သံချေးအနံ့ ရလိုက်၏။ ဤက သူ၏နှာခေါင်းထဲတွင် ပြည့်နှက်သွားပြီး ငါးသေတစ်ကောင်နှင့် သံချေးတက်နေသော သံချောင်းတစ်ချောင်းကို ကိုင်ထားမိသည့်အလားပင် ခံစားလိုက်ရလေသည်။
ဤအနံ့က သူ့ကို အတော်လေး စိတ်မသက်မသာဖြစ်စေ၏။