← Chapters

ရွာငယ်လေး၊ ဝက်သတ်သမား

Vol. 128 Ch. 1662

ရွာငယ်လေး၊ ဝက်သတ်သမား

Vol. 128 Ch. 1662

ချင်မူက ပထမဆုံး ကျောက်ပြားတောအုပ်ထဲသို့ လျှောက်သွားသည်။ ထိုနေရာတွင် ထူးခြားသော သွေးသံချေးနံ့ တထောင်းထောင်း ထနေသည်သာမက အလွန်တရာ သိပ်သည်းလေးလံသည့် အသက်အဖြတ်စိတ်ဆန္ဒတစ်ခုလည်း ဝပ်နေသည်။ ၎င်းအပြင် သူ့ကို သိပ်မသက်မသာအဖြစ်စေဆုံး အရာမှာ ကျောက်ပြားများမှ ထုတ်လွှတ်နေသည့် ဖိအားပင်ဖြစ်သည်။

ထိုကျောက်ပြားများသည် ရန်သူတော်ကို ဖိနှိပ်ရန် မီလော့နန်းတော်၏ အကြီးဆုံးသခင်လေးမှ ဖန်တီးထားခြင်း ဖြစ်သယောင်ပင်။

ဤစွမ်းအားက သူ၏ မူလဝိညာဉ်ကို ဖိနှိပ်ထားသောကြောင့် မူလဝိညာဉ်အား စွမ်းအားမထုတ်လွှတ်နိုင်အောင် ဖြစ်နေစေသည်။ ထိုမျှသာမက ဖိအားသည် သူ၏ ကောင်းကင်ရတနာများကိုလည်း ဖိနှိပ်ထား၏။

သခင်လေးတစ်၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်တရာ မြင့်မားသည့်အလျောက် သူ ချန်ရစ်ထားခဲ့သည့် ကျောက်ပြားများက ချင်မူ ကျင့်ကြံထားသည့် မဟာတာအိုအပေါ် သက်ရောက်မှု ရှိပြီး သူ၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ကယောက်ကယက် ဖြစ်စေသည်။

မဟာတာအို၏ စွမ်းအားက ကောင်းကင်နတ်သိုင်းများတွင် ရောင်ပြန်ဟပ်၏။ တစ်စုံတစ်ယောက်သာ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို လှည့်ပတ်နိုင်ခြင်း မရှိပါက စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်မည်မဟုတ်ပေ။

ဤသည်က ချင်မူ တွေ့ကြုံနေရသည့် အခြေအနေပင်။

‘အကြီးဆုံးသခင်လေးက မီလော့နန်းတော်အရှင်သခင်ရဲ့ ကမ္ဘာဦးဖရိုဖရဲချီကို ကျင့်ကြံတာ…. ကမ္ဘာဦးဖရိုဖရဲချီက သူ့ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေရဲ့ အခြေခံပဲ… ကျောက်ပြားတောအုပ်က ကမ္ဘာဦးဖရိုဖရဲချီကိုတောင် ဖိနှိပ်နိုင်တယ်ဆိုရင် သူလည်း သူကိုယ်တိုင် ဖန်တီးထားတဲ့ ကျောက်ပြားတောအုပ်ထဲမှာ ဖိနှိပ်ခံရမှာပဲ…”

ချင်မူ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူသည် ကျောက်ပြားတောအုပ်အစွန်းတွင်သာ ရှိနေသေး၏။ ဤအခြေအနေနှင့်ဆိုလျှင် ခပ်ဝေးဝေး လျှောက်နိုင်လိမ့်မည်မဟုတ်ပေ။ သူ၏ကျင့်ကြံခြင်းအခြေခံ၊ သိုင်းကွက်များအပြင် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများပင် ဖိနှိပ်ခံရလိမ့်မည်။

ဤနေရာတွင် ဖိနှိပ်ခံရရန် အလွန် လွယ်ကူသည့်အတွက် သူကိုယ်တိုင်ပင်လျှင် သူ့ကိုယ်သူ ကယ်တင်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် တန်ပြန်တိုက်ကွက်အား စဉ်းစားရပေလိမ့်မည်။

‘တခြားနည်းနဲ့ပြောရရင် ကမ္ဘာဦးဖရိုဖရဲချီက ကျောက်ပြားတောအုပ် ဖိနှိပ်တာကို ရှောင်ရှားနိုင်ပေမယ့် အကြီးဆုံးသခင်လေးသုံးတဲ့ ဖရိုဖရဲသင်္ကေတအစီအစဉ်ကို သိဖို့ လိုတယ်”

သူက ရပ်လျက် ကျောက်ပြားကို အသေးစိတ်လေ့လာနေသည်။ ချင်မူအနေဖြင့် ပြီးခဲ့သည့်နှစ် အနည်းငယ်အတွင်း တံခါးရွက်ပေါ်ရှိ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများနှင့် ကောင်းကင်နတ်သိုင်းများကို လေ့လာထားခဲ့သည် မဟုတ်လော။

သို့သော် တံခါးရွက်က တံခါးရွက်၊ ကျောက်ပြားက ကျောက်ပြားဖြစ်၏။ ထိုနှစ်ခုတွင် ပါဝင်သည့် ကမ္ဘာဦးဖရိုဖရဲကောင်းကင်နတ်သိုင်းများက သေချာပေါက် တူညီကြမည်မဟုတ်။

ဤအခိုက်အတန့်တွင် ချင်မူမှာ ရုတ်တရက် ကြောင်အသွားပြီး မြေပြင်သို့ ကြည့်လိုက်သည်။

မြေပြင်ပေါ်တွင် သူ၏ ခြေရာများအပြင် အခြားသူများ၏ ခြေရာများလည်း ရှိနေ၏။

သူ အသေးစိတ်စစ်ဆေးကြည့်လိုက်ရာ ထိုခြေရာများတွင် အပြင်မှလာသည့် ခြေရာများလည်း ရှိသလို အတွင်းမှ ထွက်လာသည့် ခြေရာများလည်း ရှိနေသည်။ ခြေရာအရွယ်အစားများအရ ပုဂ္ဂိုလ်တစ်ဦးတည်း၏ ခြေရာဖြစ်ပေလိမ့်မည်။

‘ဒီလူက ဒီနေရာမှာ ရပ်ပြီးတော့ တံခါးနောက်က ကမ္ဘာလောကကို ဝင်သွားတာပဲ… ပြီးတော့ ချက်ချင်း လှည့်ပြီး ဒီနေရာကနေ ထွက်သွားတယ်…’’

ချင်မူ အတော်လေးအံ့သြနေမိသည်။ ခြေရာများအရ ဤပုဂ္ဂိုလ်သည် သေချာပေါက် မီလော့နန်းတော်အရှင်သခင်၏ အကြီးဆုံးသခင်လေး မဟုတ်ပေ။ ဤပုဂ္ဂိုလ်သည် တံခါးအနောက်ရှိ ကမ္ဘာလောကထဲသို့ ဝင်ရောက်ခဲ့သည်ဖြစ်ရာ သူ၏အရှိန်အဝါက အလွန်တရာ သန်မာအားကောင်းပေလိမ့်မည်။ သူ၏ခြေရာများက တံခါးအနောက်ရှိ ကမ္ဘာလောကတွင် နက်ရှိုင်းစွာ ထင်ကျန်ရစ်ခဲ့၏။

သူသည် ပြိုင်ဘက်ကင်းအရှိန်အဝါဖြင့် ခြေလှမ်းအနည်းငယ်ဖြင့်သာ ကျောက်ပြားအရှေ့သို့ ရောက်လာနိုင်ခဲ့သည်။

ချင်မူ ခြေထောက်မြှောက်၍ ပြင်းထန်စွာ‌ ဆောင့်ချလိုက်၏။ သို့သော် မြေပြင်ပေါ်တွင် ခပ်တိမ်တိမ် ခြေရာတစ်ခုသာ ကျန်ရစ်ခဲ့စေ၏။ ထိုပုဂ္ဂိုလ်ချန်ရစ်ခဲ့သော ချန်ရစ်ခဲ့သည့် ခြေရာနှင့်ယှဥ်လျှင် သူ၏ စွမ်းရည်များက ဆင်နှင့် ပုရွက်ဆိတ်အား ယှဉ်နေသလိုပင်။

“ငါ့ထက် ပိုပြီးသန်မာတာပဲ”

ချင်မူလည်း ပထမဆုံး ကျောက်ပြားအရှေ့တွင် ရပ်လိုက်သည့်အခါ ကျောက်ပြားမှာ ပျောက်ကွယ်သွားပြီး ဖြစ်သည်ကို တွေ့လိုက်ရသည်။ သိသိသာသာပင် ထိုပုဂ္ဂိုလ်သည် ကျောက်ပြားကို ဆွဲနှုတ်သွားခဲ့၏။

“ဒါပေမဲ့ သူ့ရဲ့ ခြေရာတွေ ဒီနေရာကို ရောက်တဲ့အခါမှာတော့ ရုတ်တရက် ရပ်သွားတယ်… ကျောက်ပြားကို ဆွဲနှုတ်ပြီးတဲ့နောက် သူ့ကို အတော်လေး ကြောက်ရွံ့သွားစေတဲ့ အရာတစ်ခုကို တွေ့ကြုံခဲ့ရသလိုပဲ”

ချင်မူက ကျောက်ပြားအရှေ့ရှိ ခြေရာပေါ်တွင် ရပ်လိုက်ပြီး ကျောက်ပြားတောအုပ်ဆီသို့ လှမ်းကြည့်လိုက်သော်လည်း မှားယွင်းနေသည့် မည်သည့်အရာမှ မတွေ့ရပေ။

ထို့နောက် သူ၏မျက်လုံးများတောက်ပသွားပြီး ကျောက်ပြားတောအုပ်ထဲတွင် တစ်ဝက်ကျိုး၍ ပြန့်ကျဲနေသော နောက်ထပ် တံခါးရွက်တစ်ရွက်ကို တွေ့ရလိုက်သည်။

“တံခါးရွက်လား”

ချင်မူမှာ ကြောင်အသွားသော်လည်း ရုတ်တရက် သဘောပေါက်သွားသည်။ “ဒီတံခါးမှာ တံခါးရွက်နှစ်ရွက် ရှိတာပဲလေ... အဲဒီပုဂ္ဂိုလ်က အပြင်ကနေ ဝင်လာပြီး တံခါးရွက်တစ်ရွက်ကို ထိုးဖွင့်ခဲ့တာ ဖြစ်မယ်… တံခါးရွက်က သခင်လေးတစ် သန့်စင်ထားတာဆိုတော့ သိပ်ကိုမာတယ်… သူက လက်သီးတစ်ချက်ထိုးပြီး ဖွင့်ခဲ့တာဆိုတော့ သူ့ရဲ့စွမ်းဆောင်ရည်တွေက ငါ့ထက် အများကြီးပိုသာတာပဲ… တံခါးရွက်က သူ့ကြောင့် လွင့်ထွက်သွားပြီး ကျောက်ပြားတောအုပ်ထဲ ရောက်သွားတာ..”

“သူ တံခါးထဲ ၀င်လာပြီး ကျောက်ပြားတစ်ချပ်ကို ဆွဲနှုတ်ပြီးတဲ့အခါမှာတော့ ပြိုင်ဘက်ကင်းအန္တရာယ်တစ်ခုကို ခံစားလိုက်ရတဲ့အတွက် ပြန်လှည့်ထွက်သွားတာပဲ… ဒါကြောင့် သူချန်ထားခဲ့တဲ့ ခြေရာတွေက တဖြည်းဖြည်း ပေါ့ပါးတိမ်၀င်သွားတာ ..”

ချင်မူက လှည့်၍ ကျန်တံခါးရွက်တစ်ရွက်ဆီသို့ ကြည့်လိုက်သည်။ ထိုနေရာရှိ ခြေရာများမှာ အလွန်တရာပင် မှုန်ဝါးပေါ့ပါးနေ၏။ သူ တံခါးအနောက်သို့ ရောက်လာသည့်အချိန်တွင် ဒေါသဖြေဖျောက်ရန်အတွက် မပြုတ်ထွက်ဘဲ ကျန်ရှိသည့် တံခါးကို လက်သီးဖြင့် ထိုးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

“ဒါပေမဲ့ သူ့ရဲ့ အရှိန်အဝါက အတော်လေး လျော့ကျသွားတဲ့အတွက် ဒီတံခါးရွက်ကို နှစ်ပိုင်း မကျိုးစေခဲ့ဘူး… တံခါးရွက်ကို စွန့်ပစ်နယ်မြေထဲ လွင့်ထွက်သွားအောင်ပဲ လုပ်နိုင်ခဲ့တယ်”

ချင်မူက နောက်တကြိမ် ပြန်လှည့်လာ၍ ကျောက်ပြားတောအုပ်ကို သင်္ကာမကင်းစွာ ကြည့်လိုက်သည်။ “ဒါဆိုရင် အဲ့ဒီသိုင်းပညာရှင် တွေ့ခဲ့ရတဲ့ အန္တရာယ်က ဘာများလဲ… အဲ့ဒါက ဒီအသက်အဖြတ်စိတ်ဆန္ဒများလား”

သူ ခေါင်းခါရမ်းလိုက်သည်။ အသက်အဖြတ်အရှိန်အဝါက အားကောင်းသော်လည်း ထိုသို့ပုဂ္ဂိုလ်မျိုးကို ကြောက်လန့်တုန်လှုပ်သွားနိုင်စေသည်အထိ မလုံလောက်ပေ။

“ကျောက်ပြားတောအုပ်ရဲ့ ဖိအားများလား… အဲဒါလည်း မဟုတ်သေးဘူး… သူက ပထမဦးဆုံးကျောက်ပြားကိုတောင် ဆွဲနှုတ်နိုင်ခဲ့တာဆိုတော့ သခင်လေးတစ်ရဲ့ ၀င်္ကပါကို မကြောက်ဘူး… ယုံကြည်ချက်အပြည့် ရှိနေလို့သာ ဒီနေရာရဲ့ ၀င်္ကပါကို ချိုးဖျက်ဖို့ ရောက်လာခဲ့တာ.. ဒါဆိုရင် ဘယ်ဟာကများ သူ့ကို ကြောက်လန့်သွားစေခဲ့တာလဲ…”

ချင်မူက မျက်မှောင်ကြုတ်နေသည်။ သူ၏စိတ်ထဲတွင် ခန့်မှန်းချက်တချို့ရှိသော်လည်း မသေချာပေ။

‘ထားလိုက်ပါတော့လေ… ငါ သွားကြည့်ရင် ဘယ်လိုအရာမျိုးက အဲ့ဒီလိုသိုင်းပညာရှင်မျိုးကို တုန်လှုပ်သွားစေတာလဲ သိရမှာပဲ’

သူက နောက်ထပ်ကျောက်ပြားတစ်ချပ်ဆီသို့ လျှောက်သွားသည်။ ၎င်း၏ မျက်နှာပြင်မှာ မှန်တစ်ချပ်အလား အလွန်တရာ ချောမွေ့နေပြီး သူ၏အတွင်းအင်္ဂါများနှင့် ကောင်းကင်ရတနာများကိုပင် ရောင်ပြန်ဟပ်နေစေသည်။

အသေးစိတ်ကြည့်ပါက ချင်မူ့မဟာတာအိုတည်ဆောက်ပုံနှင့် သူ့ကို ဖွဲ့တည်ပေးထားသည့် ဒြပ်ထုအမှုန်တိုင်းအပြင် သူ၏ဦးနှောက်ကိုပါ တွေ့မြင်နေရ၏။ သူ၏အတွေးများကြောင့် သူ၏သွေးကြောထဲတွင် ဖြစ်တည်နေသည့် လျှပ်စီးလှိုင်းများကိုပင် တွေ့မြင်နေရသည်။

တစ်စုံတစ်ယောက်သာ တခြားသူတစ်ဦး၏ အတွေးများကို နက်ရှိုင်းစွာ သိမြင်နားလည်နိုင်စွမ်းရှိလျှင် ထိုကျောက်ပြားကြေးမုံမှတစ်ဆင့် အခြားသူတစ်ဦး၏ အတွေးများအားလုံးကို သိရှိနိုင်ပေလိမ့်မည်။

“ဒီကျောက်ပြားရဲ့ မျက်နှာပြင်ကို ကြည့်လိုက်ရတာ သင်္ကေတတွေရှိဖို့ မဖြစ်နိုင်ပေမယ့် ဒါက နန်းတော်အရှင်သခင်ရဲ့ ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေရဲ့ ထူးဆန်းမှုပဲ”

ချင်မူက ကျောက်ပြားအရှေ့တွင် ယုံကြည်ချက်အပြည့်ဖြင့် ရပ်နေသည်။

အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ၌ အဆုံးမရှိသော အချက်အလက်များ ပါရှိသည်ကို သူ သိထားသည့်အတွက်ပင်။

သူ မီလော့နန်းတော်၏ တာအိုအမှတ်အသားများကို လေ့လာခဲ့စဉ်က ထိုအချက်ကို သိရှိခဲ့ရ၏။

မီလော့နန်းတော်၏ တာအိုအမှတ်အသားများတွင် အဆုံးမရှိသော အချက်အလက်များ ပါရှိပြီး ထိုအချက်အလက်များ အရင်းအမြစ်သည် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများမှ ဖြစ်ပေသည်။

တို့ကြောင့် ဤကျောက်ပြားသည် မည်သည့်ပြစ်ချက်မှမရှိဘဲ အဆုံးမရှိသည့် အချက်အလက်များကို ရောင်ပြန်ဟပ်နိုင်သည့်အပြင် သူသည်လည်း ၎င်း၏တည်ဆောက်ပုံကို ထွင်းဖောက်မြင်ရနိုင်၏။

အဘယ်ကြောင့်ဆိုသော် ကြေးမုံကျောက်ပြားမှ ရောင်ပြန်ဟပ်သည့် အရာများမှာ ထိုကျောက်ပြားရှေ့တွင်ရပ်နေသည့် ပုဂ္ဂိုလ်များ သို့မဟုတ် အရာဝတ္ထုများ၏ တည်ဆောက်ပုံမှတစ်ဆင့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို ရောင်ပြန်ဟပ်နေခြင်းသာ ဖြစ်သည်။

ကမ္ဘာဦးဖရိုဖရဲသင်္ကေတသည် အမျိုးမျိုးသော လမ်းစဉ်များ၊ ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများအပြင် အရာဝတ္ထုများနှင့် သက်ရှိပုဂ္ဂိုလ်များကိုလည်း အသွင်ပြောင်းလဲနိုင်၏။

ချင်မူက ကျောက်ပြားကြေးမုံအရှေ့တွင် ရပ်နေသည်။ သူသည် ကြေးမုံတစ်ချပ်ကို ကြည့်နေသည်နှင့်တူသော်လည်း အမှန်တကယ်တွင် ကျောက်ပြားမှ ကြေးမုံထဲရှိ သူ့ကို တည်ဆောက်ထားပေးသည့် ကမ္ဘာဦးဖရိုဖရဲသင်္ကေတများကို ကြည့်နေခြင်းသာဖြစ်၏။

“ကျောက်ပြားထဲမှာ ပုန်းနေတဲ့ ကမ္ဘာဦးဖရိုဖရဲသင်္ကေတ ၀င်္ကပါကို ပေါ်လာစေနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းက ဘယ်အရာပေါ်မှ မတောက်ပနိုင်အောင် လုပ်ဖို့ပဲ”

ချင်မူက ကျန်ရှိသည့် ကမ္ဘာဦးဖရိုဖရဲချီကို ထုတ်လွှတ်လိုက်ပြီး ကျောက်ပြားကို ဝန်းရံထားသည့် ကြေးမုံလေးချပ်အဖြစ် ပြောင်းလဲသွားစေသည်။

သူ၏ကမ္ဘာဦးဖရိုဖရဲချီက သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး သင်္ကေတတစ်ခုစီတိုင်းက အလွန်တရာ ပိန်ပါးသွယ်လျ၏။ ကျောက်ပြားအနေဖြင့် အခြားမည်သည့်အရာပေါ်မှ မတောက်ပနိုင်အောင် ဖြစ်နေစေသည်။

ကျောက်ပြားကို ဖွဲ့တည်ထားသည့် ပင်မခန္ဓာကိုယ်မှာ ဖရိုဖရဲကျောက်တုံး ဖြစ်၏။ အကြီးဆုံးသခင်လေး ဖရိုဖရဲကျောက်တုံးပေါ်တွင် ခတ်နှိပ်ထားသည့် ဖရိုဖရဲသင်္ကေတများက အလွန်တရာနက်နဲပြီး ထူးခြားသောတည်ဆောက်ပုံ ရှိသည်။ ၎င်းက အနုပညာတစ်ခုနှင့်တူသလို အဆက်မပြတ် ပြောင်းလဲပြီး အလွန်တရာရှုပ်ထွေးသည့် စက်ပစ္စည်းတည်ဆောက်ပုံနှင့်လည်း တူ၏။

ချင်မူမှာ ထိုသင်္ကေတများကို လေ့လာရင်း စိတ်လှုပ်ရှားနေသည်။ ကျောက်ပြားပေါ်တွင် ခတ်နှိပ်ထားသည့် သင်္ကေတများ၏ ပြောင်းလဲမှုက သင်္ချာတည်ဆောက်ပုံတစ်ခုကို ဖော်ပြနေပြီး ပြောင်းလဲမှုတစ်ခုချင်းစီတွင် နက်နဲသော သင်္ချာအယူအဆများ ပါဝင်နေသည်။

၎င်းတို့သည် မတူညီသော စကြ၀ဠာများမှ ဖြစ်ပြီး ဘာသာစကားများ မတူသော်လည်း ကမ္ဘာဦးဖရိုဖရဲသင်္ကေတများနှင့် တာအိုဘာသာစကားကတော့ တူညီသည်။ ပို၍အရေးကြီးသည်က သင်္ချာသည်လည်း ဆက်သွယ်ပြောဆိုနိုင်သော ဘာသာစကားတစ်ခု မဟုတ်လော။

ထိုဘာသာစကားသုံးမျိုးတွင် ချင်မူ့အောင်မြင်မှုများက အလွန်တရာ မြင့်မားသဖြင့် အကြီးဆုံးသခင်လေး၏ ကမ္ဘာဦးဖရိုဖရဲချိပ်တံဆိပ်ကောင်းကင်နတ်သိုင်းအား ထင်ထားသည်ထက် ပို၍လွယ်ကူစွာ သိမြင်နားလည်လာတော့သည်။

သို့ထိတိုင် ချင်မူအနေဖြင့် ကျောက်ပြားပေါ်ရှိ ကမ္ဘာဦးဖရိုဖရဲချိပ်တံဆိပ်ကို နားလည်ရန် နှစ်လသုံးလ အချိန်ပေးရသေး၏။

သူ လုပ်ချင်သည့်အရာမှာ ကျောက်ပြားတောအုပ်ဖြင့် ဖွဲ့တည်ထားသည့် ချိပ်တံဆိပ်ကို အတင်းအကြပ် အားသုံး၍ ချိုးဖျက်ရန်မဟုတ်ချေ။ ချိပ်တံဆိပ်၏ ဖိအား မရှိဘဲ ကျောက်ပြားတောအုပ်ထဲသို့ ဝင်ရောက်လိုခြင်းသာ ဖြစ်သည်။

အရေးကြီးဆုံးအချက်က သူ၏ချီစွမ်းအင်က ကျောက်ပြားပေါ်ရှိ ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ နေရာချထားပုံကို တုပရမည်ဖြစ်သည်။ ထို့မှသာ ကျောက်ပြားတောအုပ်ထဲရှိ ချိပ်တံဆိပ်များသည် သူ့အား ပျောက်ဆုံးနေသော ကျောက်ပြားအဖြစ် ထင်မှတ်ကြလိမ့််မည်။

ချင်မူက ကျောက်ပြားတောအုပ်အပြင်တွင် အချိန်အတော်ကြာသည်အထိ ရပ်နေခဲ့ပြီး သူ၏ အမှားများကို အကြိမ်ကြိမ် ‌‌ဆန်းစစ်လေ့လာနေသည်။

သူ အမှားရှာမတွေ့တော့မှ ကျောက်ပြားတောအုပ်ထဲသို့ ခြေတစ်လှမ်း ချလိုက်သည်။ ဤအခိုက်အတန့်တွင် ကျောက်ပြားတောအုပ် ထုတ်လွှတ်နေသည့် ဖိအားမှာ သူ့ကို မခြိမ်းခြောက်နိုင်တော့ပေ။ ထိုအစား ရေထဲ လွှတ်လိုက်သည့် ငါးတစ်ကောင်အလား ခံစားလိုက်ရသည်။

ကျောက်ပြားကြေးပုံများက သူ၏ပုံရိပ်ကို ရောင်ပြန်ဟပ်နေသော်လည်း ရောင်ပြန်ဟပ်နေသည့် ပုံရိပ်မှာ သူ မဟုတ်ဘဲ လမ်းလျှောက်နေသည့် ကျောက်ပြားတစ်ချပ်သာ ဖြစ်လာချေပြီ။

ဤသည်က ကမ္ဘာဦးဖရိုဖရဲသင်္ကေတများ၏ အထူးခြားဆုံးအပိုင်း ဖြစ်သည်။

ချင်မူက လမ်းတလျှောက်လုံး လျှောက်သွားပြီး ကျောက်ပြားတောအုပ်ထဲသို့ တဖြည်းဖြည်း နက်ရှိုင်းစွာ ဝင်ရောက်သွားတော့သည်။ သို့သော် ကျောက်ပြားတောအုပ်ထဲမှ ထွက်ပေါ်လာသည့် အသတ်အဖြတ်စိတ်ဆန္ဒနှင့် သွေးနံ့တို့ကလည်း ပို၍ပြင်းထန်လာသည်။

“ဒီအသတ်အဖြက်စိတ်ဆန္ဒက ပေါ့သေးသေးကိစ္စ မဟုတ်ဘူး… ကောင်းကင်နယ်စားမင်း သေသွားတုန်းက ဖွဲ့တည်လာတဲ့ ကောင်းကင်မိစ္ဆာချီထက်တောင် ပိုပြီးအားကောင်းသေးတယ်… နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်က ဓားမနှစ်လက်ထက်တောင် ပိုပြီးသန်မာသေးတယ်… ဘယ်သူကများ ဒီလိုကြောက်စရာ အသတ်အဖြတ်စိတ်ဆန္ဒမျိုးကို ပိုင်ဆိုင်ထားတာလဲ….”

ကျောက်ပြားတောအုပ်မှာ ၀င်္ကပါတစ်ခုအလားပင်။ ကျောက်ပြားကြေးမုံများက တခြားကျောက်ပြားကြေးမုံများကို ရောင်ပြန်ဟပ်နေကြသောကြောင့် ရောက်လာသူများကို မူးဝေလျက် လမ်းပျောက်စေနိုင်သည်။

ချင်မူမှာ တစ်ချက်တစ်ချက် လှည့်ကြည့်တတ်ပြီး ကောင်းကင်ပေါ်ရှိ နေမင်းကို အသုံးပြု၍ သူ၏တည်နေရာကို အတည်ပြု၏။ ထို့နောက် ကျောက်ပြားတောအုပ်၏ အလယ်ဗဟိုသို့ ဝင်ရောက်သွားသည်။

ကျောက်ပြားတောအုပ်၏ ပထမဦးဆုံးအလွှာမှာ စက်ဝိုင်းပုံသဏ္ဌာန် ဖွဲ့တည်ထားသည်။ ဤကျောက်ပြား‌တောအုပ်ကို ဖြတ်သန်းလာပြီးနောက် မြင်ကွင်းမှာ ပို၍ကြည်လင်လှပလာသည်။ တောအုပ်များနှင့် ရေပြင်တို့က စိမ်းစိုနေပြီး သုခဘုံတစ်ဘုံအလားပင်။ ချင်မူ့ကို အံ့အားအသင့်ဆုံးအရာက အထဲတွင် ရွာငယ်လေးတစ်ရွာ ရှိနေခြင်းဖြစ်၏။ မီးခိုးငွေ့တို့က ရွာငယ်လေး၏ မီးခိုးတိုင်များမှ တလူလူ ထွက်ပေါ်နေပြီး လယ်သမားတစ်ယောက်က ချက်ပြုတ်နေသည်။

လူငယ်တစ်ဦးက ရွာဝင်ပေါက်ရှိ သစ်ပင်တစ်ပင်ဆီမှ တွဲလောင်းခိုနေသည်။ သူက ပြောင်းပြန်တွဲလောင်းခိုနေပြီး ဝက်များကို သတ်ဖြတ်၍ သွေးစစ်ထုတ်နေသည်။ အောက်တွင် ဝက်သွေးတို့ဖြင့် ပြည့်နှက်နေသော ဇလားခွက်တစ်ခုက နေရာယူထား၏။

လူငယ်ဘေးတွင်တော့ ဆံပင်လေးနှစ်ဖက် ခွဲစည်းထားသော ကလေးမလေးတစ်ဦး ရှိသည်။ သူမက သစ်ပင်ကို ပတ်၍ ပြေးလွှားနေပြီး တခစ်ခစ် ရယ်မောနေလေသည်။ သူမ၏အသံက ကြည်လင်ပြတ်သားနေသည်။

ရွာဝင်ပေါက်၏ ကျောက်တိုင်ပေါ်တွင် ထိုင်နေသော အဘိုးအိုကြီးတစ်ဦးလည်း ရှိ၏။ သူက ဆေးတံတစ်တံကို ဖွာရှိုက်နေပြီး မျက်လုံးများ မှေးကျဉ်း၍ ဆေးငွေ့တို့အား မှုတ်ထုတ်နေသည်။

ကျောက်တိုင်ပေါ်တွင် သစ်ပင်အိုကြီးတစ်ပင်လည်း ရှိ၏။ ၎င်းပေါ်တွင် ပိုးကောင်တချို့က ပိုးအိမ်များ ဖွဲ့တည်နေကြသည်။

ချင်မူ့အကြည့်က အဘိုးအိုကိုကျော်ဖြတ်သွားပြီး ရွာထဲရှိ သစ်ပင်အိုကြီးဘေးရှိ ရေတွင်းတစ်တွင်းဘေးတွင် ထိုင်နေသော အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။ သူမသည် သစ်သားတုတ်တစ်ချောင်းဖြင့် အဝတ်များကို ရိုက်နှက်လျှော်ဖွတ်နေပြီး ပါးစပ်မှ ဆဲရေးတိုင်းထွာနေ၏။ မည်သူ့ကို ဆဲဆိုနေသည်လဲတော့ ချင်မူ မသိချေ။

အဘွားအိုတစ်ဦးက အိမ်၏ စားကြက်မြိတ်အောက်တွင် ထိုင်ကာ နေပူဆာလှုံနေသည်။ သူမသည် ပိန်ပါးသော သူမ၏ဗိုက်ပေါ်တွင် လက်တင်ထားပြီး မျက်လုံးများ မှေးလျက် အိပ်ငိုက်နေ၏။ ဝေဝါးနေသော မျက်လုံးများကို တိတ်တဆိတ် ဖွင့်တတ်ပြီး ဆဲဆိုနေသည့်အမျိုးသမီးကို တစ်ချက်တစ်ချက် စိုက်ကြည့်နေတတ်သည်။

ဤနေရာရှိ ရွာငယ်လေးမှာ မိသားစုငါးယောက်သာ နေထိုင်နေကြသည့်အလား အေးဆေးတည်ငြိမ်နေသည်။

ချင်မူက မျက်တောင်ခတ်လျက် အကဲခတ်လိုက်သည်။ သူက ရွာထဲသို့ ဝင်ရောက်မသွားဘဲ ခေါင်းမော့၍ စဉ်းစားနေသည်။ ထို့နောက် ထိုက်ယီပေးလိုက်သော မြေပုံကို ထုတ်ကာ လွှားခနဲ ဖြန့်လိုက်၏။

ထိုက်ယီ၏ မြေပုံမှာ ထိုက်ယီတောင်ဝှေးဖြင့် ဆွဲထားခြင်း ဖြစ်ကာ အလွန်တရာရှုပ်ထွေးသည်။ ဝေစွေ့ဖုန်းက ၎င်းကို ပြန်ကူး၍ ချင်မူ့ကို ပေးခဲ့ခြင်းဖြစ်သည်။

ချင်မူက ‌မြေပုံကို ဖြန့်၍ တစ်ချက်ကြည့်လိုက်ရင်း ခေါင်းကုတ်လိုက်မိသည်။ သူ ကျောက်ပြားတောအုပ်အား ၀င်ရောက်ခဲ့စဉ်က မြေပုံတွင် မှတ်သားထားသည့် လမ်းကြောင်းအတိုင်း မဝင်လာခဲ့ချေ။

ဝေစွေ့ဖုန်းက သူ့ကို မြေပုံများစွာပေးခဲ့သော်လည်း သူသည် လမ်းကြောင်းအတိုင်း မ၀င်ဘဲ စိတ်ထင်ရာသို့သာ လျှောက်လာခဲ့ခြင်း ဖြစ်၏။

“ကြည့်ရတာ ငါ လမ်းမှားသွားပြီ ထင်တယ်”

ချင်မူက ထိုက်ယီ၏ မြေပုံကို လိပ်၍ လှည့်လိုက်ပြီး ဤကျောက်ပြားတောအုပ်မှ ထွက်ခါကာ နောက်တစ်ကြိမ် ပြန်ဝင်လာရန် ပြင်လိုက်သည်။ သူက မကျေမနပ် ပြောလိုက်၏။ “အစ်ကိုကြီးသာ သိရင်တော့ မုတ်ဆိတ်ကြီးဖွားပြီး မျက်စောင်းထိုးနေတော့မှာပဲ…”

ရုတ်တရက် ရွာဝင်ပေါက်ကျောက်တိုင်မှ အဘိုးအိုက ဆေးတံကို ချပြီးနောက် ပြုံးကာ မေးသည်။ “ဟိုးက ဧည့်သည်တော်ဗျို့… မထွက်သွားခင် ဝက်သားနဲ့ ဟင်းရွက်ဟင်းကို မသုံးဆောင်တော့ဘူးလား…. ရှန့်လေးက အသားကောင်းတဲ့ ဝက်ကို သတ်ထားတာနော်..”

All Chapters