← Chapters

ကတိစကား

Vol. 020 Ch. 1953

ကတိစကား

Vol. 020 Ch. 1953

ကျယ်ပြောသော တိမ်ပင်လယ်ထဲတွင် သိမ်းငှက်နက်လေးက တိမ်နှင့် မြူများကို အလွန် လျင်မြန်လှသော အရှိန်နှင့် ဖြတ်သန်းသွားနေသည်။

သိမ်းငှက်နက်၏ ကြီးမားသော နောက်ကျောပေါ်တွင် လူတစ်စုရှိနေပြီး အချို့က ထိုင်နေကာ အချို့က ရပ်နေကြသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ ကျွန်းသခင်သည် ရဲရဲနီနေသော ဝတ်စုံကို ဝတ်ဆင်ကာ အရှေ့၌ မတ်တပ်ရပ်နေပြီး ခမ်းနားထည်ဝါ၍ ကျက်သရေရှိသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသည်။ ပိုင်မုက သူမ နောက်၌ ရပ်နေသည်။ ဤတစ်ကြိမ်၌ သူမ၏ ဆရာက ရီဖူရှင်းနှင့်အတူ ခရီးသွားရန် သဘောတူလိုက်သည်က ပိုင်မုကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ထိုမျှမကသေး သူမ၏ ဆရာသည် အနာဂတ်တွင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို လက်လွှဲပေးမည်ဟုပင် ပြောခဲ့သည်။ သူမ၏ ဆရာက ရီဖူရှင်းအပေါ် အလွန်မြင့်မားသော မျှော်မှန်းချက်ကို ထားရှိပေသည်။

ရီဖူရှင်းက သူတို့၏ နောက်တွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ရှားရှင်းယွန်က သူ၏ ဘယ်ဘက်တွင် ထိုင်နေကာ ပေ့ကုံးအော့နှင့် ပေ့ကုံးရွှမ်းတို့က သူ့ ညာဘက်၌ ရှိနေသည်။ စီဖုန်းသည် သိမ်းငှက်လေး၏ ခေါင်းဘက်နားတွင် တစ်ယောက်တည်း ထိုင်နေခဲ့၏။ တစ်ခါတစ်ရံ၌ သိမ်းငှက်လေးက သူမကို စနောက်ပါသော်လည်း စီဖုန်းက သူ့ကို အဖက်လုပ်ရန် စိတ်မဝင်စားခဲ့ပေ။

ထိုသို့သော လူများစုစည်းထားသည့်အဖွဲ့မှာ ထူးဆန်းသော ပေါင်းစပ်မှုဖြစ်နေသည်ဟု ထင်ရပါသော်လည်း သူတို့သည် အပြန်အလှန် သဟဇာတဖြစ်နေပေသည်။

ထိုအချိန်တွင် ရီဖူရှင်းက ပေ့ကုံးအော့နှင့် သောက်နေခဲ့သည်။ ထိုအရက်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေမှ ယူဆောင်လာခဲ့ခြင်း ဖြစ်ပြီး လမ်းစဥ်၏ နက်နဲလှသော အနှစ်သာရများ ပါဝင်နေသည်။

"ပိုင်မု၊ ကျုပ်တို့နဲ့ လာသောက်လှည့်လေ။" ရီဖူရှင်းက ရပ်နေသော ပိုင်မုကို ပြောလိုက်သည်။

ပိုင်မုက ရီဖူရှင်းကို ကြည့်လိုက်ပြီးနောက် သူမရှေ့မှ ဆရာဖြစ်သူအား ကြည့်လိုက်သည်။ သူမ၏ ဆရာက သည်နေရာ၌ ရှိနေရာ သူမသည် အပြုအမူများကို အထူးဂရုပြုနေရန် လိုပေသည်။ ရီဖူရှင်းနှင့် လိုက်ပါလာသူမှာ သူမတစ်ယောက်တည်း မဟုတ်လေရာ သူမက အနည်းငယ်ပို၍ သတိထားနေရန်သာ တတ်နိုင်ပေသည်။

"ကျွန်းသခင် ခရီးက အရှည်ကြီးပဲသွားရမှာ။ ဘာလို့ ကျုပ်တို့နဲ့အတူ နည်းနည်းပါးပါး လာမသောက်တာလဲ။" ရီဖူရှင်းက ပြောလိုက်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင် ရီဖူရှင်းဘက်သို့ ခေါင်းလှည့်လာသည်။ ရီဖူရှင်းက ပြုံးကာ ပြောလိုက်၏။ "အရက်က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကမို့လို့ ​သောက်ချင်စိတ်မရှိဘူးဆိုလည်း ရပါတယ်ဗျာ။ ကျုပ် ပိုသောက်လို့ရတာပေါ့။"

ပိုင်မုက ဆွံ့အသွားသည်။ သည်လူက သူ့စိတ်ထဲရှိ စကားများကို ထုတ်ပြောရန် တွေဝေမနေပေ။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် သူမ၏ ဆရာအား ထိုကဲ့သို့ မည်သူမှ မပြောရဲကြပေ။

ဆရာက အပြင်ထွက်ခဲပြီး စကားလည်း နည်းလှသော်ငြား သြဇာအာဏာ ပြည့်ဝကာ ခေါင်းမာလှသည်။ သူမ၏ အပြုအမူများက အလွန် ​တိကျပြတ်သားလှပါသည်။ ရန်ဟောင်အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သော သူများမှာ မည်သို့ သာမန်​ဖြစ်ပါမည်နည်း။ သူတို့၏ ရဲရင့်မှုနှင့် စိတ်အခြေအနေကို သာမန်လူများက မည်သို့မှ ယှဥ်နိုင်မည် မဟုတ်ပေ။

ကျွန်းသခင်က ရီဖူရှင်းထံ လျှောက်သွားကာ သူ့ရှေ့တွင် ထိုင်ချလိုက်သည်။ ရီဖူရှင်းက ပြုံးပြီး အရက်ခွက်ကို ထုတ်ယူ၍ သူမအတွက် လောင်းထည့်ပေးလိုက်သည်။ ထို့နောက် ခွက်ကို မြှောက်ကာ ပြောလိုက်၏။ "အခု ကျုပ်တို့အားလုံးက တစ်မိသားစုတည်း ဖြစ်သွားပြီဆိုတော့ ကျွန်းသခင်လို့ ခေါ်နေရတာ အရမ်း သူစိမ်းဆန်နေသလိုပဲ။ ကျွန်းသခင်က ကျုပ်ထက်ကြီးပြီး တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ မျိုးဆက် ဖြစ်တယ်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲရဲ့ တပည့်တစ်ပိုင်းအနေနဲ့ နောက်ပိုင်းကျ ကျွန်းသခင်ကို စီနီယာအစ်မလို့ ခေါ်မယ်ဆို ဘယ်လိုသဘောရလဲ။"

"...." သူမဘေးမှ ပိုင်မုက ကြက်သေသေသွားလေသည်။ ရီဖူရှင်းက သူမ၏ ဆရာကို စီနီယာအစ်မဟုခေါ်လျှင် သူမက ရီဖူရှင်းကို ဆရာဦးလေးဟု ခေါ်ရတော့မည်လား။

ဒါက....

ယခု ကျွန်းသခင်က သူ၏ စီနီယာအစ်မ ဖြစ်လာသည်။ သည်ကောင်က အလွန် ရဲတင်းလွန်းလှသည်။

ပေ့ကုံးအော့က သူ့ခေါင်းကို ငုံ့ကာ ပြုံးလိုက်သည်။ သည်ကလေးက အလွန် ဉာဏ်ပြေးလှပြီး စီနီယာအစ်မဟူသော နာမ်စားကို သုံးကာ ဆက်ဆံရေးအား မြှင့်တင်ချင်ခဲ့သည်။

ရုတ်တရက် ထိုပတ်သတ်မှုက ပိုနီးစပ်လာပြီး တစ်ဖက်လူက ရီဖူရှင်းအပေါ် မြင့်မားသော မျှော်မှန်းချက် ထားရှိလေရာ သူ၏ တောင်းဆိုချက်ကို တစ်ဖက်လူတို့က ငြင်းပယ်မည် မဟုတ်ပေ။

သေချာပေါက်ပင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ "မင်း ကြိုက်သလို ခေါ်ပါ။"

"ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီ။" ရီဖူရှင်းက ပြုံးကာ ပြောလိုက်သည်။ "ဒါဆို ဂျူနီယာမောင်လေးတစ်ယောက်အနေနဲ့ ကျွန်တော်အရင်သောက်သင့်တာပေါ့။"

သူက ပြောပြီးနောက် အရက်ခွက်ကို ကောက့ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူ၏ အပြုအမူကို ကြည့်ပြီးနောက် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသခင်သည်လည်း သူ့ကဲ့သို့ပင် တစ်ကျိုက်တည်း သောက်လိုက်သည်။

"အခု ကျုပ်တို့က အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ မဟုတ်ဘူးဆိုတော့ 'ကျွန်းသခင်' လို့ ခေါ်ဖို့က နည်းနည်းတစ်မျိုးဖြစ်နေသလိုပဲ။ နတ်မိမယ်တုံ့လိုင်ဆိုရင်ရော ဘယ်လိုသဘောရလဲ။" ပေ့ကုံးအော့က လက်နှစ်ဖက်နှင့် ခွက်ကိုမြှောက်ကာ ပြောလိုက်၏။ ကျွန်းသခင်သည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်ပြီး သူမ၏ မျိုးရိုးအမည်က တုံ့လိုင်ဖြစ်သည်။ ထို့ကြောင့် နတ်မိမယ်တုံ့လိုင်ဟူသည်မှာ သူမနှင့် ကိုက်ညီသော အမည်ဖြစ်၏။

နတ်မိမယ်တုံ့လိုင်က ခွက်ကိုမြှောက်ပြီး ပေ့ကုံးအော့ကို မေးလိုက်သည်။ "ဘာလို့ သူ့နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တာလဲ။"

ပေ့ကုံးအော့က ယခု အဆင့်ရှစ်ရန်ဟောင်တစ်ပါးဖြစ်ကာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၌ ကြီးစွာသော အခွင့်အလမ်းတို့ကို ရရှိခဲ့သည်။ သူမက ပေကုံးအော့သည် သူ၏ မွေးရပ်မြေသို့ပြန်ကာ နံပါတ်တစ်ဖြစ်လာရန် မရွေးချယ်ခဲ့ဘဲ ငယ်ရွယ်သော မျိုးဆက်သစ်တစ်ဦးနောက်သို့ လိုက်ပါရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းအား သိချင်မိပေသည်။

"နတ်မိမယ်တုံ့လိုင်တောင် စမ်းသပ်မှုအတွက် ထွက်လာပြီး သူ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိသေးတာပဲ။ ကျုပ် မလုပ်ဖို့ ဘာအကြောင်းပြချက်ရှိလို့လဲ။" ပေ့ကုံးအော့က အပြုံးနှင့် ပြောလိုက်သည်။ သူက မည်သည့်အရာကိုမှ မပြောလျှင်ပင် အရာအားလုံးကို ပြောပြီးသားဖြစ်သည်။ အကြောင်းပြချက်က ရိုးရှင်းပေသည်။ နတ်မိမယ်တုံ့လိုင်က မည်သည့်အတွက် သူ့အနောက်သို့ လိုက်ရန် ဆန္ဒရှိရသနည်း။ သို့ဆိုလျှင် ပေ့ကုံးအော့၌လည်း တူညီသော အကြောင်းပြချက်ရှိ၍ မရနိုင်သည်လား။

သူတို့နှစ်ယောက်လုံးသည် တူညီသော အဆင့်တစ်ဆင့်တည်း၌ ရှိနေသော်လည်း သူတို့ကြား၌ ကြီးမားသော ကွာခြားမှု ရှိနေပေသည်။ သူတို့သည် အဆင့်အတန်း၌ဖြစ်စေ ခွန်အားအရာ၌ ဖြစ်စေ တူညီသောအဆင့်တစ်ခုတွင် မရှိခဲ့ချေ။

နတ်မိမယ်တုံ့လိုင်က ခေါင်းညိတ်လိုက်သည်။ သူမက ထိုအကြောင်းရင်းကို ကောင်းစွာ နားလည်သဘောပေါက်ပေသည်။

"စီနီယာအစ်မ၊ ကျွန်တော် တုံ့လိုင်နတ်ဘုရားအကြီးအကဲဆီကနေ ရခဲ့တဲ့ မှတ်ဉာဏ်တွေက အတော်လေး ဝေဝေဝါးဝါး ဖြစ်နေတယ်။ အရင်တုန်းက ဘာတွေဖြစ်ခဲ့တာလဲ။ တစ်ဖက်လူတွေက တုံ့လိုင်နတ်ဘုရားအကြီးအကဲကို ဆန့်ကျင်ခဲ့ပေမယ့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို ဘာလို့မထိဘဲ ချန်ထားခဲ့ရတာလဲ။" ရီဖူရှင်းက မေးလိုက်သည်။

"အဲဒီတုန်းက ငါ့အဖေမှာ မိတ်ဆွေတချို့ ရှိခဲ့တယ်။ တစ်ဖက်လူတွေက မမျှတတဲ့ လုပ်ရပ်အချို့ကို လုပ်ခဲ့ပေမယ့် ထိန်းချုပ်ဟန့်တားမှုတချို့ကြောင့် အဆုံးစွန်ထိ လုပ်ဆောင်လို့မရနိုင်ခဲ့ဘူး။" နတ်မိမယ်တုံ့လိုင်က ပြောလိုက်သည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် ထိပ်တန်းအဆင့် ဆေးဖော်စပ်သူဆရာသခင်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် သူအပေါ် ကျေးဇူးကြွေးတင်နေသည့် သူ၏ မိတ်ဆွေအပေါင်းအသင်းများက သူ့ကို မျက်နှာသာပေးလိမ့်မည် ဖြစ်ကာ ထိုလူများထဲမှ အချို့သူများက အစွမ်းထက်သော ဖြစ်တည်မှုများ ဖြစ်ကြသည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ "ဒါပေမယ့် ဒီလိုအန္တရာယ်မျိုးကတော့ အမြဲ ရှိနေတာပါပဲ။ ဒီလျှို့ဝှက်အန္တရာယ်ကပဲ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို အပြင်လောကနဲ့ မထိတွေ့ဘဲ နှစ်ပေါင်းများစွာ တိတ်တဆိတ် တောင့်ခံရင်း အင်အားစုဆောင်းနေစေခဲ့တဲ့ အကြောင်းရင်းလား။"

"တောင့်ခံတယ်။ အင်အားစုဆောင်းတယ်တဲ့လား။" နတ်မိမယ်တုံ့လိုင်က သူ့ကိ ကြည့်လာပြီး သူမ၏ လှပသော မျက်နှာထက်၌ ခပ်ယဲ့ယဲ့အပြုံးတို့ထွက်ပေါ်လာသည်။ "မင်းရဲ့ ခန့်မှန်းချက်က တစ်ဝက်တော့ မှန်ပါတယ်။ ငါတို့က တိတ်တဆိတ် တောင့်ခံနေခဲ့တာ မဟုတ်ဘူး။ တကယ်တော့ ပြင်ပလောကကို မထွက်ရဲကြတာ။ လူမြင်မခံဝံ့ကြတာပဲ။ တိတ်တဆိတ် တောင့်ခံရင်း အင်အားစုဆောင်းတယ်ဆိုတာ ငါတို့ ဖြစ်ချင်တဲ့ ဆန္ဒလေးတစ်ခုသာသာပါပဲ။ ငါတို့က ဖန်းလိုင်ကုန်းမြေတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ အင်အားမျိုးကို စုဆောင်းနိုင်ရင်တောင် အဓိပ္ပါယ်မဲ့နေဆဲပဲ။ ငါတို့က ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ကို မွေးထုတ်နိုင်စွမ်း မရှိခဲ့ရင် ဘယ်သူကမှ ငါတို့ကို အာရုံစိုက်လာမှာ မဟုတ်ဘူးလေ။ ဒီနေ့ရဲ့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အဖိုးမထိုက်တော့ပါဘူး။"

သူမက ပြောပြီးသည်နှင့် ဖန်ခွက်ကို မြှောက်ကာ ​သောက်လိုက်သည်။ သူမ၏ အသံကို နားထောင်ရသည်မှာ ဝမ်းနည်းမှုတို့ ရောစွက်နေသည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက အဖိုးမထိုက်တန်တော့သည်လား။

အခြားသူများ ခန့်မှန်းခဲ့သော တိတ်တဆိတ် တောင့်ခံ၍ အင်အားစုဆောင်းနေခဲ့ခြင်းသူသည်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဆန္ဒတစ်ခုသာ ဖြစ်​လေသည်။ သူတို့က သူတို့၏ အင်အားကို တိုးမြင့်စေလိုသော်လည်း တကယ်တမ်းတွင် ဖြစ်နိုင်ချေက အလွန် နည်းပါးလှသည်။ သူတို့သာ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်ကို တစ်နေ့ မွေးထုတ်နိုင်ခဲ့သည်မှလွဲလျှင်....

"အဲဒါဆိုရင်...." ရီဖူရှင်းက တစ်ဖက်လူ ပြောသည်အား နားထောင်ပြီးနောက် အနည်းငယ် ပို၍ သဘောပေါက်နားလည်လာခဲ့သည်။

"အဲဒီတော့ မင်းရှိလာတယ်လေ။" နတ်မိမယ်တုံ့လိုင်က ပြောလိုက်၏။ ရီဖူရှင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွက် မျှော်လင့်ချက်ပင် ​ဖြစ်သည်။ ရီဖူရှင်းထံ၌ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်သော အလားအလာများကို သူမ မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်ပင် သူမသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတစ်ခုလုံးကို သူ့အား ပေးအပ်ကာ ကျင့်ကြံခြင်းနှင့် စမ်းသပ်မှုများအတွက် သူ့နောက်သို့ လိုက်ပါရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သည်။

သူမ၌ ရည်မှန်းချက်တစ်ခုသာ ရှိပြီး ထိုရည်မှန်းချက်မှာ ရီဖူရှင်း ထိပ်ဆုံးသို့ ​ရောက်အောင် ကူညီရန်သာ ဖြစ်သည်။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် သူမသည် ရီဖူရှင်း၏ အပြုအမူများကို လေ့လာခဲ့ပြီးနောက် သူသည် သူ့နားမှ လူများအပေါ် ကောင်းစွာဆက်ဆံပေးကြောင်း သိရှိခဲ့သည်။ သူမက သူ့အား ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်လျှင် သူက အနည်းဆုံး အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေက သူနှင့် သက်ဆိုင်နေကြောင်း အသိတစ်ခု ဝင်လာမည်​ဖြစ်၏။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကိုယ်စား လက်စားချေပေးလိုခြင်းရှိမရှိက အခြားကိစ္စတစ်ခုဖြစ်သည်။ သို့ဆိုလျှင်ပင် သူက ထိပ်ဆုံးသို့ တက်လှမ်းသွားနိုင်ပါက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည်လည်း လွတ်မြောက်ကာ စိတ်ရှိသလို သွားလာလှုပ်ရှားနိုင်မည်ဖြစ်သည်။ လူမြင်ကွင်းသို့ ထွက်မိသည့်အတွက် ပြဿနာဖြစ်လာမည်ကို ကြောက်ရွံ့နေရသော ကိစ္စမျိုး ရှိလာတော့မည် မဟုတ်ပေ။

သူမသည် ရီဖူရှင်းအား ဒုတိယကျွန်းသခင်ဟူသော ဘွဲ့ကို ပေးအပ်ခဲ့ပြီး နောင်တစ်ချိန်၌ ကျွန်းသခင်ရာထူးကိုပင် စွန့်လွှတ်ကာ ရီဖူရှင်းအတွက် လမ်းခင်းပေးရန် ဆန္ဒရှိပေသည်။ ထိုအရာအားလုံးက ရည်ရွယ်ချက်တစ်ခုကြောင့် ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို လက်လွှဲပေးခြင်းက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအား ထိန်းသိမ်းရန်ဖြစ်သည်။ ထိုနယ်​မြေသည် သူမအဖေမှ ချန်ရစ်ခဲ့သည့် အုတ်မြစ်များ ဖြစ်သည်။ သူမသည် ၎င်းတို့က တစ်နေ့တွင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီး သမိုင်း၏ အကြွင်းအကျန်များသာ ဖြစ်လာမည်ကို မမြင်လိုခဲ့ပေ။

"မင်းတစ်နေ့မှာ ထိပ်ဆုံးကို ရောက်လာခဲ့ရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို မင်းဆီလက်လွှဲပေးမယ်။ မင်း လက်ခံနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။" နတ်မိမယ်တုံ့လိုင်၏ လှပသော မျက်လုံးများက ရီဖူရှင်းကို တိုက်ရိုက်ကြည့်နေခဲ့သည်။

ယခုအချိန်မှသာ ရီဖူရှင်းသည် သူမ၏ ရည်ရွယ်ချက်ကို နားလည်လာခဲ့သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် တိတ်တဆိတ် တောင့်ခံနေခြင်း မဟုတ်သော်လည်း ပြင်ပလောကသို့ ထွက်ရမည်ကို ကြောက်ရွံ့နေကြရခြင်း ​ဖြစ်သည်။ မဟာလမ်းစဥ်အခွင့်အလမ်းများကို သင်ကြားရန်မှာ အင်အားသစ်စုဆောင်းရန် ရည်ရွယ်ချက်ကြောင့်သာ ဖြစ်သည်။ သို့သော် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက တစ်စုံတစ်ယောက်ကို စုဆောင်းသိမ်းသွင်းနိုင်ခဲ့လျှင်ပင် အများကြီး ပြောင်းလဲမည် မဟုတ်ပေ။ အနည်းဆုံး ကျန်းကျိုမင်ကဲ့သို့သော တစ်စုံတစ်ယောက်မှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်ရန် သဘောတူမည် မဟုတ်ပါချေ။

ရီဖူရှင်းက ခြွင်းချက်တစ်ခု ဖြစ်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ အနေနှင့် ထိုသို့သော လူမျိုး သူတို့ထံ ရောက်ရှိလာခြင်းမှာ ကံကောင်းခြင်းပင်ဖြစ်၏။

အရာအားလုံးက ကံကြမ္မာ၏ တိုက်ဆိုင်မှုပင် ဖြစ်သည်။

"ကောင်းပြီ။ ကျွန်တော် လက်ခံတယ်။" ရီဖူရှင်းက ခေါင်းညိတ်ကာ နတ်မိမယ်တုံ့လိုင်ကို အရက်ခွက်မြှောက်ပြလိုက်သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအပေါ် သူ့ခံစားချက်က အလွန် ကောင်းမွန်သည်။ သူတို့က သူ့အတွက် ကျွင်းမိသားစုကိုပင် ချေမှုန်းပေးခဲ့သည်။ သူက ဆေးလုံးများကို အကုန်စားပစ်ခဲ့ပြီး နတ်သစ်ပင်အား ဝါးမြိုခဲ့လျှင်ပင် သူတို့က သူ့ကို မည်သည့်အခါကမှ ခြိမ်းခြောက်မှု မပြုခဲ့ပေ။ ဆေးဖော်စပ်သူ ဆရာသခင်များအပါအဝင် အားလုံးက သူ့ကို ချစ်ခင်နှစ်သက်ကြပေသည်။ ထိုလှပသော နတ်မိမယ်များနှင့် ကျွန်းသခင်တို့၏ လွှမ်းမိုးမှုကြောင့် မဟုတ်ဘဲ အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေက သူ့အပေါ် အလွန် ရိုးသားစွာ ဆက်ဆံခဲ့သည့်အတွက် သူက သူတို့အား ပစ်ပယ်ထားမည် မဟုတ်ပေ။

ထိုမျှအလေးပေးမှုများကို လက်ခံထားရသည့်အတွက် သူသည် နောင်တစ်ချိန်၌ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအပေါ် ပြန်ပေးဆပ်ရပေလိမ့်မည်။ သူက တောင်းဆိုချက်ကို ငြင်းပယ်ရန်အကြောင်း မရှိပေ။

"အင်း" နတ်မိမယ်တုံ့လိုင်က ခေါင်းညိတ်လိုက်၏။ ရီဖူရှင်း၏ ကတိစကားက သူမကို စိတ်သက်သာရာ ရစေသည့်အတွက်ကြောင့် ညင်သာစွာ ပြန်ဖြေလိုက်သည်။ "ကျေးဇူးတင်ပါတယ်။"

"ကျေးဇူးတင်သင့်တဲ့သူက ကျွန်တော်ပါ။" ရီဖူရှင်းက ပြောလိုက်သည်။ "စီနီယာအစ်မ၊ ဒီတစ်ကြိမ်မှာ ကျွန်တော့ကို ဘယ်ခေါ်သွားဖို့ စိတ်ကူးထားလဲ။"

ကောင်းကင်ဒေသက ကျယ်ပြောလှသည်။ ဤခရီး၌ နတ်မိမယ်တုံ့လိုင်က လမ်းပြဖြစ်ပြီး သူက မည်သည့်အရာကိုမှ စိတ်ပူရန် မလိုအပ်ပေ။ နတ်မိမယ် တုံ့လိုင်သည် ကောင်းကင်ဒေသကို သူ့ထက်ပို၍ ရင်းနှီးပေသည်။

"မင်းအတွက် လမ်းဖောက်ပေးဖို့ပဲ။" နတ်မိမယ်တုံ့လိုင်က အဝေးသို့ ကြည့်ကာ တိုးသက်စွာ ပြန်ဖြေလိုက်သည်။ သူမသည် ဤတစ်ကြိမ်၌ ရီဖူရှင်းဖိတ်ကြားချက်ကို လက်ခံခဲ့ခြင်းမှာ သူမသည် အခြေအနေအရပ်ရပ်ကို ဆုံးဖြတ်တွေးတောခဲ့မိခြင်းကြောင့် ဖြစ်သည်။ ရီဖူရှင်း၏ ထွက်ပေါ်လာမှုက သူတို့ ရန်သူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ သူ၏ စွမ်းဆောင်ချက်က အလွန် ထင်သာ​မြင်သာ ရှိနေလျှင် သူက အန္တရာယ်ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် သူမက ရီဖူရှင်းနှင့် အတူသွားရန် ချက်ချင်း သဘောတူခဲ့ခြင်း ဖြစ်​လေသည်။

ဤခရီးတွင် သူမသည် သူမအဖေ၏ မိတ်ဆွေဟောင်းများရှိနေသော တုန်းဟွာပိုင်နက်အတွင်းမှ အဓိကကုန်းမြေတစ်ခုသို့ ရီဖူရှင်းကို ခေါ်ဆောင်သွားမည်ဖြစ်သည်။ အနာဂတ်၌ ရီဖူရှင်းထံတွင် ပြဿနာတစ်ခုခု ရှိလာသောအခါ ထိုလူများက သူ့အား ကာကွယ်ပေးနိုင်ရန် သူမက ရီဖူရှင်းအတွက် လမ်းခင်းပေးရန် ရည်ရွယ်လေသည်။

ရီဖူရှင်းက အများကြီးမမေးဘဲ ခေါင်းသာ ညိတ်ပြလိုက်ကာ ဆက်လက်၍ အရက်သောက်နေလိုက်သည်။ အောက်ဘက်တွင် တိမ်များနှင့် မြူတို့ ရစ်သိုင်းနေကာ ကုန်းမြေအစိတ်အပိုင်းများကို အချိန်တိုင်းလိုလို မြင်နိုင်ပေသည်။ သူတို့သည် ကုန်းမြေပေါင်းများစွာကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားခဲ့ပြီး လမ်း၌ အခြားသော တန်ခိုးရှင်များကိုလည်း တွေ့ဆုံခဲ့သည်။ ကုန်းမြေတစ်ခုနှင့်တစ်ခု ဖြတ်သန်းကာ ခရီးသွားနိုင်သည့် ထိုသူတို့က ပုံမှန်အားဖြင့် ရန်ဟောင်အဆင့် တန်ခိုးရှင်များ ဖြစ်ကြပေသည်။

***

All Chapters