← Chapters

စုံစမ်းစစ်ဆေးခြင်း ၂

Vol. 62 Ch. 619

စုံစမ်းစစ်ဆေးခြင်း ၂

Vol. 62 Ch. 619

စုချန်းဆီသို့ ဦးတည်လာနေသူများမှာ သတ်ဖြတ်သူအုပ်စုငယ်တစု ဖြစ်သည်။

၎င်းတို့တယောက်က်ချင်းစီတိုင်းသည် သက္ကလပ်ဦးထုပ်များ၊ ထူထည်းသော သားရဲအရေခွံများကို ဝတ်ဆင်ထား၏။ ရေခဲပြင်သည် ၎င်းတို့၏ ခြေဖဝါးအောက်တွင် တဝုန်းဝုန်းနှင့် အက်ကွဲကုန်၏။

တချက်မျှ ကြည့်လိုက်ရုံနှင့် အနှီ သတ်ဖြတ်သူများသည် လင်းယုန်နီအသိုက်မှ မဟုတ်ကြောင်း စုချန်း သဘောပေါက်လိုက်သည်။

လင်းယုန်နီအသိုက်မှ သတ်ဖြတ်သူများသည် သက္ကလပ်ဦးထုပ်များကို ဆောင်းလေ့မရှိ။ အအေးဒဏ်ကို ကောင်းကောင်းကာကွယ်နိုင်သော သားမွေးဦးထုပ်များကိုသာ ဆောင်းလေ့ရှိသည်။

ဤပတ်ဝန်းကျင်မှ စစ်သားများမဟုတ်လျင် အနှီ သတ်ဖြတ်သူစစ်သားများသည် ဘယ်ကလာကြလေသနည်း။

ထိုသို့ စဥ်းစားနေသော်လည်း စုချန်း ထွက်ပြေးခြင်းတော့မရှိ။ ထိုအစား သူက တဝက်တပျက် လဲကျနေသော သစ်ပင်ကြီး၏ နောက်တွင် ဝင်ရောက်ပုန်းအောင်းလိုက်သည်။

အဝေးဆီမှ သတ်ဖြတ်သူစစ်သားများကား တရွေ့ရွေ့ နီးကပ်လာပြီ ဖြစ်သည်။ ၎င်းတို့သည် လေ့ကျင့်သားပြည့်ဝနေသော စစ်သားများဖြစ်မှန်း မြင်ရုံနှင့် သိသာနေ၏။ အုပ်စုခေါင်းဆောင်မှာကား မျက်နှာတွင် အနက်ရောင်ဆေးမင်များနှင့် ပြည့်နှက်နေလေသည်။ ၎င်းသည် အဆင့်အတန်းမြင့်မားပုံရပြီး အနည်းဆုံး ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အဆင့်တော့ ရှိမည်ဖြစ်ကြောင်း စုချန်းက အကဲဖြတ်လိုက်မိသည်။ တိုက်ခိုက်ပုံရိုးရှင်းသလောက် အင်အားကြီးမားသူ ဖြစ်မည်မှာ သေချာနေ၏။ ဘုရားကျောင်းစစ်သည်တော်တဦးပင် ဖြစ်ကောင်းဖြစ်နိုင်လောက်သည်။

ဤအတိုင်းဆိုလျင်တော့ စုချန်းအတွက် ပြသနာတက်ပေပြီ။ ရန်သူသည် တရားဝင်ချီစွမ်းအားပညာရှင် ဖြစ်နေပြီး ကိုယ်လုံးကိုယ်ပေါက်မှာလည်း မယုံနိုင်လောက်အောင် သန်မာထွားကျိုင်းနေသည် မဟုတ်ပါလား။

သတ်ဖြတ်သူများဟူသည်ကား မွေးရာပါ ကိုယ်ခန္ဓာသန်စွမ်းမှုကို အားပြုသူများ ဖြစ်သည်။ ၎င်းတို့၏ မူလစွမ်းအင်စနစ်တွင်လည်း နယ်ပယ်လေးမျိုးသာရှိပြီး ချီစုဆောင်းခြင်းနယ်ပယ်မှ စတင်ကာ အလင်းတုန်ခါခြင်းနယ်ပယ်တွင် အဆုံးသတ်သွား၏။ ထို့ကြောင့် သတ်ဖြတ်သူတဦးအနေနှင့် အဆိုပါ စနစ်အတိုင်း သွားပါက ၎င်းသည် အလင်းတုန်ခါခြင်းနယ်ပယ်ထက် အဆင့်မြင့်လာစရာ အကြောင်းမရှိတော့ချေ။ သို့သော် မူလစွမ်းအင်ကျောင်းတော်ကို ဖြတ်သန်းလိုက်ခြင်းအားဖြင့် အဆိုပါ သတ်ဖြတ်သူ၏ ကျင့်ကြံရေးလမ်းကြောင်းမှာ ပြောင်းလဲသွားပြီး အထက်ကျင့်ကြံခြင်းနယ်ပယ်များသို့ တက်လှမ်းနိုင်စရာ အခွင့်အရေးများ ရရှိလာနိုင်ဖွယ်ရှိ၏။

ထို့ကြောင့် သတ်ဖြတ်သူများသည် အဆင့်မြင့်ကျင့်ကြံခြင်းနယ်ပယ်များသို့ တက်လှမ်းလိုပါက မူလစွမ်းအင်ကျောင်းတော်အား မဖြစ်မနေ ဖြတ်သန်းရ၏။ သို့သော် သတ်ဖြတ်သူတဦးစီတိုင်းသည် မူလစွမ်းအင်ကျောင်းတော်အား အများဆုံး ခြောက်ကြိမ်သာ ဖြတ်သန်းခွင့်ရှိလေသည်။ ဆိုလ််ိုသည်မှာ ဘုရားကျောင်းတော်စစ်သည်တော်များသည် အများဆုံး စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်သို့သာ ရောက်ရှိနိင်၏။ ၎င်းတို့အနေနှင့် အနှိုင်းမဲ့အရှင်သခင်နယ်ပယ်သို့ မည်သည့်အခါမှ ရောက်နိုင်လိမ့်မည်မဟုတ်ချေ။

သို့သော် သတ်ဖြတ်သူများသည် ၎င်းတို့၏ မူလစွမ်းအင်ချို့တဲ့မှုအား ကြံ့ခိုင်သန်စွမ်းလှသည့် ရုပ်ပိုင်းဆိုင်ရာအင်အားဖြင့် တဖက်တလမ်းမှ ပြန်လည် ထောက်ကန်ပေးထား၏။ ထို့ကြောင့် ဘုရားကျောင်းစစ်သည်တော်များသည် စတင်လေ့ကျင့်ကတည်းက ရုပ်ပိုင်းနှင့် မူလစွမ်းအင်ပိုင်းကို တပြိုင်နက်တည်း တွဲဖက်လေ့ကျင့်လေ့ရှိကြလေသည်။ ထိုအခါ စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင် သတ်ဖြတ်သူတဦးသည် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာအင်အားကို အားပြုလျက် အနှိုင်းမဲ့အရှင်သခင်နယ်ပယ်ချီစွမ်းအားပညာရှင်တဦးကိုပါ အံတုဘက်ပြိုင်နိုင်စွမ်းရှိလာကြလေသည်။

ယခု စုချန်း တွေ့နေရသည့် သတ်ဖြတ်သူခေါင်းဆောင်သည်လည်း ဆေးမင်အများအပြားရှိနေခြင်းကို ထောက်လျင် မူလစွမ်းအင်ကျောင်းတော်အား အကြိမ်ရေအတော်များများ ဖြတ်သန်းထားပြီးသူ ဖြစ်ပုံရ၏။ ထို့ပြင် ၎င်းနှင့်အတူ ပါလာသော စစ်သားများသည်လည်း လျှို့ဝှက်တာဝန်ထမ်းဆောင်ရန် သီးခြားလေ့ကျင့်ထားသူများ ဖြစ်ပုံရလေသည်။

ထို့ပြင် သတ်ဖြတ်သူစစ်သားများအနက် တဦး၏ မျက်လုံးသည် အတော်ပင် ထူးခြားနေကြောင်း စုချန်း သတိထားမိလိုက်၏။ အကြောင်းမှာ ၎င်း၏ မျက်လုံးသည် ထူးထူးခြားခြား အစိမ်းရောင်သန်းနေခြင်းကြောင့်ပင်။

လက်စသတ်တော့ အကြားအမြင်ပညာရှင်ပေတကား။

အကြားအမြင်ပညာရှင်များဟူသည် နတ်ဘုရားဗိမ္မာန်တော်မှ မွေးထုတ်လ်ိုက်သူများ မဟုတ်။ ၎င်းတို့အား စစ်တပ်မှ လျှို့ဝှက်နည်းစနစ်တရပ်နှင့် လေ့ကျင့်ပေးထားခြင်း ဖြစ်သည်။ ၎င်းတို့သည် တခြားသူများ ဖုံးကွယ်ထားသည့်အရာများအား မြင်တွေ့နိုင်စွမ်း ရှိကြ၏။

အကြားအမြင်ပညာရှင် ရောက်လာပြီဖြစ်၍ စုချန်းအနေနှင့် လက်ရှိအနေအထားတိုင်း ဆက်လက်ပုန်းကွယ်နေရန် အတော်ပင် ခဲယဥ်းသွားလေပြီ။

သတ်ဖြတ်သူများထဲတွင် သီးခြားကျွမ်းကျင်မှု ရှိကြသူများလည်း ရှိ၏။ ထိုအထဲတွင် အကြားအမြင်ပညာရှင်များလည်း ပါဝင်ပေသည်။ သတ်ဖြတ်သူစုံစမ်းထောက်လှမ်းရေးအဖွဲ့ငယ်တိုင်းတွင် ထိုသို့ အကြားအမြင်ပညာရှင် တဦးကျစီ ပါဝင်၏။

အဆင့်မြင့်ဆေးမင်ထိုးဘုရားကျောင်းစစ်သည်တော်တဦးနှင့် အကြားအမြင်ပညာရှင်တဦးပါဝင်ငည့် အဖွဲ့။ ဤအဖွဲ့ကား တကယ့် ထိပ်တန်းအဖွဲ့တဖွဲ့ဖြစ်မှန်း ယုံမှားသံသယ ဖြစ်နေစရာ မလိုတော့။

သတ်ဖြတ်သူ ထိပ်တန်းစုံစမ်းထောက်လှမ်းရေးအဖွဲ့တဖွဲ့သည် ဤလမ်းကြောင်းပေါ်တွင် ဘာလာလုပ်သနည်း။

ဒါ....ဒါ....

စုချန်း၏ ရင်ထဲတွင် မနှစ်မြို့ဖွယ် ခံစားချက်တရပ် ဖြစ်ပေါ်လာ၏။ ထို့နောက် သူက သူ့ကိုယ်သူ အရိပ်မူလပစ္စည်းကိုသုံးကာ ပုံဖျက်ဖုံးကွယ်ထားလိုက်တော့သည်။ သူ့အနေနှင့် အကြားအမြင်ပညာရှင်တဦး၏ ရှေ့မှောက်တွင် ယခင်နည်းအတိုင်း သစ်ပင်နောက်ကွယ်တွင် ပုန်းမနေဝံ့တော့။

နောက်ဆုံးတွင် သတ်ဖြတ်သူစုံစမ်းထောက်လှမ်းရေးအဖွဲ့ငယ်သည် အဝါရောင်နဂါးတောအုပ်ရှိရာသို့ ရောက်ရှိလာ၏။

အနားသို့ရောက်သည်နှင့် သတ်ဖြတ်သူခေါင်းဆောင်သည် လက်တဖက်ဝေ့ယမ်းကာ အမိန့်ပေးလိုက်၏။

ထိုအခါ အကြားအမြင်ပညာရှင်သည် ရှေ့သို့တိုးလာပြီး ပတ်ဝန်းကျင်အား လေ့လာစစ်ဆေးလ််ိုက်လေသည်။ အတန်ကြာအောင် စစ်ဆေးပြီးနောက် ၎င်းက ပြောလိုက်သည်။

"မီးလောင်ကျွမ်းမှုက လွန်ခဲ့တဲ့ ဆယ့်ငါးရက်လောက်က ဖြစ်သွားတာပဲ ဒီလောက်အေးခဲ့နေတဲ့နေရာ ဒီလောက် မီးစွဲဖို့ခက်တဲ့ အဝါရောင်နဂါးသစ်ပင် ဒီလိုနေရာမှာ မီးမလောင်နိုင်ဘူးလို့ ထင်ရပေမဲ့ မီးကတော့ တကယ်ကြီး လောင်သွားခဲ့ပြီ မီးလောင်ကျွမ်းတာကလဲ မူလစွမ်းအင်နဲ့ ဆက်စပ်နေကြောင်း တွေ့ရတယ် ပြောရမယ်ဆိုရင် ဒါ သူ့အလိုလို ထလောင်တဲ့ မီးမဟုတ်ဘူး ရှို့မီးပဲ မီးလောင်ရတဲ့အကြောင်းရင်းကတော့ အများကြီးပဲ အချက်ပေါင်းသုံးဆယ်လောက်ကို ရှိတယ်"

"မီးလောင်ရတဲ့အကြောင်းရင်း အချက်ပေါင်းသုံးဆယ်လောက်ထိကို ရှိတယ် ဟုတ်လား"

သတ်ဖြတ်သူခေါင်းဆောင်က မေးလိုက်၏။

"ဟုတ်တယ်ဗျို့"

အကြားအမြင်ပညာရှင်၏ လေသံမှာ ယုံကြည်မှုပြည့်ဝနေ၏။

"စိတ်ဝင်စားဖို့အကောင်းဆုံးအချက်က ရာသီဥတုအလွန်အေးတဲ့အတွက် ပြာတွေအကုန်လုံး အေးခဲကုန်တယ် ဒီပြာတွေရဲ့ပမာဏကို ကြည့်ရင် သစ်ပင်အများစု အကောင်းပကတိ ကျန်နေခဲ့သေးတယ်ဆိုတာ ပြောနိုင်တယ် ဒီမှာကြည့်"

ပြောပြောဆိုဆို အကြားအမြင်ပညာရှင်သည် ပြာခဲများအောက်မှ သစ်တုံးကို ဆွဲထုတ်ရင်း ရှင်းပြလိုက်သည်။

"ဒီမှာ ပုဆိန်ရာတွေ တွေ့တယ် သေချာတာကတော့ ဒီအပင်တွေဟာ မီးမလောင်ခင်ကတည်းက အခုတ်ခံထားရတာပဲ"

ထိုစကားကိုကြားသည်နှင့် သတ်ဖြတ်သူစုံစမ်းထောက်လှမ်းရေးအဖွဲ့ဝင်များ တယောက်မျက်နှာကိုတယောက် စိုက်ကြည့်လိုက်ကြ၏။ ထိုအခါ ခေါင်းဆောင်လုပ်သူက အမိန့်ပေးလိုက်လေသည်။

"တခြားနေရာတွေက်ိုပါ စစ်ဆေးကြည့်စမ်းဟေ့"

အမိန့်သံပေါ်လာသည်နှင့် ကျန်အဖွဲ့ဝင်များ စတင်လှုပ်ရှားလိုက်ကြ၏။

"ဟာ ဟုတ်တယ်ဟေ့ ဒီမှာ ပုဆိန်ရာကြီး"

"ဒီမှာလဲ အတူတူပဲဟေ့"

"ဟုတ်တယ်ဟေ့"

"ဒီကောင်တွေ ရှိသမျှ သစ်ပင်ကြီးတွေကို မီးမလောင်ခင် ခုတ်ယူသွားတာပဲ"

ဆူဆူညံညံ အော်ဟစ်သံများ ဟိုမှသည်မှ ထွက်ပေါ်လာ၏။ သတ်ဖြတ်သူခေါင်းဆောင်၏ မျက်နှာ အထူးပင် လေးနက်တည်ကြည်သွားလေသည်။

"ဒီလူသားတွေ ငါတို့နောက်ကွယ်မှာ တခုခုလုပ်ဖို့ ကြံစည်နေတာတော့ သေချာနေပြီ ဒီကောင်တွေ ဒီကိုလာတဲ့ တကယ့်ရည်ရွယ်ချက်က အဝါရောင်နဂါးသစ်ပင်ကြောင့်ပဲ ဖြစ်ရမယ်"

"ဘာကြောင့် လူသားတွေ အဝါရောင်နဂါးသစ်ပင်ကို လိုချင်တယ်လို့ အတ်ိိအကျ ပြောနိုင်ရတာလဲ"

အကြားအမြင်ပညာရှင်က မေးခွန်းထုတ်လိုက်သည်။ သူ့အနေနှင့် ရန်သူ၏ အစီအစဥ်ကိုတော့ ကြိုတင်မျှော်တွေးနိုင်သော စွမ်းရည်မရှိချေ။

သတ်ဖြတ်သူခေါင်းဆောင်က ခေါင်းခါလိုက်သည်။

"ဘာကြောင့်လဲဆိုတာတော့ ကျုပ်လဲ အတိအကျ မပြောနိုင်ဘူး ဒါပေမဲ့ ဗိုလ်ချုပ်ကတော့ ပြောနိုင်လိမ့်မယ် ကဲ ကျုပ်တို့ သူဆီပြန်ပြီး သတင်းပို့ကြမယ်"

စကားဆုံးသည်နှင့် သတ်ဖြတ်သူခေါင်းဆောင်သည် လာရာလမ်းသို့ ဦးတည်လိုက်သည်။ ထ်ိုအချိန်မှာပင် အန္တရာယ်အငွေ့အသက်တချို့ကို သူ ခံစားလိုက်ရ၏။

ထိုခံစားချက်မျိုးဟူသည် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ပြီးမှ ရလာနိုင်သည့် ခံစားချက်မျိုး ဖြစ်သည်။ ထိုခံစားချက် ဖြစ်ပေါ်လာသည်နှင့် သတ်ဖြတ်သူခေါင်းဆောင်သည် ရှေ့သို့ တဟုန်ထိုး ခုန်ထွက်ကာ ရှောင်တိမ်းလိုက်၏။

ရွှီခနဲ မြည်သံနှင့်အတူ အဖြူရောင်ဓားရိပ်တခုသည် သတ်ဖြတ်သူခေါင်းဆောင်၏ နောက်ကျောမှ ဖြတ်သန်းပြီး အကြားအမြင်ပညာရှင်ဆီသို့ တိုးဝင်သွား၏။

သွားပြီ...

အခြေအနေ မကောင်းတော့မှန်း သတ်ဖြတ်သူခေါင်းဆောင် သဘောပေါက်လ်ိုက်၏။ လူသတ်သမားကား အကြားအမြင်ပညာရှင်ကို လုပ်ကြံရန် ရည်ရွယ်ထားခြင်းပေတကား။

အကြားအမြင်ပညာရှင်၏ တုံ့ပြန်မှုကလည်း မနှေးလှ။ သေရေးရှင်ရေးအခိုက်အတန့်မှာပင် ကိုယ်ခန္ဓာကို ထူးဆန်းသောပုံစံနှင့် တွန့်လိန်ကွေးကောက်ပြီး ဓားချက်ကို ရှောင်တိမ်းလိုက်၏။ ကံမကောင်းအကြောင်းမလှစွာပင် တောင်ခွဲဓားချက်ကြောင့် ၎င်း၏ လက်တဖက် လေထဲသို့ လွင့်စင်သွားရှာ၏။

ထိုအချိန်တွင် သတ်ဖြတ်သူစစ်သားသုံးဦးသည် သစ်ပင်ကြီးဆီသို့ ခုန်ဝင်ပြီး ပြိုင်တူတိုက်ခိုက်လိုက်ကြ၏။ ပြင်းထန်သော အားလှိုင်းကြောင့် သစ်ပင်ကြီး ဝုန်းခနဲ လဲပြိုသွား၏။ သို့သော် သစ်ပင်နောက်ကွယ်တွင်ကား မည်သည့့်လှုပ်ရှားမှုမှ မရှိ။

"သူ ဟိုမှာ"

ထိုစဥ် အကြားအမြင်ပညာရှင်သည် လေထဲသို့ ညွှန်ပြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

စုချန်း၏ ဖုံးကွယ်ခြင်းနည်းစနစ်သည် အကြားအမြင်ပညာရှင်၏ ရှေ့မှောက်တွင် အမှန်တကယ် အသုံးမတည့်တော့ချေ။ ၎င်းအား တချက်တည်းနှင့် မသတ်နိုင်ခဲ့ခြင်းမှာ နှမြောဖွယ်ရာ ကောင်းလှ၏။

တဖက်မှ သတ်ဖြတ်သူစစ်သားများကလည်း တကယ့် လက်ရွေးစင်များပင်။ အကြားအမြင်ပညာရှင်မှ စုချန်း၏ တည်နေရာအား ဖော်ထုတ်လိုက်သည်နှင့် စစ်သားခြောက်ယောက်သည် ပြိုင်တူခုန်ဝင်လာပြီး တိုက်ခိုက်လိုက်ကြသည်။ ထိုအချိန်တွင် ကျန်စစ်သားနှစ်ဦးက နောက်သို့ဆုတ်သွားပြီး အကြားအမြင်ပညာရှင်အား ကာကွယ်ထားလိုက်ကြသည်။ သတ်ဖြတ်သူခေါင်းဆောင်သည်ကား ထ်ိုအစုအဖွဲ့၏ အလည်တွင် ရပ်ကာ အခြေအနေက်ို ထိန်းချုပ်လျက်ရှိ၏။

တဖန် သူသည် ရေခဲပြင်တွင် ခပ်မှိန်မှိန် ထင်ကျန်နေသည့် ခြေရာများအား တချက် စိုက်ကြည့်ကာ စတင်တိုက်ခိုက်လိုက်တော့၏။

၎င်း၏ တိုက်ခိုက်မှုမှာ ပေသုံးဆယ်အကွာအဝေးထိ သက်ရောက်မှုရှိသော လက်သီးချက်တချက် ပစ်သွင်းလိုက်ခြင်းပင်။

***

All Chapters