← Chapters

အခန်း ၁-၃

Vol. 1 Ch. 1-3

အခန်း ၁-၃

Vol. 1 Ch. 1-3

အခန်း ( ၁ ) ရီမိသားစုရဲ့ မိသားစုစနစ် အသက်ဝင်လာခြင်း။

မြောက်ပိုင်းခရိုင် ၊ အရှေ့ဘက်ဖုန်းဆိုးမြေ။

တာ့ယုတိုင်းပြည် ၊ တုန်ရှန်းကျေးရွာ။

ရီဖန်သည် ရုတ်တရက် လန့်နိုးလာကာ အိပ်ရာပေါ်မှာ ဆတ်ခနဲ ထထိုင်လိုက်မိသည်။

သူ တစ်ခါမှ မမြင်ဖူးတဲ့ ဘေးဘီဝဲယာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ရီဖန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွား၏။

လူ တစ်ယောက်ကို ကယ်ဖို့ ကြိုးစားရင်းနဲ့ ကားကြီး တစ်စီးက ဖြတ်တိုက်သွားလို့ သူ သေသွားတာ မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ် လူကောင်းပကတိအတိုင်း ရှိနေသေးတာလဲ … ။

ထိုအချိန်မှာပဲ ရီဖန်ရဲ့ စိတ်ထဲကို မရင်းနှီးတဲ့ အစိမ်းသက်သက် မှတ်ဉာဏ်တွေ တစ်ခုပြီး တစ်ခု ဝင်ရောက်လာသည်။ ဒါက စိတ်ဝိညာဉ်ချင်း ပေါင်းစပ်သွားတာပဲ ဖြစ်လိမ့်မည်။

သမိုင်းကြောင်းတွေထဲမှာ ပြောကြသလို ကျင့်ကြံရေးကို တရားဝင် ခွင့်ပြုထားတဲ့ ကမ္ဘာကို သူ အချိန်ကူးပြောင်းလာတာလား … ။

တာ့ယုတိုင်းပြည်သည် သိုင်းပညာအပေါ် အခြေပြု တည်ထောင်ထားတဲ့ တိုင်းပြည် တစ်ခု ဖြစ်ပြီး တိုင်းပြည်ကို စတင်တည်ထောင်ခဲ့သော ဘိုးဘေးများသည် မသေမျိုးတွေ ဆိုတဲ့ ကောလဟာလတွေလည်း ရှိ၏။

ထိုသတင်းက ကောလဟာလမျှသာ ဖြစ်ကာ ဒီကမ္ဘာပေါ်မှာ မသေမျိုးတွေ တကယ် ရှိတယ် ဆိုတာကို ဘယ်သူကမှ အတည်မပြုနိုင်သော်လည်း သေမျိုးတွေကို ကောင်းကင်ဘုံရဲ့ စွမ်းအင်တွေအား လိုအပ်သလို အသုံးချနိုင်အောင် လေ့ကျင့်ပေးတဲ့ သိုင်းပညာလမ်းစဉ်ကတော့ အမှန်တကယ်ပဲ ရှိပါသည်။

သိုင်းပညာလမ်းစဉ်မှာ ‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာအောင် လေ့ကျင့်ခြင်း ’ ၊ ‘ ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ’ နှင့် ‘ ကောင်းကင်နတ်ဘုရား ပထမအဆင့် ’ ဆိုပြီး အဆင့် သုံးဆင့် ရှိသည်။

‘ ကောင်းကင်နတ်ဘုရား ပထမအဆင့် ’ ကို ကျွမ်းကျင်တတ်မြောက်သွားသူတွေက စစ်တပ် တစ်တပ်လုံးကို တစ်ယောက်တည်း အေးအေးဆေးဆေး ပြောင်းပြန်လှန်ပစ်နိုင်သည်။

သေချာတာ တစ်ခုကတော့ အဲ့ဒါတွေ အကုန်လုံးက ရီဖန်နှင့် မသက်ဆိုင်ပါ။

ရီဖန်က သား နှစ်ယောက်ကို တစ်ယောက်တည်း ပျိုးထောင်နေရတဲ့ မုဆိုးဖို တစ်ယောက်သာ ဖြစ်ပြီး မိသားစုနောက်ခံလည်း မရှိ ၊ ဘာအမွေမှလည်း ရစရာမရှိတဲ့အပြင် အသက်ကလည်း သုံးဆယ်ကျော်နေလေရာ သူ့မှာ သိုင်းပညာလမ်းစဉ်တွေနှင့် ဘာအဆက်အစပ်မှ မရှိပါ။

အချိန်ကူးပြောင်းလာသူ တပုံတခေါင်းကြီးထဲမှာ ဒီလို ဘဝအခြေအနေမျိုးကို ကူးပြောင်းလာတဲ့ လူက နှစ်ယောက်တောင် မရှိမှာ မုချပင်။

သနားစရာကောင်းလိုက်တဲ့ ငါ့ဘဝနှယ် … ။

“ ဖန်လေးရေ .. ဖန်လေး .. မင်း မိန်းမလိုချင်လား။ မင်း မိန်းမလိုချင်ရင် ငါ မင်းအတွက် တစ်ယောက် ရှာပေးလို့ ရတယ်နော်။ ” အပြင်ဘက်က စကားသံကျယ်ကျယ် ထွက်ပေါ်လာသည်။ ရီဖန်ရဲ့ မှတ်ဉာဏ်အသစ်တွေအရ ထိုအသံပိုင်ရှင်က သူ့အိမ်နီးချင်း ဝမ်တုန်း ဖြစ်သည်။

ဝမ်တုန်းက ရီဖန်ရဲ့ အိမ်ရှေ့တံခါးကို ခပ်သွက်သွက်ပဲ တွန်းဖွင့် ဝင်လာခဲ့သည်။

“ မင်း တစ်ကိုယ်တည်းသမား ဖြစ်နေတာ တော်တော်လေး ကြာနေပြီ ဖန်လေး။ ထျန်လေးနဲ့ ဟိုင်လေးက ကလေးပေါက်စလေးတွေ မဟုတ်ဘူး။ မင်းလည်း မင်းအနာဂတ်အတွက် စဉ်းစားသင့်တယ်။ ”

ဝမ်တုန်းက ရေ တစ်ခွက် ထည့်ရင်း ရီဖန်ကို လှမ်းပြောသည်။ ရီဖန်ရဲ့ ဘဝအခြေအနေကို တစ်ရွာလုံး ခရေစေ့ကွင်းကျ မသိတဲ့လူ မရှိပါ။ သူက နည်းနည်းလေး ဆင်းရဲပေမဲ့ ရွာထဲမှာ နာမည်ဂုဏ်သတင်းမွှေးပျံ့သည်။

ရွာသား တစ်ယောက်ယောက်မှာ ပြဿနာကြုံတဲ့အခါတိုင်း ရီဖန်က စိတ်ပါလက်ပါ ကူညီပေးတတ်တာမို့ ထိုအကျင့်လေးက ရီဖန်ရဲ့ ကောင်းကွက် တစ်ကွက် ဖြစ်လေသည်။ မဟုတ်ရင် ရွာသားတွေက သူတို့မှာ ကောင်းတာလေး တစ်ခုခု ရှိတိုင်း ရီဖန့်ကို သတိရမှာ မဟုတ်‌ေပ။

ရီဖန်သည် သူ့စိတ်ထဲက မှတ်ဉာဏ်တွေ အကုန်လုံးကို ပေါင်းစပ်လိုက်တော့ ဝမ်တုန်းကို လူစိမ်း တစ်ယောက်လို မခံစားရတော့ဘဲ အပြုံးလေးဖြင့် ပြောလိုက်သည်။

“ နေပါစေဗျာ။ ထျန်လေးနဲ့ ဟိုင်လေးက အခုအချိန်မှာ အရွယ်ရောက်ရင် ရောက်နေလောက်ပြီ ဆိုပေမဲ့လည်း ကျွန်တော်တို့မိသားစုရဲ့ အခြေအနေကို ပြန်ကြည့်ရင် ဘယ်သူ့ကိုမှ ဒီမိသားစုထဲ ဆွဲမသွင်းတာ ပိုကောင်းပါတယ်။ ”

ထိုအချိန်မှာပဲ အခန်းထဲကို လူငယ်လေး နှစ်ယောက် ပြေးဝင်လာသည်။

“ ဦးလေးတုန်း အကြံပေးတာကို အဖေ လက်ခံသင့်တယ်။ ကျွန်တော်တို့လည်း အခု အရွယ်ရောက်နေပြီမို့လို့ ကိုယ့်ဘာသာ ပိုက်ဆံရှာနိုင်နေပါပြီ။ ကျွန်တော်တို့ အဖေကို ဆက်ဒုက္ခမပေးတော့ပါဘူး။ ” ရီကျင်းထျန်နှင့် ရီကျင်းဟိုင်က ရီဖန်ကို စိတ်ပူနေတဲ့ လေသံဖြင့် ပြောလိုက်သည်။

အဖေ့ဘဝအှာ သူတို့က ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေတာကြောင့်သာ မဟုတ်ရင် အဖေတစ်ယောက် အစောကြီးကတည်းက နောက်အိမ်ထောင်ပြုပြီးနေပြီ ဆိုတာ သားနှစ်ယောက်လုံး ကောင်းကောင်း သိသည်။

ဖခင် တစ်ယောက် ရှာလို့ ရသမျှ ပိုက်ဆံတွေ အကုန်လုံးက သူ့သားနှစ်ယောက်အတွက်ပဲ ဖြစ်နေတဲ့အခါ ထိုကိစ္စက ပေါ့သေးသေး မဟုတ်တော့ပါ။ ဘယ်မိန်းကလေးက ရီမိသားစုနဲ့ လက်ထပ်ပြီး ကောင်လေး နှစ်ယောက်ကို ထောက်ပံ့ပေးချင်မှာလဲ။

“ … ”

ရီဖန်သည် သားနှစ်ယောက် ပြောတဲ့ စကားကို ကြားတော့ စိတ်ထဲမှာ လှုပ်ခတ်သွားသည်။ ဒီခန္ဓာကိုယ်ကို သူ့စိတ်ဝိညာဉ်နှင့် မထိန်းချုပ်ချင်သလို မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ စိတ်ဝိညာဉ်နှင့် သူ့စိတ်ဝိညာဉ်ကို ပေါင်းစပ်သွားတာမျိုးလည်း မဖြစ်စေချင်ပါ။

ရီကျင်းထျန်နှင့် ရီကျင်းဟိုင်အပေါ် ထားတဲ့ သူ့ခံစားချက်တွေက အစစ်အမှန် ဖြစ်သည်။

သူ့အတွက် စိတ်ပူပေးနေတဲ့ သားနှစ်ယောက်ကို ကြည့်ပြီး ရီဖန် စိတ်မချမ်းသာဘဲ နေမလား … ။

“ ဘာမှ ထပ်တွေးမနေနဲ့တော့ ဖန်လေး။ ငါ ခဏနေရင် မင်းအတွက် မိန်းမခေါ်လာခဲ့မယ်။ ”

ဝမ်တုန်းက ရီဖန်ရဲ့ တုံ့ပြန်စကားကိုတောင် မစောင့်တော့ဘဲ သူ့အတွက် ဇနီးရှာပုံတော်ကို ခပ်သုတ်သုတ် သွားဖွင့်တော့သည်။

နောက်ဆုံးတော့ ရီဖန်မှာ သူ့သားတွေကို သေချာ ကြည့်ဖို့ အချိန်ရလာပါပြီ။

သူ့သားအကြီး ရီကျင်းထျန်က ဒီနှစ်ထဲမှာ ( ၁၅ ) နှစ် ၊ အငယ်‌ကောင်လေး ရီကျင်းဟိုင်ကတော့ ( ၁၂ ) နှစ် ပြည့်ပြီးခါစလေးပဲ ရှိသေးသည်။ ရီဖန်က လယ်သမား တစ်ယောက် ဖြစ်သော်လည်း အဆင်း၏ ကောင်းခြင်းနှင့် ကောင်းချီးပေးခံထားရသည်။ သူ့ပုံစံက တစ်နေ့ တစ်နေ့ မိုးလင်းကမိုးချုပ် အလုပ်,လုပ်နေရလို့ နည်းနည်းလေး မသပ်မရပ် ဖြစ်နေရုံလေးပါပဲ။

သိသာစွာပင် သူ့သားတွေက ရီဖန်ရဲ့ မျိုးရိုးဗီဇကို အရပ်ရှည်ရှည် ၊ ခပ်ချောချော မျက်နှာ ၊ မျက်လုံးတောက်တောက် ၊ မျက်ခုံးထူထူလေးတွေဖြင့် အမွေဆက်ခံထားသည်။

တကယ်လို့သာ သူတို့ မဆင်းရဲရင် သူတို့ကို အသည်းအသန် လိုက်ပိုးပန်းတဲ့ မိန်းကလေးတွေကြောင့် စိတ်ပင်ပန်းရပါလိမ့်မည်။ လက်ရှိခေတ်ကာလသည် သိုင်းပညာလမ်းစဥ်ကို လေ့လာလိုက်စားတဲ့ ရှေးခေတ် ဖြစ်နေတာ နှမြောစရာကောင်းသည်။

ရီဖန်ရဲ့ မူလကမ္ဘာမှာသာ ဆိုရင် သူတို့က နာမည်ကျော်အနုပညာရှင်တောင် အလွယ်တကူ လုပ်လို့ ရပေမဲ့ အခုတော့ မိသားစုကို ထောက်ပံ့နေရတဲ့ ရှေးခေတ်က မုဆိုးဖို တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းလာ၍ ဘာဆက်လုပ်ရမှန်း မသိတော့ပေ။

ပိုက်ဆံကတော့ သေချာပေါက် ရှာဖို့ လိုသည်။ ဖြစ်နိုင်ရင် သူ သိုင်းပညာလမ်းစဉ်တွေကိုလည်း ကျင့်ကြံချင်သည်။

ငယ်တုန်းရွယ်တုန်းမှာ သိုင်းပညာဆရာသခင် တစ်ယောက် ဖြစ်လာဖို့က လူတိုင်းရဲ့ အိပ်မက်ပဲ မဟုတ်လား … ။

ရီဖန်သည် အခု သူ့မှာ အခွင့်အရေးရှိတုန်း ထိုအခွင့်အရေးကို သဘာဝကျစွာပင် လက်လွှတ်မခံချင်ပါ။ ဒါပေမဲ့ ‘ လူဆင်းရဲတွေက စာဖတ်ပြီး လူချမ်းသာတွေကတော့ သိုင်းပညာကျင့်ကြံတယ် ’ ဆိုတဲ့ ဆိုရိုးစကားလိုပဲ ပိုက်ဆံမရှိဘဲ သိုင်းပညာကျင့်ကြံချင်တာက အခြေအမြစ်မရှိတဲ့ စိတ်ကူးသက်သက်ပါပဲ။

သူ့ရဲ့ မှတ်ဉာဏ်တွေအရ ရီဖန်မှာ သိုင်းပညာလေ့ကျင့်ဖို့ နည်းလမ်း နှစ်မျိုးပဲ ရှိသည်။

ပထမနည်းလမ်းက အခြေခံ ကျင့်ကြံရေးနည်းစနစ်တွေကို သင်ကြားပေးတဲ့ ဂိုဏ်း တစ်ခုထဲကို ဝင်လိုက်ဖို့ ဖြစ်သည်။ ဒါပေမဲ့ အဲ့ဒါက အန္တရာယ်တွေကိုပါ တွဲလျက် တစ်ပါတည်း ခေါ်ဆောင်လာလိမ့်မည်။

ဒုတိယနည်းလမ်းကတော့ သိုင်းသင်တန်းကျောင်းမှာ လေ့လာသင်ယူခြင်း ဖြစ်သည်။ ဥပမာပြောရရင် တုန်ရှန်းရွာနှင့် ဆက်သွယ်ထားတဲ့ ချန်ဟဲမြို့မှာ သံချပ်ကာသိုင်းသင်တန်းကျောင်းနှင့် သက်ဝင်လှုပ်ရှားသိုင်းသင်တန်းကျောင်း ဆိုပြီး သိုင်းသင်တန်းကျောင်းနှစ်ခု ရှိသည်။

သံချပ်ကာသိုင်းသင်တန်းကျောင်းက လက်နက်အကူအညီမပါဘဲ ခန္ဓာကိုယ်ကိုသာ အသုံးချရတဲ့ အံ့မခန်း ကြင့်ကျံရေးနည်းစနစ်တွေကို အထူးပြု သင်ကြားပေးပြီး သက်ဝင်လှုပ်ရှားသိုင်းသင်တန်းကျောင်းကတော့ လက်ဝှေ့ထိုးသည့် နည်းစနစ်တွေကို သင်ကြားပေးသည်။ ဆရာ နှစ်ယောက်စလုံးက ခန္ဓာကိုယ်ကို အခြားလူ တစ်ယောက်လို ပြောင်းလဲသွားအောင် သင်ကြားပေးတဲ့ နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတွေပင်။

ဒါပေမဲ့ သိုင်းသင်တန်းကျောင်းမှာ သင်ယူဖို့ ဆိုရင် ကျူရှင်ကြေး တစ်ခုတည်းကပင် ငွေတုံးတွေ ဆယ်ချီ ကုန်ကျမှာ ဖြစ်သည်။

ရီဖန်ရဲ့ လက်ထဲမှာ ငွေတုံး ဆယ်ချီ မပြောနဲ့ ၊ ငွေတုံး ဆယ်တုံးတောင် မရှိပါ။

အခြေအနေတွေက ဇာတ်လမ်းအစကတည်းက ခက်ခဲနေပြီးသား ဖြစ်သည်။ ကြည့်ရတာ သူ ဒီခေတ်ကို စပြီး အချိန်ကူးပြောင်းလာကတည်းက ‘ အဆင်ပြေချောမွေ့ခြင်း ’ ဆိုတာ သူနှင့် လုံးဝ မသက်ဆိုင်တော့ပုံပေါ်သည်။

ရီဖန်တစ်ယောက် အနာဂတ်အကြောင်း စဉ်းစားနေစဉ်မှာပဲ ဝမ်တုန်းက သူ့အိမ်ကို မိန်းကလေး တစ်ယောက်နှင့်အတူ ပြန်ရောက်လာသည်။

“ ဒီမိန်းကလေးက အခုက စပြီး မင်းမိန်းမ ဖြစ်သွားပြီ ဖန်လေး။ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးရမယ်နော်။ ” ဝမ်တုန်းက ထိုသို့ ပြောကာ ချာခနဲ လှည့်ထွက်သွားသည်။

ရီဖန်နှင့် ထိုမိန်းကလေးက တစ်ယောက်ကို တစ်ယောက် မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေမိကြရင်း အနေရခက်စရာကောင်းတဲ့ အိုးတိုးအမ်းတမ်း ခံစားချက်က ခံစားလာရသည်။

ညစ်ပတ်ပေကျံနေတဲ့ ထိုမိန်းကလေးက စုတ်ပြဲနေတဲ့ အင်္ကျီကို ဝတ်ဆင်ထားသော်လည်း သူမရဲ့ ရုပ်ရည်ကတော့ အတော်လေး ဆွဲဆောင်မှုရှိတာ အမှန်ပင် ။ ဒီခေတ်မှာ ကမ္ဘာကြီးက ဆူပူအုံကြွနေတာမို့ ဆင်းရဲနွံနစ်နေတဲ့ လူတွေ အများကြီး ရှိသည်။ ဒီမိန်းကလေးကလည်း ထိုလူတွေထဲမှ တစ်ယောက် ဖြစ်မည် ထင်၏။

“ မင်း ဗိုက်ဆာနေလား ငါ မင်းအတွက် ရေတစ်ခွက် ခပ်ပေးမယ်လေ။ ”

အတော်လေး အနေရခက်စေတဲ့ အဖြစ်ပါပဲ။ ရီဖန်က အသက် သုံးဆယ်ကျော်နေပြီ ဆိုပေမဲ့ ဒီမိန်းကလေးကတော့ သူ့ထက် အများကြီး ငယ်ပုံပေါ်ကာ အသက် နှစ်ဆယ်စွန်းစွန်းလောက်သာ ရှိလိမ့်ဦးမည်။

အရင်ဘဝတုန်းက ရီဖန် တစ်ခါမှ ရည်းစားမထားဖူးတာမို့ အခုအချိန်မှာ ဘာလုပ်လို့ လုပ်ရမှန်း ဝေခွဲမရ ဖြစ်နေမိသည်။ နောက်ဆုံးမှာတော့ အခြေအနေကို ဘေးကနေ အကဲခတ်နေတဲ့ သူ့သားနှစ်ယောက်ကပဲ အိုးတိုးအမ်းတမ်းနိုင်တဲ့ တိတ်ဆိတ်မှုကို ချိုးဖျက်ပေးခဲ့ပါသည်။

“ ဒါ ကျွန်တော်တို့ရဲ့ အမေအသစ်လား အဖေ။ ” ကောင်လေး နှစ်ယောက်က ထိုမိန်းကလေးကို စူးစမ်းသော အကြည့်ဖြင့် ကြည့်နေသည်။

“ ကျွန်မကို ကျေးဇူးပြုပြီး သခင့်ရဲ့ အိမ်မှာ နေခွင့်ပြုပါနော်။ ” မိန်းကလေးက လက်မခံချင်သလို အမူအရာမပြတဲ့ ကောင်လေး နှစ်ယောက်ကြောင့် စိတ်အားတက်သွားပြီး နောက်ဆုံးတော့ စကားပြောလာခဲ့သည်။

ဆူပူအုံကြွနေတဲ့ ‌ဒီခေတ်မှာ မိန်းကလေး တစ်ယောက်တည်း မရှိသင့်သလို၊ အထူးသဖြင့် ရုပ်လှတဲ့ မိန်းကလေး တစ်ယောက်တည်း လေလွင့်နေတာက လုံးဝကို မသင့်တော်ပါ။ ရီဖန်ရဲ့ အရင်ကမ္ဘာမှာ အားနည်းသူတွေကို ကာကွယ်ပေးတဲ့ တရားဥပဒေ ရှိပေမဲ့ ဒီမှာကတော့ လူတစ်ယောက် ဓားပြတိုက်ခံရခြင်း ၊ လုယက်ခြင်း ဆိုရင်လည်း ကိုယ့်ပြဿနာကိုယ် ဖြေရှင်းရမှာပင်။

“ မင်း ငါ့ကို သခင်လို့ ခေါ်စရာ မလိုပါဘူး။ ရီဖန်လို့ပဲ ခေါ်ပါ။ ” ရီဖန်သည် ထိုမိန်းကလေးကို အထက်စီးစီးဆန်ဆန် ဆက်ဆံမှာ မဟုတ်သလို သူမကိုလည်း အတင်း အိမ်ပြန်လွှတ်မှာ မဟုတ်ပါ။

နောက်ဆုံးတော့ သူမရဲ့ နာမည်ကိုလည်း ရီဖန် သိလိုက်ရသည်။ သူမရဲ့ နာမည်က စုယန် ဖြစ်ပြီး တုန်းရှစ်ခရိုင် ဆိုတဲ့ နေရာက လာခဲ့တာ ဖြစ်သည်။ ရီဖန်ကတော့ ချန်ဟဲမြို့က လွဲလို့ တခြားကို မသွားဖူးတာကြောင့် တုန်းရှစ်ခရိုင်က ဘယ်နေရာမှာ ရှိမှန်း မသိပေ။ နောက်ပိုင်းမှ သူ ထိုနေရာအကြောင်းကို စုံစမ်းကြည့်ရမည်။

ဒီခေတ်မှာ မင်္ဂလာပွဲတွေက ရေးကြီးခွင်ကျယ် ကိစ္စရပ်တွေ မဟုတ်။ မိသားစုတွေ ထမင်းတစ်နပ် အတူတူ စားပြီးသည်နှင့် မင်္ဂလာဦးညကို တန်းရောက်သွားတာမျိုးပင်။

ရီဖန်သည် ဒီခေတ်ကို အချိန်ကူးပြောင်းလာပြီးပြီးချင်းမှာပဲ လူပျိုဘဝကို ဆုံးရှုံးရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ငါ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ပြုရတော့မှာပဲ။

ရီဖန်တစ်ယောက် သူ့ရဲ့ အိမ်ထောင်ရေးတာဝန်တွေကို အကုန် လုပ်ပြီးသွားသည်နှင့် သူ့ခေါင်းထဲမှာ အသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ ပိုင်ရှင်က မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်ပြီး မိသားစုဘဝရဲ့ အခြေခံအုတ်မြစ်ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်သွားတဲ့အတွက် မိသားစုလေ့ကျင့်ရေးစနစ် အသက်ဝင်သွားပါပြီ။ ”

“ ကံကြမ္မာကြိုးချင်း အောင်မြင်စွာ ရစ်ပတ်ချည်နှောင်ပြီးပါပြီ။ ”

သောက်ကျိုးနည်း။

ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံက ရီဖန်ကို ခုတင်ပေါ်ကနေတောင် လန့်ပြီး ပြုတ်ကျသွားစေခဲ့လေသည်။

စနစ် … ဟုတ်လား ….. ။

“ စနစ် … မင်း ရှိနေလား။ ”

“ ကျွန်တော် ဒီမှာ ရှိပါတယ် သခင် ။ ”

သူ စနစ်နဲ့အတူတူ အချိန်ကူးပြောင်းလာခဲ့တာပဲ။ အွန်လိုင်းဝတ္ထုနတ်ဘုရားက လိမ်ခဲ့တာ မဟုတ်ဘူး။

ဒီတစ်ခါတော့ … တကယ်ကြီးဟ … ။

အခန်း ( ၂ ) ရေရှည်တာဝန် : သိုင်းပညာမိသားစု။

“ မင်းမှာ ဘယ်လို စွမ်းရည်တွေ ရှိလဲ စနစ်။ ”

“ ဒီစနစ်က မိသားစုအောင်မြင်ရေးစနစ်ပါ။ သခင် ရဲ့ မိသားစု အောင်မြင်လာတာနဲ့အမျှ စနစ်က ပေးတဲ့ ဆုတွေကို သခင် ရလိမ့်မယ်။ စနစ်က အသက်ဝင်လာတာနဲ့ သခင် ရဲ့ ကျင့်ကြံရေးအဆင့်ကိုလည်း ချိတ်ပိတ်ထားလိုက်ပြီမို့လို့ ကျင့်ကြံလို့တော့ မရတော့ပါဘူး။ သခင် ရဲ့ ကျင့်ကြံရေးအဆင့်ကို မိသားစုဝင်တွေရဲ့ စုစုပေါင်း ကျင့်ကြံရေးအဆင့်တွေအလိုက် ချိတ်ပိတ်ထားတာပါ။ ဒါပေမဲ့ အဲ့ဒါကို တစ်လ တစ်ခါ အသစ်ပြန်လည်စတင်လို့တော့ ရပါတယ်။ သခင် ရဲ့ မိသားစု သန်မာလာရင် တခြား စွမ်းရည်တွေလည်း တဖြည်းဖြည်း ပွင့်လာမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲ့ဒါတွေကို သခင် ကိုယ်တိုင် စူးစမ်းရှာဖွေပါ။ ”

ရီဖန်က “ မင်းမှာ လူသစ်လက်ဆောင်တွေ ဘာတွေရော မရှိဘူးလား စနစ်။ ” ဟု မေးလိုက်၏။

“ လူသစ်လက်ဆောင်ကို ပို့လိုက်ပါပြီ။ သခင် ကိုယ်တိုင် ဖွင့်ကြည့်လိုက်ပါ။ ”

“ လူသစ်လက်ဆောင်ကို ဖွင့်ကြည့်မယ်။ ”

“ မိသားစုဘဝစတင်ခြင်းအတွက် ဆုလက်ဆောင် ရရှိခဲ့ပါပြီ။ လေ့လာလိုက်စားမှုအရည်အချင်း ဆယ်မှတ် တိုးလာပါပြီ ( အဖြူရောင်အဆင့် ) ။ ”

သိုင်းပညာကို လေ့လာလိုက်စားတာပဲဖြစ်ဖြစ် ၊ ကျင့်ကြံရေးကို လေ့လာလိုက်စားတာပဲဖြစ်ဖြစ် အရည်အချင်းက အဓိကကျသည်။ အရည်အချင်းမရှိရင် အကုန် အချည်းအနှီးဖြစ်သွားပေမည်။

သူ့သားနှစ်ယောက်လုံး ကျင့်ကြံရေးကို မလေ့လာနိုင်ရင် စွမ်းရည်အသစ်တွေကို နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ရမည် ဖြစ်ပြီး အဲ့ဒါဆို အရမ်း နောက်ကျသွားလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် စနစ်က ထိုပြဿနာကြီးကို ဖြေရှင်းပေးလိုက်သည်။

စနစ်ရဲ့ အလုပ် လုပ်ပုံက အတော်လေး ရိုးရှင်းတာမို့ ရီဖန် ချက်ချင်းပဲ နားလည်သွားသည်။ မိသားစုကို တိုးတက်အောင် လုပ် ၊ မိသားစုဝင်တွေ ပိုများလာပြီး သူတို့တွေ ပိုသန်မာလာရင် ရီဖန့်ရဲ့ အင်အားတွေလည်း ပိုများလာလိမ့်မည်။

ကြည့်ရတာ မိသားစုဝင်အရေအတွက်က ‌အတော် အရေးကြီးပုံရသည်။ ရီဖန်က အဲ့ဒါကို ဘယ်သူ့အကူအညီမှ မပါဘဲ သူတစ်ယောက်တည်း မလုပ်ချင်ပါ။ သူ မိသားစုထဲက ပြိုင်ဆိုင်မှုတွေကို ဆင်နွှဲချင်သည်။

“ ငါ့မိသားစုနဲ့ မင်းမိသားစုနဲ့ ရန်ဖြစ်ရင် … ”

“ မကောင်းဘူး ၊ ကျွန်မတို့ မိသားစုမှာ လူတွေ အများကြီး ရှိတယ်။ ”

ရီဖန်က နွေဦးရာသီလို နွေးထွေးနူးညံ့နေတဲ့ အထိအတွေ့တွေနှင့်အတူ သူ့ခွန်အားတွေကို နှစ်ဆတိုး၍ အားစိုက်ထုတ်လိုက်ပြန်သည်။

နောက်တစ်နေ့ရောက်တော့ ရီဖန်သည် ညိုကျနေတဲ့ မျက်ကွင်းတွေဖြင့် အိပ်ရာနိုးလာခဲ့သည်။ စုယန်လည်း ပင်ပန်းနေတာမို့ ရီဖန် သူမကို အိပ်ရာမနှိုးဘဲ သူကိုယ်တိုင် မနက်စာပြင်လိုက်၏။ မနက်စာက ပြောင်းဖူးပေါင်မုန့်ပေါင်းနှင့် ဆန်ပြုတ် ဖြစ်သည်။

ရီဖန်က လျင်မြန်စွာ လျော့ကျလာတဲ့ သူ့အိမ်ထဲက အစားအသောက်တွေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့သားနှစ်ယောက်ကို သိုင်းပညာသင်ခိုင်းဖို့ ပိုက်ဆံလိုသည်။ ဒါပေမဲ့ အဲ့ဒီ လိုအပ်တဲ့ ပိုက်ဆံကို သူ ဘယ်နေရာက ရှာရမလဲ … ။

ဆယ်ကျော်သက်အရွယ်မှာ သိုင်းပညာကို စတင်သင်ယူတာက နောက်မကျသေးပေမဲ့ တခြား နှောင့်နှေးကြန့်ကြာစရာတွေ ထပ်ရှိလာခဲ့ရင် အောင်မြင်ဖို့ ခက်ခဲပါလိမ့်မည်။

ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ ၊ အား .. ဘာလုပ်ရမလဲ။

လက်ရှိအခြေအနေအတွက် ဖြေရှင်းနည်းကောင်းတွေကို စဉ်းစားမရသေးတဲ့ ရီဖန်က လယ်ကွင်းထဲမှာပဲ အလုပ် သွားလုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ လယ်ကွင်းတွေထဲကနေ ဆွတ်ခူးရိတ်သိမ်းလာတဲ့ ကောက်ပဲသီးနှံတွေက လာမယ့် နှစ်ဝက်မှာ သူတို့ ဘာစားရမလဲ ဆိုတာရဲ့ အဆုံးအဖြတ်ပင်။ ရီဖန် အချိန်ဆွဲနေ၍ မရတော့ပေ။

ဒီနေ့ သူ ရေပုံးတွေ သယ်ပြီး လယ်ကွင်းတွေကို ရေလောင်းရမည်။ ရီဖန်သည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားတာတောင်မှ သုံး ၊ လေးကျော့လောက် ရေပုံးသယ်ပြီးချိန်တွင် မောဟိုက်ကာ ခြေလှမ်းတွေ ယိုင်လာခဲ့လေသည်။

ပင်ပန်းတယ် ၊ သူ သိပ်ကို ပင်ပန်းနေပြီ။

“ သခင် မှာ ဒီလကို အသစ်ပြန်စတင်နိုင်တဲ့ အခွင့်အရေး ရှိပါသေးတယ်။ သခင် အဲ့အခွင့်အရေးကို သုံးချင်လား။ ”

သုံးလိုက်ရင် ကောင်းမလား … ။ အခုအချိန်မှာ ရီမိသားစု တစ်စုလုံးက ကျင့်ကြံရေးကို စပြီး မလေ့လာသေးတာမို့ ဒီလအတွက် ထိုအခွင့်အရေးကို အသုံးချစရာလည်း မရှိပါ။

ထားလိုက်တော့။ သုံးတာ အကောင်းဆုံးပဲ။

ချက်ချင်း ဆိုသလိုပဲ ရီဖန်ရဲ့ ခန္ဓာကိုယ်အတွင်းထဲကနေ အနွေးဓာတ်တွေ ရုတ်တရက် စီးထွက်လာကာ သူ့ကြွက်သားတွေအဖြစ် ပြောင်းလဲသွားတာကို ခံစားလိုက်ရသည်။ ဆယ့်ငါးမိနစ်ကြာတော့ ထိုအနွေးဓာတ်တွေ ပျောက်ကွယ်သွားသည်။

ရီဖန်သည် သူ့ခန္ဓာကိုယ်က အရင်တုန်းကထက် နှစ်ဆကျော် သန်မာလာသလို ခံစားလိုက်ရ၏။

ခန္ဓာကိုယ်ထဲက ခွန်အားတွေကိုရော ထပ်တိုးလို့ ရတာလား … ။

“ အသစ်ပြန်လည်စတင်ခြင်းကို ဆောင်ရွက်ပြီးပါပြီ။ ထပ်တိုး အရာများ : စုယန် ၊ ရီကျင်းထျန် ၊ ရီကျင်းဟိုင်။ ”

ထင်ထားတဲ့အတိုင်းပင် ခန္ဓာကိုယ်ထဲက ခွန်အားတွေကို ထပ်တိုးလို့ ရပြီး သူ့သွေးသားတွေအတွက်လည်း အကန့်အသတ် မရှိပါ။ သူ့ဇနီးရဲ့ ခွန်အားတွေကိုတောင် ထပ်ပေါင်းထည့်လို့ ရသည်။

ခွန်အားတိုးစေတဲ့ လုပ်ဆောင်ချက်ကို အစတုန်းက အထင်သေးနေခဲ့တဲ့ ရီဖန်လည်း အခုတော့ စနစ်ရဲ့ စွမ်းအားကို နားလည်သွားပါပြီ။

ခုနတုန်းက ပင်ပန်းလေးလံနေခဲ့တဲ့ အလုပ်တွေက သူ့ရဲ့ ခွန်းအားတိုးလာတဲ့ ခန္ဓာကိုယ်ကြောင့် အခက်အခဲမရှိ လွယ်ကူသွားပြီး ပုံမှန်ဆို တစ်ရက် ကြာရမယ့် အလုပ်တွေကို တစ်မနက်တည်းနှင့် အပြီးသတ်နိုင်ခဲ့လေသည်။

သူ အိမ်ပြန်ရောက်သည်နှင့် အစားအသောက်တွေရဲ့ မွှေးရနံ့က နှာခေါင်းထဲ တိုးဝင်လာသည်။

“ နေ့လယ်စာ အဆင်သင့် ဖြစ်ပါပြီ ယောက်ျား။ ” စုယန်က မနေ့ညတုန်းက ကိစ္စကြောင့် အနည်းငယ် ရှက်ရွံ့နေပြီး ရီဖန်ကို ရှက်ကိုးရှက်ကန်း ကြည့်နေခဲ့သည်။

“ အဖေ .. ကျွန်တော်လည်း နေ့ခင်းကျ အဖေနဲ့ လယ်ကွင်းတွေထဲမှာ အလုပ်လိုက်လုပ်မယ်။ ” ရီကျန်းထျန်လည်း ရောက်လာပြီး ပြောသည်။

“ မလိုတော့ဘူး။ အဖေ လယ်ကွင်းတွေ အကုန်လုံးကို ရေဖြန်းပြီးသွားပြီ။ ” ရီဖန်က လက်ကာပြ၍ ပြောလိုက်ပြီး သူ့သားရဲ့ မျက်လုံးထဲက သူ့အပေါ် အထင်ကြီးလေးစားမှုတွေကို ကြည့်ကာ အလွန် ကျေနပ်သွားသည်။

နေ့လယ်စာကလည်း ဆန်ပြုတ်ကျဲကျဲနှင့် မျိုချဖို့တောင် နည်းနည်းလေး ခက်တဲ့ ပြောင်းဖူးပေါင်မုန့် ဖြစ်သော်လည်း ရီဖန်အတွက်တော့ အရသာရှိနေခဲ့သည်။ အိမ်မှာ ဇနီး တစ်ယောက်ရယ် ၊ ကလေးတွေရယ်နဲ့ နွေးထွေးစရာကောင်းတဲ့ ဘဝမျိုးကို ဒီတစ်သက် ပိုင်ဆိုင်ရလိမ့်မည်ဟု သူ စိတ်ကူးမယဉ်ခဲ့ဖူးပါ။

စုယန်နှင့်အတူ ပန်းကန်တွေကို ကူဆေးပြီးသွားတော့ ရီဖန် ခဏလောက် မှေးဖို့ စိတ်ကူးလိုက်သည်။

…

နောက်တစ်နေ့ရောက်တော့ ရီဖန် မနက်စောစော အိပ်ရာနိုးလာခဲ့သည်။

ခန္ဓာကိုယ်ကြံခိုင်သန်မာနေတဲ့ ယောက်ျား တစ်ယောက်က အလုပ်တွေ ဘယ်လောက်ပဲ ပင်ပန်းပါစေ ၊ မနက်စောစော ပြန်ထနိုင်တဲ့အထိကို အထင်ကြီးစရာကောင်းတာပါ။ တကယ့်အောင်မြင်မှုကြီးကို သူ ရလိုက်တာပဲ။

ရီဖန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်တဲ့ စုယန်ကို မြင်တော့ ဒီနေ့ တောင်တန်းတွေထဲကို သွားကာ အမဲလိုက်ပြီး ပိုက်ဆံရှာဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့ သိုင်းပညာကို မဖြစ်မနေ သင်ယူဖို့ လိုသည်။ ပြီးတော့ သိုင်းသင်တန်းကျောင်းကို သွားတာက သူတို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။

သိုင်းဂိုဏ်း တစ်ဂိုဏ်းထဲကို ဝင်တာကတော့ အန္တရာယ်များလွန်းလို့ ရီဖန် အဲ့ဒါကို ထည့်မစဥ်းစားဖြစ်ပါ။

“ ထျန်လေး .. နည်းနည်းပဲ ထပ်စောင့်ကွာ။ အဖေ မင်းကို မကြာခင် သိုင်းသင်တန်းကျောင်းကို ပို့ပြီး သိုင်းပညာသင်ယူခိုင်းမယ်။ ”

ရီဖန်က ရီကျင်းထျန်ရဲ့ ပခုံးကို ပုတ်ရင်း သားဖြစ်သူရဲ့ အနာဂတ်စွမ်းရည်တွေက သူ့အပေါ်မှာ မူတည်နေသည်ဟု ခံစားလိုက်ရသည်။ ရီကျင်းထန်က သစ်သားတုတ် တစ်ချောင်းနှင့် မကြာခဏ လေ့ကျင့်နေတတ်တာမို့ သူလည်း သိုင်းပညာသင်ချင်နေတယ် ဆိုတာကို ရီဖန် သိပါသည်။

“ ကျွန်တော် တကယ် သိုင်းပညာသင်လို့ ရမှာလား အဖေ။ ” ရီကျင်းထျန် စိတ်လှုပ်ရှားသွားသည်။

“ ဒါပေါ့ကွာ ၊ အဖေ ‌နေ့ခင်းကျ တောင်ပေါ် တက်ပြီး တောကောင်လေး ဘာလေး အမဲလိုက်လို့ ရမလား ဆိုတာ ကြည့်လိုက်မယ်။ သားရဲ့ ညီလေးနဲ့ ဒေါ်လေးယန်ကို ဂရုစိုက်ဖို့ မမေ့နဲ့နော်။ ”

ရီဖန် တောင်ပေါ်တက်မည် ဆိုတဲ့ စကားကို ကြားတော့ ရီကျင်းထျန် ချက်ချင်း စိတ်ပူသွားသည်။

သိုင်းပညာမြင့်မားတဲ့ လောကမှာ တောင်ပေါ်က တောကောင်တွေက အားနည်းတဲ့ အကောင်သေးသေးလေးတွေ မဟုတ်ပါ။ တောင်ပေါ်ကို အမဲလိုက်ဖို့ တက်သွားတဲ့ ရွာက လူတွေဟာ ဘယ်တော့မှ ပြန်ဆင်းမလာခဲ့‌ေပ။

“ ကျွန်တော် သိုင်းပညာမသင်တော့ပါဘူး အဖေရယ်။ တောင်ပေါ်ကိုတော့ မသွားပါနဲ့။ ” ရီကျင်းထျန်က ရီဖန်အား အသက်ရင်းရတဲ့ အလုပ်မျိုး မလုပ်စေချင်ပါ။

“ စိတ်ချပါ အဖေ တောနက်ထဲထိ မသွားပါဘူး တောစပ်လောက်ထိပဲ သွားမှာပါ။ ”

သိတတ်လွန်းတဲ့ သားဖြစ်သူကြောင့် ရီကျင်းထျန်ရဲ့ စိတ်ထဲမှာ နွေးထွေးသွားသည်။

“ ခဏလောက် နေပါဦး ယောကျ်ား။ ”

ရီဖန်နှင့် ရီကျင်းထျန်ရဲ့ စကားသံတွေက အိပ်ပျော်နေတဲ့ စုယနို နိုးသွားစေခဲ့ပြီး သူမက အခန်းထဲက ထွက်လာသည်။

“ မင်းကို နှိုးမိသလို ဖြစ်သွားတာ အားနာပါတယ် ယန်လေး။ မင်း ခဏလောက် ဆက်ပြီး ပြန်အိပ်ရင် အိပ်လိုက်ဦးလေ။ ကိုယ် တောကြက်တို့ ၊ ယုန်တို့များ ရမလားလို့ တောင်ပေါ်ကို တက်မလို့။ ”

“ ရှင် ထျန်လေးကို သိုင်းပညာသင်ပေးဖို့ ပိုက်ဆံလိုလို့ တောင်ပေါ်ကို သွားမလို့ မဟုတ်လား ယောက်ျား။ ”

ရီဖန်က စုယန်ရဲ့ စကားကို ကြားတော့ သူမ သူ့ရဲ့ လုံခြုံရေးကို စိတ်ပူနေတာပဲလို့ ထင်သွားသည်။ “ စိတ်ချပါ ယန်လေး။ ကိုယ် တောစပ်နားလောက်ထိပဲ သွားမှာပါ။ ”

စုယန်ရဲ့ မျက်နှာပေါ်မှ ချိတုံချတုံဖြစ်သွားတဲ့ အရိပ်အယောင်လေးတွေ ပေါ်လာပေမဲ့ သူမက အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။

“ ရှင် ပိုက်ဆံလိုတယ် ဆိုရင် ကျွန်မမှာ နည်းလမ်း ရှိပါတယ် ယောက်ျား။ ”

သူမက ထိုစကားကို ပြောခဲ့ပြီး အခန်းထဲကို လှည့်ဝင်သွားသည်။ အခန်းထဲက ပြန်ထွက်လာချိန်မှာတော့ သူမရဲ့ လက်ထဲမှာ ကျောက်စိမ်းဆွဲသီးလေး တစ်ခု ပါလာ၏။

အလင်းဖောက်နိုင်လောက်အောင်ပင် တောက်ပကြည်လင်နေတဲ့ ကျောက်စိမ်းဆွဲသီးလေးပေါ်မှာ “ စု ” ဆိုတဲ့ အက္ခရာကို ထုထွင်းပုံဖော်ထားသည်။

“ ဒါက ကျွန်မ ပိုင်တဲ့ ပစ္စည်းတွေထဲမှာ တန်ဖိုးရှိတဲ့ တစ်ခုတည်းသော ပစ္စည်းပဲ ယောက်ျား။ ရှင် အဲ့ဒါကို ပေါင်လိုက်ပါ။ ထျန်လေး သိုင်းပညာသင်ဖို့အတွက်တော့ လုံလောက်မယ် ထင်ပါတယ်။ ”

“ မဟုတ်တာပဲ ယန်လေးရယ် ဒီကျောက်စိမ်းဆွဲသီးက မင်းအတွက် သေချာပေါက် အဓိပ္ပာယ်ရှိတဲ့ ပစ္စည်းပဲ ကိုယ် မယူပါရစေနဲ့။ ”

မော်ဒန်ခေတ်က လာတဲ့ ယောက်ျားတစ်ယောက် ဖြစ်သော ရီဖန်မှာ ‘ လင့်ပစ္စည်းကလည်း မယားပစ္စည်း ၊ မယားပစ္စည်းကလည်း လင့်ပစ္စည်း ’ ဆိုတဲ့ ခံယူချက်မျိုး မရှိပါ။

“ ယောက်ျား .. ကျွန်မတို့က မိသားစု ဖြစ်နေပြီလေ။ အဲ့လို ကိစ္စတွေကို စိတ်ပူနေစရာ မလိုတော့ပါဘူး။ ”

“ ကိုယ် … ”

ရီဖန် တွန့်ဆုတ်နေမိသည်။

အဲ့ဒီနောက်မှာတော့ စုယန်ရဲ့ ဆက်တိုက် တိုက်တွန်းမှုတွေကြောင့် ရီဖန် အံကြိတ်ပြီး သူမရဲ့ ကျောက်စိမ်းဆွဲသီးလေးကို ယူလိုက်ရသည်။

“ မင်းရဲ့ ကြင်နာမှုကို ကိုယ့်နှလုံးသားထဲမှာ အမြဲတမ်း မှတ်ထားပါ့မယ် ယန်လေး အနာဂတ်မှာ ကိုယ် မင်းကို သာယာပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို သေချာပေါက် ပေးမယ်။ ”

ရီဖန် ထပ်အချိန်ဆွဲမနေတော့ပါ မြန်မြန် အကောင်အထည်ဖော်လေ ၊ မြန်မြန် ကောင်းလေပဲ။

သူက ရီကျင်းထျန်နှင့် ရီကျင်းဟိုင်ကို နေ့တွင်းချင်းပဲ မြို့ကို ခေါ်သွားလိုက်၏။ ကျောက်စိမ်းဆွဲသီးလေးကို ငွေတုံး ( ၁၀၀ ) နှင့် ပေါင်လိုက်ပြီး ထိုပမာဏက ကလေးနှစ်ယောက်အတွက် သင်တန်းကြေးကို လုံလောက်ရုံသာ ရှိသည်။

ရီဖန်သည် သိုင်းသင်တန်းကျောင်းနှစ်ခုကြားမှာ ဘာကို ရွေးရမလဲ ဆိုတာ သေချာ စဉ်းစားပြီးနောက် သဲချပ်ကာသိုင်းသင်တန်းကျောင်းကို ရွေးချယ်လိုက်လေသည်။

သင်တန်းကြေးက တစ်ယောက်ကို ငွေတုံး ( ၄၀ ) ကျသင့်ပြီး ထို‌ငွေတုံး ( ၄၀ ) ထဲမှာ နေစားရိတ် ၊ စားစရိတ်တွေတော့ မပါဝင်ပေ။

သူ ခြံ တစ်ခြံကိုလည်း ငွေတုံး ( ၅ ) တုံးနှင့် ငှားရမ်းလိုက်သည်။ ရီမိသားစုဟာ ဒီအချိန်က စပြီး သိုင်းပညာလမ်းကြောင်းကို ‌လျှောက်လှမ်းတော့မည် ဖြစ်သည်။

“ ဂုဏ်ပြုပါတယ် သခင် ။ မင်းရဲ့ မိသားစုက သိုင်းပညာနဲ့ တစ်ဆင့် နီးကပ်လာပြီး သိုင်းပညာမိသားစုအဖြစ် စတင် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်။ ရေရှည်တာဝန် တစ်ရပ်လည်း ထွက်ပေါ်လာပါပြီ။ သခင် ဆုလက်ဆောင်ရယူချင်ပါသလား။ ”

အိုး … ။ ဒီလို ကောင်းတဲ့ ကိစ္စမျိုးတွေလည်း ရှိသေးတယ်လား။

အခန်း ( ၃ ) ဆေးဆရာအဖြစ် အလုပ်ဝင်ခြင်း။

ရီဖန်သည် ဆုလက်ဆောင်ကို ချက်ချင်း မရရှိဘဲ ထိုအစား ကလေးနှစ်ယောက်ကိုသာ တုန်ရှန်းရွာကို ပြန်ခေါ်လာခဲ့ရသည်။ ညစာ စားပြီးသွားချိန်တွင် ရီဖန်က ပင်ပန်းနေသည်ဟု ပြောကာ အိပ်ရာပေါ်မှာ လဲလျောင်းရင်း ဆုလက်ဆောင်ရယူဖို့ ရွေးချယ်လိုက်၏။

“ ဆုလက်ဆောင်ရရှိသွားတဲ့အတွက် သခင်ကို ဂုဏ်ပြုပါတယ် : ဆေးဝါး ပညာ ပထမအဆင့် ။ ”

ရီဖန်ရဲ့ စိတ်ထဲကို မှတ်ဉာဏ်တွေ လျှပ်ပြက်သလို တရစပ် ဝင်ရောက်လာခဲ့ပြီး ခေါင်းထဲမှာ ထိုးကိုက်လာ၍ ရီဖန် အော်လိုက်မိသည်။ ဆေးဝါးပညာ ဆိုတာ ဆေးဝါးလုပ်တဲ့ အတတ်ပညာ တစ်မျိုးတည်း မဟုတ်ဘဲ ဆေးပညာကျွမ်းကျင်မှုတွေ ၊ ဆေးနည်းတွေကို ‌မျှဝေပေးတာတွေလည်း ပါဝင်သည်။

အအေးရောဂါတွေ ၊ အပူရောဂါတွေ ၊ ရှားပါးတဲ့ နာတာရှည်ရောဂါတွေ ၊ ဆေးမှုန့် အရောအစပ်တွေကို ပြင်ဆင်နည်းတွေ ၊ ရောဂါမျိုး ( ၉၆ ) ပါးကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဓာတ်လုံးရအောင် ဖိုထိုးနည်းတွေ စသည်ဖြင့် ။

ရီဖန်သည် မှတ်ဉာဏ်တွေထဲမှာ ပြန်လည်မွေးဖွားခြင်းကို ကြုံတွေ့ခဲ့ဖူးသည်။

သူ စွမ်းရည်တွေ အကုန်လုံးကို အကြမ်းဖျင်း နားလည်သွားပြီ ဖြစ်သည်။

မျက်လုံးပြန်ဖွင့်လိုက်သောအခါ ရီဖန်ရဲ့ မျက်လုံးထဲမှာ ကံကြမ္မာအပြောင်းအလဲရဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေခဲ့သည်။ သူ ဟူးခနဲ အသက်ပြင်းပြင်း ရှူထုတ်ပစ်လိုက်သည်။ လက်ရှိမှာ သူ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တွေကို ရီဖန် အခုတော့ သေချာ နားလည်သွားပါပြီ။

လူတွေကို ကယ်မယ် ၊ ဆေးမှုန့်အရောအစပ်တွေကို ပြင်ဆင်မယ် ၊ ဆေးပြားတွေကို ပြုလုပ်မည် ။ သူ ထိုစွမ်းရည်တွေ အကုန်လုံးကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားပြီပင်။

စနစ်က ချီးမြှင့်တဲ့ စွမ်းရည်တွေသည် လူတိုင်း သိသည့် သာမန်ဆေးလုံးပြုလုပ်သော ဆေးဝါးစွမ်းရည် မဟုတ်ဘဲ ကျင့်ကြံရေးအဆင့် ( ၆ ) မှ သန့်စင်တဲ့ ဆေးဝါးစွမ်းရည်တွေ ဖြစ်သည်။

ပထမအဆင့်က ချီကျင့်ကြံရေးအဆင့်ကို ကိုယ်စားပြုသည်။

ရီဖန်သည် ကျင့်ကြံရေးလမ်းစဥ်မှာ သိုင်းပညာရဲ့ ဘယ်အဆင့်က ချီကျင့်ကြံရေးအဆင့်နှင့် တူညီလဲ မသိပေမဲ့ ဒီစွမ်းရည်က တော်တော်လေး အားကောင်းတာကိုတော့ သူ သိသည်။

သို့သော်လည်း ဒီစွမ်းရည်မှာ အကန့်အသတ်တွေတော့ ရှိပါသည်။ ရီဖန်က ဆေးလုံးတွေကို ဘယ်လို ပြုလုပ်ရမလဲ ဆိုတာ သိပေမဲ့ သူ့မှာ ဘာကျင့်ကြံရေးအဆင့်မှ မရှိတာမို့ သူ့ရဲ့ စိတ်ဝိညာဉ်မီးဓာတ်ကို မထိန်းချုပ်နိုင်ပေ။ သူ့ရှေ့မှာ ဆေးဝါးကုန်ကြမ်းပစ္စည်းတွေ ရှိနေရင်တောင် တကယ့် နတ်ဆေးအစစ်တွေ ရအောင် မလုပ်နိုင်ပါ။

လတ်တလော အခြေအနေမှာ ရီဖန်အတွက် ဆေးဝါးပညာထဲက အသုံးဝင်တဲ့ စွမ်းရည်တွေက ဆေးဝါးဖော်စပ်တဲ့ စွမ်းရည်နှင့် ဆေးမှုန့်အရောအစပ်တွေကို ပြုလုပ်တဲ့ စွမ်းရည်တို့ ဖြစ်သည်။

ဥပမာပေးရရင် ခန္ဓာကိုယ်မှာ ကြွက်သားတွေသန်မာအောင် လုပ်ပေးတဲ့ ဆေးမှုန့်ကို ခန္ဓာကိုယ်ကြံ့ခိုင်သန့်မာအောင် လေ့ကျင့်သည့် အဆင့်မှာ အသုံးပြုလို့ ရပြီး ချီစွမ်းအင်မြှင့်တင်ပေးတဲ့ ဆေးမှုန့်ကို အတွင်းအားလေ့ကျင့်တဲ့ နေရာမှာ အသုံးပြုလို့ ရသည်။

မှတ်ဉာဏ်ကို စုပ်ယူပြီးတဲ့နောက် ရီဖန် အလွန် ပျော်ရွှင်သွားသည်။ ဒီစွမ်းရည်တွေနှင့်ဆို သူ ချန်ဟဲမြို့မှာတောင် စီးပွားသွားရှာလို့ ရနေပါပြီ။ အောက်ထစ်အနေဖြင့် သမားတော်တစ်ယောက် ဖြစ်လာမှာကတော့ မြေကြီးလက်ခတ်မလွဲပင်။

ဒါဆို မိသားစုကို ထောက်ပံ့ဖို့ သူ ပိုက်ဆံရှာနေချိန်မှာ သူ့သားတွေက သိုင်းပညာကို လေ့ကျင့်နိုင်မှာ ဖြစ်ပီး သူတို့မိသားစုဟာ တစ်နေ့တခြား အောင်မြင်တိုးတက်လာလိမ့်မည်။

“ မင်း အိမ်ပြောင်းဖို့ကို ဘယ်လို သဘောရလဲ မိန်းမ။ ”

စုယန်က ရီဖန်ရဲ့ စကားကြောင့် ဆွံ့အသွားသည်။ “ အိမ်ပြောင်းမယ် ….. ”

“ အင်း ကိုယ်တို့တစ်မိသားစုလုံး ချန်ဟဲမြို့ကို အိမ်ပြောင်းမယ်။ ”

“ ချန်ဟဲမြို့ကို ကျွန်မတို့တစ်မိသားစုလုံး အိမ်ပြောင်းပြီး ဘယ်လို ပိုက်ဆံရှာမှာလဲ။ ”

သဘာဝကျစွာပင် စုယန်လည်း ပိုကောင်းတဲ့ နေရာမှာ နေရဖို့ မျှော်လင့်ပေမဲ့ သူတို့မှာ ကျွမ်းကျင်တတ်မြောက်ထားတဲ့ အတတ်ပညာ တစ်ခုမှ မရှိပါ။ ချန်ဟဲမြို့ကို ရောက်ရင် သူတို့ ဘယ်က ရတဲ့ ပိုက်ဆံနဲ့ နေထိုင်ရပ်တည်မှာလဲ ။

“ စိတ်မပူပါနဲ့။ ကိုယ် အရင်တုန်းက ဆေးပညာ နည်းနည်းပါးပါး လေ့လာဖူးတယ်။ ဆေးခန်း တစ်ခုခုမှာ အလုပ်သင်အဖြစ် ကိုယ် ဝင်လုပ်လို့ ရပါတယ်။ ” ရီဖန် အခိုင်အမာ ပြောလိုက်သည်။

စုယန်က ရီဖန်ရဲ့ စကားကြောင့် အံ့ဩသွားသည်။ ထို့နောက် သူမရဲ့ စိတ်ကို ပျော်ရွှင်မှုတွေ လွှမ်းခြုံသွားကာ ရီဖန်ကို မြတ်နိုးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမရဲ့ ယောက်ျားက ဆေးပညာကိုတောင် အမှန်တကယ် လေ့လာသင်ယူနိုင်ခဲ့သည်။ ဒီလို ‘ အဖိုးတန်ယောက်ျားမျိုး ’ ကို ရှာတွေ့ထားတာ သူမ အရမ်း ကံကောင်း၏။

မဟုတ်သေးဘူး ၊ သူ့ကို ‘ အဖိုးတန်ခင်ပွန်း ’ လို့ ပြောရင် ပိုမှန်မယ် ထင်တယ် … ။

ရီမိသားစုမှာ အဖိုးတန် ပိုင်ဆိုင်မှုတွေလည်း မရှိသောကြောင့် သူတို့က အဝတ်အစားတွေ ၊ အိပ်ရာလိပ်တွေကို ထုပ်ပိုးသိမ်းဆည်းပြီးသည်နှင့် ရွာသားတွေ ပေးတဲ့ ဆုမွန်ကောင်းတွေနှင့်အတူ မြို့ကို ခရီးစတင်ခဲ့လေသည်။

သူတို့ နေတဲ့ အိမ်ကိုတော့ ရီဖန်က ဝမ်တုန်းကို ပေးခဲ့လိုက်သည်။ ဝမ်တုန်းနှင့် သူက အိမ်နီးချင်းတွေ ဖြစ်သလို ၊ သူ့အတွက် ဒီလို အလိမ္မာအိမ်ပါ ဇနီးချောလေးကို ရှာပေးတာမို့ ရီဖန် ကျေးဇူးသိတတ်မှုကို ဖော်ပြချင်ပါသည်။

မကြာခင်မှာပဲ ချန်ဟဲမြို့ကို သူတို့မိသားစု ရောက်လာခဲ့ကြသည်။ ရီဖန်သည် မြို့စွန်မှာ ငှားရမ်းထားတဲ့ အိမ်အသစ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ကလေးနှစ်ယောက်ကို သံချပ်ကာသိုင်းသင်တန်းကျောင်းသို့ လွှတ်လိုက်၏။

ရီဖန်လည်း ဒီခေတ်က သိုင်းပညာက ဘယ်လိုမျိုးလဲ ဆိုတာ သိချင်သည်။ သင်တန်းကြေးတွေ အကုန်လုံး ပေးပြီးသားမို့ တရားဝင် တက်ရောက်ဖို့သာ ရှိတော့သည်။

ကျောင်းထဲကို မဝင်ခင်မှာ ကိုယ့်မှာ သိုင်းပညာအပေါ် ပါရမီ ဘယ်လောက် ပါလာလဲ ဆိုတာကို စမ်းသပ်တဲ့ စမ်းသပ်ချက် တစ်ခုကို ဖြေဆိုရသည်။ ဘယ်နေရာကိုပဲ သွားသွား ၊ ပင်ကိုစွမ်းရည် ပါရမီ ဆိုတာ လိုအပ်သည်။

ပါရမီပါလာသူတွေက ပါရမီမပါတဲ့ ကျောင်းသားတွေ ရက်ပေါင်းများစွာ လေ့ကျင့်ယူရတာကို တစ်ရက်တည်းနှင့် ကျွမ်းကျင်တတ်မြောက်သွားတတ်သည်။ အခက်အခဲတွေကို ကြုံတွေ့ရတဲ့အခါ ပါရမီက ပိုလို့တောင် အရေးပါလာတတ်သည်။ ပင်ကိုစွမ်းရည်ကို စစ်ဆေးသည့် စမ်းသပ်ချက်အပြီးမှာ ကျေနပ်စရာမကောင်းတဲ့ သတင်းတွေကို ရီဖန် ကြားလိုက်ရ၏။

ရီကျင်းထျန်နှင့် ရီကျင်းဟိုင်ရဲ့ ပါရမီက တော်တော်လေး နိမ့်ပါးသည့်အဆင့်မှာပဲ ရှိပြီး သူတို့နှစ်ယောက်က သိုင်းပညာကို သင်ယူနိုင်ရုံလောက်သာ ရှိကာ ‘ ခန္ဓာကိုယ်ကြံခိုင်သန်မာအောင် လေ့ကျင့်ခြင်း ’ ရဲ့ အစောပိုင်းအဆင့်တွေမှာပင် အခက်အခဲမျိုးစုံ ကြုံရပြီး ရပ်တန့်သွားဖို့ များသည်။

ပြီးတော့ အဲ့ဒါအတွက်လည်း ပိုက်ဆံတွေ အများကြီး ကုန်ကျပါလိမ့်မည်။

ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး မှာ အဆင့် ( ၁၂ ) ဆင့် ရှိပြီး ပထမဆုံး အဆင့် ( ၃ ) ဆင့်က လူ တစ်ယောက်ကို သာမန်လူတွေထက် ကြံ့ခိုင်သန်မာအောင် လေ့ကျင့်ပေးသည်။

အဆင့် ( ၄ ) ကနေ အဆင့် ( ၆ ) အထိက ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ရဲ့ အလယ်အလတ်အဆင့် ဖြစ်ပြီး လက်နက်မပါတဲ့ သာမန်လူတွေ အများကြီးကို တစ်ယောက်တည်း အနိုင်ယူနိုင်အောင် လေ့ကျင့်ပေးသည်။

အဆင့် ( ၇ ) ကနေ ( ၉ ) အထိကတော့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ရဲ့ နောက်ဆုံးအဆင့် ဖြစ်ပြီး ခန္ဓာကိုယ်တွင်းအင်္ဂါတွေ စတင် အားကောင်းလာကာ အရင်တုန်းကထက် တိုက်ရည်ခိုက်ရည်တွေ အများကြီး တိုးတက်လာအောင် လေ့ကျင့်ပေးသည်။

‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်‌မာမှု လေ့ကျင့်ရေး ’ ရဲ့ နောက်ဆုံးအဆင့်မှာ ရောက်နေတဲ့ သိုင်းသမားကို လက်နက်မပါတဲ့ သာမန်လူတွေ ဘယ်နှယောက်ပဲရှိရှိ လုံးဝ မယှဉ်နိုင်ပေ။

အဆင့် ( ၁၀ ) ရဲ့ နောက်ပိုင်း ၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်‌မာမှု အထွဋ်အထိပ်ကို ရောက်လာချိန်မှာတော့ စွမ်းအင်တွေ ၊ သွေးစီးဆင်းမှုတွေ အားကောင်းလာပြီး အတွင်းအားကို ဖွင့်ထုတ်ကာ သူမတူတဲ့ ခွန်အားတွေကို ရရှိလာတတ်သည်။

လက်ရှိအချိန်မှာ ချန်ဟဲမြို့တော်မှာ ခန္ဓာကိုယ်ကြံ့ခိုင်သန်‌မာမှု အဆင့် ( ၉ ) ကို ရောက်နေတဲ့ သိုင်းသမားတွေက အသန်မာဆုံး ဖြစ်ပြီး ထိုသိုင်းသမားတွေက လူနည်းစုသာ ရှိသည်။

ထိုလူတွေထဲမှာ သံချပ်ကာသိုင်းသင်တန်းကျောင်းရဲ့ ခေါင်းဆောင် မူကျိက ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၉ ) ကို ရောက်နေသော အားကောင်းတဲ့ သိုင်းသမား တစ်ယောက် ဖြစ်သည်။

သို့သော်လည်း သူ့သားတွေက သိုင်းပညာမှာ အလားအလာမရှိဘူး ဆိုတဲ့ သတင်းသည် ရီဖန်ရဲ့ သားတွေကို သိုင်းပညာသင်စေချင်တဲ့ စိတ်ကို လျော့ကျမသွားစေပါ။

သာမန်မိသားစုတွေအတွက်တော့ အလားအလာမရှိတဲ့ သားနှစ်ယောက်ကို သိုင်းပညာသင်ခိုင်းဖို့ မတတ်နိုင်လောက်ပေမဲ့ ရီဖန်လို ဆေးဝါးပညာတွေကို ကျွမ်းကျင်ထားသူ တစ်ယောက်အတွက်တော့ နည်းနည်းလေး ပင်ပန်းရမယ် ဆိုရင်တောင် လုံးဝကြီး ဖြစ်နိုင်ချေမရှိတာတော့ မဟုတ်ပေ။

ရီဖန် တတ်ကျွမ်းထားတဲ့ ဆေးဝါးပညာတွေထဲမှာ ခန္ဓာကိုယ်ကြံခိုင်သန့်မာမှုကို အထောက်အကူပြုနိုင်တဲ့ ဆေးနည်းတွေ ရှိသည်။ ထိုဆေးကို ဖော်စပ်ပြီး ဝက် တစ်ကောင်ကို တိုက်လိုက်ရင်တောင် ထိုဝက်ကို ခန္ဓာကိုယ်ကြံခိုင်သန့်မာမှုရဲ့ ထိပ်ဆုံးအဆင့်ကို ရောက်အောင် ရီဖန် တွန်းပို့နိုင်သည်။

ပြီးတော့ သိုင်းပညာပါရမီကရော တိုးတက်မလာဘူးလို့ ဘယ်သူ ပြောလဲ … ။

အသစ်စက်စက် ဆုလက်ဆောင်တွေကနေ သူ ရထားတဲ့ ၊ မိသားစုတွင်း မျှဝေပေးနိုင်တဲ့ စွမ်းရည်တွေကြောင့်သာ မဟုတ်ရင် သူ့သားနှစ်ယောက်မှာ သိုင်းပညာပါရမီ လုံးဝ ရှိနေမှာ မဟုတ်ဘူးလို့ ရီဖန် ခန့်မှန်းမိသည်။

အနာဂတ်မှာ သိုင်းပညာပါရမီကို တိုးပွားစေတဲ့ စွမ်းရည်တွေကို များများ ဖွင့်လှစ်လိုက်ရင် သူ့သားတွေမှာ ဘာအခက်အခဲမှ ရှိတော့မှာ မဟုတ်ပါ။

ရီကျင်းထျန်နှင့် ရီကျင်းဟိုင်ကို သံချပ်ကာသိုင်းသင်တန်းကျောင်းမှာ အောင်မြင်စွာ ကျောင်းအပ်ပြီးနောက် ရီဖန်သည် အိမ်မပြန်ဘဲ ဆေးခန်း တစ်ဆိုင်ဆိုင်မှာ အလုပ်လိုက်ရှာနေခဲ့သည်။ ချန်ဟဲမြို့မှာ ဆေးခန်းတွေ အများကြီးတော့ မရှိပါ။

ရီဖန်က သူ့အိမ်အနီးက ‘ ကောင်းချီးငါးဖြာ ’ ဆိုသည့် ဆေးခန်းကြီး တစ်ဆိုင်ကို ရွေးချယ်လိုက်၏။

ကောင်းချီးငါးဖြာ ဆိုတာ အသက်ရှည်ခြင်း ၊ ချမ်းသာကြွယ်ဝခြင်း ၊ အေးချမ်းခြင်း ၊ ကိုယ်ကျင့်တရားကောင်းခြင်းနှင့် ငြိမ်းချမ်းစွာ သေဆုံးရခြင်းကို ရည်ညွှန်းပါသည်။ အဲ့ဒီလို နာမည်ပေးထားတဲ့ ဆေးခန်းက အရမ်းကြီးတော့ မဆိုးဝါးလောက်ဘူးလို့ ရီဖန် ယူဆသည်။

ဆေးခန်းထဲကို သူ ဝင်လာခဲ့သည်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူတွေနှင့် အဘိုးကြီး တစ်ယောက်က ရီဖန့်ဆီ ရောက်လာသည်။

“ မင်း ဘယ်နေရာ နေမကောင်းလို့ ရောက်လာတာလဲ လူငယ်လေး။ ”

ရီဖန်က “ ကျွန်တော် အလုပ်လာရှာတာပါ သူဌေး။ သူဌေးမှာ အလုပ် တစ်ခုခုများ ရှိလား မသိဘူး။ ” ဟု ယဉ်ကျေးစွာ မေးလိုက်သည်။

“ မင်းမှာ ဘယ်လို အရည်အချင်းတွေ ရှိလို့လဲ။ ငါတို့ဆေးခန်းမှာ ‌အလုပ်သင်တွေ လောလောဆယ် လက်မခံသေးဘူး။ ”

အဘိုးကြီးက ဆေးကုတတ်တဲ့ပုံမပေါ်တဲ့ ရီဖန်ကို စူးစမ်းအကြည့်ဖြင့် ကြည့်နေသည်။

ရီဖန်က “ မိသားစုထဲမှာ လက်ဆင့်ကမ်းလာတဲ့ ဆေးကုသနည်း တချို့ကို ကျွန်တော် သိပါတယ်ခင်ဗျာ။ ဆေး‌ဝါးတွေလည်း ဖော်စပ်တတ်ပါတယ်။ ” ဟု ကျိုးကျိုးနွံနွံ ပြန်ပြောလိုက်ပါသည်။

“ ဆေးဖော်တတ်တယ် .. ဟုတ်လား။ မင်း တကယ် ဆေးဖော်တတ်တာရော ဟုတ်လို့လား။ ”

သမားတော်က သမားတော် ၊ ဆေးဆရာက ဆေးဆရာ ဖြစ်သည်။ ဆေးဖော်စပ်တတ် ၊ ဆေးဝါးညွှန်ကြားချက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ရေးသားတတ်တဲ့ ဆေးဆရာက သမားတော်နည်းတူ အရေးပါသည်။

အရေးပေါ် အခြေအနေတွေအတွက် သွေးတိတ်ဆေးမှုန့်လို ဆေးဝါးတွေကို ဆောင်မထားတတ်တဲ့ လူမျိုး ရှိမည် မထင်ပါ။ သွေးတိတ်ဆေးမှုန့် ၊ အဆိပ်အတောက်ဖယ်ရှားတဲ့ ဆေးမှုန့် စသည်ဖြင့် ဆေးဝါးတွေ အကုန်လုံးက ဝယ်လိုအားကောင်းတဲ့ ဆေးဝါးများ ဖြစ်သည်။

ချန်ဟဲတစ်မြို့လုံးမှာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုဆေးမှုန့်ကို ရောင်းတာ တုပေါင်ဆေးဆိုင် တစ်ဆိုင်တည်း ရှိပြီး ဆေးမှုန့် တစ်ထုပ်ကို ငွေတုံး ( ၁၀ ) တုံး ကျသင့်လေရာ သာမန်လူတွေ မတတ်နိုင်တဲ့ ပမာဏ ဖြစ်သည်။

ရီဖန်ရဲ့ ဆေးဖော်စပ်တတ်တဲ့ စွမ်းရည်က သမားတော်အဘိုးကြီးရဲ့ စိတ်အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။

ဒီအလုပ်ကို လိုချင်နေတဲ့ ရီဖန်က ချက်ချင်းပဲ ဆေးဝါးညွှန်ကြားချက် နှစ်စောင်ကို ကျွမ်းကျင်သွက်လက်စွာ ရေးပြလိုက်၏။

သမားတော်ကြီးက ရီဖန်ကို နောက်ဖေးဥယျာဉ်ထဲ ခေါ်သွားခဲ့သည်။ သူတို့နှစ်ယောက် စကားပြောရင်း ရီဖန်သည် သမားတော်ကြီးရဲ့ နာမည်က ဝမ်ဖူ ဖြစ်ပြီး ကောင်းချီးငါးဖြာ ဆေးခန်းပိုင်ရှင်ဖြစ်ကြောင်း သိလိုက်ရသည်။

ရီဖန်သည် သွေးတိတ်ဆေးပင် ၊ ဗက်တီဗာမြက်ပင် … အစရှိသဖြင့် ဆေးပင်တိုင်းရဲ့ ဆေးဝါးအာနိသင်တွေကို ချက်ချင်း ရှင်းပြနိုင်ခဲ့ပြီး ထိုဆေးပင်တွေ အကုန်လုံးက အလွန် အသုံးဝင်တဲ့ ဆေးပင်တွေ ဖြစ်သည်။

ရီဖန်က သူ့ရဲ့ မူလ ဆေးဖော်နည်းတွေကို အသုံးမပြုဘဲ ပိုပြီး ရိုးရှင်းတဲ့ ဆေးဖော်နည်းတွေကိုသာ အသုံးပြုခဲ့သည်။ ရိုးရှင်းတဲ့ ဆေးဖော်နည်းတွေ ဆိုပေမဲ့လည်း သူတို့ရဲ့ အာနိသင်တွေကတော့ ဒီမြို့လေးထဲမှာ ထိပ်တန်းအဆင့်ဟု သတ်မှတ်လို့ ရသည်။

သမ္ဘာရင့်ဝါရင့် သမားတော် ဝမ်ဖူသည် ဆေးဝါးတွေကို ကိုယ်တိုင် မဖော်စပ်တတ်ပေမဲ့ ဘယ်ဆေးက ဘယ်လို အာနိသင်ရှိတယ် ၊ ဘယ်ဆေးကတော့ ဘာအာနိသင်မှ မရှိဘူး ဆိုတာကိုတော့ အတွေ့အကြုံအရ ပြောနိုင်သည်။

သာမန်လူတစ်ယောက်လို့ ထင်ရတဲ့ ဒီလူငယ်လေးက အမှန်တကယ် ဆေးဖော်စပ်တတ်ပြီး အရည်အချင်းရှိတယ် ဆိုတာကို ဝမ်ဖူ အတည်ပြုနိုင်ဖို့ အချိန်သိပ်မယူလိုက်ရပါ။

ဝမ်ဖူသည် ဆေးဝါးတွေရဲ့ အာနိသင်ကို အတည်ပြုပြီးသည်နှင့် ရီဖန်ကို ကောင်းချီးငါးဖြာ ဆေးခန်းမှာ ဆေးဆရာတစ်ယောက်အဖြစ် ချက်ချင်း အလုပ်ခန့်လိုက်တော့သည်။

လစာကတော့ တစ်လကို ငွေတုံး ( ၁၀ ) တုံး ဖြစ်ပြီး ရီဖန်ဘက်က သွေးတိတ်ဆေးမှုန့် အထုပ် ( ၅၀ ) နှင့် အဆိပ်အတောက်ဖယ်ရှားတဲ့ ဆေးမှုန့် အထုပ် ( ၅၀ ) ကို ဖော်စပ်ပေးရမည်။

သူ လုပ်နိုင်ရင် လုပ်နိုင်သလောက် အပိုဆေးမှုန့်တွေကို ဖော်စပ်နိုင်ပြီး အပိုဆုကြေးအဖြစ် ငွေပြား တစ်ပြားကို ရရှိပါမည်။ တစ်လကို ငွေတုံး ( ၁၀ ) တုံးနှင့် ငွေပြား ( ၁ ) ပြား ရတဲ့ အလုပ်က ချန်ဟဲမြို့မှာ လစာကောင်းတဲ့ အလုပ်ဟု သတ်မှတ်လို့ ရသည်။

ဘယ်ခေတ်ကိုပဲ ရောက်နေပါစေ ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်ထားလျှင် အခြေခံ စားဝတ်နေရေးအတွက် စိတ်ပူစရာ မလိုပေ။

All Chapters