အခန်း ၄-၆
Vol. 1 Ch. 4-6
အခန်း ( ၄ ) သန်မာမှုလမ်းစဉ်ပေါ်က စစ်မှန်တဲ့ သိုင်းသမား။
ထိုညမှာပဲ ရီဖန်ဟာ ဆေးဆိုင်မှာ အောင်မြင်စွာ အလုပ်ရသွားပြီး လစဉ် ငွေတုံး ( ၁၀ ) တုံးကို လစာရမည် ဟူသော သတင်းကို ကြားချိန်မှာ တစ်မိသားစုလုံး အလွန် ပျော်ရွှင်သွားခဲ့ကြသည်။
ရီဖန် သူ့ရဲ့ ဆေးပညာစွမ်းရည်တွေကို ဘာလို့ အရင်တုန်းက ထုတ်မပြခဲ့တာလဲ ဆိုတာကိုတော့ ရီမိသားစုထဲက ဘယ်သူမှ သံသယမဝင်ကြပေ။ အိမ်ထောင်ဦးစီး တစ်ယောက်ရဲ့ အခွင့်အာဏာက အထင်အရှား ပေါ်လွင်လာခဲ့ပြီ ဖြစ်သည်။
ကောင်လေး နှစ်ယောက်က ညစာ စားပြီးသွားတော့ ခြံထဲ ဆင်းပြီး သူတို့ မနက်တုန်းက သင်ယူလာခဲ့တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစေသည့် ကျိုးနျိုကျင့်စဥ်ကို လေ့ကျင့်နေခဲ့ကြသည်။
‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာအောင် လေ့ကျင့်ခြင်း ’ အဆင့်မှာ လေ့ကျင့်မှုက ခန္ဓာကိုယ်အစိတ်အပိုင်း ( ၃ ) ခုကို ကြံ့ခိုင်စေသလို အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားတာကလည်း ခန္ဓာကိုယ်အစိတ်အပိုင်း ( ၇ ) ခုကို သန်မာစေသည်။
ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု ကျင့်စဉ်တစ်လျှောက်မှာ ခန္ဓာကိုယ်ထဲကို စားသုံးလိုက်တဲ့ အစားအသောက်တွေက စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး ကြွက်သားတွေကို သန်မာတောင့်တင်းစေသည်။
ပထမဆုံး အဆင့် သုံးဆင့်က အသားအရေကို ကြံ့ခိုင်သန်မာစေသည် ၊ အလယ်အလတ် အဆင့် သုံးဆင့်က အရိုးတွေကို ကြံ့ခိုင်သန်မာစေပြီး နောက်ဆုံး အဆင့် သုံးဆင့်ကတော့ ချီစွမ်းအင်နှင့် သွေးအားတွေ အားကောင်းလာခြင့်နှင့်အတူ ကိုယ်တွင်းအင်္ဂါ ငါးမျိုးကို ကြံ့ခိုင်သန်မာလာစေလေသည်။
ချီစွမ်းအင်နှင့် သွေးအားတွေ အထွဋ်အထိပ်ကို ရောက်သွားသည်နှင့်တစ်ပြိုင်နက် စစ်မှန်တဲ့ ချီစွမ်းအင်ရဲ့ ပထမအဆင့်ကို ကျင့်ကြံနိုင်ပြီး အတွင်းအားတွေကို စတင်အသုံးပြုနိုင်လိမ့်မည်။
အခုအချိန်မှာ ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့ လုပ်ရမာက အသားအရေကို ပထမဆုံးအကြိမ် ကြံ့ခိုင်သန်မာအောင် လုပ်ကာ ‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ’ ရဲ့ ပထမအဆင့်ကို တက်လှမ်းဖို့ ဖြစ်သည်။
ယေဘုယျအားဖြင့် ပထမအဆင့်ကို ရောက်ဖို့ အနည်းဆုံး သုံးလ အချိန်ယူရပေမဲ့ ရီဖန်ကတော့ သူ့သားနှစ်ယောက် သုံးဖို့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်သန့်မာစေတဲ့ ဆေးမှုန့်တွေကို စပြီး ပြင်ဆင်ဖို့ စီစဉ်နေပါသည်။ ဆေးမှုန့်တွေရဲ့ အကူအညီနှင့် ဆိုလျှင် သူ့သားနှစ်ယောက်အား ‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ’ ရဲ့ ပထမအဆင့်ကို တစ်လအတွင်း ကျွမ်းကျင်သွားအောင် ကူညီပေးနိုင်လိမ့်မည်ဟု ရီဖန် ယုံကြည်ချက်ရှိသည်။
နောက်တစ်နေ့ ရောက်တော့ ရီဖန်က ဆေးဝါးညွှန်ကြားချက် စာရွက်ကို ထုတ်ပြပြီး “ ကျွန်တော် ဆေးပင်တွေ နည်းနည်းပါးပါး သွားဝယ်ချင်တယ် သမားတော်ဝမ်။ ” ဟု ပြောလိုက်၏။ ထိုဆေးပင်တွေနှင့် ရီဖန်ဖန်ရဲ့ တခြား ဖြည့်စွက်ဆေးဝါးတွေကို ပေါင်းစပ်ပြီး ကြံ့ခိုင်သန်မာဆေးမှုန့်ကို ဖော်စပ်ရမှာပါ။
ရီဖန်ဖန်က သတိထားလွန်းနေတာ မဟုတ်ဘဲ ကြံ့ခိုင်သန်မာဆေးမှုန့်က ရှားပါးလွန်းတာကြောင့် ဖြစ်သည်။ မဟုတ်ရင် ချန်ဟဲတစ်မြို့လုံးမှာ ကြံ့ခိုင်သန်မာဆေးမှုန့်ကို ရောင်းတဲ့ နေရာက တုပေါင်ဆေးဆိုင် တစ်ဆိုင်တည်း ရှိမှာ မဟုတ်ေပ။
ကြံ့ခိုင်သန်မာဆေးမှုန့် တစ်ခါသောက်စာကို ငွေတုံး ( ၂ ) တုံး ကျသင့်ပြီး ( ၇ ) ရက်တိုင်း ဆေးမှုန့် ( ၁ ) ထုပ် သောက်ရလေရာ လူ နှစ်ယောက်စာအတွက်ဆို တစ်လကို ငွေတုံး ( ၁၆ ) တုံး ကျသင့်မည် ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်သည်။
ပြီးတော့ အသားဝယ်စားဖို့အတွက် ကုန်ကျငွေတွေ ၊ မောပန်းနွမ်းနယ်မှုတွေကနေ ပြန်နာလန်ထူနိုင်အောင် သောက်သုံးရတဲ့ ဆေးဝါးတွေ စသည်ဖြင့် ကုန်ကျစရိတ်တွေပါ ထည့်ပေါင်းလိုက်ရင် လူ တစ်ယောက်အတွက် တစ်လကို အနည်းဆုံး နောက်ထပ် ငွေတုံး ( ၃ ) ၊ ( ၄ ) တုံး ထပ်ကုန်ကျလိမ့်မည်။
အောင်မြင်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့ လိုက်နာကျင့်သုံးရမယ့် နိယာမကို ‘ အခြေခံမပါတဲ့ လူက ကျင့်ကြံရေးအတတ်တွေကို လုံးဝ မသင်ယူနိုင်ဘူး ’ ဟူ၍ လက်ရေးလှဖြင့် လှပသေသပ်စွာ ရေးသားထားပါသည်။
ရီဖန်လည်း လေးလံတဲ့ ဖိအားတွေကို ခံစားလိုက်ရသည်။ မိသားစုကို ပျိုးထောင်ရတာ တကယ့်ကို မလွယ်ကူဘူးပဲ။
…
မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်လ ဆိုတဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ တစ်လ ဆိုတဲ့ အချိန် ကုန်ဆုံးသွားသည်။ ရီဖန်ရဲ့ အပြည့်အဝ ပံ့ပို့ပေးမှုကြောင့် ရီကျင်းထျန်နှင့် ရီကျင်းဟိုင်သည် ‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ’ ရဲ့ ပထမအဆင့်ကို ကျွမ်းကျင်တတ်မြောက်ခါနီး အချိန်ကို ရောက်လာခဲ့၏။
ထိုအချိန်ကို သူ့သားနှစ်ယောက်က စိတ်လှုပ်ရှားစွာ မျှော်လင့်နေသလို ရီဖန်လည်း စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။ သူတို့နှစ်ယောက် ပထမအဆင့်ကို ကျွမ်းကျင်တတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် စစ်မှန်တဲ့ သိုင်းသမားတွေ ဖြစ်လာလိမ့်မည်။
“ ဒီမှာ ငွေတုံး ( ၅ ) တုံး။ မင်းတို့ ခွဲယူပြီး အသားတွေ များများ ဝယ်စားလိုက်။ နေ့ခင်းကျ သိုင်းသင်တန်းကျောင်းမှာ အားရပါးရ စားကြ။ ”
သံချပ်ကာသိုင်းသင်တန်းကျောင်းရဲ့ သင်တန်းကြေးထဲမှာ နေ့လယ်စာ မပါဝင်သောကြောင့် သူတို့ ကောင်းကောင်း စားချင်လျှင် ကိုယ့်ဘာသာပဲ ဝယ်စားရသည်။ ရီဖန်က ဒီလမှာ ပုံမှန်တာဝန်တွေအပြင် သွေးတိတ်ဆေးမှုန့် အထုပ် ( ၅၀ ) ကို အပိုဆောင်း ဖော်စပ်နိုင်ခဲ့တာမို့ အပိုဆုကြေးအဖြစ် ငွေတုံး ( ၅ ) တုံး ရထားသည်။
ရီဖန်က ပိုက်ဆံပိုမရှာချင်တာ မဟုတ်ပေမဲ့ လက်ရှိအချိန်မှာ ဒါက ကောင်းချီးငါးဖြာဆေးဆိုင်ရဲ့ တတ်နိုင်တဲ့ အကန့်အသတ် ဖြစ်သည်။ သူတို့ ထပ်ပြီး လုပ်ငန်းတိုးချဲ့ချင်ရင် လူတွေကြားမှာ သူတို့ဆေးဆိုင် အခုထက် နာမည်ပိုကြီးလာမယ့် အချိန်ကို စောင့်ရပါမည်။
ငွေတုံး ( ၁၅ ) တုံး လစဉ်ဝင်ငွေက တခြားသူတွေအတွက်တော့ များရင် များလောက်ပေမဲ့ ရီဖန်ဖန်အတွက်တော့ လုံလောက်တဲ့ ပမာဏတောင် ဟုတ်မနေပါ။
ကြံ့ခိုင်သန်မာဆေးမှုန့်က လောလောဆယ်မှာ အသုံးဝင်နေသေးပေမဲ့ သူ့သားနှစ်ယောက်က ‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ’ ရဲ့ နောက်ပိုင်းအဆင့်တွေကို ရောက်သွားလျှင်တော့ လျင်လျင်မြန်မြန် တိုးတက်နိုင်ဖို့အတွက် ပိုကောင်းတဲ့ ဆေးမှုန့်တွေကို လိုအပ်လိမ့်မည်။
ထိုအခါ ကုန်ကျစရိတ်တွေလည်း ပိုလို့တောင် များပြားလာလိမ့်မည်မို့ သူတို့မှာ အခု ရှိနေတဲ့ ငွေကြေးက လုံလောက်ဖို့ အဝေးကြီး လိုသေးသည်။ ကြည့်ရတာ သူတို့ ပိုက်ဆံရှာနိုင်တဲ့ နည်းလမ်းတွေကို ထပ်ရှာရမယ့်ပုံပဲ။
ကြံ့ခိုင်သန့်မာဆေးမှုန့်ကို ရောင်းချပြီး ပိုက်ဆံရှာလို့ ရသော်လည်း အဲ့ဒီလို လုပ်ဖို့ အချိန်မကျသေးပါ။ ကြံ့ခိုင်သန်မာဆေးမှုန့်ကို ရောင်းချနိုင်ဖို့အတွက် အနည်းဆုံးအားဖြင့် ကိုယ်ခံပညာကို အဆင့်တစ်ခုထိ တတ်မြောက်ထားဖို့ လိုအပ်သည်။
ကောင်လေးနှစ်ယောက်သည် သံချပ်ကာသိုင်းသင်တန်းကျောင်းကို သွားပြီး နည်းပြဆရာကို တက်တက်ကြွကြွ သွားရှာခဲ့သည်။ နည်းပြဆရာက ရီကျင်းထျန်နှင့် ရီကျင်းဟိုင်ဟာ ‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ’ ရဲ့ ပထမအဆင့်ကို ပြီးမြောက်တော့မည် ဆိုတဲ့ စကားကို ကြားချိန်မှာ ထိတ်လန့်သွားလေသည်။
ဒီကောင်လေးနှစ်ယောက်ရဲ့ အရည်အချင်းကို သူကိုယ်တိုင် စစ်ဆေးကြည့်ပြီးသားမို့ သူတို့က နိမ့်ပါးသည့် အဆင့်လောက်ပဲ ရှိတယ် ဆိုတာကို သိသည်။ သူတို့ထက် ပိုတော်တဲ့ ကျောင်းသားတွေတောင် ပထမအဆင့်ကို အခုထိ မပြီးမြောက်သေးတာကို ဒီနှစ်ယောက်က ပြီးမြောက်တော့မယ်တဲ့လား … ။
နည်းပြဆရာသည် ဒီကောင်လေးနှစ်ယောက်ရဲ့ အရည်အချင်းကို စစ်ဆေးတုန်းက သူ တစ်ခုခု လွဲချော်သွားခဲ့တာလားဟု ဇဝေဇဝါဖြစ်သွား၏။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်ကို နောက်တစ်ခေါက် ထပ်စစ်ဆေးကြည့်ပြီးသွားတော့ သူ ပိုလို့တောင် ဇဝေဇဝါဖြစ်သွားရသည်။
“ မဟုတ်သေးပါဘူး။ မင်းတို့နှစ်ယောက်ရဲ့ ပင်ကိုစွမ်းရည်က သာမန်အဆင့်လောက်ပဲ ရှိနေသေးတယ်။ မင်းတို့ အထူးဆေးဝါးတွေ ဘာတွေ သောက်တာလား။ ”
နည်းပြဆရာက သူတို့နှစ်ယောက်ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။
“ အထူးဆေးဝါးလား။ အဖေကတော့ ကျွန်တော်တို့ကို ကြံ့ခိုင်သန်မာဆေးမှုန့်တွေကို ခုနှစ်ရက် တစ်ခါ တိုက်တယ်ဗျ။ ” ရီကျင်းထျန်က ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်သည်။
ထို့ကြောင့် ရီဖန်က သူ့သားတွေကို ဒီလို လျင်မြန်တဲ့ တိုးတက်မှုအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်ကို အမြဲတမ်း လိုသည်ဟု ရှင်းပြထားခဲ့တာ ဖြစ်သည်။ ကြံ့ခိုင်သန်မာဆေးမှုန့်က ပိုက်ဆံရှိရင် ဝယ်လို့ ရတဲ့ ပစ္စည်းပဲမို့ သံချပ်ကာသိုင်းသင်တန်းကျောင်းက သံသယဝင်မှာကိုလည်း စိုးရိမ်စရာ မလိုပေ။
ကြံ့ခိုင်သန်မာဆေးမှုန့် ….. ။ ဒီကောင်လေးနှစ်ယောက် ဒီလောက် မြန်မြန် တိုးတက်လာတာရဲ့ နောက်ကွယ်က အကြောင်းပြချက်က ဒါပေါ့ … ။
နည်းပြဆရာက အကျိုးအကြောင်းကို ချက်ချင်း နားလည်သွားပေမဲ့ ထိုနားလည်မှုက သူ့ကို အလွန် အံ့ဩသွားစေသည်။ လေ့ကျင့်ရေးအစကတည်းက ကြံ့ခိုင်သန်မာဆေးမှုန့်ကို သုံးနိုင်တဲ့ မိသားစုက ဘယ်လို မိသားစုမျိုးပါလိမ့်။
သံချပ်ကာသိုင်းသင်တန်းကျောင်းရဲ့ နည်းပြဆရာ ဖြစ်တဲ့ သူကိုယ်တိုင်တောင် ကြံ့ခိုင်သန်မာဆေးမှုန့်ကို ခုနှစ်ရက် တစ်ခါ မသောက်နိုင်။
“ မင်းတို့ရဲ့ ချမ်းသာတဲ့ ကုန်သည်အဖေက ဘယ်သူများလဲ။ ” ကြံ့ခိုင်သန်မာဆေးမှုန့်ကို ခုနှစ်ရက် တစ်ခါ သောက်နိုင်တယ် ဆိုကတည်းက အတော်လေး ချမ်းသာတဲ့ မိသားစု ဆိုတာ သေချာနေတာမို့ နည်းပြဆရာက သူတို့အဖေနှင့် မိတ်ဆွေဖွဲ့ဖို့ စိတ်ဝင်စားသွားသည်။
“ ကျွန်တော့်အဖေက ချမ်းသာတဲ့ ကုန်သည်ကြီး မဟုတ်ပါဘူးခင်ဗျာ။ သူက ကောင်းချီးငါးဖြာဆေးဆိုင်က ဆေးဆရာရီဖန်ပါ။ ”
ကောင်းချီးငါးဖြာဆေးဆိုင်က ဆေးဆရာ …… ။
နည်းပြဆရာက သူတို့မြို့ကို မကြာသေးခင်တုန်းကမှ ရောက်လာတဲ့ လူ တစ်ယောက်ကို ရုတ်တရက် သတိရသွားသည်။ ကောငးချီးငါးဖြာဆေးဆိုင်ရဲ့ ကြံ့ခိုင်သန်မာဆေးမှုန့်နှင့် အဆိပ်အတောက်ဖယ်ရှားဆေးမှုန့်က အခုတလော တော်တော်လေး နာမည်ကြီးနေပါသည်။
ချန်ဟဲမြို့လို မြို့သေးသေးလေးမှာ တစ်ခုခုဆို သတင်းပြန့်တာမို့ လူတွေက ကောင်းချီးငါးဖြာဆေးဆိုင်က ဆေးမှုန့်တွေရဲ့ ကောင်းမွန်တဲ့ အရည်အသွေးကို သိသွားကြပြီး ထိုဆေးမှုန့်တွေကို လိုအပ်လာတိုင်း သူတို့ဆေးဆိုင်မှာပဲ ဝယ်ဖို့ ရွေးချယ်ခဲ့ကြသည်။
ကောင်းချီးငါးဖြာဆေးဆိုင်ရဲ့ အရည်အသွေးမြင့်ဆေးမှုန့်တွေကို ဖော်စပ်သူက ဒီကျောင်းသားနှစ်ယောက်ရဲ့ အဖေ ဖြစ်ပုံရသည်။
“ မင်းတို့ ဆက်လေ့ကျင့်နေကြပါ။ ငါ့မှာ အချိန်ရတဲ့ နေ့ကျ ငါ မင်းတို့အိမ်ကို လာလည်ပါဦးမယ်။ ”
“ ကောင်းတာပေါ့ ဆရာ။ အဲ့နေ့ကျ ကျွန်တော်တို့ ဆရာ့ကို ဝမ်းသာအားရ ဧည့်ခံပါ့မယ်။ ”
သံချပ်ကာသိုင်းသင်တန်းကျောင်းမှာ နည်းပြဆရာအဖြစ် အလုပ်,လုပ်နိုင်ခြင်းက သူ့ရဲ့ ကျင့်ကြံရေးအဆင့်ဟာ အဆင့်တစ်ခုကို ရောက်နေပြီ ဆိုတဲ့ အဓိပ္ပာယ် ဖြစ်သည်။ မုထန်းလို့ ခေါ်တဲ့ ဒီနည်းပြဆရာက ခန္ဓာကိုယ်ကြံခိုင်သန်မာမှု အဆင့်ခြောက်ကို ရောက်နေသူ ဖြစ်ပြီး နောက်ပိုင်းအဆင့်တွေကို တက်ရောက်နိုင်ခါနီး သိုင်းသမားတစ်ယောက်မို့ ချန်ဟဲမြို့မှာ သူက အတော်လေး အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပင်။
လူမှုပေါင်းသင်းဆက်ဆံရေး ဆိုတာ တစ်ခါတရံ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်တွေနှင့် အစပြုတတ်၏။ ဆေးဆရာတစ်ယောက် ဆိုတဲ့ ရီဖန်ရဲ့ ဂုဏ်က လူတွေကို သူနှင့် ခင်မင်ရင်းနှီးချင်စိတ်ဝင်စေတာ ဖြစ်လောက်သည်။
…
နောက်ဆုံး ကျန်တဲ့ အသားအရေအစိတ်အပိုင်းကို ကြံ့ခိုင်သန်မာစေကာ ဆုံးခန်းတိုင်အောင် လေ့ကျင့်ပြီးတဲ့နောက်မှာတော့ ရီကျင်းထျန်သည် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု ပထမအဆင့်ကို ပြီးမြောက်သွားခဲ့လေသည်။
အသားအရေကို အပြည့်အဝ ကြံ့ခိုင်သန်မာအောင် လေ့ကျင့်နိုင်ခဲ့ပြီမို့ ရီကျင်းထျန်ရဲ့ တစ်ဖက်လူထိုးတဲ့ လက်သီးတွေ ၊ ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေကို ခံနိုင်ရည်က အများကြီး တိုးတက်လာပြီး သူ့ကို သာမန်လူတွေနှင့် ကွဲထွက်သွားစေသည်။
နောက်ဆုံးတော့ ရီမိသားစုရဲ့ ပထမဆုံး သိုင်းသမားကို မွေးထုတ်နိုင်ခဲ့ပါပြီ။
ရီကျင်းဟိုင်ကလည်း ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု ပထမအဆင့်ကို လျင်လျင်မြန်မြန်ပဲ ပြီးမြောက်သွားပြီး ရီမိသားစုရဲ့ ဒုတိယသိုင်းသမား ဖြစ်လာခဲ့သည်။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်သည် ပထမအဆင့်ကို အောင်မြင်စွာ ကျော်လွှားဖြတ်ကျော်ပြီးသည်နှင့် နေ့လယ်စာအလွတ်ခံကာ အိမ်ကို အမြန် ပြန်လာခဲ့ကြသည်။ အဖေ့ကို ဒီသတင်းပြောပြပြီး သူတို့က အဖေ့ကို စိတ်မပျက်စေဘူး ဆိုတာ သိစေချင်သည်။
“ ကျွန်တော်တို့ ပထမအဆင့်ကို အောင်မြင်သွားပြီ အဖေ။ ” တစ်လမ်းလုံး ပြေးလာခဲ့တာတဲ့ ရီကျင်းထျန်ရဲ့ အသံက အသက်ရှူမှားလောက်အောင်ပင် ဟောဟဲဆိုက်ပြီး တစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားနေခဲ့သည်။
ရီကျင်းဟိုင်ကလည်း “ ကျွန်တော်လည်း အောင်မြင်သွားပြီ အဖေ။ ” ဟု စိတ်လှုပ်ရှားမှုတွေနှင့် တောက်ပနေသော မျက်လုံးများဖြင့် အားကျမခံ ပြောလိုက်သည်။
ရီဖန်တစ်ယောက် အံ့ဩဝမ်းသာစွာ ထထိုင်လိုက်မိလေသည်။ သူတို့ ပထမအဆင့်ကို အောင်မြင်သွားပြီတဲ့လား … ။ ဘယ်လောက်တောင် ဝမ်းသာစရာကောင်းလိုက်တဲ့ သတင်းလဲ။
“ သခင် ရဲ့ မိသားစုထဲက မိသားစုဝင်တစ်ယောက်က စစ်မှန်တဲ့ သိုင်းသမား ဖြစ်လာတဲ့အတွက် ရေရှည်တာဝန် ပြီးဆုံးသွားပါပြီ။ ရေရှည်တာဝန် : မိသားစုဝင်များ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု ပထမအဆင့်ကို ပြီးမြောက်ခြင်း ( ပြီးစီး ) ။ ဆုလက်ဆောင် ရယူရန် အဆင်သင့်ပါ။ ”
“ ဆုလက်ဆောင် ရယူမယ်။ ”
“ ဆုလက်ဆောင်ရသွားတဲ့အတွက် သခင် ကို ဂုဏ်ပြုပါတယ်။ ဆုလက်ဆောင် : မိသားစုဉာဏ်ပညာ အမှတ် ငါးဆယ် တက်သွားခြင်း ( အစိမ်းရောင်အဆင့် ) ။ ”
ဝိုး ၊ အစိမ်းရောင်အဆင့်တဲ့လား။ တကယ်ကို မဆိုးဘူးပဲ။
ဉာဏ်ပညာ ဆိုတာ လူတစ်ယောက်ရဲ့ လေ့လာသင်ယူမှုအမြန်နှုန်းကို ကိုယ်စားပြုသည်။
သံချပ်ကာသိုင်းသင်တန်းကျောင်းမှာ သူ့သားနှစ်ယောက် သင်ယူခဲ့တဲ့ ‘ ကျိုးနျိုကျင့်စဉ် ’ မှာ လက်သင် ၊ လေ့လာသူ အဆင့် ( ၁ ) ၊ လေ့လာသူ အဆင့် ( ၂ ) နှင့် ကျွမ်းကျင်သူ ဆိုတဲ့ မတူညီတဲ့ အဆင့်တွေ ရှိသည်။
ကျွမ်းကျင်မှုအဆင့်တွေ ပိုမြင့်လာလေ ၊ ကျင့်ကြံရေးအမြန်နှုန်းတွေ ပိုမြန်လာလေပါပဲ။
ဉာဏ်ပညာက ပါရမီမပါခြင်းကို အတိုင်းအတာတစ်ခုထိ လျှော့ချပေးတာမို့ အနာဂတ်မှာ သိုင်းပညာစွမ်းရည်တွေကို လေ့လာတဲ့အခါ ဉာဏ်ပညာက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သည်။
အစိမ်းရောင်အဆင့်မှာ ရတဲ့ ဉာဏ်ပညာတွေက အဖြူရောင်အဆင့်မှာ ရတဲ့ ဉာဏ်ပညာတွေထက် ငါးဆ ပိုများတာကြောင့် သေချာပေါက်ပင် အများကြီး ပိုပြီး အားကောင်းထိရောက်သည်။
ဒါနဲ့ဆို နောက်ပိုင်းမှာ သိုင်းပညာတွေကို ဆက်လေ့လာဖို့ တော်တော်လေး လွယ်ကူသွားပါပြီ။ ဒါပေမဲ့ လောလောဆယ်က အဲ့ဒါကို တွေးနေရမယ့် အချိန် မဟုတ်ပါ။ အကြောင်းကတော့ ရီဖန်လည်း သိုင်းသမားတစ်ယောက် ဖြစ်လာတော့မှာ သေချာခဲ့ပီ။
အခန်း ( ၅ ) ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့်ငါး : သွေးတွေ ဆူပွက်လာခြင်း။
ပြီးခဲ့တဲ့တစ်ခေါက် ရီဖန် လယ်ထဲမှာ အပင်ရေလောင်းဖို့ ခန္ဓာကိုယ်ကို ခွန်အားပြည့်ဝအောင် လုပ်ခဲ့တာက တစ်လကြာသွားပြီ ဖြစ်သည်။ အခု နောက်ထပ်တစ်ဆင့်အတွက် အချိန်ကျပါပြီ။
ရီဖန်သည် စုယန်ကို ခဏနားဦးမည်ဟု ပြောခဲ့ပြီးနောက် အခန်းထဲ ဝင်ကာ တံခါးပိတ်လိုက်၏။
“ ငါ့ကို အားဖြည့်ပေးပါ စနစ်။ ”
မမြင်ရတဲ့ စွမ်းအင်တွေ နောက်တစ်ကြိမ် ထပ်ပေါ်လာကာ ရီဖန်ရဲ့ ခန္ဓာကိုယ်ကို စပြီး ပြုပြင်ပြောင်းလဲပေးခဲ့သည်။ သူ့စိတ်ထဲမှာ ‘ ကျိုးနျိုကျင့်စဉ် ’ ဆိုတဲ့ ကျင့်ကြံရေးကျင့်စဉ် တစ်ခု ပေါ်လာသည်။
သူ့သားနှစ်ယောက်ရဲ့ ကျိုးနျိုကျင့်စဥ်နှင့် ပတ်သက်တဲ့ အတွေ့အကြုံတွေ ၊ အသိပညာတွေ အကုန်လုံး ပေါင်းစပ်သွားကာ ရီဖန်ရဲ့ စိတ်ထဲကို ကူးပြောင်းစိမ့်ဝင်သွားသည်။ ရီကျင်းထျန်နှင့် ရီကျင်းဟိုင်က ကျိုးနျိုကျင့်စဉ်ကို လက်သင်အဆင့်လောက်သာ တတ်ကျွမ်းပြီး လေ့လာသူအဆင့် ( ၁ ) ကို ရောက်ဖို့တောင် တော်တော်လေး လိုသေးသည်။
သို့သော်လည်း သားနှစ်ယောက်ရဲ့ အသိပညာတွေကို ကူးယူပြီးတဲ့နောက်မှာ ရီဖန်က ကျိုးနျိုကျင့်စဉ်ရဲ့ လေ့လာသူအဆင့် ( ၁ ) ကို တန်းရောက်သွားတဲ့အပြင် သူ့အသားအရေကလည်း တဖြည်းဖြည်း ကြံ့ခိုင်တောင့်တင်းလာလေသည်။
အဲ့ဒီနောက်မှာတော့ ရီဖန်သည် ‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ’ ရဲ့ အဆင့် ( ၂ ) ကို ရောက်သွားခဲ့သည်။
‘ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု လေ့ကျင့်ရေး ’ ရဲ့ ပထမ အဆင့် ( ၃ ) ဆင့်ကြားမှာ ကွာဟချက်က သိပ်မများတာမို့ ရီဖန်ကို စနစ်က ခွန်အားဖြည့်ပေးလိုက်ချိန်မှာ သူ့ရဲ့ ကျင့်ကြံရေးအဆင့်က ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၂ ) ကို ရောက်သွားတာ ဖြစ်သည်။
အနာဂတ်မှာ ကျင့်ကြံရေးအဆင့်က မြင့်နေပြီး မိသားစုဝင်အရေအတွက်က တိုးမလာရင်တော့ သူ့ရဲ့ ကျင့်ကြံရေးအဆင့်တွေကို ဒီလိုမျိုး ဆက်ပြီး အဆင့်မြှင့်တင်သွားဖို့ လွယ်ကူမှာ မဟုတ်ပါ။
ရီဖန်သည် အဆင့်မြှင့်တင်ခြင်းပြီးဆုံးသွားပြီးနောက် သက်ပြင်းမောလေးကို မှုတ်ထုတ်ရင်း အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရသွားသလို ခံစားလိုက်ရသည်။
ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၂ ) နဲ့ ကျိုးနျိုကျင့်စဉ်ရဲ့ လေ့လာသူ အဆင့် ( ၁ ) ။
ရီဖန်သည် တစ်နာရီအတွင်းမှာပဲ သာမန်လူဘဝကနေ ရီမိသားစုရဲ့ ထိပ်တန်း သိုင်းသမားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ဒီခံစားချက်က သောက်ရမ်း မိုက်တယ်။
ပိုက်ဆံနှင့်တောင် ပေးဝယ်လို့ မရတဲ့ အရာကို ပြန်ရလိုက်တာမို့ ဒီအတောအတွင်း သူ ပင်ပန်းခဲ့သမျှ ၊ ကြိုးစားခဲ့သမျှတွေ အကုန်လုံး ပင်ပန်းရကျိုး ၊ ကြိုးစားရတာ တန်ကြေးရှိသွား၏။
ဒါပေမဲ့ ကျင့်ကြံရေးအဆင့်က လုံလောက်တဲ့ အဆင့်ကို ရောက်ဖို့ အများကြီး လိုနေပါသေးသည်။ အနာဂတ်မှာ အန္တရာယ်တွေကို ရင်ဆိုင်နိုင်ဖို့ဆို သူ့ခွန်အားတွေကို ဆက်ပြီး မြှင့်တင်သွားရမည်။
ရီဖန်ရဲ့ ခန့်မှန်းချက်အရ အချိန်ကူးပြောင်းလာခြင်း ၊ စနစ်ကို ပိုင်ဆိုင်ထားခြင်းနှင့် သူ့မိဘတွေ သေဆုံးသွားခြင်းတို့က သူဟာ အဓိကဇာတ်လိုက်ဖြစ်တယ် ဆိုတာကို ထင်ထင်ရှားရှား ညွှန်ပြနေသည်ဟု ထင်မိသည်။
လက်တွေ့ကျကျ ပြောရရင် သူ့ရဲ့ သိုင်းပညာခရီးလမ်းမှာ ဆူးငြှောင့်ခလုတ်တွေ မရှိဖို့ ဆိုတာ ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်ပါ။ ထို့ကြောင့် ရီဖန်သည် ဖြစ်နိုင်ရင် သူ့မိသားစုရဲ့သိုင်းပညာ ထိပ်တန်းအဆင့်ကို ရောက်တဲ့အချိန်ထိ လူသိမခံဘဲ သိုသိုသိပ်သိပ်ပဲ နေထိုင်သွားချင်သည်။
အချိန်တိုအတွင်း ဆက်တိုးတက်ချင်ရင် ရီကျင်းထျန်နှင့် ရီကျင်းဟိုင်အပြင် တခြားအချက်တွေကိုလည်း ထည့်စဉ်းစားရမည်။
ဟုတ်သားပဲ ၊ သူ စုယန်ကိုလည်း သိုင်းပညာလေ့ကျင့်ခိုင်းလို့ ရတယ်။
ရီဖန်သည် ထိုအတွေးဖြင့် အခန်းထဲကို ဝင်လာချိန်မှာပဲ မူးဝေယိုင်လဲတော့မလို ဖြစ်နေတဲ့ စုယန်ကို မြင်လိုက်ရ၍ သူမကို အမြန် ထိန်းကိုင်ပေးလိုက်ရသည်။
“ မင်း အဆင်ပြေရဲ့လား အချစ်။ ”
“ ကျွန်မ အဆင်ပြေပါတယ်။ ခေါင်းထဲ ရုတ်တရက် မိုက်ခနဲ ဖြစ်သွားလို့ပါ။ ” စုယန်က နားထင်ကို လက်ဖျားလေးတွေနှင့် ပွတ်ရင်း ပြန်ပြောသည်။
“ ခေါင်းမူးတာ ဆိုတော့ မင်း အစာအဆိပ်သင့်တာများလား။ ”
ရီဖန်က စုယန်ရဲ့ လက်ကောက်ဝတ်ကို ပြောပြောဆိုဆို ကိုင်ရင်း သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်၏။ သူမရဲ့ သွေးခုန်နှုန်းကို သေချာ စမ်းသပ်ပြီးတဲ့နောက်မှာတော့ ရီဖန်တစ်ယောက် အရင်ဆုံး ဆွံ့အသွားသည် ၊ ပြီးနောက် ဝမ်းသာပျော်ရွှင်သွားသည်။
စုယန်က အစာအဆိပ်သင့်တာ မဟုတ်ဘဲ ကိုယ်ဝန်ရှိနေတာပါ။
တစ်လတည်းနှင့် ဒီအနေအထားကို ရောက်အောင် လုပ်နိုင်ခဲ့တဲ့ သူ့ကိုယ်သူ အရမ်း တော်တယ်လို့ ခံစားလိုက်ရသည်။ ဒါက မိသားစုအောင်မြင်တိုးတက်ရေးမှာ လိုအပ်နေတဲ့ တိုးတက်မှုပါပဲ။
“ မင်း အမေဖြစ်တော့မယ် အချစ်။ ကိုယ်လည်း အဖေဖြစ်တော့မယ်။ ”
ဟားဟားဟား။
ရီဖန် အလွန် အူမြုးနေမိသည်။ အခုလည်း သူက ကလေးနှစ်ယောက်ရဲ့ အဖေ ဖြစ်နေပြီးသား ဆိုပေမဲ့ ဘာ့ကြောင့်ရယ်မသိ ဒီခံစားချက်ကတော့ ကွဲပြားသည်။ ပြင်ပကမ္ဘာမှာတုန်းက ရည်းစားတောင် တစ်ခါမှ မထားခဲ့ဖူးတဲ့ ရီဖန်ရဲ့ ဝမ်းသာပီတိ ဖြစ်လိမ့်မည် ထင်သည်။
“ ဘယ်လို … ကျွန်မ အမေဖြစ်တော့မှာ …… ”
စုယန်က ပထမဆုံး ဘယ်လို တုံ့ပြန်ရမှန်း မသိလောက်အောင် ကြောင်အသွားခဲ့ပြီး တဖြည်းဖြည်း စိတ်တည်ငြိမ်လာချိန်မှာတော့ သူမရဲ့ ဗိုက်ကို ဂရုတစိုက် တို့ထိကြည့်ရင်း မျက်နှာပေါ်မှာ မိခင်တစ်ယောက်ရဲ့ ပီတိအလင်းရောင်တွေ တောက်ပလာခဲ့ပါသည်။
မိန်းကလေးတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်ရခြင်းက သေချာပေါက်ပင် ဘဝရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်သည်။ အခု စုယန်မှာ ကိုယ်ဝန်ရှိနေပြီမို့ သူမ သိုင်းပညာလေ့ကျင့်မယ့် ကိစ္စကို အချိန်တစ်ခုထိ ရွေ့ဆိုင်းလိုက်ရသည်။ ရီဖန်က စုယန်အတွက် တစ်လကို ငွေတုံး တစ်ဝက်နှင့် အစေခံတစ်ယောက်လည်း ငှားပေးထားရသည်။
ရီဖန် ဖော်စပ်တဲ့ ဆေးဝါးတွေရဲ့ ဂုဏ်သတင်းကလည်း တဖြည်းဖြည်း နာမည်ကျော်ကြားလာခဲ့တာမို့ ဒီလအတွက် လစာက အရင်လတုန်းကထက် အနည်းငယ် ပိုများလာသည်။ စိစိစစ်စစ် သုံးစွဲလျှင် မိသားစု အသုံးစရိတ်တွေအတွက် လုံလောက်ပါလိမ့်မည်။
ရီမိသားစုရဲ့ မိသားစုဘဝကလည်း တစ်နေ့ထက်တစ်နေ့ အေးချမ်းသာယာလာခဲ့သည်။
ကလေးနှစ်ယောက်က သူတို့မှာ မကြာခင် ညီလေး ၊ ဒါမှမဟုတ် ညီမလေးတစ်ယောက် ရလာတော့မည် ဆိုတဲ့ သတင်းကို ကြားသောအခါ အလွန် ပျော်ရွှင်သွားပြီး သူတို့ သိုင်းပညာမလေ့ကျင့်တဲ့ အချိန်တွေမှာ စုယန်ကို ဂရုစိုက်ပေးခဲ့ကြသည်။
မိသားစု တစ်စုအတွက် စည်းလုံးညီညွှတ်မှု ဆိုတာ အရေးကြီးဆုံး အရာ ဖြစ်သည်။
ရီဖန်က သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို စိတ်တိုင်းကျ ကျေနပ်နေမိကာ ဆေးမှုန့်တွေကို ဖော်စပ်တဲ့ နှုန်းကလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ဝက် ဆိုတဲ့ အချိန် ကုန်ဆုံးသွားသလို ရီကျင်းထျန်နှင့် ရီကျင်းဟိုင်ကလည်း ထိုခြောက်လအတွင်းမှာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၃ ) ကို အောင်မြင်စွာ ပြီးမြောက်သွားခဲ့သည်။
အဲ့ဒါက ကြံ့ခိုင်သန်မာဆေးမှုန့်ရဲ့ အာနိသင် တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူတို့နှစ်ယောက်က ကျိုးနျိုကျင့်စဉ်ကို ကြိုးကြိုးစားစား လေ့ကျင့်တာကြောင့်လည်း ပါသည်။ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၃ ) ကို ရောက်နေတဲ့ တခြားလူတွေကတော့ ကျိုးနျိုကျင့်စဉ်ကို အစဦး ပြီးမြောက်ထားရုံလောက်သာ ရှိသေးသည်။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့က တိုးတက်မှုနှုန်းမြန်ပေမဲ့ ‘ ဆင်ပြောင်ကြီး အမြီးကျမှတစ် ’ ဆိုသလို အခက်အခဲတွေကို ရင်ဆိုင်လာရလေသည်။
အဓိက အခက်အခဲကတော့ သူတို့ရဲ့ ပင်ကိုစွမ်းရည်က နည်းလွန်းတာပင်။ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၃ ) ကနေ အဆင့် ( ၄ ) ကို အဆင့်တက်ဖို့က ကြီးမားခိုင်ခံ့တဲ့ တံခါးကြီးတစ်ချပ်လိုပင် သူတို့ရဲ့ တိုးတက်ရေးလမ်းကြောင်းကို ပိတ်ဆို့ထားခဲ့သည်။
သူတို့ ဆက်ပြီး အရှိန်အဟုန်ကောင်းကောင်းနှင့် တိုးတက်ချင်ရင် သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို အဆင့်မြှင့်ရင် မြှင့် ၊ မဟုတ်ရင် ပိုအားကောင်းတဲ့ ဆေးဝါးတစ်မျိုးကို သုံးစွဲရလိမ့်မည်။
ရီဖန်သည်လည်း မထူးဆန်းစွာပင် ပိုအားကောင်းတဲ့ ဆေးဝါးတွေကို ဆက်လက် ဖော်စပ်နိုင်ပါသည်။ ဥပမာပြောရရင် အရိုးအဆစ်ကြံ့ခိုင်သန်မာဆေးမှုန့်က သူတို့ရဲ့ လက်ရှိအခြေအနေအတွက် အလွန် သင့်တော်သည်။
ဒါပေမဲ့ အရိုးအဆစ်ကြံ့ခိုင်သန်မာဆေးမှုန့် တစ်ထုပ်မှာ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအတွက်ပင် ငွေတုံး ဆယ်တုံးနီးပါး ကုန်ကျသည်။
ကောင်လေးနှစ်ယောက်အတွက် ခုနှစ်ရက် တစ်ခါ သောက်ဖို့နှင့် တခြား ကုန်ကျစရိတ်တွေကိုပါ ပေါင်းလိုက်ရင် တစ်လကို ငွေတုံး ( ၁၀၀ ) ဝန်းကျင် ကုန်ကျမှာပင်။
ထိုပမာဏက ရီဖန် လက်ရှိအချိန်မှာ တတ်နိုင်တဲ့ ပမာဏ မဟုတ်ပါ။
ပြီးခဲ့တဲ့ ခြောက်လအတွင်း ကောင်းချီးငါးဖြာဆေးဆိုင်မှာ ရောင်းချရတဲ့ ဆေးဝါးအရေအတွက်လည်း ပိုတိုးလာပေမဲ့ တစ်လကို အပိုဝင်ငွေအဖြစ် ငွေတုံး ( ၅ ) တုံး ၊ ( ၁၀ ) တုံး ရှာနိုင်တာက ရီဖန် နောက်ဆုံး ရှာနိုင်တဲ့ အကန့်အသတ်ပဲ ဖြစ်သည်။
ပြောရရင် ဒီမြို့မှာ သွေးတိတ်ဆေးမှုန့်နဲ့ အဆိပ်အတောက်ဖယ်ရှားဆေးမှုန့်ကို လိုအပ်တဲ့ သိုင်းသမား ဘယ်နှယောက် ရှိနိုင်မှာမို့လို့လဲ။ အခုအချိန်မှာ ရီဖန် လုပ်နိုင်တာ ဆိုလို့ သူ့ဆေးဝါးတွေကို ရောင်းဖို့ ဆေးဆိုင်အသစ်တွေကို ရှာရင် ရှာ ၊ မဟုတ်ရင် ပိုထိရောက်တဲ့ ဆေးဝါးတွေကို ဖော်စပ်ရောင်းချဖို့ပဲ ရှိသည်။
သူ ကြံ့ခိုင်သန်မာဆေးမှုန့်ကိုတော့ အခု သေချာပေါက် ရောင်းလို့ မရသေးပါ။ အဲ့တော့ ပိုကောင်းတဲ့ အပြောင်းအလဲတစ်ခုလည်း ဖြစ်ပြီး သူလည်း အချိန်တိုအတွင်း ပိုက်ဆံများများ ရှာနိုင်အောင် ဘယ်လိုဆေးဝါးမျိုးကို ဖော်စပ်ရင်ကောင်းမလဲ … ။
ဉာဏ်အလင်းပွင့်ဆေးမှုန့်နဲ့ သွေးဆူပွက်ဆေးလုံး …
ဟုတ်တယ်။ သွေးဆူပွက်ဆေးလုံးက အကောင်းဆုံးပဲ။
သွေးဆူပွက်ဆေးလုံးကို သောက်သုံးပြီးရင် လူတစ်ယောက်ရဲ့ သွေးတွေက စတင်ဆူပွက်လာပြီး ဆယ့်ငါးမိနစ်အတွင်းမှာ တိုက်ရည်ခိုက်ရည်တွေ သုံးဆယ်ရာခိုင်နှုန်းအထိ တိုးလာစေသည်။
ဒါပေမဲ့ ထိုအခိုက်အတန့်လေး ပြီးဆုံးသွားသည်နှင့် သူတို့ရဲ့ ခန္ဓာကိုယ်က အားနည်းသွားပါလိမ့်မည်။ သွေးဆူပွက်ဆေးလုံးမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ် ဆိုပေမဲ့လည်း အရေးပေါ် အခြေအနေတွေပေါ်မှာတော့ အံ့ဖွယ်နတ်ဆေးသဖွယ် အသုံးဝင်၏။
သိုင်းသမားတွေအတွက်တော့ ထိုဆေးလုံးက အချိန်မရွေး နေရာမရွေး မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတစ်မျိုး ဖြစ်သည်။
ရီဖန်သည် ကောင်းချီးငါးဖြာဆေးဆိုင်မှာ အဆင်သင့် ရှိနေတဲ့ ကုန်ကြမ်းပစ္စည်းတွေကို မူတည်ပြီး လိုအပ်တာတွေကို ခပ်သွက်သွက် တွက်ချက်လိုက်ပြီးနောက် အဆင့်မြှင့်ထားတဲ့ သွေးဆူပွက်ဆေးလုံးဖော်စပ်နည်းကို ရသွားသည်။
ဒါပေမဲ့ ရီဖန်က ဆေးဝါးမဖော်စပ်ခင်မှာ ဒီလအတွက် အားဖြည့်ပေးတဲ့ အခွင့်အရေးကို အရင်ဆုံး သုံးပြီး သူ့စွမ်းရည်တွေကို တက်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ငါ့ကို အားဖြည့်ပေးပါ စနစ်။
နာရီဝက်အကြာမှာတော့ ရီဖန်ရဲ့ ကျင့်ကြံရေးအဆင့်က ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၅ ) ကို ရောက်သွားသလို သူ့ရဲ့ ကျိုးနျိုကျင့်စဉ်ကလည်း လေ့လာသူအဆင့် ( ၂ ) ကို ရောက်ရှိသွားခဲ့လေသည်။
လေ့လာသူအဆင့် ( ၂ ) ကို ရောက်သွားခြင်းက ရီဖန်ကို ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၅ ) ကို ရောက်နေတဲ့ ပျှမ်းမျှသိုင်းသမားတွေထက် ပိုသန်မာစေသည်။ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၆ ) ကို ရောက်နေတဲ့ သိုင်းသမားတစ်ယောက်နှင့် ရင်ဆိုင်ရလျှင်တောင် သူ့မှာ အနိုင်ရနိုင်ချေရှိသည်။
နောက်တစ်ဆင့်ကတော့ ပိုက်ဆံရှာဖို့ပါပဲ။
ဘာပြဿနာကြီးကြီးမားမားမှ မဖြစ်ဖို့ မျှော်လင့်ရသည်။
ရီဖန်သည် ခဏနေတော့ ကောင်းချီးငါးဖြာဆေးဆိုင်ကို သွားကာ ဆေးဝါးညွှန်ကြားချက်ကို ပြပြီး ဝမ်ဖူကို ပါဝင်ပစ္စည်းတွေ ယူခိုင်းလိုက်၏။ ပါဝင်ပစ္စည်းတွေ ရသည်နှင့် ဆေးဝါးဖော်စပ်ရေးကို စလိုက်သည်။
အခြောက်ခံရသည် ၊ အမှုန့်ကျိတ်ရသည် ၊ ဆေးရည်တွေကို ပွက်ပွက်ဆူအောင် ကျိုချက်ရသည် ၊ အကုန်လုံး ပြီးသွားတော့ ဆေးလုံးလေးတွေ ပြုလုပ်ရသည်။
ရီဖန်က အဆင့် တစ်ဆင့်ချင်းစီကို အသေးစိတ် ဂရုစိုက်နေခဲ့သည်။ သွေးတိတ်ဆေးမှုန့်နှင့် အဆိပ်အတောက်ဖယ်ရှားဆေးမှုန့်လို ဆေးဝါးတွေကို ဆေးဆရာမဟုတ်သူတွေပင် ဆေးဝါးညွှန်ကြားချက် ရှိရင် ဖော်စပ်လို့ ရပေမဲ့ သွေးဆူပွက်ဆေးလုံးကတော့ လုံးဝ မတူညီတဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။
အမှားအယွင်းသေးသေးလေးတစ်ခု လုပ်မိရုံနှင့် အကုန် အသစ်ပြန်စရမှာပင်။ အခုအချိန်မှာ သူ့ကို တဖြား ဆေးဆရာတစ်ယောက်က စောင့်ကြည့်နေရင်တောင် ရီဖန်သည် သူ့ရဲ့ ဆေးဖော်နည်း ပုံတူကူးခံရမှာကို စိတ်မပူပေ။ လိုအပ်တဲ့ အတွေ့အကြုံမရှိဘဲ သွေးဆူပွက်ဆေးလုံးကို ဖော်စပ်လို့ မရပါ။
ခဏအကြာမှာပဲ ရီဖန် ဖော်စပ်ထားတဲ့ အနက်ရောင် သွေးဆူပွက်ဆေးလုံးလေး ထွက်ပေါ်လာကာ ရီဖန်က ထိုဆေးလုံးကို ဝမ်ဖူ့ကို ပြလိုက်သည်။
ဝမ်ဖူသည် ရီဖန် ပြောတဲ့ အာနိသင်တွေကို နားထောင်ပြီးနောက် မျက်လုံးပြူးသွားကာ အားရကျေနပ်သွားခဲ့သည်။
ဒီဆေးလုံးက ဝမ်ဖူအတွက်ရော ၊ ကောင်းချီးငါးဖြာဆေးဆိုင်အတွက်ရော အခွင့်အလမ်းကောင်းကြီး ဖြစ်သည်။
နောက်ဆုံးမှာတော့ ရီဖန်က သွေးဆူပွက်ဆေးလုံးကို ကောင်းချီးငါးဖြာဆေးဆိုင်အား ဆေးလုံး တစ်လုံးကို ငွေတုံး ( ၈ ) တုံးနှင့် ရောင်းချလိုက်၏။ ဝမ်ဖူကတော့ သွေးဆူပွက်ဆေးလုံး ဆိုတဲ့ နာမည်ကို သိပ်မကြိုက်၍ နာမည်ပြောင်းချင်နေသည်။
သူက ဝမ်ဖူအား ထိုဆေးလုံးတွေကို ရောင်းချတဲ့အခါ ‘ ဒီဆေးလုံးတွေကို သူတို့ အသုံးပြုဖို့အတွက် ဖော်စပ်တာ မဟုတ်ဘဲ ရောင်းချဖို့အတွက်သာ ဖော်စပ်တာပါ ’ လို့ တစ်ပါတည်း ထည့်ကြေညာခိုင်းထားသည်။
ဆေးလုံးတွေကို ဝမ်ဖူ ဘယ်ဈေးနှင့် ပြန်ရောင်းမလဲ ဆိုတာကတော့ ရီဖန်နှင့် မဆိုင်ပါ။ ပါဝင်ပစ္စည်းကို ကောင်းချီးငါးဖြာဆေးဆိုင်က ပေးမှာ ဖြစ်ပြီး ရီဖန်ကတော့ ဆေးဖော်ဖို့သာ တာဝန်ရှိသည်။
အမှန်တရားကို လူတွေ အနှေးနှင့်အမြန် သိသွားမှာကို ရီဖန် နားလည်ပေမဲ့ လောလောဆယ်တော့ ဒီကိစ္စကို တတ်နိုင်သလောက် လျို့ဝှက်ထားချင်သည်။
အနည်းဆုံးတော့ ဒါက ရီဖန့်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိစေတာမို့ ဘယ်အချိန် အမှန်တရားထွက်ပေါ်လာမလဲ ဆိုတာကို တွေးပူနေစရာ မလိုပေ။
အခန်း ( ၆ ) တုပေါင်ဆေးဆိုင်ရဲ့ အထူးစီးပွားဖက် : ဆေးဝါးဆရာအကြောင်း အံ့ဖွယ်သတင်းများ။
သွေးဆူပွက်ဆေးလုံးကို စတင် မိတ်ဆက်ရောင်းချခြင်းက ကောင်းချီးငါးဖြာဆေးဆိုင်ကို ဂယက်ထသွားစေသည်။
အစပိုင်းမှာ လူတိုင်းက သွေးဆူပွက်ဆေးလုံးရဲ့ အကျိုးအာနိသင်တွေကို သံသယဝင်နေခဲ့သော်လည်း ဝမ်ဖူက ဘယ်လိုဘယ်ပုံ ကြံဆောင်လိုက်သည်မသိဘဲ ဆေးလုံး တစ်လုံးကို သိုင်းသမားတစ်ယောက်ဆီ ရောင်းချနိုင်ခဲ့ကာ ကံကြမ္မာရဲ့ ထူးဆန်းတဲ့ အလှည့်အပြောင်းကြောင့် ထိုဆေးလုံးကို ဝယ်သောက်လိုက်တဲ့ သိုင်းသမားက သူ့ထက် ပိုသန်မာတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၅ ) သိုင်းသမားတစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သည်။ အဲ့ဒီနောက်ပိုင်း သွေးဆူပွက်ဆေးလုံးက ပန်ကိတ်တွေလိုပဲ အရောင်းသွက်လာခဲ့သည်။
ရီဖန်က ဆေးလုံးတွေ အများကြီးကို ပိုပိုလျှံလျှံ ဖော်စပ်ထားခဲ့ပေမဲ့ တစ်ရက် ၊ နှစ်ရက်အတွင်းမှာပဲ ဆေးလုံးတွေအကုန်လုံး ရောင်းကုန်သွားခဲ့လေသည်။
သိုင်းသမားတွေက တခြား သိုင်းသမားတွေမှာ သွေးဆူပွက်ဆေးလုံးတွေ ရှိနေပြီး သူတို့မှာ မရှိမှာကို စိုးရိမ်နေကြတာပင်။ တကယ်လို့ ရန်ပွဲတစ်ခုမှာ တစ်ဖက်လူက သွေးဆူပွက်ဆေးလုံးကို သောက်လိုက်ပြီး သူတို့မှာတော့ မရှိလို့ မသောက်ရရင် သေတဲ့ လူက သူတို့ ဖြစ်သွားမှာ မဟုတ်လား။
သိုင်းသမားများစွာက သွေးဆူပွက်ဆေးလုံးကို အသုံးပြုဖို့အတွက်ပဲဖြစ်စေ ၊ ဒီတိုင်း သိမ်းထားဖို့အတွက်ပဲဖြစ်စေ အခြေအနေတွေ ဆိုတာ ပြောမရတာမို့ သွေးဆူပွက်ဆေးလုံးတစ်လုံးကိုတော့ အမြဲတမ်း ကိုယ်နှင့်မကွာ ဆောင်ထားခဲ့ကြသည်။
လဝက် ဆိုတဲ့ အချိန်လေးအတွင်းမှာပဲ ရီဖန်သည် ငွေတုံး ( ၁၀၀ ) စုဆောင်းနိုင်ခဲ့သည်။ လက်ရှိဈေးကွက်ကို ကြည့်ရသလောက် သွေးဆူပွက်ဆေးလုံးတွေ ရောင်းချတာကို ရေရှည်စီးပွားရေးအဖြစ် လုပ်လို့ ရလောက်သည်။
ဒါ့ကြောင့် အိမ်တစ်လုံး ဝယ်ဖို့ အချိန်ကျရောက်လာပါပြီ။ လူစည်ကားတဲ့ နေရာက အိမ်ကို ဝယ်တာ အကောင်းဆုံးပဲ။ အခု ငှားထားတဲ့ အိမ်က နေလို့ထိုင်လို့ အဆင်ပြေရုံလောက်သာ ရှိကာ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် မပြည့်စုံပေ။
ငွေတုံး ( ၁၀၀ ) ဝန်းကျင်လောက် တန်တဲ့ အိမ်မျိုးဆိုရင် လုံလောက်မယ် ထင်ပါရဲ့။
ဆေးလုံးတွေရဲ့ ကုန်ကျစရိတ်ကို ထည့်တွက်ရင် သူ့လက်ထဲမှာ ပိုက်ဆံ လုံလုံလောက်လောက် မရှိတာမို့ သူ ဆက်ပြီး အလုပ်ကြိုးစားရပါဦးမည်။
…
ရီဖန်က သူ့ပိုက်ဆံတွေကို ဘယ်လို သုံးရင် ကောင်းမလဲ ဆိုတာ အစီအစဉ်ဆွဲနေစဉ်မှာ သိုင်းဂိုဏ်းတွေကတော့ ဝမ်ဖူကို စောင့်ကြည့်နေကြပါပြီ။ သွေးဆူပွက်ဆေးလုံး ရောင်းချတဲ့ စီးပွားရေးက အမြတ်အစွန်းများတယ် ဆိုတာကို သူတို့က လျင်လျင်မြန်မြန်ပဲ သတိထားမိသွားခဲ့ကြသည်။ အမြတ်အစွန်းများတဲ့ စီးပွားရေးလုပ်ငန်းကို မလိုချင်တဲ့ လူရယ်လို့ မရှိပါ။
ဒါပေမဲ့ အကုန်လုံးက ဘာမှ မလှုပ်ရှားသေးဘဲ တစ်ယောက်ယောက်က အရင်ဆုံး စပြီး လှုပ်ရှားမယ့် အချိန်ကို စောင့်နေခဲ့ကြသည်။
ငါးရက်အကြာမှာတော့ ဂိုဏ်း တစ်ခုက ကောင်းချီးငါးဖြာဆေးဆိုင်ထဲကို ဝင်လာသည်။
ထိုဂိုဏ်းက တုပေါင်ဆေးဆိုင်က လွှတ်လိုက်တဲ့ လူတွေ ဖြစ်နေလိမ့်မည် ဆိုတာကိုတော့ ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပါ။ တုပေါင်းဆေးဆိုင်က ဆေးဆိုင်လေး တစ်ဆိုင်ပဲ ဆိုပေမဲ့ ချန်ဟဲမြို့မှာ သူမတူတဲ့ ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသည်။
ချန်ဟဲမြို့မှာ ဖွင့်ထားတဲ့ တုပေါင်ဆေးဆိုင်က ပင်မဆေးဆိုင်ကြီး မဟုတ်ဘဲ ဆိုင်ခွဲ ဖြစ်ကာ စီရင်စုထဲမှာ ဖွင့်ထားတဲ့ ဆိုင်ကလည်း ဆိုင်ခွဲပဲ ဖြစ်ပါသည်။ တုပေါင်ဆေးဆိုင်က တာ့ယုတိုင်းပြည် တစ်ခုလုံးရဲ့ ထိပ်တန်းစီးပွားရေးကျားတစ်ကောင် ဆိုတဲ့ ကောလဟာလတွေတောင် ရှိသည်။
“ ကျုပ်တို့ သွေးဆူပွက်ဆေးလုံးကို ဖော်စပ်တဲ့ ဆေးဆရာနဲ့ လာတွေ့တာပါ သမားတော်ဝမ်။ သူနဲ့ တွေ့လို့ အဆင်ပြေရဲ့လား မသိဘူး။ ”
“ ဒါပေါ့ ဒါပေါ့ ၊ အဆင်ပြေပါတယ်။ ”
ဝမ်ဖူက ရီဖန်ကို ချက်ချင်းပဲ အခေါ်လွှတ်လိုက်သည်။ တုပေါင်ဆေးဆိုင်က သူ ရန်သွားစလို့တဲ့ အရာမျိုး မဟုတ်ပါ။ ခဏအကြာမှာတော့ ဝမ်ဖူသည် ရီဖန်ရဲ့ အိမ်ကို လိုက်သွားပြီး ရီဖန်ကို သူကိုယ်တိုင် သွားရှာခဲ့လေသည်။
ဆိုင်ရှင်လီက ဝမ်ဖူ ထွက်သွားတာကို ကြည့်ပြီး မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။
ကြံ့ခိုင်သန်မာဆေးမှုန့်ကို အရင်ကတည်းက ရောင်းနေတဲ့ တုပေါင်ဆေးဆိုင်မှာလည်း ကိုယ်ပိုင်ဆေးဆရာ ရှိပြီးသားပါ။ တုပေါင်ဆေးဆိုင်ရဲ့ ဆေးဆရာက ကောင်းချီးငါးဖြာဆေးဆိုင်က ရောင်းတဲ့ သွေးဆူပွက်ဆေးလုံးကို ဝယ်ပြီး သုတေသနပြုလုပ်ကြည့်ခဲ့သည်။
သုတေသနပြုလုပ်ပြီးတဲ့နောက်မှာတော့ တုပေါင်ဆေးဆိုင်သည် သွေးဆူပွက်ဆေးလုံးရဲ့ တန်ဖိုးကို နားလည်သွားသည်။
သွေးဆူပွက်ဆေးလုံးမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကပဲ တန်ဖိုးရှိတာ မဟုတ်ဘဲ သွေးဆူပွက်ဆေးလုံးကို ဖော်စပ်ခဲ့တဲ့ ဆေးဆရာကလည်း တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်သည်။
ချန်ဟဲမြို့က သိုင်းသမားတွေရဲ့ အမြင်မှာ အဖိုးတန်လှပြီလို့ ထင်နေတဲ့ ကြံ့ခိုင်သန်မာဆေးမှုန့်က တကယ်တော့ မပြည့်စုံသေးတဲ့ ဆေးဝါးအဆင့်သာ ရှိတယ် ဆိုတာကို ဆိုင်ရှင်လီ တစ်ယောက်ပဲ သိသည်။
အမှန်တကယ် အဖိုးတန်တာက သွေးဆူပွက်ဆေးလုံး ဖြစ်သည်။ စစ်မှန်တဲ့ ဆေးဝါးဆရာတစ်ယောက်ကသာလျှင် သွေးဆူပွက်ဆေးလုံးကို ဖော်စပ်နိုင်ပါသည်။
ဒီသွေးဆူပွက်ဆေးလုံးကို ဖော်စပ်ခဲ့တဲ့ နည်းစနစ်တွေအရ ဆေးဆရာဟာ ဆေးဝါးဆရာအဆင့်ကို ရောက်ဖို့ နီးကပ်နေပြီလို့ ဆိုင်ရှင်လီချန်း ကောက်ချက်ချမိသည်။
ဆေးဝါးဆရာ ဆိုတဲ့ အဆင့်က တုပေါင်ဆေးဆိုင်မှာတောင် အထူးဧည့်သည်တော်တစ်ယောက် လုပ်ဖို့ လုံလောက်ပြီး ထိုရာထူးက သူ့ရဲ့ ဆိုင်ရှင်ရာထူးထက် ပိုမြင့်သည်။
ဒီနေ့ ကောင်းချီးငါးဖြာဆေးဆိုင်ကို တုပေါင်ဆေးဆိုင် လာခဲ့ရတဲ့ အကြောင်းအရင်းက သွေးဆူပွက်ဆေးလုံးဖော်စပ်နည်းကို လာရှာတာ မဟုတ်ဘဲ ထိုဆေးလုံးကို ဖော်စပ်ခဲ့တဲ့ ဆေးဆရာရီဖန်ကို လာရှာတာ ဖြစ်သည်။
ရီဖန်သည် တုပေါင်ဆေးဆိုင်က သူ့ကို ရှာနေတယ် ဆိုတဲ့ သတင်းကို ကြားတော့ အသက်ပြင်းပြင်းရှူလိုက်မိသည်။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် လာမယ့်ဘေး ပြေးတွေ့လိုက်တာ အကောင်းဆုံးပါပဲ။
…
“ ဒါက ကျုပ်တို့ကောင်းချီးငါးဖြာဆေးဆိုင်က ဆေးဆရာရီဖန်ပါ ဆိုင်ရှင်လီ။ ” ဝမ်ဖူက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပေးလိုက်သည်။
“ တွေ့ရတာ ဝမ်းသာပါတယ် ဆေးဆရာရီ။ ကျုပ်က ချန်ဟဲမြို့ရဲ့ တုပေါင်ဆေးဆိုင်ခွဲက ဆိုင်ရှင်လီပါ။ ”
လီချန်းက အထက်စီးမဆန်ဘဲ သဘောကောင်း ဖော်ရွေနေသည်။
“ ဆိုင်ရှင်လီက သဘောကောင်းလွန်းနေပါပြီခင်ဗျာ။ ဆိုင်ရှင်လီ ကျွန်တော့်ကို ဘာအတွက် ရှာတာလဲ ဆိုတာ သိလို့ ရမလား။ ” ရီဖန်ကလည်း ထပ်တူပင် ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။
လီချန်းရဲ့ မျက်လုံးတွေ အရောင်တောက်သွားသည်။ “ ဒီသွေးဆူပွက်ဆေးလုံးကို ဆေးဆရာလီကိုယ်တိုင် ဖော်စပ်ထားတာလားလို့ ကျုပ် မေးချင်လို့ပါ။ ”
ရီဖန်သည် လီချန်းရဲ့ မေးခွန်းကို ကြားချိန်မှာ ထိုးထွင်းဉာဏ်ကောင်းတဲ့ လူတစ်ယောက် ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။ သူ သွေးဆူပွက်ဆေးလုံးကို ဖော်စပ်ဖို့ ရွေးချယ်လိုက်ကတည်းက သူ့မှာ မဟာဗျူဟာလည်း အဆင်သင့် ရှိပြီးသားပင်။
နားလည်တဲ့ လူတစ်ယောက် ရောက်လာတာက တကယ်တော့ ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ။
“ ဟုတ်ပါတယ်။ ကျွန်တော် ဖော်စပ်ထာတာပါ။ ”
လီချန်းရဲ့ မျက်လုံးတွေက ပိုလို့တောင် အရောင်တောက်သွား၏။ “ ဆေးဆရာရီ အဲ့ဆေးလုံးကို ကျုပ်တို့ရှေ့မှာ တစ်ကြိမ်လောက် လက်တွေ့ဖော်စပ်ပြနိုင်မလား။ ”
“ ရတယ်လေ။ အခုပဲ လုပ်ပြမယ်။ ”
ရီဖန်က မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်သည်။
ဒါဟာ လီချန်းက ရီဖန်ရဲ့ စွမ်းရည် နောက်ဆုံးအကြိမ် အကဲဖြတ် ဝေဖန်ကြည့်တာ ဖြစ်ပြီး ခဏအကြာမှာပဲ ရီဖန်က လီချန်းရှေ့မှာ သွေးဆူပွက်ဆေးလုံး တစ်လုံးကို ဖော်စပ်ပြခဲ့သည်။
“ တော်လိုက်တာ။ ဆေးဆရာရီက တကယ့်ကို ဉာဏ်ကြီးရှင်ပါပဲ။ ” လီချန်းက ရီဖန်ကို အံ့ဩမှုတွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်ရင်း လက်ခုပ်တီးလိုက်သည်။
“ ဆေးဆရာရီ ကျုပ်တို့ရဲ့ တုပေါင်ဆေးဆိုင်ခွဲ့ရဲ့ အထူးစီးပွားဖက် လုပ်ချင်လား မသိဘူး။ ”
အထူးစီးပွားဖက် … ။
ရီဖန် မျက်မှောင်ကြုတ်လိုက်သည်။ “ အထူးစီးပွားဖက်က ဘာတွေ လုပ်ရမှာလဲ။ ”
“ တုပေါင်ဆေးဆိုင်ရဲ့ အထူးစီးပွားဖက် ဖြစ်လာတာက ကျုပ်တို့နဲ့ စီးပွားဖက်အဖြစ် လက်တွဲလိုက်တာနဲ့ အတူတူပါပဲ။ ဆေးဆရာရီက တုပေါင်ဆေးဆိုင်က ဆေးဝါးကုန်ကြမ်းပစ္စည်းတွေကို ဝယ်ယူတဲ့အခါ ( ၈၀ ) ရာခိုင်နှုန်း လျှော့ဈေးရရုံတင် မဟုတ်ဘူး ၊ ဆေးဆရာရီ ဖော်စပ်သမျှ ဆေးတွေကို ကျုပ်တို့က ဈေးကောင်းပေးပြီး ပြန်ဝယ်မှာပါ။ ”
တုပေါင်ဆေးဆိုင်မှာ အခွင့်အလမ်းတွေ အများကြီး ရှိတယ် ဆိုတာကိုတော့ ရီဖန် ဝန်ခံရပါမည်။ ဒါက ကောင်းတဲ့ ကမ်းလှမ်းချက်ပဲမို့ ရီဖန် ငြင်းမနေဘဲ လက်ခံလိုက်တော့သည်။ ပြီးတော့ သူ့မှာ ငြင်းဖို့ ယုံကြည်ချက်လည်း မရှိပါ။
ရီဖန် သဘောတူလိုက်တော့ လီချန်းရဲ့ အပြုံးတို့ တောက်ပသွားသည်။
လောလောဆယ်မှာတော့ ဆေးဆရာရီက လီချန်း အခွင့်အလမ်းတွေ အများကြီး ပေးပြီး အလုပ်ခန့်ရကျိုးနပ်ဦးမှာ မဟုတ်ပါ။ လီချန်း အလောင်းအစားလုပ်နေတဲ့ အရာက ဆေးဆရာရီရဲ့ အနာဂတ်ပဲ ဖြစ်သည်။ ဒီလူဟာ အသက် လေးဆယ်မပြည့်ခင်မှာပဲ ဆေးဝါးဆရာတစ်ယောက် ဖြစ်လာလိမ့်မည်။
လီချန်းက ရီဖန်နှင့် ခဏလောက် စကားစမြည်ပြောပြီးတော့ ပြန်သွားသည်။ မပြန်ခင် ရီဖန်ရဲ့ လက်ထဲကို စာအုပ်လေး တစ်အုပ် ထည့်ပေးသွားပြီး သူတို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ ယူလာဖို့ မှာသွားသည်။
ရီဖန်သည် လီချန်းကို ဆိုင်အဝထိ လိုက်ပို့ပေးပြီးနောက် ဝမ်ဖူဆီ ပြန်လာခဲ့လိုက်၏။
ဝမ်ဖူက အလွန် စိတ်လှုပ်ရှားနေသည်။ သူ ရီဖန်ကို ရုတ်တရက်ကြီး တုပေါင်ဆေးဆိုင်ရဲ့ အထူးစီးပွားဖက်တစ်ယောက် ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ထိုနေရာက သူ့လို သာမန်သမားတော်လေးတစ်ယောက် လက်လွတ်စပယ် သွားမထိရဲတဲ့ နေရာမျိုးဖြစ်သည်။
“ ဆေးဆရာရီ … ဒါက … ”
တစ်ခုခု ပြောဖို့ ဟန်ပြင်နေတဲ့ ဝမ်ဖူကို ရီဖန်က လက်ကာပြပြီး တားလိုက်သည်။ လီချန်းရဲ့ စကားအသွားအလာအရ ဝမ်ဖူက သူ့ကို တုံ့ဆိုင်းမှုမရှိ ရောင်းစားလိုက်တာမှန်း ရီဖန် သိသည်။ တုပေါင်ဆေးဆိုင်က လုံးဝကို သွားရှုပ်လို့ မရတဲ့ ကျားတစ်ကောင်မို့ ဒီကိစ္စအတွက် ဝမ်ဖူကိုလည်း သူ အပြစ်မတင်နိုင်ပါ။
ဒါပေမဲ့ ဝမ်ဖူက အဲ့ဒီလို လုပ်လိုက်တာကြောင့် ရီဖန် ကောင်းချီးငါးဖြာဆေးဆိုင်မှာ ဆက်နေတော့မှာတော့ မဟုတ်။
“ ဒီနှစ်ဝက်အတွင်း ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သမားတော်ဝမ်။ အခုက စပြီး ကိုယ့်လမ်းကိုယ်ပဲ လျှောက်ကြရအောင်ပါ။ ”
ဝမ်ဖူက ရီဖန်ရဲ့ စကားကို ကြားတော့ စိတ်ပျက်သွားသည်။ ရီဖန်ရဲ့ ဆေးဝါးညွှန်ကြားချက်တွေ မရှိရင် ကောင်းချီးငါးဖြာဆေးဆိုင်ရဲ့ စီးပွားရေးကလည်း သိသိသာသာ ထိုးကျသွားလိမ့်မည်။
“ ဒီကိစ္စက ကျွန်တော့်အမှားပါ ဆေးဆရာရီ။ မင်း အလုပ်ထွက်ချင်တယ် ဆိုရင်လည်း ငါ ဘာမှ ပြောလို့ မရပါဘူး။ ဒါပေမဲ့ မင်း ဆေးမှုန့်တွေကို ဆက်ရောင်းချင်သေးတယ် ဆိုရင်တော့ ငါ ဈေးကောင်းပေးပြီး ပြန်ဝယ်ပါ့မယ်။ ”
ဆက်ရောင်းရမယ် … ဟုတ်လား။ ရီဖန် ထိုစိတ်ကူးမျိုး မတွေးမိတာ အမှန်ပါ။ ဒါပေမဲ့ တစ်လကို အမြတ်အစွန်းနည်းနည်းနဲ့ ဆက်ရောင်းနေမယ့်အစား ဆေးဝါးညွှန်ကြားချက်ကိုပဲ ဝမ်ဖူ့ကို တစ်ခါတည်း ငွေများများနဲ့ ရောင်းလိုက်ရင် မကောင်းဘူးလား။
အမြတ်အစွန်းနည်းလွန်း၍ ရီဖန် နောက်ပိုင်းမှာ ထိုဆေးမှုန့် နှစ်မျိုးကို ဆက်မရောင်းဖြစ်ဖို့ များသည်။
“ သွေးတိတ်ဆေးမှုန့်နဲ့ အဆိပ်အတောက်ဖယ်ရှားဆေးမှုန့်ရဲ့ ဆေးဝါးညွှန်ကြားချက်တွေကို သမားတော်ဝမ် စိတ်ဝင်စားလား။ ”
“ ဘယ်လို .. မင်း ငါ့ကို ဆေးဝါးညွှန်ကြားချက်တွေ ရောင်းချင်လို့လား။ ” ဝမ်ဖူသည် သူ့ခေါင်းပေါ်ကို ဝါးလုံးကြီးတစ်လုံး ပြုတ်ကျသလို ဒိန်းခနဲ ခံစားလိုက်ရလေသည်။ “ ငါ ဝယ်တော့ ဝယ်ချင်ပါတယ်။ ဒါပေမဲ့ ဆေးဆရာရီက ဘယ်ဈေးနဲ့ ရောင်းမလဲ ဆိုတာ အရင် သိပါရစေ။ ”
ရီဖန်က လက်ညိုးတစ်ချောင်း ထောင်ပြရင်း “ ငွေတုံး ( ၁၀၀၀ ) ” ဟု ပြောလိုက်သည်။
“ ဘယ်လို ၊ ငွေတုံး ( ၁၀၀၀ ) …… ” ဝမ်ဖူတစ်ယောက် ထခုန်မိတော့မလို ဖြစ်သွားသည်။ ကောင်းချီးငါးဖြာဆေးဆိုင်ရဲ့ နှစ်စဉ် အမြတ်အစွန်းကတောင် ငွေတုံး ( ၁၀၀၀ ) မရှိပါ။
“ ခင်ဗျား ဝယ်ချင်လည်း ရတယ် ၊ မဝယ်ချင်လည်း ရတယ်။ ခင်ဗျား မဝယ်ရင်တော့ ကျွန်တော်က ကိုယ့်ဘာသာ ဆက်ရောင်းမှာပဲ။ ” ရီဖန်က ဝမ်ဖူကို အပြုံးမျက်နှာဖြင့် ကြည့်လိုက်သည်။
“ ခင်ဗျား ဆေးဝါးညွှန်ကြားချက်ကို မဝယ်ရင် ကျွန်တော့်ဘာသာ ဆက်ရောင်းရလိမ့်မယ်။ အဲ့ဒါက ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်းကို လက်လွှဲယူလိုက်တာနဲ့ ဘာမှ မထူးဘူး။ ”
ဝမ်ဖူသည် သူ ရီဖန့်ကို လီချန်းဆီမှာ ရောင်းစားလိုက်တဲ့ ကိစ္စနှင့် ပတ်သက်လို့ ရီဖန် သူ့ကို မကျေနပ်တာကို သိသည်။ ငွေတုံး ( ၁၀၀၀ ) ထဲမှ တစ်စိတ်တစ်ပိုင်းက ဆေးဝါးညွှန်ကြားချက်ကို ဝယ်ယူတာ ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းကတော့ ရီဖန်ကို လျော်ကြေးပေးတာပဲ ဖြစ်သည်။
“ ဝယ်မယ်။ ”
နောက်ဆုံးတော့ ဝမ်ဖူ အံကြိတ်ပြီး ဆုံးဖြတ်ချက်ချလိုက်တော့သည်။