← Chapters

အခန်း ၇-၉

Vol. 1 Ch. 7-9

အခန်း ၇-၉

Vol. 1 Ch. 7-9

အခန်း ( ၇ ) ရေရှည်တာဝန် : မိသားစုပိုင်နက်။

ရီဖန်သည် ဝမ်ဖူထံမှ ခြောက်လှန့်တောင်းယူလာတဲ့ ငွေတုံး ( ၁၀၀၀ ) နှင့် တက်တက်ကြွကြွ အိမ်ပြန်လာခဲ့သည်။ ဒီငွေတွေနှင့်ဆို သူ လုပ်နိုင်တာတွေလည်း နှစ်ဆတိုးသွားပါပြီ။

ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးတစ်လုံး ဝယ်မယ် ၊ အရိုးအဆစ်ကြံ့ခိုင်သန်မာဆေးမှုန့်အတွက် ပါဝင်ပစ္စည်းတွေကို ဝယ်မယ် ၊ ကလေးတွေရဲ့ ကျင့်ကြံရေးအရှိန်နှုန်းကို မြှင့်တင်ဖို့ စိတ်ဝိညာဉ်ကို ကုစားပေးတဲ့ ရေချိုးကန်တွေကို ပြင်ဆင်ရမယ်။

အား ၊ ဒီပိုက်ဆံကြောင့် ပြဿနာတွေ အကုန်လုံး မရှိတော့ဘူး။ ဘယ်လောက်တောင် စိတ်ချမ်းသာစရာကောင်းလိုက်သလဲ။

ရီဖန်သည် အိမ်ပြန်ရောက်သည်နှင့် ငွေတုံးတွေကို စုယန်အား လုံခြုံတဲ့ တစ်နေရာမှာ သိမ်းဆည်းခိုင်းလိုက်ပြီးနောက် လီချန်း ပေးသွားတဲ့ စာအုပ်လေးကို ဖွင့်ကြည့်လိုက်သည်။

ပဟေဋိဆန်တဲ့ အငွေ့အသက်တွေ ရှိနေတဲ့ ဒီစာအုပ်လေးထဲမှာ စိတ်လှုပ်ရှားစရာ အကြောင်းအရာတွေ ပါဝင်နေတာများလား … ။ သူ စာအုပ်လေးကို ဖွင့်ကြည့်လိုက်တော့ ထင်ထင်ရှားရှား ရေးထားတဲ့ အက္ခရာ ( ၄ ) လုံးက သူ့မျက်လုံးထဲ တန်းဝင်လာသည်။

“ ဆေးလုံးဖော်စပ်နည်း အလွယ်ရှင်းလင်းချက်။ ”

ရီဖန်ရဲ့ ခေါင်းထဲမှာ အမေးသင်္ကေတလေးတွေ စုပြုံသွားသလို ဆတ်ခနဲ ထထိုင်လိုက်မိသည်။

သူ့မှတ်ဉာဏ်ထဲမှာ သေချာ မှတ်မိသလောက်တော့ မှော်ဆေးလုံးတွေ ဆိုတာ ကျင့်ကြံသူတွေပဲ သုံးတဲ့ ကျင့်စဉ် မဟုတ်လား … ။

ရီဖန်သည် စာအုပ်ကို သူ့အနားဆွဲယူပြီး သေသေချာချာ စတင်ဖတ်ကြည့်လိုက်၏။ စာရွက် ( ၁၂ ) ရွက်လောက်ပဲ ရှိတဲ့ စာအုပ်က အထူကြီးလည်း မဟုတ်တာမို့ အချိန်ခဏလေးနှင့် အဆုံးထိ ဖတ်ပြီးသွားသည်။ စာအုပ်လေးကို ဖတ်ပြီးသွားတော့ ရီဖန် ပင့်သက်ရှိုက်လိုက်မိသည်။ ဒီခေတ်မှာ တကယ့်ကို ထူးချွန်တဲ့ လူတွေ အများကြီး ရှိတာပဲ။

စာအုပ်ထဲမှာ ဖော်ပြထားတဲ့ ဆေးလုံးပြုလုပ်နည်းက မသေမျိုးအဆင့်မှာ အသုံးပြုတဲ့ ဆေးလုံးပြုလုပ်နည်း မဟုတ်ဘဲ ထူးခြားတဲ့ မီးပြင်းဖိုတစ်လုံးနှင့် စစ်မှန်တဲ့ ချီစွမ်းအင်ကို အသံးပြုပြီး ဆေးဝါးပြုလုပ်သည့် အထူးနည်းလမ်းတစ်မျိုး ဖြစ်သည်။

အဲ့ဒါက ဆေးဝါးပညာရဲ့ ပုံစံစစ်စစ်တော့ မဟုတ်ပေမဲ့ ဆေးမှုန့်တွေနှင့် ယှဥ်လိုက်ရင် ဆေးလုံးတွေက သိသိသာသာ ပိုအားကောင်းသည်။ ထို့ပြင် ဆေးဝါးပညာက တော်တော်လေး ခက်ခဲတာမို့ ကျွမ်းကျင်တဲ့ ဆေးဝါးဆရာတစ်ယောက်ဖြစ်အောင် လေ့ကျင့်ဖို့ မလွယ်ကူပေ။

လီချန်း သူ့ကို ဘာလို့ ယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့တာလဲ ဆိုတာကို နောက်ဆုံးတော့ ရီဖန် နားလည်သွားသည်။ လီချန်းက သူ့အရည်အချင်းကို နားလည်ပြီး သူဟာ ရှားပါးတဲ့ ဆေးဝါးဆရာတွေထဲက တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာ ဖြစ်သည်။

စာအုပ်လေးထဲမှာ ဂျင်ဆင်းတစ်ရာ‌ေဆးလုံး ဖော်စပ်နည်းနှင့် လက်ဝါးတစ်ထောင်ကျင့်စဉ်လို့ ခေါ်တဲ့ ကျင့်စဉ်အတွက် ညွှန်ကြားချက်တွေကို ရေးသားထားသည်။

ဆေးဝါးပညာ ပထမအဆင့်ကို ရောက်နေတဲ့ ရီဖန်အတွက်တော့ အဲ့ဒါတွေက ဘာမှ အခက်အခဲ မရှိပါ။ ရီဖန်မှာ အခု လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက ဆေးပြုလုပ်သည့် မီးပြင်းဖိုနှင့် စစ်မှန်တဲ့ ချီစွမ်းအင်ပဲ ဖြစ်သည်။

ကျွမ်းကျင်တဲ့ ဆေးဝါးဆရာတစ်ယောက်ဖြစ်ဖို့အတွက် လူတစ်ယောက်ရဲ့ ကျင့်ကြံရေးအဆင့်က အနည်းဆုံး အတွင်းအားကျင့်စဉ် အဆင့်ကို ရောက်နေဖို့ လိုအပ်ပုံပေါ်သည်။

အံ့ဩစရာကောင်းစွာဖြင့် ရီဖန်ကတော့ ကိုယ့်ကိုယ်ကို ဆေးဝါးဆရာတစ်ယောက် အရင်ဆုံး ဖြစ်အောင် ကြိုးစားဖို့ ပန်းတိုင်ချမှတ်လိုက်ပါသည်။ အကြောင်းအရင်းကတော့ လူနေမှုအဆင့်အတန်း ဆိုတာက မိသားစုတစ်စုအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလို့ပါပဲ။

ရီဖန်တစ်ယောက် ဆေးဝါးပညာကို လေ့လာနေစဉ်မှာ ပြင်ပကမ္ဘာကြီးကတော့ အုတ်အော်သောင်းတင်းတွေ ဖြစ်နေခဲ့လေသည်။ လူဆိုးဂိုဏ်းလေးတွေက ရီဖန်ဟာ တုပေါင်ဆေးဆိုင်ရဲ့ အထူးစီးပွားဖက် ဖြစ်သွားကြောင်း သိလိုက်ရချိန်မှာ သူတို့ ဆွဲထားတဲ့ အစီအစဉ်ဟောင်းတွေကို ဖျက်သိမ်းလိုက်ကြသည်။

ချန်ဟဲမြို့ရဲ့ အထွဋ်အခေါင် တုပေါင်ဆေးဆိုင်ကို သူတို့ သွားထိလို့ မရသလို ထိလည်း မထိရဲပါ။

တုပေါင်ဆေးဆိုင်ရဲ့ အထူးစီးပွားဖက်တစ်ယောက် ဆိုတဲ့ ဂုဏ်သတင်းက ရီမိသားစုကို ချန်ဟိမြို့က တခြားမိသားစုတွေ သတိထားမိအောင် တွန်းပို့ပေးခဲ့သည်၊

ပိုက်ဆံ လက်ထဲရှိလာတဲ့ အချိန်မှာ ပထမဆုံးအစီအစဥ်က ပိုကောင်းတဲ့ ခြံနှင့်ဝန်းနှင့် အိမ်တစ်လုံးကို ဝယ်ဖို့ ဖြစ်သော်လည်း သင့်တော်တဲ့ နေရာကို ရှာမတွေ့သေးလေရာ ထိုအစီအစဥ်ကို ခဏ နောက်ပို့ထားရသည်။

နောက်ဆုံးတော့ ရီဖန်က သွေးဆူပွက်ဆေးလုံးကို တွင်တွင်ကျယ်ကျယ် ရောင်းချနိုင်ဖို့အတွက် လမ်းပေါ်က ဆိုင်တစ်ဆိုင်ကို ဝယ်ယူလိုက်သည်။ သူ့ဆေးဆိုင်မှာ သွေးဆူပွက်ဆေးလုံး တစ်မျိုးတည်းကိုပဲ ရောင်းချလို့ အဆင်မပြေ၍ သင့်တော်တဲ့ တခြားဆေးမှုန့်တွေကိုပါ ဖော်စပ်ရောင်းချဖို့ စီစဉ်ထားသည်။

ဆေးဆိုင်နာမည်ကိုတော့ ‘ ရီမိသားစုဆေးဆိုင် ’ ဟု အမည်ပေးထားပြီး ရီဖန်က ရွေးချယ်မှုတွေအသီးသီး လုပ်ပြီးနောက်မှာ နောက်ထပ် ဆေးဝါးညွှန်ကြားချက်နှစ်ခုကိုပါ ထပ်ရွေးချယ်လိုက်သည်။

အနာကျက်မြန်စေပြီး ရေရှည်သောက်သုံးလျှင် ခန္ဓာကိုယ်ကို အားဖြည့်ပေးကာ အသက်ရှည်စေတဲ့ ‘ ရွှေရောင်သက်ရှည်ကျန်းမာဆေးမှုန့် ’ နှင့် နောက်ဆုံးတစ်ခုကတော့ ရီဖန်ကိုယ်တိုင် ရွေးချယ်ထားတဲ့ ‘ ရီမိသားစုဆေးရည် ’ ဖြစ်သည်။

ရီမိသားစုဆေးရည်က ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အစောပိုင်းအဆင့်မှာ အသားအရေကို ကြံ့ခိုင်သန်မာအောင် လေ့ကျင့်တဲ့ အရှိန်နှုန်းကို အနည်းငယ် မြှင့်တင်ပေးနိုင်သည်။ ကြံ့ခိုင်သန်မာဆေးမှုန့်ကို ယှဉ်လို့ မရပေမဲ့ ကြံ့ခိုင်သန်မာဆေးမှုန့်လောက် ဈေးမကြီးတဲ့ အားသာချက်တော့ ရှိသည်။ ငွေတုံး တစ်တုံးနှင့် ရီမိသားစုဆေးရည် နှစ်ထုပ် ဝယ်လို့ ရပြီး ခုနှစ်ရက်ကြာ သောက်သုံး လို့ ရသည်။

ရီကျင်းထျန်နှင့် ရီကျင်းဟိုင် အသုံးပြုတဲ့ ဆေးဝါးတွေကလည်း အတူတူပဲ ဆိုပေမဲ့ အာနိသင်ကတော့ အဆင့်မြှင့်ထားတဲ့ ဆေးဝါးတွေလိုမျိုး အများကြီး ပိုကောင်းသည်။

ကြံ့ခိုင်သန်မာဆေးမှုန့်ကို မတတ်နိုင်တဲ့ လူတွေက ရီမိသားစုဆေးရည်ကို အစားထိုး အသုံးပြုလို့ ရပြီး အဓိက,ကတော့ ငွေကြေးမတတ်နိုင်တဲ့ လူတွေအတွက် ရည်ရွယ်ရောင်းချပေးတာပါ။

နောက်ဆုံး ကုန်ပစ္စည်းကတော့ သွေးဆူပွက်ဆေးလုံး ဖြစ်သည်။

ရီမိသားစုဆေးဆိုင် ဖွင့်လှစ်တဲ့ နေ့မှာ ချန်ဟဲမြို့က မိသားစုတွေ အများကြီးက ဂုဏ်ပြုစာလွှာတွေ ပေးပို့ခဲ့ကြသည်။ သံချပ်ကာသိုင်းသင်တန်းကျောင်းကတောင် ရီကျင်းထျန်နှင့် ရီကျင်းဟိုင်နှင့် နည်းပြဆရာတွေနှင့်အတူ လက်ဆောင်တွေ ပို့ပေးခဲ့သည်။

အရာရာတိုင်းက တောက်ပတဲ့ အနာဂတ်ကို ဦးတည်နေခဲ့ပြီး အရိုးအဆစ်ကြံ့ခိုင်သန့်မာဆေးမှုန့်ရယ် ၊ ဆေးရည်တွေနှင့် ရေချိုးတာရယ်ကြောင့် ရီကျင်းထိုင်နှင့် ရီကျင်းဟိုင်ရဲ့ သိုင်းပညာခရီးလမ်းက အခက်အခဲတွေလည်း တဖြည်းဖြည်း ပြေလည်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးလ ဆိုတဲ့ အချိန် ကုန်ဆုံးသွားသည်။

စုယန်ရဲ့ ဗိုက်က တဖြည်းဖြည်း ဖောင်းမို့ထွက်လာသလို ရီဖန်ကလည်း အချိန်အားတိုင်း သူမဘေးမှာ အတူရှိနေပေးတတ်သည်။ နောက်တစ်လ ၊ နှစ်လလောက်ဆို ကလေးက မွေးတော့မှာ ဖြစ်သည်။

သုံးလကျော်လာချိန်မှာ ရီကျင်းထျန်နှင့် ရီကျင်းဟိုင်က နောက်ဆုံးတော့ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၄ ) ကို ရောက်သွားသလို ရီဖန်ကလည်း ခန္ဓကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၆ ) ကို ရောက်သွားသည်။ ခန္ဓကိုယ်ကြံ့ခိုင်သန်မာမှုရဲ့ နောက်ပိုင်းအဆင့်တွေကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုပါတော့သည်။

ရီဖန်က အခုတော့ အတိုင်းအတာတစ်ခုထိ စိတ်အေးလက်အေးနေနိုင်သွားပြီ ဖြစ်သည်။ အခုလို မိသားစု တိုးတက်သန်မာလာဖို့ ဆိုတာ နေ့ချင်းညချင်း ဖြစ်လာခဲ့တာ မဟုတ်ပါ။

ဒါပေမဲ့ ရီကျင်းထျန်နှင့် ရီကျင်းဟိုင်ရဲ့ ကျင့်ကြံရေးအဆင့်တွေက သူတို့ရဲ့ ပင်ကိုအရည်အချင်းကြောင့် အဲ့ဒီကနေ ဆက်မတက်ဘဲ နှောင့်နှေးသွားခဲ့ပြီး သူတို့ရဲ့ ပင်ကိုအရည်အချင်းကို တိုးတက်အောင် မလုပ်နိုင်ရင် နောက်ပိုင်းမှာ လျင်လျင်မြန်မြန် တိုးတက်ဖို့ အခက်တွေ့ပါလိမ့်မည်။

ခန္ဓကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၄ ) ကို ဩဂတ်စ်လမှာ ရောက်အောင် လုပ်နိုင်ခဲ့သော်လည်း ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုရဲ့ အလယ်အလတ်အဆင့်ကို ရောက်ဖို့ကတော့ အနည်းဆုံး ( ၂ ) နှစ် ကြာလိမ့်မည်။

အဲ့ဒါတောင် ရီဖန်ရဲ့ အရိုးအဆစ်ကြံခိုင်သန်မာဆေးမှုန့်နှင့် ဆေးရည်တွေနှင့် ရေချိုးတဲ့ အာနိသင်နှစ်ဆကြောင့် ( ၂ ) နှစ်ပဲ ကြာမှာ ဖြစ်ပြီး မဟုတ်ရင် အဲ့ဒီထက် ပိုကြာမှာပင်။

လက်ရှိအချိန်မှာ အရေးကြီးဆုံးက အိမ်တစ်လုံး ဝယ်ဖို့ပဲလို့ ရီဖန် ခံစားရသည်။

စုယန်က နေ့စေ့လစေ့ကြီးမို့ ရီဖန်သည် သူမကို ဂရုစိုက်ပေးဖို့ အစေခံနှစ်ယောက် ထပ်ငှားထားရ၏။ အစေခံသုံးယောက်နှင့် ရီမိသားစုရဲ့ မိသားစုဝင်လေးယောက်ကို ပေါင်းလိုက်သောအခါ အခန်းလေးခန်းပဲ ရှိတဲ့ အိမ်က သူတို့အတွက် သေးလွန်းသည်။ ခြံကျယ်ကျယ် ၊ အိမ်ကျယ်ကျယ်ကို သူတို့ သေချာပေါက် လိုအပ်နေပါသည်။

ဒီအတောအတွင်း ရီဖန်က ခြံကျယ်ကျယ်တွေ ရောင်းတဲ့ သတင်းကို တောက်လျှောက် နားစွင့်နေခဲ့တာမို့ နောက်ဆုံးတော့ သတင်းကောင်းတစ်ခုကို ကြားခဲ့ရလေသည်။

အခန်း ဆယ်ခန်းပါဝင်တဲ့ အိမ်ကျယ်ကျယ်နှင့် ခြံကျယ်ကျယ်ကို ငွေတုံး ( ၃၀၀ ) နှင့် ရောင်းဈေးခေါ်ထားသည်။

ချန်ဟဲမြို့လို နေရာမှာ အဲ့ဒါက သေချာပေါက်ပင် နေရာကောင်းတစ်ခု ဖြစ်သောကြောင့် ရီဖန်က အကြာကြီး တုံ့ဆိုင်းမနေဘဲ ချက်ချင်း ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

ငွေချေပြီးနောက် လက်ထဲကို အိမ်ဂရံ ရောက်လာချိန်မှာ အချိန်ကြာမြင့်စွာ ပျောက်ဆုံးနေခဲ့တဲ့ စနစ်ရဲ့ အသံလေးကို ရီဖန်ရဲ့ စိတ်ထဲမှာ ကြားလိုက်ရသည်။

“ မိသားစုပိုင်နက်ကို အောင်မြင်စွာ ရရှိသွားတဲ့ သခင် ကို ဂုဏ်ပြုပါတယ်။ မိသားစုပိုင်နက်ကို တည်ထောင်တဲ့ ရေရှည်တာဝန်ရဲ့ ပထမအဆင့်ကို ပြီးမြောက်သွားတဲ့အတွက် ဆုလက်ဆောင်ထုတ်ယူနိုင်ပါပြီ။ သာမန်ဂိုဏ်းနယ်မြေ တည်ထောင်ခြင်း ( ပြီးစီး ) ”

ထိုစနစ်တာဝန်ကို မြင်တော့ ရီဖန် ပျော်သွားရမည့်အစား ပိုဒေါသထွက်သွားရသည်။

အရင်တုန်းက ခြံက ငှားထားရတာလေ။ ဒီလို စနစ်တာဝန်သာ ရှိမှန်း သိရင် သူ အစောကြီးကတည်းက အိမ်ဝယ်ခဲ့မှာပေါ့။ ဒီအချိန်ထိ စောင့်နေမလား … ။

ဒီတစ်ခေါက် သူ အများကြီး နစ်နာသွားသည်။,

“ ဆုလက်ဆောင်ယူမယ်။ ”

“ ဂုဏ်ပြုပါတယ် သခင် ။ မိသားစုစနစ်အသက်ဝင်သွားတဲ့အတွက် ဆုလက်ဆောင်များ : ကျင့်ကြံရေးပါရမီအမှတ် ( ၅၀ ) တိုးလာခြင်း ( အစိမ်းရောင်အဆင့် ) ၊ အလယ်အလတ်အရည်အသွေးဆုလက်ဆောင်။ ”

နောက်ဆုံးတော့ ရီဖန် မျှော်လင့်စောင့်စားနေခဲ့ရတဲ့ ၊ ပါရမီကို မြှင့်တင်ပေးတဲ့ ဆုလက်ဆောင် ရောက်လာခဲ့ပြီ ဖြစ်သည်။

“ ဆုလက်ဆောင်ကို သုံးမယ်။ ”

“ အလယ်အလတ်အရည်အသွေး ဆုလက်ဆောင်ကို ဖယ်ရှားလိုက်ပါပြီ။ ကျင့်ကြံရေးပါရမီကို မြှင့်တင်တဲ့ ဆုလက်ဆောင်ကို စတင် အသုံးပြုနေပါပြီ။ ”

ရီဖန်သည် ဆုလက်ဆောင်တစ်မျိုးကိုသာ အသုံးပြုခွင့်ရှိတယ် ဆိုတာကို အဲ့ဒီတော့မှ နားလည်သွား၏။

“ ဖယ်ရှားလိုက်တဲ့ ဆုလက်ဆောင်ကို အခု သုံးလို့ မရတော့ဘူးလား စနစ်။ ”

“ အနာဂတ်မှာ အပိုအလျှံ ဆုလက်ဆောင်တွေ ရှိလာရင် ဖယ်ရှားထားတဲ့ ဆုလက်ဆောင်တွေကို သုံးပြီး ဆုလက်ဆောင်အသစ်တွေ ဖန်တီးလို့ ရပါတယ် သခင် ။ ”

ဘာမှ မထူးပါဘူး။ အခု ရီဖန်မှာ ဆုလက်ဆောင် အပိုအလျှံတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

အနာဂတ်ကို ထိုင်စောင့်နေဖို့သာ သူ တတ်နိုင်ပါတော့သည်။

…

သံချပ်ကာသိုင်းသင်တန်းကျောင်းထဲမှာ ကျင့်ကြံရေးကျင့်စဥ◌်တွေကို လေ့ကျင့်နေတဲံ ရီကျင်းထျန်နှင့် ရီကျင်းဟိုင်သည် သူတို့ရဲ့ ကြွက်သားတွေထဲကနေ အပူရှိန်တွေ အဆက်မပြတ် ဖြာထွက်လာသလို ခံစားလိုက်ရ၏။

သူတို့ရဲ့ ကျင့်ကြံရေးအရှိန်နှုန်းတွေဟာ ဒုံးပျံအလား ရုတ်တရက် မြင့်တက်သွားသည်။

ဆုလက်ဆောင်ရဲ့ အစွမ်းကြောင့် သူတို့ရဲ့ ကျင့်ကြံရေးပါရမီတွေက ငါးဆမြင့်တက်သွားပြီး ထိုအဆင့်က ချန်ဟဲမြို့မှာ ထိပ်တန်းအဆင့်လို့တောင် သတ်မှတ်လို့ ရသည်။

ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုရဲ့ နောက်ပိုင်းအဆင့်တွေကို တက်လှမ်းနိုင်ဖို့ ဘာအခက်အခဲမှ မရှိတော့တဲ့အပြင် အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ လက်တစ်ကမ်းအကွာပဲ လိုပါတော့သည်။ အတွင်းအားအသုံးပြုနိုင်တဲ့ အဆင့်ကို တက်လှမ်းနိုင်ဖို့တောင် မျှော်လင့်ချက်တွေ ရှိလာခဲ့သည်။

ရီမိသားစုရဲ့ အနာဂတ်ကတော့ အတိုင်းအဆမရှိ တောက်ပနေပြီ ဖြစ်သည်။ ပိုက်ဆံရှာရင်း ၊ ကျင့်ကြံရေးပညာတွေကို လေ့ကျင့်ရင်းဖြင့် ပိုကောင်းတဲ့ အနာဂတ်ဆီသို့ ဦးတည်နေခဲ့သည်။

အွန်လိုင်းဝတ္ထုတွေထဲမှာလို အချိန်တိုအတွင်း တဟုန်ထိုး အောင်မြင်တိုးတက်သွားတာမျိုး မဟုတ်သော်လည်း သူတို့မိသားစုရဲ့ ဖြည်းဖြည်းမှန်မှန်အရှိန်လေးကို ရီဖန် ကျေနပ်ပါသည်။

အခန်း ( ၈ ) ချစ်သူကို အိမ်ခေါ်လာတဲ့ အစ်ကိုကြီး။

ပင်ကိုအရည်အချင်းအမှတ်တွေ တိုးတက်လာသလို ရီဖန်ကလည်း မရပ်မနား ကျင့်ကြံခဲ့တာကြောင့် ရီကျင်းထျန်နှင့် ရီကျင်းဟိုင်သည် တစ်လကျော်တည်းနှင့် ခန္ဓာကိုယ်ကြံ့ခိုင်သန့်မာမှု အဆင့် ( ၅ ) ကို ပြီးမြောက်ခါနီး အခြေအနေကို ရောက်သွားခဲ့ပြီး သူတို့ရဲ့ အရှိန်နှုန်းက ရီဖန်ကိုတောင် ကြက်သီးထစေသည်။

ရီဖန်ရဲ့ ပျော်ရွှင်မှုတွေကို နှစ်ဆတိုးသွားစေတာကတော့ တဝါးဝါး အော်ငိုနေတဲ့ ကလေးငိုသံလေးပဲ ဖြစ်သည်။

စုယန်က လူကြီးတစ်ယောက်နှင့် နည်းနည်းလေး တူတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မွေးကင်းစကလေးကို ပွေ့ချီထားရင်း မျက်မှောင်ကြုတ်လိုက်သည်။

“ ကျွန်မတို့ကလေးက အရမ်း ရုပ်ဆိုးနေတယ် ယောကျ်ား။ ”

စုယန် ဝေခွဲမရ ဖြစ်နေမိသည်။ သူမရော ၊ ရီဖန်ရော တော်တော်လေး ကြည့်ကောင်းတဲ့ လူတွေပါ။ သူတို့ရဲ့ ကလေးက ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ … ။

“ ကလေးက မွေးကင်းစအရွယ်ပဲ ရှိသေးလို့ ကြည့်ရတာ နည်းနည်း ထူးဆန်းနေတာ နေမှာပါနော် ယောက်ျား။ ဒါပေမဲ့ တဖြည်းဖြည်း အရွယ်ရောက်လာတာရင် ကြည့်ကောင်းလာမှာပါ။ ” စုယန်ရဲ့ မှတ်ချက်က ရီဖန်ကို ရယ်ချင်သွားစေသည်။ ကိုယ့်သားသမီးကို သဘောမကျတဲ့ မိဘရယ်လို့ ရှိလို့လား။

ပြီးတော့ ဒါက မိန်းကလေး ဖြစ်သည်။ မှန်ပါသည်။ စုယန်က ရီမိသားစုရဲ့ ပထမဆုံး သမီးမိန်းကလေးကို မွေးပေးခဲ့တာ ဖြစ်ကာ ရီဖန်အတွက် နောက်ထပ် ရတနာတစ်ပါး ထပ်ရလိုက်သည်။

“ ကိုယ်တို့ အရင်ကတည်းက ဆုံးဖြတ်ထားသလိုပဲ သူ့ကို ရီကျင်းချူလို့ ‌နာမည်ပေးမယ်နော် ယန်ယန်။ သူ့ရဲ့ အိမ်နာမည်ကတော့ ဘောလုံးလေးပေါ့။ ”

ကလေးနာမည်တွေကို ကလေးမမွေးခင်ကတည်းက ရွေးထားပြီးသားပင်။ သားလေး ဆိုရင် ရီကျင်းရှားလို့ နာမည်ပေးပြီး မိန်းကလေး ဆိုရင်တော့ ရီကျင်းချူလို့ နာမည်ပေးမည်။

“ မိသားစုဝင်အရေအတွက် တိုးလာတဲ့အတွက် သခင် ကို ဂုဏ်ပြုပါတယ်။ ရေရှည်တာဝန် : မိသားစုဝင် တစ်ယောက် တိုးလာခြင်း ( ပြီးစီး ) ။ အခု ဆု‌လက်ဆောင်တွေ ရယူလို့ ရပါပြီ။ ”

ရီဖန်သည် သူ့ကို ကောင်းကင်ဘုံက ကောင်းချီးနှစ်ခုဖြင့် ချီးမြှောက်လိုက်သလို ခံစားလိုက်ရ၏။ သူ့မှာ သမီးတစ်ယောက် ရလာရုံသာမက ရေရှည်မိသားစုတာဝန်ကိုလည်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ တကယ် မဆိုးဘူးပဲ။

သူ့သမီးလေးက သူ့အတွက် ကံကောင်းမှုတွေ ယူဆောင်လာတာလားလို့တောင် ရီဖန် တွေးမိသည်။

“ ဆုလက်ဆောင် ရယူမယ်။ ”

“ မိသားစု‌သွေးမျိုးဆက် ဆုလက်ဆောင်ကို ရရှိသွားတဲ့အတွက် သခင် ကို ဂုဏ်ပြုပါတယ်။ ”

မိသားစုသွေးမျိုးဆက် ဆိုတာ ဟိုးအရင် ရှေးခေတ်တုန်းက ဘိုးဘေးတွေရဲ့ စွမ်းအားတွေကို အမွေဆက်ခံရတာပဲ ဖြစ်သည်။

မိသားစုဝင်တွေက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ သွေးမျိုးဆက်စွမ်းအင်ကို သယ်ဆောင်ထားပြီး ထိုစွမ်းအင်က သူတို့ရဲ့ ခန္ဓာကိုယ်နှင့် ကျင့်ကြံရေးပါရမီတွေကို အနည်းငယ် မြှင့်တင်ပေးသည်။ သာမန်လူတွေအတွက် မိသားစုသွေးမျိုးဆက်စွမ်းအင်တွေကို အသုံးပြုနိုင်တဲ့ အခွင့်အရေးက မရှိသလောက် နည်းသည်။

ဒီစနစ်ကတော့ မိသားစုအောင်မြင်ရေးစနစ်ဖြစ်တဲ့အလျောက် မိသားစုသွေးမျိုးဆက်စွမ်းအင်တွေကို ဆုလက်ဆောင်အဖြစ် ပေးခဲ့ပါသည်။

ရီဖန်သည် စက္ကန့်ပိုင်းအကြာမှာပဲ သူ့နှလုံးသားထဲမှာ ထူးခြားတဲ့ စွမ်းအင် တစ်မျိုး ဖြာထွက်လာသလို သူ့ရင်ဘတ်ထဲမှာ အနည်းငယ် နွေးထွေးလာတာကို ခံစားလိုက်ရသည်။ သူ့ရဲ့ အစကတည်းက ကြံ့ခိုင်သန်မာနေပြီးသား ခန္ဓာကိုယ်က တဖြည်းဖြည်း ပိုလို့တောင် သန်မာလာသည်။

ညီမလေးကို စိတ်ဝင်တစား ငုံ့ကြည့်နေတဲ့ ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့ကလည်း သူတို့ခန္ဓာကိုယ်ထဲက အပြောင်းအလဲကို ခံစားမိ၍ ရီဖန်ကို စိုးရိမ်တကြီး အကြည့်ဖြင့် ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။

“ သားတို့နှစ်ယောက် ဘာမှ ကြောက်နေစရာ မလိုဘူး။ ဒါက အဖေတို့မိသားစုသွေးမျိုးဆက်တွေ စပြီး အသက်ဝင်လာတာ။ သားတို့ မေးခွန်းတွေ အများကြီး မမေးဘဲနဲ့ ဒါက ကောင်းတဲ့ အရာတစ်ခုလို့သာ သိထားလိုက်ကြပါ။ ”

လက်ရှိအချိန်မှာ မိသားစုသွေးမျိုးဆက်က သူတို့ခန္ဓာကိုယ်ရဲ့ ခွန်အားတွေ ၊ ကျင့်ကြံရေးပါရမီတွေကို အနည်းငယ်မျှသာ မြှင့်တင်ပေးသေးတယ် ဆိုပေမဲ့ အနာဂတ်မှာ ရီမိသားစုသွေးမျိုးဆက် တစ်ခုလုံး အပြည့်အဝ အသက်ဝင်လာနိုင်ချေရှိပါသည်။

ရီမိသားစုရဲ့ အဓိကမျိုးဆက်မှာ လောလောဆယ် လူသုံးယောက် ရှိတာ ဆိုတော့ သုံးယောက်လုံးရဲ့ သွေးမျိုးဆက်စွမ်းအင်တွေကို ပေါင်းလိုက်ရင် ငါ့ရဲ့ သွေးမျိုးဆက်စွမ်းအင်တွေ ပိုတိုးလာမှာလား … ။

သိချင်စိတ်ပြင်းပြသွားတဲ့ ရီဖန်သည် ရီကျင်းချူကို အိမိအကူလက်ထဲ ထည့်ခဲ့ကာ သူ့အခန်းထဲ ပြန်ဝင်ပြီး တွက်ချက်ကြည့်လိုက်၏။ ရီဖန်ရဲ့ ခန္ဓာကိုယ်ထဲက သိပ်အားမကောင်းတဲ့ သွေးမျိုးဆက်စွမ်းအင်တွေ စတင်ဆူပွက်လာသလို သူ့ခန္ဓာကိုယ်ထဲကို သွေးမျိုးဆက်စွမ်းအင်စီးကြောင်းတွေလည်း ဒလဟော စီးဝင်လာခဲ့လေသည်။

ရီဖန်ရဲ့ နှလုံးသားထဲမှာ မြွေစိမ်းလေးတစ်ကောင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာကာ သူ့နှလုံးသားကို ရစ်ပတ်လိုက်ပြီးနောက် သူ့အသက်ဓာတ်စွမ်းအင်ကို လောဘတကြီး ဝါးမျိုစားသောက်ပါတော့သည်။

ထိုမြွေစိမ်းလေးက အသက်ဓာတ်စွမ်းအင်တွေကို သူ့ခန္ဓာကိုယ်နေရာအနှံ့သို့ မှုတ်ထုတ်လိုက်ချိန်မှာတော့ ရီဖန်ရဲ့ အသက်ဓာတ်စွမ်းအင်တွေ အားကောင်းလာခဲ့လေသည်။

ရီဖန်ရဲ့ ဝမ်းဗိုက်ထဲက ချီစွမ်းအင်အလယ်ဗဟိုနေရာမှာ ချီစွမ်းအင်အငွေ့အသက်တွေ ထွက်ပေါ်လာသည်။

ဒါ … ဒါက တကယ့်ချီစွမ်းအင်လား။

မြွေစိမ်းလေးပုံပန်းသဏ္ဍာန်ပေါ်လာချိန်မှာ ရီဖန်ရဲ့ သွေးမိိျိုးဆက်စွမ်းအင်က အမှန်တကယ် နိုးထလာပြီဖြစ်ကြောင်း သေချာသွားသည်။

ရီဖန်သည် ဒီသွေးမျိုးဆက်စွမ်းအင်က တော်တော်လေး အားနည်းတယ်လို့ တွေးနေတုန်းမှာပဲ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေတဲ့ သွေးမျိုးဆက်စွမ်းအင်တွေ ရုတ်တရက် ပေါက်ကွဲထွက်သွားကာ ရီဖန်ရဲ့ ခန္ဓာကိုယ်ကို အစိမ်းရောင်အလင်းတန်းတွေ လွှမ်းခြုံသွား၏။

သွေးမျိုးဆက်စွမ်းအင်တွေ ပေါက်ကွဲထွက်သွားသည်နှင့်တစ်ပြိုင်နက် သူ့ခွန်အားတွေ နှစ်ဆတိုးလာသည်ဟု ရီဖန် ခံစားလိုက်ရသည်။ သူ့လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့် လေပြင်းတွေ ဝှေ့တိုက်သွားသည်။

ဆယ့်ငါးမိနစ်အကြာမှာတော့ သွေးမျိုးဆက်စွမ်းအင်တွေ အားနည်းလာပုံဖြင့် ရီဖန်ရဲ့ နှလုံးသားထဲကနေ တဖြည်းဖြည်း နောက်ဆုတ်သွားပြီး စွမ်းအားတွေကို ပြန်လည် စုစည်းနေခဲ့သည်။

ရီဖန်ရဲ့ တိုးလာတဲ့ စွမ်းအားတွေလည်း ပျောက်ကွယ်သွားပါသည်။

အပြောင်းအလဲကို ခံစားလိုက်ရတဲ့ ရီဖန်ကတော့ အလွန် စိတ်လှုပ်ရှားသွားမိသည်။ သွေးမျိုးဆက်စွမ်းအင်က ကြာကြာ မခံပေမဲ့ အမှန်တကယ်ပင် စွမ်းအားပြင်းလှသည်။

ရီဖန်သည် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု နောက်ဆုံးအဆင့်ကို ရောက်နေတဲ့ ပြိုင်ဖက်တစ်ယောက်ကိုတောင် သွေးမျိုးဆက်စွမ်းအင်တွေ အသက်ဝင်နေတဲ့ အချိန်မှာ အနိုင်ယူလို့ ရသည်ဟု ခံစားရသည်။

သွေးမျိုးဆက်စွမ်းအားက အားကောင်းပေမဲ့ မြွေစိမ်းကလေးကတော့ အရမ်းကြီး စွမ်းအားကောင်းပုံမပေါ်ပါ။ နောက်ပိုင်းမှာ မြွေစိမ်းလေး တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာဖို့ သူ မျှော်လင့်သည်။

ရီဖန်သည် အဲ့ဒီနေ့က စပြီး ဆေးဝါးတွေ ဖော်စပ်ရင်း အလုပ်ရှုပ်နေတဲ့ အချိန်က လွဲလို့ ကျန်အချိန်တွေမှာ စုယန်ကို ခန္ဓာကိုယ်ကြံ့ခိုင်သန်မာအောင် စတင် လေ့ကျင့်ပေးခဲ့သည်။

ကျင့်ကြံရေးအနေနဲ့ကတော့ လောလောဆယ် သူ စုယန်ကို သင်ပေးလို့ ရတာ ကျိုးနျိုကျင့်စဉ် တစ်ခုတည်းသာ ရှိသည်။ စုယန်က သိုင်းပညာလေ့ကျင့်ရေးနှင့် ပတ်သက်လာရင် အတော်လေး အလေးအနက်ထားသည်။

ရီဖန်က စုယန်ရှေ့မှာ သူ့သိုင်းပညာအဆင့်ကို ဖုံးကွယ်မထားတာ‌ေကြာင့် စုယန်က သာမန်ဆေးဆရာတစ်ယောက်လို့သာ ထင်ရတဲ့ သူမရဲ့ ယောက်ျားဟာ တကယ်တမ်းမှာ အလွန် သန်မာတဲ့ သိုင်းသမားတစ်ယောက် ဖြစ်နေမှန်း သိသွားသည်။

ရီဖန်နောက်မှာ အရမ်းကြီး နောက်ကောက်ကျကျန်မနေစေရန်းအတွက် စုယန်က ကြိုးကြိုးစားစား စတင်လေ့ကျင့်ခဲ့သည်။

ရီမိသားစုရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်တဲ့ သူမကလည်း သဘာဝကျစွာပင် ဆုလက်ဆောင်တွေရဲ့ အကျိုးအာနိသင်တွေကို ရရှိထားလေရာ လေ့ကျင့်ရေးမှာ လျင်လျင်မြန်မြန်ပဲ တိုးတက်လာခဲ့သည်။

ကြံ့ခိုင်သန်မာဆေးမှုန့်တွေ ‌၊ ဆေးရည်စိမ်ပြီး ရေချိုးတာတွေရယ်ကိုပါ ပေါင်းစပ်လိုက်သောအခါ သူမက လဝက် ဆိုတဲ့ အချိန်လေးအတွင်းမှာ သိသိသာသာ တိုးတက်လာသည်။

ထိုအတောအတွင်းမှာ ရီဖန်နှင့် စုယန်သည် သူတို့ရဲ့ အချိန်တွေကို သိုင်းပညာလေ့ကျင့်ရင်း ၊ ကလေးရအောင် ကြိုးစားရင်း ကုန်ဆုံးခဲ့သည်။

သို့သော်လည်း တစ်ခုခု မှားယွင်းနေပုံပေါ်ကာ နှစ်ဝက်ကြာတဲ့ထိ စုယန်မှာ ကိုယ်ဝန်ရှိတဲ့ လက္ခဏာတွေ ‌မပြသေးပါ။ ရီဖန်က ဆေးစာအုပ်တွေ အများကြီးကို ဖတ်ကြည့်ပြီးတဲ့နောက်မှာတော့ မရေရာတဲ့ ကောက်ချက်တစ်ခုကို ချနိုင်သွားသည်။

တာ့ယုတိုင်းပြည်မှာ သွေးမျိုးဆက်စွမ်းအင်အားကောင်းတဲ့ တခြားမိသားစုတွေ ရှိသည်။

သွေးမျိုးဆက်စွမ်းအားတွေ အားကောင်းလေ ၊ ကိုယ်ဝန်ဆောင်ဖို့ မလွယ်ကူလေပါပဲ။ အဲ့ဒီလို သွေးမျိုးဆက်စွမ်းအင်တွေကို ပိုင်ဆိုင်ထားတဲ့ လူတွေမှာ ကလေးရဖို့က သာမန်လူတွေထက် အဆပေါင်းများစွာ ပိုခက်သည်။

အခြေအနေကို နားလည်သွားတဲ့ ရီဖန်က ကလေးထပ်ယူချင်တဲ့ စိတ်ကူးကို ခဏလောက် လက်လျှော့ထားဖို့ ဆုံးဖြတ်လိုက်သည်။ ကိစ္စတိုင်းကို သူ့ဘာသာသူပဲ ဖြစ်လာပါစေတော့။

…

“ သမီးနဲ့ ဆော့ကြမယ်နော် ဖေဖေ။ ”

အနည်းငယ် ပြည့်ဖောင်းနေတဲ့ လမ်းလျှောက်တတ်ခါစ ကလေးမလေးက ရီဖန်ရဲ့ လက်ကို ဆွဲပြီး အပြင်ကို တောက်ဆတ်တောက်ဆတ်လေး ခေါ်သွားသည်။

“ အဖေ့ကို ဘယ်ခေါ်သွားနေတာလဲ ချူလေးရဲ့။ ”

ရီဖန်က ရီကျင်းချူကို စွေ့ခနဲ ပွေ့ချီပြီး သူ့ရဲ့ မုတ်ဆိတ်မွှေးတွေ ထွက်နေတဲ့ မေးစေ့နှင့် သူမလေးကို မထိတထိ တို့ထိကာ တခစ်ခစ်ရယ်သံလေးတွေ ထွက်လာအောင် စ‌နောက်လိုက်ပါသည်။

“ မြန်မြန် လာပါ ဖေဖေရဲ့။ အစ်ကိုကြီးက အိမ်ကို မိန်းမလှလေးတစ်ယောက် ခေါ်လာတယ်။ ဒုတိယအစ်ကို ပြောတာတော့ အဲ့မိန်းမလှလေးက ဖေဖေ့ရဲ့ ချွေးမတဲ့။ ”

“ ဘယ်လို။ ထျန်လေးက အိမ်ကို မိန်းမခေါ်လာတယ် .. ဟုတ်လား။ ”

ရီဖန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ရီကျင်းထျန်က အခုမှ ( ၁၇ ) နှစ်သားပဲ ရှိသေးတာလေ ၊ အဲ့တယကို အခုကတည်းက အိမ်ကို မိန်းမခေါ်လာပြီတဲ့လား … ။

ရီကျင်းချူကို မွေးတာ တစ်နှစ်ကျော်ကြာသွားပါပြီ။ ဒီနှစ်အတွင်းမှာ ရီမိသားစုက အရှိန်အဟုန်ကောင်းကောင်းနှင့် တိုးတက်လာခဲ့ပြီး ဒီကမ္ဘာကို ရီဖန် ရောက်တာကတော့ သုံးနှစ်နီးပါး ကြာခဲ့ပြီပင်။

တစ်ချိန်တုန်းက သူ့မျက်လုံးထဲမှာ ကလေးတစ်ယောက်လို မရင့်ကျက်တဲ့ ထျန်လေးက အိမ်ကို မိန်းမခေါ်လာတဲ့ အချိန်ကိုတောင် ရောက်လာလိမ့်မည်ဟု ရီဖန် မျှော်လင့်မထားခဲ့ပေ။ အချိန်တွေ ကုန်တာ တကယ် မြန်တာပဲ။

ရီဖန်က ခြေလှမ်းတွေကို အရှိန်တင်ပြီး ရီကျင်းချူနှင့်အတူ ဧည့်ခန်းထဲကို လိုက်လာခဲ့လိုက်သည်။

ဧည့်ခန်းထဲမှာ အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ မိန်းမလှလေးတစ်ယောက်က ဘေးဘီပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းနေပြီး သူမကို ကြည့်ရတာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

စုယန်ကတော့ ဧည့်ခန်းထဲမှာ သူတို့ထက်အရင် ရောက်‌နှင့်နေခဲ့ပြီး ထိုမိန်းကလေးရဲ့ လက်ကို ဆွဲကာ စကားပြောနေ၏။ ထိုမိန်းကလေးက အိမ်ထောင်ဦးစီး ရီဖန်ကို မြင်တော့ ထိုင်ခုံမှာ ထိုင်နေရာကနေ ချက်ချင်းပဲ ထရပ်သည်။

“ မင်းသူငယ်ချင်းကို အဖေနဲ့ မိတ်ဆက်‌မပေးတော့ဘူးလား ထျန်လေး။ ” ရီဖန်က မျက်နှာကြီးနီရဲပြီး ရှက်နေတဲ့ ရီကျင်းထျန်ကို ကြည့်ကာ ရွှတ်နောက်နောက် ပြောလိုက်သည်။

“ အဖေ … ဒါက မြို့ထဲက ကျားမိသားစုက မိန်းကလေးကျားလုပါ။ ကျွန်တော့်ချစ်သူပါ။ ”

လူချမ်းသာမိသားစုတစ်စု ဖြစ်တဲ့ ကျားမိသားစုအကြောင်းကို ရီဖန် ကြားဖူးသည်။

“ လုလေး .. ဒါက ကိုယ့်အဖေ။ ”

“ တွေ့ရတာ ဝမ်းသာပါတယ် ဦးလေးရီ။ ” အတော်လေး စိတ်လှုပ်ရှားနေပုံရတဲ့ ကျားလုက သူ့ကို မပွင့်တပွင့်အသံလေးဖြင့် နှုတ်ဆက်သည်။

“ ဦးလေး မင်းကို ထျန်လေး ခေါ်သလိုပဲ လုလေးလို့ပဲ ခေါ်မယ်နော်။ ” လူငယ်လေးနှစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ရီဖန် သတိထားမိသည်။ အရွယ်ရောက်သွားတဲ့ လူငယ်တွေအတွက် သူတို့ သဘောကျတဲ့ တစ်စုံတစ်ယောက်ကို သတ္တိစုစည်းပြီး အိမ်ကို ခေါ်လာဖို့ ဆိုတာ မလွယ်ကူပါ။ ဘယ်သူက စိတ်မလှုပ်ရှားဘဲ နေမှာလဲ။

ဒီနှစ်ထဲမှာ သမီးရှင်တွေဘက်က အောင်သွယ်တော်တွေကနေတစ်ဆင့် ကျင်းထျန်ကို လာစေ့စပ်ပေမဲ့ သူတို့တွေအကုန်လုံးကို ရီဖန်က ငြင်းပယ်ခဲ့ပါသည်။ ရီဖန်က မိသားစုကို တိုးချဲ့ချင်တာ မှန်သော်လည်း သူ့သားသမီးတွေကိုတော့ ဘယ်တော့မှ အတင်းအကျပ် ဖိအားမပေးချင်ပါ။

စုယန်က ကျားလုရဲ့ လက်ကို ဆုပ်ကိုင်ထားရင်း သူမနှင့် စကားစမြည်ပြောနေစဉ်မှာ အစေခံတစ်ယောက်က အဆာပြေမုန့်တွေ လာချပေးနေသည်။ စုယန်က ကျားလုအကြောင်း ပိုသိရအောင် ကြိုးစားနေတာ ဖြစ်သည်။

အခြားတစ်ဖက်၌ ရီဖန်ကတော့ အခြေအနေကို ဒီ့ထက် ပိုကောင်းကောင်း နားလည်နိုင်စေရန်အတွက် ရီကျင်းထျန်ကို တိတ်ဆိတ်တဲ့ အခန်းထဲသို့ ခေါ်လာခဲ့လိုက်သည်။

အခန်း ( ၉ ) ပစ်မှတ်ထားခံရတဲ့ စေ့စပ်ပွဲ။

ရီဖန်သည် သားဖြစ်သူနှင့် စကားနည်းနည်းပါးပါး ပြောပြီးသွားတော့ ကျားလုရဲ့ နောက်ခံကို သိသွားသည်။

ကျားလုကိုလည်း သူမရဲ့ မိသားစုက သံချပ်ကာသိုင်းသင်တန်းကျောင်းကို ပို့ခဲ့တာ ဖြစ်ပြီး သင်တန်းကျောင်းမှာ ရီကျင်းထျန်နှင့် တွေ့ဆုံကာ သဘာဝကျစွာပင် အတန်းဖော်တွေ ဖြစ်လာခဲ့သည်။

အချိန်အတော်ကြာအောင် သူငယ်ချင်းတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ရီကျင်းထျန်က ကျားလုအပေါ် ထားတဲ့ သူ့ခံစားချက်တွေဟာ သူငယ်ချင်းအဆင့်ကို ကျော်လွန်နေပြီဖြစ်ကြောင်း နားလည်သွားသည်။

ရီကျင်းထျန်က ရီဖန်ရဲ့ ရုပ်ရည်သွင်ပြင်ကို အမွေရထားတာကြောင့် အရပ်ရှည်ရှည် ၊ ခန္ဓာကိုယ်တောင့်တောင့်နှင့် မျက်နှာချောချောကို ပိုင်ဆိုင်ထားသည်။

ရီမိသားစုဆေးဆိုင်ကလည်း အခုနောက်ပိုင်း ချန်ဟဲမြို့မှာ အတော်လေး နာမည်ရလာတာမို့ ရီကျင်းထျန်က သမီးရှင်တွေ မျက်စိကျစရာကောင်းတဲ့ သခင်လေးတစ်ယောက်ဖြစ်လာခဲ့သည်။

ရီမိသားစုဆေးဆိုင်မှာ ရောင်းအားအကောင်းဆုံးက သွေးဆူပွက်ဆေးလုံး မဟုတ်ဘဲ ရီဖန် အစတုန်းက အပိုဆေးဝါးအဖြစ် ဖော်စပ်ထားတဲ့ သက်ရှည်ကျန်းမာဆေးမှုန့် ဖြစ်နေသည်။ သက်ရှည်ကျန်းမာဆေးမှုန့်က ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး အသက်ကိုလည်း ရှည်စေရာ ချက်ချင်းပဲ လူချမ်းသာကုန်သည်ကြီးတွေရဲ့ လက်စွဲတော်ဆေးဝါး ဖြစ်သွားသည်။

သက်ရှည်ကျန်းမာဆေးမှုန့်တွေကြောင့် ရီဖန်သည် လစဉ်လတိုင်း ငွေတုံးတွေအများကြီး အမြတ်အစွန်းထွက်ခဲ့သည်။

ရီမိသားစုဆေးဆိုင်ဟာ ချန်ဟဲမြို့မှာ အမျိုးသားတွေအတွက် အားဖြည့်ပေးတဲ့ ဆိုင်လေးတစ်ဆိုင်အဖြစ် နာမည်ကျော်ကြားလာခဲ့လေသည်။

ဒီခေတ်မှာ ယောကျ်ားလေး ၊ မိန်းကလေးတွေက အရွယ်ရောက်တာ စော၍ ချစ်ရေးချစ်ရာကိစ္စတွေနှင့် ပတ်သက်လာရင် သူတို့က မော်ဒန်ခေတ်လူငယ်တွေထက် အများကြီး ပိုပွင့်လင်းပါသည်။

ရွာမှာဆို လူငယ်တော်တော်များများက ( ၁၅ ) နှစ် ၊ ( ၁၆ ) နှစ်လောက်ကတည်းက အိမ်ထောင်ကျနေကြပြီမို့ ရီကျင်းထျန်ကို အိမ်ထောင်ပြုဖို့ အရွယ်လွန်နေပြီလို့တောင် သတ်မှတ်လို့ ရသည်။

ကျားလုကို အိမ်ခေါ်လာပြီး ခံစားချက်တွေကို ထုတ်ပြောခဲ့တဲ့ ရီကျင်းထျန်ကို ရီဖန်မှာ ကန့်ကွက်စရာမရှိချေ။

မိသားစုနောက်ခံတွေ ဘာတွေကို သူ သိပ်ဂရုမစိုက်ပါ။ တစ်ဖက်လူဟာ ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတယ် ဆိုရင်ပဲ ကျန်တဲ့ ကိစ္စတွေက သူ့အတွက် သိပ်အရေးမကြီးတော့ပေ။

ကျားလုရဲ့ မိသားစုက အတိုင်းအတာတစ်ခုထိ ပိုက်ဆံရှိတဲ့ လူချမ်းသာတွေမို့ သူမရဲ့ မိသားစုနောက်ခံမှာလည်း ချို့ယွင်းချက် မရှိချေ။

သူမက ရီကျင်းထျန်ထက် ( ၁ ) နှစ် ငယ်ပြီး အခုမှ ( ၁၆ ) နှစ် ပြည့်ပြီးခါစပဲ ရှိသေးသည်။

ရီဖန် သေချာ စဉ်းစားကြည့်သည်။ တကယ်လို့သာ ရီကျင်းထျန်က သူမကို အမှန်တကယ် သဘောကျရင် သူတို့နှစ်ယောက်အတွက် မင်္ဂလာပွဲစီစဉ်ပေးလို့ ရသည်။

သူတို့ကို နောက် ( ၂ ) လလောက်ထိ တွဲသွားတွဲလာလုပ်ခွင့်ပေးထားပြီး သူမရဲ့ စိတ်နေစိတ်ထား ၊ အကျင့်စရိုက်တွေကို လေ့လာကြည့်မည်။ ကျားလုက အကျင့်စရိုက်မကောင်းတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပါက ရီဖန်သည် ရီကျင်းထန်အား သူမကို ခေါင်းထဲက ထုတ်ခိုင်းမှာ ဖြစ်သည်။

ရီကျင်းထျန်တစ်ယောက် အချစ်စိတ်မွှန်ပြီး ကျားလုကို ဘယ်လိုမှ လက်မလွှတ်နိုင်ဖြစ်နေရင်တော့ ရီဖန်က သူ့မျက်ခွက်ကို ခပ်ပြင်းပြင်းလေး တစ်ချက် ထိုးပြီး သူ့အသိတရားကို ဖုံးအုပ်နေတဲ့ ခံစားချက်တွေအကုန်လုံးကို ရှင်းထုတ်ပစ်မှာပင်။

“ မင်း ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု အဆင့် ( ၅ ) ကို မကြာခင် ရောက်တော့မှာ မဟုတ်လား။ ” ဟု ရီဖန်က မေးလိုက်တော့ ရီကျင်းထျန်က ခေါင်းညိတ်ပြသည်။

“ ကျွန်တော် ဒီလထဲ ရောက်လောက်တယ် အဖေ။ ”

“ ကောင်းတယ်။ မင်း အောင်မြင်သွားတာနဲ့ ငါ မင်းကို မိန်းမလိုက်တောင်းပေးမယ်။ ”

အံ့သြမှုကြောင့် ရီကျင်းထျန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်သည်။ “ ကျေးဇူးတင်ပါတယ် အဖေ။ ကျွန်တော် အဖေ့ကို စိတ်မပျက်စေရပါဘူး။ ”

ရီကျင်းထျန်က သိုင်းသင်တန်းကျောင်းကို ချက်ချင်း ထွက်လာခဲ့လိုက်သည်။ သူ လေ့ကျင့်ဖို့ လိုသည်။ ရူးရူးမူးမူးကို လေကျင့်ပြီး ကြံ့ခိုင်သန်မာမှု အဆင့် ( ၅ ) ကို တတ်နိုင်သမျှ အမြန်ဆုံး အောင်မြင်အောင် လုပ်ရမည်။

တက်ကြွမှုတွေ ပြည့်နေတဲ့ ရီကျင်းထျန်ကို ကြည့်ပြီး ရီဖန်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့် ထင်ဟပ်သွားခဲ့သည်။ လူငယ်တွေက အချစ်နှင့် ပတ်သက်လာရင် ဘာမဆို လုပ်နိုင်ကြသည်။

ဒီတစ်ခေါက်တော့ ရီဖန်လည်း ကြံ့ခိုင်သန်မာမှု နောက်ပိုင်းအဆင့်ကို ရောက်သွားနိုင်လောက်ပါပြီ။

ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု နောက်ပိုင်းအဆင့်ကို ရောက်သွားတာရယ် ၊ ကျိုးနျိုကျင့်စဉ်ကို မကြာခင် ပြီးမြောက်တော့မှာရယ်။ သူ့သွေးမျိုးဆက်ရဲ့ အားအင်တွေရယ်ကို ပေါင်းစပ်လိုက်သောအခါ ရီမိသားစုသည် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ လုံလောက်တဲ့ ခွန်အားတွေကို ရရှိသွားပြီ ဖြစ်သည်။

…

အချစ်ရဲ့ စွမ်းအားကြောင့်လားတော့ မပြောတတ်ဘဲ မူလတုန်းက ကြံ့ခိုင်မာသန်မာမှု အဆင့် ( ၅ ) ကို ရောက်ဖို့ နောက်ထပ် တစ်လလောက် အချိန်ယူရလိမ့်မည်ဟု တွက်ဆထားသော ရီကျင်းထျန်သည် ထိုအဆင့်ကို ရက် ( ၂၀ ) တည်းနှင့် အောင်မြင်စွာ ရောက်ရှိသွားခဲ့၏။

ထိုအရှိန်နှုန်းက သူနှင့် တစ်ထပ်တည်း လေ့ကျင့်နေတဲ့ ရီကျင်းဟိုင်ကို ကြောင်အမ်းအမ်း ဖြစ်သွားစေသည်။

ဒါက အချစ်ရဲ့ စွမ်းအင်လား … ။

အဖေရေ ၊ ကျွန်တော်လည်း မိန်းမလိုချင်တယ်။

ကံ‌မကောင်းစွာဖြင့် ( ၁၅ ) နှစ်တောင် မပြည့်သေးဘဲ ငယ်လွန်းသေးတဲ့ ရီကျင်းဟိုင်အဖို့ သူ မိန်းမလိုချင်တယ် ဆိုရင်တောင် ရီဖန်က သဘောတူမှာ မဟုတ်ပေ။ အဲ့ဒီလောက် အသက်ငယ်ငယ်လေးနှင့် ချစ်တင်းနှီးနှောတာ ကျန်းမာရေးအတွက် မကောင်းပါ။

“ မင်း ရှောင်လုအကြောင်း စုံစမ်းနေတာလည်း အချိန်တစ်ခု ရှိသွားပြီမို့လား ရှောင်ယန်။ အခြေအနေ ဘယ်လိုလဲ။ ” ရီဖန်က စုယန်ကို မြင်သည်နှင့် လှမ်းမေးလိုက်သည်။

“ ရှောင်လုက မိန်းမကောင်းလေး တစ်ယောက်ပါ ယောက်ျား။ ပြီးတော့ ကျားမိသားစုက သူ့ကို ကောင်းကောင်း သင်ကြားပေးထားတယ်။ သူ့ကို ဗဟုသုတကြွယ်ဝပြီး စဉ်းစားတွေးခေါ်ဉာဏ်ကောင်းတဲ့ မိန်းကလေး တစ်ယောက်လို့ သတ်မှတ်လို့ ရတယ်။ ”

အထူးသဖြင့် ရီဖန်က ချန်ဟဲမြို့ရဲ့ ထိပ်တန်းဆေးဆရာ တဖြည်းဖြည်း ဖြစ်လာသည်နှင့်အမျှ သူ့မိန်းမဖြစ်တဲ့ စုယန်နှင့် တခြားမိသားစုတွေက အမျိုးသမီးတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကလည်း အဆင်ပြေ‌ချောမွေ့လာခဲ့သည်။

အချက်အလက် တချို့ကို စုံစမ်းရတာက သူမအတွက် အတော်လေး လွယ်ကူပေသည်။

ရီဖန်သည် ကျားလုရဲ့ စိတ်နေစိတ်ထား ၊ အကျင့်စရိုက်တွေက ကျေနပ်လောက်တဲ့ အနေအထားဖြစ်နေတာကို သိလိုက်ရတော့ သူ ရီကျင်းထျန်ကို ပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးချိန်တန်ပြီဟု ခံစားလိုက်ရသည်။

ဒါပေမဲ့ ကျားမိသားစုထံ သွားပြီး ကျားလုကို မတင်တောင်းခင်မှာ လုပ်ရမယ့် ကိစ္စ တစ်ခု ရှိသည်။ အဲ့ဒါကတော့ ကျင့်ကြံရေးအဆင့်ကို ရောက်အောင် လုပ်ဖို့ပဲ ဖြစ်သည်။

“ သွေးမျိုးဆက်စွမ်းအင်တွေကို စပြီး စုပေါင်းမယ် စနစ်။ ”

သူ့ခန္ဓာကိုယ်ထဲကို ပူပြင်းတဲ့ စွမ်းအင်စီးကြောင်းတစ်ခု စီးဝင်သွားကာ သူ့ကိုယ်တွင်းအင်္ဂါတွေ စတင် တုန်ခါလာလျက် ခန္ဓာကိုယ်ထဲက ညစ်ညမ်းတဲ့ အနက်ရောင် မသန့်စင်မှုတွေ အကုန်လုံး ကင်းစင်သွားသည်။

ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှု နောက်ပိုင်းအဆင့်ကို ရောက်ချိန်မှာ ကိုယ်တွင်းအင်္ဂါ ငါးခုလုံး သန်မာတောင့်တင်းလာပြီး သိုင်းသမားရဲ့ ခွန်အားတွေ ၊ ခံနိုင်ရည်တွေ ၊ တခြား စွမ်းရည်တွေကို များစွာ မြှင့်တင်ပေးခဲ့လေသည်။

‌ဒီအဆင့်ကို ရောက်သွားပြီ ဆိုရင် သာမန်လူတွေက သူ့ကို လုံးဝ အန္တရာယ်မပေးနိုင်တော့ချေ။ လက်သီး တစ်ချက် ထိုးလိုက်တိုင်းမှာ ပေါင် ( ၁၀၀ ) အား ပါဝင်နေတဲ့ လက်သီးချက်တွေက တကယ့်ကို ကြောက်ခမန်းလိလိ ဖြစ်ပေသည်။

သူ နောက်ဆုံးတော့ ကြံ့ခိုင်သန်မာမှု အဆင့် ( ၇ ) ကို ရောက်သွားခဲ့ပါပြီ။

ရီဖန်သည် ကျိုးနျိုကြံ့ခိုင်သန်မာကျင့်စဉ်နှင့် တွဲဖက်၍ ကျွဲရိုင်းငါးကောင်လက်သီးကို လေ့ကျင့်နေခဲ့သည်။ သူ့လက်သီးချက်တွေရဲ့ နောက်က ပြင်းအားက သန်မာလွန်းပြီး ပဲ့တင်သံတွေကိုပါ မြည်ဟည်းသွားစေသည်။

လေ့ကျင့်ပြီးသွားတော့ ရီဖန် မျက်မှောင်ကြုတ်လိုက်မိသည်။ ကြံ့ခိုင်သန်မာမှုရဲ့ နောက်ပိုင်းအဆင့်ကို ရောက်သွားတာတောင် ကျွဲရိုင်းငါးကောင်လက်သီးက ရီဖန်ရဲ့ တိုက်ပွဲစွမ်းအင်ကို အပြည့်အဝ ထုတ်မသုံး‌နိုင်သေးပါ။

ပြောရရင် ဒါက ကျိူးနျိုကျင့်စဉ်ကို ပံ့ပိုးပေးတဲ့ အဖြည့်ခံသာ ဖြစ်‌၍ တိုက်ပွဲစွမ်းအင်တွေကို အပြည့်အဝ ထုတ်သုံးချင်ရင် အချိန်အကြာကြီး ဆည်းပူးလေ့လာခဲ့တဲ့ သိုင်းပညာကျင့်စဉ်တွေကို လိုအပ်နေပါသေးသည်။ ပြီးတော့ လက်နည်ရှည် တစ်ခုနှင့်လည်း လေ့ကျင့်ဖို့ လိုအပ်သည်။

ဥပမာအနေဖြင့် ဓားရှည်ကဲ့သို့ လက်နက်မျိုးတွေ ဖြစ်သည်။

သံချပ်ကာသိုင်းသင်တန်းကျောင်းမှာ သာမန်သင်တန်းသားတွေကို ကျိုးနျိုကျင့်စဉ်ကဲ့သို့ အခြေခံ ကျင့်စဉ်လေးတွေကိုပဲ သင်ပေးပြီး တကယ့်သင်တန်းသားအရင်းအချာတွေကိုသာ အဆင့်မြင့် ကျင့်စဉ်တွေ ၊ သိုင်းပညာတွေကို လေ့ကျင့်ခွင့်ပြုထားတာ ဖြစ်သည်။

ရီမိသားစုဝင်အဖြစ် သံချပ်ကာသိုင်းသင်တန်းကျောင်းမှာ တက်ရောက်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်သောကြောင့် သိုင်းပညာကျင့်စဉ်တွေကို သူ့ဘာသာ နည်းလမ်းရှာပြီး ရအောင် ယူကာ ကျင့်ကြံဖို့သာ ရှိပါသည်။

ရီဖန်သည် ရီကျင်းထျန်ရဲ့ အရေးကိစ္စတွေကို စီမံခန့်ခွဲပေးပြီးနောက် တုပေါင်ဆေးဆိုင်ကို သွားကာ ကျင့်ကြံရေးပညာတွေများ ဝယ်လို့ ရမလားဟု စုံစမ်းဖို့ စီစဉ်လိုက်သည်။

…

မနက်စောစောသာ ရှိပေမဲ့ ကျားအိမ်တော်မှာ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေခဲ့ပြီ ဖြစ်သည်။

ဒီနေ့ဟာ ရီမိသားစုက သူတို့သမီးကို လာတင်တောင်းမယ့် နေ့ ဖြစ်သည်။

ကျားတိုတိုမှာ သားနှစ်ယောက်ရှိသော်လည်း သူ့သမီးကျားလုကိုသာ အချစ်ဆုံးပင်။

ရီကျင်းထျန်ကိုတော့ ကျားတိုတို အတော်လေး စိတ်တိုင်းကျပါသည်။

သူ့ကျင့်ကြံအရေးအဆင့်ကလည်း အထင်ကြီးစရာကောင်းသည်။ အသက် ( ၁၇ ) အရွယ်မှာကတည်းက သူက ကြံ့ခိုင်သန်မာမှု အဆင့် ( ၅ ) ကို ရောက်နေပြီ ဖြစ်သည်။

မိသားစုနောက်ခံကလည်း ချို့ယွင်းချက် မရှိပေ။ သူ့အဖေက ချန်ဟဲမြို့မှာ ထိပ်တန်းဆေးဆရာ ဖြစ်ပြီး တုပေါင်ဆေးဆိုင်ရဲ့ အထူးစီးပွားဖက်တစ်ယောက် ဆိုလည်း မမှားပါ။

ထို့ပြင် ရီကျင်းထျန်က ရီမိသားစုရဲ့သားအကြီးဆုံးမို့ ထိုမိသားစုထဲကို ကျားလု ဝင်သွားချိန်မှာ ပင်ပန်းရမှာ မဟုတ်ပေ။

အခြေအနေအရပ်ရပ်ကို တွက်ဆပြီးတဲ့ ကျားမိသားစုသည် ရီမိသားစုက သူတို့သမီးကို လာတင်တောင်းချိန်မှာ သဘာဝကျစွာပင် ပေါ့ပေါ့တန်တန် သဘောထားနိုင်ခဲ့ချေ။

လီယောင်ကလည်း ဤကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ လက်ဆောင်တွေ အများကြီး ဝယ်ယူပြီး ဟဲဝမ်ရွာက လူတွေကို ခေါ်ကာ ကျားမိသားစုအိမ်တော်သို့ ရထားလုံးနှင့် ထွက်လာခဲ့လိုက်သည်။

“ ခင်ဗျားရဲ့ မွှေးပျံ့လွန်းတဲ့ နာမည်ဂုဏ်သတင်းကို ကျုပ် လေးစားနေတာ ကြာပါပြီ ဆေးဆရာရီ။ ”

“ ဂိုဏ်းခေါင်းဆောင်ကျားက ကျုပ်ကို မြှောက်နေပြန်ပါပြီ။ လာရင်းကိစ္စက ကျုပ်သားက မိန်းကလေးကျားကို သဘောကျနေတာ ကြာပြီမို့လို့ပါ။ ဂိုဏ်းခေါင်းဆောင်ကျားက သူ့ကို အခွင့်အရေးပေးမယ်လို့ ကျုပ် မျှော်လင့်ပါတယ်။ ”

“ အာ ၊ ဆေးဆရာလီကတော့ နောက်နေတာပဲ။ ကျားလုကို ကျင်းထျန်လို အရည်အချင်းရှိတဲ့ လူငယ်လေးတစ်ယောက်က သဘောကျတာကိုပဲ ကျုပ်တို့ကျားမိသားစုက ဂုဏ်ယူရမှာပါ။ ”

…

ခင်မင်ရာခင်မင်ကြောင်း စကားနည်းနည်းပါးပါး ပြောဆိုပြီးနောက်မှာတော့ ကျားမိသားစုသည် လက်ဆောင်တွေကို လက်ခံယူပြီး စေ့စပ်ပွဲအတွက် ကြိုတင် ရက်သတ်မှတ်လိုက်၏။

မှန်ပါသည်။ ဒါက အစောပိုင်း သဘောတူညီမှုသာ ဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း လက်စသတ်သွားရမည့် အသေးစိတ်ကိစ္စတွေ အများကြီး ရှိသည်။

စေ့စပ်ကြောင်းလမ်းခြင်း စာလွှာ သုံးစောင် ၊ မင်္ဂလာဆောင်နှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းစာအုပ်နှင့် မင်္ဂလာဆောင်အထမြောက်စေခြင်းစာအုပ်တွေထဲမှာ ပါဝင်တဲ့ အကြောင်းအရာတွေအရ တင်တောင်းခြင်း ၊ ဗေဒင်တွက်ခြင်း ၊ ‌သတို့သားဘက်က သတို့သမီးကို လက်ဖွဲ့ပစ္စည်းပေးခြင်း ၊ သတို့သမီးဘက်က သတို့သားကို လက်ဖွဲ့ပစ္စည်းပေးခြင်း ၊ မင်္ဂလာရက်ရွေးချယ်ခြင်းနှင့် မင်္ဂလာဆောင်အထမြောက်စေခြင်း ဆိုပြီး ရိုးရာဓလေ့ ( ၆ ) ခု ရှိသည်။

အခုအချိန်မှာ ရီမိသားစုနှင့် ကျားမိသားစုက လူသိများတဲ့ မိသားစုတွေမို့ သူတို့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိသည်။ ထို့ကြောင့် ဘယ်ပွဲအခမ်းအနားကိုမှ သူတို့ ကျော်သွားလို့ မရပေ။

ရီဖန်သည် လိုအပ်တဲ့ ကိစ္စတွေအကုန်လုံးကို ဆုံးဖြတ်ချက်ချပြီးသောအခါ သူ့မိသားစုနှင့်အတူ ရထားလုံးထဲ ဝင်ပြီး ပြန်လာခဲ့လိုက်သည်။

ရထားလုံးသည် မြင်ကွင်းထဲကနေ တဖြည်းဖြည်း ဝေး၍ ဝေး၍ ပျောက်ကွယ်သွားသည်။ ထိုရထားလုံးရဲ့ နောက်မှာတော့ မည်း‌မှောင်တဲ့ မျက်လုံး နှစ်စုံက ထွက်ခွာသွားတဲ့ ရီမိသားစုရဲ့ ပုံရိပ်တွေကို စူးစိုက်ကြည့်နေခဲ့လေသည်။

“ ကျားလုက ကျွန်တော့်အပိုင်ပဲ ‌အဖေ။ ” လူငယ်လေးရဲ့ အသံမှာ ခါးသီးမှုတွေ ပြည့်နှက်နေပေသည်။

“ ဒီမယ် ငါ့သား … အဖေတို့ကို အရာမသွင်းတဲ့ ကျားမိသားစုက သူ့ကံကြမ္မာနဲ့သူ သွားမှာ။ နောက်လထဲမှာ လုပ်မယ့် စေ့စပ်ပွဲကို အောင်မြင်မယ်လို့ သူတို့ မျှော်လင့်မထားသင့်ဘူး။ ရီမိသားစုနဲ့ သူတို့မိသားစုထဲက တုပေါင်ဆေးဆိုင်ရဲ့ အထူးစီးပွားဖက် ဆိုတဲ့ ကောင်လည်း အတူတူပဲ။ ” သက်လတ်ပိုင်း အမျိုးသားကြီးရဲ့ အသံမှာ ယုံကြည်ချက်ဖြင့် တဖိတ်ဖိတ် တောက်ပနေခဲ့သည်။

ဘာတွေ ဘယ်လိုပဲ ဖြစ်နေပါစေ ၊ အဆုံးသတ်မှာ သိုင်းပညာစွမ်းအားကပဲ အရေးအပါဆုံးဖြစ်သည်။

ငွေကြေးတွေ ၊ အရည်အချင်းတွေ ၊ ယဉ်ကျေးမှုတွေက ပုံမှန်နေ့တွေမှာ အရေးပါရင် ပါနိုင်သော်လည်း သိုင်းပညာစွမ်းအင်နှင့် ရင်ဆိုင်လာရချိန်မှာ ထိုကဲ့သို့ အရာတွေ အကုန်လုံးက လေအဝှေ့မှာ လွင့်ပါသွားသည့် ဖုံမှုန့်နှယ် ပျောက်ကွယ်သွားလိမ့်မည်။

ကျားမိသားစုကလည်း အဲ့ဒါကို သတိထားမိသောကြောင့် ဒီနှစ်ပိုင်းတွေမှာ သူတို့ရဲ့ မိသားစုဝင်တွေကို သိုင်းသင်တန်းကျောင်းသို့ ပို့ဆောင်စေလွှတ်ခဲ့တာ ဖြစ်ပေသည်။

ကံမကောင်းစွာဖြင့် သိုင်းပညာမှာ ပါရမီ ဆိုတာ လိုအပ်လေရာ ကျားမိသားစုသည် ထိုနယ်ပယ်မှာ အမြဲတမ်း နောက်ကောက်ကျကျန်ခဲ့ရသည်။

သူတို့ဟာ အထူးစီးပွားဖက်တွေကို ငှားရမ်းပြီး ကျားမိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်တည်မြဲအောင် ထိန်းသိမ်းထားရုံမျှသာ တတ်နိုင်သည်။သူတို့နှင့် သားမက်တော်ရမယ့် မိသားစုကို ရွေးချယ်ရာမှာတော့ ကမ္ဘာပေါ်မှာ သင့်တော်တဲ့ သားမက်တွေ အများကြီး မရှိဘူး ဆိုတာကို သူတို့ ကောင်းကောင်း နားလည်သည်။

ရီကျင်းထျန်နှင့် ရီကျင်းဟိုင်က အတိုင်းအတာတစ်ခုထိ အရည်အချင်းရှိကြောင်းကို လူတိုင်း သိပေမဲ့ ရီဖန်ကိုတော့ ဆေးလုံးတွေ ဖော်စပ်ရာမှာ အရည်အချင်းရှိတဲ့ သာမန်လူတစ်ယောက်သာ ဖြစ်ပါသည်။

All Chapters