အခန်း ၁၃-၁၅
Vol. 1 Ch. 13-15
အခန်း (၁၃) ဘယ်မှာလဲသူတို့ပြောတဲ့ တုံးအမှုဆိုတာ
အချိန်အတော်ကြာ နစ်မြှုပ်နေခဲ့ပြီးနောက် ရုတ်တရက် တုန်ခါမှုကို ခံစားလိုက်ရသည့်အတွက် ရီဖန်သည် ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်ရာ ဓားခံစားချက်မြစ်ပေါ်တွင် ကြီးမားသောတိုင်ကြီး တစ်တိုင်ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသည်။
သူသည် လက်ကိုဓားသွားသဖွယ် ကိုင်မြှောက်၍ ပေါ့ပါးစွာ ခုတ်လွှဲချလိုက်သည်။ တစ်ချက်တည်းနှင့် မရေမတွက်နိုင်အောင်များပြားသော ကမ္ဘာများ ပြိုလဲကျသွားသည်။ ဓားရှေ့တွင် စကြဝဠာကြီး၏ အမှန်တရားသည်ပင် ပျက်စီးလွယ်ပုံရသည်။
‘ဆိုတော့… ဓားဆိုတာ ဒီလိုကိုး’
ဓားတစ်လက်သည် သူရဲကောင်း၏လက်နက်ဖြစ်၍ ကောင်းကင်နှင့်မြေကြီးကို ဖွင့်ဟပေးနိုင်သော ဓားချက်တစ်ချက်သည် နတ်ဘုရားအားလုံးကို ပင် ဖျက်ဆီးနိုင်စွမ်းရှိသည်။
လူတစ်ယောက်သည် ဓားနှင့်အတူ အစွမ်းထက်လာရန်အတွက် ဓားခံစားချက်ထဲသို့ ဦးစွာ ဝင်ရောက်ရမည်ဖြစ်သည်။ ဓားခံစားချက်ထဲသို့ ဝင်ရောက်နိုင်ရန် ထိုသူသည် ဓား၏နှလုံးသားကိုပိုင်ဆိုင်ထားရမည်။ ဓား၏နှလုံးသားဆိုသည်မှာ ဓားသွား၏စိတ်ဝိဥာဉ်နှင့် လူတစ်ယောက်၏ နှလုံးသားတို့ ရောယှက်ပေါင်းစပ်မှုဖြစ်သည်။ ၎င်းကိုရရှိရန်အတွက် ထိုသူသည် ဓားနှင့်အကျွမ်းဝင်ရမည်၊ ဓားကိုယုံကြည်ရမည်၊ ဓားအပေါ်တွင် သစ္စာရှိရမည်၊ ဓားနှင့်ပေါင်းစည်းကာ ဓား၏အနှစ်သာရ အစစ်အမှန်ကို နားလည်ရမည်ဖြစ်သည်။
ရီဖန်သည် ဤအရာမှာ စစ်မှန်သောဓားတစ်စင်းဖြစ်ကြောင်း အလိုလိုသိလိုက်၏။
နောက်အခိုက်အတန့်တွင် ရီဖန်၏ အသိစိတ်သည် သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ဆွဲသွင်းခံလိုက်ရသည်။ မျက်စိတစ်မှတ်အတွင်း တွင် ဆယ်နှစ်ကြာအိပ်မက်ရှည်တစ်ခု ပျောက်ကွယ်သွားသဖြင့် ရီဖန်အနည်းငယ် စိတ်ရှုပ်သွားသည်။
တစ်ခဏအကြာ၌ ရီဖန်အသိစိတ်ပြန်ဝင်လာကာ စနစ်၏ တံခါးချပ်ကို ဖွင့်လှစ်လိုက်သည်။
ဇာတ်ကောင် : ရီဖန်
အဆင့် : ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်ခုနစ် (၁၂၇/၇၀၀)
စွမ်းရည် : ကျိုးနျို ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ် (၃၂၃/၈၀၀)၊ ဆေးပညာရှင် ပထမအဆင့် (၁၅၉၉/၁၆၀၀)၊ လေပွေရိုင်းဓား မြင့်မြတ်သောအဆင့်ကို ကျော်ဖြတ်ပြီး (၁၆၀၀/၁၆၀၀)
အံ့ဖွယ်စွမ်းရည် : အလယ်အလတ် မြွေစိမ်းသွေးမျိုးဆက် (၃၆/၁၀၀)၊ ဓားစွမ်းရည် (၃၂၁/၁၀၀၀)
အံ့ဖွယ်စွမ်းရည်များထဲတွင် အပိုထပ်ဆောင်း ပါဝင်လာသည်မှာ ဓားစွမ်းရည်ဖြစ်သည်။ ရီဖန်က သူ၏ဓားကို ပင့်မြှောက်လိုက်သောအခါ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်တို့သည် ဓားသွားထဲသို့ စီးဆင်းဝင်ရောက်သွားသည်။ သူက ဓားကိုငြင်သာစွာလွှဲချလိုက်သည့်အခိုက်အတန့်တွင် စားပွဲတစ်လုံးလုံးသည် ထက်ဝက်ပိုင်းချခံလိုက်ရသည်အထိ အလွန်အစွမ်းထက်လှသည်။
ဤဓား၏လွှမ်းမိုးမှုအောက်တွင် ရီဖန်သည် သူ၏ခန္ဓာကိုယ်မှာ အလွန်အမင်းအားနည်းလာသည်ကို ခံစားလိုက်ရသည်။ ဓားခံစားချက်ကို ဆယ်နှစ်ကြာလေ့လာခဲ့ပြီးနောက် ရီဖန်သည် ဓားစွမ်းအား၏ ဓားခံစားချက်ပထမအဆင့်သို့ ရောက်ရှိသွားသည်။
လေပွေရိုင်းဓား၏ လျို့ဝှက်လက်စွဲတွင် ဓားခံစားချက်အဆင့်သတ်မှတ်ချက်များကို ဖော်ပြထားသည်။ ဓားခံစားချက်၏ ပထမဦးဆုံးသော အဆင့်သည် ဓားစွမ်းအားအဆင့်ဖြစ်သည်။
ဓားစွမ်းအားသည် ကောင်းကင်နှင့် မြေကြီး၏ ခွန်အားကို ဓားသွားနည်းပညာထဲသို့ စီးဝင်စေသည့်အတွက် စွမ်းအားကိုလွန်စွာ မြှင့်တင်ပေးသည်။
ပုံမှန်အားဖြင့် Postnatal Relamတွင် ၎င်းတို့၏ ဓားစွမ်းရည်ကို နှစ်ပေါင်းများစွာမြှင့်တင်ခဲ့သော သိုင်းပညာရှင်များကသာလျှင် ဓားစွမ်းအားကို နားလည်သိရှိနိုင်သည်။ သို့သော် ရီဖန်အတွက်မူ အချက်အလက်တချို့ကိုသာ ပေါင်းထည့်ရန်လိုအပ်ကာ တိုက်ရိုက်ပင်ရောက်ရှိနိုင်ခဲ့သည်။
‘ဖြတ်လမ်းတွေရှိတဲ့ ဘဝကြီးက အံ့ဩစရာပဲ’
ရီဖန်သည် ဓားကိုချလိုက်ပြီးနောက် သူ၏အဝတ်အစားများကို စတင်လဲလှယ်လိုက်သည်။ သူ၏ဆုလာဘ်များကို လျင်မြန်စွာစုပ်ယူခဲ့သည့် အကြောင်းအရင်းမှာ သူ၏တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ရန်ဖြစ်သည်။
‘ဒီနေ့ည သူလူသွားသတ်တော့မည်’
ယနေ့ဖြစ်ပျက်ခဲ့သောအရာများကို သုံးသပ်ကြည့်ပါက လျူမိသားစုသည် သေချာပေါက်လက်လျော့မည်မဟုတ်ကြောင်းသိရှိနိုင်သည်။ ရီဖန်သည် ရန်သူကိုသက်ညှာပေးပြီးနောက် နောင်တစ်ချိန်သူတို့ပြန်လည် လက်စားချေလာသည့်အခါ၌ နောင်တရရမည့် အမှားမျိုး ပြုလုပ်မည်မဟုတ်ပေ။
အသက်ရှင်နေရခြင်း၏ အဓိကအကြောင်းမှာ အန္တရာယ်အားလုံးကို အပြတ်ရှင်းရန်သာဖြစ်သည်။ သို့မှသာ နောင်တွင်သူ့ကို ခြိမ်းခြောက်လာမည့်အရာများ ကျန်ရှိတော့မည်မဟုတ်ပေ။
သူယနေ့ လူမသတ်ခဲ့သည့်အကြောင်းအရင်းမှာ ရီကျင်းထျန်၏ မင်္ဂလာပွဲနေ့အထိမ်းအမှတ်ဖြစ်သောကြောင့် သွေးစွန်းရန်မသင့်လျော်သောကြောင့်သာ ဖြစ်သည်။ ယခုတွင်မူ အနီရောင်အလင်းနယ်မြေမှလွဲ၍ ချန်ဟဲတစ်မြို့လုံး အမှောင်ကျဆိတ်သုဉ်းသွားပြီဖြစ်သည်။
ယနေ့သည် ဒုတိယနေ့ရောက်ပြီဖြစ်သည့်အတွက် ရီဖန် နောက်ထပ်မစောင့်ဆိုင်းနိုင်တော့ပေ။
ညသည် မှောက်မိုက်ကာ လေမတိုက်ဘဲ တိတ်ဆိတ်ငြိမ်သက်နေသည့်အတွက် လူသတ်ရန်ပြည့်စုံသည့်အခြေအနေဖြစ်နေသည်။
ညအိပ်ဝတ်ရုံကို ဝတ်ဆင်ထားသော ရိဖန်သည် လျူမိသားစု၏ အိမ်တော်ထဲသို့ နံရံကိုကျော်တက်၍ဝင်သွားသောအခါ မီးရှူးတိုင်များ ရုတ်တရက်လင်းလာသည်။
“ရီဖန်၊ မင်းငါ့ကို ဒီညလာရှာမယ်ဆိုတာ ငါသိနေတယ်”
လျူရှင်းရှန်၏ ယုံကြည်မှုပြည့်ဝနေသောအမူအရာသည် ရိဖန်ကိုဆွံ့အစေခဲ့သည်။
‘လူယုတ်မာများသည် ဤမျှလောက်ဥာဏ်မကောင်းနေသင့်ပေ၊ သူညအချိန်မှာ တိုက်ခိုက်လာလိမ့်မည်ဟု လျူရှင်းရှန် မည်ကဲ့သို့ ခန့်မှန်းလိုက်ပါသနည်း’
“မင်းတို့က ငါတို့မျက်နှာပျက်ရအောင်လုပ်နေတာပဲ”
သူ၏ ပထမဆုံးချဉ်းကပ်မှုက ပေါက်ကြားသွားသည့်အတွက် ရီဖန်ပို၍သတိထားနေမိသည်။ သို့သော် ကံကောင်းစွာဖြင့် သူယနေ့အတွက် သေချာစွာပြင်ဆင်လာခဲ့သည်။ ထိုသို့မဟုတ်ပါက သူသေချာပေါက် ကျရှုံးသွားမည်မှာ အသေအချာပင်ဖြစ်သည်။
လျူရှင်းရှန်၏ဘက်မှ လူတိုင်းသည် ၎င်းတို့၏ လက်နက်များကို ကိုင်ဆောင်ထားကြသည်။ ရီဖန်သည် ညဘက်တွင် တိုက်ခိုက်လာနိုင်သည်ဟု သံသယဝင်သည့်အချိန်မှစတင်၍ လျူရှင်းရှန်သည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီဖြစ်သည်။
သူသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အလယ်အလတ်အဆင့်ရှိသည့် တပည့်မြောက်များစွာကို ဆင့်ခေါ်ခဲ့ရုံသာမက ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု နှောင်းပိုင်း အဆင့်ရှိသည့် သိုင်းပညာရှင်နှစ်ယောက်ကိုလည်း ငှါးရမ်းထားခဲ့ပြီးဖြစ်သည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုနှောင်းပိုင်းအဆင့်ရှိသည့် သိုင်းပညာရှင် သုံးဦးဖြစ်သည့်အတွက် အကယ်၍ ရီဖန်သည် အထွတ်အထိပ်အဆင့်၌ရောက်နေစေကာမူ ယနေ့ညတွင် လျူအိမ်တော်မှ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မည်မဟုတ်ပေ။
အချိန်တန်သောအခါ သူသည် ရီမိသားစု၏ ပိုင်ဆိုင်မှုများကို သိမ်းယူနိုင်ပါက ယနေ့ညပေးဆောင်ခဲ့ရသော အရာအားလုံးကို ပြန်လည်အဖတ်ဆယ်နိုင်မည်ဖြစ်သည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုနှောင်းပိုင်းအဆင့်ရှိသည့် သိုင်းပညာရှင်သုံးယောက်သည် လက်နက်ကိုယ်စီကိုင်ဆောင်ကာ ရီဖန်ကို ဝိုင်းထားကြသည်။
ယနေ့ညတွင် သူသတ်ရမည့် လူဦးရေမှာ ပုံမှန်ထက် အနည်းငယ်ပိုများနိုင်သည့်အတွက် ရီဖန်သက်ပြင်းချလိုက်သည်။ သူက ဓားရှည်ကိုဆွဲထုတ်လိုက်သည်နှင့် မြွေစိမ်းသွေးမျိုးဆက်စွမ်းအား ထွက်ပေါ်လာသည်။ လေပွေရိုင်းဓားသည် နယ်မြေကိုကျော်ဖြတ်လာသော မုန်တိုင်းသဖွယ်ဖြစ်သည်။
ဓား၏လွှဲချက်တစ်ချက်သည် ညကောင်းကင်၌ လခြမ်းသဖွယ်ဖြတ်သန်းသွားသည်။ ဓားသွား၏အရောင် မှိန်ဖျော့သွားသည်နှင့် ဖြတ်တောက်ခံလိုက်ရသော ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ လျူရှင်းရှန်ဖိတ်ကြားခဲ့သော ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်မြင့်သည့် သိုင်းပညာရှင်ဖြစ်ပုံရသည်။
“မင်း…”
ရီဖန်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုနှောင်းပိုင်းအဆင့်ရှိသည့် သိုင်းပညာရှင်ကို ဓားချက်တစ်ချက်တည်းဖြင့်သာ သတ်လိုက်ခြင်းက လျူရှင်းရှန်နှင့် ကျန်တစ်ဦးကို ဆွံ့အသွားစေခဲ့သည်။ ၎င်းတို့သည် ရီဖန်ကို ကြောက်လန့်တကြားလှမ်းကြည့်လိုက်ကြ၏။
အထူးသဖြင့် လျူရှင်းရှန်မှာ ရီဖန်သည် အလွန်စွမ်းအားကြီးလှကြောင်း အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။ သို့မဟုတ်ပါက သူ့ဘက်၌ အဆင့်တူညီသော သိုင်းပညာရှင်နှစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့မည်မဟုတ်ပေ။
သို့သော်ငြားလည်း ရီဖန်သည် တစ်ချက်တည်းနှင့် သတ်လိုက်နိုင်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။
“မဖြစ်နိုင်ဘူး၊ လုံးဝကို မဖြစ်နိုင်ဘူး”
နောက်ဆုံးသော သတ္တိကို စုစည်းလျက် လျူရှင်းရှန် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
ရီဖန်သည်လည်း သူ၏ဓားကို ထုတ်လိုက်ကာ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားဖြင့် လျူရှင်းရှန်ကို ခုတ်ချလိုက်သည်။
‘ဓားစွမ်းအား’
ထိုအချိန်၌ လျူရှင်းရှန်သည် သူမြင်ခဲ့သောသိုင်းပညာရှင်မှာ အဘယ်ကြောင့် မခုခံခဲ့သည်ကို နားလည်သွားတော့သည်။ ကောင်းကင်နှင့် မြေကြီး၏ ဖိအားအောက်တွင် သိုင်းပညာရှင်သည် မည်သို့သောခုခံမှုမျိုးမှ လုပ်နိုင်စွမ်းမရှိခဲ့ခြင်းဖြစ်သည်။
“ငါ့ ရှုံးတာလက်ခံတယ်!”
ဓားသည် ဖျတ်ခနဲလက်သွားပြီးသည့်နောက် လျူရှင်းရှန်၏ အသိစိတ်သည် အမှောင်ထုထဲသို့ ကျရောက်သွားတော့သည်။
လျူမိသားစုအိမ်တော်တစ်ခုလုံးတွင် သွေးညှီနံ့များပြည့်နှက်နေလျက် လျူရှင်းရှန်ဖိတ်ခေါ်ခဲ့သော သိုင်းပညာရှင်သည်လည်း သုတ်သင်ခံလိုက်ရကာ သူ၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်၌ပျံ့ကြဲလျက်ရှိသည်။ ထို့အပြင် လျူမိသားစု၏ ပိုင်ဆိုင်မှုမှန်သမျှသည်လည်း ရီဖန်၏ သိမ်းယူခြင်းခံလိုက်ရသည်။ ဤသည်မှာချဲ့ကားပြောနေခြင်းမဟုတ်၊ လျူမိသားစုသည် ချန်ဟဲမြို့ကို နှစ်ရှည်ကြာစွာ အုပ်စိုးထားခဲ့ပြီးနောက် ရတနာများစွာ စုဆောင်းမိခဲ့သည်။
ငွေသားချည်းပင်လျှင် ထောင်ပေါင်းများစွာရှိပေသည်။ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်နှင့် ပက်သက်သည့် လျို့ဝှက်နည်းပညာများနှင့် သိုင်းပညာကျမ်းစာအုပ် လေးအုပ်လည်းရှိသည်။ တခြားပစ္စည်းများသည် ပျံ့ကြဲနေသော်လည်း ထိုနေရာ၌ ရီဖန်တစ်ဦးတည်းသာ ရှိသည့်အတွက် အရာအားလုံးကို မသယ်သွားနိုင်သဖြင့် ချန်ထားခဲ့ရသည်။
နောက်တစ်ရက် နံနက်ခင်းတွင် ချန်ဟဲမြို့၌ သတင်းထူးတစ်ခု ပေါ်ပေါက်လာသည်။
‘လျူမိသားစုတစ်ခုလုံး သုတ်သင်ခံလိုက်ရပြီ’
၎င်းတို့နှင့်အတူ များစွာသော အလယ်အလတ်အဆင့်ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုရှိသော သိုင်းပညာရှင်များသာမက နှောင်းပိုင်းအဆင့်ရှိသည့် သိုင်းပညာရှင် နှစ်ဦးပါ သတ်ခံလိုက်ရပြီဖြစ်သည်။
ဒီသတင်းသည် လူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားရသည်အထိ အံ့အားသင့်စေခဲ့သည်။ ‘လျူမိသားစုက ဘယ်သူ့ကို ဆန့်ကျင်လိုက်တာလဲ’ ရီမိသားစုမှလွဲ၍ မည်သူမျှမဖြစ်နိုင်ပေ။
ရီဖန်အပေါ်၌ လူထု၏အမြင်သည် ပြောင်းလဲသွားခဲ့ပြန်သည်။ ထိုကောင်လေး၊ လျူရှင်းရှန်၏သားသည် ယခင်နေ့ကမင်္ဂလာအခမ်းအနားကို နှောက်ယှက်ခဲ့ရုံမျှသာဖြစ်သော်လည်း ယနေ့တွင်မူ သူ၏တစ်မိသားစုလုံးကို သုတ်သင်ခံလိုက်ရသည်။ ရီဖန်သည် လွန်စွာရက်စက်လှသည်။
ဤကဲ့သို့ဖြစ်လာသည့်အကြောင်းကို လူများစွာက ကောင်းကောင်းနားလည်ကြသည်။ သူတို့သည် ရီဖန်လက်စားချေလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပြီးဖြစ်သော်လည်း ယခုလောက်မြန်ဆန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ခြင်းသာ ဖြစ်သည်။
များပြားစွာသော မိသားစုခေါင်းဆောင်တို့သည် သူတို့၏သားစဉ်မြေးဆက်များကို ရီမိသားစုကို မနှောက်ယှက်ရန်အတွက် လျှို့ဝှက်သတိပေးခဲ့သည်။ သူတို့သည် တိုက်ခိုက်နိုင်စွမ်းရှိသည်မှာမှန်သော်လည်း ရီဖန်ကဲ့သို့ မြန်ဆန်ကြမ်းတမ်းစွာတိုက်ခိုက်နိုင်ရန် မသေချာလှပေ။ အနာဂတ်တွင် သူတို့သည် ရီဖန်ကို သာမန်ဆေးဆရာတစ်ဦးအဖြစ် မှတ်ယူနိုင်တော့မည်မဟုတ်ပါ။
အပြင်လောက၌ပျံ့နေသည့် ကောလဟာလများနှင့် ပက်သက်၍ ရီဖန်သည်လည်း ပြန်လည်ချေပခဲ့သည်။
“စွပ်စွဲနေတာ၊ ဒီအရာတွေအကုန်လုံးက စွပ်စွဲပြောဆိုနေကြတာပါ။ ရီမိသားစုက သတ်ဖြတ်မှုတွေမှာ ပါဝင်ခြင်းမရှိပါဘူး”
အကယ်၍ ရီဖန်၏သတ်ဖြတ်မှုသတင်းကိုကြား၍ သွေးဆူလာမည့် သူရဲကောင်းငယ်များရှိပါက ဒုက္ခရောက်နိုင်ပြီး ပြဿနာဖြစ်လာနိုင်သည်။ ထို့ကြောင့် သူ၏ ဂုဏ်သိက္ခာကို ကောင်းမွန်အောင်စီမံထားရမည်ဖြစ်သည်။
ရီဖန်၏ ပြောဆိုချက်ကို ကြားပြီးနောက် လူတိုင်းသည် မျက်လုံးသာလှန်ကြည့်မိတော့သည်။
‘ဟုတ်တာပေါ့၊ မှန်တာပေါ့။ လျူမိသားစုတစ်ခုလုံးကို တစ်ညတည်းနဲ့ သုတ်သင်လိုက်တဲ့ ခင်ဗျားကလူကောင်းဆိုရင်၊ ငါတို့အားလုံးကပဲ လူဆိုးတွေပါ’
ဤရက်များတွင် ရီမိသားစုဝင်တို့သည် ရီကျင်းထျန်၏ ခန်းဝင်ပစ္စည်းများနှင့် လျူမိသားစုထံမှ သိမ်းယူခဲ့သော ပစ္စည်းများကို ခွဲခြမ်းနေကြသည်။ ရီဖန်တွေးတောနေသည်မှာ ယခု ရီကျင်းထျန်သည် လက်ထပ်ပြီးသွားပြီဖြစ်သည့်အတွက် သူတို့၏အိမ်ထောင်စုလေးအတွက် ပိုင်ဆိုင်မှုတချို့ခွဲပေးဖို့ အချိန်တန်ပြီဖြစ်သည်။
သူတို့သည် မိသားစုကို ခွဲထုတ်ကြမည်မဟုတ်သော်ငြားလည်း သူတို့၏ကိုယ်ပိုင်ပစ္စည်းတချို့ ဝယ်ခြမ်းရန် အဆင်ပြေနေသေးသည်။
မိသားစုကျယ်ပြန့်လာသည်နှင့်အမျှ ရီဖန်သည် သူ၏ထိန်းချုပ်မှုအောက်တွင် မထားချင်တော့ပေ။ ရီကျင်းထျန်သည် ငယ်တော့သည်မဟုတ်သဖြင့် သူ့ကို ပြုစုပျိုးထောင်ပေးဖို့ အချိန်ကျရောက်လာပြီဖြစ်သည်။
…………
အခန်း (၁၄) ညီမဖြစ်သူ၏ သတင်းစကား
လက်တလောတွင် ရီမိသားစုဆေးဆိုင် သည် ရီမိသားစုအတွက် အကျော်ကြားဆုံးနှင့် အမြတ်အစွန်းအများဆုံးရရှိသောလုပ်ငန်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် အသင့်လုပ်ဆေးဝါးများကိုသာ ရောင်းချခြင်းဖြစ်၍ ဆေးဖက်ဝင်အပင်များနှင့် ပတ်သက်လျှင်မူ အလွန်ညံ့ဖျင်းလှသည်။
ရီမိသားစုသည် ၎င်းတို့၏ကိုယ်ပိုင်ဆေးဖက်ဝင်အပင်များကို ဝယ်ယူ၍ ဆေးဝါးများ ပြင်ဆင်နိုင်ပါက အမြတ်ငွေ ပိုမိုများပြားစွာရရှိနိုင်မည်ဖြစ်သည်။
ရီဖန်၏ ဇာတိဖြစ်သည့် တုန်းရှန်းရွာကဲ့သို့သော ချန်ဟဲမြို့အနီးရှိ ကျေးရွာများတွင် ရွာသားအမြောက်အမြားသည် တောင်ပေါ်မှ ဆေးဖက်ဝင်အပင်များကို စုဆောင်းကာ ချန်ဟဲမြို့၌ ရောင်းချကြသည်။
ဆေးဖက်ဝင်အပင်များစုဆောင်းရန်အတွက် ၎င်းတို့၏ကိုယ်ပိုင်ဝယ်ယူရေးလမ်းကြောင်းများကို တည်ထောင်နိုင်ပါက ရီမိသားစုအတွက် များစွာအကျိုးရှိမည်ဖြစ်သည်။ ၎င်းသည် အမြတ်အစွန်းကို တိုးမြှင့်ပေးရုံသာမက ရီမိသားစုဆေးဆိုင်၏ လည်ပတ်မှုအပေါ် ကျရောက်လာနိုင်သော တိုက်ခိုက်မှုများမှလည်း ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
ရီကျင်းထျန်၏ လက်ရှိကျင့်ကြံရေးအဆင့်ဖြင့် သူသည် ဤလုပ်ငန်းသစ်ကို စီမံခန့်ခွဲနိုင်သည်မှာ သေချာသည်။ ရီဖန်သည် ရီကျင်းထျန်နှင့် ဆေးဖက်ဝင်အပင်များဝယ်ယူခြင်းလုပ်ငန်းတည်ထောင်ရန် ဆွေးနွေးခဲ့ကြသည်။ ရီကျင်းထျန်သည် ၎င်းအပေါ်တွင် အထင်အမြင်များများစားစားမရှိသော်လည်း ကျားလုသည်တော့ ဝမ်းသာသွားသည်။
သူမသည် ရီမိသားစု၏အနာဂတ်အတွက် ကြီးကြီးမားမားစဉ်းစားရန် လိုအပ်သော်လည်း သူမ၏သေးငယ်သော မိသားစုလုပ်ငန်း၏အနာဂတ်အတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သေးသည်။
ကျားမိသားစုသည် ချမ်းသာသော ကုန်သည်များဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကြီးပြင်းလာသည့်အတွက် သူမသညသူမသည်စီးပွါးရေးထက်မြက်မှုမရှိရန် မဖြစ်နိုင်ပေ။
လျင်မြန်စွာပင် လမ်းကြောင်းအသစ်များကို ဆက်တိုက်စတင်လာသည်။ အစောပိုင်း၌အရင်းအနှီးအဖြစ် လက်ခံရရှိထားသော လက်ဆောင်ငွေဖြင့် ဝယ်ယူရေးလမ်းကြောင်းများစွာကို ကျေးရွာအနှံ့တွင် တည်ထောင်နိုင်ခဲ့သည်။ ဤလုပ်ဆောင်မှုများသည် သေချာပေါက် အစေခံများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရီမိသားစုအတွက် အရေးကြီးဆုံးအရာမှာ ၎င်းတို့၏ ကျင့်ကြံရေးစွမ်းအားကို မြှင့်တင်ရန်ဖြစ်သည်။
ရီကျင်းထျန် မင်္ဂလာဆောင်ပြီးခဲ့သည်မှာ တစ်နှစ်ခွဲပင် ကြာခဲ့ပြီဖြစ်သည်။
၎င်းတို့၏ကိုယ်ပိုင်ဝယ်ယူရေးလမ်းကြောင်းများကို ထူထောင်လိုက်သည်နှင့်တစ်ပြိုင်နက် ဆေးဖက်ဝင်အပင်များ၏ ဈေးနှုန်းများ သည်သိသိသာသာ ကျဆင်းသွားသည်။ တစ်ဖက်တွင်လည်း ရီမိသားစုဆေးဆိုင် ၏ အမြတ်ငွေသည် သိသိသာသာ တိုးလာခဲ့သည်။
လစဉ်လတိုင်း အမြတ်ငွေ ၅၀၀ခန့် ထုတ်ပေးနိုင်ခဲ့သည်။ သို့သော် အမြတ်ငွေအားလုံးသည် ရီမိသားစု၏ ကျင့်ကြံရေးအားထုတ်မှုနှင့် သက်ဆိုင်နေသည်။
အင်္ဂါငါးပါးဆေးမှုန့်ဟု လူသိများသည့် ကိုယ်တွင်းအင်္ဂါငါးခုစီကို သန်မာစေသော ဆေး၏ကုန်ကျစရိတ်မှာ ဆေးတစ်ဖုံလျှင် ငွေစ ၅၀ နီးပါးဖြစ်သည်။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့၏ ကျင့်ကြံရေးအဆင့်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့် ခုနစ်ခုမြောက်ကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ရာ သူတို့၏ လစဉ်ဆေးသောက်သုံးမှုပမာဏ တစ်ခုတည်းပင်လျှင် ငွေစ ၄၀၀ကျော် ကျသင့်သည်ဖြစ်သည်။
ကျားလုနှင့် စုယန်တို့၏ ကျင့်ကြံရေးသည်လည်း များပြားလှသောဆေးဝါးများ လိုအပ်သည်ဖြစ်ရာ ရီမိသားစုသည် ဝင်ငွေများစွာရရှိနေသည်ဖြစ်သော်လည်း အမှန်တကယ်တွင် ငွေကြေးများလိုအပ်နေဆဲဖြစ်သည်။
မကြာသေးမီက လျူမိသားစုထံမှ ရရှိခဲ့သော ရက်ရောသောလက်ဆောင်များနှင့် အရင်းအမြစ်များကြောင့်သာ မဟုတ်လျှင် ရီမိသားစုသည် ဒေဝါလီခံရနိုင်သည်။
တစ်ခါတရံ ရီဖန်သည် သူ၏ပထမဆုံးသောကျွမ်းကျင်မှုမှာ ဆေးပညာ ဖြစ်သည့်အတွက် ကျေးဇူးတင်မိသည်။ သို့မဟုတ်ပါက လက်ရှိအနေအထားသို့ လျင်မြန်စွာရောက်ရှိရန် မဖြစ်နိုင်သောအရာဖြစ်သည်။
ဇာတ်ကောင်- ရီဖန်
အဆင့်- ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့် ၁၀ (၂၂/၁၀၀၀)
စွမ်းရည်များ- ကျိုးနျို ခန္ဓာကိုယ် သန့်စင်ခြင်းကျင့်စဉ် (၁၂၃၃/၁၆၀၀)၊ ဆေးပညာရှင်ပထမအဆင့် အပြီးသတ် (၁၅၉၉/၁၆၀၀)၊ လေပွေရိုင်းဓားကျွမ်းကျင်အဆင့် (၁၆၀၀/၁၆၀၀)
အံ့ဖွယ်စွမ်းရည်များ - အဆင့်နိမ့် မြွေစိမ်းသွေးမျိုးဆက်(၃၆/၁၀၀))၊ ဓားစွမ်းရည် (၃၅၄/၁၀၀၀)
ရီဖန်း၏ ကျင့်ကြံမှုအဆင့်သည် နောက်ဆုံးတွင် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ သူ၏ လက်ရှိအရှိန်အဟုန်ဖြင့် နောက်ငါးနှစ်အတွင်း၌ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ကျော်ဖြတ်သွားနိုင်မည်ဖြစ်သည်။ အကယ်၍သာ သူ၏မိသားစုသည် သူတို့၏ကျင့်ကြံရေးစွမ်းအားကို မြှင့်တင်နိုင်ပါက အချိန်ပိုစော၍ပင် ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့် ၁၂သို့ရောက်ရှိသည့်အခါ လူတစ်ယောက်သည် မွေးဖွားခြင်းနယ်မြေအဆင့် ၁၀သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။ သို့ရာတွင် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့် ၁၀မှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ကျော်ဖြတ်သူများသည် အနိမ့်ဆုံးတိုက်ခိုက်ရေးစွမ်းအားသာ ရရှိမည်ဖြစ်ကာ ရှေ့သို့ဆက်သွားရန်အခက်အခဲရှိနိုင်သည်။ ထို့ကြောင့် ရီဖန်သည် စနစ်၏ပံ့ပိုးမှုဖြင့် တတ်နိုင်သမျှအခိုင်မာဆုံးသော အခြေခံအုတ်မြစ်ကိုတည်ဆောက်ရန် ရည်ရွယ်ထားသည်။
သို့သော် သူသည် လျင်မြန်စွာအဆင့်တက်လိုပါက ရီမိသားစုသည် ငွေရှာရန် နည်းလမ်းအသစ်များကို ဆက်လက်ရှာဖွေရမည်ဖြစ်သည်။
အဆင့်ပိုမြင့်လာသည်နှင့်အမျှ ဆေး၏အာနိသင်လည်းပိုကောင်းလာပြီး ၎င်း၏ကုန်ကျစရိတ်သည်လည်း ပိုတိုးလာမည်ဖြစ်သည်။
ဥပမာအားဖြင့်၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်၌ အသုံးပြုသည့် သွေးနှင့် စွမ်းအင်ကို လှုံ့ဆော်ပေးနိုင်သော ချီစွမ်းအားသွေးမှုန့် သည် ဆေးတစ်ဖုံလျှင် ငွေစတစ်ရာ အလွယ်တကူ ကုန်ကျနိုင်သည်ဖြစ်ရာ ငွေကြေးကြွယ်ဝမှုသည် ကိုယ်ခံပညာလမ်းကြောင်းတွင် ရှောင်လွှဲမရနိုင်သော အကြောင်းအရာတစ်ခုဖြစ်နေသည်။
ရီဖန်သည် သူ၏ဓားရှည်ကိုချကာ ဆေးဝါးအချို့ပြင်ဆင်ရန်အတွက် ရီမိသားစုဆေးဆိုင်သို့သွားရန် အဆင်သင့်ဖြစ်နေသည်။ သို့သော်အစေခံတစ်ယောက်၏ စကားသည် သူ့အတွေးကို ဖြတ်တောက်လိုက်သည်။
“သခင်၊ တုန်းရှန်းရွာက သတင်းတစ်ခုရောက်လာပါတယ်။ အမျိုးသမီးတစ်ယောက်က သခင့်ညီမလို့ပြောပြီး လိုက်ရှာနေပါတယ်”
ညီမ?
သေဆုံးသွားခဲ့ပြီးဖြစ်သော အမှတ်တရများက ရီဖန်၏အတွေးထဲသို့ ပြန်လည်ဝင်ရောက်လာကြသည်။
သူ့ရဲ့ ညီမငယ် ရီရှောင်းရှောင်း။
ဆံပင်ကိုမြှောက်စီးထားပြီး ပန်းနုရောင်တောက်နေသော ပါးပြင်နှင့် ရုပ်ပုံလွှာသည် ရီဖန်း၏ စိတ်ထဲတွင် နိုးထလာခဲ့သည်။ ရီရှောင်းရှောင်းသည် ရီဖန်ထက် ငါးနှစ်ငယ်ပြီး သူမအကြိုက်ဆုံးအရာမှာ ရီဖန်နှင့်အတူ ကစားရခြင်းဖြစ်သည်။
ရီဖန်၏ မင်္ဂလာပွဲအတွက်ငွေကြေးကို စုဆောင်းလိုစိတ်ပြင်းပြနေသော သူတို့၏မိဘများသည် ငိုယိုနေရှာသော ရီရှောင်းရှောင်းကို အိမ်နီးချင်းမြို့မှ ချမ်းသာသောကုန်သည်တစ်ဦးထံ ကိုယ်လုပ်တော်အဖြစ် စေလွှတ်လိုက်သည်ကို ရီဖန်ယခုထိ မှတ်မိနေဆဲဖြစ်သည်။
ရီရှောင်းရှောင်းသည် ထွက်သွားရန် ဆန္ဒမရှိသဖြင့် အော်ဟစ်ငိုကြွေးကာ ဆန္ဒပြခဲ့သည်။ ထိုအချိန်တွင် သူမသည် ဆယ့်ငါးနှစ်သာရှိသေးသည်။
ရီဖန်သည် ဤမှတ်ဉာဏ်ကို သူ၏စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားခဲ့ပြီး ၎င်းကို ပြန်အမှတ်မဖော်ချင်ဘဲ၊ သူ့ညီမကိုတက်ကြွစွာ လိုက်ရှာရန်အတွက်လည်း သူ့ကိုယ်သူ အရှက်ရနေခဲ့သည်။
"သခင်၊ ဘာဖြစ်လို့ပါလဲ"
စုယန်သည် ရီဖန်၏လက်ကို ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာမှာလည်း စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။ သူမသည် ယခင်က ရီဖန် ဤမျှလမ်းပျောက်နေသည်ကို မမြင်ဖူးပေ။
စုယန်၏သတိပေးမှုကြောင့် ရီဖန်သည်အသိပြန်ဝင်လာပြီးနောက် "ဘာမှမဖြစ်ပါဘူး ဇနီး၊ ရှောင်ထျန်းနဲ့ ရှောင်ဟိုင်ကိုသွားခေါ်လိုက်ပါ။ ငါတို့ တုန်းရှန်းရွာကိုပြန်ကြမယ်"
ရီဖန်း၏ လေးနက်သော အမူအရာကို မြင်လိုက်ရသဖြင့် စုယန်သည် နှောင့်နှေးမနေဘဲ ရီကျင်းထျန်နှင့် ရီကျင်းဟိုင် ကို ချက်ချင်း ခေါ်လိုက်သည်။ သူတို့မိသားစုသည် မြင်းလှည်းဖြင့် တုန်းရှန်းရွာသို့ အမြန်သွားကြသည်။
နှစ်နာရီကြာပြီးသည့်နောက်တွင် တုန်းရှန်းရွာရှိ ရီဖန်၏အိမ်ဟောင်း၌….
သူတို့အိမ်နီးချင်း၏ ခြံဝင်းထဲတွင်ရီဖန်သည် ရီရှောင်းရှောင်းကို တွေ့လိုက်သည်။ မြင်မြင်ချင်း၌ ရီဖန်သည် သူမကိုမမှတ်လောက်အောင်ဖြစ်သွားခဲ့သည်။ သူမသည် ဖြူဖျော့ပြီး ပိန်လှီကာ မျက်နှာထက်တွင် မြင်နိုင်သော အမာရွတ်များရှိနေသည်။
ရီရှောင်းရှောင်း၏ဘေးတွင် ခုနစ်နှစ် သို့မဟုတ် ရှစ်နှစ်ဝန်းကျင်ဟု ထင်ရသော အရှက်အကြောက်ကြီးပုံပေါ်သည့် ကလေးနှစ်ယောက်ရှိနေသည်။
“ရှောင်းရှောင်း….. တကယ်ပဲ မင်းလား?" ရီဖန်၏အသံသည် အနည်းငယ် တုန်လှုပ်သွားသည်။
"အစ်ကို၊ ငါပါ”
ရီရှောင်းရှောင်း၏ အသံသည် အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်လျက်ရှိသည်။ သူမ၏ အသံတွင် မည်သည့် ခံစားချက်မျှ ရှိမနေပေ။ ရီဖန်သည် သူမအတွက် သူစိမ်းတစ်ယောက်ကဲ့သို့သာ ဖြစ်နေသည်။
ရီဖန်စကားမပြောနိုင်ခင်မှာပင်
"အစ်ကို၊ ညီမကလေးနှစ်ယောက်ကို အစ်ကိုနဲ့အတူထားခဲ့ချင်တယ်၊ ညီမကို ကူညီပေးနိုင်မလား?" ရီရှောင်းရှောင်းသည် ရီဖန်ကို အခိုင်အမာ ငေးစိုက်ကြည့်နေခဲ့သည်။
"ဒါပေါ့၊ ငါခေါ်ထားနိုင်တာပေါ့။ ဒါပေမယ့် အတိအကျဘာတွေဖြစ်ခဲ့လဲဆိုတာ အစ်ကို့ကိုပြောပြလို့ရမလား။ အစ်ကိုကူညီနိုင်မှာပါ" ရီဖန်းသတိနှင့်ပြောဆိုခဲ့ပြီး သူ၏မျက်ဝန်းက မျှော်လင့်ချက်တွေနှင့် ပြည့်နေသည်။
ရီရှောင်းရှောင်း၏မျက်လုံးများသည် နောက်ဆုံးတွင် စိတ်ခံစားမှု၊ မုန်းတီးမှုအနည်းငယ်ကို ပြသခဲ့သော်လည်း တစ်ဖန်ပြန်၍ စိတ်ပျက်အားငယ်သွားခဲ့သည်။
ရီဖန်သည် ယခုအချိန်တွင် အခြေအနေကောင်းမွန်နေပုံရသော်လည်း သူတို့မိသားစုမှာ တောင်သူလယ်သမားများအဖြစ်သာ ရှိနေဆဲဖြစ်သည်။ ပိုက်ဆံတချို့ရှိသော်လည်း သိုင်းပညာရှင်မိသားစုကို မည်ကဲ့သို့စိန်ခေါ်နိုင်ပါအံ့နည်း။
“အစ်ကို ညီမရဲ့ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ပေးဖို့ပဲ တောင်းဆိုပါတယ်။ တခြားကိစ္စတွေကိုတော့ ညီမကိုယ်တိုင်ဖြေရှင်းပါ့မယ်”
ရီရှောင်းရှောင်းသည် သေဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ သူမ၏ကလေးနှစ်ယောက်အတွက်သာ မဟုတ်ခဲ့လျှင် သူမသေသွားသည်မှာ ကြာပြီဖြစ်သည်။
“ငါ…”
ရီဖန်ပြောခါနီးတွင် စုယန်က သူ့လက်ကိုအသာဆွဲလိုက်သည်။
"သခင်၊ ကျွန်မ ရှောင်းရှောင်းနဲ့ ခနစကားပြောပါရစေ၊ ကလေးတွေကို တစ်ခုခုစားဖို့ အရင်ခေါ်သွားပါ။"
စုယန်သည် ရီရှောင်းရှောင်း၏ ကလေးနှစ်ယောက်ကို လက်ညှိုးထိုးပြသည်။ သူတို့ဗိုက်ဆာနေသဖြင့် ဝမ်းဗိုက်မှအသံမြည်နေသည်ကို ပင် သူမကြားနေရသည်။
“ကောင်းပြီ၊ ငါ သူတို့ကို အရင်စားဖို့ခေါ်သွားလိုက်မယ်"
ရီဖန်သည် ရီရှောင်းရှောင်း၏ ကလေးနှစ်ယောက်ထံသို့ ချဉ်းကပ်ကာ လက်ကိုင်ရန်ဆန့်ထုတ်လိုက်သည်။ သို့သော် ရီဖန် သူ၏လက်ကို ဆန့်လိုက်သည်နှင့်တစ်ပြိုင်နက် ကလေးနှစ်ယောက်သည် အလိုလိုတွန့်ဆုတ်သွားကြသည်။
“နဂါးလေး၊ ဖီးနစ်လေး၊ ဒါက သားတို့ရဲ့ ဦးလေးပါ။ မကြောက်နဲ့နော်၊ သူက သားတို့ကို ဒုက္ခပေးမှာမဟုတ်ပါဘူး" ရီရှောင်းရှောင်း၏စကားကိုကြားလိုက်သောအခါ ကလေးနှစ်ယောက်သည် နောက်ဆုံးတွင် ပုံမှန်ပြန်ဖြစ်သွားပုံရသည်။
သူတို့သည် ရီဖန်ကို စူးစမ်းလိုစိတ်ဖြင့် မျှော်ကြည့်နေကြသော်လည်း သိသိသာသာ ကြောက်လန့်နေကြဆဲဖြစ်သည်။
သူတို့၏ ကြည်လင်နေသော မျက်ဝန်းများက ရီဖန်၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ မည်သို့သောအကြောင်းအရာများက သူတို့ကို ပြင်းပြင်းထန်ထန်တုံ့ပြန်စေခဲ့ပါသနည်း။
"ဦးဦး ထမင်းစားဖို့ ခေါ်သွားမယ်နော်" သူ့လက်နှစ်ဖက်ကို ဂရုတစိုက်ကိုင်လိုက်သည်။ ထို့နောက် ဝမ်တုန်းကိုခေါ်၍ ငွေစတစ်စ ပေးလိုက်သည်။
"အစ်ကိုတုန်:၊ ကျွန်တော့ကို စားစရာတစ်ခုခု ပြင်ပေးပါဦး”
……
အပိုင်း (၁၅) ဂျင်ဆင်းတစ်ရာဆေးလုံး
အသားဆန်ပြုတ်နှစ်ပွဲသာဖြစ်သော်လည်း ရှားပါးသောစားသောက်ဖွယ်ရာများကဲ့သို့ အရသာ ရှိလှသည်။ ဤကလေးများသည် မည်မျှကြာအောင် ဆာလောင်နေခဲ့ကြရပါသနည်း။
စောစီးစွာသိရှိခဲ့ပါက ရီဖန်သည် သူမည်မျှပင် အပြစ်ရှိသည်ဟုခံစားရစေကာမူ သူတို့ကို ကျိုးမိသားစုထံမှ ပြန်လည်ခေါ်ဆောင်လာမည်ဖြစ်သည်။
"တောင်းပန်ပါတယ်၊ ဦးဦးရဲ့အမှားတွေကြောင့်ပါ"
ရီဖန်၏ နှလုံးသားထဲတွင် လူသတ်လိုသောခံစားချက်တို့ ပြည့်နှက်လာပြန်သည်။ ကျိုးမိသားစုသည် ဒီအတွက် ပြန်လည်ပေးဆပ်ရလိမ့်မည်။
စားသောက်နေကြစဉ်အတွင်း ရီဖန်သည် ကလေးနှစ်ယောက်ကို စစ်ဆေးကြည့်ရှုနေခဲ့သည်။ သူတို့၏ မျက်နှာနှင့် ကိုယ်ခန္ဓာတို့မှာ အမာရွတ်များဖြင့် ဖုံးလွှမ်းနေသည်။ ဒဏ်ရာအသစ်များသာမက ဒဏ်ရာအဟောင်းများလည်း ရှိနေသည်။
သူတို့လေးတွေသည် ငယ်ရွယ်သော ဆယ်နှစ်အရွယ်ကလေးများသာဖြစ်သည်။ ကျိုးမိသားစုသည် ထိုကဲ့သို့သော ကလေးငယ်များကို ညှင်းပန်းနှိပ်စက်ခြင်းအတွက် အပြစ်ပေးခံရရန် ထိုက်တန်သည်။
ထိုအချိန်တွင် အတွင်းခန်းတံခါးပွင့်လာကာ ရီရှောင်းရှောင်းနှင့် စုယန်တို့ ထွက်လာသည်။ ရီဖန်သည် နောက်ဆုံး၌ ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို နားလည်လိုက်သည်။
ရီရှောင်းရှောင်းသည် ကျိုးမိသားစုမှ သားကိုလက်ထပ်ပြီးသည့်နောက် အချိန်အတော်ကြာ ကိုယ်ဝန်မဆောင်နိုင်ခဲ့ပေ။ ကျိုးလုံနှင့် ကျိုးဖန်တို့ကို မမွေးဖွားခင်အထိ အချိန်ငါးနှစ်ကြာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျိုးလုံနှင့် ကျိုးဖန်တို့သည်လည်း ကြီးပြင်းလာပြီဖြစ်သည်။ သူတို့၏ ချောမောလှပသောရုပ်ရည်က ကျိုးမိသားစုကို သံသယဖြစ်စေခဲ့သည်။
ရီရှောင်းရှောင်းနှင့်လက်ထပ်ခဲ့သော ကျိုးမိသားစု၏ မိသားစုအကြီးအကဲ ကျိုးကျောက်သည် ရုပ်ဆိုးကာ ရီရှောင်းရှောင်းနှင့် ရီဖန်တို့သည်လည်း ထိုအချိန်က သန့်ရှင်းရေးလုပ်ရန် အချိန်မရှိသည့်အတွက် ကြည့်ကောင်းခြင်းမရှိ ဖြစ်နေခဲ့သည်။
သို့သော် ယခုတွင် သူတို့သည် ချောမောသော ကလေးနှစ်ယောက်ကို မွေးဖွာခဲ့သည့်အတွက် ကျိုးကျောက်သည် ရီရှောင်းရှောင်းက သူ့ကို လှည့်စားနေသည်ဟု ချက်ချင်းသံသယဝင်လာသည်။
ဒီဘက်ခေတ်တွင် မျိုးရိုးဗီဇစစ်ဆေးခြင်းကဲ့သို့သော အရာများ မရှိသေးသည်ဖြစ်ရာ သံသယဝင်ခံရသည်နှင့်တစ်ပြိုင်နက် အမှန်တကယ်ပင်အပြစ်ရှိသည်ဟု ယူဆခံရမည်ဖြစ်သည်။
ထိုအချိန်မှစ၍ ကျိုးကျောက်သည် အဆက်မပြတ်ဆူပူကာ ရီရှောင်းရှောင်းနှင့် ကလေးနှစ်ယောက်ကို ရိုက်နှက်လေ့ရှိသည်။ သူတို့သည် တစ်နှစ်ပတ်လုံး စားကောင်းသောက်ဖွယ်များလည်း မရရှိခဲ့ကြရှာပေ။
ရီရှောင်းရှောင်းသည် လွတ်မြောက်ချင်ခဲ့သော်လည်း ယခုခေတ်ကဲ့သို့ ဖရိုဖရဲဖြစ်နေသောအချိန်တွင် အမျိုးသမီးတစ်ယောက်သည် သူမ၏ ကလေးနှစ်ယောက်ကို မည်ကဲ့သို့တစ်ယောက်တည်း တာဝန်ယူနိုင်ပါအံ့နည်း။
ထို့ကြောင့် ရီရှောင်းရှောင်းသည် ၎င်းကို နှစ်ပေါင်းများစွာ သည်းခံနေခဲ့သည်မှာ မကြာသေးမီက ကျိုးကျောက်သည် ကလေးနှစ်ယောက်ကို တောင်နတ်ဘုရားထံသို့ ယဇ်ပူဇော်ရန် စီစဉ်နေကြောင်း ရီရှောင်းရှောင်းသိလိုက်ရသည့် အချိန်ထိဖြစ်သည်။
အခြေအနေအရပ်ရပ်ကို စဉ်းစားပြီးသည့်နောက် ရီရှောင်းရှောင်းအတွက် ရီဖန်ကိုအကူအညီတောင်းရန်သာကျန်ရှိတော့သည်။
သူမသည် ရီဖန်အပေါ်တွင် နာကြည်းမှုကျန်ရှိနေသေးသော်လည်း သူမ၏ ကလေးများ ရှင်သန်နေထိုင်ရန်အတွက် တုန်းရှန်းရွာသို့ လာရှာရန်မှလွဲ၍ အခြားရွေးချယ်ရန်မရှိဖြစ်နေခဲ့သည်။
ကလေးများ၏ ဦးလေးဖြစ်သူ ရိဖန်သည် သူတို့ကို ကျွေးမွေးစောင့်ရှောက်ပေးနိုင်ရန်အတွက် သူမ မျှော်လင့်ခဲ့သည်။
အာ၊
ရီဖန်း အသက်ရှူကြပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သံသယတစ်ခုတည်းအတွက်ကြောင့်နှင့် သူ့တူလေးများ၏ ဘဝသည် ခက်ခဲကြမ်းတမ်းခဲ့ရသည်။ ထိုသို့သောလူသည် ဖခင်ဖြစ်ရန် မထိုက်တန်ပေ။
"ရီရှောင်းရှောင်း၊ အခုချက်ချင်း ထွက်လာခဲ့!"
ရုတ်တရက် အပြင်မှအသံထွက်ပေါ်လာသည်။
ထိုအသံကိုကြားသည့်အခါ ရီရှောင်းရှောင်းမှာ။ ချက်ချင်း ထိတ်လန့်သွားသည်။
"အစ်ကို၊ သူတို့ကိုခေါ်သွားပေးပါ။ ကျိုးမိသားစုကလူတွေ သူတို့ကို ရှာမတွေ့ပါစေနဲ့။"
ရီရှောင်းရှောင်းသည် စားသောက်နေဆဲဖြစ်သည့် ကလေးနှစ်ယောက်ကို ပွေ့ယူလိုက်ပြီး ရီဖန့်လက်ထဲသို့ လွှဲပေးလိုက်သည်။
“ရှောင်းရှောင်း စိတ်မပူပါနဲ့..."
အပြင်မှ ခြေသံများ ပို၍နီးကပ်လာသည်နှင့်အမျှ ရီရှောင်းရှောင်းသည် ပို၍ပင်စိတ်လှုပ်ရှားလာသည်။
"အစ်ကို၊ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး သူတို့ကိုခေါ်သွားပေးပါတော့”
“ရှောင်းရှောင်း၊ စိတ်မပူပါနဲ့။ ညီမရဲ့ အစ်ကိုက ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအထွတ်အထိပ်အဆင့်မှာရှိတဲ့ သိုင်းပညာရှင်ပါ။ ညီမလေးတို့ ကျိုးမိသားစုကို ကြောာက်စရာ မလိုတော့ဘူးနော်” ဟု စုယန်က ရီရှောင်းရှောင်းကို အလျင်စလိုပြောလိုက်သည်။
စုယန်၏စကားကိုကြားလိုက်သောအခါ ရီရှောင်းရှောင်းသည် အေးခဲသွားသည်။
"အစ်ကိုက သိုင်းပညာရှင်…၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအထွတ်အထိပ်အဆင့်မှာရှိတဲ့ သိုင်းပညာရှင်လား"
စုယန်၏ စကားများသည် ရီရှောင်းရှောင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ သူမသည် အတွေးထဲတွင် အလွန်ပင်နစ်မြုပ်သွားသဖြင့် ကျိုးမိသားစုမှ လူနှစ်ယောက်အခန်းထဲသို့ ဝင်လာသည်ကိုပင် သတိမထားမိပဲရှိနေခဲ့သည်။
"ရီရှောင်းရှောင်း၊ မင်းက တော်တော် သတ္တိရှိလာတယ်ပေါ့။
အဘွားအိုက ကလေးနှစ်ယောက်ကို တောင်နတ်ဘုရားဆီ ယဇ်ပူဇော်ရမယ်လို့ ပြောခဲ့တာတောင် မင်းက သူတို့ကိုခေါ်ပြီး ထွက်ပြေးရဲသေးတယ်။ မင်းဒီတစ်ခေါက်ပြန်လာတဲ့အခါ ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်တော့ဘူးကွ”
ကျိုးမိသားစုမှ လူနှစ်ယောက်သည် ရီရှောင်းရှောင်းကို လက်ညှိုးထိုးကာ အေးစက်စွာ လှောင်ပြောင်နေခဲ့သည်။
"မင်းတို့အရမ်းဆူတာပဲ၊ ရှောင်ထျန်းသူတို့ကို ရိုက်လွှတ်လိုက်”
သူ၏လက်မောင်းအတွင်းပုန်းနေသော ကလေးနှစ်ယောက် ကြောက်ရွံ့နေသည်ကိုမြင်သောအခါ ရီဖန်၏အသံက ပိုမိုအေးစက်လာသည်။
"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ၊ မင်း…”
ကျိုးမိသားစုမှ နှစ်ယောက်သည် ရီဖန်၏စကားကိုကြားသောအခါ ဒေါသထွက်လာကာ တုံ့ပြန်ပြောဆိုလိုက်သည်။
နောက်အခိုက်အတန့်တွင်မူ သူတို့၏မျက်နှာများ ဖြတ်ရိုက်ခံလိုက်ရပြီး အပြင်သို့လွှင့်ထုတ်ခြင်းခံလိုက်ရသည်။
“ဘာ… ဘာကောင်လဲကွ”
သူတို့၏ ပါးစပ်မှသွေးနှင့်အတူ သွားများပါ ကျွတ်ထွက်လာရာ သူတို့၏မျက်နှာများကိုကာထားလျက် ရီဖန်ကို ကြောက်လန့်တကြားစိုက်ကြည့်နေမိကြသည်။
"ပြန်သွားပြီး မင်းရဲ့မိသားစုအကြီးအကဲပြောလိုက်၊ ရီမိသားစုက မကြာခင် လာလည်မယ်လို့”
တံခါးကိုပိတ်လိုက်ပြီးသည့်နောက် ရီဖန်၏အကြည့်က အေးစက်သွားပြန်သည်။
"ငါတို့ ကျိုးမိသားစုက မင်းတို့ကိုအလွတ်ပေးမှာ မဟုတ်ဘူးကွ"
"မထွက်သွားသေးဘူးဆိုရင် လာလေ ဆက်တိုက်ကြတာပေါ့”
ရီကျင်းထျန်သည် လက်သီးဆုပ်ထားလျက် လူနှစ်ယောက်ဆီသို့ ချဉ်းကပ်သွားပြီးသည့်နောက် အိမ်အပြင်ဘက်မှ အော်သံများ ပဲ့တင်ထပ်လာသည်။
ဤအချိန်တွင် ရီရှောင်းရှောင်းသည် ပြန်လည်သတိလည်လာပြီး "အစ်ကိုက တကယ် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်မှာရှိတဲ့ သိုင်းပညာရှင်လား”
“ဟုတ်တယ်” ရီဖန်က လေးနက်စွာ ခေါင်းညိတ်ပြသည်။
“အစ်ကို ဒီကိစ္စကို လျော်ပေးမှာမဟုတ်ဘူး။ ညီမလေး ကြုံတွေ့ခဲ့ရတဲ့အရာတွေအတွက် အစ်ကိုသူတို့ကို သေချာပေါက်ပြန်ပေးဆပ်ခိုင်းမှာပါ”
ဝါး၊
ဤစကားကိုကြားလိုက်ပြီးသည့်နောက် ရီရှောင်းရှောင်းသည် ရေနစ်နေသော လူတစ်ယောက် အသက်ကယ်လှေကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားသွားကာ မျက်ရည်များဝဲတက်လာသည်။
သူမသည် အထီးကျန်၍ အားကိုးရာမဲ့သလို ခံစားခဲ့ရသော်လည်း ယခုအခါတွင် သူမအားကိုးရမည့်သူရှိနေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူမ၏ ငိုကြွေးသံသည် အခန်းတွင်း၌ဖုံးလွှမ်းသွားကာ ရီဖန်၏ နှလုံးသားကိုတင်းကြပ်လာစေခဲ့သည်။ သို့ရာတွင် ရီဖန်သည် သူမကို မနှစ်သိမ့်ခဲ့သည့်အပြင် တားမြစ်ခဲ့ခြင်းလည်း မရှိပေ။
ငိုပါစေ၊ အရာအားလုံးကို ဖွင့်ထုတ်ပစ်လိုက်ပါစေ။
ရီရှောင်းရှောင်းသည် ဖိအားများစွာကြောင့် သတိလစ်သွားသည့်အတွက် ရီဖန်သည် သူမကို လှမ်းဖမ်းလိုက်သည်။
ရီရှောင်းရှောင်း၏သွေးခုန်နှုန်းကို စစ်ဆေးပြီးသည့်နောက် ရီဖန်သည် သူမပြင်းထန်စွာ အားအင်ကုန်ခမ်းနေကြောင်းကို တွေ့ရှိခဲ့ရသည်။ သို့ရာတွင် ပြင်းထန်လှခြင်းမရှိပေ၊ အစာအာဟာရကို သေချာစွာစားသုံးလျှင် သူမပြန်ကောင်းလာမည်ဖြစ်သည်။
ရီဖန်စိတ်သက်သာရာရသွားသည်၊ အချိန်မနှောင်းသေးပေ။ ရီရှောင်းရှောင်း ပြန်လည်သက်သာလာသောအချိန်သည် ကျိုးမိသားစု၏အဆုံးသတ်ဖြစ်လာလိမ့်မည်။
တုန်းရှန်းရွာသို့ တစ်ညလုံးမရပ်မနားခရီးနှင်လာပြီးသည့်နောက် ရီဖန်သည် ကလေးနှစ်ယောက်နှင့်အတူ ချန်ဟဲမြို့သို့ ပြန်လာခဲ့သည်။
ထို့နောက် ရီဖန်သည် အနာကျက်ဆေးတချို့ကို ကိုယ်တိုင်ရောစပ်ကာ အာဟာရဖြစ်စေသော ဆေးဝါးများစွာကိုလည်း ပြင်ဆင်ခဲ့သည်။ သို့သော် ရီရှောင်းရှောင်း၏ အလွမ်အမင်းအားအင်ကုန်ခမ်းနေသော အခြေအနေကို ဤဆေးများဖြင့် အချိန်တိုအတွင်း၌ ပြန်လည်ဖြည့်တင်းရန်မှာ ခဲယဉ်းပေလိမ့်မည်။
အကယ်၍ သူသည် ဆေးများကို ပြုလုပ်နိုင်ခဲ့လျှင်..
ဆေးဖိုတစ်ခုရှာရန်မှာ အခက်အခဲမရှိပေ၊ ရီဖန်းထံတွင် လီချန်းဆီမှ လက်ဆောင်ရရှိထားသော ဆေးဖိုတစ်ခုရှိသည်။ သို့ရာတွင် သူသည် အတွင်းအားမရှိဘဲနှင့် မီးအပူချိန်ကို အပြည့်အဝမထိန်းချုပ်နိုင်သည့်အတွက် ဆေးများကို မပြုလုပ်နိုင်ဘဲရှိနေသည်။
ထိုအချိန်တွင် ရီဖန်သည် ဆေးပညာတွင် အသုံးချသော မီးထိန်းချုပ်ခြင်းကျင့်စဉ်ကို ရုတ်တရက် တွေးလိုက်မိသည်။ အမှန်တကယ်တွင် မီးကို ထိန်းချုပ်ရန်မှာ အတွင်းစွမ်းအား မလိုအပ်ပေ။ အထူးကျင့်စဉ်များဖြင့် သူသည် မီးတောက်ကို အကြမ်းဖျင်း ထိန်းချုပ်နိုင်လိမ့်မည်။
ထိုသို့ဆိုလျှင် သူသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်၌ပင် ဆေးများကို အမှန်တကယ် ပြုလုပ်နိုင်မည်ဖြစ်သည်။ ရီဖန်းသည် အချိန်ဆွဲရသည်ကို မနှစ်သက်သည့်အတွက် သူချက်ချင်းပင် ဆေးဖိုကို သိုလှောင်ခန်းမှ ထုတ်လိုက်သည်။
ဆေးဖိုတွင် အပေါက်ကိုးပေါက်ပါရှိကာ ၎င်းတို့၏ အရွယ်အစားနှင့် အတွင်းအားကို ထိန်းချုပ်နိုင်ပါက မီးအပူချိန်ကို ထိန်းညှိနိုင်မည်ဖြစ်သည်။
သို့သော် ရီဖန်သည် မတူညီသော လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့ကာ ပန်းပွင့်ငယ်သဏ္ဍာန်ရှိသည့် ကိရိယာတစ်ခုကို ပြုလုပ်ခဲ့သည်။ ၎င်းသည် လေကို မှုတ်ထုတ်နိုင်ပြီး စုပ်လည်း စုပ်ယူနိုင်သည်။
‘တစ်ခေါက်လောက် စမ်းကြည့်ကြတာပေါ့!’
ရီဖန်သည် ဂျင်ဆင်းဆေးတစ်ရာအတွက် လိုအပ်သောပစ္စည်းများကို ထုတ်ယူကာ ပြင်ဆင်ခဲ့သည်။ ထို့နောက်တွင် သူသည် ပါဝင်ပစ္စည်းများကို ဆေးဖိုထဲသို့ ထည့်လိုက်သည်။
သန့်စင်ခြင်း၊ ပေါင်းစပ်ခြင်း ပြီးသွားသည်နှင့် ‘ဘန်း’ ဟူသော အသံကြီးတစ်သံပေါ်ထွက်လာသည်။
အမည်းရောင်မီးခိုးငွေ့များ ပွက်ပွက်ဆူလာပြီးနောက်တွင် ပါဝင်ပစ္စည်းများသည် အမည်းရောင် အကြွင်းအကျန်များအဖြစ်သို့ ပြောင်းလဲသွားကာ ပျက်စီးသွားခဲ့သည်။
ရီဖန်သည် မအံ့ဩသွားသည့်အပြင် အနည်းငယ်ပင်ပျော်သွားသည်။
ပထမဆင့် ဆေးပညာရှင်၏ကျွမ်းကျင်မှုဖြင့် ရီဖန်သည် ပစ္စည်းများ၏ဂုဏ်သတ္တိကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည်။ သူသည် မီးအပူချိန်ကို အပြည့်အဝမထိန်းနိုင်ခဲ့သည့်တိုင် ဆေးဖက်ဝင် ပစ္စည်းများ၏ ဂုဏ်သတ္တိများကို ပေါင်းစပ်နိုင်ခဲ့ပါသေးသည်။
သူ၏ ပေါင်းစပ်မှုစွမ်းရည်သည် စစ်မှန်သောဆေးပညာရှင်တစ်ဦးကဲ့သို့ မကောင်းမွန်သည့်အတွက်ကြောင့်သာ ခက်ခဲနေရခြင်းဖြစ်သည်။
‘ဆက်လုပ်ကြတာပေါ့’
ဂျင်ဆင်းတစ်ရာဆေးလုံးအတွက် ပါဝင်ပစ္စည်းများသည် ငွေစ ၂၀ ကျသင့်သည့်အတွက် ရီဖန် ဖြုန်းတီးမနေနိုင်ပေ။ သူသည် ဆေးလုံးကိုပြုလုပ်ရန်ကြိုးစားသည့်အခါတိုင်း စေ့စပ်သေချာစွာလုပ်ကိုင်မည်ဖြစ်သည်။
နောက်ဆုံး၌ သုံးကြိမ်တိုင်တိုင် မအောင်မြင်ခဲ့ပြီးနောက်တွင် ဆေးမီးဖိုမှ ထူးဆန်းသောရနံ့တစ်ခု ထွက်ပေါ်လာသည်။
…………………