အခန်း ၁၆-၁၈
Vol. 2 Ch. 16-18
အခန်း (၁၆) ရီရှောင်းရှောင်းကို တံခါးထံသို့ ခေါ်ဆောင်သွားခြင်း
ဆေးမီးဖိုကိုရိုက်ချလိုက်သည့်အခါ ထွက်ပေါ်လာသော အဖြူရောင်ဆေးသုံးလုံးက ရီဖန်၏အာရုံကို ဖမ်းစားလိုက်သည်။
ဂျင်ဆင်းတစ်ရာဆေးလုံးသည် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ဤဂျင်ဆင်းတစ်ရာဆေးလုံး သုံးလုံးသည် ပြီးစီးသွားပြီဖြစ်သော်လည်း ၎င်းတို့၏ အရည်အသွေးသည် အဆင်ပြေသည်ဆိုရုံမျှလောက်သာဖြစ်သည်။ ၎င်းတို့ကို အဆင့်နိမ့်ဆေးလုံးအဖြစ်သတ်မှတ်၍ပင် မရသေးပေ။
မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဆေးလုံး ဖြစ်နေဆဲဖြစ်သည်။ ဆေးလုံးကိုအောင်မြင်စွာ ဖော်စပ်နိုင်သရွေ့ ၎င်း၏ အကျိုးသက်ရောက်မှုသည် သာမန်ကုထုံးများထက် များစွာ သာလွန်နေဆဲဖြစ်သည်။
ရီဖန်သည် ဤဆေးရည်ကို ရောင်းလိုက်လျှင် ငွေစ ငါးဆယ်ထက်မနည်း ရနိုင်သည်။
ဆေးလုံးတစ်ခါပြုလုပ်ရန်အတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များ၏ ကုန်ကျစရိတ်မှာ ငွေစ ငါးဆယ်ဖြစ်သည်။ တစ်ခါမျှသာအောင်မြင်ပါက ရီဖန်၏ကုန်ကျစရိတ်များကို ကာမိရန် လုံလောက်ပေသည်။
Duobao Pavilionတွင် ဆေးပညာရှင်များကို အလေးပေးသည်မှာ အံ့ဩစရာမဟုတ်ပေ။ ၎င်းသည် အမြတ်အစွန်းများစွာရရှိသော လုပ်ငန်းတစ်ခုဖြစ်သည်။
ရီဖန်သည် ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ ဆေးလုံးနှစ်လုံးကို သိမ်းဆည်း၍ တတိယတစ်လုံးကို ရီရှောင်းရှောင်းအား ကျွေးလိုက်သည်။
သူမ၏အစာအိမ်ထဲသို့ ဆေးလုံးဝင်သွားပြီးနောက် နာရီအနည်းငယ်အကြာတွင် ရီရှောင်းရှောင်း၏ ဖြူဖျော့နေသောမျက်နှာတွင် သွေးရောင်အနည်းငယ်လွှမ်းလာသည်။
"သခင်၊ ဒါက ဘာများလဲ"
စုယန်သည် ရီဖန်၏လက်ထဲမှ ကျောက်စိမ်းပုလင်းကို အံ့အားသင့်စွာကြည့်ကာ ၎င်းသည်မည်ကဲ့သို့သော အံ့ဖွယ်ဆေးတစ်မျိုးဖြစ်သည်ကို သိချင်လာသည်။
“ဒါက ခုနက ဖော်စပ်ထားတဲ့ ဂျင်ဆင်းတစ်ရာဆေးလုံးပါ”
စုယန်သည် ဆေးလုံး၏ အစွမ်းသတ္တိကို သတိပြုမိသည်။ တစ်နိုင်ငံလုံး၌ပင် ဆေးလုံးတစ်လုံးကို ရရှိရန်မှာ လွယ်ကူသည်မဟုတ်ပေ။
ယခုတွင်မူ သူမ၏ခင်ပွန်းသည် ဆေးပညာရှင်တစ်ယောက်ဖြစ်နေသည်။ သူမအဘယ်သို့များ ဂုဏ်မယူပဲ နေနိုင်ပါမည်နည်း။
“သခင်က တကယ်ကို အံ့ဩစရာပဲ”
စုယန်သည် ရီဖန်ကို သဘောကျမှုအပြည့်နှင့် ကြည့်ကာ ပြောလိုက်သည်။
ကုတင်ပေါ်မှ ရီရှောင်းရှောင်းသည်လည်း မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လာသည်။ ရီဖန် နှင့် စုယန်တို့ကြားမှ အပြန်အလှန် ဆက်ဆံမှုကိုမြင်ပြီးနောက် သူမ၏မျက်လုံးထဲတွင် မနာလိုမှု အရိပ်အယောင်အနည်းငယ် ပေါ်လာသည်။
"အစ်ကို”
“ရှောင်းရှောင်း၊ နောက်ဆုံးတော့နိုးလာပြီပဲ၊ ဘယ်လိုနေလဲ၊ အဆင်မပြေတာမျိုး ခံစားရသေးလား”
ရီဖန်၏မေးခွန်းများသည် ရီရှောင်းရှောင်း၏နှလုံးသားကို နွေးထွေးစေခဲ့သည်။
သူမအပေါ် ဂရုတစိုက်ရှိလှသည်။
"အစ်ကို၊ ညီမလေး အဆင်ပြေပါတယ်”
ရီရှောင်းရှောင်းသည် ထထိုင်လိုက်ကာ သူမ၏အခြေအနေသည် ပို၍နွေးထွေးကောင်းမွန်လာသည်ကို သိရှိလိုက်ရသည်။
"အစ်ကို၊ ညီမ ချန်ကွမ်းမြို့ကို ပြန်သွားချင်တယ်။ ကျိုးမိသားစုက ဒီတစ်ခါ ရှောင်လုံနဲ့ ရှောင်ဖန်ကို ပြန်မခေါ်သွားနိုင်မချင်း သူတို့လက်လျော့ကြမှာ မဟုတ်ဘူး”
ရီရှောင်းရှောင်း၏စကားကိုကြားသောအခါ ရီဖန်သည် မျက်ခုံးပင့်ရင်းမေးလိုက်သည်။
"ဒါဆို ကျိုးမိသားစု လာရင် ဘယ်လိုလုပ်မလဲ"
ရီဖန်သည် ၎င်းတို့အား လျှော့တွက်နေခြင်းမဟုတ်သည့်တိုင် သူသည် ကျိုးမိသားစုကို အမှန်တကယ်ပင် အထင်ကြီးခြင်းမရှိပေ။
ရီရှောင်းရှောင်းကို ဂရုစိုက်ရန် လိုအပ်နေခြင်းကြောင့်သာ မဟုတ်ပါက ရီဖန်သည် သူတို့နှင့်တိုက်ရိုက်စာရင်းရှင်းပြီးသား ဖြစ်နေလိမ့်မည်။
"တကယ်ပြန်ချင်ရင်တော့ အစ်ကိုလည်းလိုက်ခဲ့မယ်"
ဂျင်ဆင်းတစ်ရာဆေးလုံး၏အကူအညီဖြင့် ရီရှောင်းရှောင်း၏ကျန်းမာရေးသည် အလွန်ကောင်းမွန်လာခဲ့သည်။ သူတို့ ယခုအချိန်ပြန်သွားခဲ့လျှင်ပင် ပြသနာအများကြီးရှိနိုင်မည်မဟုတ်ပေ။
ပို၍အရေးကြီးသည်မှာ ရီဖန်သည် ကျိုးမိသားစုကို သုတ်သင်လိုခြင်းဖြစ်သည်။
ရီရှောင်းရှောင်းသည် သူ့ထံအကူအညီလာရှာရန် သတ္တိမရှိခဲ့ပါက သူတို့သည် တစ်ယောက်နဲ့တစ်ယောက် ထာဝရမတွေ့ရဘဲဖြစ်သွားနိုင်သည်။
"သွားကြရအောင်!"
ရီဖန်သည် ထရပ်လိုက်ပြီး ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့ကို ပြင်ဆင်ခိုင်းလိုက်သည်။
ရီကျင်းထျန်နှင့် နှင့် ရီကျင်းဟိုင်တို့သည် သူတို့၏ ဒေါ်လေးအတွက် တရားမျှတမှုကိုရှာဖွေရန် မစောင့်နိုင်ပဲဖြစ်နေခဲ့သည်။ ရီဖန် မည်သည့်အရာမှမပြောခဲ့လျှင်ပင် သူတို့ ကိုယ်တိုင် သွားရှာကြမည်ဖြစ်သည်။
အိမ်ပြန်ရောက်ရှိ၍ သိပ်မကြာခင်၌ ရီဖန်သည် သူ့မိသားစုကို ချန်ကွမ်းမြို့သို့ ခေါ်ဆောင်သွားပြန်သည်။
…
ချန်ကွမ်းမြို့သည် ဝမ်လုတိုင်းပြည်တစ်ခုလုံးတွင် ခရိုင်မြို့နှင့် အနီးဆုံးမြို့ဖြစ်ကာ အဖွံ့ဖြိုးဆုံးမြို့လည်းဖြစ်သည်။
ချန်ဟဲမြို့ထက် အဆပေါင်းများစွာသော ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု နှောင်းပိုင်းအဆင့်ရှိသည့် ပညာရှင်များရှိသည်။
မြို့တွင်း ကျိုးမိသားစု အိမ်တော်တွင်….
"ဦးလေး၊ ကျွန်တော်တို့ အဲဒီနိမ့်ကျတဲ့သူတွေကို တွေ့ခဲ့တယ်။ ဒါပေမယ့် သူက ပြန်လိုက်လာဖို့ ငြင်းရုံတင်မကဘူး၊ ကျွန်တော်တို့ကိုပါ တစ်ယောက်ယောက်ကို ရိုက်နှက်ခိုင်းခဲ့တယ်"
ရီကျင်းထျန်၏ရိုက်နှက်မှုကိုခံခဲ့ရသော ကျိုးမိသားစုဝင်နှစ်ဦးသည် ၎င်းတို့၏ ဒဏ်ရာများကို ကုသပြီးစီးသွားခဲ့ပြီးဖြစ်သည်။ သူတို့သည် ကျိုးကျောက်ထံသို့ အပြေးအလွှားသွားကာ ရီမိသားစုနှင့် တွေ့ဆုံခဲ့သည်ကို ချဲ့ကားပြောဆိုနေသည်။
"ဒီကောင်မက သူ့ကောင်ကို တွေ့သွားပုံရတယ်၊ ကောင်းပြီလေ၊ နှစ်ယောက်လုံးကိုရှင်းကြတာပေါ့။ ငါ့ကို သစ္စာဖောက်ရင် ဘာဖြစ်မလဲဆိုတာ ပြရမယ်"
ကျိုးကျောက်သည် ရီရှောင်းရှောင်းက သူ့အပေါ် သစ္စာမဲ့ကြောင်း သံသယဝင်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း တိကျသောသက်သေကို ရှာနိုင်ခဲ့ခြင်းမရှိပေ။
သူသည် ရီရှောင်းရှောင်းနှင့် ကလေးများကို ခေါ်ထားသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ သူတို့ကို ညှဉ်းပန်းနှိပ်စက်ဖို့သာဖြစ်သည်။ တခါတရံတွင် သတ်ပစ်လိုက်သည်ထက် အသက်ကို ချမ်းသာပေးထားခြင်းက ပိုရက်စက်တတ်သည်။
မြို့တော်အတွက် တောင်နတ်ဘုရားထံတွင် ယဇ်ပူဇော်ရန် စတေးခံနှစ်ယောက် လိုအပ်လာသည့်အခါ ရီရှောင်းရှောင်း၏ ကလေးနှစ်ယောက်ကို မျက်စိကျသွားသည်။
‘မင့်သားသမီးတွေရဲ့ အဆုံးသတ်ကို မျက်စိရှေ့မှာ မြင်နေရတာထက် ဘယ်အရာက ပိုဝမ်းနည်းစရာကောင်းမှာလဲ’
“အောက်တန်းကျတဲ့ မိန်းမ၊ မင်း ဒီတစ်ခါ မလွတ်နိုင်တော့ဘူး”
ကျိုးကျောက်၏ မျက်လုံးများသည် ရူးသွပ်မှုနှင့် လက်စားချေလိုစိတ်တို့ဖြင့် ပြည့်နှက်နေသည်။
ကျိုးကျောက်သည် သူ၏မျိုးရိုးဗီဇမှ ဤကဲ့သို့ဆွဲဆောင်မှုရှိသည့်ကလေးများ မွေးထုတ်ပေးနိုင်သည်ကို မယုံကြည်သည့်အတွက် သူဖောက်ပြန်ခံရသည်ဟု ခံစားနေရခြင်းမှာ အံ့ဩဖွယ်မဟုတ်ပေ။
ကျိုးကျောက်၏စကားကိုကြားလိုက်ရသော မျိုးနွယ်စုဝင် လူနှစ်ယောက်သည်လည်း သိသိသာသာ စိတ်လှုပ်ရှားနေသည်။
‘ခွေးမသား၊ မင်းကများ ငါ့ကိုရိုက်ရဲတယ်၊ ဒီတစ်ခါတော့ မင်းသေပြီပဲ’
ကျိုးကျောက်သည် သူ၍မျိုးနွယ်စုဝင်များကို ဦးဆောင်ကာ ကျိုးအိမ်တော်မှ ထွက်ခွါ၍ တုန်းရှန်းရွာသို့သွားရန် စီစဉ်နေခဲ့သည်။ ထိုအချိန်တွင် ကျိုးအိမ်တော်ရှေ့၌ မြင်းလှည်းတစ်စင်း ရပ်တန့်သွားသည်။
ကျိုးမိသားစုဝင် နှစ်ယောက်သည် မြင်းလှည်းမောင်းနှင်လာသည့်သူကို တွေ့လိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။
"အဲဒါ သူပဲ၊ သူပဲ၊ သူပဲ!"
သူတို့ထဲမှ တစ်ယောက်သည် သူ့လက်ကို မြှောက်ကာ ရီကျင်းထျန်ကို တုန်လှုပ်စွာ ညွှန်ပြနေသည်။
“မင်းဘာတွေ ရေရွတ်နေတာလဲ”
ကျိုးကျောက်သည် ထိုသူကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
“မျိုးနွယ်စုခေါင်းဆောင်၊ သူပဲ၊ သူ ကျွန်တော့်တို့ကို ရိုက်ပြီး ဟိုနိမ့်ကျတဲ့မိန်းမကို ခေါ်သွားတာ”
ရီကျင်းထျန်၏ မျက်နှာသည် ချက်ချင်း အေးစက်သွားသည်။
ဖြတ်ရိုက်ခံလိုက်ရပြီးနောက် ‘ဖြောင်း’ခနဲ အသံထွက်ပေါ်လာသည်။
ထိုလူသည် နောက်ပြန်ဆုတ်သွားပြီး ကျန်သွားများကျွတ်ထွက်သွားကာ တိတ်သွားသော သွေးများသည်ပင် ထပ်မံထွက်ကျလာပြန်သည်။
ရီကျင်းထျန်သည် ရုတ်တရတ်လှုပ်ရှားလိုက်သည့်အတွက် ကျိုးကျောက်မှာ သူ့ကို တားရန်ပင်အချိန်မရလိုက်ပဲရှိခဲ့သည်။ သူ၏မျိုးနွယ်စုဝင်သည် သူ့ရှေ့တွင် အရိုက်ခံရသည်ကို မြင်လိုက်ရသောအခါ ကျိုးကျောက်သည် အလွန်စိတ်ဆိုးသွားပုံရသည်။
ထိုအချိန်တွင် မြင်းလှည်း၏ ကန့်လန့်ကာသည် ရုတ်တရက်ပွင့်လာကာ ကောင်လေးနှစ်ယောက်ကို ခေါ်ဆောင်လာသော ရီဖန်နှင့်၊ ရီရှောင်းရှောင်းကို ကူတွဲပေးလာသော စုယန်တို့သည်လည်း လှည်းပေါ်မှ ဆင်းလာသည်။
ရီဖန်သည် ကောင်လေးနှစ်ယောက်ကို ရင်းနှီးစွာ ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည့်အခါ ကျိုးကျောက်သည် ဒေါသတကြီးနှင့် မျက်နှာပေါ်ရှိသွေးကြောများပင် ထောင်လာတော့သည်။
"ဆိုတော့ မင်းက သူ့ရဲ့မယားငယ်ပေါ့"
ဤသည်ကိုကြားလိုက်သောအခါ ရီရှောင်းရှောင်း၏ အမူအရာသည် ပြင်းထန်လာသည်။
“ကျိုးကျောက်၊ ကျွန်မ ရီရှောင်းရှောင်း ရှင့်အပေါ်အမှားမလုပ်ခဲ့ဘူးလို့ ယုံတယ်။ ဒါတောင် ရှင် ကျွန်မကို အကြိမ်ကြိမ် လိမ်လည်စွပ်စွဲခဲ့တယ်၊ ဒီတစ်ခါတော့ ရှင့်ကိုစိတ်ပျက်စေမိပြီ၊ ဒါ ကျွန်မရဲ့ အစ်ကိုပဲ"
"ဟားဟား ရီရှောင်းရှောင်း၊ မင်းကငါ့ကို အထင်မှားနေတယ်လို့ပြောတာလား”
ရီရှောင်းရှောင်း၏စကားကိုကြားလိုက်သည့်အခါ ကျိုးကျောက်သည် ပို၍ပင် ဒေါသထွက်လာသည်။
"ဒီကလေးနှစ်ယောက်ကို ကြည့်လိုက်စမ်းပါ၊ သူတို့ထဲက ဘယ်သူကများ ငါနဲ့တူလို့လဲ”
ကျိုးကျောက်သည် ရီရှောင်းရှောင်း၏ သားသမီးများမှာ သူ၏သွေးသားဖြစ်သည်ကို မယုံချင်သေးဘဲ ရှိနေသည်။
"ကျိုးကျောက်၊ ကလေးတွေက ငါနဲ့တူတာကို မင်းသတိမထားမိဘူးလား"
နောက်ဆုံးတွင် ကျိုးကျောက်သည် ရီဖန်ကို သေချာကြည့်လာခဲ့သည်။ တူလေးများသည် ဦးလေးများနှင့် ရုပ်ချင်းဆင်သည်မှာ ဆန်းကြယ်သည်မဟုတ်ပေ။
ကျိုးလုံနှင့် ကျိုးဖန်တို့သည် သန့်ရှင်းစင်ကြယ်ကာ ရီဖန်နှင့် ယှဉ်လိုက်လျှင် တချို့တလေဆင်တူကြသည်။
ရီဖန်သည်လည်း ကျိုးကျောက်ကိုသေချာစွာ အကဲခတ်ကြည့်နေသည်။ ကလေးများသည် အမှန်တကယ် သူ၍၏သွေးသားဖြစ်သည်ကို သူသိလိုက်သည့်အခါတွင် နောင်တရသွားမည်လားသိချင်မိသည်။ ကလေးနှစ်ယောက်၏ဖခင်ဖြစ်သည့်အတွက် ရီဖန်သည် ကျိုးကျောက်ကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးနေခြင်းဖြစ်သည်။
ကျိုးကျောက်သည် ရီဖန်ကိုကြည့်ပြီးနောက် ကလေးနှစ်ယောက်ကိုကြည့်ကာ ရီရှောင်းရှောင်း၏ကလေးများသည် သူ၏သွေးသားဖြစ်ကြောင်းကို စတင်ယုံကြည်လာသည်။
‘ဒါပေမယ့် အဲဒါကဘာများအရေးကြီးလို့လဲ၊ သူ့ သားသမီးတွေ ဖြစ်ခဲ့ရင်တောင် ဘာဖြစ်လဲ’
သူ့ထံတွင် ကလေးများစွာရှိကာ၊ နောက်ထပ်နှစ်ဦးပိုလာသည်ဖြစ်စေ လျော့သွားသည်ဖြစ်စေ သူ့အတွက်ကွာခြားခြင်းမရှိပေ။
အမှန်တကယ်တွင် ကျိုးကျောက်၏ ကလေးများအသွင်အပြင်နှင့်ပက်သက်သော သံသယများသည် ရီရှောင်းရှောင်းကို နှိပ်စက်ညှဉ်းပန်းရန်အတွက် အကြောင်းပြချက်တစ်ခုသာဖြစ်သည်။
ယခုမူ ဤအကြောင်းပြချက် မရှိတော့သည့်အတွက် ကျိုးကျောက်သည် သူ၏သရုပ်မှန်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။
"သူတို့က ငါ့သားသမီးတွေဆိုတော့ ငါ့လက်ထဲပြန် အပ်လိုက်”
ကျိုးကျောက်သည် ရက်စက်စွာပြုံးပြီးပြောလိုက်သည်။ ယခုအခါတွင် သူသည် အရင်ဆုံး သူတို့ကို မသေမရှင်ရိုက်သတ်ကာ ယဇ်ပူဇော်ရန်အတွက် စတေးခံအဖြစ် လွှဲပြောင်းပေးလိုက်မည်ဖြစ်သည်။
ကျိုးကျောက်၏အမူအရာကိုကြည့်ကာ ရီဖန်သည် ရလဒ်ကိုသိရှိပြီးဖြစ်သည်။ ထိုသို့သောသူမျိုးသည် ဖခင်ဖြစ်ရန် မထိုက်တန်သည့်အပြင်၊ အသက်ရှင်နေရန်ပင် မတန်ပေ။
အခန်း (၁၇) အမြင့်သို့တက်လာသော မိသားစု: မြို့ငယ်လေး၏ ထင်ရှားသော မိသားစု
"ကလေးကို လွှဲပေးဖို့ပြောနေတာ မကြားဘူးလား"
ရီဖန်မလှုပ်သည်ကို မြင်သောအခါ ကျိုးကျောက်သည် ဒေါသတကြီးအော်လိုက်သည်။
ကျိုးကျောက်သည် ရီရှောင်းရှောင်း၏ မိသားစုအကြောင်းကို အနည်းငယ်သိထားသည်မှာ ၎င်းတို့သည် လယ်သမားမိသားစုသာဖြစ်သည်ဟူ၍ပင်။ သူတို့တွင် ပိုက်ဆံအနည်းငယ်ရှိသည့်ပုံပေါ်သော်လည်း ထိုအရာသည်အရေးမပါပေ။
ကျိုးမိသားစုသည် ချန်ကွမ်းမြို့တွင် ကြီးမားသောမျိုးနွယ်စုဖြစ်သည်။ ကျိုးကျောက်သည် ရီဖန်အကြောင်းစဉ်းစားရန်ပင် စိတ်မဝင်စားပဲရှိသည်။
"သူ့ကို ငါ့ဆီပေးလိုက်”
ကျိုးကျောက်သည် စိတ်မရှည်တော့ဘဲ ရီဖန်၏လက်ထဲမှ ကျိုးလုံကို လှမ်းဆွဲလိုက်သည်။
စွမ်းအားကြီးသော တွန်းအားကြောင့် လေပြင်းများတိုက်ခတ်လာသည်။ ကျိုးကျောက်သည် သူ့သား၏အသက်ဆုံးရှုံးသွားမည်ကို ဂရုမစိုက်ကြောင်းသိသာလှသည်။
ရီဖန်သည် လက်သီးချက်တချို့ထုတ်သုံးကာ ကျိုးကျောက်ကို တားလိုက်သည်။
ရီကျင်းထျန်၏ ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်ကိုးရှိသည့် နွားရိုင်းလက်သီးချက်သည် ရိုးရှင်းသောနည်းစနစ်ဖြစ်သော်လည်း ရီကျင်းထျန်၏လက်ထဲတွင် ပို၍ထူးကဲလာသည်။
ကျင့်ကြံမှုအဆင့် တူညီသည့် ကျိုးကျောက်နှင့်ရင်ဆိုင်ရမည်ဖြစ်သော်လည်း ရီကျင်းထျန်သည် အလွန်စိတ်အေးလက်အေးရှိနေသည်။
ကြီးမားသာနွားရိုင်းသည် မြေပြင်ပေါ်သို့ ဖောက်ထွက်လာသည်။
ရီကျင်းထျန်သည် သူ၏လက်သီးများကို ဦးချိုများအဖြစ်အသွင်ယူကာ ကျိုးကျောက်၏ရင်ဘတ်ဆီသို့ တိုက်ရိုက်ပစ်သွင်းလိုက်သည်။
ကျိုးကျောက်သည် မီတာပေါင်းများစွာ နောက်သို့ ပျံသန်းသွားကာ ရီဖန်ကို မျက်ထောင့်နီနှင့် ပြင်းထန်စွာစိုက်ကြည့်လာသည်။ သူသည်ဒေါသထွက်သွားသည်မက တုန်လှုပ်ခြောက်ခြားသွားသည်။
သူကိုယ်တိုင်သည် အသက်လေးဆယ်နီးပါးရှိပြီဖြစ်သော်လည်း ဆယ်ကျော်သက်အရွယ်ကလေးနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိဖြစ်နေသည်။ ဤသို့သောအရည်အချင်းသည် ကျိုးကျောက်ကို ကြောက်လန့်လာစေခဲ့သည်။
"မင်းတို့ကောင်တွေ ဘာရပ်လုပ်နေကြတာလဲ၊ တိုက်ကြစမ်း”
"ကျိုးမိသားစုကို ပြဿနာလာရှာရဲတဲ့ကောင်တွေကို သတ်ပစ်လိုက်"
မျိုးနွယ်စုခေါင်းဆောင်၏အမိန့်ကိုကြားသောအခါ ကျိုးမိသားစုမှ သိုင်းပညာရှင်များသည် ရီဖန်နှင့် သူ၏အဖော်ပါလာသူများကို ချက်ချင်းဝိုင်းရံလိုက်ကြသည်။
“အကုန် အလကားကောင်တွေ”
ရီဖန်သည် ကျိုးလုံနဲ့ ကျိုးဖန်တို့၏ မျက်လုံးများကို ဖုံးအုပ်ထားသည်။ ဤမြင်ကွင်းမျိုးသည် ကလေးငယ်များကြည့်ရန် မသင့်တော်ပေ။
ကျိုးမိသားစုဝင်းအတွင်း၌ အရိုးကျိုးအက်သောအသံများနှင့် အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်နေသည်။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့၏ တိုက်ခိုက်မှုသည် လာရောက်ကြည့်ရှုသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
အခြားမိသားစုဝင်များ ရောက်ရှိလာကြသော်လည်း မည်သူကမျှ ကူညီပေးရန်အတွက် ဆန္ဒမရှိကြပေ။
‘သွားကူရမယ် ဟုတ်လား၊ သူတို့လဲနေတဲ့အချိန် သွားမကန်ပေးတာနဲ့တင် ကျေဇူးတင်ရဦးမယ်’
ချန်ကွမ်းမြို့သည် ကြီးမားခြင်းမရှိသည့်အတွက် အရင်းအမြစ်များသည်လည်း အကန့်အသတ်ရှိသည်။ ကျိုးမိသားစုသည် ပိုဒုက္ခရောက်သွားလျှင် တခြားမိသားစုများက ပို၍ပင်ပျော်ကြမည်ဖြစ်သည်။ အသတ်ခံလိုက်ရပါက ပိုတောင်ကောင်းပေလိမ့်မည်။
သူ၏မိသားစုဝင်များ မြေပြင်ပေါ်တွင်ဝပ်တွားနေရသည်ကို မြင်သောအခါ ကျိုးကျောက်သည် သူဝါးနိုင်သည်ထက် ပိုကိုက်မိပြီဟု သိလိုက်ရသည်။
သို့သော် သူတစ်စုံတစ်ခုကို နားမလည်သည်မှာ ရီမိသားစုသည် တောင်သူလယ်သမားများသာ မဟုတ်ပါလော။ အကယ်၍လယ်သမားဖြစ်ခြင်းကြောင့်သာ မဟုတ်ပါက ရီမိသားစုသည် ထိုအချိန်က ရီရှောင်းရှောင်းကို ကိုယ်လုပ်တော်အဖြစ် သူ့ထံ ရောင်းချခဲ့မည်မဟုတ်ပေ။
သို့သော် ထိုအချိန်မှစ၍ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ အရာအားလုံးသည် မည်သို့များ သိသိသာသာ ပြောင်းလဲသွားခဲ့ရပါသနည်း။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့သည် သူ့ဆီသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသောအခါ ကျိုးကျောက်သည် သူယနေ့ ကောင်းမွန်စွာအဆုံးသတ်ရမည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
သူသည် ၎င်းတို့ကို ယှဉ်မတိုက်နိုင်သည့်အတွက်ကြောင့် ဓားစာခံတချို့ ခေါ်ဆောင်သွားရမည်ဖြစ်သည်။
ကျိုးကျောက်သည် ဤအဖွဲ့မှာ ရီဖန်ကို ဝန်းရံထားသည့်အတွက် သူ့အပေါ်သို့အကြည့်ရောက်သွားသည်။ ရီဖန်သည် နူးညံ့သိမ်မွေ့ပြီး သန့်စင်ပုံပေါ်သည့်အတွက် ကျွမ်းကျင်သော သိုင်းပညာရှင်တစ်ဦးကဲ့သို့မဟုတ်ဘဲ အနိုင်ကျင့်ရန် လွယ်ကူသည့်ပုံပေါ်သည်။
"မင်းငါ့ကို တွန်းအားပေးနေတာပဲ”
ကျိုးကျောက်သည် သူ၏ရင်ဘက်မှ သွေးနီရောင်ဆေးလုံးကို ထုတ်ယူလိုက်ကာ ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။
နောက်တစ်ခဏ၌ ကျိုးကျောက်၏အရောင်အဝါသည် အဆမတန်တိုးလာသည်။
၎င်းကိုကြည့်ပြီးနောက် ရီမိသားစုသည် မနေနိုင်ဘဲ ရယ်မိလိုက်ကြသည်။
‘မင်းက ငါတို့မိသားစုရောင်းတဲ့ ဆေးလုံးတွေကို ငါတို့ကို တိုက်ဖို့အတွက် သုံးလိုက်တယ်ပေါ့၊ အံ့ဩစရာပဲ’
အမှန်တွင် ကျိုးကျောက်စားသုံးခဲ့သော ဆေးလုံးသည် ရီဆေးဆိုင်မှရောင်းချသော သွေးဆူဆေးလုံးဖြစ်သည်။
သွေးဆူဆေးလုံး၏အကျိုးသက်ရောက်မှုကို အသုံးချကာ ကျိုးကျောက်သည် ချက်ချင်းပင်စွမ်းအားများပေါက်ကွဲထွက်လာပြီးနောက် အခြားသူများအားခြိမ်းခြောက်နိုင်ရန်အတွက် ရီဖန်ကိုဓားစာခံအဖြစ်ခေါ်ရန် ဦးတည်လိုက်သည်။
ကျိုးကျောက်သည် ရီဖန် ၊ ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့၏ ထူးဆန်းသော အပြုံးများကိုမြင်သောအခါ အသတ်မခံရခင်အချိန်၌ ထိုကဲ့သို့ဖြစ်မနေသင့်ဟု တွေးမိလိုက်သည်။
ရီဖန်သည် တစ်ခဏမျှ နောက်သို့ဆုတ်လိုက်သည်။ ပစ်မှတ်ဖြစ်လာရန်အတွက် သူကိုယ့်သူမျှော်လင့်ထားခြင်းမရှိပေ။
သို့သော်လည်း အဆင်ပြေနေပါသေးသည်။ မြန်မြန်အဆုံးသတ်နိုင်ပါက သူမြန်မြန်ပြန်ကာ သူ့တူလေးတွေနှင့် အချိန်ဖြုန်းနိုင်မည်ဖြစ်သည်။
လေပွေရိုင်းဓား။
ရီဖန်သည် သူ၏လက်ကို ဓားအဖြစ်အသုံးချကာ ကျိုးကျောက်ထံသို့ ဦးတည်၍လွှဲခုတ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးတို့၏စွမ်းအားများ လွှမ်းခြုံထားသော အားတစ်ခုက ကျိုးကျောက်ကို ဖုံးအုပ်လိုက်ရာ သူ့ကိုတစ်ကိုယ်လုံး တောင့်တင်းသွားစေခဲ့ကာ လက်ကိုမြှောက်ရန်ပင် ခဲယဉ်းသွားသည်အထိဖြစ်လာခဲ့သည်။
ဤအခိုက်အတံ့တွင် ကျိုးကျောက်သည် ဖြစ်ပျက်နေသည့်အရာအားလုံးကို သဘောပေါက်သွားပြီဖြစ်သည်။
ယဉ်ကျေးပြီး ပြုမူတတ်ပုံရသည့် သူ၏ယောက်ဖသည် ကြောင်ကလေးမဟုတ်ဘဲ လူသားစားသော ကျားတစ်ကောင်ဖြစ်သည်။
ကျိုးကျောက်ပြန်လည်တုံ့ပြန်လိုက်သောအချိန်တွင် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
‘ကွဲအက်သံ’
လေးချက်မျှ လွှဲခုတ်ခံလိုက်ရပြီးနောက်တွင် ကျိုးကျောက်၏ ခြေလက်များပြတ်တောက်သွားကာ သူသည်မြေပြင်ပေါ်တွင် နာကျင်စွာ ငိုကြွေးလျက်ရှိသည်။
ရီဖန်သည် သူ့ထံသို့လျှောက်လာသည်ကို မြင်လိုက်ရသောအခါ ကျိုးကျောက်သည် လွန်စွာထိတ်လန့်သွားသည်။
“ယောက်ဖ၊ ငါမှားမှန်းသိပါပြီ။ ကျေးဇူးပြုပြီး ငါ့ကို တစ်ခါလောက်ခွင့်လွှတ်ပေးပါ။ ငါ အနာဂတ်မှာ သူတို့ကို ကောင်းကောင်း ဆက်ဆံမယ်လို့ ကတိပေးပါတယ်” ဟု တောင်းပန်ခဲ့သည်။
“ရှောင်လုံ၊ ရှောင်ဖန် မင်းတို့ဦးလေးကို အဖေ့အသက်ကိုချမ်းသာပေးဖို့ပြောပေးပါဦး” ဟု တောင်းပန်နေခဲ့သည်။
ကျိုးကျောက်၏တောင်းဆိုမှုသည် ရီဖန်ကို တုပ်တုပ်မျှပင် မလှုပ်စေခဲ့ပေ။
ရီဖန်သည် ကျိုးကျောက်ကို အခွင့်အရေးပေးခဲ့ပြီးဖြစ်သည်။ ကျိုးကျောက်သည် ထိုအရာကိုအရေးမထားခဲ့သည့်အတွက် သူသည် သေချာပေါက်သေသင့်သည်။
ရီဖန်အဆုံးသတ်လိုက်တော့မည့်အချိန်တွင် ရီရှောင်းရှောင်းသည် ရုတ်တရက် သူ့ကိုလှမ်းအော်လိုက်သည်။
"အစ်ကို၊ ခဏလေးစောင့်ပါဦး"
ဟမ်?
ရီရှောင်းရှောင်း၏စကားကိုကြားလိုက်သောအခါ ရီဖန်သည် မျက်မှောင့်ကြုတ်လိုက်သည်။ သူ့ညီမသည် စိတ်ပျော့ကာ ဒီလူကိုခွင့်လွတ်ပေးလိုက်တော့မည်လား။
ရီဖန်သည် သက်ပြင်းချလိုက်သည်။ အကယ်၍ ရီရှောင်းရှောင်းသည် ကျိုးကျောက်ကို အမှန်ပင်ခွင့်လွတ်ပေးလိုပါလျှင် ရီဖန်သည် ကန့်ကွက်မည်မဟုတ်သော်လည်း သူတကယ်စိတ်ပျက်သွားမည်ဖြစ်သည်။
ရီရှောင်းရှောင်း၏စကားကိုကြားသောအခါ ကျိုးကျောက်သည် ငရဲပြည်မှကောင်းကင်ဘုံသို့ပို့ဆောင်ခံရသကဲ့သို့ခံစားလိုက်ရသည်။
“ရှောင်းရှောင်း၊ မင်းငါ့ကို ချစ်နေသေးတာ ငါသိတယ်။ နောက်ကို မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံမယ် လို့ ကတိပေးပါတယ်ကွာ"
ကျိုးကျောက်သည် သူ၏အချစ်ကို ချဲ့ကားပြောနေသော်လည်း သူ၏မျက်လုံးထဲတွင် ဖုံးကွယ်ထားသည့် နက်နဲသောနာကြည်းမှုများကို ရီဖန် သတိမထားမိလိုက်ပေ။
အရာအားလုံးပြီးသွားသည်နှင့် ရီဖန်သည်လက်လွှတ်လိုက်ပေလိမ့်မည်။
သို့သော် နောက်တစ်ခဏ၌ ရီရှောင်းရှောင်းသည် ရီဖန်၏ ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ ကျိုးကျောက်၏လည်ပင်းကို ပြင်းပြင်းထန်ထန် ခုတ်ချလိုက်သည်။
သွေးများ ပန်းထွက်လာကာ ရီရှောင်းရှောင်း၏ မျက်နှာတွင် စွန်းထင်းသွားသည်။ သို့သော် ရီရှောင်းရှောင်းသည် ကြောက်ရွံ့ခြင်းမရှိပေ။ ထိုအစား သူမသည် ပြုံးပင်ပြုံးလိုက်သေးသည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု နှောင်းပိုင်းအဆင့်ရှိသည့် သိုင်းပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်သည် အလွန်သန်မာသည်။ ရီရှောင်းရှောင်းသည် သာမန်လူတစ်ဦးဖြစ်သည့်အတွက် ကျိုးကျောက်၏လည်ပင်းကို ဓားချက်တစ်ချက်တည်းနှင့် မဖြတ်နိုင်ဘဲရှိသည်။
တုံ့ဆိုင်းနေခြင်းမရှိဘဲ ရီရှောင်းရှောင်းသည် ဓားကိုပြန်ထုတ်ပြီး ထပ်မံခုတ်ချလိုက်ပြန်သည်။
တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ခုတ်နေပြီး နောက်ဆုံးတွင် ကျိုးကျောက်၏စိတ်အားထက်သန်သောအကြည့်အောက်တွင် ရီရှောင်းရှောင်းသည် ကျိုးကျောက် ၏ဦးခေါင်းကို ပြင်းထန်စွာခုတ်ချလိုက်တော့သည်။
ဤမျှနှင့် မပြီးသေးပေ။ ထို့နောက်တွင် ရီရှောင်းရှောင်းသည် ကျိုးကျောက်၏ဦးခေါင်းကို ကိုင်လိုက်ပြီး ကျိုးမိသားစုဆီသို့ မျက်နှာမူလိုက်သည်။
“အဘွားကြီးကျိုး၊ ဒါကို ငါ့ဆီက လက်ဆောင်တစ်ခုလို့ မှတ်လိုက်၊ နောက်ကို ငါတို့ အချင်းချင်း ဘာမှအကြွေးမရှိတော့ဘူး”
ကျိုးကျောက်၏မိခင်ဖြစ်ကာ ရီရှောင်းရှောင်း၏ကလေးများကို စတေးခံရန် အကြံပြုခဲ့သည့် အဘွားကြီးကျိုးသည် သားဖြစ်သူ၏ ခေါင်းပြတ်ကို ထိတ်လန့်စွာ စိုက်ကြည့်နေခဲ့သည်။
ခေါင်းဖြတ်သည်ကို အနီးကပ်မြင်လိုက်ရသောကြောင့် အဘွားကြီးကျိုးမှာ မူးမေ့လဲကျသွားသည်။
ရီရှောင်းရှောင်း၏ အေးဆေးတည်ငြိမ်သော အမူအရာကို မြင်လိုက်ရပြီးနောက် အနီးအနားရှိ သိုင်းပညာရှင် အများအပြားသည် ကျောရိုးများ ထဲမှပင် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
‘သူ..သူမက အရမ်းကြောက်ဖို့ကောင်းတာပဲ’
သူတို့သည် သိုင်းပညာရှင်များဖြစ်သည့်တိုင်အောင် လူတစ်ဦးကို ဖြည်းညှင်းစွာခေါင်းဖြတ်နေချိန်၌ ရီရှောင်းရှောင်းကဲ့သို့ တည်ငြိမ်နေနိုင်မည်မဟုတ်ပါ။
ရီဖန်သည်ပင် အနည်းငယ် ထိတ်လန့်သွားသည်။
‘ဟ သူ့ညီမက ဘယ်လိုလုပ်ပြီး သူ့ထက်တောင် ရူးသွပ်နေပုံပေါ်တာပါိလိမ့်’
ရီမိသားစု၏ နံပါတ်တစ် စိတ်ရူးသွပ်နေသည့် ဘွဲ့ကို သူမအား ပေးရမည်ဖြစ်သည်။
ရီဖန်သည် နောင်တွင် သူမကျင့်ကြံရေးစတင်ခဲ့ပါက ရီရှောင်းရှောင်းမည်ကဲ့သို့ဖြစ်လာမည်ကို ချက်ခြင်းပင်သိချင်လာခဲ့သည်။ သူမသည် ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးဧကရာဇ်များဖြစ်လာမည်လော။
သို့ဖြစ်ပါက ရီမိသားစုသည် နောက်ထပ် ထိပ်တန်းအဆင့်ကျင့်ကြံသူတစ်ဦးကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။
ရီဖန်သည် ကျိုးမိသားစုတစ်ခုလုံးကို မသုတ်သင်ဘဲ ရီမိသားစုနှင့်အတူ ချန်ဟဲ မြို့သို့ ပြန်ခဲ့သည်။
ရီရှောင်းရှောင်းသည် ယနေ့တွင် သိသာထင်ရှားသော စိတ်မငြိမ်မသက်မှုကို ကြုံတွေ့ခဲ့ရသည့်အတွက် သေချာစွာ အနားယူရန် လိုအပ်နေပြီဖြစ်သည်။
သူမကို ဂရုတစိုက်မပြုစုပျိုးထောင်ပါက ရှီရှောင်းရှောင်းသည် စိတ်ရူးပေါက်ရုံမျှသာမကဘဲ သွက်သွက်ခါအောင်ရူးသွပ်သွားနိုင်သည်။
ရီမိသားစု ထွက်သွားသည်နှင့် ချန်ကွန်မြို့၌ ရီဖန်ဖြစ်ပေါ်စေခဲ့သော အရာများသည် တစ်မြို့လုံးကို ပျံ့နှံ့တုန်လှုပ်သွားစေသည်။ လူတချို့က ရီဖန်ကို ချန်ဟဲမြို့မှ ရီမိသားစု၏ခေါင်းဆောင်နှင့် ရီဆေးဆိုင်ပိုင်ရှင်အဖြစ် အသိအမှတ်ပြုကြသည်။
ချန်ကွမ်မြို့မှလူတိုင်းသည် ပြီးပြည့်စုံသောဆေးမှုန့်ငါးမျိုးနှင့် သွေးဆူပွက်ဆေးလုံးအပါအဝင် ၎င်းတို့အကြောင်းပြောနေကြသည်။
မူလက ရီမိသားစုသည် ချန်ဟဲမြို့တွင်သာ လူသိများသော်လည်း ယခုအခါ၌ ချန်ကွမ်မြို့ရှိ သိုင်းပညာရှင်မိသားစုများစွာသည် ချန်ဟဲမြို့၌ သူတို့ရန်စ၍မရသော မိသားစုတစ်စုရှိသည်ကို သိရှိလိုက်ရသည်။
“မိသားစုကို အမြင့်ကိုတက်လှမ်းလာစေဖို့ တာဝန် အပိုင်းနှစ်ကို ပြီးမြောက်သွားတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်၊ ပြီးပြည့်စုံတဲ့ စွမ်းအားရှိမြို့ငယ်လေးကို ဆုအနေနဲ့ရရှိသွားပါပြီ”
ဟု အသံတစ်သံက ပြောကြားလိုက်လေသည်။
…………….
အခန်း (၁၈) ကျန်းနန်ဓား၊ သို့မဟုတ် လူသတ်ဓား
“ရေရှည်တာဝန်တစ်ခုပြီးသွားပါပြီ၊ ကြည့်ရတာ ကျော်ကြားမှုနဲ့ ဆက်စပ်နေပုံရတယ်”
“စနစ်၊ ဆုကိုသိမ်းလိုက်ပါ”
"ဂုဏ်ယူပါတယ်၊ သင်သည် ဆုများကိုလက်ခံရရှိခဲ့ပါပြီ။ မိသားစုစွမ်းရည်များ၊ မိသားစုအခွဲများ- တစ်မိသားစုလုံးရဲ့ စွမ်းအားကို ၁၀၀ (အစိမ်းရောင်)အထိ တိုးမြှင့်ပေးပါ"
‘မိသားစုတစ်စုလုံးရဲ့ စွမ်းရည်တွေအကုန် တိုးတက်လာရင် ငါ့ရဲ့ဆေးပညာတွေကိုရော လက်ဆင့်ကမ်းနိုင်မယ်လို့ ဆိုလိုတာများလား’
‘ငါ့ရဲ့ ဆေးပညာကိုသာ ဒုတိယအဆင့်ကို မြှင့်တင်နိုင်ခဲ့ရင် အဲတာကစွမ်းရည်တွေကို သိသိသာသာ တိုးမြင့်လာစေမှာပဲ”
ဒီပွဲတွင် ဆုံးရှုံးခဲ့သည့်အရာမရှိပေ။
…
နောက်တစ်နေ့တွင် ရီဖန်သည် ရီရှောင်းရှောင်းကို ခေါ်လိုက်သည်။
“ရှောင်းရှောင်း၊ ညီမလေးက အခုကစပြီး ဒီမိသားစုထဲမှာပဲ နေရတော့မယ်၊ ညီမလေးကြိုက်တာမှန်သမျှ အကုန်လုပ်လို့ရတယ်”
ရီဖန်၏စကားကိုကြားသောအခါ ရီရှောင်းရှောင်းသည် ရုတ်တရက် ခေါင်းကိုမော့လိုက်ပြီး "အစ်ကို၊ ညီမလေး သိုင်းပညာ သင်ချင်တယ်"
"သိုင်းပညာ သင်ချင်တာလား"
ရီဖန်သည် အားနည်းပုံပေါ်သည့် ဤညီမငယ်ကို သိုင်းပညာလေ့ကျင့်လိုလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရီရှောင်းရှောင်းသည် ရီဖန်ကပြန်လည်ခေါ်ဆောင်လာပြီးနောက်တွင် လွတ်မြောက်လာခဲ့ပြီး ရီမိသားစုဝင်တစ်ဦးဖြစ်သည့်အတွက် အကျိုးခံစားမှုများကို ရရှိသင့်ပေသည်။
သူမသည် သိုင်းပညာ သင်ယူချင်သည်ဆိုပါကလည်း ပြဿနာမရှိပေ။
"ညီမလေး သိုင်းပညာ သင်ယူချင်ရင် အစ်ကို မင်းကို အစစအရာရာ ပံ့ပိုးပေးမယ်။"
“ဟုတ်”
ရီရှောင်းရှောင်းသည် ခေါင်းညိတ်လိုက်ကာ သူမသည် မည်သူ့အတွက်မှ မရည်ရွယ်ဘဲ ရီမိသားစုအတွက်သာ အသက်ရှင်နေထိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူမသည် သိုင်းပညာကို သင်ယူလိုပြီး ဓားဖြင့် လေ့ကျင့်လိုသည်။
ရီရှောင်းရှောင်းထံမှ လူသတ်လိုသည့် အငွေ့အသက်များ ထွက်လာသည့်အခါ ရီဖန်သည် တုန်လှုပ်သွားခဲ့သည်။
ရီရှောင်းရှောင်းထံမှ အရောင်အဝါသည် ရီဖန်ကို ရင်းနှီးသောခံစားချက်ကို ပေးစွမ်းနေသည်။ ရီဖန်သည် ရီရှောင်းရှောင်း သူမ၏အနာဂတ်တွင် မည်သို့သော သိုင်းပညာရှင်ဖြစ်လာမည်ကို မြင်တွေ့ရန် ရုတ်တရက် မျှော်လင့်နေမိသည်။
ရီရှောင်းရှောင်းသည် ရီမိသားစုသို့ဝင်ရောက်လာပြီးသည့်နောက် ကျိုးလုံနှင့် ကျိုးဖန်တို့သည်လည်း ၎င်းတို့၏အမည်များကို တရားဝင်ပြောင်းလဲခဲ့သည်။
ရီကျင်းလုံ၊ ရီကျင်းဖန်။
ရှောင်လုံနှင့် ရှောင်ဖန်တို့သည် ဤအမည်နှစ်ခုကို အလွန်နှစ်သက်ကြသည်။ ကျိုးမိသားစုမှ ခွဲထွက်ရန်အတွက် သူတို့စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည်။
ရီဖန်နှင့် သူ၏ဇနီး၊ ရီကျင်းထျန်နှင့် သူ၏ဇနီး၊ ရီကျင်းဟိုင်၊ ရီကျင်းကျုံ နှင့် ရီရှောင်းရှောင်းတို့ မိသားစု သုံးယောက်။
သတိမထားမိလိုက်ဘဲ ရီမိသားစု၏အိမ်ထောင်စုသည် လူကိုးဦးအထိ ရောက်ရှိသွားပြီဖြစ်သည်။
ရီဖန်၏ ခန့်မှန်းချက်အရ ရေရှည်မစ်ရှင်၏ ဒုတိယအဆင့်- မိသားစုဦးရေသည် မိသားစုဝင် ဆယ်ယောက်လုံးအတွက်ဖြစ်ပေလိမ့်မည်။
အဖွဲ့ဝင်တစ်ဦးတည်းသာလိုတော့သည်။ ရီဖန်သည် ဒီတာဝန်ကို ပြီးမြောက်ရန်အတွက် စိတ်အားထက်သန်နေခဲ့သည်။
‘ပိုကြိုးစားရမယ်၊ ပိုကြိုးစားရမယ်’
…
ရီရှောင်းရှောင်း၏မိသားစုသည် လျူမိသားစုမှရရှိသော ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုကျင့်စဉ်ကျမ်းအတိုင်း လိုက်နာပြီး သိုင်းပညာကို စတင်လေ့ကျင့်ခဲ့သည်။
ရီဖန်သည် ဆေးလုံးများကို ပေါင်းစပ်နိုင်ခဲ့ပြီး ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု ဆေးလုံးအသစ်ကို တရားဝင် စတင်ထုတ်လုပ်ခဲ့သည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအတွက် ဆေးကျမ်းသည် ကိုယ်ခန္ဓာတည်ဆောက်ဆေးမှုန့်နှင့် များစွာမကွာခြားပေ။ ရီဖန်သည် လျင်မြန်စွာ တွက်ချက်နိုင်ခဲ့သည်။
အဖိုးတန်ဆေးဖက်ဝင်အပင်များထဲမှ တစ်ခုဖြစ်သော ဆယ်နှစ်ကြာသက်တမ်းရှိသည့် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာခြင်းမြက်ပင်သည် ကိုယ်ခန္ဓာတည်ဆောက်ဆေးမှုန့်ထက် ဆယ်ဆပိုမိုများပြားသောပမာဏကို လိုအပ်ပေသည်။
ဤမြက်ပင်သည် အမြစ်တစ်ချောင်းလျှင် ငွေငါးဆယ်ဖြင့် တုပေါင်ဆေးခန်း၌သာ ဝယ်ယူနိုင်သည်။
ကံကောင်းထောက်မစွာဖြင့် ရီဖန်သည် ကိုယ်ခန္ဓာတည်ဆောက်ဆေးမှုန့်ကို ပြုလုပ်နိုင်သည့်အကြောင်း တုပေါင်ဆေးခန်းမှသိရှိထားပြီးဖြစ်သောကြောင့် သူ့ကိုသံသယမဝင်ခဲ့ပေ။
အတိုချုပ်ပြောရပါလျှင် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုဆေးလုံးသည် ဆေးတစ်ဖိုအတွက် ငွေစတစ်ရာတန်ဖိုးရှိသော ဆေးဖက်ဝင်ပစ္စည်းများ လိုအပ်သည်။
စစ်မှန်သောချီစွမ်းအား မပါဘဲနှင့် ရီဖန်သည် ၎င်းကို ကိုယ်တိုင်သာ သန့်စင်ရသည်။
ဆေးဖိုတစ်ခုလျှင် ဆေးလုံးငါးလုံးခန့်သာရရှိနိုင်ကာ တစ်လုံးလျှင် ငွေစနှစ်ဆယ်နီးပါးတန်ဖိုးရှိသည်။
စျေးသက်သာသည်ဟုထင်ရသော်လည်း ဆေးလုံး၏အာနိသင်သည်သုံးရက်သာကြာမြင့်ကာ တစ်လလျှင် ဆယ်ကြိမ်သောက်သုံးရန်လိုအပ်သည်။
ရီဖန်နှင့် ရီရှောင်းရှောင်းတို့မှလွဲ၍ ကျန်သောရီမိသားစုဝင်များသည် ၎င်းတို့၏ လေ့ကျင့်မှုအတွက် ဆေးလုံးများလိုအပ်ပါသည်။
ထို့ကြောင့် ကျင့်ကြံရေးအတွက် တစ်လလျှင် လိုအပ်သော အရင်းအမြစ်များသည် ငွေခြောက်ရာနှင့် ညီမျှသည်။
အခြားကုန်ကျစရိတ်များကို ပေါင်းထည့်လိုက်သောအခါတွင် သိုင်းပညာရှင်များသည် အစားကောင်းသူများဖြစ်သည့်အတွက် ရီမိသားစု၏ လစဉ်သုံးစွဲမှုသည် စုစုပေါင်းငွေစရှစ်ရာခန့်ရှိမည်ဖြစ်သည်။ တစ်နှစ်လျှင် ငွေတစ်သောင်းနှင့် ညီမျှသည်။
ရီမိသားစု၏ ပိုင်ဆိုင်မှုအားလုံးသည် လက်ရှိတွင် ငွေစခြောက်ထောင်ကျော်သာရှိသည်။
ရီဖန်သည် သူ့မျက်ခုံးမွှေးကို ပွတ်သပ်ကာ ဝင်ငွေရှာရန်အတွက် နောက်ထပ်နည်းလမ်းများကို တွေးတောနေလေသည်။
ယခုတွင် ရီမိသားစု၏ အခြေခံအုတ်မြစ်သည် အလွန် တိမ်ကောနေသေးသောကြောင့် သူ၏ ဆေးပညာအရည်အချင်းများကို ထုတ်ဖော်ပြသရုံမှတစ်ပါး ရွေးချယ်ရန်မရှိပေ။
ဆေးလုံးများအစား ဆေးမှုန့်အဖြစ်သို့ ပြန်လည်ပြောင်းလဲထုတ်လုပ်ရန် ရွေးချယ်မှုကို ရီဖန်မတွေးချင်ပေ။ ဆေးလုံးသည် သာမာန်ဆေးဖက်ဝင်အရောအနှောများထက် ကျင့်ကြံရေးစွမ်းအားတိုးတက်မှုကို နှစ်ဆမြှင့်တင်ပေးနိုင်သည်။
ရီဖန်၏ ခန့်မှန်းချက်အရ၊ အကယ်၍ ၎င်းတို့သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု ဆေးလုံးများနှင့် အလားတူ ဆေးအမျိုးအစားများကို တစိုက်မတ်မတ် စားသုံးပါက၊ ရီမိသားစု
မှ အနည်းဆုံး လူတစ်ဦးသည် သုံးနှစ်အတွင်း ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အထွတ်အထိပ်အဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။
ရီမိသားစု ပိုမိုအားကောင်းလာသည်နှင့်အမျှ ရီဖန်သည်လည်း ပိုမိုသန်မာလာမည်ဖြစ်သည်။
အကယ်၍ သူသည် ဓားပြတိုက်မည်ဆိုလျှင်ပင် ရီဖန်သည် သူ့မိသားစုဝင်များ၏ ကျင့်ကြံရေးအရှိန်ကို နှောင့်နှေးစေမည်မဟုတ်ပေ။
ရက်သတ္တပတ်တစ်ခု လျင်မြန်စွာ ကုန်လွန်သွားကာ လူတစ်စုသည် ရီမိသားစုအိမ်တော်သို့ ရောက်ရှိလာသည်။
“မျိုးနွယ်စုခေါင်းဆောင်ရီ၊ ဒီပစ္စည်းတွေက ကျိုး မိသားစုရဲ့ ပိုင်ဆိုင်မှုတစ်စိတ်တပိုင်းပါ။ ဒါတွေကို မင်းအတွက် ငါတို့ ယူလာပေးတာ” ဟု သိုင်းပညာရှင်က ရီဖန်ကို ပြုံးလျက် ပြောပြသည်။
ရီဖန်သည်အနည်းငယ် အံ့သြသွားသည်။ သူတို့သည် ကျိုးမိသားစု၏ ပိုင်ဆိုင်မှုများကို သူ့ထံ အမှန်တကယ် လာပေးနေသည်လား။ သူ၏အစွမ်းအစကို သူတို့သတိထားမိပုံရသည်။
ရီဖန်သည် အထွတ်အထိပ်သို့ရောက်ရှိနေသော သူ၏ အစွမ်းအစကို ပြသခဲ့ခြင်းမရှိပါက ဤဝံပုလွေအိုများသည် သူတို့၏ပါးစပ်ထဲရှိ အသားများကို ထွေးထုတ်အောင်လုပ်ဆောင်ရန်မှာ လွယ်ကူမည်မဟုတ်ပေ။
သူတို့ကိုယ်တိုင်လာပို့သည့်အတွက် ရီဖန်သည်လည်း ငြင်းဆန်မနေတော့ပါ။
ရီဖန်အမြန်ကြည့်ရလိုက်ရာ ပိုင်ဆိုင်မှု အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သော်လည်း ငွေစချည်းပင် ၃၀၀၀ကျော်ရှိသည်။
အခြားသောရွှေငွေ ရတနာများအပြင် လျှို့ဝှက်စာအုပ်ငါးအုပ်ပါဝင်သည့်အတွက်ကြောင့် စုစုပေါင်းတန်ဖိုးမှာ ငွေစထောင်ပေါင်းများစွာထက် လျော့နည်းမည်မဟုတ်ပေ။
သို့သော် ရီဖန်စိတ်ဝင်စားဆုံးအရာမှာ ထိုလူယူဆောင်လာသော ဓားဖြစ်သည်။
ရှည်လျားသော သွေးနီရောင်ဓားသည် ခုနစ်ပေအရှည်ရှိကာ ဓားအရှည်မှာ သုံးပေနှင့် လက်ကိုင်အရှည် လေးပေရှိလျက် သူ၏ယခင်ဘဝက ကျန်းမား ဓားနှင့် ဆင်တူသည်။
ရီဖန်သည် ဓါးကိုထိလိုက်သည်နှင့် ၎င်းသည် လက်နက်ကောင်းတစ်ခုဖြစ်ကြောင်း ဖော်ပြသော အေးစက်သည့်ခံစားမှုကို ရရှိလိုက်သည်။
“ရှောင်းရှောင်း၊ အခုကစပြီး မင်းဒီဓားကိုသုံးလိုက်" ရီဖန်သည် ရီကျင်းဟိုင်၏ တောင်းဆိုနေသည့်အကြည့်ကို လျစ်လျူရှုလိုက်ကာ ဓားကို ရီရှောင်းရှောင်းကို ပေးလိုက်သည်။
ရီရှောင်းရှောင်းသည် ဓားရှည်ကြီးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ကာ ပျော်မြူးနေခဲ့သည်။ အနာဂတ်တွင် စက်ဆုပ်ဖွယ်ကောင်းသော အမျိုးသားများကို ခုတ်ထစ်ရန်အတွက် ဤဓားကိုသေချာအသုံးချရမည်။
“အခုကစပြီး မင်းကို ကျန်းနန် လို့ခေါ်မယ်” ဟုဆိုလိုက်သည်။
‘ကျန်းနန်၊ ယောက်ျားတွေကို ချေမှုန်းဖို့သုံးမယ်’
ရီမိသားစုမှ အမျိုးသားများသည် ရုတ်တရက် ကျောရိုးထဲမှပင် ချမ်းစိမ့်လာသည်ကို ခံစားလိုက်ရသည်အထိ ကြောက်ရွံ့ဖွယ်ကောင်းလှသည်။
နောက်ရက်များတွင် ရီဖန်သည် ရီမိသားစုဆေးဆိုင်တွင် ဆေးဖက်ဝင်အရောအနှောများကို ဆက်လက်သန့်စင်ခဲ့သည်။
ရီဖန်၏ ခွန်အားများ တိုးလာသည်နှင့်အမျှ သွေးဆူဆေးလုံးများကို ထုတ်လုပ်နိုင်သည့် အရှိန်လည်း ပိုမိုမြန်ဆန်လာပြီး ချန်ဟဲမြို့ရှိ စျေးကွက်သည်လည်း တဖြည်းဖြည်းကျယ်ပြန့်လာသည်။
ရီဖန်သည် လီချန်နှင့် ဆွေးနွေးခဲ့ပြီး တုပေါင်ဆေးခန်းမှတဆင့် သူ၏ သွေးဆူဆေးလုံးတချို့ကို ရောင်းချရန် ဆုံးဖြတ်ခဲ့သည်။
အမှန်တကယ်တွင် သွေးဆူဆေးလုံးများသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မှာမှု အဆင့်ခုနစ် သို့မဟုတ် ရှစ် တွင် သိုင်းပညာရှင်များအတွက် အထိရောက်ဆုံးဖြစ်သောကြောင့် လီချန်၏အဆက်အသွယ်များမှတဆင့်သာ ရောင်းချခြင်းဖြစ်ကာ ၎င်းတို့ကိုတုပေါင်ဆေးခန်း၌ အလွယ်တကူရှာတွေ့နိုင်ခြင်းမရှိပေ။
ထိုကဲ့သို့ပင် မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ခွဲ ကုန်ဆုံးသွားခဲ့သည်။
ရီဖန်သည် သူ၏အခန်းထဲတွင် ကျိုးနျိုကိုယ်ခန္ဓာသန့်စင်ခြင်းကျင့်စဉ်ကို အဆက်မပြတ် လေ့ကျင့်နေခဲ့ကာ သူ့ခန္ဓာကိုယ်ထဲရှိ ပင်မစွမ်းအင်နှင့် သွေးများကို နိုးထစေလျက် ချီပင်လယ်ကို ဖွင့်လိုက်သည်။
သို့သော်လည်း သူမည်မျှပင် ကြိုးစားအားထုတ်နေစေကာမူ အတားအဆီးတစ်ခုက သူ့ကို ပိတ်ဆို့နေသကဲ့သို့ စစ်မှန်သောချီစွမ်းအားစီးဆင်းစေရန်အတွက် ချီပင်လယ်ကို ဖွင့်၍မရပေ။
ရီဖန်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မှာမှု၏ ဆယ်ခုမြောက်အဆင့်တွင် နှစ်လကျော်မျှ နေခဲ့ရပြီးဖြစ်သည်။
ယခုနှစ်တွင် ရီမိသားစုအဖွဲ့ဝင်များသည် ၎င်းတို့၏ ကျင့်ကြံရေးစွမ်းအားကို မြှင့်တင်နှုန်းသည် သူ၏ဆေးလုံးများကြောင့် ရီဖန်၏ ခန့်မှန်းချက်ထက် ပို၍လျင်မြန်စွာ တိုးတက်လျက်ရှိသည်။
ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့ နှစ်ဦးစလုံး၏ ကျင့်ကြံရေးအဆင့်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်ဆယ်ခုမြောက်သို့ရောက်ရှိလာခဲ့ပြီး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်လာခဲ့သည်။
စုယန်၏ ကျင့်ကြံရေးအဆင့်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဋ္ဌမမြောက်အဆင့်သို့ ရောက်ရှိသွားသည်။
ရီရှောင်းရှောင်းနှင့် အခြားသူများ၏ ကျင့်ကြံရေးအဆင့်သည်လည်း ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု ဆဌမအဆင့် နောက်ဆုံးအလွှာသို့တက်လှမ်းရန်ရောက်ရှိတော့ပေမည်။
ရီမိသားစုတစ်စုလုံး၏ ကျင့်ကြံရေးအဆင့်များသည် သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။
အရာအားလုံးသည် အပြုသဘောဆောင်သည့်အနေအထားဖြင့် ဦးတည်ရွေ့လျားနေသော်လည်း ရီဖန်သည် မွေးဖွားခြင်းအဆင့်သို့ မတက်လှမ်းနိုင်သေးသည့်အတွက် စိတ်ပျက်လျက်ရှိသည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်နှင့် မွေးဖွားခြင်းအဆင့်တို့ကြားတွင် ကြီးမားသော ခြားနားချက်တစ်ခုရှိသည်။
ရီဖန်သည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု ဆယ်နှစ်ခုမြောက်အဆင့်သို့ ရောက်ရှိကာ အစွမ်းထက်သော သိုင်းညာများစွာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည့်တိုင် မွေးဖွားခြင်း၏အစောပိုင်းအဆင့်တွင် ရှိသော သိုင်းပညာရှင်တစ်ဦးကို အနိုင်တိုက်နိုင်ရန် အာမမခံနိုင်သေးပေ။
သူမည်ကဲ့သို့ ကျော်ဖြတ်ရပါမည်နည်း။
အမှန်တကယ်တွင် ရီဖန်းသည် ဒီမေးခွန်းအတွက် မရေရာသော အဖြေတစ်ခု ရှိနေခဲ့ပြီးဖြစ်သည်။ ကျင့်ကြံရေးလမ်းစဉ်များဖြင့် တက်လှမ်းခြင်းဖြစ်သည်။
ယေဘူယျအားဖြင့်ဆိုရလျှင် သိုင်းပညာရှင်တစ်ဦးသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုနှောင်းပိုင်းအဆင့် သို့ရောက်ရှိပြီးနောက် ၎င်းသည် ချီစွမ်းအား နှင့် ချီပင်လယ်ကို ဖွင့်နိုင်ရန်အတွက် မွေးဖွားခြင်းအဆင့်၏ကျင့်စဉ်များကို စတည်မည်ဖြစ်သည်။
သို့သော် အကြောင်းအရင်းကိုသိနေသဖြင့် ရီဖန်သည် လမ်းပျောက်နေခဲ့သည်။ သူသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုကျင့်စဉ်များကို တစ်နေရာရာတွင် သင်ယူနိုင်သေးသည်။
သို့သော် မွေးဖွားခြင်းအဆင့်၏ ကျင့်ကြံရေးနည်းစနစ်နှင့် ပတ်သက်၍မူ ရီဖန်သည် ၎င်းတို့ကို သင်ယူရန် နည်းလမ်းလုံးဝမရှိပေ။
ရီဖန်သည် တုပေါင်ဆေးခန်း၏ကွန်ရက်မှတဆင့် မွေးဖွားခြင်းအဆင့်ကျင့်စဉ်ကို ဝယ်ယူရန် မျှော်လင့်ကာ လီချန်ကိုပင် တောင်းဆိုခဲ့သည်။
သို့သော် ရီဖန်သည် တုပေါင်ဆေးခန်းတွင်ပါဝင်သော တရားဝင်အသင်းဝင်မဟုတ်ပါက လီချန်ထံတွင်လည်း ဖြေရှင်းချက်မရှိပေ။
တရားဝင်အသင်းသား ဖြစ်လာပြီးသည့်နောက်တွင်ပင်လျှင် မွေးဖွားခြင်းကျင့်စဉ်ကိုသင်ယူရန်အတွက် စမ်းသပ်မှုခရီးရှည်ကြီးကို ကျော်ဖြတ်ရန် နှစ်အနည်းငယ်ကြာမြင့်ဦးမည်ဖြစ်သည်။