အခန်း ၂၅-၂၇
Vol. 2 Ch. 25-27
အခန်း (၂၅) ရီကျင်းဟိုင် ဒီကိုလာခဲ့စမ်း
တစ်လခွဲကြာပြီးနောက်တွင် ရီဖန်သည် ဆေးဖိုကိုပြင်းထန်စွာရိုက်ချလိုက်ရာ အတွင်းမှ ရွှေရောင်ဆေးလုံးထွက်ပေါ်လာပြီး ထူးခြားသည့်ရနံ့တစ်ခုသည် အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
"အဆင့်နိမ့် သတ်မှတ်ချက်ထိုးဖောက်ဆေးလုံးပဲ၊ ဆေးဆရာရီ ဆေးလုံးကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကို အောင်အောင်မြင်မြင် သင်ယူပြီးခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်” ချီးမြှောက်မှုနှင့် မနာလိုမှုတို့ရောနှောနေသော ခံစားချက်က ထန်းကျီကျွင်း၏မျက်ဝန်းထဲ၌ ပြည့်နှက်သွားသည်။
အရင်အချိန်က သူ့အလှည့်တွင် ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးတစ်ခုတည်းကိုပင် အောင်မြင်စွာ သန့်စင်နိုင်ရန် အချိန်တစ်နှစ်ခွဲလုံးယူခဲ့ရသည်။ သို့သော် ရီဖန်သည် ပစ္စည်းအနည်းငယ်သာသုံး၍ တစ်လခွဲသာကြာသည်။
အကယ်၍ သူ့တွင်ထိုသို့သော အရည်အချင်းရှိပါက မွေးဖွားခြင်းနယ်မြေသို့ ဖြတ်ကျော်ဝင်ရောက်ကာ သက်တမ်းကို ဆယ်စုနှစ်များစွာတိုးရန် အခွင့်အရေးရရှိမည်ဖြစ်သည်။
“ဆေးဆရာရီ၊ မင်းက ငါမြင်ဖူးသမျှ ဆေးပညာရှင်တွေထဲမှာ အရည်အချင်းအရှိဆုံးပဲ၊ ဒါပေမယ့် မင်းက ဆေးပညာမှာပဲ အာရုံစိုက်မနေသင့်ဘူး၊ အဆင့်မြင့်ဆေးလုံးတွေလုပ်ချင်ရင်ဖြစ်ဖြစ် အသက်ရှည်ရှည်နေချင်ရင်ဖြစ်ဖြစ် ကျင့်ကြံရေးစွမ်းအားက မရှိမဖြစ်ဘဲ။ ကျင့်ကြံရေးလမ်းစဉ်က အရမ်းအရေးကြီးတယ်”ထန်းကျီကျွင်းသည် ရီဖန်ကို လေးနက်စွာပြောလိုက်သည် ။
ရီဖန်သည် သူနားလည်ကြောင်း ပြသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ထန်းကျီကျွင်းနှင့် နှိုင်းယှဉ်ပါက ရီဖန်သည် ကျင့်ကြံရေးလမ်းစဉ်ကို ပို၍အလေးထားသည်။ ရီဖန်ရရှိထားသော စွမ်းအင်အားလုံးမှာ သူ၏ကျင့်ကြံရေးစွမ်းအားကို မြှင့်တင်ရန်သာဖြစ်သည်။
“စကားမစပ်၊ အလယ်အလတ်အဆင့် အဂ္ဂိရတ်မီးဖိုကို ဝယ်ဖို့ မမေ့နဲ့။ မင်းလို ဂုဏ်သိက္ခာရှိတဲ့ ဆေးပညာရှင်တစ်ယောက်က ဒီလိုဆေးဖိုမျိုးကို သုံးနေတာက ငါတို့ကို အရှက်ရစေတယ်”
ထန်းကျီကျွင်းသည် ရှီဖန်၏ ဆေးဖိုအကြောင်းတွေးမိသောအခါ အလွန်စိတ်မသက်မသာဖြစ်ရသည်။
‘ဘယ်ဆေးပညာရှင်က မချမ်းသာလို့လဲ’ ဆေးပညာရှင်တစ်ယောက်မှာ သင့်တော်တဲ့ ဆေးဖိုတစ်ခုတောင် မရှိဘူးလို့ တွေးတောင်မတွေးနိုင်ဘူး။ မသိသည့်သူများ တွေ့ပါက ဆေးပညာရှင်များသည် ဆင်းရဲလှသည်ဟူ၍ပင် ထင်သွားနိုင်သည်။
ရီဖန်သည် ထိုစကားကြားသည့်အခါ အနည်းငယ်ကသိကအောက်ဖြစ်သွားသည်။ သူသည် ဆေးဖိုကောင်းတစ်ခု မဝယ်ချင်သည်မဟုတ်ဘဲ အချိန်တိုအတွင်း ရှာမတွေ့နိုင်ခဲ့ခြင်းသာဖြစ်သည်။
သူသည်သံမဏိအိမ်တော်တွင်လည်း မေးဖူးသည်။
အလယ်အလတ်အဆင့်မီးဖိုကို လိုချင်ပါက အနည်းဆုံး တစ်နှစ်ခွဲခန့် စောင့်ရမည်ဖြစ်ကာ ထိုအချိန်တွင်ပင် တစ်လုံးမျှလက်ကျန်မရှိတော့သည်လည်း ဖြစ်နိုင်သည်။
မြို့တော်တွင်လည်း ကိစ္စတချို့ရှိနေပုံရသည်။ သူသည် ထိုနေရာမှလည်း ဝယ်ယူ၍ရနိုင်မည်မဟုတ်ပေ။
အဆုံးတွင် ရီဖန်သည် ရှေးဟောင်းပစ္စည်းများကို သန့်စင်ရန်အတွက် သတ္တုရိုင်းအချို့ကို ဝယ်ယူရန် တုပေါင်ဆေးခန်းမှ ချန်ပေါင်ကိုသာ တာဝန်ပေးထားနိုင်ခဲ့သည်။ အကယ်၍ မဝယ်နိုင်ပါက သူကိုယ်တိုင်ပြုပြင်ရမည်သာဖြစ်သည်။
ရှေးဟောင်းပစ္စည်း သန့်စင်ရေးအတတ်ပညာကို ရရှိပြီးသော်လည်း ရီဖန်သည် လက်နက်တစ်ခုကိုပင် ကောင်းစွာ မသန့်စင်ရသေးဘဲရှိသည်။
“ဆေးပညာရှင်ရီ၊ ခင်ဗျားမှာထားတဲ့ ပစ္စည်းတွေ အဆင်သင့်ဖြစ်ပါပြီ”
ရီဖန် ဝမ်လုကောင်တီမှ ထွက်ခွာခါနီးတွင် ချန်ပေါင်သည် နောက်ဆုံးတွင်သတင်းကောင်းကို ပေးလာခဲ့သည်။
သူ့လက်ထဲရှိ အဝါရောင်သတ္တုရိုင်းသုံးချောင်းကို ကြည့်လိုက်ကာ ရီဖန်သည် နာကျင်စွာနှင့် ငွေတစ်ထောင်ကို ပေးလိုက်သည်။ သူ့တွင် ရွေးချယ်စရာမရှိပေ။ ရီဖန်မှာ အလွန်ဆင်းရဲလှသည်။
နောက်ဆုံးတွင် သူသည် နှစ်နှစ်အတွင်း၌ ငွေနှစ်သောင်းကို သိမ်းဆည်းနိုင်ခဲ့သော်လည်း ယခုတွင် ၎င်းတို့သည် တခဏချင်း ကုန်သွားပြီဖြစ်သည်။
သူ့နောက်တွင်ကျန်ခဲ့သည့် ဝမ်လုကောင်တီကို ကြည့်လိုက်ရင်း ရီဖန်သည် နောက်တစ်ကြိမ် တွင် သူတို့၏ပိုက်ဆံအိတ်များကို ကုန်အောင်လုပ်ရမည်ဟူ၍ ကြုံးဝါးလိုက်သည်။
တစ်ရက်တာခရီးသွားအပြီးတွင် ရီဖန်သည် ချန်ဟယ်မြို့သို့ ပြန်ရောက်လာသည်။
မတွေ့ရသည်မှာ တစ်လခွဲကျော်ကြာပြီဖြစ်သည့်အတွက် သူသည်အလွန်လွမ်းနေသည်။
“ရှောင်ထျန်း၊ မနက်ဖြန် အဖေ့အတွက် အနီရောင်သတ္တုရိုင်းတွင်းမှာ မီးဖိုတစ်ခု ပြင်ထားပေး။ အဖေ ရှေးဟောင်းပစ္စည်းတွေကို ပြင်မလို့”
အဝါရောင်သတ္တုချောင်း သုံးပိုင်းမျှဖြင့် ဆေးဖိုကို သဘာဝအတိုင်း သန့်စင်ရန် မဖြစ်နိုင်ပေ။
ကုံတုံးသံ၏ အကောင်းဆုံးအသုံးဝင်မှုသည် လက်နက်၏ ချီစွမ်းအားစစ်ကို ကူးနိုင်စွမ်းနှင့် တောင့်ခံနိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။ ကုံတုံံးသံသည် အလယ်အလတ်အဆင့် ဆေးဖိုးများပြုလုပ်ရန်အတွက် အသင့်တော်ဆုံး ပစ္စည်းတစ်ခုလည်းဖြစ်သည်။
“အဖေ့၊ ရှောင်ချုံအတွက်ရော လက်နက်တစ်ခု လုပ်မပေးတော့ဘူးလား” ရီဖန်သည် လက်နက်သန့်စင်တော့မည်ဟု ကြားသည့်အခါ ရီကျင်းချုံသည် ချက်ချင်းပင် တက်ကြွလာသည်။
ရီဖန်သည် သေချာပေါက်ပင် သူ၏ တောင်းဆိုမှုကိုငြင်းပယ်မည်မဟုတ်ပေ။
"ဒါဆို အဖေ ရှောင်ချုံအတွက် ဓားတစ်ချောင်း လုပ်ပေးမယ်။ ဘယ်လိုလဲ။ ဓားရှည်ကိုင်ထားတဲ့ မိန်းကလေးတွေက အရမ်းချစ်စရာကောင်းတယ်”
ရီကျင်းချုံသည် ခေါင်းခါလိုက်ကာ “ဖေဖေ့၊ သမီး ဓားမလိုချင်ဘူး"
"သမီးက ဓားမလိုချင်ဘူးဆိုရင် ဖေဖေ သမီးကို လှံတစ်ချောင်းလုပ်ပေးရင်ရော ဘယ်လိုလဲ။ လှံနဲ့ ကောင်မလေးတွေ ကလည်း သတ္တိကောင်းတယ်လေ”
ရီကျင်းချုံသည် နှုတ်ခမ်းကိုဆူထားလျက် ခေါင်းကိုခါယမ်းနေဆဲဖြစ်သည်။
"ဒါဆိုဖေဖေ့ကိုပြော၊ သမီး ဘာလက်နက်လိုချင်တာလဲ"
“ဖေဖေ့ သမီးက တုတ်ချောင်းလိုချင်တာ။ တုတ်ချောင်းရဲ့ အရှေ့စွန်းပိုင်းက ကြီးပြီးတော့ ဆူးချွန်တွေပါရမယ်” သူမစကားပြောနေစဉ် ရီကျင်းချုံ၏မျက်လုံးများသည် တောက်ပနေခဲ့သည်။
ရီကျင်းချုံပြောသော လက်နက်အကြောင်းကြားလိုက်သည့်အခါ ရီဖန်၏မျက်နှာသည် ပို၍ပင် ညစ်နွမ်းလာသည်။ ဝံပုလွေဖန်း အမည်ရှိ လက်နက်တစ်ခုသည် ရီဖန်၏ စိတ်ထဲသို့ ဝင်လာသည်။
ဝံပုလွေဖန်းကို လွှဲယမ်းနေသော ချစ်စရာကောင်းသည့် ကလေးမလေး၏ ပုံရိပ်သည် ရီဖန်ကိုကြက်သီးထသွားစေသည်။
‘ဒီကလေးမလေး၊ ငါ ဒီလိုဖြစ်ဖို့ခွင့်ပြုမှာ မဟုတ်ဘူး’ ရီဖန်သည် ခေါင်းယမ်းကာ ထိုပုံရိပ်ကို သူ့စိတ်ထဲမှ ဖယ်ရှားပစ်ရန် အပြင်းအထန် ကြိုးစားခဲ့သည်။
“ရှောင်ချုံ ရှောင်ချုံ၊ မိန်းကလေးတွေက ဒီလိုလက်နက်နဲ့ မကစားသင့်ဘူး”
"ဟင့်အင်း၊ ဖေဖေက စိတ်ပုပ်တယ်။ သမီးအတွက် လက်နက်လဲ မလုပ်ပေးဘူး" ရီကျင်းချုံသည် စုယန်၏ ရင်ခွင်ထဲသို့ ဝင်သွားရင်းပြောလိုက်သည်။
"သခင်၊ ကလေးက ကြိုက်တာကို သူ့အတွက် တစ်ခုလုပ်ပေးလိုက်ပါလား”
ရီဖန်သည် သက်ပြင်းချကာ အရှုံးပေးလိုက်သည် ။ သူ့တွင် ရွေးချယ်စရာမရှိဘဲ လက်နက်အတွက်သာ ပိုမိုအားစိုက်ထုတ်နေရသည်။
ခဏအကြာတွင် ရီကျင်းဟိုင်၏ အော်သံသည် ခြံဝင်းထဲမှ ထွက်လာသည်။
“ခွေးကောင်၊ ဒါကအစပဲရှိသေးတယ်။ ဝံပုလွေဖန်းလက်နက် ပြီးတဲ့အထိ စောင့်စမ်းပါ၊ မင်းက ငါ့ရဲ့ ပထမဆုံး စမ်းသပ်မှုဖြစ်လာလိမ့်မယ်"
…
ဤသည်မှာ လွန်လွန်းလှသည်။
အပူရှိန်ကြောင့် အနီရောင် သံတုံးကြီးသည် တောက်ပနေသည်။ ရီဖန်သည် သံချောင်းကို ထုရိုက်လျက်ရှိသည်။ အချက်ပေါင်းတစ်ထောင် ထုရိုက်ခြင်းသည် သံကိုပြုလုပ်ပေးကာ အချက်ပေါင်းတစ်သောင်းထုရိုက်ခြင်းသည် သံမဏိကိုပြုလုပ်ပေးသည်။
လက်နက်တိုင်းကို အသုံးမပြုမီ ၎င်း၏ အညစ်အကြေးများကို ဖယ်ရှားရန် လိုအပ်သည်။
သူ့တွင် စိတ်ဝိညာဉ်မီးမရသေးသောကြောင့် ရီဖန်သည် လက်နက်ကိုပြုလုပ်ရန် အခြေခံအကျဆုံးနည်းလမ်းကိုသာ အသုံးပြုခဲ့ရသည်။
ဆေးဖို၏ပုံသဏ္ဍာန်ဖြစ်လာခါနီးတွင် ရီဖန်သည် ကုံတုံးသံရည်ကို ပုံစံခွက်ထဲသို့ အမြန်လောင်းထည့်လိုက်သည်။ အဖြူရောင်မီးခိုးငွေ့များ လွင့်ပျံလာကာ အေးသွားပြီးနောက် ဘတ်စကတ်ဘောအရွယ် ဆေးဖိုတစ်ခုသည် ရီဖန်ရှေ့တွင် ပေါ်လာသည်။
ရီဖန်သည် အရည်အသွေးမြင့်ကျောက်မီးသွေး အပိုင်းအစများစွာကို လျင်မြန်စွာ ထည့်လိုက်ကာ မီးဖိုအတွင်းရှိ မီးတောက်များကို ထိန်းချုပ်၍ သူ၏ ချီစွမ်းအားစစ်ကို စတင်ဖြန့်ချီလိုက်သည်။
အလယ်အလတ်အဆင့်ဆေးဖိုကို ပြုလုပ်ပြီးစီးသွားသည်နှင့် ရီဖန်သည်ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ "အခုကစပြီး မင်းကို မီးထိန်းချုပ်ဆေးဖို လို့ခေါ်မယ်"
ရီဖန်သည် ၎င်း၏ ပထမဆုံးသောဆေးဖိုကို အမည်ပေးပြီးနောက်တွင် ကျန်ရှိနေသော အနီရောင် သံတုံးအပေါ်တွင် အာရုံစိုက်ထားခဲ့သည်။
သူ့တွင်ရွေးချယ်စရာမရှိပါ။ သူသည် ရီကျင်းချုံကို ကတိပေးထားသောကြောင့် အလုပ်ပြီးအောင် လုပ်ရတော့မည်။
သို့သော် သူလုပ်ရန်လိုအပ်သည်မှာမှန်သော်လည်း သူအသုံးပြုမည့်နည်းလမ်းသည် သူ၏ရွေးချယ်မှုသာဖြစ်သည်။
သုံးရက်ကြာပြီးနောက်တွင် နှစ်မီတာရှည်သော ဝံပုလွေဖန်းလက်နက်၊ သုံးဆယ်စင်တီမီတာ အချင်းဝက်ရှိသည့် ဆူးများစွာရှိသော သံတူလုံးသည် ရီဖန်း၏လက်ထဲတွင် ပေါ်လာသည်။
သာမာန်ပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် ဤ ဝံပုလွေဖန်းလက်နက်၏ အရည်အသွေးသည် သာမန်မျှသာဖြစ်သည်။
သို့သော် ရီဖန်သည် အနီရောင်သံသတ္တုအတွင်းရှိ အညစ်အကြေးများကို သိသိသာသာ လျှော့ချကာ ၎င်းကို အဆက်မပြတ် ဖိသိပ်ထားသောကြောင့် ဝံပုလွေဖန်းလက်နက်သည် သာမန်ပစ္စည်းတစ်ခု၏ အမြင့်ဆုံးအရည်အသွေး၌ ရောက်ရှိနေသည်။
ထို့အပြင် ကီလိုဂရမ်သုံးရာအလေးချိန်ရှိသော ဝံပုလွေဖန်းလက်နက်ကို သာမန်ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်ရှိသည့် သိုင်းပညာရှင်သည် အသုံးမပြုနိုင်ပေ။
“ရှောင်ချုံ ရှောင်ချုံ၊ မင်းမထိန်းနိုင်ရင် အဖေ့ကိုအပြစ်ပြောလို့ မရဘူးနော်"
တစ်နာရီကြာပြီးနောက် ရီကျင်းချုံသည် ဝံပုလွေဖန်းလက်နက်ကို ပေါ့ပါးစွာက်ိုင်ကာ လှည့်ပတ်သွားလာနေသည်ကိုကြည့်ပြီးနောက် ရီဖန်သည် အံသြသွားသည်။
‘ဒါက မဟုတ်သေးပါဘူး၊ တကယ်ကို မဟုတ်သေးဘူး’
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု၏ ဆဋ္ဌမအဆင့်တွင် လူတစ်ဦးသည် ကီလိုငါးရာလေးသော ဝံပုလွေဖန်းလက်နက်ကို မြှောက်နိုင်သည်မှာ ပုံမှန်ဖြစ်သည်။ သို့သော် ၎င်းကို ထိထိရောက်ရောက် အသုံးပြုခြင်းမှာ မတူညီသော အရာနှစ်ခုဖြစ်သည်။
“ဖေဖေ့၊ သမီး ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အဆင့်ခုနစ်ဆင့်ကို ဖြတ်ပြီးသွားပြီ”
ဤသည်ကိုကြားသည့်အခါ ရီဖန်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ချိန်လုံးတွင် သူသည် လူရွှင်တော်ကြီးဖြစ်နေခဲ့ပုံရသည်။
“ရီကျင်းဟိုင် ဒီကိုလာခဲ့စမ်း! ”
ရီဖန်သည် နှစ်တဝက်ကြာသည်အထိ သူ၏အချိန်ကို လေ့ကျင့်ရန်နှင့် ဆေးလုံးများသန့်စင်ရန်ဟူ၍ ခွဲထားခဲ့သည်။
ရီဖန်သည် ထိုအချိန်အတွင်း အခြားအရာတချို့ကိုလည်း လုပ်ဆောင်ခဲ့သည်။ သူသည် ချန်ဟဲမြို့၍ အကြီးအကဲမိသားစုများကို ဆက်သွယ်ကာ အနီရောင်သံသတ္တုမိုင်းကို ရောင်းချရန်ကြံစည်ထားသည်။
……………………………….
အခန်း (၂၆) တာဝန်နှစ်ခုအတွက် ဆုလာဘ်များ ရရှိခြင်း
ရီဖန်သည် မိသားစုနယ်မြေမစ်ရှင်၏ ဒုတိယအဆင့်ကို အပြီးသတ်ရန် သေချာပေါက် လိုအပ်သော်လည်း သူ့ထံတွင် ငွေကြေးမရှိတော့ပေ။ သူ၏ တစ်ခုတည်းသော ဖြေရှင်းချက်မှာ ငွေကို တစ်နည်းနည်းဖြင့် ရှာရန်သာဖြစ်သည်။
ရီဖန်၏ မြင်သာထင်သာရှိသည့် တစ်ခုတည်းသော ပိုင်ဆိုင်မှုမှာ အနီရောင် သံသတ္တုရိုင်းသိုက်ဖြစ်သည်။
အကယ်၍ သူသည် အလှမ်းဝေးသော ဝမ်လုကောင်တီသို့ အမှန်တကယ် ပြောင်းရွှေ့ဖြစ်ပါက ချန်ဟဲမြို့ရှိလုပ်ငန်းများကို စီမံခန့်ခွဲရန် ခက်ခဲလိမ့်မည်။
လက်နက်ပြုလုပ်ရန်လိုသော ပစ္စည်းတစ်ခုအနေဖြင့် အနီရောင်သံရိုင်း၏ လိုအပ်ချက်မှာ မြင့်မားသည်။ ရီဖန်၏ အင်အားကြောင့် အခြားမိသားစုများက သူ့ကို စျေးလျှော့မပြောရဲကြဘဲရှိသည်။
မည်သို့ပင်ဆိုစေကာမူ မိသားစုတစ်စုတည်းကသာ အနီရောင်သံရိုင်းသတ္တုတွင်းတစ်ခုလုံးကို ရယူရန်မှာ လက်တွေ့မကျဘဲရှိသည်။ ၎င်းသည် မိသားစုများစွာ၏ ပူးပေါင်းအားထုတ်မှသာ ရနိုင်မည်ဖြစ်သည်။
သတ္တုတွင်းမှာ လျင်မြန်စွာပင် ရောင်းထွက်သွားကာ ငွေစငါးသောင်းသည် မျှတသောစျေးနှုန်းဖြစ်သည်။ သုံးရက်အကြာတွင် ငွေများကို ရီဖန်ထံ ပေးပို့ခဲ့ကြသည်။
ချန်ဟဲမြို့မှ မိသားစုများသည် ထိုနေ့တွင် ရီဖန်တို့ ထွက်ခွါရန် မစောင့်နိုင်ကြဘဲရှိသည်။ ထိုသို့သော ထင်ရှားသည့်ပုဂ္ဂိုလ် ရှိနေခြင်းသည် ၎င်းတို့အား မွန်းကြပ်စေပါသည်။
သုံးရက်အကြာတွင် ငွေစခြောက်သောင်းယူ၍ ရီဖန်သည် ဝမ်လုကောင်တီသို့ ထပ်မံရောက်ရှိလာသည်။
လေးမျက်နှာစာခြံဝင်းတစ်ဝင်းအတွက် ငွေငါးသောင်း ကုန်ကျသည်။ ထိုပမာဏကို သုံးစွဲလိုက်ခြင်းသည် ရီဖန်၏ နှလုံးကို သွေးအန်စေခဲ့သည်။ သို့သော်လည်း ဤငွေများကို သုံးစွဲခဲ့ရသည်။
"ရွှေဒဏ္ဍာရီကိုထုတ်လိုက်"
“မိသားစုစရိုက်- ထူးခြားသောစွမ်းရည် (အပြာ) ဆုကို လက်ခံရရှိတဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။ ကျင့်ကြံရေးအတတ်ပညာ အမှတ်၂၀၀ တိုးလာပါပြီ”
‘နောက်ဆုံးတော့ ဒါပဲလေ!’
ရီဖန်သည် လက်သီးကို အားရပါးရ ဆုပ်ထားသည်။
"စနစ်၊ မိသားစုစရိုက်ကို တင်လိုက်ပါ"
မိသားစုစရိုက်လက္ခဏာ သက်ရောက်ပြီးသည်နှင့် ချန်ဟဲမြို့တွင်ရှိသော ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့သည် ၎င်းတို့ကို အချိန်အတော်ကြာ နှောက်ယှက်ခဲ့သည့် ပိတ်ဆို့မှုသည် တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
သူတို့၏ သွေးများသည် ပွက်ပွက်ဆူနေသော နွေဦးကဲ့သို့ တဟုန်းဟုန်းတောက်ကာ ချက်ချင်းပင် ပထမ မရီးဒျန်နှင့် ဒန်ထျန်းကို ဖွင့်လိုက်သည်။
ဒန်ထျန်းအတွင်းတွင် ချီစွမ်းအားစစ်၏ ပထမဆုံးအမြင်အာရုံပေါ်ပေါက်လာကာ မွေးဖွားခြင်းအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်။
ဤသည်မှာ သာလွန်ကောင်းမွန်သော အရည်အချင်းရှိခြင်း၏ မတရားသော အားသာချက်ဖြစ်သည်။ ၎င်းတို့သည် ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးကိုပင် မလိုအပ်ဘဲ တိုက်ရိုက်အောင်မြင်ခဲ့သည်။
“စနစ်၊ ငါရပ်တန့်လိုက်ဖို့ တောင်းဆိုတယ်”
ရီဖန်သည် ရပ်တန့်လိုက်ရန်အတွက် ချက်ချင်းရွေးချယ်ခဲ့သည်။
ချီစွမ်းအားစစ် အသွယ်သွယ်သည် ပါးလွှာသော လေထုထဲမှ ထွက်ပေါ်လာကာ ရီဖန်၏ခန္ဓာကိုယ်နှင့် နယ်မြေထဲ၌ အဆက်မပြတ် အားကောင်းစွာ စီးဆင်းနေသည်။
ဒုတိယမြောက် မရီးဒျန် ပြီးမြောက်သွားသည်။
တတိယမြောက် မရီးဒျန်သည်လည်း ပြီးမြောက်သွားပြန်သည်။
စတုတ္ထမရီးဒျန်သို့ ရောက်ရှိခါနီး၌ အကျိုးသက်ရောက်မှုသည် ပျောက်ကွယ်သွားသည်။
ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် အစောပိုင်းမွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။
အမှန်တကယ်တွင် ၎င်း၏ကျင့်ကြံရေးကို လျင်မြန်စွာတိုးတက်စေရန်အတွက် ပိုမိုအားကောင်းသော မွေးဖွားခြင်းအဆင့်ကိုကျင့်ကြံရန် လိုအပ်ပါသည်။
ကိုယ်ခန္ဓာကြံ့ခိုင်သန်မာခြင်း ၏တိုးတက်မှုသည် ရီဖန်၏တိုးတက်မှုအပေါ် များစွာအကျိုးသက်ရောက်မှုမရှိတော့ပေ။
ရီဖန်သည် ကျင့်ကြံမှုပြီးစီးသွားသည့်အချိန်၌ စနစ်ထံမှ သတိပေးချက်တစ်ခုပေါ်လာသည်။
"ရေရှည်မစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ မိသားစုအင်အား၂ (ပြီးဆုံး)သွားပြီး ဆုလာဘ်ထုတ်ယူနိုင်ပါပြီ"
ပျော်ရွှင်မှုနှစ်ဆသည် တစ်ပြိုင်နက် ရောက်ရှိလာသည်။ မိသားစုအင်အားမစ်ရှင်၏ ဒုတိယအဆင့်ကိုအောင်မြင်စွာ ပြီးမြောက်သွားသဖြင့် ဒုတိယစနစ်၏
ဆုလာဘ် ရောက်လာပြီဖြစ်သည်။
“စနစ်၊ ဆုငွေကို ထုတ်လိုက်ပါ”
“မိသားစုစရိုက်- ပညာသားပါသော ပါရမီရှင် ဆုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်။ (အပြာ) ဉာဏ်အလင်း ၂၀၀ တိုးလာပါပြီ”
စရိုက်ကို ဖြည့်သွင်းလိုက်သည့်အခါ ရီဖန်သည် သူ့စိတ်ထဲတွင် အလွန်ကြည်လင်လာသည်ကို ခံစားလိုက်ရသည်။
သာမာန်အချိန်အတော်ကြာ တွေးတောတွေးတောရမည့် ပြဿနာများကို ယခုတွင် မျက်လုံးတစ်မှိတ်အတွင်း၌ ဖြေရှင်းနိုင်ပြီဖြစ်သည်။
သူ့အရင်ဘဝက ဤကဲ့သို့သော ဥာဏ်အလင်းမျိုးရရှိခဲ့ပါက ကန်စွန်းဥကင်ရခြင်းမဟုတ်ဘဲ အမြင့်ဆုံးအဆင့် စာမေးပွဲပင်အောင်မြင်နိုင်ခဲ့မည်ဖြစ်သည်။
မိသားစုနေရာကို လုံခြုံစေပြီးနောက် ရီဖန်သည် ချန်ဟယ်မြို့သို့ ပြန်လာကာ သူ့ကိစ္စအားလုံးကိုဖြေရှင်းပြီးနောက် မိသာစုနှင့်အတူ စတင်ပြောင်းရွှေ့ခဲ့သည်။
မြင်းလှည်းသည် ချန်ဟယ်မြို့မှ ထွက်ခွါလာသည့်အခါ ရီဖန်သည် အနည်းငယ်စိတ်ခံစားချက်မတည်မငြိမ်ဖြစ်လာသည်။ ရီမိသားစုသည် ခရီးအသစ်ကို စတင်ခဲ့ပြီဖြစ်သည်။
ချန်ဟယ်မြို့အတွင်းရှိ မိသားစုများစွာသည် ရီမိသားစု ထွက်သွားသည်ကို ကြည့်ကာ မျက်လုံးများကို တိတ်တဆိတ် သုတ်လိုက်သည်။ ရီမိသားစုသည် နောက်ဆုံးတွင် ထွက်ခွါသွားခဲ့သည်။ နောင်အခါတွင် ချန်ဟယ်မြို့တွင် ၎င်းတို့သည်သာ အုပ်ချုပ်သူများတစ်ဖန်ပြန်ဖြစ်လာလိမ့်မည်။
ဝမ်လုကောင်တီ၏ ကြီးမားသော မြို့ရိုးများကို မြင်လိုက်သည်နှင့် ရီမိသားစုဝင်အားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။
အထူးသဖြင့် ရီကျင်းထျန်နှင့် ရီကျင်းဟိုင်တို့သည် ရီဖန်နှင့်အတူ အဆင်းရဲဆုံးအချိန်များကို ဖြတ်သန်းခဲ့ဖူးသည်။
မူလက သူတို့သည် လယ်သမားများအဖြစ် တစ်သက်လုံး ကုန်ဆုံးမည်ဟု ထင်ခဲ့ကြသော်လည်း ယခုအခါတွင် ၎င်းတို့သည် မွေးဖွားခြင်နယ်မြေအဆင့်ရှိ သိုင်းပညာရှင်များဖြစ်လာရုံသာမကဘဲ ဝမ်လုကောင်တီတွင်လည်း ပို၍တိုးတက်လာရန် လမ်းစလျှောက်နေကြပြီဖြစ်သည်။
သူတို့နှစ်ယောက်လုံးသည် ရီဖန်ကိုကြည့်ကာ သူ့အပေါ် သူတို့၏ ချစ်ခင်လေးစားမှုသည် ပို၍ အားကောင်းလာခဲ့သည်။
‘သူတို့အဖေက ဘာမဆို လုပ်နိုင်စွမ်းရှိတယ်။’
"သခင့်ကိုတွေ့ရတာ တကယ့်ကို ကျွန်မရဲ့ကံကောင်းမှုပဲ" စုယန်သည် အလွန်စိတ်လှုပ်ရှားကာ သူမ၏မျက်လုံးများသည် စိုစွတ်နေပါသည်။
"ယန်ယန် ခဏပဲစောင့်၊ မင်းနဲ့အတူ စီရင်စုမြို့ကို လိုက်ခဲ့မယ်၊ မင်းမိသားစုကို ငါတို့ရှာတွေ့မှာပါ"
စုယန်သည် ထွက်ပြေးခဲ့စဉ်က ရီဖန်နှင့်တွေ့သည့်အခါ သူမ၏သားစုကို ပြန်တွေ့နိုင်မည်ဟု မထင်ထားခဲ့ပေ။
"သခင် အဲ့တုန်းက ကျွန်မတို့တွေ လူစုကွဲလာခဲ့တာ၊ ကျွန်မမိသားစုကို ရှာတွေ့နိုင်ပါ့မလားမသိဘူး" ယခုကဲ့သို့ မတည်ငြိမ်သည့်ခေတ်တွင် ရီဖန်နှင့် တွေ့ခွင့်ရသည်မှာ သူမအတွက် ကံကောင်းလှသည်။
တခြားသူများ ရှင်သန်နိုင်ခဲ့ခြင်းရှိမရှိကို သူမ မသိခဲ့ရပါ။
နောက်ဆုံးအကြိမ် စီရင်စုမြို့သို့သွားချိန်၌ အကယ်၍ သူမ၏ဆွေမျိုးများ အသက်ရှင်နေသေးပါက ထိုနေရာတွင် ရှိနေသင့်သည်။
မွေးရာပါပင်ကိုယ်စွမ်းရည်နှင့် ဉာဏ်အလင်းတိုးတက်မှုသည် ရီမိသားစုဝင်တိုင်းကို ပို၍လုံ့လစိုက်ထုတ်လေ့ကျင့်စေခဲ့သည်။ စုယန်သည်ပင် ကျင့်ကြံရေးခံစားချက်ကို လုံး၀ စွဲလန်းနေခဲ့သည်။ ရီဖန်သည် ရီမိသားစုအတွက် လုပ်ငန်းအချို့ကို ပြင်ဆင်ရန် သူ့တစ်ယောက်တည်းသာ သွားနိုင်ရှာသည်။
ရီမိသားစု၏ အဓိကလုပ်ငန်းမှာ ရီဆေးဆိုင်သာဖြစ်သည်။ သို့သော်ယခုတွင် ရီဆေးဆိုင်ဟူ၍ မဟုတ်ဘဲ၊ ရီဆေးခန်းဟု ပြောင်းခေါ်ရမည်ဖြစ်သည်။
ရီမိသားစုအတွက် ရနိုင်သောငွေသည် ဆယ်သိန်းခန့်သာ ရှိသည်။ ထို့ကြောင့် ဆိုင်ကို ဝယ်ယူ၍မရဘဲ ငှါးရမ်း၍သာရသည်။ ဆိုင်တစ်ဆိုင်အတွက် လစဉ်ငှားရမ်းခမှာ ငွေငါးရာဖြစ်ကြောင်း ရီဖန်ကြားသောအခါ ထခုန်မိလုနီးပါးဖြစ်ခဲ့သည်။
‘ဒီဆိုင်က ရွှေငွေနဲ့လုပ်ထားလို့ ဈေးအရမ်းကြီးနေတာလား’
နေရာများစွာတွင် မေးမြန်းစုံစမ်းပြီးသည့်နောက်တွင် တူညီသောစျေးနှုန်းများရရှိခဲ့သောကြောင့် ရီဖန်သည် ငှါးရမ်းရန်သာ ရွေးချယ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ ဤငွေများကို ဆေးလုံးဝယ်ယူမည့်သူများထံမှ ပြန်ရနိုင်မည်ဖြစ်သည်။
အိမ်ငှါးရမည်၊ အစေခံများဝယ်ယူရမည်၊ အိမ်ထောင်ပစ္စည်းများလဲ ဝယ်ယူရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် စုယန်သည် နောက်ပိုင်းတွင် ကူညီလာသည်။ မဟုတ်ပါက ရီဖန်သည် တောင့်ခံ့ထားနိုင်တော့မည်မဟုတ်ပေ။
ဆေးခန်းမဖွင့်မီ တစ်ပတ်အလိုတွင် ရီဖန်သည် လိုအပ်သည့် ဆေးလုံးများကို စတင်ပြုလုပ်ရန် အသင့်ပြင်ဆင်ထားသည့် ဆေးဖိုအခန်းအတွင်း၌ မိမိကိုယ်ကို ပိတ်ထားလိုက်တော့သည်။
တစ်နေ့လျှင် ငွေ ၁၀ချောင်းကုန်ကျသော ရွှေရောင်ကာဗွန်ချောင်းကို သုံးရသည်။ ဆေးဖိုအခန်း၏ အပူချိန်နှင့် စိုထိုင်းဆသည်ပြောင်းလဲခြင်းမရှိဘဲ အခန်း၏အလှဆင်မှုသည် ငွေထောင်ဂဏန်းတချို့ကုန်ကျသည်။
ငွေထောင်ပေါင်းများစွာ ကုန်ကျသော ရီဖန်၏ နာမည်ကြီး ဆေးဖိုနှင့် အခန်းတွင်းရှိ ဆေးဖက်ဝင်ပစ္စည်းများမှာ ငွေစငါးထောင်ကျော်ရှိသည်။
တုပေါင်ဆေးခန်းတွင် ဂျင်ဆင်းတစ်ရာဆေးလုံးကို ရောင်းချခြင်းနိုင်ခြင်းကြောင့်မဟုတ်ပါက ရီမိသားစုသည် ဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ရန် ပိုက်ဆံပင်မရှိပေ။ ယခုဆိုလျှင် ရီမိသားစုသည် ငွေစတစ်ထောင်ပင်မရနိုင်တော့ဘဲရှိသည်။
"စတင်ဖို့အချိန်ကျပြီ"
ရီဖန်သည်သည် ပြီးပြည့်စုံသည့်ငါးပါးဆေးမှုန့်နှင့် သွေးဆူပွက်ဆေးလုံးများ၏နည်းစနစ်ကို မြှင့်တင်ခြင်းဖြင့် စတင်ခဲ့သည်။
ပြီးပြည့်စုံသည့်ငါးပါးဆေးမှုန့်သည် မယုံနိုင်လောက်အောင် ပြင်းထန်ကာ ကြာရှည်ခံသော ဆေးလုံးငါးမျိုး ဖြစ်လာသည်။
သွေးဆူပွက်ဆေးလုံးသည် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှု အစောပိုင်းနှင့် အလယ်အဆင့်များတွင်သာ ထိရောက်မှုရှိသည့်အဆင့်မှ နယ်ပယ်တစ်ခုလုံးတွင် ထိရောက်မှုရှိသည်အထိ ပြောင်းလဲတိုးတက်သွားသည်။
တိုးတက်လာသော အကျိုးသက်ရောက်မှုများကြောင့် ဈေးနှုန်းများသည်လည်း မြင့်တက်လာသည်။
ပြီးပြည့်စုံသည့်ငါးပါးဆေးလုံးတစ်လုံးအတွက် ငွေစငါးစကုန်ကျကာ ငွေစဆယ်စဖြင့်ရောင်းချသည်။
သွေးဆူပွက်ဆေးလုံးတစ်လုံးသည် ငွေစနှစ်ဆယ် ကုန်ကျကာ ငွေစငါးဆယ်ဖြင့် ရောင်းချခဲ့သည်။
ဂျင်ဆင်းတစ်ရာဆေးလုံးအတွက် ငွေစတစ်ရာ၊ အလျှော့အတင်းမရှိ။
နောက်ဆုံးအနေဖြင့် ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးရှိသည်။ အနိမ့်ဆုံးအဆင့် ဆေးလုံးအတွက် ငွေတစ်သောင်းဖြင့်စတင်ကာ စိတ်ကြိုက်ပြုလုပ်ပေးနိုင်သည်။
ကန့်သတ်ချက်ထိုးဖောက်ဆေးလုံး ပြုလုပ်ရန် အခက်အခဲသည် ကြီးမားသည်၊ အလယ်အလတ်အဆင့် ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးသည် ငွေစသုံးသောင်းမှ စတင်ကာ လိုအပ်သောပစ္စည်းကို ကိုယ်တိုင်ပေးရမည်ဖြစ်သည်။
အဆင့်မြင့်ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးအတွက်မူ ရီဖန်သည် မပြုလုပ်နိုင်သေးပေ။
အလယ်တန်းအဆင့်ကန့်သတ်ချက်ထိုးဖောက်ဆေးတစ်လုံးပြုလုပ်ရန်မှာ ဆယ့်ငါးရက်ခန့် လိုအပ်သည်။
ဤဆယ့်ငါးရက်အတွင်း၌ ရီဖန်၏ချီစွမ်းအားစစ်သည် မီး၏တည်ငြိမ်မှုကို အချိန်တိုင်းထိန်းချုပ်ထားရန်လိုအပ်သည်။
ရီဖန်၏ ကျင့်ကြံရေးအဆင့်သည် မွေးဖွားခြင်းနယ်မြေ အစောပိုင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသောကြောင့် အလယ်တန်းအဆင့်ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးများကို ပြုလုပ်လာနိုင်ခြင်းဖြစ်သည်။
အဆင့်မြင့်ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးကို ပြုလုပ်လိုပါက ချီစွမ်းအားစစ်၏ ခွန်အားနှင့် ပမာဏကို ဖြည့်ဆည်းရန်အတွက် ရီဖန်၏ကျင့်ကြံရေးအဆင့်သည် အနည်းဆုံး အလယ်တန်းအဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိရမည်ဖြစ်သည်။
ငါးရက်အကြာတွင် ရီဖန်သည် ဆေးဖိုအခန်းမှ နွမ်းလျစွာထွက်လာသည်။
ပြီးပြည့်စုံသည့်ငါးပါးဆေးလုံးနှစ်ရာ၊ သွေးဆူပွက်ဆေးလုံးတစ်ရာနှင့် ဂျင်ဆင်းတစ်ရာဆေးလုံး ငါးဆယ်တို့ကို ပြုလုပ်နိုင်ခဲ့သည်။
ဆေးဖက်ဝင်ပစ္စည်းများအားလုံးသည် လုံးဝကုန်ဆုံးသွားပြီဖြစ်သည်။ စုစုပေါင်းအမြတ်ငွေခြောက်ထောင်မျှရရှိမည့်သဘောဖြစ်သည်။
ဆေးပညာသည် အမှန်တကယ်ပင် အလွန်အကျိုးအမြတ်များသော လုပ်ငန်းတစ်ခုဖြစ်သည်။
……………………
အခန်း (၂၇) ချမ်းသာကြွယ်ဝမှုကို စွဲလမ်းနေသည့် ရီကျင်းဖန်
သုံးရက်အကြာတွင် ရီဆေးခန်းသည် တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။
ကမ္ပည်းဖုံးထားသော အနီရောင်အ၀တ်စကို ဖြုတ်ချလိုက်သောအခါ ချက်ချင်းပင် အာရုံစိုက်မှုများစွာကို ရရှိခဲ့သည်။ ‘ဆေးခန်း’ ဟူသောအမည်သည် ၎င်းသည် ဆေးလုံးများရောင်းချသည့်နေရာဖြစ်ကြောင်း ရည်ညွှန်းသည်။
ဆေးလုံးရောင်းချနိုင်သည့် အဓိပ္ပါယ်သည် ဆေးဆရာတစ်ဦး ရှိနေခြင်းကို ဖော်ပြကာ၊ ဆေးဆရာများမှာ ရှာပါးသည်။ ဆေးဆရာတစ်ဦးစီသည် ၎င်းတို့၏အရည်အချင်းဖြင့် ကျော်ကြားသည်။ ဝမ်လုကောင်တီတွင် နောက်ထပ်ဆေးဆရာတစ်ဦးကို မည်သည့်အချိန်က ရရှိခဲ့ပါသနည်း။
ရီဖန်သည် အထူးအဖွင့်လျှော့စျေးများနှင့် ပရိုမိုးရှင်းများကို မလိုအပ်သည့်အတွက် မရွေးချယ်ခဲ့ပေ။ ဆေးဆရာများသည် အဖိုးတန်သောကြောင့် ၎င်းသည် ဝယ်သူ၏စျေးကွက်မဟုတ်ဘဲ အမြဲတမ်းပင် ရောင်းသူ၏စျေးကွက်ဖြစ်သည်။
အတိုချုပ်ဆိုရလျှင် ရိုးရိုးရှင်းရှင်းပင်- ‘မင်းလိုချင်ရင်ဝယ်၊ မင်းမဝယ်ချင်ရင်ထားခဲ့’
အကယ်၍ ဆေးဆရာများသည် ဤမျှလောက်ယုံကြည်မှုမရှိပါက သိုင်းပညာရှင်အများအပြားသည် အဘယ်ကြောင့် ဆေးဆရာဖြစ်လာရန် ဆန္ဒရှိကြပါမည်နည်း။
ရီဖန်ငှားထားသောဆိုင်သည် ဝမ်လုကောင်တီ၏အလုပ်အများဆုံးနေရာတွင်တည်ရှိသည်။ သို့မဟုတ်ပါက ငှားရမ်းခသည် ဤမျှမြင့်မားမည်မဟုတ်ပေ။
ထို့အပြင် ဒီနေရာတွင် ဈေးဝယ်ရန်တတ်နိုင်သည့်သူ အများစုသည် အစွမ်းထက်သောသိုင်းပညာရှင်များသာဖြစ်သည်။ ဤလူများသည် အတိအကျပင် ရီဖန်၏ ပစ်မှတ်လူတန်းစားများဖြစ်သည်။
သိုင်းပညာရှင်အနည်းငယ်သည် ရီဆေးခန်းသို့ဝင်ရောက်ကာ ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးနှင့် ၎င်း၏အဆင့်မြင့်ဆေးလုံးကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်ကို တွေ့လိုက်ရသောအခါတွင် ၎င်းတို့သည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။
ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးကို ပြုလုပ်နိုင်သည့် ဆေးဆရာအများစုသည် မွေးဖွားခြင်းအဆင့်ရှိသည့် သိုင်းပညာရှင်များဖြစ်သည်။
သူတို့သည် ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးကို မလိုအပ်သော်လည်း ဆွေမျိုးများနှင့် သားစဉ်မြေးဆက်များရှိနေသေးသည်။ ၎င်းတို့သည် သေချာပေါက် လိုအပ်မည်ဖြစ်သည်။
အဆင့်နိမ့် ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးကို ကမ်းလှမ်းရုံမျှဖြင့် ၎င်းတို့အား ဤကဲ့သို့ စိတ်လှုပ်ရှားစေမည်မဟုတ်သော်လည်း အဓိကဆွဲဆောင်မှုမှာ ရီဖန်၏ အဆင့်မြင့်ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးကို ကိုယ်တိုင်စိတ်ကြိုက်ပြုလုပ်ခြင်းပင်ဖြစ်သည်။
"ဆိုင်ရှင်၊ ဒီကို မြန်မြန်လာပါဦး။ ခင်ဗျားတကယ်ပဲ အဆင့်မြင့်ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးကို လုပ်နိုင်တာလား” သိုင်းပညာရှင်တစ်ဦးသည် ရီဖန်ငှားရမ်းထားသည့် ကိုယ်ခန္ဓာကြံ့ခိုင်သန်မာမှုအဆင့်ရှိသောဆိုင်ရှင်ကို စိတ်လှုပ်ရှားစွာ အော်မေးလိုက်သည်။
မေးခွန်းကိုကြားသည့်အခါ သူသည် ယုံကြည်မှုအပြည့်နဲ့ ပြုံးကာ “ငါတို့ပြောထားမှာတော့ ငါတို့မှာလုပ်ပေးနိုင်တဲ့ ယုံကြည်မှုရှိလို့ပေါ့”
လူတိုင်း၏သံသယစိတ်ကို ရီဆေးခန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သူ တုံ့ဆိုင်းနေပါက၊ ၎င်းသည် လူများကို စိတ်မချရဟု ထင်စေမည်ဖြစ်သည်။
"အားလုံးပဲ၊ ကျွန်တော်က ရီဆေးခန်းရဲ့ ပိုင်ရှင်ပါ။ အဆင့်နိမ့်ဖြစ်စေ၊ အဆင့်မြင့်ဖြစ်စေ ကျွန်တော်တို့ဆေးလုံးကိုသေချာပေါက်ပြုလုပ်ပေးနိုင်တာကို သေချာပေါက် အာမခံပါတယ်”
ရီဖန်သည် လူအုပ်ကြားတွင် ရပ်နေသည်။ ယနေ့တွင် ရီဆေးခန်းသည် ရေလှိုင်းကြီးတစ်ခုဖန်တီးရမည်။ မဟုတ်ပါက မိသားစုဝင်များ၏ကျင့်ကြံမှုကို ပံ့ပိုးရန် လိုအပ်သော ဆေးဖိုးများကိုပင် တတ်နိုင်မည်မဟုတ်ပေ။
ရီဖန်၏စကားကိုကြားသောအခါ လူအများသည် စတင်တွေးတောလာသည်မှာ ဤရီဆေးခန်းသည် အလွန်အစွမ်းထက်ပုံပေါက်သည် ဟူ၍ဖြစ်သည်။
"အကြီးအကဲရီ၊ ငါတို့ ရှန်မိသားစုက ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးတချို့ မှာယူဖို့ စဉ်းစားထာရတယ်၊ အသေးစိတ် ဆွေးနွေးလို့ရမလား”
ရှန်မိသားစုသည် ဝမ်လုကောင်တီရှိ ပထမတန်းစားမိသားစုဖြစ်ကာ ကြံ့ခိုင်မှုနှောင်းပိုင်းအဆင့်ရှိသည့် အစွမ်းထက်သောစစ်သည်များပိုင်ဆိုင်ထားသည်။
ဤလူများသည် အမှန်တကယ်ဖောက်သည်ကြီးများဖြစ်သည့်အတွက် ရီဖန်သည် သေချာပေါက်ငြင်းပယ်ခြင်းမရှိပါ။
"အကြီးအကဲရီ၊ ငါတို့လီမိသားစုလည်း မှာဖို့စဉ်းစားထားတယ်”
တစ်ရက်တည်းတွင် ရီဖန်သည် ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးဆယ်လုံးအတွက် အမှာစာများ ရရှိခဲ့သည်။ ၎င်းတို့ထဲမှ အများစုမှာ အဆင့်မြင့်ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးများဖြစ်သည်။
ဟင်းသီးဟင်းရွက်များ ဝယ်သကဲ့သို့ ကန့်သတ်ချက်ထိုးဖောက်ဆေးလုံးများဝယ်ယူနေကြသည်ကို ကြည့်ကာ ရီဖန်သည် သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်- ‘ခွေးကြီးတွေ အုပ်စုလိုက်ပဲ’
ဤအမှာစာများသည် ရီဖန်ကို အချိန်ကြာမြင့်စွာ အလုပ်ရှုပ်နေစေရန် လုံလောက်သည်။ ရီဖန်သည် အမှာစာများကို ဆက်လက်၍လက်မခံတော့ပေ။ ဤဆေးလုံးများကို အရင်ပြီးစီးအောင် ပြုလုပ်ရန် ကြံရွယ်လိုက်သည်။
မူလက ရီဖန်သည် သူယနေ့ရောင်းချသော အဆင့်မြင့်ဆေးလုံးမျာရမှာ ရောင်းမကုန်နိုင်ဟု ထင်ခဲ့သည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ တစ်ရက်တည်းတွင် ရီဖန်ပြင်ဆင်ထားသော ဆေးလုံးပေါင်း ရာဂဏန်းခန့် ရောင်းထွက်သွားသည်။
အဆုံးတွင် ရီဖန်သည်ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခဲ့ရကာ နောက်တစ်ကြိမ် ထပ်မံပြုလုပ်ပေးမည်ဖြစ်ကြောင်ရ ကတိပေးခဲ့သည်။
တစ်နေ့တည်းတွင် ငွေခြောက်ထောင်ရခဲ့ကာ ရီဖန်သည် အနည်းငယ်လန့်သွားခဲ့သည်။ သူသည် ဤမျှနာမည်ကြီးသည်လေ။
ရီဖန်သည် ယခုအချိန်တွင် အမှောင်ထဲမှနေ၍ ရီမိသားစုကို ပစ်မှတ်ထားသည့် လူအများအပြားရှိမည်ဟု ခန့်မှန်းလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ရီဆေးခန်း၏ ဂုဏ်သတင်းသည် နှိုက်နှိုက်ချွတ်ချွတ်ပင် အောင်မြင်လာခဲ့သည်။
နောက်ရက်များတွင် ရီဖန်သည် နေ့တိုင်းဆေးဖိုအခန်းတွင် နှစ်မြုပ်နေခဲ့သည်။ ရီဆေးခန်းတွင်ရောင်းချရန်လိုအပ်သော ဆေးလုံးများအပြင်၊ တုပေါင်ဆေးခန်းသို့လည်း ဆေးလုံးတချို့ကို ပေးဆောင်ရမည်ဖြစ်သည်။ မဟုတ်ပါက သူတို့မည်ကဲ့သို့အကျိုးအမြတ်ရတော့မည်နည်း။
"ဦးလေး၊ သမီး ဆေးပညာသင်ချင်တယ်" ဟု ရီကျင်းဖန်သည် ရီဖန်ကို ပြောလိုက်သည်။ “ဆေးပညာသင်ချင်လို့လား။ သေချာပေါက်ရတာပေါ့"
ရီဖန်သည် ဆေးပညာကိုတတ်မြောက်လိုသည့် ကျောင်းသားတစ်ဦးကို ရီမိသားစုအတွင်းမှ ရှာဖွေချင်နေခဲ့သည်။ သို့သော် ရီမိသားစုဝင်များသည် ယင်းကိုစိတ်မဝင်စားကြပုံရကာ ဆေးပညာကို သင်ယူလိုသည်ဟု မည်သူမျှ မပြောခဲ့ကြပေ။
ရီဖန်သည် ခဏမျှစဉ်းစားပြီးနောက် “ရှောင်ဖန်၊ သမီးဘာလို့ ဆေးပညာကို သင်ယူချင်တာလဲ" ဟု မေးလိုက်သည်။
“ဘာလို့ဆို ဆေးပညာက ပိုက်ဆံအများကြီးရှာနိုင်လို့လေ ”
ရီကျင်းဖန် ထိုစကားကိုပြောနေသည့်အချိန်၌ သူမ၏မျက်လုံးများသည် ကြယ်လေးများအသွင် တောက်ပနေသည်။
ဤသည်ကိုကြားသည့်အခါ ရီဖန်သည် တအံ့တဩဖြင့် ရယ်နေမိသည်။
"အိမ်မှာ ပိုက်ဆံမရှိလို့လား" ရီဖန်သည် ဝေခွဲမရစွာမေးလိုက်သည်။
ရီဖန်သိရသလောက်မှာ သူတို့အိမ်တွင် မည်သည့်အချိန်ကမျှ ပိုက်ဆံပြတ်လပ်ခြင်းမရှိခဲ့ပါ။
ရီကျင်းဖန်သည် သူမခေါင်းကို ခါယမ်းလိုက်ကာ “ဦးလေး၊ သမီးတို့ အိမ်မှာကောင်းကောင်းနေရပါတယ်။ ပိုက်ဆံလည်းမပြတ်ပါဘူး။ ဒါပေမယ့် သမီးပိုက်ဆံကို ကြိုက်တယ်။ ငွေရှာတဲ့ ခံစားချက်က လူတွေကို ပျော်ရွှင်စေတယ်လေ” ရီကျင်းဖန်သည် လွန်စွာစိတ်အားထက်သန်နေကာ ငွေရှာခြင်းသည် သူမ၏ဝါသနာတစ်ခုဖြစ်ပုံရသည်။
ရီဖန်သည် မနေနိုင်ဘဲ ရှောင်ဖန်၏ ခေါင်းလေးကို ပွတ်သပ်ကာ သူမသည် အမှန်တကယ် ပင်ငွေကိုးကွယ်သူလေးဖြစ်နေကြောင်းကို သူသတိမထားမိခဲ့ခြင်းဖြစ်သည်။
သို့သော် ရီဖန်သည် ၎င်းအတွက် ပြဿနာတစ်စုံတစ်ရာမတွေ့ပေ။ ပိုက်ဆံကို သဘောကျသည်မှာ သဘာဝပင်ဖြစ်သည်။
ထို့အပြင် ငွေနှင့်ပတ်သက်သည့် မှန်ကန်သောအမြင်ရှိခြင်းသည်လည်း ရှေ့သို့တက်လှမ်းရန် တွန်းအားတစ်ခု ဖြစ်လာနိုင်သည်။
“ရှောင်ဖန်က သင်ယူချင်တယ်ဆိုမှတော့ ဦးလေးက မင်းကို သေချာသင်ပေးမှာပေါ့ "
ဆေးပညာသည် ရိုးရှင်းသောကိစ္စရပ်တစ်ခုမဟုတ်ပေ။ ဖြစ်စဉ်အတွင်း၌ ပြင်းပြင်းထန်ထန် ခံနိုင်ရည်ရှိရမည့် အပူဒဏ်သည် လူအများစုကို စိတ်ဓာတ်ကျစေနိုင်သည်။
မူလက ရီဖန်သည် မိန်းကလေးငယ်မှာ ကြာရှည်စွာတောင့်ခံနိုင်မည်မဟုတ်ဟု ထင်ခဲ့သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ တစ်နှစ်ခွဲကြာပြီးနောက် ရီကျင်းဖန်သည် အရှုံးမပေးရုံသာမက ပို၍ပင် စိတ်အားထက်သန်လာခဲ့သည်။
“ဂျင်ဆင်းတစ်ရာဆေးလုံး စျေးနှုန်းက ငွေစတစ်ရာ၊ ဆယ်စဆို တစ်ထောင်၊ တစ်ရာဆို တစ်သောင်း ကျတယ်။ ငါသေချာသင်ယူဖို့ ကြိုးစားရမယ်။ တတ်ပြီးသွားရင် ငါချမ်းသာပြီ"
“ရှောင်ဖန်၊ ငွေရှာဖို့အတွက် မင်း အရှုံးမပေးလို့မရဘူးနော်"
သူမသည် စွန့်လွှတ်လိုစိတ်ပေါ်လာသည့်အခါတိုင်း ရီကျင်းဖန်သည်သည် သူ့ကိုယ်သူ လှုံ့ဆော်ရန် လစဉ် ရီဖန်ရရှိသော ငွေစများကို အသုံးပြုသည်။
သူမသည် ရီမိသားစုအတွက်ရော သူမကိုယ်တိုင်အတွက်ပါ ငွေရှာရန် လိုအပ်သည်။
"ညီမလေး ရှောင်ဖန်၊ အင်း... အစ်ကို့ကို ငွေစတစ်ရာ ချေးပေးနိုင်မလား"
ရီကျင်းဟိုင်သည် ရီကျင်းဖန်ကိုပြောလိုက်ပြီးသည်နှင့် ခေါင်းကုတ်လိုက်ကာ မျက်နှာသည်လည်း နီမြန်းနေသည်။ သူ့ညီမဆီမှ ပိုက်ဆံချေးသည့် အစ်ကိုတစ်ယောက်အနေဖြင့် သူသည် ပထမဆုံးဖြစ်မည်ထင်သည်။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိခဲ့ပေ။ အိမ်မှာရှိသည့် ပိုက်ဆံများကို စုယန်က စီမံခန့်ခွဲသည်။
ကျင့်ကြံရေးအရင်းအမြစ်များ ပြတ်လပ်သည်မရှိသော်လည်း ရီကျင်းဟိုင်သည် လစဉ် ငွေစတစ်ရာသာရရှိသည်။ သူသည် ကိုယ်ပိုင်လုပ်ငန်းရှိကာ ငွေရှာနိုင်သည့် ရီကျင်းထျန်နှင့်မတူပေ။
သူပိုက်ဆံထပ်တောင်းသည့်အခါ ရီဖန်သည် သူ့ကို မိန်းမရှာခိုင်းကာ ရီကျင်းဟိုင်ကို မျှော်လင့်ချက်မဲ့စေသည်။
အမျိုးသမီးများသည် သူ၏ကျင့်ကြံရေးအတွက် အမှန်တကယ် အကျိုးသက်ရောက်စေခဲ့သည်။
"ဘာအတွက် ပိုက်ဆံလိုလို့လဲ" ရီကျင်းဖန်သည် သူမ၏ ပိုက်ဆံအိတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ ရီကျင်းဟိုင်ကို သံသယဖြင့် ကြည့်နေသည်။
“ဒီအကြောင်းကို တခြားဘယ်သူ့ကိုမှ မပြောနဲ့။
မြို့ထဲမှာ တပည့်တွေလက်ခံနေတဲ့ ဂိုဏ်းတစ်ခုရှိတယ်။ အစ်ကို ဂိုဏ်းထဲဝင်ချင်လို့၊ ဒီတစ်ရာက အစ်ကို့အရည်အချင်းကို စမ်းသပ်ဖို့ အခကြေးငွေပဲ”
‘ဂိုဏ်းတစ်ခုလား?’
ရီကျင်းဟိုင်၏ အကြောင်းပြချက်ကို ကြားပြီးနောက် ရီကျင်းဖန်သည် နောက်ထပ် မငြင်းဆန်ခဲ့ပေ။
ရီကျင်းဖန်သည် ငွေကို နှစ်သက်သော်လည်း၊ အထူးသဖြင့် သူမ၏ မိသားစုဝင်များကို မည်သည့်အခါမျှ တွန့်တိုခြင်းမရှိပေ။
“အစ်ကိုကြီးဟိုင်၊ ဒီငွေစတစ်ရာကို အစ်ကို့အတွက် ညီမလေးပေးတာလို့ မှတ်လိုက်ပါ၊ ပြန်ပေးစရာမလိုဘူးနော်"
“ရှောင်ဖန်၊ မင်းက အကောင်းဆုံးပဲ!"
ရီကျင်းဟိုင်သည် ငွေစတစ်ရာကိုကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် တံခါးဆီသို့ ပြေးသွားလိုက်သည်။
သူ့မိသားစုကို အကူအညီမတောင်းရခြင်း အကြောင်းရင်းမှာ ရီကျင်းဟိုင်သည် သူ၏ အရည်အချင်းမလုံလောက်မည်ကို စိုးရိမ်သောကြောင့် ရွေးချယ်မခံရပါက ရှက်ဖွယ်ကောင်းမည်ဖြစ်သောကြောင့်ဖြစ်သည်။
ဦးစွာ သူသည် စာမေးပွဲကို ဖြေရမည်၊ ထို့နောက် ရွေးချယ်ခံရပါက သူ့မိသားစုကို ပြောပြမည်။ အရွေးမခံရပါက ဤအဖြစ်အပျက်သည် မည်သည့်အချိန်ကမျှ မဖြစ်ဖူးသကဲ့သို့ သဘောထားလိုက်မည်။
‘ကောင်းကင်ဓားဂိုဏ်းရေ၊ ငါလာပြီ။’
…………………………