အခန်း ၄၃-၄၅
Vol. 3 Ch. 43-45
အခန်း (၄၃) ချီစွမ်းအားကျင့်ကြံမှု အဆင့်ခြောက်
လူအားလုံး၏ အကြည့်သည် ယွမ်ချောင်ယန်ထံသို့ ကျရောက်သွားသည်။
ယွမ်ချောင်ယန်သည်လည်း မစိုးရိမ်ဘဲ မနေနိုင်တော့ပေ။ ရီမိသားစုသည် မျိုးနွယ်စုလေးတစ်ခုသာ ဖြစ်သောကြောင့် ကောင်းမွန်သောပစ္စည်းများ မည်ကဲ့သို့ထုတ်ပေးနိုင်မည်နည်း။ အကယ်၍သူသည် စောစီးစွာသိရှိခဲ့ရပါက ရီကျင်းဟိုင်အတွက် တစ်စုံတစ်ခုကြိုတင်ပြင်ဆင်ပေးထားနိုင်မည်ဖြစ်သည်။
အနည်းဆုံးတွင် သူ့သမီးထံမှ အထင်လွဲခံရတော့မည်မဟုတ်ချေ။ မသိစိတ်ထဲ၌ သူသည် ရီကျင်းဟိုင်ကို လက်ခံခဲ့ပြီးဖြစ်၏။
“အဖေ၊ သူတို့သိချင်ရင် ကြည့်ကြပါစေ"
ယွမ်တင်းဟန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း လျင်မြန်စွာပင် ပြန်လည်ဖြေလျှော့လိုက်သည်။
သေချာပေါက်ပင် သူမသည် ရီကျင်းဟိုင်၏ လက်ထပ်ခွင့်ကမ်းလှမ်းချက်ကို သိရှိပြီးဖြစ်သည်။
ယွမ်တင်းဟန်သည်ပင် ရီဖန်ပြုလုပ်ထားသော ကိုးယွမ်ဓားကို လွန်စွာသဘောကျခဲ့သည်။
သူမ၏ယောက္ခမဖြစ်သူသည် ဆေးပညာကို လေ့ကျင့်ရုံသာမကဘဲ အင်မော်တယ်ပစ္စည်းများပြုလုပ်သန့်စင်ခြင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံများကိုပါ လေ့ကျင့်နိုင်ခဲ့ကာ အရာအားလုံးတွင်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
ကိုးယွမ်ဓား၏ စွမ်းအားကို စမ်းသပ်ပြီးနောက် ယွမ်တင်းဟန်သည် ရီဖန်အပေါ် လေးစားမှုနှင့် ယုံကြည်မှုအပြည့်ရှိသည်။
‘သူတို့ကြည့်ချင်ရင် ကြည့်ကြပေါ့’
ယွမ်တင်းဟန်သည် ထိုသံသယဝင်နေသူများကို သူမခင်ပွန်း၏ ခွန်အားကို ပြသလိုသည်။
သိုလှောင်အိတ်ကိုဖွင့်လိုက်ကာ သေတ္တာသုံးလုံးကို ထုတ်ယူလိုက်သည်။ ပထမသေတ္တာတွင် ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးတချို့ပါရှိသည်။ ဒုတိယသေတ္တာတွင် အလယ်အလတ်အဆင့် မှော်ဝတ်ရုံတစ်ထည်ပါရှိသည်။
ဤသေတ္တာနှစ်လုံးသည် အပေါ်ယံကြည့်ရှုသူများကို ပြုံးစေကာ ယွမ်ချောင်ယန်၏ အမူအရာသည်လည်း ပြောင်းလဲသွားသည်။ နောက်ဆုံးသေတ္တာတွင် အလယ်အလတ်အဆင့်အင်မော်တယ်ဓားပျံကိုးချောင်းကို ထုတ်လိုက်သောအခါ စောင့်ကြည့်သူများသည် ပို၍ပင် ပြုံးရွှင်သွားတော့သည်။
တစ်ဖက်တွင်မူ ယွမ်ချောင်ယန်၏ မျက်နှာသည် လုံးဝ မည်းမှောင်သွားသည်။ လက်ဆောင်များသည် ချို့တဲ့နေသည်ဟု သူမခံစားရသော်လည်း ရီကျင်းဟိုင်သည် စည်းမျဉ်းစည်းကမ်းမလိုက်နာခဲ့ဟု သူထင်ခဲ့သွား၏။
အလယ်အလတ်အဆင့်အင်မော်တယ်ပစ္စည်းအချို့သည် အဆင့်မြင့်အင်မော်တယ်ပစ္စည်းတစ်ခုနှင့်ပင် နှိုင်းယှဉ်၍မရချေ။
ယွမ်တင်းဟန်သည် အနည်းငယ်နေရာရွေ့လိုက်ကာ သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပျံများသည် သူမရှေ့တွင် ပေါ်လာသည်။
သူမ၏ဂါထာကိုဆက်လက်ရွတ်ဆိုခဲ့ပြီး ဒြပ်စင်သုံးခုအခင်းအကျင်းကို စတင်တည်ဆောက်လိုက်သည်။
ဓားကိုးလက်သည် ဒြပ်စင်သုံးခုအခင်းအကျင်းဖြစ်သွားပြီးနောက် ၎င်းတို့၏ စွမ်းအားသည် ချက်ချင်းကြီးမားလာသည်။
ထပ်မံ၍ ဒြပ်စင်သုံးခုအခင်းအကျင်းသည် ပို၍ကြီးမားသော ဖွဲ့စည်းတည်ဆောက်မှုအခင်းအကျင်း အဖြစ်သို့ လျင်မြန်စွာ ပေါင်းစပ်သွားသည်။ဓားများ၏ပျံသန်းမှုအရှိန်ကို မှန်းဆ၍မရသော်လည်း ၎င်းတို့၏ ပေါင်းစပ်စွမ်းအားသည် လျော့မသွားပေ။ ထိုအစား ပို၍ပင် အားကောင်းလာသည်။
"မဖြစ်နိုင်တာ၊ တင်းဟန်က ချီစွမ်းအားကျင့်ကြံရေး စတုတ္ထအဆင့်မှာပဲ ရှိသေးတယ်၊ အလယ်အလတ်အဆင့်အင်မော်တယ်ဓားပျံကိုးချောင်းကို တစ်ချိန်တည်း ဘယ်လိုကိုင်တွယ်နိုင်မှာလဲ"
အင်မော်တယ်လက်နက်များကို ထိန်းချုပ်ရန်အတွက် ဝိညာဉ်စွမ်းအားသာမက သန်မာသောစိတ်စွမ်းအားလည်း လိုအပ်ပေသည်။ အင်မော်တယ်လက်နက်ပိုမိုများပြားစွာ ကိုင်တွယ်လိုပါက စိတ်ပိုင်းဆိုင်ရာစွမ်းအင်ကို ပို၍များပြားစွာလိုအပ်မည်ဖြစ်သည်။
ယေဘူယျအားဖြင့် ချီစွမ်းအားသန့်စင်မှုအလယ်အလတ်အဆင့်ရှိသော ကျင့်ကြံသူသည် အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်သုံးမျိုးကိုသာ ထိန်းချုပ်နိုင်သည်။ ၎င်းသည် သူတို့၏ ကန့်သတ်ချက်ဖြစ်၏။
အဆင့်မြင့်အင်မော်တယ်လက်နက်ကို ထိန်းချုပ်သည့်အခါ ချီစွမ်းအားသန့်စင်မှုအဆင့်ရှိသည့် ကျင့်ကြံသူသည်ပင် ကြာရှည်မခံနိုင်ချေ။
ယွမ်တင်းဟန်သည် အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်ကိုးခုကို လွယ်ကူစွာ ထိန်းချုပ်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် လူတိုင်းသည် သူမ၏အထူးနည်းစနစ်ကြောင့် အံ့အားသင့်ခဲ့ရသည်။
ယွမ်ချောင်ယန်သည်သာ အမှတ်များကို မြင်တွေ့ရကာ ထိုအင်မော်တယ်လက်နက်များကိုတွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။
“ဒါတွေက… အင်မော်တယ်လက်နက်တွေ အစုံလိုက်ပဲ”
ပြီးပြည့်စုံသော အင်မော်တယ်လက်နက်အစုံသည် တစ်ခုချင်းစီထက် အဆများစွာ အားကောင်းသော်လည်း စွမ်းအင်သုံးစွဲမှုသည် ရှေးဟောင်းပစ္စည်းတစ်ခုတည်းကို ထိန်းချုပ်ခြင်းထက် အနည်းငယ်မျှသာပိုများသည်။
ကိုးယွမ်ဓား၏ စျေးနှုန်းသည် သီးခြားအလယ်အလတ်အဆင့် အင်မော်တယ်လက်နက်ကိုးခုနှင့် နှိုင်းယှဉ်၍မရပေ။ ယွမ်ချောင်ယန်၏ ခန့်မှန်းချက်အရ အဆင့်မြင့် အင်မော်တယ်လက်နက်သုံးခုသည်ပင် ကိုးယွမ်ဓားအစုံလိုက်နှင့် မယှဉ်နိုင်ဘဲရှိသည်။
အဆင့်မြင့်အင်မော်တယ်လက်နက်သုံးမျိုးသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး သုံးထောင်ထက်မနည်း ကုန်ကျသည်ဖြစ်ကာ မူလက ရီမိသားစုသည် ပြည့်စုံခြင်းမရှိဟု ထင်ခဲ့သည့် ယွမ်ချောင်ယန်သည် ရုတ်တရက်မျက်နှာပူသွားသည်။
‘ယွမ်မိသားစုကသာ တွန့်တိုနေတာကွ’
"ဒါတွေက အင်မော်တယ်လက်နက်အစုံလိုက်မဟုတ်လား ရှောင်ယွမ်"ဟု ယွမ်ချောင်ယန်မေးလိုက်ရာ
ယွမ်တင်းဟန်သည် “ဟုတ်ပါတယ်” ဂုဏ်ယူစွာဖြေရင်း ခေါင်းညိတ်လိုက်သည်။
တခြားသူများသည် အသက်ပြင်းပြင်းရှူလိုက်ရ၏။ သူတို့သည်သာ ဥာဏ်တိမ်သောသူများဖြစ်ပုံရသည်။ အထူးသဖြင့် ပွဲကြီးပွဲကောင်းတစ်ခုကြည့်ရရန် မျှော် လင့်နေခဲ့သူများသည် ယခုအချိန်တွင် ခေါင်းပင်မဖော်ရဲတော့ချေ။
အဆင့်မြင့်အင်မော်တယ်လက်နက်များကို ရှာရန်လွယ်ကူသော်လည်း အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်အစုံလိုက်သည် ရှာတွေ့ရန်မလွယ်ကူပါ။ အနည်းဆုံး သူတို့၏ယွမ်မိသားစုသည်ပင် ၎င်းကို ဝယ်ယူနိုင်မည်မဟုတ်ပေ။
"ကျွန်မရဲ့ယောက္ခမက ကျွန်မအတွက် အထူးပြင်ဆင်ပေးထားတာလေ။ သူက တခြားသူတွေ ကျွန်မကိုအထင်အမြင်မသေးစေချင်ဘူးတဲ့”
ယွမ်တင်းဟန်သည် ဤစကားများကို ဂုဏ်ယူဝမ်းမြောက်မှုအပြည့်ဖြင့် ပြောလိုက်သည်။
ဤအင်မော်တယ်လက်နက်အစုံလိုက်သည် ယွမ်တင်းဟန်အတွက် ရီမိသားစု၏ အရေးပါမှုကို ဖော်ပြနေကာ ယွမ်ချောင်ယန်သည်လည်း အလွန်ကျေနပ်နှစ်သိမ့်လျက်ရှိသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ယွမ်ချောင်ယန်သည် ချဉ်စူးစူးခံစားချက်ကို ခံစားလိုက်ရသည်။ သူ၏ တစ်ဦးတည်းသောအဖိုးတန်လေးသည် အခြားသူတစ်ဦးအတွက်ဖြစ်သွားတော့မည်ဖြစ်သည်။
မူလက သူသည် ရီမိသားစုမှာ သူ့သမီးနှင့် မထိုက်တန်ဟု ထင်ခဲ့သော်လည်း ယခုအခါတွင် သူ၏ ယွမ်မိသားစုသည်ပင် ရီကျင်းဟိုင်နှင့်အနည်းငယ် မထိုက်တန်ပုံရသည်။ ယွမ်ချောင်ယန်ကို အံ့အားသင့်စေဆုံးသူသည် ရီကျင်းဟိုင်၏ဖခင်၊ ရီမိသားစု၏ မိသားစုအကြီးအကဲဖြစ်သူ ရီဖန်ဖြစ်သည်။
သူသည် ဆေးပညာကို လေ့ကျင့်နိုင်သည်၊ ရှေးဟောင်းပစ္စည်းများကို သန့်စင်ပြုပြင်နိုင်သည့်အပြင် ဖွဲ့စည်းတည်ဆောက်မှုအခင်းအကျင်းများပင် ပြုလုပ်နိုင်သည်။ မည်သည့်နေရာတွင်မျှ အားနည်းမည့်ပုံမပေါ်ချေ။ ထိုသို့သောလူသည် နောင်တစ်ချိန် သေချာပေါက် ကျော်ကြားလာမည်ဖြစ်သည်။
ထိုခဏတွင် ယွမ်ချောင်ယန်သည် သူနှင့် မိတ်ဆေွသူငယ်ချင်းဖွဲ့ရန် စိတ်ကူးရှိခဲ့သည်။ ယွမ်တင်းဟန်နှင့် ရီကျင်းဟိုင်တို့၏ လက်ထပ်ထိမ်းမြားမှု ပြီးဆုံးသွားသည့်အခါတွင် အခွင့်အရေးရလာမည်ဖြစ်သည်။
ယွမ်တင်းဟန်သည် ခင်ပွန်းကောင်းတစ်ဦးကို ရရှိလိုက်သည်ဟူ၍ ချီးကျူးပြောဆိုလာသော လူအုပ်ကြီးကြောင့် ယွမ်ချောင်ယန်သည် အပြုံးကြီးပြုံးနေတော့သည်။
ယွမ်မိသားစုသည် ရီကျင်းဟိုင်၏ လက်ဆောင်ကို လက်ခံလိုက်ခြင်းသည် ၎င်းတို့သည် ရီမိသားစုနှင့် ခမည်းခမက်အဖြစ် လက်ခံသည်ဟုဆိုလိုသည်။ နောက်တစ်ခုသည် ရီဖန်နှင့် ယွမ်ချောင်ယန်တို့၏ စကားဝိုင်းပင်။
သုံးရက်အကြာတွင် ရီဖန်သည် ယွမ်မိသားစုသို့ ရောက်ရှိလာကာ ယွမ်ချောင်ယန်ကို တွေ့ဆုံခဲ့သည်။
“ခမည်းခမက်တို့၊ ယွမ်မိသားစုကို လာလည်ပြီးမှတော့ နောက်ထပ်ရက်အနည်းငယ်လောက် သေချာပေါက်နေသွားပါဦး"
"အစ်ကိုယွမ်၊ ခင်ဗျားကို ဒုက္ခပေးရမှာ အားနာစရာပဲဗျာ" နှစ်ယောက်လုံးသည် တွေ့ဆုံချိန်တွင် တင်းမာမှု မရှိခဲ့သည့်အပြင် စောစီးစွာမဆုံဖြစ်သည့်အတွက်သာ စိတ်မကောင်းဖြစ်နေကြသည်။
နှစ်ဖက်ဆွေးနွေးပြီးနောက် မင်္ဂလာဆောင်မည့်ရက်ကို အဆင်ပြေချောမွေ့စွာ စီစဉ်ပေးခဲ့သည်။
သူထွက်သွားခါနီးတွင် ရီဖန်သည် စုယန်အကြောင်းကို ရုတ်တရက်တွေးမိကာ
“ခမည်းခမက်တို့၊ ကွမ်ဟယ်စီရင်စုမှာရှိတဲ့ စုမိသားစုအကြောင်းများ သိလားခင်ဗျာ" ဟု မေးလိုက်သည်။
"စုမိသားစု ခင်ဗျားပြောတာ ကွမ်ဟယ်စီရင်စုက အဲဒီစုမိသားစုကို ပြောတာလား”
စုမိသားစုသည် ကွမ်ဟယ်စီရင်စုရှိ ထိပ်တန်းမျိုးနွယ်စုဖြစ်ကာ ယွမ်မိသားစုထက်ပင် အားကောင်းသည်။ မိသားစု၏ အကြီးအကဲသည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေသို့ တက်လှမ်းရန် ခြေတစ်လှမ်းမျှသာကျန်တော့သည်ဟု ယူဆထားကြသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေသို့ ကျော်ဖြတ်သွားပါက ၎င်းသည် ကွမ်ဟယ်စီရင်စု၏ ထိပ်တန်းမျိုးနွယ်စုဖြစ်လာပေမည်။ ရီဖန်သည် သက်ပြင်းချလိုက်သည်။ စုမိသားစုသည် အမှန်တကယ်ပင် အင်အားကြီးမားလှသည်။ စုယန်ကို အချိန်တိုအတွင်း ပြန်ခေါ်နိုင်ရန် အခက်အခဲရှိမည့်ပုံပင်။
"ဘာကြောင့်များလဲ အစ်ကိုရီ၊ စုမိသားစုနဲ့များ ရန်ငြိုးရှိလို့လား” ယွမ်ချောင်ယန်သည် ရီဖန်၏အမူအရာကြောင့် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ ရီဖန်နှင့် စုမိသားစုဆို့ ရန်ငြိုးရှိပါက ယွမ်ချောင်ယန် ဒုက္ခရောက်လိမ့်မည်။
“အမှန်တော့ ရန်ငြှိုးရယ်လို့မဟုတ်ပါဘူး၊ ကျွန်တော် ဘာမှမဟုတ်ခင်က ကျွန်တော့်အမျိုးသမီးနဲ့နဲ့တွေ့ခဲ့တာလေ။ နောက်တော့ စုမိသားစုက အိမ်တံခါးထိရောက်လာပြီး သူမကို ပြန်ခေါ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။ အခုတော့ ကျွန်တော် သူမကို ဆက်သွယ်လို့မရတော့ဘူး"
စုယန်အကြောင်းပြောရပါက သူတို့မဆက်သွယ်ဖြစ်သည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် စုယန်သည် စုမိသားစုတွင် ကောင်းမွန်စွာရှိနေကြောင်း သူသိခဲ့ရသောကြောင့်သာ ရီဖန်၏စိုးရိမ်မှုအနည်းငယ်ကို သက်သာစေခဲ့သည်။
“ခမည်းခမက်၊ ကျွန်တော် စုမိသားစုက လူကြီးတစ်ယောက်နဲ့ ရင်းနှီးတာ ရှိတယ်။ စာပို့တဲ့နေရာမှာများ အကူအညီလိုရင် ကျွန်တော့ကိုပြောပါ"
နှောင်းပိုင်းအဆင့်ချီစွမ်းအားကျင့်ကြံရေးနယ်မြေရှိ ကျင့်ကြံသူတစ်ဦးအနေဖြင့် ယွမ်ချောင်ယန်သည် ကွမ်ဟယ်စီရင်စုတွင် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ အဆက်အသွယ်များစွာရှိသည်။
"ကျေးဇူးအများကြီးတင်ပါတယ် ယောက္ခမ"
ရီဖန်သည်အနည်းငယ် ဦးညွှတ်လိုက်၏။ အစဉ်မပြတ်ဆက်သွယ်နေနိုင်ပါက ကောင်းပေမည်။
အချိန်များသည် တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားကာ တစ်လအတွင်း၌ ရီမိသားစု၏ ကျင့်ကြံရေးအဆင့်သည် တိုးတက်လာ၍ ချီစွမ်းအားကျင့်ကြံမှုအဆင့်နှစ်သို့ ရောက်ရှိခဲ့သည်။ နှစ်နှစ်အတွင်း ချီစွမ်းအားကျင့်ကြံမှု အဆင့်နှစ်သို့ဖြတ်ကျော်ခြင်းသည် အလွန်မြန်ဆန်သည်။
ရီကျင်းဟိုင်နှင့် ယွမ်တင်းဟန်တို့သည်လည်း အောင်မြင်စွာ လက်ထပ်ခဲ့ကြသည်။
သူ၏ချွေးမဖြစ်သူ ချီစွမ်းအားကျင့်ကြံမှုအဆင့်လေးရှိသည့် ယွမ်တင်းဟန်ကြောင့် ရီဖန်၏ ကျင့်ကြံရေးအဆင့်တိုးတက်မှုသည် ဤတစ်ကြိမ်တွင် မကြုံစဖူးပြင်းထန်လှသည်။
ရီဖန်သည် ချီစွမ်းအားသန့်စင်မှုနယ်ပယ်၏ အထွတ်အထိပ်သို့ရောက်ရန် ရည်ရွယ်သည့် ကျင့်ကြံရေးနည်းစနစ်ကို ဝယ်ယူထားပြီးဖြစ်သည်။ ချီစွမ်းအားသန့်စင်မှုအဆင့်အတွက် ကျင့်ကြံရေးနည်းစနစ်များသည် အထူးအဖိုးတန်သည်မဟုတ်ရာ ရီဖန်သည် ဝိညာဉ်ကျောက်တုံးနှစ်ရာကျော်နှင့် ရရှိခဲ့သည်။
သူသည်ချီစွမ်းအားကျင့်ကြံမှုအဆင့်လေးမှ အဆင့်ငါး၊ အဆင့်ခြောက်အထိ အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ဆက်တိုက်ပင် အဆင့်တက်သွားသည်။
…………………………
အခန်း (၄၄) ရီမိသားစု၏ စိတ်ဝိညာဉ်နယ်မြေ
"ယွမ်မိသားစုကို အောင်မြင်စွာလက်ထပ်လိုက်နိုင်တဲ့အတွက် မိသားစုစွမ်းအားတန်ဖိုး အမှတ် ၂၀ တိုးလာပါပြီ"
ကျင့်ကြံရေးအောင်မြင်မှုနှင့် မိသားစုစွမ်းအားတန်ဖိုးသည် တစ်ပြိုင်တည်း တိုးလာသည့်အတွက် ၎င်းသည် နှစ်ထပ်ကွမ်းအောင်မြင်မှုဖြစ်သည်။ စနစ်၏တွက်ချက်မှုများအရ မိသားစုစွမ်းအားဒုတိယအဆင့်ကို အပြီးသတ်ရန် အချိန်ကြာမြင့်တော့မည် မဟုတ်ချေ။
မကြာသေးမီက ရီမိသားစု၏အသုံးစရိတ်များသည် မိသားစု၏ဝင်ငွေထက် သိသိသာသာများပြားလာခဲ့သည်။ ရီဖန်ထံတွင် စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်အောက်သာ ကျန်တော့သည်။ ထို့ကြောင့် အသည်းအသန်ငွေရှာရန် အချိန်ရောက်လာပြီဖြစ်သည်။
ဆေးလုံးများထုတ်လုပ်သည့် လုပ်ငန်းစဉ်သည် တစ်လလျှင် ဝိညာဉ်ကျောက်တုံးနှစ်ရာခန့် ဝင်ငွေရနိုင်သည်။ဝိညာဉ်ကျောက်တုံးသွေးကြောမှ ရရှိသော၀င်ငွေသည် တစ်လလျှင် ဝိညာဉ်ကျောက်တုံးတစ်ရာခန့်ရှိသည်။
ရီမိသားစုဝင်များသည် ကျင့်ကြံရေးအတွက် တစ်လလျှင် ဝိညာဉ်ကျောက်တုံး နှစ်ရာကျော် အသုံးပြုကြသည်။ ဝင်ငွေနှင့် အသုံးစရိတ်သည် ကာမိရုံသာရှိသောကြောင့် ဝင်ငွေရင်းမြစ်အသစ် လိုအပ်လာပြီဖြစ်သည်။
ဝင်ငွေတိုးပွါးလာရတ်အတွက် ရီဖန်ထံတွင် အကြမ်းဖျင်းစိတ်ကူးတချို့ရှိထားပြီးဖြစ်သည်။
‘ဝိညာဉ်ရေးနယ်မြေများ’
မှန်ပါ၏၊ ရီဖန်သည် ဝိညာဉ်ရေးနယ်မြေကိုဖွင့်ကာ သူကိုယ်တိုင် ဆေးဖက်ဝင်အပင်များကို စတင်စိုက်ပျိုးရန်အတွက် စီစဉ်နေသည်။
လင်ဇီးမှိုများ၊ ဖိုတီ၊ ဂျင်ဆင်းနှင့် အခြားဆေးဖက်ဝင်အပင်များကို ပုံမှန်စားသုံးကြလေ့ရှိသောကြောင့် ရီဖန်သည် ဆေးဖော်စပ်ရန်အတွက် ဆေးဖက်ဝင်အပင်များအားလုံးကို အသုံးမပြုသည့်တိုင် ၎င်းတို့ကိုသီးသန့်ရောင်းချနိုင်သည်။
ရီဖန်သည် ရီမိသားစု၏ အနောက်ဘက်ရှိတောင်သို့သွားကာ နယ်မြေများစွာကို သတ်မှတ်ခဲ့သည်။ ထို့နောက် ဝိညာဉ်ကျောက်တုံးများကို အမှုန့်အဖြစ်သို့ ကြိတ်ချေကာ ၎င်းတို့အပေါ်ဖြန့်ခင်းလိုက်သည်။
သူသည် ဝိညာဉ်ရေးစွမ်းအင်ကို စုပ်ယူရန်နှင့် ဆေးဖက်ဝင်အပင်များကို အာဟာရဖြစ်စေရန်အတွက် နယ်ပယ်များတွင် အခင်းအကျင်းများ ဖွဲ့စည်းတည်ဆောက်ရန်လိုအပ်မည်ဖြစ်သည်။
ရီဖန်သည် ဝိညာဉ်နယ်မြေတစ်ခု၏ကုန်ကျစရိတ်သည် ဝိညာဉ်ကျောက်တုံးငါးဆယ်ခန့်ရှိမည်ဟု ခန့်မှန်းခဲ့သည်။ ဝိညာဉ်ရေးနယ်မြေတစ်ခုတွင် ဝိညာဉ်ရေးဆေးဖက်ဝင်အပင်တစ်ရာခန့် ကြီးထွားနိုင်သည်။
ရီဖန်တည်ထောင်နိုင်သော ဝိညာဉ်ရေးနယ်မြေများသည် အဆင့်နိမ့်မျှသာဖြစ်ကာ သာမာန်ဆေးဖက်ဝင်အပင်များ၏ ကြီးထွားမှုကို ထက်ဝက်ခန့်လျှော့ချနိုင်သော်လည်း ဆေးဖက်ဝင်အပင်များကို ကြီးမားစွာတိုးပွါးလာစေရန် မစွမ်းဆောင်ပေးနိုင်ချေ။
၎င်းတို့၏ အမည်အတိုင်းပင် ဝိညာဉ်ရေးဆေးဖက်ဝင်အပင်များသည် ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်သည်။ဝိညာဉ်ရေးစွမ်းအင်၏ သိပ်သည်းမှုလုံလောက်စွာ မြင့်မားနေသရွေ့ သာမန်ဝိညာဉ်ရေးဆေးပင်အများအပြားသည် အချိန်တိုအတွင်း ရင့်ကျက်လာနိုင်သည်။
သို့သော် ရီဖန်၏ မြွေစိမ်းသွေးမျိုးဆက်၏ အရှိန်မြှင့်နိုင်မှုသည် သာမန်ဆေးဖက်ဝင်အပင်များအပေါ်တွင် အသုံးချရန် များစွာမထိုက်တန်လှချေ။
ဆယ်စုနှစ်တစ်ခုအတွင်း ရာနှင့်ချီသော ဝိညာဉ်ကျောက်တုံးများကျသင့်သည့် သွေးဝိညာဉ်ဂျင်ဆင်းကဲ့သို့သော အဖိုးတန်ဝိညာဉ်ဆေးများသည်သာ ရီဖန်၏အရှိန်မြှင့်တင်ခြင်း ခံထိုက်ပေသည် ။
ဝိညာဉ်ရေးနယ်မြေများသည် ကြီးထွားမှုစက်ဝန်းနှင့် ဝိညာဉ်အပင်သခင်၏စွမ်းရည်များဖြင့် ဆယ်နှစ်သက်တမ်းရှိ ဝိညာဉ်ရေးဆေးပင်တစ်သုတ်ကို နှစ်နှစ်အတွင်း စိုက်ပျိုးနိုင်ကာ ဝိညာဉ်ရေးဆေးပင်တစ်သုတ်သည် ဝိညာဉ်ကျောက်တုံးငါးရာနီးပါး ရရှိမည်ဖြစ်သည်။
ထိုအချိန်တွင် ရီဖန်သည် ဝိညာဉ်ရေးဆေးပင်များကို စိုက်ပျိုးခြင်းသည် မည်မျှအကျိုးအမြတ်ရှိသည်ကို သိလိုက်သည်။ ဤငွေများကို တခြားသူများထံ ပေးဆောင်ရန်မလိုတော့ချေ။
မျက်စိတစ်မှိတ်အတွင်းတွင် အချိန်နှစ်နှစ်ကြာသွားချေပြီ။ ရီဖန်သည် ယခု အသက်ငါးဆယ့်ငါးနှစ်ရှိပြီိဖြစ်သည်။ ဤနှစ်နှစ်တာကာလအတွင်း ရီမိသားစု၏ အပြောင်းအလဲများသည် မကြီးမားလှပေ။
တိုးတက်လာသောအရည်အချင်းများကြောင့် ရီမိသားစု၏ ကျင့်ကြံရေးအရှိန်သည် သိသိသာသာ တိုးတက်လာသည်။
အထူးသဖြင့် သစ်သားစွမ်းရည်နည်းစနစ်ကို ကျင့်ကြံရာတွင် မယုံနိုင်လောက်အောင် မြန်ဆန်သည်။ ရီကျင်းဟိုင်၊ ရီကျင်းထျန်၊ ရီရှောင်းရှောင်းနှင့် ပထမအသုတ်စတင်ကျင့်ကြံခဲ့သူများသည် ချီစွမ်းအားကျင့်ကြံမှုတတိယအလွှာကိုထိုးဖောက်နိုင်ပြီးဖြစ်သည်။
အခြားကိုယ်လုပ်တော်များသည်လည်း ချီစွမ်းအားကျင့်ကြံရေး ဒုတိယအလွှာသို့ ရောက်ရှိပြီးဖြစ်ကာ တတိယအလွှာမှ ခြေတစ်လှမ်းသာကွာဝေးတော့သည်။ ရီဖန်၏ ကျင့်ကြံမှုအဆင့်သည် ယခု သတ္တမအလွှာနှင့် မဝေးလှသောချီစွမ်းအားကျင့်ကြံမှုဆဋ္ဌမအလွှာတွင် ရှိနေသည်။
ရီဖန်အမျှော်လင့်ဆုံးအရာမှာ ရီမိသားစု၏ ဝိညာဉ်ရေးနယ်မြေ ပထမအသုတ်သည် ယခုအခါ ရိတ်သိမ်းရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ လွန်ခဲ့သည့်နှစ်နှစ်က ရီဖန်သည် ၎င်း၏ပထမဆုံး ဝိညာဉ်ရေးနယ်မြေများကို အနောက်တောင်တန်းတွင်စတင်ခဲ့သည်။
ဤနှစ်နှစ်အတွင်း ရီဖန်သည် ကုန်ကျစရိတ်များကို လျှော့ချခဲ့ကာ ဝိညာဉ်ရေးရာနယ်မြေများကို ဆက်တိုက်တိုးချဲ့ခဲ့သည်။ ယခုအခါတွင် ဝိညာဉ်ရေးရာနယ်မြေ စုစုပေါင်း ဆယ်ခုရှိနေပြီဖြစ်သည်။
ဤဝိညာဉ်ရေးနယ်မြေတစ်ခုတည်းကပင် ရီမိသားစုထံသို့ ဝိညာဉ်ကျောက်တုံးနှစ်ထောင်ကျော်ကို နှစ်စဉ်ထောက်ပံ့ပေးနိုင်သည်။
ရီဖန်သည် နယ်မြေအရေအတွက်ကို မတိုးချင်သောကြောင့်မဟုတ်ဘဲ ရီမိသားစုနေထိုင်ရာ အရှေ့တောင်တန်းရှိ ဝိညာဉ်စွမ်းအင်သိပ်သည်းမှုမှာ နည်းပါးလွန်းသဖြင့် နယ်မြေဆယ်ခုသာ ထိန်းထားနိုင်သည်။
ထို့ထက်မကရှိပါက ဝိညာဉ်ရေးနယ်မြေများ၏ ထိရောက်မှု ကျဆင်းသွားမည်ဖြစ်ကာ ဆုံးရှုံးမှုသည် အမြတ်ထက်ပိုများပေမည်။
ရီဖန်သည် ဆေးလုံးသန့်စင်ခြင်းတွင် သာမာန်ပါဝင်ပစ္စည်းဖြစ်သည့် ဂျင်ဆင်းကဲ့သို့သောဆေးပင်များအတွက် ဝိညာဉ်ရေးနယ်မြေကိုးခုကို အသုံးပြုသည်။
ကျန်နယ်မြေတွင် သွေးနီရောင်ဂျင်ဆင်းအပင်သုံးပင်သည် အထူးပင် မျက်စိကျစရာဖြစ်သည်။
ရီဖန်သည် ဤသွေးဂျင်ဆင်းပင်ငယ် သုံးပင်ကိုရရှိရန် မြင့်မားသောစျေးဖြင့် ပေးဝယ်ခဲ့ကာ စုစုပေါင်း ဝိညာဉ်ကျောက်တုံးငါးဆယ်ကျသင့်ခဲ့သည်။
ယခုဆိုလျှင် ဤဂျင်ဆင်းသွေးသုံးပင်သည် ရင့်မှည့်တော့မည်ဖြစ်သည်။
ရီဖန်သည် သူ၏ပထမအဆင့် တာအိုဆေးပညာ ကျွမ်းကျင်မှုဖြင့် အထူးဆေးလုံးဖော်မြူလာများစွာကို ကျွမ်းကျင်နိုင်ခဲ့သည်။ ဥပမာအားဖြင့်၊ ကျင့်ကြံသူများ၏ သုံးနှစ်စာကျင့်ကြံခြင်းနှင့် ညီမျှသော ပထမအဆင့်အဆင့်မြင့်ဆေးလုံးဖြစ်သည့် သွေးဂျင်ဆင်းဆေးလုံးဖြစ်သည်။
ချီစွမ်းအားကျင့်ကြံခြင်း အစောပိုင်းအဆင့်တွင် ကျင့်ကြံသူများအတွက် သွေးဂျင်ဆင်းဆေးလုံးတစ်မျိုးသည် ကျင့်ကြံချိန် သုံးနှစ်နှင့် ညီမျှသည်။
ချီစွမ်းအားကျင့်ကြံမှု အလယ်အလတ်အဆင့်နှင့် နောက်ပိုင်းအဆင့်များတွင်ပင် ၎င်းသည် သိသာစွာ အကျိုးသက်ရောက်မှုရှိကာ ရီမိသားစုအတွက် အလွန်အသုံးဝင်သော ရတနာတစ်ခုဖြစ်သည်။
တစ်ဖန် ရီဖန်၏ သွေးမျိုးဆက်စွမ်းအားသည် ဂျင်ဆင်းသွေးပင်ထဲသို့ ဝင်ရောက်ပေါင်းစည်းသွားကာ ဂျင်ဆင်းသွေးပင်သုံးပင်၌ ရွှေရောင်ပုံစံ အကွက်လေးများပေါ်လာသည်။
ဂျင်ဆင်းသွေးပင်များသည် ဆယ်နှစ်တစ်ကြိမ်တွင် ရွှေရောင်ပုံစံအဝိုင်းလေးများကို ပြသမည်ဖြစ်သည်။
ရီဖန်ရှေ့ရှိ သွေးနတ်ဘုရားဂျင်ဆင်းပင်သုံးပင်သည် နောက်ဆုံးတွင် ဆယ်နှစ်ပြည့်ခဲ့ပေပြီ။
“ချီစွမ်းအားကျင့်ကြံမှု နှောင်းပိုင်းအဆင့်တောင်ရောက်တော့မှာပဲ"
ချီစွမ်းအားကျင့်ကြံမှု နောင်းပိုင်းအဆင့်များတွင် ကျင့်ကြံသူတစ်ယောက်သည် သာလွန်ကောင်းမွန်သော အင်မော်တယ်လက်နက်များကို ထိန်းချုပ်နိုင်ရုံသာမက၊ ပိုမိုအားကောင်းသော နည်းစနစ်များကိုလေ့ကျင့်နိုင်ကာ ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားသည်လည်း မြင့်မားလာမည်ဖြစ်သည်။
အရေးအကြီးဆုံးတစ်ခုမှာ ချီစွမ်းအားကျင့်ကြံမှုနောင်းပိုင်းအဆင့်များတွင် အင်မော်တယ်လက်နက်များကို ပျံသန်းနိုင်ရန်အတွက် ထိန်းချုပ်နိုင်ခြင်းပင်။
ဤစွမ်းရည်သည် ရီဖန်ခံစားလိုသော အရာဖြစ်သည်။
‘ဘယ်သူက ပျံသန်းဖို့ အိပ်မက်မရှိလိူ့လဲ’
အသက်ငါးဆယ့်ငါးနှစ်အထိ မပျံသန်းနိုင်သေးသည်မှာ စနစ်ကိုပိုင်ဆိုင်ထားသူများအတွက် အမှန်တကယ်ပင် ရှက်ဖွယ်လိလိဖြစ်သည်။
ရီဖန်သည် သွေးဂျင်ဆင်းဆေးလုံး၏အခြားဆေးဖက်ဝင်အစိတ်အပိုင်းအားလုံးကို ကြိုတင်စုဆောင်းထားသည်။ ထို့နောက် သူသည်ဆေးလုံးပေါင်းစပ်မှုကို တိုက်ရိုက်စတင်နိုင်ပြီဖြစ်သည်။
"တစ်လအတွင်း ငါ့ကို ဘယ်သူမှ မနှောင့်ယှက်ရဘူး"
လက်ရှိရီမိသားစု၏ အရေးကိစ္စများကို စီမံခန့်ခွဲနေသော ရီကျင်းထျန်ကို ပြောပြီးနောက် ရီဖန်သည် မကြာသေးမီက ဖွဲ့စည်းထားသော ဆေးဖိုအခန်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။
သွေးဂျင်ဆင်းကို ဖော်စပ်ခြင်း လုပ်ငန်းစဉ်သည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကာ ရီဖန်သည် ထိုအပေါ်လုံးဝနှစ်မြှုပ်ကာ အာရုံစူးစိုက်ရန် လိုအပ်သည်။
ဝိညာဉ်ရေးဆေးပင်တိုင်းကို မတူညီသောနည်းလမ်းများဖြင့် ဆေးရည်ဖြစ်အောင်ပြုလုပ်ရမည်ဖြစ်ကာ
ဤဆေးရည်များကို ပြီးပြည့်စုံသောဆေးလုံးများအဖြစ် ပေါင်းစပ်ရန် အတွက် စုံလင်စွာ ရောစပ်ရန် လိုအပ်သည်။
တစ်လခွဲအကြာတွင် ဆေးဖိုအခန်းတံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။ ရီဖန်၏ လက်ရှိကျင့်ကြံရေးအဆင့်နှင့်ပင် သူသည် ပင်ပန်းနေပုံရသည်။
တစ်လခွဲကြာမျှ ဆေးပညာကို ဆက်တိုက်လုပ်ဆောင်ပြီးနောက် ရီဖနိသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေခဲ့သည်။
"ဟင့်အင်း၊ နောက်တစ်ခါ ငါဒီလို ဆေးပညာမျိုးမလုပ်တော့ဘူး၊ ဒါ ငါ့ကိုသတ်နေတာပဲ!" ရီဖန်မှာ မျက်ရည်ကျလုမတတ်ပင်။ အခက်အခဲများကြောင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာရှိလျက်နှင့်ပင် ကျရှုံးတော့မတတ်ဖြစ်ခဲ့ရသည်။
သူ၏ ပြီးပြည့်စုံသော ပထမအဆင့် တာအိုဆေးပညာစွမ်းရည်ကြောင့်သာလျှင် ကျရှုံးမှုကို ရှောင်ရှားနိုင်ခဲ့သည်။ သို့မဟုတ်ပါက ရီဖန် ၏ အလယ်အလတ်အဆင့် ဆေးဖိုနှင့် ကျင့်ကြံရေးစနစ်များကင်းမဲ့သော သာမန်ဝိညာဉ်မီးဖြင့် သူသည် လွန်ခဲ့သည့်အချိန်များစွာကတည်းက ကျရှုံးခဲ့ပြီးဖြစ်သည်။
သူ၏လက်ကို လှန်လိုက်ရာ ကျောက်စိမ်းပုလင်းသုံးလုံးနှင့် ဂျင်ဆင်းသွေးဆေးလုံး ဆယ့်ငါးလုံးပေါ်လာသည်။ ၎င်းတို့ကို ရောင်းချလျှင် တစ်လုံးစီသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံးသုံးရာ ရရှိမည်ဖြစ်သည်။
ရေချိုးပြီးသောအခါ ရီဖန်သည် အားလုံးကိုဆင့်ခေါ်လိုက်သည်။
“မကြာသေးခင်က ငါဆေးပညာကနေ အမြတ်အစွန်းတချို့ ရခဲ့တယ်။ ဒါကြောင့် မင်းတို့တစ်ယောက်ချင်းစီအတွက် ဝေစုတစ်ခုစီ ရှိမယ်”
‘ပြီးခဲ့တဲ့အခေါက်ကလို ကောင်းကင်ကိုးခုနှင့် ကမ္ဘာမြေဆယ်ခုဖွင့်လှစ်ခြင်းဆေးလုံး မဟုတ်ဘူးလား။’
ရီကျင်းထျန်မှာ ၎င်းသည် သကြားဆေးလုံးတစ်ခုဟုသာ ထင်နေခဲ့သော်လည်း ၎င်း၏အကျိုးသက်ရောက်မှုသည် မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့သည်။
သွေးဂျင်ဆင်းဆေးလုံးကို ပေးလိုက်သောအခါတွင် ၎င်းသည် သာမာန်မဟုတ်ကြောင်း ၎င်း၏ရနံ့နှင့် အသွင်အပြင်မှပင် သိနိုင်သည်။
စစ်မှန်သောမြင့်မြတ်သော ဆေးလုံးများသည် ရိုးရှင်းကာ အမွမ်းတင်ထားခြင်းမရှိဘဲ ကောင်းကင်ကိုးခုနှင့် ကမ္ဘာမြေဆယ်ခုဖွင့်လှစ်ခြင်းဆေးလုံးကဲ့သို့ ဖြစ်နေရမည်။
"ဦးလေး ဒီဆေးလုံးက ဝိညာဉ်ကျောက်တုံးဘယ်လောက်ကျမှာလဲဟင်" ငွေမက်သူလေး ရီကျင်းဖန်သည် သွေးဂျင်ဆင်းဆေးလုံးများကို တောက်ပသောမျက်လုံးလေးများနှင့် စိုက်ကြည့်နေသည်။
“တစ်ခုကို စိတ်ဝိညာဉ်ကျောက်တုံး သုံးလေးရာလောက်ရှိပေမယ့် ဒါကိုရောင်းဖို့ စဉ်းတောင်မစဉ်းစားလိုက်နဲ့နော်။ ငါ့ရှေ့မှာ သေသေချာချာ စား!" ရီကျင်းဖန်၏အသွင်အပြင်ကြောင့် ရီဖန် စိတ်ပေါက်သွားသည်။
"ရောင်းဖို့ မစဉ်းစားပါဘူး! ကျင့်ကြံရေးအဆင့်ကို မြှင့်တင်ပြီးတော့ ဆေးပညာသင်ယူချင်လို့ပါ။ ဒါက ငွေရှာဖို့ လမ်းစကြီးလေ”
ရီကျင်းဖန်သည် အလွန်ဆင်ခြင်တုံတရားရှိသည်။ မြင့်မားသော ကျင့်ကြံရေးအဆင့်၊ ဆေးပညာကိုလေ့လာရင်း အမှီအခိုကင်းစွာ စွမ်းဆောင်နိုင်ခြင်းသည် ကြီးမားသောငွေရှာခြင်လမ်းကြောင်းဖြစ်သည်။
ရီကျင်းဖန်သည် ငွေခင်သူလေးဖြစ်သောကြောင့် ဤအကြံအစည်နှင့်ပတ်သက်၍ အလွန်ရှင်းလင်းသည်။ ငွေကြေးကြောင့်ပင် သူမသည် ဆေးပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။
သူမသည် စစ်မှန်သောဆေးပညာရှင်ဖြစ်လာရန် ခြေတစ်လှမ်းသာလိုတော့သည်။
သူမ၏ ကျင့်ကြံရေးအဆင့်သည် ချီစွမ်းအားကျင့်ကြံမှုစတုတ္ထအဆင့်သို့ ရောက်သည်နှင့် တပြိုင်နက် သူမသည် ဆေးလုံးများကို ပြုလုပ်နိုင်လိမ့်မည်ဟု ယူဆရသည်။ရီဖန်၏စောင့်ကြပ်မှုအောက်တွင် လူတိုင်းသည် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားသွေးဂျင်ဆင်းဆေးလုံးကို ချက်ချင်း မျိုချလိုက်ကြသည်။
……….
အခန်း (၄၅) ငါ့အဖေက ဒီကမ္ဘာပေါ်မှာအကောင်းဆုံးပဲဟေ့
ဆေး၏ အာနိသင်များ ထွက်ပေါ်လာသည်နှင့်အမျှ လူတိုင်း၏ အရောင်အဝါသည် တဖြည်းဖြည်း ပိုအားကောင်းလာသည်။
တစ်ရက်ခွဲကြာသောအခါတွင် ရှောင်သွမ်မုရှီချင်းနှင့် အခြားသူများသည် ချီစွမ်းအားကျင့်ကြံမှုတတိယအဆင့်သို့ ရောက်သွားသည်။
နောက်တစ်ရက်ကြာသောအခါ ရီကျင်းထျန်နှင့် အခြားသူများသည်လည်း အဆင့်တက်သွားကြပြီဖြစ်သည်။ ဆေးလုံးသောက်သုံးခြင်းမရှိသည့် ရီကျင်းတုံနှင့် ရီရှန်းရှင်းတို့ ကလေးနှစ်ယောက်မှလွဲ၍ ကျန်သောသူများသည် အောင်မြင်စွာ အဆင့်တက်သွားခဲ့ကြပြီဖြစ်သည်။
ရီဖန်၏လက်ထဲတွင် ရီကျင်းဟိုင်နှင့် ယွမ်တင်းဟန်တို့အတွက် ဆေးလုံးနှစ်လုံးအပြင် နောက်ထပ်ငါးခုကျန်သေးရာ သူသည် ရီဆေးဆိုင်၏ အထိမ်းအမှတ်ပစ္စည်းများအဖြစ် ဤဆေးလုံးများကိုသိမ်းဆည်းထားရန် စီစဉ်ခဲ့သည်။
ဆိုင်တစ်ဆိုင်သည် ကိုယ်ပိုင်နာမည်ရချင်ပါက ၎င်း၏တန်ဖိုးကို သက်သေပြရန်အတွက် ပစ္စည်းအချို့လိုအပ်မည် မဟုတ်ပါလော။ ချင်ယွင်စျေးထဲတွင် ရီမိသားစုသည် ဆိုင်တစ်ဆိုင်ကို ခွဲထုတ်ထားခဲ့ပြီးဖြစ်ကာ လုပ်ငန်းအတွက် အရာအားလုံးအဆင်သင့်ဖြစ်နေပေပြီ။
သို့ရာတွင်ရီဖန်သည် ချီစွမ်းအားကျင့်ကြံရေးဆဋ္ဌမအဆင့်မှတက်လှမ်းရန် အဆင်သင့်မဖြစ်သေးသည့်အတွက် အလျင်မလိုချေ။
သူသည် ချီစွမ်းအားကျင့်ကြံမှုသတ္တမမြောက်အဆင့်သို့ ရောက်ရှိရန်သာ စောင့်ဆိုင်းနေသည်။ နောက်ရက်များတွင် ဆေးပညာ၊ ချီစွမ်းအားသန့်စင်ခြင်းနှင့် ချီစွမ်းအားတိုးမြှင့်ခြင်းအကြောင်းများကိုသာ အာရုံစိုက်ထားသည်။
ချီစွမ်းအားကျင့်ကြံမှုအစောပိုင်းအဆင့်တွင် အသုံးပြုသောချီစွမ်းအားတည်ဆောက်ခြင်းဆေးလုံး၊ ချီစွမ်းအားကျင့်ကြံမှုအလယ်အလတ်အဆင့်တွင်အသုံးပြုသော ချီစွမ်းအားမြှင့်တင်ခြင်းဆေးလုံးနှင့် အလယ်အလတ်အဆင့် ချီစွမ်းအားပြန်လည်တည်ဆောက်ခြင်းဆေးလုံးများသည် အစောပိုင်းနှင့်အလယ်အဆင့်ချီစွမ်းအားကျင့်ကြံသူများကို ၎င်းတို့၏စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်ရပေးရန် ကူညီပေးသည်။
အဆင့်မြင့် ပထမအဆင့်ဆေးလုံးများနှင့်ပက်သက်၍ ရီဖန်သည် တစ်ခုမျှမပြုလုပ်ခဲ့ပေ။
အဆင့်မြင့် ပထမအဆင့် ဆေးလုံးသည် နှောင်းပိုင်းအဆင့်ချီစွမ်းအားကျင့်ကြံသူများအတွက် သင့်လျော်ကာ ထိုအဆင့်ရှိသူများသည် ချင်းယွင်စျေးမှ ထိုသို့သောကျင့်ကြံရေးပစ္စည်းများကို ဝယ်ယူခဲပါသည်။
အမှန်တကယ်တွင် ချင်းယွင်စျေးသည် အဆင့်နိမ့်ကျင့်ကြံသူများသာ အများဆုံးလာရောက်လေ့ရှိသည့် သေးငယ်တဲ့စျေးကွက်တစ်ခုဖြစ်၏။
ထို့အပြင် ရီဖန်သည် ဝိညာဉ်ရေးဆေးများကို စတင်ပြင်ဆင်နေပြီဖြစ်သည်။ ရီဆေးဆိုင်သည် ဆေးလုံးများသာမက ဝိညာဉ်ရေးဆေးများပါ ရောင်းချမည်ဖြစ်သည်။
ရီမိသားစုသည် ၎င်းတို့၏ဆိုင်ဖွင့်ပွဲအတွက် ပြင်ဆင်နေချိန်လျက်အလုပ်ရှုပ်နေရစဉ် သွေးဂျင်ဆင်းဆေးနှစ်လုံးကိုလည်း သက်ရှည်ဂိုဏ်းသို့ ပို့ဆောင်ခဲ့သည်။
ရီကျင်းဟိုင်သည် သက်ရှည်ဂိုဏ်း၏ ကြီးမြတ်သောအကြီးအကဲဖြစ်သူ ပိုင်ရွှယ်၏ သင်ကြားမှုအောက်တွင် နည်းလမ်း များကို လေ့လာနေသည်။
ချင်မုဓားသည် သစ်သားစွမ်းရည်နည်းလမ်းတစ်ခုနှင့်အသုံးပြုကာ သစ်သားဓားသုံးချောင်ဖြင့် တစ်ပြိုင်နက်တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ရီကျင်းဟိုင်၏ မြွေစိမ်းဝိညာဉ်အရင်းအမြစ်ဖြင့် ပေါင်းစပ်လိုက်သောအခါ ၎င်း၏ စွမ်းအားသည် သာမန်ကျင့်ကြံရေးအဆင့်တူညီသူများထက် ကျော်လွန်သွားတော့သည်။
ရီကျင်းဟိုင်၏ ဘေးရှိ တပည့်နှစ်ယောက်သည် သူ့ရဲ့မြွေစိမ်းဝိညာဉ်အရင်းအမြစ်ကြောင့် မနာလိုစိတ်နှင့် စိမ်းစိမ်းကားကားရှိနေရှာကြသည်။
ဗီဇပြောင်းလဲထားသော ဝိညာဉ်အရင်းအမြစ်သည် သာမန်အရင်းအမြစ်များထက်ပို၍ အစွမ်းထက်သည်မှာ အမှန်ပင်။
ရီကျင်းဟိုင်၏ ကျင့်ကြံရေးအရှိန်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှသာ စတင်လေ့ကျင့်ခဲ့သောလည်း သူသည် ဆဋ္ဌမအဆင့်ဝိညာဉ်အရင်းအမြင့်တစ်ခုထက်မနည်းရှိကာ ချီစွမ်းအားကျင့်ကြံရေးတတိယအဆင့်သို့ရောက်ရှိခဲ့ပြီးဖြစ်သည်။
မူလက ရီကျင်းဟိုင်၏ ကျင့်ကြံရေးအဆင့်သည် နိမ့်သောကြောင့် ၎င်းတို့ကိုစီနီယာများအဖြစ် ယုံကြည်ချက်ရှိနေစေခဲ့သော်လည်း ယခုတွင်မူ ၎င်းတို့၏တစ်ခုတည်းသောအားသာချက်ဖြစ်သည့် ကျင့်ကြံရေးအဆင့်သည်ပင် ရီကျင်းဟိုင်ကို သာလွန်နိုင်တော့မည်မဟုတ်ပေ။
ရီကျင်းဟိုင်အနားယူခါနီးတွင် အပြင်စည်းတပည့်တစ်ဦးသည် ကျောက်စိမ်းပုလင်းတစ်လုံးကို လာပေး၏။ သူသည် ၎င်းမှာ ရီဖန်ပို့ပေးလိုက်သည့် ချီစွမ်းအားကျင့်ကြံရေး ဆေးလူံးဖြစ်မည်ဟုတွေးမိ၏။ ရီဖန်သည် လတိုင်း ချီစွမ်းအားကျင့်ကြံရေးဆေးလုံးများကို ကျင့်ကြံရေးအရင်းအမြစ်များအဖြစ် ပို့ပေးတတ်သည်။
ကျောက်စိမ်းပုလင်းကိုဖွင့်လိုက်သည်နှင့် ထူးဆန်းသောရနံ့တစ်ခု လွင့်ပျံလာသည်။
မျက်လုံးများကိုမှိတ်ထားသော ပိုင်ရွှယ်သည် ရုတ်တရက်ဖွင့်လာကာ ရီကျင်းဟိုင်၏လက်ထဲရှိ ကျောက်စိမ်းပုလင်းကို စူးစိုက်ကြည့်ရင်း သူ့မျက်လုံးများ တလက်လက်တောက်ပလာသည်။
ကျန်တပည့်နှစ်ယောက်သည်လည်း ရီကျင်းဟိုင်လက်ထဲရှိ ကျောက်စိမ်းပုလင်းကို လှည့်ကြည့်ပြီးနောက် အံ့အားသင့်သွားကြသည်။
ဆေးလုံး၏ရနံ့သည် လွင့်ပျံနေရုံမျှနှင့် ၎င်းတို့၏ ကျင့်ကြံမှုအနည်းငယ် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ သာမာန်ဆေးလုံးမျှသာ မဖြစ်နိုင်ချေ။
ရီကျင်းဟိုင်သည် သူ့အဖေ ပေးပို့ခဲ့သော အံ့သြဖွယ်ရာအရာကို အံ့ဩစွာကြည့်နေမိသည်။
"မင်းတို့မိသားစုမှာ သွေးဂျင်ဆင်းဆေးလုံး ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘူး၊ ဒီဆရာခနလောက် ကြည့်လို့ရမလား"
သွေးဂျင်ဆင်းဆေးလုံးသည် ဖော်စပ်ရခက်လွန်းသည့်အတွက် ပထမအဆင့်ဆေးပညာရှင်များထဲတွင် ၎င်းကို ပြုလုပ်နိုင်သည့်သူမှာ အလွန်နည်းပါးသည်။ သက်ရှည်ဂိုဏ်းရှိ ဆေးပညာရှင်အများအပြားထဲ၌ပင်လျှင် ၎င်းကို မည်သူကမှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိချေ။
သက်ရှည်ဂိုဏ်းအတွက် သွေးဂျင်ဆင်းဆေးပင်ရရှိရန်မှာ အခက်အခဲမရှိသော်လည်း အခြားတစ်ဖက်တွင် ဆေးပညာရှင်ရှာရန်မှာ မလွယ်ကူလှပေ။
သက်ရှည်ဂိုဏ်းသည် ဆေးပညာကျွမ်းကျင်မှုတွင် နာမည်မရှိပါ။ ဒုတိယအဆင့်ဆေးပညာရှင်မဆိုထားနှင့် ပထမအဆင့်ဆေးပညာရှင်များပင် မရှိသလောက်ရှားပါးသည်။
ပိုင်ရွှယ်သည် သွေးဂျင်ဆင်းဆေးလုံးကို ထုတ်ယူလိုက်ပြီးနောက်သူမ၏ မျက်လုံးများသည် သိသိသာသာ ပိုတောက်ပလာသည်။
ဤသွေးဂျင်ဆင်းဆေးလုံး၏ အရည်အသွေးသည် ကိုးဆယ်ရာခိုင်နှုန်းအထိ မြင့်မားကာ ဒုတိယအဆင့်ဆေးပညာရှင်တစ်ဦး၏ နည်းစနစ်နီးပါ ကောင်းမွန်လှသည်။
"ကျင်းဟိုင်၊ မင်းတို့ ရီမိသားစုက ဆေးပညာရှင်တွေနဲ့ သိလား" သူမမေးတယ်။
ဤ ဆေးလုံးကိုပြုလုပ်ထားသည်မှာ ကြာမြင့်ပုံမရသည့်အတွက် ၎င်းသည် ဝယ်ထားခြင်းမဟုတ်ကြောင်း ပြနေသည်။
“ဆေးပညာရှင်လား?" ရီကျင်းဟိုင်သည် ခေါင်းကုတ်လိုက်ကာ "ကျွန်တော့အဖေက ဆေးပညာရှင်ပါ"
ရီကျင်းဟိုင်သည် ရီဖန်၏ ဆေးပညာလေ့ကျင့်နိုင်စွမ်းကို သတိပြုမိသော်လည်း ရီဖန်သည်ဆေးပညာတွင် မည်မျှကျွမ်းကျင်သည်နှင့် ပတ်သက်၍ သူလည်းသေချာခြင်းမရှိချေ။
"မင်းအဖေက ဆေးပညာရှင်ဆိုတော့ ဒီသွေးဂျင်ဆင်းဆေးလုံးကို မင်းအဖေကိုယ်တိုင် ဖော်စပ်ထားတာလား" ပိုင်ရွှယ်၏မျက်နှာသည် ပထမဆုံးအကြိမ်အနေဖြင့် အံ့ဩမှုများနှင့်ပြည့်နှက်သွားသည်။
"ဆရာသခင်၊ ဒီဆေးလုံးက တကယ်တန်ဖိုးကြီးတာလား" ရီကျင်းဟိုင် စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
“သေချာတာပေါ့! ဒီသွေးဂျင်ဆင်းဆေးလုံးကိုလုပ်နိုင်ဖို့ ဒုတိယအဆင့်ဆေးပညာလောက်နီးပါးရှိမှရတာ”
ထိုစကားကိုကြားသည့်အခါ တပည့်နှစ်ယောက်သည် အံ့အားသင့်သွားကြသည်။
ဒုတိယအဆင့်ဆေးပညာရှင်သည် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်ရှိသည့် ကျင့်ကြံသူထက် အနည်းငယ်အားနည်းသည့် အဆင့်တွင်ရှိသည်။
ရီကျင်းဟိုင် ခဏလောက်တွေးလိုက်ကာ “ကျွန်တော်တို့ ရီမိသားစုက မျိုးနွယ်စုလေးတစ်ခုပဲမိို့ ဒီဆေးကိုမဝယ်နိုင်တာ သေချာတယ်၊ ဒါကြောင့် ကျွန်တော့အဖေ လုပ်ခဲ့တာပဲဖြစ်မယ်"
ရီကျင်းဟိုင်ကိုကြည့်နေသော အကြီးတန်းစီနီယာနှစ်ယောက်၏မျက်လုံးသည်လည်း လုံးဝပြောင်းလဲသွားသည်။ ယခင်က သူတို့သည် ရီကျင်းဟိုင်ကို အရည်အချင်းလေးရှိသော်လည်း ကျောထောက်နောက်ခံမရှိသော မိသားစုမှလာသူဟုသာ ထင်မြင်ခဲ့ကြသည်။
သို့သော် ယခုတွင် အရာအားလုံး ပြောင်းလဲသွားပေပြီ။ ဒုတိယအဆင့်နီးနီး ဆေးပညာရှင်သည် မိတ်ဖွဲ့ရန် လုံးဝထိုက်တန်၏။
အစွမ်းထက်သော ဆေးပညာရှင် သူငယ်ချင်းတစ်ဦးရှိခြင်းသည် မိသားစုတိုင်းအတွက် ငြင်းဆန်နိုင်မည့်အရာမဟုတ်ချေ။ ပိုင်ရွှယ်သည်ပင် မျက်တောင်မကြာခဏခပ်နေမိသည်။ သူမသည် သူမ၏တပည့်ကို လျှော့တွက်ထားသည်ဟု ခံစားရသည်။
အကယ်၍ သူ့တွင် ဒုတိယအဆင့်ဆေးပညာရှင်ဖြစ်လာနိုင်သည့် ဖခင်တစ်ယောက်ရှိပါက ချီစွမ်းအားသန့်စင်ခြင်းနယ်မြေအဆင့်၏ အထင်ရှားဆုံးသော ပိတ်ဆို့မှုဖြစ်သည့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သည် သူမ၏တပည့်ဖြစ်သူအတွက် အလွယ်ကူဆုံးဖြစ်သွားနိုင်သည်။
ဒုတိယအဆင့်ဆေးပညာရှင်တစ်ဦးပြုလုပ်နိုင်သော ဆေးလုံးများထဲတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးသည် မယုံနိုင်လောက်အောင် အဖိုးတန်သော်လည်း ရရှိရန်ခက်ခဲ၏။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်လိုသော ကျင့်ကြံသူများအတွက် မရှိမဖြစ်လိုအပ်သော ဆေးလုံးတစ်ခုဖြစ်သည်။
ထို့ကြောင့် ဒုတိယအဆင့်ဆေးပညာရှင်တစ်ဦး၏ ဖြစ်တည်မှုသည် အလွန်အဖိုးတန်သည်။
ပိုင်ရွှယ်သည် ကျောက်စိမ်းပုလင်းထဲသို့ ဆေးလုံးကို ပြန်ထည့်လိုက်ကာ အလေးထားသောလေသံဖြင့် "ကျင်းဟိုင် မင်းမိသားစုပို့လိုက်တဲ့ ဆေးလုံးက မင်းရဲ့ဆရာသခင်ပေးနိုင်တာထက်တောင် ပိုတန်ဖိုးကြီးတာမို့ မင်းသေချာတန်ဖိုးထားရမယ်။ အချိန်ရရင် မင်းအဖေကိုလည်း သက်ရှည်ဂိုဏ်းကို လာလည်ဖို့ ဖိတ်ခေါ်လို့ရတယ်"
ဒုတိယအဆင့်ဆေးပညာကို ဖြတ်ကျော်နိုင်သည့် ဆေးပညာရှင်တစ်ဦးသည် အမှန်တကယ်ပင် ထူးချွန်လှသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်မြေအဆင့်ရှိသည့် ကျင့်ကြံသူပင်လျှင် သူ့ကို လျစ်လျူနိုင်မည်မဟုတ်ပါ။
ရီဖန်သည် အမှန်တကယ်ပင် ဒုတိယအဆင့်ဆေးပညာရှင်ဖြစ်လာပါက သူ့ကို အာရုံစိုက်ရုံနှင့် မလုံလောက်ဘဲ သက်ရှည်ဂိုဏ်းသည် ရီဖန်ကို ဂုဏ်ထူးဆောင်ဧည့်သည်အဖြစ် ဆက်ဆံရမည်။
ပိုင်ရွှယ်၏စကားများကြောင့် ရီကျင်းဟိုင်သည် သွေးဂျင်ဆင်းဆေးလုံး ၏ အဖိုးတန်မှုကို သိရှိလာရကာ ပြန်ရောက်သောအခါတွင် မဆိုင်းမတွဘဲ ယွမ်တင်းဟန်နှင့်အတူ ဆေးနှစ်လုံးကို ချက်ခြင်းစားသုံးလိုက်သည်။
တစ်ရက်ကြာသောအခါတွင် ၎င်းတို့နှစ်ဦးလုံး၏ ကျင့်ကြံရေးအဆင့်သည် အောင်မြင်မှုတစ်ခုရရှိခဲ့ပြီး တစ်ဦးသည် ချီစွမ်းအားကျင့်ကြံရေးစတုတ္ထအဆင့်သို့ရောက်ရှိပြီး နောက်တစ်ဦးသည် ပဉ္စမအဆင့်သို့ရောက်ရှိသွားခဲ့သည်။
ယွမ်တင်းဟန်သည် ရီကျင်းဟိုင်နှင့်အတူပူးပေါင်းပြီးနောက် သူမ၏မူလဆဌမအဆင့်ဝိညာဉ်အရင်းအမြစ်သည် အနည်းငယ်တိုးတက်လာခဲ့ကာ ကျင့်ကြံရေးအရှိန်သည်လည်း သိသိသာသာတိုးလာခဲ့၏။
အရည်အချင်းကောင်းရှိခြင်းကြောင့်ဖြစ်သော်လည်း အားကောင်းသောမိသားစုကို ကျောထောက်နောက်ခံအဖြစ်ရှိထားခြင်းသည်လည်း နောက်ထပ်အရေးကြီးသောအရာတစ်ခုဖြစ်သည်။
ရီမိသားစုသည် ရာစုနှစ်များစွာသက်တမ်းရှိသော မိသားစု သို့မဟုတ် ဒဏ္ဍာလာနှစ်ထောင်ချီသည့်မိသားစု ဖြစ်မဖြစ်ပင် သိချင်ကြသည်။ ယခင် မည်သူမျှ မကြားဖူးပေ၊ ၎င်းတို့သည် တခြားဒေသမှ မိသားစုများ ဖြစ်နိုင်မည်လော။
သူတို့ရဲ့အတွေးများကို တုံ့ပြန်သည့်အနေဖြင့် ရီကျင်းဟိုင်သည် ရယ်မောလိုက်သည်။
‘ငါတို့ရဲ့ ရီမိသားစုက မျိုးနွယ်စုငယ်လေးပါပဲ၊ ငါ့အဖေကသာ မယုံနိုင်လောက်အောင် မိုက်တာလေ’
‘အဖေက ကောင်းကင်အောက်မှာ အကြမ်းဆုံးမို့ ခါးကိုင်း၍သာ ဂါဝရပြုလိုက်ချင်တယ်’
………………………